← Chapters

သိုင်းပြိုင်ပွဲ

Vol. 46 Ch. 616

သိုင်းပြိုင်ပွဲ

Vol. 46 Ch. 616

သည်လိုနဲ့ပဲ လီဖူချန်းတစ်ယောက် မဟူရာဧကရာဇ် အစည်းအရုံးကို ရောက်လာခဲ့တာ ရက်ပေါင်း အတော်လေး ကြာသွားခဲ့ပါပြီ။ သည်အတောအတွင်းမှာ ဆိုရင်တော့ သူ့ရဲ့ ဂါထာ၊မန္တရား တာအိုအပေါ် နားလည်ကျွမ်းဝင်မှုဟာ တစ်စထက်တစ်စ ပိုပိုကောင်းမွန်လာတယ်လို့ ဆိုရမှာပါပဲ။ အခုဆိုရင် သူက အလယ်အလတ် အဆင့် ဂါထာ၊မန္တာန်တွေကိုတောင် စတင်လေ့ကျင့်ဖို့ ပြင်ဆင်နေခဲ့ပြီ ဖြစ်ပါတယ်။

...

မဟူရာ ဧကရာဇ် အစည်းအရုံးရဲ့ ရာထူး အဆင့်အတန်း ပေးအပ်ပုံက သက်တံနီဂိုဏ်းနဲ့ လုံးဝ မတူပါဘူး။

သက်တံနီဂိုဏ်းမှာက ဂိုဏ်းရဲ့ တပည့်တစ်ယောက်ဟာ မူလပင်လယ် နယ်ပယ်ကို ရောက်ပြီ ဆိုတာနဲ့ တစ်ပြိုင်နက် တန်းပြီး အကြီးအကဲအဖြစ် သတ်မှတ်ခံရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း မဟူရာ ဧကရာဇ် အစည်းအရုံးမှာကတော့ တပည့်တစ်ယောက်ဟာ ဘယ်နယ်ပယ်ကိုပဲရောက်ရောက် အသက် တစ်ရာ မပြည့်သေးသရွေ့  တပည့် ဖြစ်နေဦးမှာပါပဲ။

ပြီးတော့ တပည့် အရေအတွက်ပိုင်းမှာ ဆိုရင်လည်း မဟူရာ ဧကရာဇ် အစည်းအရုံး နဲ့ သက်တံနီဂိုဏ်းဟာ ခြားနားလွန်းလှပါတယ်။

မဟူရာ ဧကရာဇ် အစည်းအရံုံးမှာက မူလပင်လယ် နယ်ပယ်အဆင့် တပည့်တွေဟာ တစ်ဒါဇင်ကို မကပါဘူး။ ပြီးတော့ တိုက်ပွဲဝိညာဉ်နယ်ပယ် အဆင့် တပည့်တွေကလည်း တစ်ထောင်နီးပါးကို ရှိပါတယ်။

( note : သည်အရေအတွက်တွေဟာ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကို  ပြောင်းရွှေ့လာတဲ့ တပည့် အရေအတွက်တွေကိုသာ ထည့်တွက်ထားတာပါ။ )

သည်လောက်များပြားလှတဲ့ တပည့်တွေ ရှိနေတဲ့  မဟူရာ ဧကရာဇ် အစည်းအရုံးအဖို့တော့ တပည့် တစ်ယောက်ချင်းစီရဲ့ တိုးတက်မှုကို စောင့်ကြည့်ဖို့ ဆိုတာဟာ လုံးဝ မလွယ်ကူလှပါဘူး။ ဒါပေမဲ့လည်း သူတို့ဟာ သည်ပြသနာကို ဖြေရှင်းဖို့အတွက် နည်းလမ်းတစ်ခု ရှာတွေ့ခဲ့ကြပါတယ်။ အဲဒါကတော့ သိုင်းပြိုင်ပွဲပါပဲ။

ဟုတ်ပါတယ်။ မဟူရာ ဧကရာဇ် အစည်းအရုံးရဲ့ အကြီးအကဲတွေဟာ တပည့် တစ်ယောက်ချင်းစီရဲ့ တိုးတက်မှုကို စောင့်ကြည့်ဖို့အတွက် ဆိုပြီး တစ်နှစ်တစ်ခါ ကျင်းပတဲ့ အသေးစား သိုင်းပြိုင်ပွဲ တစ်ခုနဲ့ သုံးနှစ်တစ်ခါ  ကျင်းပတဲ့ အဓိက သိုင်းပြိုင်ပွဲကြီး တစ်ခုကို စီစဉ်ခဲ့ကြတာပါ။

ဒါပေမဲ့လည်း ပြိုင်ပွဲတစ်ခုစီမှာ ဝင်ပြိုင်ကြသူတွေရဲ့ ကျင့်ကြံခြင်း နယ်ပယ်တွေကတော့ တူကြမှာ မဟုတ်ပါဘူး။ အသေးစား သိုင်းပြိုင်ပွဲကိုတော့ တိုက်ပွဲဝိညာဉ် နယ်ပယ်  အဆင့် တပည့်တွေက ဝင်ပြိုင်ရမှာ ဖြစ်ပြီး အဓိက သိုင်းပြိုင်ပွဲကိုတော့ မူလပင်လယ် နယ်ပယ် အဆင့် တပည့်တွေက ဝင်ပြိုင်ရမှာ ဖြစ်ပါတယ်။

လီဖူချန်းကတော့ သိုင်းပြိုင်ပွဲတွေနဲ့ ကံစပ်တယ်လို့ ဆိုရမလား မသိပါဘူး ။ဘာဖြစ်လို့လဲဆိုတော့ မဟူရာ ဧကရာဇ် အစည်းအရုံးကို သူရောက်ပြီး နှစ်ပတ်အကြာမှာ အဓိက သိုင်းပြိုင်ပွဲ ကျင်းပချိန်ဟာ ကျရောက်လာခဲ့လို့ပါပဲ။

ဟူး ...ဟူး ...ဟူး ...

လေပြင်းတွေ တဟူးဟူး တိုက်ခတ်နေတဲ့ တောင်ထွတ်တစ်ခု  ...

သည်တောင်ထွတ်ကိုတော့ မဟူရာ ဧကရာဇ် အစည်းအရုံးရဲ့ လူတွေက စစ်သလင်း တောင်ထွတ်လို့ ခေါ်ကြလေ့ ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့  မဟူရာ ဧကရာဇ် အစည်းအရုံးမှာ ကျင်းပတဲ့ သိုင်းပြိုင်ပွဲ နှစ်ခုစလုံးဟာ သည်တောင်ထွတ်မှာသာ ကျင်းပလေ့ရှိလို့ပါပဲ။

သည်နေ့မှာတော့ မဟူရာ ဧကရာဇ် အစည်းအရုံးရဲ့ အဖွဲ့ဝင်တွေ အကုန်လုံးဟာ သည်နေရာကို ရောက်ရှိနေခဲ့ကြပါပြီ။

ထောင်နဲ့ချီတဲ့လူတွေ တစ်နေရာထဲမှာ စုရုံးနေတာကို မြင်ရတာက အတော်လေး ခမ်းနားကြီးကျယ်တဲ့ မြင်ကွင်းတစ်ခုပါပဲ။ အထူးသဖြင့် အဲသည်လူတွေဟာ တိုက်ပွဲဝိညာဉ် နယ်ပယ် ဆရာသခင်တွေ နဲ့ မူလပင်လယ် နယ်ပယ် ဘုရင်တွေ ဖြစ်နေတာမျိုးပေါ့။

လီဖူချန်း ...

ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး လီဖူချန်းကလည်း သည်တောင်ထွတ်မှာ ရောက်နေတာပါပဲ။ သူကတော့ ရှန်ကောင်းယုရဲ့ အကူအညီနဲ့ ဧည့်သည်ခုံတန်းဘက်က ခုံတစ်လုံးမှာ နေရာ ယူထားပြီးပါပြီ။

' အင်း ... သည်အခွင့်အရေးကိုသုံးပြီး ငါ့အနေနဲ့ မဟူရာ ဧကရာဇ် အစည်းအရုံးရဲ့ ပါရမီရှင်တွေ အစွမ်းကို ကောင်းကောင်း လေ့လာရမယ်”

ဧည့်သည်ခုံတန်းဘက်က ခုံတစ်လုံးမှာ အခန့်သား နေရာ ရယူထားတဲ့ လီဖူချန်းဟာ သိုင်းပြိုင်ပွဲကို ဝင်ပြိုင်မယ့် လူငယ်တွေကို ကြည့်ပြီး စဉ်းစားခန်း ဝင်နေမိပါတယ်။

ပြောရမယ် ဆိုရင်တော့ မူလပင်လယ် နယ်ပယ်ကို အသက်တစ်ရာ မပြည့်ခင်မှာ ချိုးဖောက် ဝင်ရောက်နိုင်သူတိုင်းဟာ ပါရမီရှင်တွေလို့ ခေါ်ဆိုထိုက်သူတွေချည်းပါပဲ။

“ဒေါင်”

“မဟူရာ ဧကရာဇ် အစည်းအရုံးရဲ့ အဓိက သိုင်းပြိုင်ပွဲကြီးကို မကြာခင် အချိန်အတွင်းမှာ စတင်တော့မှာ ဖြစ်တဲ့အတွက် အားလုံး အသင့် နေရာ ယူထားပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ် ခင်ဗျား ...”

“ဒေါင်”

“မဟူရာ ဧကရာဇ် အစည်းအရုံးရဲ့ အဓိက သိုင်းပြိုင်ပွဲကြီး စတင်ပြီဖြစ်ကြောင်း ကြေညာအပ်ပါတယ်ခင်ဗျား ...”

နောက်ဆုံးမှာတော့ သိုင်းပြိုင်ပွဲဟာ စတင်လာခဲ့ပါပြီ။

မဟူရာ ဧကရာဇ် အစည်းအရုံးရဲ့ သိုင်းပြိုင်ပွဲ စည်းမျဉ်း၊စည်းကမ်းတွေဟာ တခြားသော သိုင်းပြိုင်ပွဲတွေနဲ့ မတူညီဘဲ ကွဲပြားခြားနားပါတယ်။ သည်သိုင်းပြိုင်ပွဲမှာက အဆင့်ကျော်ပြီး  တိုက်ရိုက်စိမ်ခေါ်လို့ မရပါဘူး။

တကယ်လို့ မူလပင်လယ်နယ်ပယ် အဆင့်၁ ဘုရင်တစ်ပါးက  မူလပင်လယ်နယ်ပယ် အဆင့်၃ ဘုရင်တစ်ပါးကို စိမ်ခေါ်ချင်တယ် ဆိုကြပါစို့။ အဲသည်လိုဆိုရင် သူဟာ အရင်ဆုံး သူနဲ့ အဆင့်တူ  မူလပင်လယ်နယ်ပယ် အဆင့်၁ ဘုရင်တစ်ပါးကို အရင်ဆုံး စိမ်ခေါ်တိုက်ခိုက်ပြီး အနိုင်ယူရပါမယ်။ အဲသည်ကမှ ထပ်ပြီး  မူလပင်လယ်နယ်ပယ် အဆင့်၂ ဘုရင်၊  မူလပင်လယ်နယ်ပယ် အဆင့်၃ ဘုရင် အစရှိသဖြင့် အစဉ်လိုက် သွားရမှာပါ။

အဲသည်အတွက် ပြိုင်ပွဲ စစချင်းမှာ ဆိုရင်တော့ ပရိသတ်တွေဟာ အဆင့်တူ မူလပင်လယ် နယ်ပယ် ဘုရင်တွေကြားက အချင်းချင်း အားပြိုင်မှုကိုသာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

' အိုး ...သူတို့ထဲက တစ်ယောက်ကမှ ကောင်းကင်အဆင့် သိုင်းပညာနဲ့ အတွင်းအားကျင့်စဉ်ကို မလေ့ကျင့်ထားတာ မရှိပါလား။ ဒါကြောင့်လည်း သူတို့တွေက ဧကရာဇ်အဆင့် အဖွဲ့အစည်း တစ်ခုရဲ့ တပည့်တွေ ဖြစ်နေကြတာကိုး '

လီဖူချန်းဟာ သိုင်းပြိုင်ပွဲကို ကြည့်နေရင်းနဲ့ အံ့သြစရာ ကောင်းတဲ့ အချက်တစ်ခုကို သတိပြုမိလိုက်ပါတယ်။ အဲဒါကတော့ သိုင်းပြိုင်ပွဲကို ဝင်ပြိုင်တဲ့  မဟူရာ ဧကရာဇ် အစည်းအရုံးရဲ့ တပည့်တွေ အကုန်လုံးဟာ ကောင်းကင်အဆင့် သိုင်းပညာရပ်တွေကို လေ့ကျင့် တတ်မြောက်ထားပြီးသား ဖြစ်နေတာကိုပါပဲ။ အဲသည်ထဲကမှ တခိျု့ဆိုရင် ကောင်းကင်အဆင့် ကျင့်စဉ်တွေကိုပါ ကျင့်ကြံထားပါသေးတယ်။

အဲသည်အတွက် သည်မဟူရာ ဧကရာဇ် အစည်းအရုံးက တပည့်တွေရဲ့ အစွမ်းကိုတော့ သူတို့ရဲ့ ကျင့်ကြံမှု အဆင့်နဲ့လိုက်ပြီး ဆုံးဖြတ်လို့ ရမှာ မဟုတ်ပါဘူး။

သည်လိုနဲ့ပဲ သိုင်းပြိုင်ပွဲဟာ တစ်စထက်တစ်စ အရှိန်တက်လာပြီး အထွတ်အထိပ် အချိန်အခါကို ရောက်ရှိလာခဲ့ပါပြီ။

သည်တစ်ပွဲကတော့ မဟူရာ ဧကရာဇ် အစည်းအရုံးရဲ့ အတော်ဆုံး တပည့်နှစ်ယောက် အားပြိုင်ရမယ့်ပွဲပဲ ဖြစ်ပါတယ်။ ဘယ်သူက မဟူရာ ဧကရာဇ် အစည်းအရုံးရဲ့ လက်ရှိ အတော်ဆုံး တပည့်လဲ ဆိုတာကိုပေါ့။

ဟုတ်ပါတယ်။ မဟူရာ ဧကရာဇ် အစည်းအရုံးရဲ့ အတော်ဆုံး တပည့်နှစ်ယောက် ဆိုတာကတော့ ရှန်ကောင်းယု နဲ့ ဟူယွင်ဖုန်းတို့ကို ရည်ညွှန်းထားတာပါပဲ။

အရင်တုန်းက ဆိုရင်တော့ ရှန်ကောင်းယုဟာ ဘယ်လိုနည်းနဲ့မှ ဟူယွင်ဖုန်းရဲ့ ပြိုင်ဘက် မဖြစ်နိုင်ပါဘူး။

ဟူဟွင်ဖုန်းက မူလပင်လယ် နယ်ပယ် အဆင့်၆ ဘုရင်တစ်ပါး ဖြစ်တဲ့အပြင် ကောင်းကင်အဆင့် သိုင်းပညာ နဲ့ ချီအတွင်းအား ကျင့်စဉ်ကိုပါ ကျင့်ကြံထားသူပါ။ အဲသည်အတွက် သူ့ရဲ့ အစွမ်းဟာ အထွတ်အထိပ် အဆင့် အကြို-ဧကရာဇ် တစ်ပါးနဲ့တောင် ညီမျှတယ်လို့ ဆိုနိုင်နေပါပြီ။ တကယ်လို့သာ ဟူယွင်ဖုန်း အနေနဲ့ သူ့ရဲ့ကျင့်စဉ်ကို ဆုံးခန်းတိုင်အောင် လေ့ကျင့်နိုင်ခဲ့မယ် ဆိုရင် သူဟာ တိုက်ခိုက်ရေး ဧကရာဇ် အဆင့်ကိုလည်း အသာလေး ရောက်နိုင်ပါသေးတယ်။

ဒါပေမဲ့လည်း အခုတော့ အခြေအနေတွေဟာ ပြောင်းလဲသွားခဲ့ပါပြီ။ သည်ပွဲက ရှန်ကောင်းယု အနေနဲ့ သည်အတောအတွင်းမှာ ဘယ်လောက်အထိ တိုးတက်လာသလဲ ဆိုတာကို ပြရမယ့် ပွဲပါပဲ။

“ညီမလေးယု ... သတိထားနော်”

ဟူယွင်ဖုန်းကတော့ ရှန်ကောင်းယုကို ပြိုင်ဘက်အဖြစ် လုံးဝ မမြင်ပါဘူး။ သူက ရှန်ကောင်းယုကို အနိုင်ယူနိုင်ဖို့အတွက် လုံးဝ ယုံကြည်မှုအပြည့် ရှိပါတယ်။

“အစ်ကိုတော်ဟူ ... ကျေးဇူးပြု ပြီး အစွမ်းကုန် တိုက်ပေးပါ”

တစ်ဖက်မှာလည်း ရှန်ကောင်းယုက ဟူဟွင်ဖုန်းကို မျက်လုံးထဲမှာ လုံးဝ မထည့်ထားပါဘူး။

တခြားသူတွေရဲ့ အမြင်မှာ ဆိုရင်တော့ ဟူယွင်ဖုန်းက ကောင်းကင်ဘုံကနေ ကောင်းချီးပေးခြင်း ခံထားရတဲ့  ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပါရမီရှင် ဖြစ်ကောင်းဖြစ်ပါမယ်။ ဒါပေမဲ့ ရှန်ကောင်းယုရဲ့ အမြင်မှာတော့ ဟူယွင်ဖုန်းဟာ သည်အတိုင်း သာမန်  ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တစ်ယောက် သာသာပါပဲ။

ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ကြီးမှာက အစွမ်းထက်လှတဲ့ ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေဟာ ပေါများလွန်းလှပါတယ်။

ရှင်းရှင်းပြောရမယ် ဆိုရင် ဟူယွင်ဖုန်းရဲ့ အရိုးတည်ဆောက်ပုံဟာ ရှန်ကောင်းယု မြင်ဖူးခဲ့သမျှ  ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေထဲမှာ အစွမ်း အနည်းဆုံးပါပဲ။

ရှန်ကောင်းယုရဲ့ ဘဝမှာ မြင်ဖူးတဲ့ အစွမ်းအထက်ဆုံး  ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံကတော့  နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်လို့ပဲ ဆိုရပါမယ်။

လီဖူချန်း ...

ရှန်ကောင်းယုက လီဖူချန်းကိုတော့ သည်စာရင်းထဲမှာ ထည့်မတွက်ထားခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက လီဖူချန်းရဲ့ အရိုးတည်ဆောက်ပုံကို တိတိကျကျ သိထားခြင်း မရှိခဲ့လို့ပါပဲ။ ဒါပေမဲ့လည်း သူက လီဖူချန်းရဲ့ အရိုးတည်ဆောက်ပုံဟာ ပြိုင်ဘက်ကင်း အမျိုးအစားထဲက ဖြစ်ရမယ်လို့ အကြွင်းမဲ့ ယုံကြည်ထားပါတယ်။

“စလိုက်ကြစို့ ညီမလေးယု”

“ဟုတ်ကဲ့ပါ  ...အစ်ကိုတော်”

“ယား”

“ကျား”

ဘန်း ...ဘန်း ...ဘန်း ...

တိုက်ပွဲစပြီ ဆိုတာနဲ့ တစ်ပြိုင်နက် ပြိုင်ပွဲဝင် နှစ်ယောက်စလုံးဟာ လက်သီးချက်တွေ ကိုယ်စီ ထုတ်လိုက်ပြီး တစ်ဖက်နဲ့တစ်ဖက် အကဲစမ်းလိုက် ကြပါတယ်။

ဟူယွင်ဖုန်းရဲ့ လက်သီးသိုင်းကတော့ မဟူရာဧကရာဇ် အစည်းအရုံးရဲ့ နာမည်ကျော် မဟူရာ ဧကရာဇ် လက်သီးသိုင်းပါပဲ။

ဝုန်း ...

လက်သီးနှစ်လုံး ထိပ်တိုက်ရင်ဆိုင် အတွေ့မှာတော့ ဟူယွင်ဖုန်းဟာ အနောက်ကို တရစပ် ဆုတ်လိုက်ရပါတယ် ။ တခြားတစ်ဖက်မှာတော့ ရှန်ကောင်းယုက ခြေလှမ်းလေး  တစ်လှမ်းတောင် ဆုတ်မသွားခဲ့ပါဘူး။

အနောက်ကို တရစပ် ဆုတ်လိုက်ရတဲ့ ဟူယွင်ဖုန်းရဲ့ မျက်နှာကတော့ အရှက်တရားကြောင့် မက်မန်းသီး တစ်လုံးလို နီတွတ်သွားခဲ့ပါပြီ။ ဒါပေမဲ့လည်း သူက အတင်းဟန်လုပ်ပြီး ပြုံးနေဆဲပါပဲ။

“တစ်နှစ်ကျော်လေး မတွေ့လိုက်ရတာနဲ့ ညီမလေးယုရဲ့ သိုင်းအားက အများကြီး တိုးတက်လာတာပဲ။ စိတ်မရှိနဲ့နော် ညီမ။ အစ်ကို တကယ် တိုက်တော့မယ်”

စကားဆုံးတဲ့ နောက်မှာတော့ ဟူယွင်ဖုန်းဟာ လေးနက်တည်ကြည်စွာနဲ့ သူ့ရဲ့ သိုင်းကွက်ကို  ခင်းကျင်းလိုက်ပါတော့တယ်။

"အားမနာပါနဲ့  ... အစ်ကိုတော်ဟူ။ အစကတည်းက အစွမ်းကုန် တိုက်ပါလို့ ညီမ ပြောပြီးပြီပဲ”

လက်သီးချင်း ထိပ်တိုက် ရင်ဆိုင်ပြီးတဲ့ နောက်မှာတော့ ရှန်ကောင်းယုဟာ ဟူယွင်ဖုန်းရဲ့ အစွမ်းကို အနည်းငယ် ခန့်မှန်းလိုက်နိုင်ခဲ့ ပြီးပါပြီ။ အဲသည်အတွက် သူက သူ့ကိုယ်သူ ယုံကြည်ချက် အပြည့်ပါပဲ။

ဟူယွင်ဖုန်းက ဘာမှ ဆက်ပြီး ပြောမနေတော့ပါဘူး။ အဲသည်အစား သူက သူ့ရဲ့ ချီအတွင်းအားတွေ နဲ့ ရေအလျင် စွမ်းအား (အရိုးတည်ဆောက်ပုံမှ ရသော စွမ်းအား )တို့ကိုသာ ထုတ်ဖော်လိုက်ပါတယ်။

ဟူး ...ဟူး ...ဟူး ...

သည်တစ်ခါမှာတော့ ဟူယွင်ဖုန်းဟာ သူ့ရဲ့ ပွဲသိမ်းတိုက်ကွက် ဖြစ်တဲ့ ကမ္ဘာတုန်ဟီး ဧကရာဇ်လက်သီးကို ထုတ်သုံးလာခဲ့ပါပြီ။

ကြည့်ရတာတော့ ဟူယွင်ဖုန်းဟာ အစောပိုင်းက သူ့ရဲ့ အရှက်ရမှုကို ဖြေဖျောက်ဖို့အတွက် ရှန်ကောင်းယုကို တစ်ကွက်တည်းနဲ့ အပြတ်ဖြတ်ဖို့ ကြံရွယ်ထားပုံပါပဲ။

ဝေါ ...ဝေါ ...ဝေါ ...

ရှိသမျှ အစွမ်းတွေကို ထုတ်သုံးထားတဲ့ ကမ္ဘာတုန်ဟီး ဧကရာဇ် လက်သီး  ...

လက်သီးချက် ထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက်  ပတ်ဝန်းကျင် တစ်ခုလုံးဟာ မဟူရာ မြစ်ကြီးတစ်စင်းရဲ့ လွှမ်းမိုးမှုကို ခံလိုက်ရသလိုပါပဲ။

ဟူယွင်ဖုန်းက သည်လက်သီးချက်ထဲမှာ သူ့ရဲ့ အစွမ်းတွေ တစ်ရာ ရာခိုင်နှုန်းကို ပေါင်းထည့်ထားတယ် ဆိုတဲ့ အချက်ကိုတော့ လုံးဝ သံသယ ရှိနေစရာ မလိုပါဘူး။နောက်ပြီး သူ့ရဲ့ သည်လက်သီးချက်က ကမ္ဘာကြီး တစ်ခုလုံးကိုတောင် လွှမ်းမိုးသွားနိုင်တဲ့ ခံစားချက်မျိုးကို ပေးစွမ်းနေပါသေးတယ်။

“သဏ္ဌာန်ငါးမျိုး ဧကရာဇ် လက်သီး။ မျောက်ဝံလက်သီး”

ဟူယွင်ဖုန်းရဲ့ ပွဲသိမ်းတိုက်ကွက်ကို ရင်ဆိုင်ဖို့အတွက်ကိုတော့ ရှန်ကောင်းယုဟာ ပေါ့ပေါ့ဆဆ မလုပ်ဝံ့ပါဘူး။ အဲသည်အတွက် သူက သူ့ရဲ့ မျောက်ဝံလက်သီးကို ထုတ်သုံးလိုက်ပါတော့တယ်။

ဂါး ...ဂရား ...

ဘုန်း ...ဘုန်း ...ဘုန်း ...

ဒေါသတကြီး ရန်လိုနေတဲ့ မျောက်ဝံကြီး တစ်ကောင်ရဲ့ ပုံရိပ်ဟာ လေထုထဲမှာ ဖြစ်တည်လာခဲ့ပါပြီ။ အဲသည်နောက်မှာတော့ သူဟာ ရင်ဘတ်ကို စည်တီးသလို တဘုန်းဘုန်း တီးပြီး မဟူရာ မြစ်ကြီးဆီကို ပြေးဝင်သွားပါတော့တယ်။

သဏ္ဌာန်ငါးမျိုး ဧကရာဇ် လက်သီးသိုင်းဆိုတာက အစွမ်းထက်လှတဲ့ ရှေးဟောင်း သတ္တဝါကြီး ငါးမျိုးရဲ့ စိတ်အသိကို ပုံတူကူးချထားတဲ့ သိုင်းတစ်မျိုးပါပဲ။ အဲသည်အတွက် သည်လက်သီးသိုင်းရဲ့ သိုင်းကွက်တိုင်းဟာ မာန်ပါပြီး ရက်စက်ပြင်းထန်လွန်း လှပါတယ်။

ဂါး ...ဂရား…ဂါး ...

ဝုန်း ...ဝုန်း ...ဝုန်း ...

ဒေါသမာန်ဟုန် အပြည့်နဲ့ မျောက်ဝံကြီးရဲ့ ဆုတ်ဖြဲတိုက်ခိုက်မှုတွေကိုတော့ မဟူရာမြစ်ကြီးဟာ ဘယ်လိုမှ မတောင့်ခံနိုင်ခဲ့ပါဘူး။

ဘန်း ...

“အင့်”

နောက်ဆုံးမှာတော့ မဟူရာမြစ်ကြီးဟာ မျောက်ဝံကြီးရဲ့ လက်ချက်နဲ့ တစ်စစီ ဖြစ်သွားခဲ့ပါပြီ။ တစ်ချိန်တည်းမှာပဲ ဟူယွင်ဖုန်းဟာလည်း သွေးစိမ်းရှင်ရှင် တစ်လုတ်အန်ပြီး အနောက်ကို လွင့်ထွက်သွားခဲ့ပါတယ်။

လက်သီးတစ်ချက်  ...

တိုက်ပွဲရဲ့ အရှုံး၊အနိုင်ကို ဆုံးဖြတ်ပေးလိုက်တဲ့ လက်သီးတစ်ချက်  ...

အထွတ်အထိပ် အဆင့် အကြို ဧကရာဇ် တစ်ပါးနဲ့ အဆင့်နိမ့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးကြားက ကွာခြားမှုကတော့ တကယ့်ကို အံ့မခန်းပါပဲ။ ဟူယွင်ဖုန်းက ရှန်ကောင်းယုရဲ့ လက်သီး တစ်ချက်ကိုတောင်မှ တောင့်မခံနိုင်ခဲ့ပါဘူး။

“အစ်ကိုတော်ဟူ ... ညီမကို အလျော့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ရှန်ကောင်းယုက တစ်ဖက်လူကို မျက်နှာမပျက်စေလိုတဲ့အတွက် အလိုက်တသိပဲ အရိုအသေပေးပြီး ကျေးဇူးတင်စကား ဆိုလိုက်ပါတယ်။

ဟူး ...

ဟူယွင်ဖုန်းကတော့ သိုင်းစင်မြင့်ပေါ်မှာ မျက်နှာပြရတဲ့ သတ္တိကို မရှိတော့ပါဘူး။ အဲသည်အတွက် သူက မတ်တပ်ရပ်နိုင်တာနဲ့ တစ်ပြိုင်နက် တန်းပြီး စင်မြင့်အောက်ကို ခုန်ဆင်းသွားပါတော့တယ်။

“တစ်နှစ်ကျော်  ... အချိန်တစ်နှစ်ကျော်လေး အတွင်းမှာပဲ အစ်မတော်ယုက သည်လောက်အထိ တိုးတက်လာတာလား”

“အစ်ကိုတော်ဟူက အထွတ်အထိပ် အဆင့် အကြိုဧကရာဇ် မဟုတ်လား။ ဒါဆိုရင် အစ်မတောယုက တိုက်ခိုက်ရေး ဧကရာဇ် ဖြစ်နေပြီပေါ့”

ပွဲကြည့်ပရိသတ် ခုံတန်းဘက်မှာကတော့ မဟူရာဧကရာဇ် အစည်းအရုံး တပည့်တွေရဲ့ ဆွေးနွေးသံနဲ့ ဆူညံလို့ နေခဲ့ပါပြီ။

ဟူး ...ဟူး ...ဟူး ...

စစ်တလင်း တောင်ထွတ်နဲ့ သိပ်မဝေးလှတဲ့ တောင်ထွတ် တစ်ခု ...

သည်တောင်ထွတ်ပေါ်မှာက ရှိနေတာကတော့ ဗိသုကာ ဆရာတွေ လက်မှိုင်ချရလောက်အောင် လက်ရာမြောက်လှတဲ့ ဘုံခုနစ်ဆင့်  နန်းဆောင်ပြာသာဒ် တစ်ခုပါပဲ။

အဲသည် နန်းဆောင်ပြာသာဒ်မှာမှ ခေါင်းတစ်ခုလုံး ငွေရောင်သန်းနေတဲ့ ဆံပင်တွေကို ပိုင်ဆိုင်ထားတဲ့ အဘိုးအို တစ်ယောက်ဟာ နန်းဆောင်ရဲ့ ခေါင်မိုးအထိ တက်ကာ သိုင်းပြိုင်ပွဲကို အားပေး ကြည့်ရှုနေပါတယ်။

သည်အဘိုးအိုက သာမန် ချည်ကြမ်းဝတ်စုံ တစ်စုံကိုသာ ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်ကနေလည်း ဘာအရှိန်အဝါကိုမှ ထုတ်လွှတ်မထားပါဘူး။ အဲသည်အတွက် မသိရင်တော့ သူဟာ သာမန်လူတစ်ယောက်လို့ ထင်ချင်စရာပါပဲ။

ဒါပေမဲ့လည်း သူရပ်နေတဲ့ နေရာမှာ တိုက်ခတ်နေတဲ့  လေပြင်းတွေဟာ သူ့ရဲ့ ဆံချည်မျှင် တစ်စကိုတောင် လှုပ်ခတ်သွားအောင် မစွမ်းဆောင်နိုင်တာကို ကြည့်ခြင်းအားဖြင့် သည်အဘိုးအို သာမန်လူတစ်ယောက် မဟုတ်ဘူး ဆိုတာကို အလွယ်တကူ သိမြင်နိုင်ပါတယ်။

“သည်ကောင်မလေးရဲ့ ပင်ကို ပါရမီနဲ့ ထိုးထွင်းသိမြင်မှုက ထိပ်တန်းအဆင့်မှာ ဆိုတာကိုတော့ ငါသိပါတယ်။ ဒါပေမဲ့ သည်ကောင်မလေးက ကံကြမ္မာ အပိုင်းမှာလည်း ထိပ်တန်းပါပဲလား”

ငွေရောင်ဆံကေသာ ပိုင်ရှင် အဘိုးအိုဟာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ် တစ်ပါး ဖြစ်တဲ့အတွက် ရှန်ကောင်းယုရဲ့ ကိုယ်အတွင်းက ပြောင်းလဲမှုတွေကို သတိမပြုမိဘဲ မနေပါဘူး။ သူက ရှန်ကောင်းယုရဲ့ သွေးချီ အရင်းအမြစ်ဟာ ဘာဖြစ်လို့ အရင်ကထက် အဆပေါင်းများစွာ အားကောင်းလာသလဲ ဆိုတဲ့ ဇစ်မြစ်ကို ကောင်းကောင်းကြီး ကြည့်မြင်နိုင်ပါတယ်။

သည်ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးမှာက သွေးချီ အရင်းအမြစ်ကို တိုးပွားစေတဲ့ အရာတွေဟာ သိပ်ပြီး များများစားစား မရှိပါဘူး။ အဲသည်အထဲမှာမှ မိုးကြိုးကပ်ဘေး ဆေးပင်ဟာ ပိုပြီး ရှားပါသေးတယ်။

ရှင်းရှင်းပြောရမယ် ဆိုရင်တော့ မိုးကြိုးကပ်ဘေး ဆေးပင်ကို ရဖို့ဆိုတာဟာ သူ့လို ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ် တစ်ပါးအတွက်တောင်မှ အတော်လေး ခဲယဉ်းလွန်းတဲ့ အရာပါပဲ။ ဒါကြောင့် သူက ရှန်ကောင်းယုဟာ ကံကြမ္မာ ကောင်းမွန်မှု အပိုင်းမှာလည်း ထိပ်တန်းမှာ ရှိတယ်လို့ ဆိုရတာပါ။

( note : လေမိုးကြိုးလျှိုမြောင်က မူလပင်လယ် နယ်ပယ် ဧကရာဇ်တွေကိုတောင်မှ သေစေနိုင်ပါတယ်။ )

“ဟင် ... အဲသည်ကောင်လေး။ သူ ...သူက ဘယ်သူလဲ။ အရှုပ်မလေးယု ခေါ်လာတဲ့ မိတ်ဆွေဆိုတာ သူလား”

ငွေရောင်ဆံကေသာ ပိုင်ရှင် အဘိုးအိုဟာ ရှန်ကောင်းယုရဲ့ ကံကြမ္မာအကြောင်း စဉ်းစားနေရင်းနဲ့ မမျှော်လင့်ဘဲ လီဖူချန်းကို စိုက်ကြည့်မိသွားခဲ့ပါတယ်။အဲသည်နောက်မှာတော့ သူဟာ သူ့ရဲ့ အကြည့်တွေကို လီဖူချန်းဆီကနေပြီး မဖယ်ခွာနိုင်တော့ပါဘူး။

မူလပင်လယ်နယ်ပယ် အဆင့်၃  ...

သူ့ရဲ့ အမြင်အရ ဆိုရင်တော့  လီဖူချန်းဟာ အလွန်ဆုံး ရှိလှ အသက်သုံးဆယ် စွန်းစွန်းပါပဲ။ ဒါပေမဲ့လည်း လီဖူချန်းဟာ သည်အသက်အရွယ်မှာပဲ မူလပင်လယ်နယ်ပယ် အဆင့်၃ကို ရောက်ရှိနေခဲ့ပါပြီ။ ပြီးတော့ အဘိုးအိုဟာ လီဖူချန်းဆီကနေပြီး အားကောင်းလွန်းလှတဲ့ လိပ်ပြာ အသိစိတ်အာရုံ တစ်ခုကို အာရုံခံမိ နေပါသေးတယ်။

လုံးဝ ယုံမှားသံသယ ဝင်နေစရာ မလိုပါဘူး။ သည်လူငယ် မဟူရာ ဧကရာဇ် အစည်းအရုံး တပည့်တွေထက် လုံးဝ မနိမ့်ကျတဲ့ ပါရမီရှင် တစ်ယောက်ပါပဲ။

“အင်း ... ငါသူ့ကို နည်းနည်းပါးပါး ဆန်းစစ်ကြည့်မှ”

အတွေးအဆုံးမှာတော့ ငွေရောင်ဆံကေသာ ပိုင်ရှင် အဘိုးအိုဟာ သူ့ရဲ့ နှုတ်ခမ်းတွေကို မသိမသာလေး လှုပ်လိုက်ပြီး သိုင်းပြိုင်ပွဲကို ဦးစီးနေတဲ့ အကြီးအကဲတစ်ယောက်ရဲ့ နားထဲကို သတင်းစကား တစ်ခု ပို့လွှတ်လိုက်ပါတော့တယ်။

သတင်းစကားကို ကြားလိုက်ရတဲ့ အကြီးအကဲကတော့ ခေါင်းတညိတ်ညိတ်နဲ့ပါပဲ။ သတင်းစကား ဆုံးသွားတာနဲ့ တစ်ပြိုင်နက် အဲသည် အကြီးအကဲဟာ သိုင်းစင်မြင့်အောက် တစ်နေရာမှာ ရပ်နေတဲ့ အဆင့်၃ မူလပင်လယ်နယ်ပယ် တပည့်တစ်ယောက်ကို ခပ်တိုးတိုး အမိန့်ပေးလိုက်ပြန်တယ်။

အဲသည်နောက်မှာတော့ တပည့်တစ်ယောက်ဟာ သိုင်းစင်မြင့်ပေါ်ကို ခုန်တက်သွားခဲ့ပါပြီ။တစ်ဆက်တည်းမှာပဲ သူက လီဖူချန်းကို ကြည့်ပြီး စိမ်ခေါ်လိုက်ပါသေးတယ်။

“လီဖူချန်း ... ငါ့နာမည်က ကျူ းဇီချန်းလို့ ခေါ်တယ်။ ငါက မင်းဆီကနေ ပညာနည်းနည်းလောက် ယူချင်လို့ စင်ပေါ်တက်လာခဲ့တာ။ အခုလို ငါစိမ်ခေါ်တာ မင်းအတွက် အဆင်ပြေရဲ့လား။ တကယ်လို့ မင်းကြောက်တယ် ဆိုရင်တော့ ရှိပါစေတော့”

လီဖူချန်းကတော့ မျက်လုံးအကြောင်သားနဲ့ ကျူ းဇီချန်း ဆိုသူကို ကြောင်ပြီး ကြည့်နေမိပါတယ်။

' ငါက သည်အစည်းအရုံးရဲ့ တပည့်လည်း မဟုတ်ဘူး။ ပြီးတော့ ငါနဲ့ သည်ကောင်နဲ့ကလည်း မသိဘူး။ ဒါကို သည်ကောင်က ဘာလို့ ငါ့ကို အလကားနေရင်း လာစိမ်ခေါ်တာလဲ ' ဆိုပြီးတော့ပေါ့။

အချိန်အနည်းငယ် ကြာမှ သူက ပြုံ းလိုက်ပြီး တစ်ဖက်လူရဲ့ စိမ်ခေါ်မှုကို ငြင်းလိုက်ပါတယ်။

“သည်က ...  နောင်ကြီး။ ကျုပ်က မဟူရာ ဧကရာဇ် အစည်းအရုံးရဲ့ တပည့် မဟုတ်ဘူးလေ။ နောင်ကြီးအနေနဲ့ ကျုပ်ကို စိမ်ခေါ်တာက မသင့်လျော်ဘူးနဲ့ တူတယ်”

ဒါပေမဲ့လည်း လီဖူချန်းရဲ့ ငြင်းဆိုမှုဟာ အထမမြောက်ခဲ့ပါဘူး။

ဘာဖြစ်လို့လဲ ဆိုတော့ သိုင်းပြိုင်ပွဲကို ဦးစီးကျင်းပတဲ့ အကြီးအကဲဟာ တဟားဟား ရယ်မောပြီး ကြားဝင်လာခဲ့လို့ပါပဲ။

“ဟား ...ဟား ...ဟား ... လီဖူချန်း။ မောင်ရင်က ဂါထာ၊မန္တရား သိုင်းဧကရာဇ်ရဲ့ တပည့်ပဲ။ ဂါထာ၊မန္တရား သိုင်းဧကရာဇ်ဆိုတာက မဟူရာ ဧကရာဇ် အစည်းအရုံးနဲ့ သိကျွမ်းခင်မင်လာတာ ကြာလှပြီလေ။ အဲသည်တော့ မောင်ရင်က တို့အစည်းအရုံးရဲ့ တပည့်တစ်ဝက်ပါပဲ။ တပည့်အချင်းချင်း လက်ရည်စမ်းကြတာက ပြသနာ မရှိပါဘူး။ ဇီချန်းရဲ့ စိမ်ခေါ်မှုကို မောင်ရင့်အနေနဲ့ လက်ခံလို့ ရပါတယ်”

"ဟုတ်ကဲ့ပါ  ... အကြီးအကဲ။ သည်လိုဆိုရင်တော့ ကျွန်တော် စိမ်ခေါ်မှုကို လက်ခံပါ့မယ်”

မဟူရာ ဧကရာဇ် အစည်းအရုံးရဲ့ အကြီးအကဲကတောင်မှ ပါလာပြီ ဆိုမှတော့ လီဖူချန်းဟာ စိမ်ခေါ်မှုကို မငြင်းသာတော့ပါဘူး။ အဲသည်အတွက် သူဟာ စိမ်ခေါ်မှုကို စိတ်မပါ၊လက်မပါနဲ့ လက်ခံလိုက်ရ ပါတော့တယ်။

ဟူး ...

အဲသည်နောက်မှာတော့ လီဖူချန်းဟာ သိုင်းစင်မြင့်ပေါ်ကို ခုန်တက်သွားခဲ့ပါပြီ။

“နောင်ကြီး ... ကျေးဇူးပြု ပြီး သင်ကြားပြသ ပေးပါဦး”

"ဟိတ်”

ကျူ းဇီချန်းက သိပ်ပြီး အချိန် ဖြုန်းမနေပါဘူး။ သူက လီဖူချန်းရဲ့ စကား ဆုံးတာနဲ့ တစ်ပြိုင်နက် သူ့လက်ထဲက လှံကို မွတ်နေအောင် လည်လိုက်ပြီး တိုက်ပွဲကို စတင်လိုက်ပါတော့တယ်။

ဂျိန်း ...ဂျိန်း ...ဂျိန်း ...

ဂါး ...ဂရား ...

ကျူ းဇီချန်းရဲ့ လှံဟာ မိုးကြိုးပင်လယ် ကြားထဲက နိုးထလာတဲ့ နတ်နဂါး တစ်ကောင်လိုပါပဲ။ ဒါပေမဲ့လည်း အဲသည် နတ်နဂါးဟာ ကြာကြာ မဟိန်းလိုက်ရပါဘူး။

ဘာဖြစ်လို့လဲ ဆိုတော့ ဘယ်ကနေ ဘယ်လိုပေါ်လာမှန်း မသိတဲ့  ဓားတစ်စင်းဟာ ကျူ းဇီချန်းရဲ့ လည်ပင်းပေါ်ကို ရောက်လာလို့ပါပဲ။

“အခုလို အနိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်  ...နောင်ကြီး”

ဓားနဲ့အတူ လီဖူချန်းရဲ့ ကျေးဇူးတင်စကားကလည်း ကပ်ပြီး လိုက်လာခဲ့ပါတယ်။

“အင်း ...အင်း ...”

ကျူ းဇီချန်းကတော့ တကယ့်ကို သနားစရာ ကောင်းလှတဲ့ လူလို့ပဲ ဆိုရပါမယ်။ သူက သိုင်းစင်မြင့်အောက်ကို ရောက်သွားတာတောင်မှ လီဖူချန်းရဲ့ ဓားဟာ ဘယ်ကနေ ဘယ်လိုလုပ်ပြီး သူ့လည်ပင်းပေါ် ရောက်လာသလဲ ဆိုတာကို အဖြေ မထုတ်နိုင်ခဲ့သေးပါဘူး။

ကျူ းဇီချန်း ဆင်းသွားပြီးတဲ့နောက်မှာတော့ နောက်ထပ် လူငယ်တစ်ယောက် မဆိုင်းမတွဘဲ သိုင်းစင်မြင့်ပေါ်ကို ခုန်တက်လာခဲ့ ပြန်ပါတယ်။ အဲသည် လူငယ်ကတော့ မူလပင်လယ် နယ်ပယ် အဆင့်၅ကို ရောက်နေခဲ့ပါပြီ။

“လူထျန်း”

လူငယ်ရဲ့ မိတ်ဆက်စကား တိုတိုတုတ်တုတ်ပါပဲ။

အဲသည်အတွက် လီဖူချန်းရဲ့ ဓားချက်ကလည်း ရှည်ကြာနေလို့ မဖြစ်တော့ပါဘူး။

ရွှမ်း ...ရွှမ်း ...ရွှမ်း ...

ထန် ...ထန် ...ထန် ...

ရွှစ် ...

သိုင်းကွက်ဆယ်ကွက်  အပြီးမှာတော့ လူထျန်းဟာလည်း ခေါင်းငိုက်စိုက်ပြီး သိုင်းစင်မြင့်ပေါ်ကနေ ဆင်းသွားခဲ့ရပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ လီဖူချန်းရဲ့ ကြာပန်းနီဓားက သူ့ရဲ့ လည်ပင်းပေါ်ကို ရောက်လာလို့ပါပဲ။

***

All Chapters