မူလပင်လယ်နယ်ပယ် အဆင့်၂
Vol. 45 Ch. 612
အမြစ်မဲ့ပန်းရဲ့ အစွမ်း သက်ရောက်မှုကတော့ လီဖူချန်း ထင်ထားတာထက်တောင်မှ အများကြီး ပိုနေပါသေးတယ်။ ပြီးတော့ သည်အမြစ်မဲ့ပန်းက တခြားသော ဆေးပင်တွေနဲ့ လုံးဝကို မတူပါဘူး။ သူက ခန္ဓာကိုယ်ထဲကို ရောက်သွားတာနဲ့ တစ်ပြိုင်နက် အလိုအလျောက် ချီအတွင်းအားစီးကြောင်း တစ်ခုကို ဖန်တီးပေးပြီး စွမ်းအင်ဗဟိုချက်မထဲကို သူ့အလိုလို ပျော်ဝင်သွားပါတယ်။တိတိကျကျ ပြောရမယ် ဆိုရင်တော့ အမြစ်မဲ့ပန်းကို သန့်စင်ဖို့အတွက် တရားထိုင်ဖို့ဆိုတာ လုံးဝ မလိုပါဘူး။
အဲသည်အတွက် အမြစ်မဲ့ပန်းကို စားပြီး နောက်တစ်ရက်မှာပဲ လီဖူချန်းက သူ့ရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်ဟာ နဂိုမူလကထက် အဆပေါင်းများစွာ ကြံ့ခိုင်သန်စွမ်း လာတာကို ခံစားလိုက်ရပါတော့တယ်။ ပြီးတော့ သူ့ရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်ဟာ မလိုအပ်ဘဲ ဖောင်းပွနေတဲ့ ခံစားချက်ကလည်း လုံးဝ ပျောက်ကွယ်သွားခဲ့ပါပြီ။
"အင်း... အခုလောက်ဆို ငါ့အနေနဲ့ မူလပင်လယ်နယ်ပယ် အဆင့်၂ကို အဆင့်တက်လို့ ရလောက်ပြီ ထင်ပါရဲ့ "
အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးကို ပိုင်ဆိုင်ထားတဲ့အတွက် လီဖူချန်းအနေနဲ့ အဆင့်တက်ဖို့ကိုတော့ လုံးဝ စိုးရိမ်စရာ မလိုပါဘူး။ သူက သူ့ရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်ရဲ့ တောင့်ခံနိုင်မှုကိုသာ စိုးရိမ်ဖို့ လိုတာပါ။အဲဒါကတော့ သူနဲ့ တခြား ကျင့်ကြံသူတွေရဲ့ ကြားက ကွာခြားမှုပါပဲ။တခြားကျင့်ကြံသူတွေက လုံလောက်တဲ့ အထိ တောင့်ခံနိုင်စွမ်း ရှိတဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်တွေကို ပိုင်ဆိုင်ထားပေမယ့်လည်း ဆယ်စုနှစ် တစ်ခုလောက် အချိန်မပေးဘဲနဲ့ မူလပင်လယ် နယ်ပယ် အဆင့်၂ကို မတက်နိုင်ကြပါဘူး။
' ဒါပေမဲ့ ငါသည်လေမိုးကြိုး လျှိုမြောင်ထဲက ထွက်ပြီးမှ အဆင့်တက်တာ ပိုကောင်းမယ် ထင်တယ် '
အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံး ဆိုတာက အလွန်တရာမှ ရှားပါးပြီး တန်ဖိုးဖြတ်မရတဲ့ အရာပါပဲ။ တကယ်လို့သာ အဲသည်အရာရဲ့ တည်ရှိမှုက ပေါ်ပေါက်သွားခဲ့မယ်ဆိုရင် ဥပဒေသပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေတောင်မှ အရူးတစ်ပိုင်း ဖြစ်သွားနိုင်ပါတယ်။ မူလပင်လယ်နယ်ပယ် ဘုရင်တွေ ဆိုရင်တော့ ပြောမနေပါနဲ့တော့။ အဲသည်အတွက် လီဖူချန်းဟာ အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံးကို အခုလို လေမိုးကြိုးလျှိုမြောင်ထဲမှာ ပေါ်တင်ကြီး အသုံးပြုဖို့အတွက် သတ္တိ မရှိပါဘူး။
အဲသည်နောက်မှာတော့ အဆင့်မြင့် လေမိုးကြိုး သံလိုက်အိမ်မြှောင်နဲ့ လီဖူချန်းရဲ့ လိပ်ပြာ အသိစိတ်အာရုံကို အားကိုးပြီး သူတို့နှစ်ယောက်ဟာ လေမိုးကြိုး လျှိုမြောင်ထဲကနေ အမှားအယွင်းမရှိ ထွက်ခွာနိုင်ခဲ့ကြပါတယ်။ ပြီးတာနဲ့ တစ်ပြိုင်နက် သူတို့နှစ်ယောက်ဟာ မိုးကြိုးစက်ကွင်းမြို့ကို တန်းပြီး ပြန်ကြပါတယ်။
မိုးကြိုးစက်ကွင်း မြို့မှာတော့ သူတို့နှစ်ယောက်ဟာ သူတို့ရဲ့ မိတ်ဆွေဟောင်းကြီး တစ်ယောက်နဲ့ ပြန်တွေ့ကြပါသေးတယ်။ အဲသည်မိတ်ဆွေဟောင်းကတော့ ဝတ်စုံနက် လူငယ် တဖြစ်လဲ နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ပါပဲ။ ဒါပေမဲ့ သူက သူတို့နှစ်ယောက်အပေါ် ဘာပြဿနာမှ ရှာခဲ့ခြင်းတော့ မရှိပါဘူး။
သည်မိုးကြိုးစက်ကွင်းမြို့ရဲ့ မြို့စားက အကြို-ဧကရာဇ် တစ်ပါးသာ ဖြစ်ပေမယ့်လည်း နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ဟာ မြို့စားရဲ့ နောက်ကွယ်က အထောက်အပံ့ ပေးထားသူကို မျက်နှာ ထောက်ရပါဦးမယ်။ သူက နတ်ကျက်သရေ အင်ပိုင်ယာ တစ်ခုလုံးကို ဆန့်ကျင်နိုင်တဲ့အထိ အစွမ်း မရှိပါဘူး။အဲသည်အတွက်ကြောင့်ပဲ နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ဟာ လီဖူချန်းတို့ကို မိုးကြိုးစက်ကွင်းမြို့ရဲ့ လူမြင်ကွင်းမှာ မတိုက်ခိုက်ခဲ့တာပါ။
အဲသည်နောက်မှာတော့ လီဖူချန်းတို့ နှစ်ယောက်ဟာ သင့်တော်တဲ့ တည်းခိုခန်း တစ်ခုကို ရှာဖွေလိုက်ကြပြီး တံခါးပိတ် ကျင့်ကြံမှုကို စဖို့ ပြင်ပါတော့တယ်။
သူတို့နှစ်ယောက်က တံခါးပိတ် ကျင့်ကြံဖို့ ပြင်ဆင်ကြတာချင်း တူပေမယ့် သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ မတူကြပါဘူး။
လီဖူချန်းရဲ့ တံခါးပိတ် ကျင့်ကြံမှုကတော့ ချီအတွင်းအား မူလပင်လယ်နယ်ပယ် အဆင့်၂ကို ချိုးဖောက်ဝင်ရောက်နိုင်ဖို့ ဖြစ်ပြီး ရှန်ကောင်းယုကတော့ ခန္ဓာကိုယ် အပြင်အား မူလပင်လယ် နယ်ပယ်ရဲ့ အလုံးစုံ ပြီးပြည့်စုံခြင်း အဆင့်ကို ချိုးဖောက်ဝင်ရောက်ဖို့ပဲ ဖြစ်ပါတယ်။
ရှန်ကောင်းယု...
မိုးကြိုးကပ်ဘေး ဆေးပင်ကို သန့်စင်ပြီးကတည်းက ရှန်ကောင်းယုရဲ့ သွေးချီ အရင်းအမြစ်ဟာ သူကိုယ်တိုင် မသိနိုင်တဲ့ ပမာဏ တစ်ခုအထိ တိုးပွားလာခဲ့တာပါ။ သူ့လို ခန္ဓာကိုယ် အပြင်အား ပညာရှင်တွေ အတွက်ကတော့ သွေးချီ အရင်းအမြစ် တိုးပွားလာလေလေ သူ့ရဲ့ ခန္ဓာကိုယ် အပြင်အားက ကျင့်ကြံရ ပိုလွယ်လေလေပါပဲ။ တကယ်လို့သာ သူ့အနေနဲ့ နောက်တစ်ဆင့်ကို အောင်အောင်မြင်မြင် ချိူ းဖောက်ဝင်ရောက်သွားနိုင်မယ် ဆိုရင် နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ကိုတောင်မှ သိပ်ပြီး ကြောက်စရာ လိုတော့မှာ မဟုတ်ပါဘူး။
လီဖူချန်း...
တခြားတစ်ဖက်မှာတော့ လီဖူချန်းဟာ တံခါးပိတ် ကျင့်ကြံမှုကို စဖို့အတွက် အတော်လေး ခေါင်းခဲနေခဲ့ပါပြီ။
သူတို့နှစ်ယောက်ဟာ လက်ရှိမှာတော့ တိမ်ဆည်းဆာလို့ အမည်ရတဲ့ ထိပ်တန်း တည်းခိုခန်းမှာ တည်းခိုနေကြတာပါ။ သည်တည်းခိုခန်းမှာက သီးသန့် ခြံဝင်းတွေ ရာချီရှိပြီး ခြံဝင်းတိုင်းကိုလည်း အကာအကွယ် ဝင်္ကပါတွေ ခင်းကျင်းထားပေးပါတယ်။
ဒါပေမဲ့ ပြဿနာက သည်ဝင်္ကပါတွေဟာ အကြို-အဆင့်၆ အဆင့်မှာသာ ရှိနေတာပါပဲ။ အဲသည်အတွက် လီဖူချန်းဟာ သူ့ရဲ့ အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးကို အသုံးပြုဖို့အတွက် စိတ်မချနိုင်ပါဘူး။ တကယ်လို့ အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးရဲ့ ချီအရှိန်အဝါက အကာအကွယ် ဝင်္ကပါကို တစ်စက်ကလေးလောက် ကျော်ဖြတ်သွားခဲ့မယ် ဆိုရင်တောင်မှပဲ ပြဿနာတွေဟာ သူ့ဆီကို အလုံးလိုက်၊အထည်လိုက် ဝင်လာနိုင်ပါတယ်။
“ဟုတ်ပြီ။ ငါက အဆင့်၇ ဖုံးကွယ်ခြင်း ဝင်္ကပါ ဘုတ်ပြားနဲ့ သည် အကာအကွယ် ဝင်္ကပါကို ပေါင်းသုံးလို့ ရတာပဲ "
အချိန်အတော်ကြာ ခေါင်းစားပြီး နောက်ဆုံးမှာတော့ လီဖူချန်းဟာ သင့်တော်တဲ့ အကြံတစ်ခုကို ရသွားခဲ့ပါပြီ။ အဲဒါကတော့ တိမ်ဆည်းဆာ တည်းခိုခန်းရဲ့ အကြို-အဆင့်၆ အကာအကွယ် ဝင်္ကပါကို အဆင့်၇ ဖုံးကွယ်ခြင်း ဝင်္ကပါဘုတ်ပြားနဲ့ ပူးတွဲ အသုံးပြုဖို့ပါပဲ။
ဖုံးကွယ်ခြင်း ဝင်္ကပါဘုတ်ပြား ဆိုတာက ချီအရှိန်အဝါတွေကို ဖုံးကွယ်ပေးနိုင်တဲ့အတွက် လီဖူချန်း အနေနဲ့ အကြို-အဆင့်၆ အကာအကွယ် ဝင်္ကပါကို ကျော်ဖြတ်ပြီး ထွက်လာမယ့် ဝိညာဉ်ကျောက်တုံးရဲ့ ချီအရှိန်အဝါတွေ အပေါ်မှာ စိုးရိမ်နေစရာ လိုတော့မှာ မဟုတ်ပါဘူး။
“ကဲ ... သည်လောက်ဆို ရပြီ "
လိုအပ်တာတွေအားလုံး ပြင်ဆင်ပြီးတဲ့ အခါမှာတော့ လီဖူချန်းဟာ တင်ပျဉ်ခွေ ထိုင်လိုက်ပြီး အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးကို ထုတ်ယူကာ သူ့ရဲ့ တံခါးပိတ် ကျင့်ကြံမှုကို စတင်ပါတော့တယ်။
ဖောင်း... ဖောင်း... ဖောင်း...
အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးထဲကနေ ထွက်လာတဲ့ ဝိညာဉ်ချီတွေကတော့ ကျိုးပေါက်သွားတဲ့ တာတမံ တစ်ခုထဲက ရေတွေ ထွက်လာသလိုပါပဲ။ အဲသည် ဝိညာဉ်ချီတွေက လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲကို ဒလဟော စီးဝင်နေတဲ့အပြင် လီဖူချန်းကိုလည်း မဟာတာအိုရဲ့ အငွေ့အသက်ကို ခံစားမိစေပါသေးတယ်။
မူလပင်လယ်နယ်ပယ် အဆင့်၁ရဲ့ အလယ်အလတ် အဆင့် ... အထွတ်အထိပ် အဆင့်...
အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံးရဲ့ အစွမ်းကြောင့် လီဖူချန်းရဲ့ ကျင့်ကြံမှုဟာ မူလပင်လယ်နယ်ပယ် အဆင့်၁ အစကနဦးပိုင်းကနေ အထွတ်အထိပ် အဆင့်ဆီကို အချိန် တစ်ခဏလေး အတွင်းမှာပဲ တစ်ရှိန်ထိုး ထိုးတက်သွားခဲ့ပါပြီ။သူက အဲသည်အဆင့်ကို ရောက်ဖို့အတွက် ဘာမှ မယ်မယ်ရရကို မကြိုးစားလိုက်ရပါဘူး။
အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ မူလပင်လယ် နယ်ပယ်ကို ရောက်ပြီးတဲ့ ကျင့်ကြံသူတိုင်းဟာ သူတို့ရဲ့ကျင့်ကြံခြင်းကို နည်းနည်းလေး တိုးတက်အောင် လုပ်ဖို့အတွက်တောင်မှ မနည်းကြိုးစားရတာ ဖြစ်ပါတယ်။ အဲသည်အတွက် သည်နယ်ပယ်မှာ ကျင့်ကြံမှု အဆင့်တစ်ဆင့် တက်အောင် လုပ်ဖို့ဆိုတာက တခြားနယ်ပယ်တွေမှာထက်ကို ပိုပြီး ခက်ခဲလှတယ်လို့ ဆိုရပါမယ်။
ယေဘုယျအားဖြင့် ဆိုရင်တော့ ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေဟာ မူလပင်လယ် နယ်ပယ်မှာ အဆင့်တစ်ဆင့် တက်ဖို့အတွက် အနည်းဆုံး အချိန်ငါးနှစ် ပေးရပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ မွေးရာပါ ထိုးထွင်းသိမြင်မှုက မဆိုစလောက်ကလေး လျော့ကျသွားမယ် ဆိုရင်တော့ သူတို့ပေးရမယ့် အချိန်ဟာ ငါးနှစ်ထက် ကတော့မှာ မဟုတ်ပါဘူး။ သူတို့ဟာ အနည်းဆုံး အချိန် ဆယ်နှစ်လောက်ပေးမှ နာက်ထပ် အဆင့်တစ်ဆင့်ကို တက်နိုင်ပါလိမ့်မယ်။
အဆုံးမှာကျတော့လည်း သိုင်းတာအို ကျင့်ကြံမှု ဆိုတာက အမှားအယွင်းလေး တစ်ချက်ကိုတောင်မှ လက်သင့်မခံတဲ့ အရာပဲ မဟုတ်ပါလား။
ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေကတော့ မူလပင်လယ်နယ်ပယ်ကို ရောက်ပြီးပြီဆိုရင် နောက်ထပ် အဆင့်တစ်ဆင့် တက်ဖို့အတွက် အခွင့်အရေး ရှိတော့မှာ မဟုတ်ပါဘူး။ သူတို့ဟာ သူတို့ရဲ့ ဘဝတစ်လျှောက်လုံးကို အဆင့်နိမ့် မူလပင်လယ် ဘုရင်တွေအဖြစ်ပဲ ဖြတ်သန်းရတော့မှာပါ ။ဒါပေမဲ့လည်း မဟာကံကောင်းမှုတွေနဲ့ ကြုံမိပြီး မူလပင်လယ် အလယ်အလတ်အဆင့် အထိ တက်ရောက်သွားနိုင်ခဲ့ကြတဲ့ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် တချို့လည်း ရှိပါသေးတယ်။
ဟူး... ဟူး... ဟူး...
လီဖူချန်းရဲ့ နတ်ဓားစွမ်းအင်တွေက မူလပင်လယ် နယ်ပယ် အဆင့်၁ရဲ့ အထွတ်အထိပ် အခြေအနေကနေ မူလပင်လယ် နယ်ပယ် အဆင့်၂ကို ချိုးဖောက်ဝင်ရောက်ဖု့ိအတွက် အချိန်ကြာကြာ မယူခဲ့ရပါဘူး။ မူလပင်လယ် နယ်ပယ် အဆင့်၂ကို ရောက်အပြီးမှာတော့ သူ့ရဲ့ နတ်ဓားစွမ်းအင်တွေဟာ မူလပင်လယ် နယ်ပယ် အဆင့်၁တုန်းက နတ်ဓားစွမ်းအင်တွေထက်ကို ပိုသန့်စင်ပြီး ပိုအားကောင်းလာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ မီးဓားတာအို ဥပဒေသတွေအပေါ်မှာ သူ့ရဲ့ နားလည်သဘောပေါက်နိုင်စွမ်းကလည်း ပိုပြီး မြှင့်တက်လာခဲ့ပါသေးတယ်။
မူလပင်လယ် နယ်ပယ် အဆင့်၂ရဲ့ အစကနဦးပိုင်း …အလယ်အလတ် ...
မူလပင်လယ် နယ်ပယ် အဆင့်၂ကို ချိုးဖောက်ဝင်ရောက်ပြီးတဲ့ နောက်ပိုင်းမှာလည်း လီဖူချန်းရဲ့ ချီအတွင်းအား ကျင့်ကြံမှုဟာ ဆက်ပြီး တိုးတက်နေဆဲပါပဲ။ဒါကတော့ လီဖူချန်းက အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံး အနေနဲ့ ဘယ်လောက်အထိ အစွမ်းပြနိုင်မလဲ ဆိုတာကို စောင့်ကြည့်ချင်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးရဲ့ ဝိညာဉ်ချီတွေဟာ အလွန်အမင်းကို သန့်စင်လွန်းလှတယ်လို့ ဆိုရပါမယ်။ တိတိကျကျ ပြောရမယ် ဆိုရင်တော့ အဲဒါက သူ့ရဲ့ နတ်ဓားစွမ်းအင်ထက်ကို ပိုပြီး သန့်စင်ပါသေးတယ်။ အဲသည်အတွက် လီဖူချန်းအနေနဲ့ သည်ဝိညာဉ်ချီတွေကို ထွေထွေထူးထူး သန့်စင်ပေးဖို့ မလိုအပ်ခဲ့ပါဘူး။သူ့တာဝန်က ဝိညာဉ်ချီတွေကို နတ်ဓားစွမ်းအင်တွေအဖြစ် ပြောင်းလဲပေးလိုက်ရုံပါပဲ။
ပြီးတော့ အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးထဲမှာက မဟာတာအို ဖြစ်တည်မှုလည်း ခိုဝင်ကိန်းအောင်း နေတဲ့အတွက် သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေဟာ ပိုပြီး တိုးတက်လာပါသေးတယ်။
မူလပင်လယ် နယ်ပယ် အဆင့်၂ နောက်ပိုင်း... မူလပင်လယ် နယ်ပယ် အဆင့်၂ အထွတ်အထိပ် ...
အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးရဲ့ အစွမ်းကြောင့် လီဖူချန်းဟာ အချိန် ခဏလေး အတွင်းမှာပဲ မူလပင်လယ် နယ်ပယ် အဆင့်၂ အထွတ်အထိပ်ကို ရောက်သွားခဲ့ပါပြီ။
“ကြောက်စရာကောင်းလိုက်တဲ့ အစွမ်းပါလား "
အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးဟာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေကိုတောင်မှ ဟန်မဆောင်နိုင်လောက်အောင် အရူးအမူး ဖြစ်သွားစေတဲ့အထိ ဆွဲဆောင်နိုင်တယ် ဆိုတာကို သိပေမယ့်လည်း သည်လောက်ကြီး အစွမ်းထက်လိမ့်မယ်လို့ လီဖူချန်းအနေနဲ့ မထင်ခဲ့မိပါဘူး။ ဒါကြီးက တကယ့်ကို လုံးဝ မယုံနိုင်စရာ ကောင်းလွန်းလှပါတယ်။
အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးရဲ့ အစွမ်းကြောင့် သူဟာ အဆင့်တက်ရာမှာ ဘာအတားအဆီး၊ပိတ်ဆို့မှုကိုမှ မခံစားခဲ့ရပါဘူး။
သည်အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးကို မရခင်တုန်းကဆိုရင် လီဖူချန်းရဲ့ ချီအတွင်းအား ကျင့်ကြံမှုဟာ တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့်၇မှာသာ ရှိနေခဲ့တာပါ။ ဒါပေမဲ့လည်း အခုတော့ သူဟာ မူလပင်လယ်နယ်ပယ် အဆင့်၂ရဲ့ အထွတ်အထိပ်ကိုတောင် ရောက်လာခဲ့ပါပြီ။ရှင်းရှင်းပြောရမယ် ဆိုရင်တော့ သည်အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးက သူ့ကို နှစ်ပေါင်းများစွာ ကျင့်ကြံရမယ့် အရေးကနေ ကယ်တင်ခဲ့တာပါပဲ။
“ကံကောင်းမှု... ဒါက လူတွေ ပြောပြောနေတဲ့ မဟာကံကောင်းမှုပဲ "
လီဖူချန်းက ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။
ကြည့်ရတာတော့ မဟာကံကောင်းမှုတွေက ကျင့်ကြံသူတွေရဲ့ အနာဂတ် ကံကြမ္မာကို ပြောင်းလဲပေးနိုင်တယ်ဆိုတဲ့ စကားဟာ အလိမ်အညာ ဟုတ်ပုံ မရပါဘူး။
“အင်း... ငါ့ရဲ့ ကျင့်ကြံမှုကို သည်အဆင့်မှာပဲ ရပ်ထားတာ ကောင်းမယ်။ တကယ်လို့ ငါက အဆင့်တွေ အများကြီးကို တစ်ကြိမ်တည်းနဲ့ တက်လိုက်ရင် ဘယ်သူမှ ငါ့ကို ယုံတော့မှာ မဟုတ်ဘူး။ အဲဒါက တခြားသူတွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်သလို ဖြစ်သွားနိုင်တယ် "
မူလပင်လယ် နယ်ပယ်က တိုက်ပွဲဝိညာဉ် နယ်ပယ်လို မဟုတ်ပါဘူး။ လီဖူချန်းအနေနဲ့ တိုက်ပွဲဝိညာဉ် နယ်ပယ်မှာ တစ်ခါတည်း အဆင့်နှစ်ဆင့် တက်သွားတာက သိပ်ပြီးကိစ္စ မရှိပေမယ့် မူလပင်လယ် နယ်ပယ်မှာတော့ ကိစ္စရှိပါတယ်။ဒါက လုံးဝ ပုံမှန်မဟုတ်တဲ့ အခြေအနေပါပဲ။ တကယ်လို့ တစ်စုံတစ်ယောက်ကသာ အဲဒါကို သတိပြုမိသွားခဲ့မယ်ဆိုရင် လီဖူချန်းအနေနဲ့ သေချာပေါက် ဒုက္ခများပါပြီ။အဲဒါကြောင့်ပဲ လီဖူချန်းဟာ သူ့ရဲ့ ကျင့်ကြံမှုကို မူလပင်လယ်နယ်ပယ် အဆင့်၂ အထွတ်အထိပ်မှာပဲ ရပ်တန့် ထားလိုက်တာ ဖြစ်ပါတယ်။
****
သူ့ရဲ့ ကျင့်ကြံမှုက မူလပင်လယ်နယ်ပယ် အဆင့်၂ အထွတ်အထိပ်ကို ရောက်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ စိတ်ကို ဂါထာ၊မန္တရား တာအိုဘက်မှာသာ အာရုံစိုက်ထားပါတော့တယ်။
အခုဆိုရင် သူက ဂါထာ၊မန္တရား ပညာရပ်ရဲ့ အစွမ်းကို ကောင်းကောင်းကြီး သိသွားခဲ့ပါပြီ။ ဒါက အလွန့် အလွန်ကို အစွမ်းထက်တဲ့ ပညာရပ်ပါပဲ။
တကယ်လို့ သူသာ မိုးကြိုးငါးစင်း ဂါထာနဲ့ လေနတ်မင်း မန္တန်ကို နည်းနည်းလေး ပိုနားလည်ကျွမ်းကျင်ခဲ့မယ် ဆိုရင် လေမိုးကြိုး လျှိုမြောင်လို နေရာမျိုးမှာဆိုရင် ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေကလွဲပြီး ဘယ်သူ့ကိုမှ ကြောက်နေစရာလိုမှာ မဟုတ်ပါဘူး။
တစ်နည်းအားဖြင့် ဆိုရင်တော့ သင့်တင့်လျောက်ပတ်တဲ့ နေရာမျိုးမှာဆိုရင် ဂါထာ၊မန္တရား တာအိုက သူ့ကို အဆပေါင်းများစွာ ပိုအစွမ်းထက်သွားစေနိုင်ပါတယ်။အဲဒါကတော့ တခြားသိုင်းတာအိုတွေတောင် ဂါထာ၊မန္တရား တာအိုအပေါ်မှာ ယှဉ်လို့မရတဲ့ အချက်ပါပဲ။
အဲသည်အတွက်ကြောင့်ပဲ လီဖူချန်းဟာ သူ့အနေနဲ့ ဂါထာ၊မန္တရား တာအိုအပေါ်မှာ ပိုပြီး အာရုံစိုက်သင့်တယ်လို့ ထင်မြင်ယူဆလာတာ ဖြစ်ပါတယ်။
သည်လိုနဲ့ပဲ အချိန်တွေဟာ တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့ပါပြီ။
သည်အတောအတွင်းမှာဆိုရင် လီဖူချန်းက အဆင့်နိမ့် ဂါထာ၊မန္တရားတွေကိုသာမက အလယ်အလတ် အဆင့် ဂါထာ၊မန္တရားတွေပါ လေ့လာ သင်ယူခဲ့ပါသေးတယ်။ပြီးတော့ သူက အဆင့်နိမ့် ဂါထာ၊မန္တန်တွေ အကုန်လုံးနီးပါးကို အသုံးပြုနိုင်စွမ်း ရှိနေခဲ့ပါပြီ။
***
ဝှစ်... ဝှစ်... ဝှစ်...
တိမ်ဆည်းဆာ တည်းခိုခန်းရဲ့ သီးသန့် ခြံဝင်းတစ်ခုထဲမှာတော့ လူငယ်တစ်ယောက်ဟာ ထူးဆန်းတဲ့ လက်ဟန်တွေကို ပြုလုပ်ရင်းနဲ့ အလုပ်များနေပါတယ်။ အဲသည်လူငယ်ကတော့ လီဖူချန်းပါပဲ။
“ရွှေခေါင်းလောင်း အကာအကွယ် မန္တန် "
လီဖူချန်းရဲ့ လက်ဟန် အပြီးမှာတော့ ခေါင်းလောင်း ပုံသဏ္ဌာန် ရွှေရောင် အလင်းတန်းကြီး တစ်ခုဟာ သူ့ကို ဖုံးအုပ်သွားခဲ့ပါပြီ။
ရွှေခေါင်းလောင်း အကာအကွယ် မန္တန်ကတော့ ရွှေတာအို ဥပဒေသကို ငှားရမ်းပြီး အသုံးပြုသူကို ကြံ့ခိုင်သန်စွမ်း စေနိုင်တဲ့ အဆင့်နိမ့် ဂါထာ၊မန္တန် တစ်ပုဒ်ပါပဲ။
သည်မန္တ္တာန်ကနေ ငှားရမ်း အသုံးပြုလို့ရတဲ့ ရွှေတာအို ဥပဒေသက အင်မတန်မှကို သိပ်သည်းလှတဲ့အတွက် တစ်ဖက်လူဟာ အသုံးပြုသူထက် အစွမ်းအများကြီး ပိုထက်နေရင်တောင်မှ ရွှေခေါင်းလောင်း အကာအကွယ်ကို ဖျက်ဆီးဖို့ဆိုတာ မဖြစ်နိုင်လှပါဘူး။
“ဟား…ဟား…ဟား... သည်လောက်ဆို ငါတံခါးပိတ် ကျင့်ကြံတာကနေ ထွက်လို့ရပြီကွ "
ရွှေခေါင်းလောင်း အကာအကွယ် မန္တန်ကို ကောင်းကောင်း အသုံးပြုနိုင်စွမ်း ရှိပြီးသွားတဲ့နောက်မှာတော့ လီဖူချန်းဟာ တံခါးပိတ် ကျင့်ကြံရာကနေ ထွက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
***