မဟူရာဧကရာဇ် အစည်းအရုံး
Vol. 46 Ch. 615
နတ်ကျက်သရေ အင်ပိုင်ယာက အတော်လေးကို ကြီးပါတယ်။ ဘယ်လောက်အထိ ကြီးသလဲဆိုတော့ ဧကရာဇ်-အဆင့် အဓိက အင်အားစုကြီး ခုနစ်စုမှာ နံပါတ်တစ် အကြီးဆုံး အင်ပိုင်ယာအဖြစ် သတ်မှတ်ခံရတဲ့အထိပါပဲ။ပြီးတော့ အဲဒါက လဝန်းနီ အင်ပိုင်ယာထက်ကို သုံးဆတိတိ ပိုကြီးပါတယ်။ အဲသည်အတွက် နတ်ကျက်သရေ အင်ပိုင်ယာရဲ့ တောင်ပိုင်းဟာ လဝန်းနီ အင်ပိုင်ယာနဲ့ အကျယ်အဝန်းချင်း ညီမျှတယ်လို့ ဆိုရပါမယ်။
နောက်ပြီး နတ်ကျက်သရေ အင်ပိုင်ယာရဲ့ တောင်ဘက်ပိုင်းမှာ ရှိတဲ့ အင်အားစုတွေကလည်း မနည်းလှပါဘူး။အုပ်ချုပ်ရေးပိုင်းရဲ့ စာရင်းပြုစုထားတဲ့ အရေအတွက်အရ ဆိုရင်တော့ ဘုရင်အဆင့် အဖွဲ့အစည်းပေါင်း တစ်ထောင်နီးပါး နဲ့ ဧကရာဇ်အဆင့် အဖွဲ့အစည်း ဆယ်ဖွဲ့ဟာ သည်တောင်ဘက်ပိုင်းမှာ အခြေချ နေထိုင်ကြပါတယ်။
မဟူရာ ဧကရာဇ် အစည်းအရုံး ...
သည်အစည်းအရုံးကတော့ နတ်ကျက်သရေ အင်ပိုင်ယာ တောင်ဘက်ပိုင်းမှာရှိတဲ့ ဧကရာဇ် အဆင့် အဖွဲ့အစည်း ဆယ်ဖွဲ့ထဲမှာ တစ်ဖွဲ့ အပါအဝင်ပါပဲ။နောက်ပြီး သည်အစည်းအရုံးဟာ နတ်ကျက်သရေ အင်ပါယာ တောင်ပိုင်းရဲ့ ဒုတိယ အစွမ်းအထက်ဆုံး အဖွဲ့အစည်းလည်း ဖြစ်နေပါသေးတယ်။
မဟူရာ ဧကရာဇ် တောင်တန်း ...
သည်တောင်တန်းကတော့ မဟူရာ ဧကရာဇ် အစည်းအရုံးရဲ့ စတည်းချရာ နေရာ ဆိုရင်လည်း မမှားပါဘူး ။မဟူရာ ဧကရာဇ် တောင်တန်းကြီးက ကြီးမားပြီး ကျယ်ဝန်းလှတဲ့အတွက် ထောင်နဲ့ချီတဲ့ မဟူရာ ဧကရာဇ် အစည်းအရုံး အဖွဲ့ဝင်တွေ၊ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေ၊ မူလပင်လယ် နယ်ပယ် ဘုရင်တွေ နဲ့ တိုက်ပွဲဝိညာဉ် ဆရာသခင်တွေဟာ သည်တောင်တန်း တစ်လျှောက်မှာပဲ အခြေချ နေထိုင်ကြပါတယ်။
အဲသည်အတွက် ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ကြီးမှာ ခြေကုပ်ရယူထားတဲ့ မဟူရာ ဧကရာဇ် အစည်းအရုံးရဲ့ အခြေခံ အုတ်မြစ်ဟာ သက်တံနီဂိုဏ်းရဲ့ အခြေခံ အုတ်မြစ်ထက်ကို အဆပေါင်း များစွာ သာလွန်တယ်လို့ ဆိုရမှာပါပဲ။ ပြီးတော့ သည်ကုန်းမြေတိုက်ကြီးပေါ်မှာ အခြေချ နေထိုင်နေတဲ့ မဟူရာ ဧကရာဇ် အစည်းအရုံးရဲ့ ကျင့်ကြံသူ အရေအတွက်ကလည်း သက်တံနီဂိုဏ်းထက်ကို ဆယ်ဆကျော် များပြားပါသေးတယ်။
မဟူရာ ဧကရာဇ် တောင်တန်း အစပ်၊ အကာအကွယ် ဝင်္ကပါရှေ့ တစ်နေရာ ...
ရှန်းကောင်းယု နဲ့ လီဖူချန်းတို့ကတော့ သည်နေရာကို ရောက်ရှိနေကြပါပြီ။
“လီဖူချန်း ... ဒါက မဟူရာ ဧကရာဇ် အစည်းအရုံးလေ ... ပြီးတော့ ငါ့အိမ်ပေါ့။ ငါ့အဖေကတော့ မဟူရာ ဧကရာဇ် အစည်းအရုံး ခေါင်းဆောင်ပဲ။ လက်ရှိ မဟူရာ ဧကရာဇ် ဆိုရင်လည်း မမှားဘူး”
ရှန်ကောင်းယုက သူ့ရဲ့ အိမ်အခြေအနေနဲ့ ပက်သက်ပြီး လီဖူချန်းကို ရှင်းပြလိုက်ပါတယ်။
မဟူရာ ဧကရာဇ် အစည်းအရုံးမှာက ခေတ်အဆက်ဆက် ခေါင်းဆောင်တိုင်းဟာ မဟူရာ ဧကရာဇ်ဆိုတဲ့ ဘွဲ့နာမည်ကို ခံယူရလေ့ ရှိပါတယ်။ ရှန်ကောင်းယုရဲ့ အဖေ ဖြစ်သူကတော့ ကိုးဆက်မြောက် မဟူရာ ဧကရာဇ်ပါပဲ။
“ရှန်ကောင်းယု ... ငါ့အနေနဲ့ မင်းနောက်ကနေ သည်ထဲကို လိုက်ဝင်လို့ အဆင်ပြေပါ့မလား။ အဲဒါက မသင့်လျော်ဘူး ထင်တယ်”
ရှန်ကောင်းယုရဲ့ နောက်ခံ အင်အားက မဟူရာ ဧကရာဇ် အစည်းအရုံးမှန်း သိလိုက်ရတဲ့ နောက်မှာတော့ လီဖူချန်းဟာ ရှန်ကောင်းယုရဲ့ အိမ်ကို လိုက်လည်ဖို့အတွက် နည်းနည်း ပြန်စဉ်းစားရပါပြီ။
သူက မဟူရာ ဧကရာဇ် အစည်းအရုံး အကြောင်းကို ကောင်းကောင်းကြီး ကြားခဲ့ဖူးပါတယ်။
အဲဒါက တကယ့်ကို အစွမ်းထက်လွန်းတဲ့ ဧကရာဇ်အဆင့် အဖွဲ့အစည်း တစ်ခုပါပဲ။သူတို့ဆီမှာက ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ် သုံးပါး ရှိတဲ့အပြင် မူလပင်လယ် နယ်ပယ် ဘုရင်တွေကလည်း တစ်ထောင်နီးပါး ရှိပါသေးတယ်။
နောက်ပြီး အစည်းအရုံးရဲ့ လက်ရှိ ခေါင်းဆောင်ဖြစ်တဲ့ မဟူရာ ဧကရာဇ် ဆိုရင်လည်း ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်းပိုင်းမှာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ရဲ့ အကြို-ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်နေပါပြီ။ ကောလာဟလတွေအရ ဆိုရင်တော့ လက်ရှိ မဟူရာ ဧကရာဇ်ဟာ အဆင့်မြင့် ဧကရာဇ်တွေကိုတောင် လက်ရည်တူ ယှဉ်နိုင်စွမ်း ရှိပါတယ်တဲ့။ အဲသည်အတွက် မဟူရာ ဧကရာဇ်ဟာ သည်ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီး အတွင်းမှာတော့ အတော်လေး နာမည်ကျော်ကြားမှု ရှိသူလို့ပဲ ဆိုရပါမယ်။
ရှန်ကောင်းယုက လီဖူချန်းကို စိုက်ကြည့်လိုက်ပြီး
“ဘာ ...ဘာကို မသင့်လျော်ရမှာလဲ။ နင်က ဦးလေးဖန်ရဲ့ အမည်ခံ တပည့် မဟုတ်ဘူးလား။ ပြီးတော့ တကယ်တမ်းဆို နင်က ဦးလေးဖန်ရဲ့ လက်ရင်းတပည့် တစ်ဝက်လို့တောင် ပြောလို့ရနေပြီ။ဦးလေးဖန်ရဲ့ တပည့်က ငါ့အိမ် လိုက်လည်တာကို ဘယ်သူက ပြသနာ ရှာရဲမှာလဲ”
“ကဲ ... သိပ်ပြီး စဉ်းစားမနေနဲ့။ ငါ့နောက်ကသာ လိုက်ခဲ့”
စကားဆုံးတဲ့ နောက်မှာတော့ ရှန်ကောင်းယုက တံဆိပ်တော် တစ်ခုကို အသက်သွင်းပြီး ရှေ့ကနေ လီဖူချန်းကို ဦးဆောင်ကာ အကာအကွယ် ဝင်္ကပါထဲကို ဝင်သွားပါတော့တယ်။
“အေးပါ ... ဟုတ်ပါပြီ”
ရှန်ကောင်းယုက သည်လောက်အထိ ပြောနေမှတော့ လီဖူချန်းကလည်း နောက်တွန့် မနေတော့ပါဘူး။ သူက ရှန်ကောင်းယုရဲ့ အနောက်ကနေ ကပ်ပြီး ဝင်္ကပါထဲ လိုက်ဝင်သွားပါတော့တယ်။
မဟူရာ ဧကရာဇ် တောင်တန်း တစ်လျှောက်မှာက တောင်ထွတ်တွေ မနည်းမနောပါပဲ။ ပြီးတော့ အဲသည် တောင်ထွတ်တိုင်းမှာကလည်း သန့်စင်လှတဲ့ ဝိညာဉ်ချီတွေ ရစ်သိုင်းနေပါသေးတယ်။ အဲသည် ဝိညာဉ်ချီတွေက မှော်ဝင် ရတနာတောင်တွေမှာ ရှိတဲ့ ဝိညာဉ်ချီတွေလောက် သန့်စင်ခြင်းတော့ မရှိပါဘူး။ ဒါပေမဲ့လည်း သူတို့တွေက တခြားကျော်ကြားတဲ့ တောင်တွေထက်တော့ သာပါသေးတယ်။ မဟူရာ ဧကရာဇ် တောင်တန်းမှာ ရှိတဲ့ တချို့ အဓိက တောင်ထွတ်တွေကတော့ ဝိညာဉ်ချီ သန့်စင်မှု အပိုင်းမှာ မှော်ဝင် ရတနာ တောင်တွေထက် အနည်းငယ်လေးသာ နိမ့်ကျတယ်လို့ ဆိုရပါမယ်။
ဟူး ...ဟူး ...
လေတိုးသံ နှစ်ခုနဲ့အတူ လူရိပ် နှစ်ရိပ်ဟာ မဟူရာ ဧကရာဇ် တောင်တန်းရဲ့ အဓိက တောင်ထွတ်တွေထဲက တစ်ခုဖြစ်တဲ့ မဟူရာတိမ် တောင်ထွတ်ကို ကျရောက်လာခဲ့ကြပါပြီ။ အဲသည် လူရိပ်နှစ်ရိပ်ရဲ့ ပိုင်ရှင်တွေကတော့ ရှန်ကောင်းယု နဲ့ လီဖူချန်းတို့ပါပဲ။
"ဝါစဉ်ကြီး အစ်မ ရှန်ကောင်း”
“ အစ်မတော် ယု”
မဟူရာတိမ် တောင်ထွတ်ပေါ်မှာတော့ မဟူရာ ဧကရာဇ် အစည်းအရုံးရဲ့ တပည့် တော်တော်များများ ရှိနေကြပြီး သူတို့က ရှန်ကောင်းယုကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် တန်းပြီး အရိုအသေ ပေးလိုက်ကြပါတယ်။ အံ့သြစရာ ကောင်းတာ တစ်ခုကတော့ သူတို့ထဲက အများစုဟာ မူလပင်လယ် နယ်ပယ်ကိုတောင် ရောက်နှင့်ပြီးနေကြတာပါပဲ။
“မမယု ... မမက သည်တစ်ကြိမ် အပြင်ကို လေ့လာရေး ခရီး ထွက်သွားတာ တစ်နှစ်နဲ့သုံးလတောင် ကြာတယ်။ မမက မမရဲ့ အရင်စံချိန်ကိုတောင် ပြန်ချိုးပစ်လိုက်ပြီပဲ”
စကားသံနဲ့အတူ အဝါရောင်ဖျော့ဖျော့ ဝတ်စုံကို ဝတ်ဆင်ထားတဲ့ မိန်းမချောလေး တစ်ယောက်ဟာ လူအုပ်ထဲကနေ ထွက်လာပြီး ရှန်ကောင်းယုရဲ့ ကျောက်စိမ်းလို ချောမွတ်နေတဲ့ လက်ကို တရင်းတနှီး ဆွဲကိုင်ကာ နှုတ်ဆက်လာခဲ့ပါတယ်။ကြည့်ရတာတော့ သူက ရှန်ကောင်းယုနဲ့ အတော်လေး ရင်းနှီးပုံပါပဲ။
ရှန်ကောင်းယုက အဝါရောင် ဝတ်စုံဝတ် မိန်းကလေးရဲ့ ဦးခေါင်းကို တစ်ချက် ထုလိုက်ပြီး မျက်နှာထား ခပ်တင်းတင်းနဲ့ ဆူလိုက်ပါတယ်။ ဒါပေမဲ့လည်း ရှန်ကောင်းယုရဲ့ အမူအယာကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် အားလုံးက သူဟာ တကယ် စိတ်ထဲကပါလို့ ဆူတာ မဟုတ်မှန်း ခန့်မှန်းနိုင်ပြီးသားပါပဲ။
"ကောင်မစုတ်လေး ... ငါထွက်သွားတာ တစ်နှစ်တောင် ကျော်သွားပြီ။ ဒါပေမဲ့ နင်က အခုထက်ထိ မူလပင်လယ် နယ်ပယ်ကို မရောက်သေးဘူး။ နင်က ကျင့်ကြံတဲ့ နေရာမှာ တကယ် နှေးတာပဲ”
အဝါရောင် ဝတ်စုံဝတ် မိန်းကလေးကတော့ ရှန်ကောင်းယုရဲ့ ဆူပူမှုကို နားထဲ ဝင်ပုံ မရပါဘူး။ သူက သည်ဆူပူမှုကို ရိုးနေတဲ့ပုံတောင် ပေါက်နေပါသေးတယ်။ သူက မျက်နှာပြောင်စွာနဲ့ ရှန်ကောင်းယုကို ရယ်ပြလိုက်ပြီး
“မမယု ... မမက ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်လေ။ ညီမက ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံပဲ ရှိတာ။ သည်တော့ ညီမရဲ့ ကျင့်ကြံမှု နှေးနေတာက ဘာထူးဆန်းလို့လဲ”
“အေးပါ ... အေးပါဟယ်။ ငါကတော့ စကားပြောတဲ့ နေရာမှာ နင့်ကို မနိုင်ပါဘူး”
ရှန်ကောင်းယုက အဝါရောင် ဝတ်စုံဝတ် မိန်းကလေးနဲ့ စကားပြိုင် ပြောမနေတော့ပါဘူး။ အဲသည်အစား သူက လီဖူချန်းကို လက်ညှိုးထိုးပြီး အားလုံးကို မိတ်ဆက်ပေးလိုက်ပါတယ်။
“အားလုံးပဲ ... ဒါက လီဖူချန်းလို့ ခေါ်တယ်။ သူက ငါ့ရဲ့ မိတ်ဆွေကောင်းပဲ။ သည်တော့ သူ့ကို လေးလေးစားစား ဆက်ဆံကြ”
“ဟုတ်ကဲ့ပါ ...အစ်မတော်ယု”
“ဟုတ်ကဲ့ပါ ...ဝါစဉ်ကြီး အစ်မ ရှန်ကောင်း"
ရှန်ကောင်းယုရဲ့ မိတ်ဆက်ပေးမှု ပြီးတဲ့အခါမှာတော့ မဟူရာတိမ် တောင်ထွတ်မှာ ရှိနေတဲ့ လူငယ်တွေ အကုန်လုံးဟာ လီဖူချန်းကို စူးစမ်းချင်စိတ် အပြည့်နဲ့ စိုက်ကြည့်လာခဲ့ကြပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ ရှန်ကောင်းယုက သူ့ဘဝမှာ လူအနည်းငယ်ကိုသာ မိတ်ဆွေကောင်းတွေအဖြစ် သတ်မှတ်ထားလို့ပါပဲ။ ရှင်းရှင်း ပြောရမယ် ဆိုရင် သည်မဟူရာ ဧကရာဇ် အစည်းအရုံး တစ်ခုလုံးမှာတောင်မှ ရှန်ကောင်းယုရဲ့ ရိုးရိုး သာမန်မိတ်ဆွေအဖြစ် သတ်မှတ်ခံထားရသူတွေဟာ လက်ငါးချောင်း မပြည့်ပါဘူး။
ဒါပေမဲ့လည်း အဝါရောင် ဝတ်စုံဝတ် မိန်းကလေးကတော့ ရှန်ကောင်းယုရဲ့ ရှားပါးလှတဲ့ မိတ်ဆွေကောင်းတွေထဲမှာ တစ်ယောက် အပါအဝင်ပါပဲ။
“မင်္ဂလာပါ ... အစ်ကိုလီ။ ညီမက လုရှောင်ထန်ပါ”
အဝါရောင် ဝတ်စုံဝတ် မိန်းကလေးက လီဖူချန်းကို စတင်ပြီး နှုတ်ဆက်လာခဲ့ပါတယ်။
“မင်္ဂလာပါ ... လီဖူချန်း”
“မင်္ဂလာပါ ... အစ်ကိုလီ”
“မင်္ဂလာပါ ... ညီလေးလီ”
အဝါရောင် ဝတ်စုံဝတ် မိန်းကလေးတောင်မှ နှုတ်ဆက်နေမှတော့ ကျန်တဲ့ လူငယ်တွေဟာ မနေသာတော့ပါဘူး။ သူတို့ကလည်း လီဖူချန်းကို အပြိုင်အဆိုင် နှုတ်ဆက်လိုက်ကြပါတယ်။
“ညီမလေးယု ...နောက်ဆုံးတော့လည်း ပြန်လာပြီပေါ့”
စကားသံ တစ်ခုနဲ့အတူ လူရိပ်တစ်ရိပ်ဟာ မဟူရာ တောင်ထွတ်ပေါ်ကို ကျရောက်လာခဲ့ ပြန်ပါပြီ။အဲသည်လူရိပ်ကတော့ အစိမ်းရောင် ဝတ်စုံကို ဖြစ်ကတတ်ဆန်း ဝတ်ဆင်ထားတဲ့ လူငယ်လေး တစ်ယောက်ပါပဲ။သူ့ပုံစံကို ကြည့်ရတာတော့ သူဟာ ရှန်ကောင်းယု ပြန်ရောက်လာတဲ့ သတင်းကို ကြားကြားချင်းမှာပဲ သည်နေရာကို အလောသုံးဆယ် ပြေးလာတာ ဖြစ်ရပါမယ်။
“အစ်ကိုတော်ဟူ”
ရှန်ကောင်းယုက ခေါင်းတစ်ချက်ညိတ်ပြီး တစ်ဖက်လူငယ်ကို ပြန်နှုတ်ဆက်လိုက်ပါတယ်။ ရှန်ကောင်းယုရဲ့ ဝတ်စုံစိမ်းဝတ် လူငယ်အပေါ် ဆက်ဆံပုံကတော့ တခြားသော လူငယ်တွေအပေါ် ဆက်ဆံပုံနဲ့ မတူပါဘူး။ ကြည့်ရတာတော့ သူက သည်လူငယ်ကို သိပ်ပြီး သဘော မတွေ့ပုံပါပဲ။
' ဟင် ...သည်လူက '
ဝတ်စုံစိမ်းဝတ် လူငယ်က လီဖူချန်းကို တစ်ချက် ကြည့်မိလိုက်တဲ့ အခါမှာတော့ လုံးဝ မနေနိုင်ဘဲ မျက်မှောင် ကြုတ်လိုက်မိပါတယ်။ တကယ်လို့ လီဖူချန်းက တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် တစ်ပါး ဆိုရင်တော့ သူက လီဖူချန်းနဲ့ ပက်သက်ပြီး သိပ်ဂရုစိုက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း လီဖူချန်းက မူလပင်လယ် နယ်ပယ် အဆင့်၃ကိုတောင် ရောက်ရှိနေခဲ့ပါပြီ။ နောက်ပြီးတော့ လီဖူချန်းရဲ့ တည်ရှိနေမှုဟာ သူ့ကိုတောင်မှ မသိမသာ ဖိအားပေးနေသလိုပါပဲ။
“ညီမလေးယု ... သည်လူက ညီမရဲ့ မိတ်ဆွေလား”
အဲသည်အတွက် ဝတ်စုံစိမ်းဝတ် လူငယ်က ရှန်ကောင်းယုကို လှမ်းပြီး မေးလိုက်ပါတယ်။
ဝတ်စုံစိမ်းဝတ် လူငယ်က လီဖူချန်းနဲ့ မိတ်ဆက်ပေးဖို့ကို စကားကြောင်းလာပြီ ဖြစ်တဲ့အတွက် ရှန်ကောင်းယုဟာ တခြား ရွေးချယ်စရာ မရှိတော့ပါဘူး။ အဲသည်အတွက် သူဟာ လီဖူချန်း နဲ့ ဝတ်စုံစိမ်းဝတ် လူငယ်ကို မိတ်ဆက် ပေးလိုက်ရပါတယ်။
“လီဖူချန်း ... ဒါက ငါ့ရဲ့ ဝါစဉ်ကြီး အစ်ကို ဟူယွင်ဖုန်းပဲ။ သူ့ရဲ့ အဖိုးကတော့ ငါတို့အစည်းအရုံးရဲ့ အထွတ်ခေါင်ချုပ် အကြီးအကဲပေါ့”
“အစ်ကိုတော်ဟူ ...ဒါက ညီမရဲ့ မိတ်ဆွေ လီဖူချန်းပါ”
“မင်္ဂလာပါ ... အစ်ကိုဟူ”
လီဖူချန်းက ဧည့်သည် ဖြစ်တဲ့အတွက် တစ်ဖက်လူကို သူကပဲစပြီး ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်ပါတယ်။
ဟူယွင်ဖုန်းရဲ့ အသက်က ရှန်ကောင်းယုထက် သိပ်အများကြီးတော့ မကြီးလောက်သေးပါဘူး။ဒါပေမဲ့ သူ့ရဲ့ ချီအတွင်းအား ကျင့်ကြံမှုကတော့ မူလပင်လယ် နယ်ပယ် အဆင့်၆ကို ရောက်နေပြီ ဖြစ်တဲ့အတွက် တော်တော်လေး မြင့်မားနေပြီလို့ ဆိုရပါမယ်။ပြောရမယ် ဆိုရင် သူက ကျင့်ကြံခြင်းအရာမှာ နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ထက်ကို တစ်ဆင့်ပဲ နိမ့်ကျတာပါ။
“ဟား…ဟား…ဟား ... သည်က ညီလေးလီက အတော်လေး ခင်ဖို့ကောင်းတာပဲ”
ဟူယွင်ဖုန်းက လှိုက်လှိုက်လှဲလှဲ ရယ်မောလိုက်ပါတယ်။ပြီးမှ သူက ရှန်ကောင်းယုဘက်ကို လှည့်လိုက်ပြီး
“ညီမလေးယု ... ညီလေးလီက အခုမှ မဟာဧကရာဇ် အစည်းအရုံးကို ရောက်ဖူးတာ မဟုတ်လား။ သည်တော့ သူက သည်နေရာနဲ့ ရင်းနှီးဦးမှာ မဟုတ်ဘူး။ သည်လိုလုပ်ပါလား ... အစ်ကိုကပဲ ညီလေးလီကို ဧည့်ခံဖို့ တာဝန်ယူလိုက်မယ်လေ”
“ရပါပြီ ...အစ်ကိုဟူ ။ ညီမအနေနဲ့ အစ်ကို့ကို ဒုက္ခမပေးချင်ပါဘူး။ လီဖူချန်း ... လာခဲ့။ ငါနင့်ကို ငါ့ရဲ့ ကျောက်စိမ်းနက် တောင်ထွတ်ဆီ အလည်ခေါ်သွားမယ်”
ရှန်ကောင်းယုက ဟူယွင်ဖုန်းရဲ့ အကြံကို လက်မခံချင်ပါဘူး။အဲသည်အတွက် သူက စကားစကို အမြန်ဖြတ်ပြီး လီဖူချန်းကို သူနေထိုင်ရာ တောင်ထွတ်ဆီကို ဦးဆောင်ပြီး ခေါ်သွားပါတော့တယ်။
ဧကရာဇ် အဆင့် အဖွဲ့အစည်းကြီးတွေမှာက ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားတဲ့ ပါရမီရှင်တွေကို ကိုယ်ပိုင် တောင်ထွတ် တစ်လုံးစီ ပေးတတ်တာက သဘာဝပါပဲ။ အဲသည်အတွက် ရှန်ကောင်းယုဟာလည်း ခြွင်းချက် မရှိပါဘူး။ ပြီးတော့ သူက လက်ရှိ မဟူရာဧကရာဇ် အစည်းအရုံး ခေါင်းဆောင်ရဲ့ ရှုမငြီးတဲ့ ချစ်သမီးလေး ဖြစ်နေသေးတာ မဟုတ်ပါလား။
“ဟုတ်ပါပြီ ... ဟုတ်ပါပြီ။ ဖြည်းဖြည်းသွားပါ ...ညီမလေးယု”
ရှန်ကောင်းယုက စကားစကို ဖြတ်ပြီး ထွက်သွားပြီ ဖြစ်တဲ့အတွက် ဟူယွင်ဖုန်းဟာ ဘာမှ မတတ်နိုင်တော့ပါဘူး။ သူ့အနေနဲ့ တတ်နိုင်တာဆိုလို့ သည်အတိုင်း ရပ်ပြီး ကျန်နေတာပဲ ရှိပါတော့တယ်။
*******_____*******________
ကျောက်စိမ်းနက် တောင်ထွတ် ...
“လီဖူချန်း ... ဒါက ငါအပိုင်စား ရထားတဲ့ တောင်ထွတ်ပဲ။ အခုလောလောဆယ်တော့ နင်သည်မှာ နေလိုက်ဦး။ ငါ ...ငါ့အဖေကို ခဏ သွားတွေ့လိုက်ဦးမယ်”
လီဖူချန်းကို ကျောက်စိမ်းနက် တောင်ထွတ်ဆီ ခေါ်လာပြီးတဲ့ နောက်မှာတော့ ရှန်ကောင်းယုဟာ သူ့ကို ထားခဲ့ပြီး အနီးအနားမှာရှိတဲ့ တောင်ထွတ် တစ်ခုဆီကို ပျံသန်းသွားပါတော့တယ်။
“အား ... ပျင်းစရာ ကောင်းလိုက်တာကွာ။ သည်နားမှာ နည်းနည်းပါးပါး ပတ်ကြည့်ဦးမှ ''
ရှန်ကောင်းယု ထွက်သွားပြီး အချိန် အနည်းငယ် ကြာတဲ့နောက်မှာတော့ ကျောက်စိမ်းနက် တောင်ထွတ်ပေါ်မှာ ကျန်နေခဲ့တဲ့ လီဖူချန်းဟာ ပျင်းရိ ငြီးငွေ့စ ပြုလာခဲ့ပါပြီ။
အဲသည်အတွက် သူက ကျောက်စိမ်းနက် တောင်ထွတ်ရဲ့ အနီးတစ်ဝိုက်ကို စူးစမ်းလေ့လာကြည့်ဖို့ ပြင်ဆင်လိုက်ပါတော့တယ်။
“အင်း ... သည်နားမှာရှိတဲ့ လေထုက ဝင်္ကပါအငွေ့အသက်တွေနဲ့ ပြည့်နှက်နေတာပဲ။ ကြည့်ရတာ အဲဒါက အဆင့်၈ ဝင်္ကပါပဲ ဖြစ်ရမယ်”
မဟူရာ ဧကရာဇ် တောင်တန်းကြီးက ရှည်လျားလွန်းလှတဲ့အတွက် အဆင့်၇ အကာအကွယ် ဝင်္ကပါ တစ်ခုနဲ့ သည်တောင်တန်းကြီး တစ်ခုလုံးကို ကာကွယ်ထားဖို့တော့ မဖြစ်နိုင်ပါဘူး။သည်လို ရှည်လျားလှတဲ့ တောင်တန်းကြီး တစ်ခုလုံးကို အကာအကွယ် ပေးထားဖို့ ဆိုတာက အဆင့်၈ ဝင်္ကပါတွေမှပဲ ရမှာပါ။
အဲသည်ထက် ပိုသေချာတာကတော့ အဆင့်၇ ဝင်္ကပါ အစီအရင်တွေဟာ သူ့မျက်လုံးကနေ ပုန်းကွယ်နိုင်စရာ အကြောင်း လုံးဝ မရှိတာပါပဲ။ လီဖူချန်းရဲ့ မျက်လုံးတွေက အဆင့်၇ ဝင်္ကပါတွေကို ကောင်းကောင်းကြီး ကြည့်မြင်နိုင်ပါတယ်။
“အင်း ... သည်နေရာလေးက မဆိုးပါလားဟ”
ကျောက်စိမ်းနက် တောင်ထွတ် တစ်ဝိုက်မှာ ဟိုဟိုသည်သည် စူးစမ်းနေရင်းနဲ့ တစ်နေရာကို အရောက်မှာတော့ လီဖူချန်းဟာ ကျင့်ကြံဖို့ နေရာကောင်း တစ်ခုကို မျက်စိကျသွားခဲ့ပါတယ်။ အဲသည်နေရာကတော့ ကျောက်ထရံကြီး တစ်ခုရဲ့ အလယ်နားမှာ ရှိနေတဲ့ လိုဏ်ဂူ တစ်ခုပါပဲ။
ဟူး ...
အဲသည်နောက်မှာတော့ လီဖူချန်းဟာ မြေပြင်ကို ဖနောင့်နဲ့ တစ်ချက် ပေါက်လိုက်ကာ လိုဏ်ဂူပေါက် ရှိရာဆီကို ခုန်တက်သွားခဲ့ပါပြီ။ ပြီးတာနဲ့ တစ်ပြိုင်နက် သူက ဂါထာ၊မန္တရား သိုင်းဧကရာဇ် ပေးခဲ့တဲ့ ကျောက်စိမ်းစာလိပ်ကို ထုတ်ပြီး ဂါထာ၊မန္တရား တာအိုကို လေ့လာဖို့ ပြင်ပါတော့တယ်။
လီဖူချန်းက နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်နဲ့ တိုက်ခိုက်ပြီးသွားကတည်းက ဂါထာ၊မန္တရား တာအိုရဲ့ အစွမ်းထက်ပုံ နဲ့ ဂါထာ၊မန္တာန်တွေရဲ့ အသုံးဝင်ပုံကို ကောင်းကောင်းကြီး သိသွားခဲ့ပါပြီ။ အဲသည်အတွက် သူက အရင်လို ဂါထာ၊မန္တရား တာအိုကို အထင်မသေးဝံ့တော့ပါဘူး။
ညနေခင်း အချိန်ကို ရောက်တဲ့အခါမှာတော့ ရှန်ကောင်းယုဟာ ကျောက်စိမ်းနက် တောင်ထွတ်ကို ပြန်ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း သူက တောင်ထွတ်ပေါ်မှာ နေဖို့ ရည်ရွယ်ချက်နဲ့ ပြန်လာခဲ့တာတော့ မဟုတ်ပါဘူး။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ လီဖူချန်းကို ညစာ တည်ခင်းကျွေးမွေးဖို့ပါပဲ။
အဲသည်အတွက် သူက တောင်ထွတ်ပေါ်ကို ရောက်တာနဲ့ တစ်ပြိုင်နက် အချိန် တဒင်္ဂလေးတောင် မဆိုင်းဘဲ လီဖူချန်းကို ခေါ်ဆောင်ကာ မဟူရာဧကရာဇ် အစည်းအရုံးရဲ့ စားသောက်ခန်းမဆီ ပြန်ထွက်သွားပါတယ်။
မဟူရာဧကရာဇ် အစည်းအရုံးရဲ့ စားသောက်ခန်းမမှာ ထမင်းတစ်နပ် စားဖို့ ဆိုတာက အလကား မရပါဘူး။ သည်နေရာမှာ တည်ခင်းထားတဲ့ အစားအသောက်တွေက တကယ့်ကို ရှားပါးလွန်းလှတဲ့အတွက် အစည်းအရုံး ခေါင်းဆောင် ဖြစ်နေရင်တောင်မှ ခြွင်းချက်မရှိ ကျသင့်တန်ဖိုးကို ပေးချေရမှာ ဖြစ်ပါတယ်။ ပြီးတော့ ကျသင့်တန်ဖိုးကို ပေးချေတဲ့ နေရာမှာလည်း စိတ်ဝိညာဉ် ကျောက်တုံးတွေကိုသာ ပေးချေရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သည်စားသောက်ခန်းမမှာ ရှိတဲ့ အစားအသောက်တွေရဲ့ အရသာက ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ကြီးမှာ ရှိတဲ့ ဘယ်စားသောက်ဆိုင်ကိုမဆို ယှဉ်နိုင်တဲ့အတွက် ဝိညာဉ်ကျောက်တုံးတွေနဲ့ ပေးချေရတာဟာ ထိုက်တန်တယ်လို့ ဆိုရပါလိမ့်မယ်။ ညစာ တည်ခင်းကျွေးမွေး ဧည့်ခံပြီးတဲ့ နောက်မှာတော့ ရှန်ကောင်းယုက လီဖူချန်းကို ကျောက်စိမ်းနက် တောင်ထွတ်ကို ပြန်ပြီး လိုက်ပို့ပေးခဲ့ပါတယ်။
***