ပန်းပေါင်းစုံ နန်းတော်
Vol. 46 Ch. 618
မျက်စိတစ်မှိတ် အတွင်းမှာပဲ မဟူရာဧကရာဇ် အစည်းအရုံးရဲ့ အဓိက သိုင်းပြိုင်ပွဲကြီး ပြီးဆုံးသွားတာဟာ ရက်ပေါင်း အတော် ကြာသွားခဲ့ပါပြီ။
သည်နှစ်ရဲ့ အဓိက သိုင်းပြိုင်ပွဲကတော့ တခြားနှစ်တွေထက်ကို ပိုပြီး အုတ်အော်သောင်းတင်း ဖြစ်သွားစေတယ်လို့ ဆိုရပါမယ်။
သည်လို အုတ်အော်သောင်းတင်း ဖြစ်သွားစေတဲ့ ပထမ အချက်ကတော့ ရှန်ကောင်းယုဟာ ဟူယွင်ဖုန်းကို အနိုင်ယူပြီး မဟူရာ ဧကရာဇ် အစည်းအရုံးရဲ့ နံပါတ်တစ် တပည့် ဖြစ်သွားတာပါပဲ။ပြီးတော့ သူဟာ အဆင့်နိမ့် တိုက်ခိုက်ရေး ဧကရီ တစ်ပါးရဲ့ အစွမ်းမျိုးကိုတောင် ပိုင်ဆိုင်ထားခဲ့ ပြီးပါပြီ။
ဒုတိယ အချက်ကတော့ လီဖူချန်းပါပဲ။
ဟူယွင်ဖုန်းကို အနိုင်ယူလိုက်တဲ့ အပြင်လူ။ ပြီးတော့ သူက ဟူယွင်ဖုန်းကို အနိုင်ယူတဲ့ နေရာမှာ မတူညီတဲ့ ဓားကွက် အမျိုးမျိုးကို အသုံးပြုသွား ခဲ့ပါသေးတယ်။
ရှင်းရှင်း ပြောရမယ် ဆိုရင်တော့ ရှန်ကောင်းယုက ဟူယွင်ဖုန်းကို အနိုင်ယူသွားတဲ့ ကိစ္စဟာ မဟူရာ ဧကရာဇ် အစည်းအရုံး တပည့်တွေအတွက်တော့ သိပ်ပြီး အံ့သြစရာ မကောင်းလှပါဘူး။
ရှန်ကောင်းယုက ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် ဖြစ်တဲ့အပြင် သူတော်စင် မျိုးဆက်သွေးကိုလည်း ဆက်ခံထားသူပါ။ အဲသည်အတွက် သူဟာ ဟူယွင်ဖုန်းကို တစ်နေ့မဟုတ် တစ်နေ့ ကျော်ဖြတ်သွားမှာပါပဲ။
ဒါပေမဲ့ လီဖူချန်းကတော့ ရှန်ကောင်းယုနဲ့ မတူညီဘဲ ကွဲပြားခြားနားပါတယ်။ အဲသည်နေ့က လီဖူချန်းရဲ့ ဓားသိုင်းကို မြင်လိုက်ရတဲ့ သူတိုင်းဟာ လီဖူချန်းကို ဘယ်လိုမှ မလေးစားဘဲ နေနိုင်မှာ မဟုတ်ပါဘူး။
...
လေတဟူးဟူး တိုက်ခတ်နေသော တောင်ထွတ်တစ်ခု ...
သည်တောင်ထွတ်ကတော့ မဟူရာ ဧကရာဇ် အစည်းအရုံးရဲ့ အဓိက တောင်ထွတ်တွေထဲက တစ်ခုပါပဲ။တောင်ထွတ်ပေါ်မှာတော့ ငွေရောင်ဆံပင်ပိုင်ရှင် အဘိုးအို ရှိနေပြီး သူက ဟိုးအဝေး တစ်နေရာကို စိုက်ကြည့်ကာ စိတ်ပျက်လက်ပျက် ညည်းညူ နေပါတယ်။
“အင်း ... သည်လီဖူချန်းဆိုတဲ့ ကောင်လေးရဲ့ ပါရမီက တကယ့်ကို ပြိုင်စံရှားပဲ။ တကယ်လို့သာ သူ နဲ့ ကောင်မလေးယုကိုသာ ပေါင်းဖက်ပေးလိုက်မယ် ဆိုရင်တော့ မဟူရာ ဧကရာဇ် အစည်းအရုံးဟာ ပိုပြီး တိုးတက်လာဖို့ပဲ ရှိမယ်။ ဒါပေမဲ့ ပြသနာက ဟိုခေါင်းမာတဲ့ အဖိုးကြီးပဲ။ သူက သည်ကိစ္စကို လုံးဝ သဘောတူမှာ မဟုတ်ဘူး”
ကျင့်ကြံသူ တစ်ယောက်ဟာ ကျင့်ကြံခြင်း နယ်ပယ် အဆင့်မြင့်သွားလေလေ မျိုးဆက်ပွားနိုင်ဖို့ ခက်ခဲလေလေပါပဲ။
တခြားနယ်ပယ်တွေကို အသာ ထားပါဦး။ တိုက်ပွဲဝိညာဉ် နယ်ပယ်ကို ရောက်သွားတဲ့ ဆရာသခင်တွေအတွက်တောင်မှ မျိုးဆက်ရနိုင်ဖို့ ဆိုတဲ့ ကိစ္စဟာ အတော်လေး ခဲယဉ်းနေလှပါပြီ။
မူလပင်လယ် နယ်ပယ်မှာ ဆိုရင်တော့ မျိုးဆက်ရနိုင်ဖို့ဟာ ပိုမို ခက်ခဲသွားမှာဖြစ်ပြီး ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်မှာ ဆိုရင်တော့ အဲသည်ကိစ္စဟာ လုံးဝ မဖြစ်နိုင်တော့သလောက်ပါပဲ။
အချက်အလက်နဲ့ ပြောရမယ် ဆိုရင်တော့ တချို့ ဧကရာဇ်တွေဟာဆိုရင် သူတို့ရဲ့ ဘဝ တစ်လျှောက်လုံးမှာတောင်မှ ကလေး မရသွားရှာပါဘူး။
အဲသည်ထဲမှာမှ လက်ရှိ မဟူရာ ဧကရာဇ်ကတော့ အတော်လေး ကံကောင်းသူလို့ ဆိုရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူရဲ့ ဇနီးဟာ သူ့အသက်ရှစ်ရာမှာ ရှန်ကောင်းယုဆိုတဲ့ သမီးတစ်ယောက်ကို မွေးဖွားပေးခဲ့လို့ပါပဲ။
အသက် ရှစ်ရာမှာမှ ရခဲ့တဲ့ ကလေး ဖြစ်တဲ့အတွက် မဟူရာ ဧကရာဇ်ဟာ ရှန်ကောင်းကို အင်မတန်မှ ချစ်မြတ်နိုးသလို အတော်လေးလည်း မျှော်လင့်ထားပါတယ်။
အဲသည်အတွက် သူက ရှန်ကောင်းယုကို လွယ်လွယ်နဲ့ အိမ်ထောင်ချပေးမှာ မဟုတ်ပါဘူး။ သူက ရှန်ကောင်းယုကို သိုင်းတာအို လမ်းကြောင်းကိုသာ တစိုက်မတ်မတ် လျှောက်လှမ်းစေချင်သူပါ။
တကယ်လို့ သူ့အနေနဲ့ ရှန်ကောင်းယုကို မဖြစ်မနေ အိမ်ထောင်ချပေးရတော့မယ် ဆိုရင်လည်း သူတော်စင် မျိုးဆက်သွေး ပါတဲ့ လူတစ်ယောက်ယောက်နဲ့သာ အိမ်ထောင် ချပေးပါလိမ့်မယ်။
အရင်တုန်းက ဆိုရင် မရေမတွက်နိုင်တဲ့ အိမ်တော်တွေက သခင်လေးတွေဟာ ရှန်ကောင်းယုကို စေ့စပ်ကြောင်းလမ်းဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ မဟူရာ ဧကရာဇ်ကတော့ သူ့သမီးဖြစ်သူကို ဘယ်သူနဲ့မှ သဘော မတူခဲ့ပါဘူး။
အဲသည် စေ့စပ်ကြောင်းလမ်းဖို့ အငြင်းခံလိုက်ရတဲ့ သူတွေထဲမှာ ဆိုရင် လဝန်းနီ ဧကရာဇ်ရဲ့ ပါရမီ အကောင်းဆုံး သားတော်တောင်မှ ပါနေပါသေးတယ်။
ရှန်ကောင်းယုအတွက် မဟူရာ ဧကရာဇ် သတ်မှတ်ထားတဲ့ သတို့သား စံနှုန်းကတော့ ရှင်းရှင်းလေးပါပဲ။ သူ့သမီးကို ပိုင်ဆိုင်ချင်တဲ့သူဟာ အသက်တစ်ရာ မပြည့်ခင်မှာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို ရောက်ရင်ရောက် ဒါမှမဟုတ် သူတောင်စင် မျိုးဆက်သွေးကို ဆက်ခံထားရင် ဆက်ခံ။ သည်အချက်နှစ်ချက်ထဲက တစ်ချက်နဲ့ ကိုက်နေမှ သူဟာ တစ်ဖက်လူကို သူ့သမီးနဲ့ သဘောတူမှာ ဖြစ်ပါတယ်။
မဟုတ်ရင်တော့ တစ်ဖက်လူဟာ ဘာကြီးပဲ ဖြစ်နေပါစေ။ သူက သူ့သမီးနဲ့ သဘောတူမှာ မဟုတ်ပါဘူး။
ဒါပေမဲ့လည်း မဟူရာ ဧကရာဇ်ရဲ့ စံနှုန်းနှစ်ချက်ထဲက ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို အသက် တစ်ရာ မပြည့်ခင်မှာ ချိုးဖောက်ဝင်ရောက်နိုင်သူ ဖြစ်ရမယ်ဆိုတဲ့ အချက်က တကယ်ကို မဖြစ်နိုင်သလောက်ပါပဲ။ ကောင်းကင်ဧကရာဇ် ကုန်းမြေတိုက်ကြီးရဲ့ သမိုင်းတစ်လျှောက်လုံးမှာတောင်မှ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို အသက် တစ်ရာ မပြည့်ခင်မှာ ချိုးဖောက်ဝင်ရောက်နိုင်သူဟာ တစ်ယောက် မရှိပါဘူး။ ပင်ကိုပါရမီ အပိုင်းမှာ ရူးလောက်အောင် ထက်မြက်တယ်ဆိုတဲ့ ဝိညာဉ်ဧကရာဇ်တောင်မှ အသက်တစ်ရာ ကျော်မှသာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို ချိုးဖောက်ဝင်ရောက်နိုင်ခဲ့တာပါ။
လီဖူချန်းကတော့ မူလပင်လယ်နယ်ပယ်ကို အသက်သုံးဆယ်စွန်းစွန်းမှာ ချိုးဖောက်ဝင်ရောက် နိုင်ခဲ့တဲ့အတွက် ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို အသက် တစ်ရာ မပြည့်ခင်မှာ ချိုးဖောက် ဝင်ရောက်နိုင်ကောင်း နိုင်လောက်တယ်လို့ ထင်ချင်စရာပါပဲ။
ဒါပေမဲ့လည်း ကျင့်ကြံခြင်းမှာက သည်လို တထစ်ချ တွက်ချက်လို့ မရပါဘူး။
ကျင့်ကြံခြင်း ဆိုတာက နောက်ပိုင်း နယ်ပယ်တွေကို ရောက်လေလေ အဆင့်တက်ဖို့ ခဲယဉ်းလေလေပါပဲ။ လူအများစုဟာဆိုရင် ကျင့်ကြံခြင်းရဲ့ အစောပိုင်း နယ်ပယ်တွေမှာ သူတို့ရဲ့ အလားအလာကောင်းတွေကို အကုန် အသုံးပြုပစ်လိုက်တဲ့အတွက် နောက်ပိုင်း နယ်ပယ်တွေမှာ အဆင့်တက်နှုန်း မမြန်ကြတော့ပါဘူး။
အဲသည်အတွက် ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးမှာ ရှိတဲ့ လူတွေ အားလုံးဟာ ကြယ်၉ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေမှပဲ အသက် တစ်ရာ မပြည့်ခင်မှာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်နိုင်လိမ့်မယ် ဆိုတာကို လက်ခံထားကြပါတယ်။ ဒါက ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေအတွက်တော့ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပါပဲ။
သူတော်စင် မျိုးဆက်သွေး ...
သည်စံနှုန်းကတော့ လူတစ်ယောက်ရဲ့ ကိုယ်ပိုင်စွမ်းဆောင်ရည်နဲ့ လုံးဝ မသက်ဆိုင်တဲ့ အရာပါပဲ။ အဲဒါက ဘိုးဘေးတွေနဲ့ပဲ သက်ဆိုင်ပါတယ်။
လူတစ်ယောက်ဟာ သူတော်စင် မျိုးဆက်သွေးကို ဆက်ခံရရှိနိုင်ဖို့ဆိုရင် သူ့ရဲ့ ဘိုးဘေးတွေထဲမှာ သူ့ရဲ့ သူတော်စင်တစ်ပါး ရှိခဲ့မှပဲ ရပါမယ်။
ပြီးတော့ အဲသည်ဘိုးဘေး သူနဲ့ မျိုးဆက်ကိုးဆက် အတွင်းသာ ကွာခြားတဲ့သူ ဖြစ်နေရပါဦးမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတော်စင် မျိုးဆက်သွေးဟာ ဆွေစဉ်မျိုးဆက် ကိုးဆက် ပြီးသွားတဲ့အခါကျရင် ပျက်ပြယ်သွားလို့ပါပဲ။
***
“လီဖူချန်း ... သွားစို့။ ဟင်းလင်းပြင် တောင်ကြားက မကြာခင်မှာ ပွင့်တော့မယ်။ ပြီးတော့ ငါတို့က ဟင်းလင်းပြင်သော့လည်း မဝယ်ရသေးဘူး”
တစ်နေ့မှာတော့ ရှန်ကောင်းယုဟာ လီဖူချန်း ကျင့်ကြံရာ နေရာကို ဆိုင်းမဆင့်၊ ဗုံမဆင့် ရောက်ချလာပြီး ဟင်းလင်းပြင် တောင်ကြားကို သွားဖို့အတွက် ဆော်သြလာပါတယ်။
“အင်း ... သွားကြမယ်လေ”
လီဖူချန်းကလည်း လုံးဝ မငြင်းပါဘူး။ သူက ဟင်းလင်းပြင် တောင်ကြားကို သွားဖို့အတွက် စောင့်နေတာ အချိန်အတော်လေး ကြာနေခဲ့ပြီ မဟုတ်ပါလား။
ဟင်းလင်းပြင်း တောင်ကြား ...
သည်တောင်ကြားက အန္တရာယ်ရှိတဲ့ တောင်ကြားတစ်ခုပါပဲ။ ပြီးတော့ လျှို့ဝှက်နယ်မြေတစ်ခုလည်း ဖြစ်နေပါသေးတယ်။
ကောလာဟလတွေအရ ဆိုရင်တော့ သည်လျှို့ဝှက်နယ်မြေဟာလည်း သူတော်စင်နှစ်ပါးရဲ့ တိုက်ပွဲကနေ ဖြစ်ပေါ်လာတာပါပဲ။
ဒါပေမဲ့ ဟင်းလင်းပြင်တောင်ကြားက တခြားသော နေရာတွေလို အမြဲတစေ ဝင်ခွင့် မရဘဲ ငါးနှစ်နေမှ တစ်ကြိမ် ဝင်ခွင့်ရတာ ဖြစ်ပါတယ်။ ပြီးတော့ ဟင်းလင်းပြင် တောင်ကြားထဲကို ဝင်ခွင့်ရဖို့က ဟင်းလင်းပြင်သော့လည်း ရှိရပါဦးမယ်။ ဟင်းလင်းပြင် သော့တွေကတော့ ဟင်းလင်းပြင်တောင်ကြာ ပွင့်လာခါနီး အချိန်တွေမှာ ပေါ်လာတတ်လေ့ ရှိပါတယ်။
...
လဝက်အကြာမှာတော့ လီဖူချန်း နဲ့ ရှန်ကောင်းယုတို့ဟာ ဟင်းလင်းပြင်တောင်ကြားနဲ့ နယ်နိမိတ် ထိစပ်နေတဲ့ လေဟာနယ်မြို့ကို ရောက်ရှိလာခဲ့ကြပါတယ်။
သည်လေဟာနယ်မြို့ဟာ အဓိက မြို့တော်ကြီး တစ်ခု မဟုတ်ပေမယ့်လည်း လေဟာနယ်တောင်ကြား ပွင့်ခါနီး အချိန်သမယနဲ့ နီးနေပြီ ဖြစ်တဲ့အတွက် အတော်လေး စည်ကားနေခဲ့ပါပြီ။
သည်ရက်ပိုင်းမှာဆိုရင် လေဟာနယ်မြို့မှာ လေလံပွဲတွေ အတော်များများ ပြုလုပ်ခဲ့ကြပြီး အဓိက လေလံပစ္စည်းတွေကတော့ ဟင်းလင်းပြင်သော့တွေပါပဲ။
ဟင်းလင်းပြင်သော့တွေ ဆိုတာက လိုချင်တိုင်း ရတတ်တာမျိုး မဟုတ်ပါဘူး။သည်သော့တွေကို ရဖို့ဆိုတာက လူတွေရဲ့ ကံပေါ်မှာပဲ မူတည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟင်းလင်းပြင်သော့တွေဟာ နေရာအတည်တကျမှာ ပေါ်လာတာမျိုး မဟုတ်ဘဲ နေရာအစုံမှာ ကျပန်း ပေါ်လာတတ်လို့ပါပဲ။
လမ်းပေါ်၊ အိမ်ခေါင်မိုးတွေပေါ်၊ ဈေးဆိုင်တွေပေါ် အစရှိသဖြင့်ပေါ့။တချို့ဆိုရင် အိပ်နေရင်းတန်းလန်းနဲ့ သူတို့အပေါ်ကို ဟင်းလင်းပြင်သော့တစ်ချောင်း ပြုတ်ကျလာတာမျိုး ကြုံရတတ်ပါတယ်။တချို့ကျပြန်တော့လည်း မြို့ထဲမှာ လမ်းလျှောက်နေရင်းနဲ့ ဟင်းလင်းပြင်သော့ပါတဲ့ သိုလှောင်အိတ်ကို ခလုတ်တိုက်မိတတ်ပါတယ်။ တချို့ကျပြန်တော့လည်း ဟင်းလင်းပြင်သော့ကို ဘယ်လိုပဲ လိုက်ရှာလိုက်ရှာ မတွေ့ကြပြန်ပါဘူး။
အချုပ်အားဖြင့် ဆိုရရင်တော့ ဟင်းလင်းပြင်သော့တွေဟာ အတော်လေး နားလည်ရခက်ပြီး လျှို့ဝှက်ဆန်းကြယ်လွန်းတဲ့ အရာတွေပါပဲ။
***
“ရှန်ကောင်းယု ... ငါတို့ကော လမ်းလျှောက်နေရင်းနဲ့ ဟင်းလင်းပြင်သော့တွေကို ခလုတ် မတိုက်နိုင်ဘူးလား”
“ငါက လေဟာနယ်သော့မှ မဟုတ်တာ။ ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။ ကံကောင်းရင်တော့ ခလုတ် တိုက်မိရင် တိုက်မိမှာပေါ့”
လေဟာနယ် မြို့ထဲက လမ်းမကြီးပေါ်မှာတော့ လူငယ်နှစ်ယောက်ဟာ ပခုံးချင်းယှဉ် လမ်းလျှောက်ပြီး စကားစမြည် ပြောဆိုနေကြပါတယ်။ သူတို့ကတော့ လီဖူချန်း နဲ့ ရှန်ကောင်းယုတို့ပါပဲ။
သည်မြို့ထဲမှာက မူလပင်လယ်နယ်ပယ် ဘုရင်တွေ အများအပြား စုရုံး ရောက်ရှိနေကြတဲ့အတွက် သူတို့နှစ်ယောက်ဟာ လူကြားထဲမှာ သိပ်ပြီး ထင်ပေါ်လှခြင်း မရှိပါဘူး။
“ဟင် ... ဟိုဘက်မှာ ဘာဖြစ်နေတာပါလိမ့်”
ရုတ်တရက် ဆိုသလိုပဲ လမ်းမကြီးပေါ်က လူတွေဟာ ရုတ်ရုတ်သဲသဲ ဖြစ်လာတဲ့အတွက် လီဖူချန်းက ဆူညံသံ ထွက်ပေါ်လာရာ နေရာကို မရည်ရွယ်ဘဲ တစ်ချက်လှမ်းပြီး ကြည့်မိလိုက်ပါတယ်။
လမ်းမပေါ်မှာ လူတွေကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေတဲ့ လက်သည် တရားခံကတော့ မိန်းမပျိုလေး နှစ်ယောက်ပါပဲ။
အဲသည်မိန်းမပျိုလေး နှစ်ယောက်ထဲက တစ်ယောက်ကတော့ အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး နောက်တစ်ယောက်ကတော့ ခရမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပါတယ်။ သူတို့နှစ်ယောက်စလုံးမှာ တူညီတဲ့အချက်ကတော့ နှစ်ယောက်စလုံးဟာ အလွန်တရာမှ ချောမောလှပနေတာပါပဲ။ သူတို့နှစ်ယောက်ရဲ့ အလှအပတွေက လီဖူချန်း မြင်ခဲ့ဖူးသမျှ မိန်းမချောလေးတွေထဲမှာတောင်မှ ထိပ်တန်းဆယ်ယောက် အဆင့်ထဲကို အေးအေးဆေးဆေး ဝင်နိုင်ပါတယ်။
အဲသည်မိန်းမပျိုလေး နှစ်ယောက်ဟာ ရုပ်ရည်သွင်ပြင် အရာမှာတင် ချောမောလှပတာ မဟုတ်ပါဘူး။ သူတို့ရဲ့ ခန္ဓာကိုယ်ကနေ ထွက်ပေါ်နေတဲ့ အရှိန်အဝါတွေကလည်း အများနဲ့မတူဘဲ တစ်မူထူးခြားပြီး ကွဲထွက်နေပါသေးတယ်။
သူတို့ရဲ့ ရုပ်ရည်သွင်ပြင်၊ အရှိန်အဝါတွေဟာ ချစ်မှုရေးရာကို စိတ်ဝင်စားဖို့ အချိန်မရှိပါဘူး ဆိုတဲ့ မူလပင်လယ်နယ်ပယ် ဘုရင်တွေကိုတောင်မှ ဆွဲဆောင်ညှို့ယူနိုင်ဖို့အတွက် ကောင်းကောင်းကြီး လုံလောက်နေပြီလို့ ဆိုရပါမယ်။
အဲသည်အတွက် လမ်းမကြီးပေါ်မှာ ရုတ်တရက် လူတွေ အုတ်အုတ်ကျက်ကျက် ဖြစ်သွားတာကလည်း မဆန်းလှပါဘူး။
“အဲသည်နှစ်ယောက်က ဘယ်သူတွေလဲ”
လီဖူချန်းက အံ့သြတဲ့ လေသံနဲ့ ရှန်ကောင်းယုကို လှမ်းမေးလိုက်ပါတယ်။
ရှန်ကောင်းယုက နှုတ်ခမ်းကို မဲ့ရွဲ့လိုက်ပြီး
“သူတို့က ပန်းပေါင်းစုံ နန်းတော်ကပဲ။ ငါထင်တာ မမှားဘူး ဆိုရင် သူတို့နှစ်ယောက်က ပန်းပေါင်းစုံ နန်းတော်ရဲ့ နာမည်ကျော် ပန်း၃၆ပွင့် ထဲကပဲ ဖြစ်ရမယ်”
“ပန်းပေါင်းစုံ နန်းတော် ...ဟုတ်လား”
လီဖူချန်းက မျက်မှောင်တစ်ချက် ကြုတ်လိုက်မိပါတယ်။ သူက သည်နာမည်ကို တစ်ခါမှ မကြားခဲ့ဖူးပါဘူး။
ရှန်ကောင်းယုက ထူးဆန်းတဲ့ အပြုံးတစ်ချက် ပြုံးလိုက်ပြီး လီဖူချန်းကို ရှင်းပြလိုက်ပါတယ်။
“ပန်းပေါင်းစုံ နန်းတော်က ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ရဲ့ အဓိက အင်အားစုကြီး ခုနစ်စုထဲကတော့ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့က ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ကြီးမှာ ကြောက်စရာ အကောင်းဆုံး အဖွဲ့အစည်း တစ်ခုပဲ”
“ပန်းပေါင်းစုံ နန်းတော်က ရုပ်ရည်သွင်ပြင်ပိုင်းမှာ တစ်မူထူးခြားပြီး ချောမောလှပတဲ့ မိန်းကလေးတွေကိုပဲ တပည့်အဖြစ် လက်ခံလေ့ ရှိတယ်။ ပြီးတော့ အဲသည်တပည့်တွေက ထူးခြားတဲ့ အရိုးတည်ဆောက်ပုံတွေကိုလည်း ပိုင်ဆိုင်ထားရဦးမယ်။ ပန်းပေါင်းစုံ နန်းတော်က သူတို့ရဲ့ တပည့်မတွေကို အချိန်အတိုင်းအတာ တစ်ခုအထိ ပြုစုပျိုးထောင်ပေးပြီးသွားရင် အင်အားစု အသီးသီးက ထိပ်သီးပုဂ္ဂိုလ်တွေနဲ့ လက်ဆက်ပေးလေ့ရှိတယ်။ အဲသည်အတွက် ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးရဲ့ ဧကရာဇ်အဆင့် အဓိက အဖွဲ့အစည်း ခုနစ်ခုထဲမှာ ပန်းပေါင်းစုံ နန်းတော်နဲ့ မပက်သက်တဲ့ အဖွဲ့ဆိုတာ မရှိဘူး။သူတို့နဲ့ ပန်းပေါင်းစုံ နန်းတော်က တိုက်ရိုက်မဟုတ်ရင်တောင် သွယ်ဝိုက်ပြီး ပက်သက်နေကြလေ့ရှိတယ်။ဥပမာအားဖြင့် ပြောရရင် လဝန်းနီ ဧကရာဇ်ရဲ့ လက်ရှိ မိဖုရားက ပန်းပေါင်းစုံ နန်းတော်ရဲ့ တော်ဝင်ပန်းပွင့်တွေထဲက တစ်ပွင့်ပဲ။ပြီးတော့ ဝိညာဉ်ဧကရာဇ်ကလည်း တော်ဝင်ပန်းပွင့်တွေထဲက တစ်ပွင့်ကို ကိုယ်လုပ်တော်အဖြစ် တော်ကောက်ထားသေးတယ်။ ဒါကြောင့်မို့ ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ကြီးမှာ ပန်းပေါင်းစုံ နန်းတော်ကို ဘယ်သူမှ ရန်မစဝံကြဘူး”
“သြော် ... အဲလိုလား”
ရှန်ကောင်းယုရဲ့ ရှင်းပြမှု အပြီးမှာတော့ လီဖူချန်းက ပန်းပေါင်းစုံ နန်းတော်ဟာ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးမှာ ဘာဖြစ်လို့ ကြောက်စရာအကောင်းဆုံး အင်အားစု တစ်စုအဖြစ် ရှိနေရသလဲ ဆိုတာကို ကောင်းကောင်းကြီး နားလည်သွားခဲ့ပါပြီ။
သည်ပန်းပေါင်းစုံ နန်းတော်က သူ့ဟာနဲ့သူ ဆိုရင်တော့ သိပ်ပြီး အစွမ်းမထက်လှပါဘူး။ ဒါပေမဲ့ သူက အစွမ်းထက်တဲ့ အဖွဲ့အစည်း အများအပြားနဲ့ အဆက်အသွယ်တွေ ရှိနေပါတယ်။
တကယ်လို့သာ လူတစ်ယောက်က ဝိညာဉ်ဧကရာဇ် ဒါမှမဟုတ် လဝန်းနီ ဧကရာဇ်ကို ရန်စမိမယ်ဆိုရင် သူ့အနေနဲ့ တခြား နေရာတွေကို ထွက်ပြေးနိုင်ပါသေးတယ်။ ဒါပေမဲ့ ပန်းပေါင်းစုံ နန်းတော်ကို ရန်စမိမယ် ဆိုရင်တော့ အဲသည်လူဟာ ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ကြီးမှာ ပြေးစရာမြေ ရှိတော့မှာ မဟုတ်ပါဘူး။
ရှန်ကောင်းယုက လီဖူချန်းကို ပန်းပေါင်းစုံ နန်းတော် အကြောင်းနဲ့ ပက်သက်ပြီး ဆက်ရှင်းပြပြန်ပါတယ်။
"ပန်းပေါင်းစုံ နန်းတော်မှာက တော်ဝင် ပန်းလေးပွင့် နဲ့ နာမည်ကျော် ပန်းသုံးဆယ့်ခြောက်ပွင့် ရှိတယ်။ ပင်ကို ပါရမီ အလားအလာနဲ့ ထိုးထွင်းသိမြင်မှု အပိုင်းမှာဆိုရင် တော်ဝင် ပန်းလေးပွင့်က ဘယ်ထိပ်တန်း ပါရမီရှင်ထက်မဆို မနိမ့်ကျဘူး။အဲသည်အတွက် သူတို့က မဟာ ဧကရာဇ်တွေကိုပဲ စိတ်ဝင်စားကြလေ့ ရှိတယ်။ ဒါပေမဲ့ အရမ်း အိုနေပြီဖြစ်တဲ့ မဟာဧကရာဇ်တွေကတော့ သူတို့ကို စိတ်မဝင်စားကြဘူး။ မဟာဧကရာဇ်တွေရဲ့ အဆင့်အောက်ဆိုရင်တော့ အဲသည်လူဟာ ခန့်မှန်းလို့ မရနိုင်တဲ့ ပါရမီ နဲ့ အဆုံးမရှိတဲ့ အလားအလာကောင်းကို ပိုင်ဆိုင်ထားမှပဲ ရမယ်”
“နာမည်ကျော် ပန်းသုံးဆယ့်ခြောက်ပွင့်ကတော့ တော်ဝင် ပန်းလေးပွင့်လောက် ပါရမီ မကောင်းကြဘူး။ ဒါပေမဲ့ တခြားသူတွေနဲ့ ယှဉ်မယ် ဆိုရင်ျတာ့ သူတို့က ထိပ်တန်းအဆင့်မှာ ရှိနေဆဲပဲ။သည်ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်မှာ ဆိုရင် နာမည်ကျော် ပန်းသုံးဆယ့်ခြောက်ပွင့်ကို ဇနီး၊မယားအဖြစ် အပိုင်သိမ်းချင်တဲ့ ဧကရာဇ်တွေက အများကြီးပဲ”
“သည်ကုန်းမြေတိုက်ကြီးမှာ တော်ဝင်ပန်း တစ်ပွင့် နဲ့ နာမည်ကျော် ပန်းနှစ်ပွင့်ကို ဇနီး၊မယားအဖြစ် အပိုင် သိမ်းထားနိုင်တဲ့ ပုဂ္ဂိုလ်က ဝိညာဉ်ဧကရာဇ် တစ်ယောက်ပဲ ရှိတယ်။ ကျန်တဲ့ ဧကရာဇ်တွေကတော့ ပန်းတစ်ပွင့်ထက် ပိုပြီး ဇနီး၊မယားအရာ ထားခွင့် မရှိဘူး။ အဲသည်ထဲမှာ ဆိုရင် လဝန်းနီ ဧကရာဇ် နဲ့ တခြား မဟာဧကရာဇ်တွေလည်း ခြွင်းချက်မရှိ ပါတယ်”
စကား အရှည်ကြီးကို ပြောပြီးတဲ့ နောက်မှာတော့ ရှန်ကောင်းယုက ခေတ္တခဏ အနားယူလိုက်ပါတယ်။ ကြည့်ရတာတော့ သူက လီဖူချန်းကို ရှင်းပြလိုက်ရတဲ့အတွက် အတော်လေး မောသွားပုံပါပဲ။ အတန်ကြာမှ သူက လီဖူချန်းကို ကြည့်လိုက်ပြီး ရုပ်တည်ကြီးနဲ့ အကြံပေးလာခဲ့ပါတယ်။
“လီဖူချန်း ...နင့်ရဲ့ ပင်ကိုပါရမီ နဲ့ ထိုးထွင်းသိမြင်မှုအကြောင်းကို လူတွေသိသွားအောင် ထုတ်ပြလိုက်ပါလား။ အဲဒါဆိုရင် နင့်အနေနဲ့ ပန်းပေါင်းစုံ နန်းတော်က နာမည်ကျော် ပန်းတစ်ပွင့်ကို ခူးဆွတ်လို့ ရလောက်တယ်”
ရှန်ကောင်းယု ပြောတာက လုံးဝ မမှားပါဘူး။ လီဖူချန်းက တကယ့်ကို ရှားမှရှားတဲ့ ပါရမီရှင်ပါပဲ။ တကယ်လို့သာ သူ့အနေနဲ့ ဆက်ပြီး တိုးတက်သွားမယ် ဆိုရင် တစ်နေ့မှာ လီဖူချန်းဟာ မဟာ ဧကရာဇ် တစ်ပါးတောင် ဖြစ်လာနိုင်ပါတယ်။
“ငါလား ... ဟား ...ဟား ...။ နေပါစေတော့ကွာ”
လီဖူချန်းက တစ်ချက်ရယ်လိုက်ပြီး ရှန်ကောင်းယုရုဲ့ အကြံဉာဏ်ကို ငြင်းပယ်လိုက်ပါတယ်။
သူက သူ့ကိုယ်သူ မယုံကြည်လို့ ရှန်ကောင်းယုရဲ့ အကြံဉာဏ်ကို ငြင်းပယ်လိုက်တာတော့ မဟုတ်ပါဘူး။ သူက ပန်းပေါင်းစုံ နန်းတော်ကို လုံးဝ စိတ်မဝင်စားလို့သာ ဖြစ်ပါတယ်။
လီဖူချန်းက ပန်းပေါင်းစုံ နန်းတော်ရဲ့ ရပ်တည်ချက်ကို လုံးဝ သဘောမတွေ့ပါဘူး။ သူတစ်ပါးရဲ့ အစွမ်းကို ရယူပြီး အငှားကြွားလုပ်တာဟာ လူပျော၊ လူညံ့တွေရဲ့ အလုပ်ပါပဲ။ အဲဒါက အတော်လေး ရှက်စရာ ကောင်းလွန်းလှပါတယ်။
တခြားတစ်ဖက်မှာတော့ လူလျို့နဲ့ ကျိရီတို့ဟာ လူတွေအားလုံးရဲ့ ဝိုင်းဝန်း အာရုံစိုက်တာကို ခံရတဲ့ အပေါ်မှာ လုံးဝ ဂရုမစိုက်ကြပါဘူး။ သူတို့က သည်လိုအခြေအမျိုးကို အကြိမ်အရေအတွက် အများကြီး ကြုံတွေ့ခဲ့ပြီးကြပါပြီ။
(note : လူလျို့ဆိုတာက အစိမ်းရောင် မုန်လာဥလို့ အဓိပါ္ပယ်ရပြီး ကျိရီ ဆိုတာကတော့ ခရမ်းရောင် အဝတ်အစားလို့ အဓိပါ္ပယ် ရပါတယ်။)
လူလျို့ဟာ လူအုပ်ထဲကို မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်တဲ့ အခါမှာတော့ လီဖူချန်း နဲ့ ရှန်ကောင်းယုတို့ကို သတိပြုမိလိုက်ပါတယ်။
ရှန်ကောင်းယုကတော့ ထုံးစံအတိုင်း သူ့ကိုယ်သူ ယောကျာ်းလေး တစ်ယောက်အဖြစ် ရုပ်ဖျက်ထားခဲ့ပြီးပါပြီ။ အဲသည်အတွက် သူဟာ လူအုပ်ကြားထဲမှာ လူချောလူလှ တစ်ယေက်အဖြစ် ထင်းပြီး ပေါ်နေခဲ့ပါတယ်။
ဒါပေမဲ့ လူလျို့ရဲ့ အာရုံကတော့ ရှန်ကောင်းယုအပေါ်မှာ သိပ်ပြီး ရှိမနေခဲ့ပါဘူး။ အဲသည်အစား သူ့ရဲ့ အကြည့်တွေက လီဖူချန်း အပေါ်မှာသာ ကျရောက်နေခဲ့ပါတယ်။
ရုတ်တရက် ကြည့်လိုက်မယ် ဆိုရင်တော့ လီဖူချန်းဟာ သည်အတိုင်း ခပ်ချောချော လူငယ်လေး တစ်ယောက်ပါပဲ။ ဒါပေမဲ့ သူ့ကို သေသေချာချာ စူးစမ်းလေ့လာလိုက်မယ် ဆိုရင်တော့ လီဖူချန်န်းရဲ့ အရှိန်အဝါဟာ အများနဲ့မတူဘဲ တမူထူးပြီး ချွန်ထွက်နေတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။လူလျို့အတွက်ကတော့ လီဖူချန်းရဲ့ အရှိန်အဝါဟာ သူတို့ ပန်းနန်းတော်က ညီအစ်မတွေနဲ့ မကွာခြားလှပါဘူး။
“ဟင်း ...ဟင်း ... သူက တော်တော်လေး ထူးခြားတာပဲ”
လူလျို့က လီဖူချန်းကို ပိုပြီးလေ့လာမိလေလေ၊ ပိုပြီး နှစ်ခြိုက်လာလေပါပဲ။
ပန်းပေါင်းစုံ နန်းတော်က ပန်းလေးတွေဟာ ရုပ်ရည်သွင်ပြင်ပိုင်း နဲ့ ပါရမီပိုင်းမှာ ထူးခြားရုံတင် မကပါဘူး။ သူတို့က လူတစ်ယောက်ကို အကဲခတ်တဲ့ နေရာမှာလည်း ထူးချွန်လွန်းလှပါတယ်။
“လူလျို့ ... နင်ဘာတွေ ကြည့်နေတာလဲ”
ကျိရီက လူလျို့ရဲ့ ထူးခြားတဲ့ အမူအယာကို သတိမထားမိဘဲ မနေပါဘူး။ အဲသည်အတွက် သူက လူလျို့ကို တိတ်တိတ်ကလေး ကျိတ်ပြီး မေးလိုက်ပါတယ်။
လူလျို့က လီဖူချန်းတို့ ရှိရာဘက်ကို မသိမသာ မေးတစ်ချက် ဆက်လိုက်ပြီး
“အဲဘက်ကို ကြည့်လိုက်။ အဲသည်ဘက်က နှစ်ယောက်က တခြားလူတွေနဲ့ မတူဘဲ နည်းနည်း ထူးခြားနေတယ်”
လူလျို့ရဲ့ ညွှန်ပြမှု အပြီးမှာတော့ ကျိရီကလည်စ လီဖူချန်းတို့ နှစ်ယောက်ကို တွေ့သွားခဲ့ပါပြီ။ဒါပေမဲ့ သူကတော့ လီဖူချန်းကို စိတ်မဝင်စားဘဲ ရှန်ကောင်းယုကိုသာ စိတ်ဝင်စားသွားခဲ့ပါတယ်။
“အင်း ... သူတို့နှစ်ယောက်က နင်ပြောသလို နည်းနည်းထူးခြားနေတာပဲ။ အထူးသဖြင့် ဟိုတစ်ယောက်က အရမ်း ချောလွန်းတယ်။ လောကပေါ်မှာ သူ့လို ချောတဲ့ ယောကျာ်းတွေက သိပ်မရှိဘူး”
လူလျို့က ခေါင်းခါလိုက်ပြီး ကျိရီကို ပြန်ပြောလိုက်ပါတယ်။
“မဟုတ်ဘူး။ နင်သေချာကြည့်ကြည့်။ အဲသည် ရုပ်အရမ်းချောတဲ့ လူထက် သူ့ဘေးက တစ်ယောက်က ပိုပြီး ထူးခြားတယ်”
“သူ့ဘေးကလူလား။ အေး ... ငါပြန်ပြီး သေသေချာချာ ကြည့်ကြည့်လိုက်မယ်”
လူလျို့ရဲ့ ပြောစကားကြောင့် ကျိရီဟာ လီဖူချန်းကို အာရုံစိုက်ပြီး သေသေချာချာ လေ့လာ ကြည့်မိလိုက်ပါတယ်။
သည်တစ်ခါမှာတော့ သူဟာ လီဖူချန်းရဲ့ ထူးခြားနေမှုကို သတိပြုမိ သွားခဲ့ပါပြီ။
လီဖူချန်းရဲ့ အရှိန်အဝါဟာ ကျီးတွေကြားမှာ ရပ်နေတဲ့ ဒေါင်းတစ်ကောင်လိုပဲ။ ပြီးတော့ သူ့ရဲ့ တည်ရှိနေမှုက သမုဒ္ဒရာ တစ်စင်းလို နက်ရှိုင်းလွန်းလှတဲ့ အငွေ့အသက်တွေကို ပေးစွမ်းနေပါသေးတယ်။
“သွားကြစို့”
လီဖူချန်းကတော့ လူလျို့ နဲ့ ကျိရီတို့ကို တစ်ချက်သာ ကြည့်လိုက်ပြီး သူ့ရဲ့ အကြည့်တွေကို ပြန်ရုတ်သိမ်းသွားခဲ့ပါတယ်။ ပြီးတော့ သူရဲ့မျက်လုံးတွေထဲမှာ ဆိုရင်လည်း ဘာတပ်မက်မှုမှ ရှိမနေပါဘူး။
“အင်း”
ရှန်ကောင်းယုက လီဖူချန်းရဲ့ မတုန်လှုပ်တဲ့ စိတ်အပေါ်မှာ တော်တော်လေး အံ့သြသွားမိတာက အမှန်ပါပဲ။ ဒါပေမဲ့လည်း သေသေချာချာ စဉ်းစားလိုက်တဲ့ နောက်မှာတော့ အဲဒါက အကျိုးအကြောင်း ဆီလျော်တယ်လို့ သူ့အနေနဲ့ ခံစားလိုက်မိပါတယ်။
ပန်းပေါင်းစုံ နန်းတော်ရဲ့ တော်ဝင်ပန်းတွေနဲ့ နာမည်ကျော်ပန်းတွေ ပြိုင်စံရှားလောက်အောင် လှပသူတွေ ဖြစ်ကြပေမယ့် သူတို့ဟာ လူသားတွေ ဖြစ်နေဆဲပါပဲ။ အဲသည်အတွက် လီဖူချန်းတို့လို ပြိုင်င်ဘက်ကင်း ပါရမီရှင်တွေက သူတို့ရဲ့ အလှအောက်မှာ အလွယ်တကူ ကျရှုံးသွားမှာ မဟုတ်ပါဘူး။
သူတို့ရဲ့ အလှအောက်မှာ အလွယ်တကူ ကျရှုံးသွားသူတွေကတော့ လုံလောက်တဲ့ စိတ်ဓာတ်ခိုင်မာမှုနဲ့ စိတ်စွမ်းအား မရှိလို့ပါပဲ။
ဒါပေမဲ့လည်း လဝန်းနီ ဧကရာဇ်တို့၊ ဝိညာဉ်ဧကရာဇ်တို့ကတော့ ခြွင်းချက်လို့ပဲ ဆိုရပါမယ်။ သူတို့က ပန်းပေါင်းစုံ နန်းတော်က ပန်းပွင့်တွေရဲ့ အလှအပအောက်မှာ ကျရှုံးခဲ့တာ မဟုတ်ပါဘူး။ သူတို့က လုပ်သင့်လုပ်ထိုက်တာကို လုပ်ကြတာပါ။
သူတို့နှစ်ယောက်စလုံးဟာ သက်ဆိုင်ရာ အင်ပိုင်ယာတွေရဲ့ အရှင်သခင်တွေ ဖြစ်ကြတဲ့အတွက် သူတို့ဟာ တစ်ယောက်တည်း နန်းတက်လို့ မရပါဘူး။ သူတို့က သူတို့ရဲ့ အဆင့်အတန်းနဲ့ လိုက်ဖက်ညီတဲ့ ကြင်ယာတော်တွေကို လိုအပ်ပါတယ်။
အဲသည်နောက်မှာတော့ လီဖူချန်း နဲ့ ရှန်ကောင်းယုတို့ဟာ လေလံခန်းမ တစ်ခုထဲကို ရောက်လာခဲ့ကြပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ဟင်းလင်းပြင်သော့တွေကို လေလံဆွဲဖို့ပါပဲ။
ဟင်းလင်းပြင် သော့တွေရဲ့ တန်ဖိုးကတော့ မနည်းလှပါဘူး။ ဒါပေမဲ့လည်း သူတို့နှစ်ယောက်ဟာ ချမ်းသာကြွယ်ဝသူတွေ ဖြစ်ကြတဲ့အတွက် ဟင်းလင်းပြင် သော့နှစ်ချောင်းကို အသာစီးနဲ့ လေလံဆွဲနိုင်ခဲ့ကြပါတယ်။
ကံအကြောင်း တိုက်ဆိုင်တယ်လို့ပဲ ဆိုရမလား မသိပါဘူး။ လူလျို့ နဲ့ ကျိရီတို့ဟာလည်း လီဖူချန်းတို့ ရှိနေတဲ့ လေလံခန်းမကို ရောက်လာခဲ့ကြပြီး ဟင်းလင်းပြင် သော့တစ်ချောင်းစီကို လေလံ ဆွဲသွားနိုင်ခ့ုဲကြပါတယ်။
သူတို့က လီဖူချန်းကို အတော်လေး သဘောကျ နှစ်ခြိုက်ကြပေမယ့်လည်း လီဖူချန်းနဲ့ မိတ်ဆွေတွေ ဖြစ်ဖို့ကိုတော့ ဇာတ်လမ်း မစခဲ့ကြပါဘူး။ သူတို့က ပန်းပေါင်းစုံ နန်းတော်က လူတွေ ဖြစ်ကြတဲ့အတွက် နန်းတော်ရဲ့ ဂုဏ်သိက္ခာကို ငဲ့ရပါဦးမယ်။
လူလျို့ကတော့ လီဖူချန်းကို တစ်ချက် တစ်ချက် ခိုးကြည့်ကာ”ရှေးရေစက် ကြမ္မာ ပါလာရင်တော့ တစ်ချိန်မှာ ဆုံဆည်းရမှာပေါ့”ဆိုပြီး သူ့ကိုယ်သူ ဖြေသိမ့်နေပါတယ်။
***