ဟူယွင်ဖုန်းရဲ့ အရှုံး
Vol. 46 Ch. 617
ဟူး ...ဟူး ...ဟူး ...ဟူး ...
စစ်သလင်း တောင်ထွတ် တစ်ခုလုံးမှာကတော့ လေတိုးသံတွေကလွဲပြီး ဘာမှ မကြားရတော့ပါဘူး။ သည်နေရာမှာက ထောင်နဲ့ချီတဲ့ လူအုပ်ကြီး ရှိနေပေမယ့်လည်း သုသာန်၊တစ်စပြင်အလား တိတ်ဆိတ်နေပါတော့တယ်။
သည်အဖြစ်အပျက်ရဲ့ လက်သည် တရားခံကတော့ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး လီဖူချန်းပါပဲ။ တကယ်လို့ လီဖူချန်းကသာ လူထျန်းကို ဓားချက် တစ်ချက်တည်းနဲ့ အနိုင်မယူလိုက်ဘူး ဆိုရင်တော့ စစ်တလင်း တောင်ထွတ်ဟာ အခုလို တိတ်ဆိတ် ငြိမ်သက်သွားမှာ မဟုတ်ပါဘူး။
လူထျန်း ...
မူလပင်လယ် နယ်ပယ် အဆင့်၅ ဖြစ်တဲ့ လူထျန်းရဲ့ အစွမ်းဟာ နောက်စရာ မဟုတ်ပါဘူး။ သူက အဆင့်မြင့် အကြို-ဧကရာဇ် အဆင့်ကို ရောက်လုနီးပါး ဖြစ်နေပါပြီ။ ပြီးတော့ သူ့လက်ထဲမှာကလည်း ကောင်းကင်အဆင့် တုတ်တစ်ချောင်း ရှိနေပါသေးတယ်။
ဒါပေမဲ့လည်း အခုတော့ လီဖူချန်းဟာ သူ့ကို သိုင်းကွက် ဆယ်ကွက်နဲ့ပဲ အနိုင်ယူပစ်လိုက်ပါပြီ။ အဲသည်ထက် ပိုဆိုးတာက လီဖူချန်းဟာ လူထျန်းကို အနိုင်ယူဖို့အတွက် သိပ်ပြီး ကြိုးစားအားထုတ် လိုက်ရတဲ့ပုံ မပေါ်တာပါပဲ။ အဲဒါကြောင့်ပဲ စစ်တလင်း တောင်ထွတ် တစ်ခုလုံးဟာ တိတ်ဆိတ် သွားခဲ့ရတာပါ။
***
လူထျန်းတစ်ယောက် ရှုံးနိမ့်ပြီးသွားတဲ့ နောက်မှာတော့ မဟူရာ ဧကရာဇ် အစည်းအရုံးရဲ့ တပည့်တွေဟာ သိုင်းစင်မြင့်ပေါ်ကို တက်မလာကြတော့ပါဘူး။ သူတို့က ပါရမီရှင်တွေ ဖြစ်ကြတဲ့အလျောက် အခြေအနေကို ကောင်းကောင်းကြီး အကဲခတ်နိုင်ကြပါတယ်။သူတို့ရဲ့ အမြင်မှာတော့ လီဖူချန်းကို ယှဉ်နိုင်တဲ့ လူတွေဟာ ရှန်ကောင်းယု နဲ့ ဟူယွင်ဖုန်းတို့ နှစ်ယောက်ပဲ ရှိပါလိမ့်မယ်။
“အိုး… သူက မူလပင်လယ် နယ်ပယ် အဆင့်၃နဲ့တင် အဆင့်မြင့် အကြို-ဧကရာဇ် ဖြစ်နေပြီပဲ”
ဘုံခုနစ်ဆင့် နန်းဆောင်ပြာသာဒ်ရဲ့ အမိုးပေါ်မှာ ရှိနေတဲ့ ငွေရောင်ဆံကေသာ ပိုင်ရှင် အဘိုးအိုကတော့ လီဖူချန်းကို ကြည့်ပြီး ခေါင်းတညိတ်ညိတ် လုပ်နေပါတယ်။
အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ ရှန်ကောင်းယုက ယောကျာ်းလေး မိတ်ဆွေတစ်ယောက် ခေါ်လာတယ် ဆိုတဲ့ သတင်းဟာ မဟူရာ ဧကရာဇ် အစည်းအရုံး တစ်ခုလုံးကို အုံးအုံးကြွကြွ ဖြစ်သွားစေခဲ့တာပါ။ အဲသည်အတွက်ကြောင့်လည်း မဟူရာ ဧကရာဇ် အစည်းအရုံးရဲ့ အထွတ်ခေါင်ချုပ် ဖြစ်တဲ့ သူဟာ လီဖူချန်းကို စမ်းသပ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
လီဖူချန်းရဲ့ အခု စွမ်းဆောင်ရည်တွေအရ ဆိုရင်တော့ သူဟာ အင်မတန် ထူးချွန်တဲ့ ပါရမီရှင် တစ်ယောက် ဆိုတာ လုံးဝ သံသယ ရှိစရာ မလိုပါဘူး။
ဒါပေမဲ့လည်း လီဖူချန်းဟာ ဘယ်လောက်ပဲ ထူးချွန်နေပါစေ၊ အစည်းအရုံးခေါင်းဆောင် အတွက်ကတော့ သွေးမျိုးဆက်ဟာ အဓိက အကျဆုံးပါပဲ။ တကယ်လို့ လီဖူချန်းဟာ သူတော်စင် တစ်ပါးရဲ့ မျိုးဆက်သွေးကို မဆက်ခံထားရဘူး ဆိုရင်တော့ ရှန်ကောင်းယုနဲ့ ဘယ်လိုမှ ဆုံဆည်းခွင့်ရမှာ မဟုတ်ပါဘူး။
( note : ကြည့်ရတာတော့ မဟူရာ ဧကရာဇ် အစည်းအရုံးက လူတွေဟာ လီဖူချန်းကို ရှန်ကောင်းယုရဲ့ ချစ်သူအဖြစ် အထင်မှားပုံ ရပါတယ်။ )
“လီဖူချန်း ... ငါ ...ဟူယွင်ဖုန်းက မင်းရဲ့ အစွမ်းကို ကြိုးစားပြီး စမ်းသပ်ကြည့်မယ်”
နောက်ဆုံးမှာတော့ ဟူယွင်ဖုန်းဟာ သိုင်းစင်မြင့်ပေါ်ကို တက်လာခဲ့ပါပြီ။
ရှန်ကောင်းယုရဲ့ အနိုင်ယူမှုကို ခံရပြီးကတည်းက ဟူယွင်ဖုန်းရဲ့ မျက်နှာဟာ သုန်မှုန်နေခဲ့တာပါ။
ဒါပေမဲ့လည်း ရှန်ကောင်းယု ဆိုတာက မဟူရာ ဧကရာဇ် အစည်းအရုံးရဲ့ တပည့်တစ်ယောက် ဖြစ်တဲ့အပြင် လက်ရှိ အစည်းအရုံး ခေါင်းဆောင်ရဲ့ သမီးလည်း ဖြစ်နေတဲ့အတွက် သူ့အနေနဲ့ သိပ်ပြီး အရှက်ရတယ်လို့ မခံစားခဲ့ရပါဘူး။
ဒါပေမဲ့ လီဖူချန်းရဲ့ ကိစ္စကတော့ မတူညီဘဲ ကွဲပြားခြားနားပါတယ်။ လီဖူချန်းက သူတို့ အစည်းအရုံးရဲ့ တပည့်တစ်ယောက် မဟုတ်ပါဘူး။
တကယ်လို့သာ သူတို့အနေနဲ့ လီဖူချန်းကို အနိုင်မယူနိုင်ဘူးဆိုရင် သည်ကိစ္စဟာ တကယ့်ကို အရှက်ရစရာ ကိစ္စရပ်ကြီး တစ်ခု ဖြစ်သွားတော့မှာပါ။ ဒါကြောင့်လည်း ဟူယွင်ဖုန်းဟာ သိုင်းစင်မြင့်ပေါ်ကို တက်လာခဲ့တာ ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် သည်တစ်ခေါက် သိုင်းပြိုင်ပွဲ မတိုင်ခင်အထိ သူက မဟူရာ ဧကရာဇ် အစည်းအရုံးရဲ့ နံပါတ်တစ် တပည့် ဖြစ်ခဲ့တာ မဟုတ်ပါလား။ အဲသည်အတွက် သူက လီဖူချန်းကို တာဝန်ယူမှ ရပါမယ်။
“ရတယ်လေ”
လီဖူချန်းက အေးအေးသက်သာနဲ့ပဲ ဟူယွင်ဖုန်းရဲ့ စိမ်ခေါ်မှုကို လက်ခံလိုက်ပါတယ်။
“ဟိုး ...ဟိုး ... သည်ကောင်လေးက ဟူယွင်ဖုန်းရဲ့ စိမ်ခေါ်မှုကိုတောင် လက်ခံလိုက်တာလား”
ငွေရောင်ဆံကေသာ ပိုင်ရှင် အဘိုးအိုက လီဖူချန်း အနေနဲ့ ဟူယွင်ဖုန်းရဲ့ စိမ်ခေါ်မှုကို လက်ခံလိမ့်မယ်လို့ လုံးဝ မထင်မှတ်ထားမိတာ အမှန်ပါပဲ။
အထွတ်အထိပ် အဆင့် အကြို-ဧကရာဇ် တစ်ပါးနဲ့ အဆင့်မြင့် အကြို-ဧကရာဇ် တစ်ပါးကြားက တိုက်ပွဲ ...
အချက်အလက်ကျကျ စဉ်းစားကြည့်မယ် ဆိုရင်တော့ သည်တိုက်ပွဲရဲ့ အဖြေဟာ ဘာမှ ပြောင်းလဲစရာ မရှိပါဘူး။ ဒါက သေချာပေါက် အထွတ်အထိပ် အဆင့် အကြို-ဧကရာဇ်ရဲ့ အောင်ပွဲပါပဲ။
အမှန်အတိုင်း ပြောရမယ် ဆိုရင် အထွတ်အထိပ် အဆင့် အကြို-ဧကရာဇ် တစ်ပါးရဲ့ သည်အတိုင်း စိတ်ကူးပေါက်သလို တိုက်ခိုက်လိုက်တဲ့ တိုက်ကွက် တစ်ကွက်ကတောင်မှ အဆင့်မြင့် အကြို-ဧကရာဇ် တစ်ပါးအတွက် အတော်လေး လွန်လွန်းလှနေပါပြီ။ ဒါက တိုက်ပွဲလို့တောင် မခေါ်ဆိုသင့်ပါဘူး။
“လီဖူချန်း ... သတိထားတော့”
သတိပေးပြီးတာနဲ့ တစ်ပြိုင်နက် ဟူယွင်ဖုန်းဟာ သူ့ရဲ့ မဟူရာဧကရာဇ် လက်သီးသိုင်းကို အလျင်အမြန် ထုတ်ဖော်လိုက်ပါတော့တယ်။
ဟူယွင်ဖုန်းရဲ့ မဟူရာဧကရာဇ် လက်သီးသိုင်းက ဘာဓာတ်သဘောကိုမှ ဆောင်မနေပါဘူး။ အဲဒါက လီဖူချန်းရဲ့ ကောင်းကင်စက်ကွင်း ဓားအကာအကွယ်လိုပါပဲ။
ဝေါ ...ဝေါ ...ဝေါ ...
မဟူရာ မြစ်ကြီးတစ်စင်းဟာ ကောင်းကင်ယံပေါ်မှာ ဖြစ်တည်လာခဲ့ပါပြီ။ သည်မြစ်ကြီးထဲမှာက လက်သီးအား နဲ့ လက်သီးဆန္ဒတွေ ရောနှောပါဝင်နေတဲ့အတွက် အကြို-ဧကရာဇ် အစွမ်း မရှိတဲ့သူတွေဟာ သည်မြစ်ကြီးနဲ့ ထိပ်တိုက် ရင်ဆိုင်မိမယ် ဆိုရင် တစ်စစ်ီ ဖြစ်သွားမှာ အသေအချာပါပဲ။
ကောင်းကင်အဆင့် သိုင်းပညာတွေ ဆိုတာက အမြဲတမ်း သည်လို ကြမ်းတမ်းလွန်းလှပါတယ်။
“အညှာအတာမဲ့ မျောလွင့်မီးလျှံ”
တခြားတစ်ဖက်မှာ ရှိနေတဲ့ လီဖူချန်းရဲ့ လှုပ်ရှားမှုကလည်း လုံးဝ တုံ့ဆိုင်းနေခြင်း မရှိပါဘူး။ သူကလည်း သူ့ရဲ့ ဓားကွက်ကို ထုတ်ပြီးသားပါပဲ။
ရွှမ်း ...
အနီရောင် ပိုးကြိုးမျှင်လေး တစ်ခုဟာ လေထုထဲမှာ ဖြစ်တည်လာခဲ့ပါပြီ။ သည်ပိုးကြိုးမျှင်လေးက အင်မတန်မှ ပါးလျလွန်းပေမယ့်လည်း အန္တရာယ် ပေးနိုင်တဲ့ အငွေ့အသက်တွေကတော့ မဟူရာ မြစ်ကြီးထက် လုံးဝ မလျော့ကျပါဘူး။
ကြည့်ရတာကတော့ လီဖူချန်းရဲ့ အညှာအတာမဲ့ မျောလွင့်မီးလျှံဟာ အရင်ကထက် အများကြီး အစွမ်းထက်လာပုံ ရပါတယ်။
သေသေချာချာ စဉ်းစားကြည့်မယ် ဆိုရင်တော့ ဒါကလည်း ဖြစ်သင့်ဖြစ်ထိုက်တာပါပဲ။ လီဖူချန်းက အခုဆိုရင် မူလပင်လယ်နယ်ပယ် အဆင့်၃ ဘုရင်တစ်ပါးတောင် ဖြစ်နေပြီ မဟုတ်ပါလား။
ဒါက ကိုယ်တိုင်တီထွင်ထားတဲ့ သိုင်းပညာရပ် တစ်ခုနဲ့ သူများတီထွင်ထားတဲ့ သိုင်းပညာရပ်ကို လေ့ကျင့် တတ်မြောက်ထားသူကြားက ကွာခြားချက်ပါပဲ။
ကိုယ်တိုင် တီထွင်ထားတဲ့ သိုင်းပညာ ဆိုတာက အကန့်အသတ် မရှိပါဘူး။ သူက ဘယ်အချိန်မှာမဆို ပိုပြီး အစွမ်းထက်လာနိုင်ပါတယ်။
ဒါပေမဲ့ သူများတီထွင်ထားတဲ့ သိုင်းပညာရပ်ကို လေ့ကျင့် တတ်မြောက်ထားသူတွေကတော့ အဲသည်လို မဟုတ်ပါဘူး။ မူရင်း တီထွင်သူ ပညာရှင်ရဲ့ ကန့်သတ်ချက်ကို ချိုးဖောက်ပြီး လမ်းအသစ်တစ်ခု ဖောက်နိုင်ဖို့ ဆိုတာက သူတို့အတွက် မဖြစ်နိုင်သလောက်ပါပဲ။
ရွှမ်း ...
ပါးလျလွန်းလှတဲ့ အနီရောင် ပိုးကြိုးမျှင်လေးဟာ မဟူရာ မြစ်ကြီးကို နှစ်ပိုင်း ပိုင်းဖြတ်သွားခဲ့ပါပြီ။ဒါပေမဲ့လည်း အဲသည် ပိုးကြိုးမျှင်လေးက မဟူရာ မြစ်ကြီးထဲမှာ ရှိနေတဲ့ လူရိပ်ကိုတော့ ဒဏ်ရာ ရအောင် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပါဘူး။
“အား ... ငါ့ရဲ့ ဓားကွက်က နည်းနည်းလေး လိုနေသေးတာပဲ”
လီဖူချန်းက ခပ်တိုးတိုး ရေရွတ်လိုက်မိပါတယ်။ သူက သည်ဓားကွက်နဲ့ တစ်ဖက်လူကို အနိုင်မယူလိုက်နိုင်တဲ့ အပေါ်မှာတော့ လုံးဝ စိတ်ပျက်ခြင်း မရှိပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ်ပါလေ။ ဟူယွင်ဖုန်း ဆိုတာက အထွတ်အထိပ် အဆင့် အကြို-ဧကရာဇ် တစ်ပါး မဟုတ်ပါလား။ သူက ရောင်စုံထီး သခင်မနဲ့တောင် လက်ရည်တူ အဆင့်မှာ ရှိသူပါ။
အဲသည်လို လူတစ်ယောက်ကို ကိုယ်တိုင် တီထွင်ထားတဲ့ ဓားကွက် တစ်ကွက်တည်းနဲ့ အနိုင်ယူဖို့ ဆိုတာကတော့ တကယ်ကို စိတ်ကူးယဉ် ဆန်လွန်းလှတယ်လို့ပဲ ဆိုရပါမယ်။
“လေနတ်ဘုရားရဲ့ ဒေါသ”
သူ့ရဲ့ အညှာအတာမဲ့ မျောလွင့်မီးလျှံက အလုပ်မဖြစ်ဘူး ဆိုတာကို သိလိုက်တဲ့ နောက်မှာတော့ လီဖူချန်းဟာ လေထဲကို ခုန်တက်လိုက်ပြီး နောက်ထပ် ဓားကွက် တစ်ကွက်ကို ထုတ်လိုက်ပါတော့တယ်။
ဟူး ...ဟူး ...ဟူး ...
ပြင်းထန်လွန်းလှတဲ့ လေလှိုင်းတွေဟာ ရုတ်တရက် ဆိုသလိုပဲ သိုင်းစင်မြင့်ပေါ်မှာ ဖြစ်တည်လာခဲ့ပါပြီ။
အမှန်တကယ် ဆိုရင်တော့ သည်ပြင်းထန်လွန်းလှတဲ့ လေလှိုင်းကြီးတွေဟာ ဓားချီတွေပါပဲ။ ဒါပေမဲ့ သည်ဓားချီတွေမှာက မဟာလေပြင်း ဓားဆန္ဒ ခိုဝင်ကိန်းအောင်းနေတဲ့အတွက် လေလှိုင်းကြီးတွေလို ဖြစ်နေရတာပါ။
မူလပင်လယ် နယ်ပယ်ကို ရောက်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ မဟာလေပြင်း ဓားသိုင်းကို အခြေခံပြီး လေနတ်ဘုရားရဲ့ ဒေါသဆိုတဲ့ ကောင်းကင် အဆင့်နိမ့် ဓားကွက် တစ်ကွက်ကို တီထွင်နိုင်ခဲ့ပါတယ်။
(note: မဟာ လေပြင်းဓားသိုင်း ဆိုတာက အပိုင်း ၅၃၃ မှာ လီဖူချန်း လေ့ကျင့်ခဲ့တဲ့ မဟာဝါယော ဓားသိုင်းကို အမည်ပြောင်းထားတာပါ။)
အဲသည်အတွက် လီဖူချန်းဟာ အခုချိန်မှာဆိုရင် ကောင်းကင်အဆင့်နိမ့် ဓားကွက် ခြောက်ကွက်နဲ့ ကောင်းကင်အဆင့်နိမ့် ဓားသိုင်း တစ်ခုကို ပိုင်ဆိုင်ထားခဲ့ပြီလို့ ဆိုရပါမယ်။
“ဟင် ... ဒါက ဘာဓားကွက်လဲ”
ဟူယွင်ဖုန်းက မျက်မှောင်တစ်ချက် ကြုတ်လိုက်ပြီး အနောက်ကို တရစပ် ဆုတ်လိုက်ပါတယ်။
သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက အထွတ်အထိပ် အဆင့် အကြို-ဧကရာဇ် တစ်ပါးနဲ့ ညီမျှကောင်း ညီမျှပါမယ်။ ဒါပေမဲ့ သူ့ရဲ့ ခံနိုင်ရည်ကတော့ အဲသည်လို မဟုတ်ပါဘူး။
တကယ်လို့ သူ့အနေနဲ့ သတိလက်လွတ် ဖြစ်သွားခဲ့မယ် ဆိုရင် အလယ်အလတ် အဆင့် ဒါမှမဟုတ် အဆင့်နိမ့် အကြို-ဧကရာဇ် တစ်ပါးကတောင်မှ သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်မှာ ဖြစ်ပါတယ်။ လီဖူချန်းလို အဆင့်မြင့် အကြို-ဧကရာဇ် ဆိုရင်တော့ ပြောကို ပြောမနေပါနဲ့တော့။
ရွှမ်း ...ရွှမ်း ...ရွှမ်း ...
ဝေါ ...ဝေါ ...
လီဖူချန်းရဲ့ ဓားချက်ဟာ မုန်တိုင်းကြီး တစ်ခုကို အစပြုလိုက်သလိုပါပဲ။ သူ့ရဲ့ ဓားချက်ကနေ ထွက်ပေါ်လာတဲ့ ဓားချီတွေဟာ ယူယွင်ဖုန်းကို အညှာအတာ ကင်းမဲ့စွာနဲ့ ဘက်ပေါင်းစုံကနေ တိုက်ခိုက်နေကြပါတယ်။ ပြီးတော့ အဲသည်ဓားချီတွေရဲ့ တိုက်ခိုက်မှုဟာ ပုံသေလမ်းကြောင်း မရှိတဲ့အတွက် ဟူယွင်ဖုန်းဟာ ဘယ်ဓားချီကို အရင်ခုခံလို့ ခုခံရမှန်း မသိတော့ပါဘူး။
အဲသည်ထဲမှာမှ အဆိုးဆုံးကတော့ ဓားချီတွေဟာ ဖျက်ဆီးခံလိုက်ရတာတောင်မှ အကုန်အစင် ပျက်စီးမသွားဘဲ ဓားဆန္ဒ အဖြစ် ကျန်ရှိနေခဲ့တာပါပဲ။ ဓားဆန္ဒ ရှိနေသေးတဲ့အတွက် ဖျက်ဆီးခံလိုက်ရတဲ့ ဓားချီတွေဟာ ပျောက်ကွယ်မသွားဘဲ တခြားဓားချီတွေနဲ့ ပူးပေါင်းကာ ဟူယွင်ဖုန်းကို ဆက်ပြီး တိုက်နိုင်ပါသေးတယ်။
အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ လေနတ်ဘုရားရဲ့ ဒေါသဟာ အညှာအတာမဲ့ မျောလွင့်မီးလျှံနဲ့ ကြယ်ကြွေလောက် အစွမ်းထက်ခြင်း မရှိပါဘူး။ ဒါပေမဲ့လည်း သည်ဓားကွက်က ပျက်ပြယ်ဖို့အတွက် အလွန် ခဲယဉ်းလှပါတယ်။ တစ်ဖက်ရန်သူက တန်ခိုးအစွမ်း ထက်မြက်မှုပိုင်းမှာ လီဖူချန်းနဲ့ အကွာကြီး ကွာခြားမနေသရွေ့ကတော့ သည်ဓားကွက်ဟာ လွယ်လွယ်နဲ့ ပျက်ပြယ်သွားမှာ မဟုတ်ပါဘူး။
“လောင်ကျွမ်းခြင်းဓား”
လေနတ်ဘုရားရဲ့ ဒေါသကို ထုတ်သုံးအပြီးမှာတော့ လီဖူချန်းဟာ သူ့ရဲ့ နောက်ထပ် ကောင်းကင် အဆင့်နိမ့် ဓားကွက်တစ်ကွက် ဖြစ်တဲ့ လောင်ကျွမ်းခြင်းဓားကို ထုတ်သုံးလိုက်ပြန်ပါတယ်။ သည်ဓားကွက်ကိုတော့ သူက မီးတိမ်တိုက်တစ်ထောင် လောင်ကျွမ်းခြင်း ဓားသိုင်းကို အခြေခံပြီး တီထွင်ထားခဲ့တာပါ။
ဝူး ...
လောင်ကျွမ်းခြင်းဓားကွက် ထွက်ပေါ်လာတဲ့ အခါမှာတော့ ပတ်ဝန်းကျင် တစ်ခုလုံးရဲ့ အပူချိန်ဟာ တစ်ရှိန်ထိုး ဆောင့်တက်သွားခဲ့ပါပြီ။ မသိရင်တော့ ဒါဟာ ချော်ရည်ငရဲ တစ်ခုလားလို့တောင် ထင်ချင်စရာပါပဲ။
ဝုန်း ...ဝုန်း ...ဝုန်း ...
လေနတ်ဘုရားရဲ့ဒေါသ နဲ့ လောင်ကျွမ်းခြင်းဓားတို့ဟာ အချင်းချင်း အားပြိုင်တာမျို း မလုပ်ခဲ့ပါဘူး။ အဲသည်အစား သူတို့ဟာ တစ်ခုနဲ့တစ်ခု အားပေးအားမြှောက် ပြုလုပ်နေခဲ့ကြပါတယ်။
မီးက လေရဲ့ တိုက်ခတ်မှုကို အားယူပြီး ပိုမို အားကောင်းလာခဲ့သလို လေကလည်း မီးရဲ့ အစွမ်းကို အငှားရယူပြီး ပိုမို ပြင်းထန်လာခဲ့ပါတယ်။
အဲသည်အချိန်မှာတော့ ဟူယွင်ဖုန်းဟာ မီးပင်လယ်ကြီး တစ်ခုထဲကို ရောက်နေသလို ခံစားနေခဲ့ရပါပြီ။
“အိုး ...သည်ကောင်လေးက ကောင်းကင်အဆင့် ဓားကွက်တွေကိုတောင် အများကြီး ပိုင်ဆိုင်ထားတာပါလား”
ငွေရောင်ဆံပင်တွေနဲ့ အဘိုးအိုကတော့ လီဖူချန်းကိုကြည့်ပြီး အတော်လေး အံ့သြနေခဲ့ပါတယ်။
သူက လီဖူချန်းဟာ သည်အတိုင်း အဆင့်မြင့် အကြို-ဧကရာဇ် တစ်ပါးလို့ပဲ တွေးထင်ထားခဲ့တာပါ။ လီဖူချန်းက အခုလို အထွတ်အထိပ် အဆင့် အကြို-ဧကရာဇ် တစ်ပါး ဖြစ်နေလိမ့်မယ်လို့ သူ့အနေနဲ့ လုံးဝ တွေးထင်မထားမိပါဘူး။
မူလနယ်ပယ် ဘုရင်တစ်ပါးဟာ အကြို-ဧကရာဇ် အဆင့်ကို ရောက်၊မရောက် ဆုံးဖြတ်ဖို့ ဆိုရင်တော့ အဓိက နည်းလမ်း နှစ်ခု ရှိပါတယ်။ အဲဒါကတော့ တိုက်ခိုက်နိုင်စွမ်း နဲ့ ပျမ်းမျှ စွမ်းရည်ပါပဲ။
တကယ်လို့ ဟူယွင်ဖုန်းကို သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းကြောင့် အထွတ်အထိပ် အဆင့် အကြို-ဧကရာဇ် တစ်ပါးအဖြစ် သတ်မှတ်မယ် ဆိုရင် လီဖူချန်းကိုက သူ့ရဲ့ ပျမ်းမျှစွမ်းရည်ကြောင့် အထွတ်အထိပ် အဆင့် အကြို-ဧကရာဇ် တစ်ပါးအဖြစ် သတ်မှတ်ရမှာ ဖြစ်ပါတယ်။
ကောင်းကင် အဆင့်နိမ့် ဓားကွက်တွေကို အမျိုးမျိုး တွဲဖက် အသုံးပြုနိုင်တဲ့ လီဖူချန်းရဲ့ စွမ်းဆောင်ရည်က လုံးဝ နောက်စရာ မဟုတ်ပါဘူး။
“ကမ္ဘာပျက်သုဉ်း လက်သီး”
နောက်ဆုံးမှာတော့ မီးပင်လယ်ထဲကို ရောက်နေတဲ့ ဟူယွင်ဖုန်းဟာ သူ့ရဲ့ တန်ပြန်တိုက်ခိုက်မှုကို စတင်လာခဲ့ပါပြီ။
ရှဲ ...ရှဲ ...ရှဲ ...
ဝေါ ...ဝေါ ...ဝေါ ...
ဟူယွင်ဖုန်းရဲ့ သည်လက်သီးချက်ဟာ တကယ်ကို ကြောက်စရာပါပဲ။ အဲဒါက အနက်ရောင် လေပွေတစ်စင်းကို ဖြစ်တည်စေပြီး မီးပင်လယ်ကြီးကို ငြိမ်းသက်သွားစေပါတယ်။
“လီဖူချန်း ... မင်းတတ်နိုင်တာ ဒါအကုန်ပဲလား “
မီးပင်လယ်ကြီး ငြိမ်းသွားတဲ့ နောက်မှာတော့ ဟူဟွင်ဖုန်းရဲ့ ပုံရိပ်ဟာ သိုင်းစင်မြင့်ပေါ်မှာ တဖန် ပြန်လည် ပေါ်ပေါက်လာခဲ့ပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာက မီးကျွမ်းတဲ့ ဒဏ်ရာတွေ အနည်းငယ် ရှိနေပေမယ့်လည်း သူက အဲသည်ဒဏ်ရာတွေကို လုံးဝ ဂရုမစိုက်ပါဘူး ။ သူ့ရဲ့ မျက်လုံးတွေက နောက်ထပ်တစ်ကြိမ် တိုက်ခိုက်ဖို့ကိုသာ တာစူနေပါတယ်။ ကြည့်ရတာတော့ သူက သည်တိုက်ပွဲကို နိုင်ဖို့အတွက် အတော်လေး အာသီသ ပြင်းပြနေပုံပါပဲ။
ဟူယွင်ဖုန်း အတွက်ကတော့ ရှန်ကောင်းယုကို ရှုံးတာက ရှုံးလို့ရပါတယ်။ အဲဒါက အသေးအမွှား ကိစ္စလေး တစ်ခုပါပဲ။ဒါပေမဲ့ သူ့အနေနဲ့ လီဖူချန်းကိုတော့ လုံးဝ ရှုံးနိမ့်လို့ မရပါဘူး။ ဒါက မဟူရာ ဧကရာဇ် အစည်းအရုံး တစ်ခုလုံးရဲ့ ဂုဏ်သိက္ခာနဲ့ကို သက်ဆိုင်နေတာပါ။
ဒါကြောင့်လည်း သူက အထွတ်အထိပ် အဆင့် အကြို-ဧကရာဇ် ဖြစ်နေတာကိုး '
လီဖူချန်းက စိတ်ထဲကနေပြီး တွေးလိုက်မိပါတယ်။
သူက ဟူယွင်ဖုန်းကို ကောင်းကင် အဆင့်နိမ့် ဓားကွက်အနည်းငယ်နဲ့ အနိုင်ယူနိုင်လိမ့်မယ်လို့ မထင်ပါဘူး။ အဲဒါက စိတ်ကူးယဉ် ဆန်လွန်းလှပါတယ်။
“မတည်မြဲခြင်းဓား”
ရုတ်တရက် ဆိုသလိုပဲ သိုင်းစင်မြင့်ဟာ လီဖူချန်းတွေနဲ့ ပြည့်နှက်သွားခဲ့ပါပြီ။ သည်လီဖူချန်းတွေဟာ မကဘူး ဆိုရင်တောင်မှ အနည်းဆုံးတော့ နှစ်ဒါဇင်ပါပဲ။
ရွှမ်း ...
ပြီးတာနဲ့ တစ်ပြိုင်နက် ဒါဇင်နဲ့ချီတဲ့ လီဖူချန်းတွေဟာ သူတို့ရဲ့ ဓားတွေကို တစ်ပြိုင်တည်း ဝှေ့ယမ်းလိုက်ပြီး ဟူယွင်ဖုန်းကို ခုတ်ချလိုက်ပါတော့တယ်။
လီဖူချန်းရဲ့ သည်မတည်မြဲခြင်းဓားဟာ မတည်မြဲခြင်း ဓားသိုင်းကို အခြေခံပြီး တီထွင်ထားခဲ့တဲ့ ကောင်းကင် အဆင့်နိမ့် ဓားကွက်တစ်ကွက် ဖြစ်ပါတယ်။
ပြောရမယ် ဆိုရင်တော့ သည်ဓားကွက်ဟာ လီဖူချန်း တတ်မြောက်ထားသမျှ ဓားကွက်တွေထဲမှာ မာယာ အများဆုံးပါပဲ။ သည်ဓားကွက်က လီဖူချန်းရဲ့ ပုံရိပ်ကို ပုံတူကူးယူပြီး လီဖူချန်း အတုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
“ဟင် ... နောက်ထပ် ကောင်းကင်အဆင့် ဓားကွက်လား”
လီဖူချန်းရဲ့ မတည်မြဲခြင်းဓားကို တွေ့အပြီးမှာတော့ ငွေရောင်ဆံပင်တွေနဲ့ အဘိုးအိုဟာ မျက်လုံး အပြူ းသား ဖြစ်သွားခဲ့ပါပြီ။
သူ့လို ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ် တစ်ပါးဟာ လီဖူချန်းရဲ့ ဓားကွက်တွေကို မကြည့်မြင်နိုင်စရာ အကြောင်း မရှိပါဘူး။ လီဖူချန်းရဲ့ ဓားကွက်တွေက သေချာပေါက် ကောင်းကင် အဆင့်နိမ့် ဓားကွက်တွေပါပဲ။
ပြီးတော့ အဲသည်ဓားကွက်တွေဟာ သင်ယူတတ်မြောက်ထားတဲ့ ဓားကွက်တွေနဲ့ မတူဘဲ ကိုယ်တိုင် တီထွင်ထားတဲ့ ဓားကွက်တွေနဲ့ တူနေပါသေးတယ်။
သည်နေရာမှာ တစ်ခု သိထားရမှာကတော့ လီဖူချန်းရဲ့ ကိုယ်တိုင် တီထွင်ထားတဲ့ ဓားကွက်တွေဟာ ဓားဆန္ဒအပိုင်းမှာ အားနည်းမှု ရှိနေတယ် ဆိုတာပါပဲ။ ဒါကြောင့်လည်း ငွေရောင်ဆံပင်ပိုင်ရှင် အဘိုးအိုက လီဖူချန်းရဲ့ ဓားကွက်တွေဟာ ကိုယ်တိုင်တီထွင်ထားတဲ့ ဓားကွက်တွေမှန်း သိသွားခဲ့တာပါ။
ဒါပေမဲ့လည်း ကောင်းကင် အဆင့်နိမ့် ဓားကွက်တွေကို တီထွင်နိုင်တယ် ဆိုတဲ့ အချက်နဲ့တင် လီဖူချန်းဟာ အလွန် ချီးကျူးးစရာ ကောင်းလွန်းနေပါပြီ။
' သေစမ်း။ငါအခု ဘာလုပ်ရမှာလဲ ''
ဒါဇင်နဲ့ချီတဲ့ လီဖူချန်းတွေရဲ့ တစ်ပြိုင်တည်း တိုက်ခိုက်မှုကို ကြုံလိုက်ရတဲ့ အခါမှာတော့ ဟူယွင်ဖုန်းဟာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ပါဘူး။ တစ်ချိန်တည်းမှာပဲ သူဟာ အကြောက်တရားရဲ့ ဖိစီးမှုကို ခံစားလာရပါတော့တယ်။
သည်ဒါဇင်နဲ့ချီတဲ့ လီဖူချန်းတွေထဲမှာဆိုရင် တကယ့် လီဖူချန်း အစစ်တစ်ယောက်ကသာ သူ့ကို ဒုက္ခပေးနိုင်တယ် ဆိုတာကို သိပေမယ့်လည်း သူဟာ လီဖူချန်းအစစ်ကို မရှာနိုင်တော့ပါဘူး။ ဟူယွင်ဖုန်းအတွက်ကတော့ သည်လီဖူချန်းတွေ အားလုံးဟာ အစစ်တွေလိုပါပဲ။
“ကမ္ဘာပျက်သုဉ်း လက်သီး”
သည်လိုနဲ့ နောက်ဆုံးမှာတော့ ဟူယွင်ဖုန်းဟာ တခြားရွေးချယ်စရာ မရှိတော့တဲ့အတွက် ကမ္ဘာပျက်သုဉ်း လက်သီးကိုပဲ ပြန်သုံးကာ လီဖူချန်းတွေ အားလုံးကို သိမ်းကျုံး ထိုးပစ်လိုက်ပါတော့တယ်။
ဘန်း ...ဘန်း ...ဘန်း ...ဘန်း ...
ဟူယွင်ဖုန်းရဲ့ ရွေးချယ်မှုက မမှားခဲ့ပါဘူး။ သူ့ရဲ့ ကမ္ဘာပျက်သုဉ်း လက်သီးဟာ လီဖူချန်း အတုတွေ အကုန်လုံးကို ပေါက်ကွဲစေပြီး အစစ်တစ်ယောက်တည်းကိုသာ ကျန်ရစ်စေခဲ့ပါတယ်။
ဒါပေမဲ့လည်း ကျန်ရစ်နေတဲ့ သည်လီဖူချန်းကို ငးကိုင်တွယ်ဖို့ ဆိုတာက ဟူယွင်ဖုန်းအတွက် လွန်လွန်းမက လွန်လွန်းနေခဲ့ပါပြီ။
ချွမ် ...
ဘယ်ကနေဘယ်လို ပေါ်လာမှန်း မသိတဲ့ ဓားတစ်ချောင်းဟာ မဟူရာလေပွေကြီးကို ပိုင်းဖြတ်ပစ်လိုက်ရုံမက ဟူယွင်ဖုန်းရဲ့ ချီအကာအကွယ်ကိုပါ ထိုးဖောက်သွားခဲ့ပါတယ်။ အဲသည်ဓားကတော့ လီဖူချန်းရဲ့ လက်သုံးတော် ဘုံခုနစ်ဆင့် ကောင်းကင်ဓားပါပဲ။
ဘန်း ...
အဲသည်နောက်မှာတော့ ဟူယွင်ဖုန်းဟာ အနောက်ကို လွင့်ထွက်သွားပါတော့တယ်။
ဟူယွင်ဖုန်းအတွက် ကံကောင်းတာ တစ်ခုကတော့ လီဖူချန်းရဲ့ မတည်မြဲခြင်းဓားဟာ သူ့ကို အသေးစား ဒဏ်ရာလေးတွေသာ ပေးစွမ်းနိုင်ခဲ့တာပါပဲ။ အဲသည်အတွက် သူရဲ့ တိုက်ခိုက်နိုင်စွမ်းတွေဟာ လုံးဝ လျော့ကျသွားခြင်း မရှိပါဘူး။
“ကြယ်ကြွေ”
အဲသည်အချိန်မှာပဲ လီဖူချန်းဟာ ကောင်းကင်ပေါ်ကို ခုန်တက်သွားပြီး ဓားနဲ့အတူ လူပါ ဟူယွင်ဖုန်းအပေါ်ကို ဇောက်ထိုး ဆင်းချလာပါတော့တယ်။
ချွင် ...
သိုင်းစင်မြင့်ပေါ်မှာ ရှိတဲ့ အချိန်စီးဆင်းမှုဟာ ရုတ်တရက် နှေးကွေးသွားသလိုပါပဲ။ ဒါပေမဲ့လည်း လီဖူချန်းရဲ့ ဓားကတော့ လုံးဝ နှေးကွေးသွားခြင်း မရှိပါဘူး။
“နောက်ထပ် ကောင်းကင်အဆင့်နိမ့် ဓားကွက်လား”
ငွေရောင် ဆံပင်ပိုင်ရှင် အဘိုးအိုဟာ နောက်ထပ်တစ်ကြိမ် မျက်လုံးအပြူ းသား ဖြစ်သွားခဲ့ရ ပြန်ပါတယ်။ သူက လီဖူချန်းနဲ့ ပက်သက်ပြီး ဘာမှတ်ချက် ပေးလို့ ပေးရမှန်းတောင် မသိတော့ပါဘူး။ ဒါနဲ့ဆိုရင် လီဖူချန်းဟာ မတူညီတဲ့ ကောင်းကင် အဆင့်နိမ့် ဓားကွက်တွေကို ငါးကြိမ်တိုင်တိုင် အသုံးပြု ပြီးသွားခဲ့ပြီ မဟုတ်ပါလား။
' လခွီးပဲ '
တခြားတစ်ဖက်မှာတော့ ဟူယွင်ဖုန်းဟာ အံကိုတင်းတင်း စေ့ပြီး ကျိန်ဆဲနေရပါပြီ။သူ့အနေနဲ့ကတော့ တခြားရွေးစရာ မရှိတော့ပါဘူး။ သူက လီဖူချန်းရဲ့ သည်ဓားကွက်ကို ထိပ်တိုက် ရင်ဆိုင်မှကို ရပါမယ်။
“မဟူရာဧကရာဇ် လက်သီး”
အဲသည်အတွက် ဟူယွင်ဖုန်းဟာ မာန်တစ်ချက် သွင်းပြီး လီဖူချန်းရဲ့ ဓားကွက်ကို လက်သီးနဲ့ အားကုန် ပစ်ထိုးလိုက်ပါတော့တယ်။
ဒါပေမဲ့လည်း သည်တစ်ကြိမ်မှာတော့ သူ့ရဲ့ လက်သီးဟာ အလုပ် မဖြစ်တော့ပါဘူး။
ရွှပ် ...
လီဖူချန်းရဲ့ ဓားချက်က ဟူယွင်ဖုန်းရဲ့ လက်သီးကို ကျော်ဖြတ်သွားပြီး သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ကန့်လန့်ဖြတ် ဓားဒဏ်ရာတစ်ခု ထင်ကျန်သွားစေခဲ့ပါတယ်။
နောက်ဆုံးမှာတော့ လီဖူချန်းဟာ ဟူယွင်ဖုန်းကို အသာစီး ရယူသွားနိုင်ခဲ့ပါပြီ။ အခုလို ဟူယွင်ဖုန်းအပေါ်မှာ အသာစီး ရယူဖို့အတွက်ကိုတော့ လီဖူချန်းဟာ သိုင်းကွက်ဆယ်ကွက်တောင် မလိုခဲ့ပါဘုူး။ ဒါကတော့ လူတိုင်း ဘယ်လိုမှ မထင်မှတ်ထားတဲ့ အရာပါပဲ။
စစ်တလင်း တောင်ထွတ်မှာ ရှိနေတဲ့ ပွဲကြည့်ပရိသတ် အကုန်လုံးဟာ ဆိုရင်လည်း အဟောင်းသား ဖြစ်နေတဲ့ သူတို့ရဲ့ ပါးစပ်တွေကို ပြန်ပိတ်ဖို့တောင် သတိ မရကြတော့ပါဘူး။ ပြီးတော့ သူတို့ဟာ မျက်တောင်ခတ်ဖို့ကိုလည်း မေ့လျော့နေကြပါပြီ။
“ဦးလေးဖန် မှားတယ်။ ငါလည်း မှားတာပဲ။ သူ့ရဲ့ ပင်ကိုပါရမီ နဲ့ ဓားတာအိုအပေါ် ထိုးထွင်းသိမြင်မှုက ဂါထာ၊မန္တရားတာအိုထက် လုံးဝ မနိမ့်ကျဘူး။ သာရင်တောင် သာနေဦးမယ်”
ရှန်ကောင်းယုကတော့ ခေါင်းကိုသာ တသွင်သွင် ခါယမ်းနေပါတော့တယ်။
ထင် ...ထင် ...ထင် ...
ထန် ...ထန် ...
သိုင်းစင်မြင့်ပေါ်မှာကတော့ တိုက်ပွဲဟာ အထွတ်အထိပ်ကို ရောက်စ ပြုလာခဲ့ပါပြီ။
ဟူယွင်ဖုန်းကလည်း တိုက်ပွဲမှာ သူအောက်စည်း ရောက်နေတဲ့ အချက်ကို သတိမပြုမိဘဲ မနေပါဘူး။ အဲသည်အတွက် သူဟာ သွေးရူးသွေးတန်းနဲ့ လီဖူချန်းရဲ့ စည်းချက်မိနေမှုကို ဖျက်ဆီးဖို့ ကြိုးစားပါတော့တယ်။
“မိုးနဲ့မြေကို သုတ်သင်ခြင်း”
နောက်ဆုံးမှာတော့ လီဖူချန်းဟာ သူ့ရဲ့ ဝှက်ဖဲကို ထုတ်သုံးလာခဲ့ပါပြီ။
အစောပိုင်းတုန်းက သူထုတ်သုံးခဲ့တဲ့ ဓားကွက်တွေဟာ သည်ဓားကွက်ကို ထုတ်သုံးဖို့အတွက် အစပျိုးခဲ့တာတွေပါပဲ။
ရွှမ်း ...
“ဝေါ့”
လေဟာနယ် ဟင်းလင်းပြင်းကို ခွဲထွက်သွားသလို ထင်ရတဲ့ ဓားချက် ထွက်ပေါ်လာ အပြီးမှာတော့ ဟူယွင်ဖုန်းဟာ သွေးတစ်ချက် အန်ထုတ်လိုက်ရပါတယ်။
သည်တစ်ကြိမ်မှာတော့ သူရတဲ့ ဒဏ်ရာဟာ အသေးအမွှား မဟုတ်တော့ပါဘူး။ လီဖူချန်းရဲ့ ဓားချီက သူ့ရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်သွားစေခဲ့ပါပြီ။
“အခုလို အနိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ...အစ်ကိုတော်ဟူ”
စကားဆုံးတဲ့ နောက်မှာတော့ လီဖူချန်းဟာ အညှာအတာမဲ့ မျောလွင့်မီးလျှံနဲ့ ဟူယွင်ဖုန်းကို သိုင်းစင်မြင့်အောက် ပို့ဆောင်လိုက်ပါတော့တယ်။
( note : လီဖူချန်းက အပိုင်း- ၅၃၃မှာ မြေကမ္ဘာ အထွတ်အထိပ်အဆင့် ဓားသိုင်း ခြောက်ခုကို လေ့ကျင့်ခဲ့ပါတယ်။ အခု သူသုံးနေတဲ့ ကောင်းကင် အဆင့်နိမ့် ဓားကွက်တွေက အဲသည် ဓားသိုင်းတွေကို အခြေခံပြီး တီထွင်ထားတာပါ။ )
***