← Chapters

လိပ်ပြာ အသိစိတ်အာရုံ အမှတ်အသား

Vol. 46 Ch. 619

လိပ်ပြာ အသိစိတ်အာရုံ အမှတ်အသား

Vol. 46 Ch. 619

ဟင်းလင်းပြင်တောင်ကြားရဲ့ ဝင်ပေါက်ကတော့ တကယ်လည်း တောင်ကြားတစ်ခုမှာ တည်ရှိနေတာပါပဲ။

အခုလောလောဆယ်မှာတော့ လျှို့ဝှက်နယ်မြေက မပွင့်သေးပါဘူး။ဒါပေမဲ့လည်း ထောင်နဲ့ချီတဲ့ မူလပင်လယ်နယ်ပယ် ဘုရင်တွေကတော့ ဟင်းလင်းပြင် တောင်ကြားမှာ စုရုံး ရောက်ရှိနေခဲ့ဲကြပါပြီ။

ဟင်းလင်းပြင်တောင်ကြားက လေမိုးကြိုး လျှိုမြောင်နဲ့ မတူညီဘဲ ကွဲပြားခြားနားပါတယ်။ ဟင်းလင်းပြင်တောင်ကြားရဲ့ အထဲမှာရှိတဲ့ ပတ်ဝန်းကျင် အခြေအနေက အန္တရာယ်များတာ မှန်ပေမယ့်  အရမ်းကြီး စက်ဆုပ်ဖွယ်ရာတော့ မဟုတ်ပါဘူး။ တကယ်လို့ ကံလေးများ နည်းနည်း ကောင်းလိုက်မယ် ဆိုရင်တော့ သာမန် မူလပင်လယ် နယ်ပယ် ဘုရင်တစ်ပါးတောင်မှ ဟင်းလင်းပြင် တောင်ကြားထဲမှာ အသက်ရှင်နိုင်ပါတယ်။

လူအုပ်ထဲကို တစ်ချက် ဝေ့ကြည့်လိုက်တဲ့ အခါမှာတော့ လီဖူချန်းဟာ ပါရမီရှင် မူလပင်လယ် နယ်ပယ် ဘုရင် တော်တော်များများ သည်နေရာကို ရောက်နေကြတာကို သတိပြုမိလိုက်ပါတယ်။ ပြီးတော့ သူတို့ရဲ့ မိတ်ဆွေဟောင်းကြီး နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ကလည်း သည်နေရာမှာပါပဲ။

နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်က ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီး တစ်ခုလုံးမှာတောင်မှ ပါရမီရှင် အဖြစ် နာမည်ကျော်ကြားလွန်းသူပါ။ သူက ထွတ်ခေါင် ပါရမီရှင်တွေထဲမှာတောင်မှ ထိပ်ဆုံးမှာ ရှိပါတယ်။ အဲသည်အတွက် သူ့အနေနဲ့ ဟင်းလင်းပြင် တောင်ကြားကို ရောက်လာတာက သိပ်ပြီး မထူးဆန်းလှပါဘူး။

“သည်နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ် ဆိုတဲ့ လူက တကယ် စိတ်ရှုပ်ဖို့ ကောင်းတာပဲ။ သူက ငါတို့သွားတဲ့ နေရာတိုင်းမှာ ရောက်နေတယ်”

နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ကို မြင်ပြီးတဲ့ အခါမှာတော့ ရှန်ကောင်းယုဟာ မျက်နှာ စူပုတ်သွားခဲ့ပါပြီ။

လီဖူချန်းက တစ်ချက် ပြုံးလိုက်ပြီး

“ဘာမှ မဖြစ်ပါဘူး။ တကယ်လို့ သူက ငါတို့ကို ပြသနာ လာရှာရင် ငါတို့နှစ်ယောက် ပေါင်းပြီး ဆုံးမလိုက်ကြတာပေါ့”

လီဖူချန်းကတော့ အေးအေးဆေးဆေးပါပဲ။ သူက သည်အတောအတွင်းမှာ ဘာမှ မလုပ်ဘဲ နေခဲ့တာ မဟုတ်ပါဘူး။ သူ့ရဲ့ ဓားတာအိုပဲဖြစ်ဖြစ် ဒါမှမဟုတ် ဂါထာ၊ မန္တရား တာအိုပဲဖြစ်ဖြစ် နှစ်ခုစလုံးဟာ သည်အတောအတွင်းမှာ အရင်ကထက်ပိုပြီး တိုးတက်လာခဲ့ပါပြီ။ လီဖူချန်းက သူ့အနေနဲ့ နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ကို တစ်ယောက်ချင်း တိုက်မယ်ဆိုရင် အနိုင်ယူနိုင်ဖို့ မဖြစ်နိုင်ပေမယ့် ရှန်ကောင်းယုနဲ့ ပေါင်းလိုက်မယ် ဆိုရင်တော့ ကောင်းကောင်းကြီး  အနိုင်ယူနိုင်မယ်လို့ ယုံကြည်ပါတယ်။

နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ကလည်း လီဖူချန်းတို့ကို သတိထားမိတာပါပဲ။အဲသည်အတွက် သူက လီဖူချန်းတို့ကို လူသတ်ချင်တဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်လိုက်ပါတယ်။ ဒါပေမဲ့လည်း သူက အခု လောလောဆယ်မှာ လီဖူချန်းတို့ကို ပြသနာ သွားရှာဖို့တော့ စိတ်ကူး မရှိသေးပါဘူး။ သူက လီဖူချန်း နဲ့ ရှန်ကောင်းယုတို့ရဲ့  နှစ်ယောက်ပေါင်း စွမ်းအားကို  ကောင်းကောင်းကြီး သိပါတယ်။ တကယ်လို့ သူ့အနေနဲ့ လီဖူချန်းတို့ကို ဆုံးမချင်တယ် ဆိုရင်တော့ လီဖူချန်းတို့နှစ်ယောက် လူချင်း ကွဲနေတဲ့ အချိန်ကို စောင့်မှပဲ ရပါမယ်။

“အဆိပ်မိုး  ... ငါ့ကို တစ်ခုလောက် ကူညီစမ်းပါ”

တစ်ချက် စဉ်းစားပြီးတဲ့ နောက်မှာတော့ နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်က အနက်ရောင် ချပ်ဝတ်တန်ဆာ အပြည့်နဲ့ မိန်းမပျို တစ်ယောက်ကို စိတ်နဲ့ လှမ်းဆက်သွယ်လိုက်ပါတယ်။ အဲသည် မိန်းမပျိုရဲ့ ခန္ဓာကိုယ်ကနေ ထွက်နေတဲ့ အငွေ့အသက်တွေကတော့ အဆိပ်ပြင်းလှတဲ့ မြွေဟောက်တစ်ကောင်လိုပါပဲ။

အနက်ရောင် ချပ်ဝတ်တန်ဆာနဲ့ မိန်းမပျိုက အလကား ကူညီတတ်ပုံ မရပါဘူး။ သူက နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ကို မသိမသာ လှမ်းကြည့်လိုက်ပြီး ပြန်မေးလိုက်ပါတယ်။

“ရှင့်ကို ကူညီရင် ကျွန်မအနေနဲ့ ဘာပြန်ရနိုင်မလဲ”

“ကောင်းကင်ဘုံ အဆီအနှစ် ဆေးပင် တစ်ပင်”

နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ရဲ့ အဖြေကတော့ ခပ်တိုတိုပါပဲ။ ဒါပေမဲ့လည်း သူ့ရဲ့ မျက်နှာက သိပ်ပြီး ကြည်ကြည်သာသာ မရှိလှပါဘူး။ တကယ်လို့သာ သူ့ရဲ့ မျက်နှာကို အနီးကပ် ကြည့်လိုက်မယ် ဆိုရင် နဂါးဝိညာဉ် ဧကရာဇ်ဟာ သွားတွေကို ကျစ်ကျစ်ပါအောင် စေ့ထားတာကို တွေ့မြင်ရမှာပါ။

ကောင်းကင်ဘုံ အဆီအနှစ် ဆေးပင် ဆိုတာက ကျင့်ကြံခြင်းကို တိုးမြှင့်ပေးစေနိုင်တဲ့ အဆင့်နိမ့် ကောင်းကင် ဆေးပင်ပါပဲ။သည်ဆေးပင်က အဆင့်မြင့် မူလပင်လယ် နယ်ပယ်အောက်မှာ ရှိနေတဲ့ ကျင့်ကြံသူ မှန်သမျှကို အဆင့်တစ်ဆင့် တန်းပြီး တက်သွားစေနိုင်ပါတယ်။ ပြီးတော့ သည်ဆေးပင်ထဲမှာက ကောင်းကင် အဆီအနှစ် ဥပဒေသတွေကို ခိုဝင်ကိန်းအောင်းနေတဲ့အတွက် ဘေးထွက်ဆိုးကျိုး လုံးဝ မရှိပါဘူး။ အဲဒါက လူသားတွေရဲ့ ခန္ဓာကိုယ်နဲ့ လုံးဝ လိုက်ဖက်ညီတယ်လို့ ဆိုရပါမယ်။

တကယ်လို့ သူ့ဆီမှာသာ ကောင်းကင်ဘုံ အဆီအနှစ် ဆေးပင်နှစ်ပင် မရှိခဲ့ရင်တော့ နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ဟာ အဆိပ်မိုးကို ဘယ်လိုမှ ဆေးပင်တစ်ပင်နဲ့ ကမ်းလှမ်းမှာ မဟုတ်ပါဘူး။

“ဟုတ်ပြီလေ။ ဒါဆိုရင် ကျွန်မ ကူညီမယ်”

နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ရဲ့ ကမ်းလှမ်းမှုကို ကြားအပြီးမှာတော့ အနက်ရောင် ချပ်ဝတ်တန်ဆာနဲ့ မိန်းမပျိုက အကူအညီပေးဖို့ မငြင်းတော့ပါဘူး။

ကောင်းကင်အဆင့် ဆေးပင်တစ်ပင် အလကား ရနိုင်မယ့် အခွင့်အရေးကို ငြင်းပယ်လိုက်ရင်တော့ သူ့အနေနဲ့ မိုက်မဲရာ ကျသွားပါလိမ့်မယ်။

ပြီးတော့ သူက ကောင်းကင်ဘုံ အဆီအနှစ် ဆေးပင်ရဲ့ အစွမ်းကို ကောင်းကောင်းကြီး သိထားပါတယ်။ သည်ဆေးပင်က သူ့ရဲ့ ကျင့်ကြံမှုကို အဆင့်တစ်ဆင့် တက်မသွားနိုင်စေပေမယ့် ကျင့်ကြံရမယ့် အချိန်တွေကိုတော့ တော်တော်လေး လျော့ချပစ်လိုက်နိုင်မှာ အသေအချာပါပဲ။

“ဒါဆိုရင် အရင်ဆုံး သူတို့နှစ်ယောက်ရဲ့ ကိုယ်ပေါ်မှာ အမှတ်အသား လုပ်ပေးစမ်းပါ”

နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်က လီဖူချန်းတို့နှစ်ယောက် ရှိရာဘက်ကို မသိမသာ မေးငေါ့ပြလိုက်ပြီး အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် မိန်းမပျိုလေးကို ပြောလိုက်ပါတယ်။

သည်မိန်းမပျိုက နှယ်နှယ်ရရ မဟုတ်ပါဘူး။ သူက ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးမှာ အဆိပ်မိုး တိုက်ခိုက်ရေး ဧကရီဆိုပြီး နာမည်တစ်လုံးနဲ့ ကျော်ကြားနေသူပါ။ သူက အဆင့်နိမ့် တိုက်ခိုက်ရေး ဧကရာဇ်သာ ဖြစ်ပေမယ့်လည်း သူ့ကို အနိုင်ယူဖို့ဆိုတာကိုတော့ နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်အနေနဲ့တောင်မှ သိပ်ပြီး မစဉ်းစားရဲပါဘူး။

အဆိပ်မိုး တိုက်ခိုက်ရေး ဧကရီက အဆိပ်တာအိုကို ကျင့်ကြံထားသူ ဖြစ်တဲ့အတွက် သူရဲ့ တိုက်ခိုက်မှုတွေဟာ အမြဲလိုလို အဆိပ်ခတွေနဲ့ ပြည့်နှက်နေပါတယ်။ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်အောက်မှာတော့ ဘယ်သူကမှ သူ့ရဲ့ အဆိပ်ကို တောင့်မခံနိုင်ကြပါဘူး။

ပြီးတော့ အဆိပ်မိုး တိုက်ခိုက်ရေး ဧကရီမှာက အဆိပ်တာအို စွမ်းရည်အပြင် တခြား စွမ်းရည်လည်း ရှိပါသေးတယ်။ အဲဒါကတော့ ခြေရာခံတာပါပဲ။ သူက လူတွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ လိပ်ပြာ အသိစိတ်အာရုံ အမှတ်အသား မှတ်ထားပြီး အလွယ်တကူ ခြေရာခံနိုင်ပါတယ်။

“အင်း ... ရတယ်”

အဆိပ်မိုး တိုက်ခိုက်ရေး ဧကရီက ခေါင်းညိတ်လိုက်ပါတယ်။ ဒါပေမဲ့ သူက လီဖူချန်း နဲ့ ရှန်ကောင်းယုတို့ကို တစ်ချက်လေးတောင် စောင်းငဲ့မကြည့်ပါဘူး။

သူ့ရဲ့ ခြေရာခံ နည်းစနစ်ကို လိပ်ပြာအသိစိတ်အာရုံကို အခြေခံတဲ့ လ့ဝှက်နည်းစနစ် တစ်ခုပါပဲ။ အဲသည်အတွက် သူ့အနေနဲ့ လျှို့ဝှက်နည်းစနစ်ကို မထုတ်သုံးခင်မှာ ပစ်မှတ်တွေကို ကြည့်လို့ မဖြစ်ပါဘူး။ မဟုတ်ရင်တော့ သူ့ရဲ့ ပစ်မှတ်တွေဟာ သူ့ရဲ့ နည်းစနစ်ကို သတိပြုမိသွားပါလိမ့်မယ်။

ချွင် ...ချွင် ...

ထူးဆန်းတဲ့ လက်ဟန်တစ်ခုကို ပြုလုပ်လိုက်ပြီးတဲ့ နောက်မှာတော့ မမြင်ရတဲ့ အလင်းပြောက်လေး နှစ်ခုဟာ အဆိပ်မိုး တိုက်ခိုက်ရေး ဧကရာဇ်ရဲ့ နဖူးကနေ ထွက်ပေါ်လာခဲ့ပါပြီ။ အဲသည်မှာတော့ အဲသည် အလင်းပြောက်လေး နှစ်ခုဟာ လေနဲ့အတူ ရောနှောပါသွားပြီး လီဖူချန်း နဲ့ ရှန်ကောင်းယုတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ကပ်ညှိသွားပါတော့တယ်။

သည်ဖြစ်စဉ်ရဲ့ အစအဆုံးကိုတော့ ဘယ်သူကမှ သတိမထားမိလိုက်ကြပါဘူး။

“ပြီးပြီ”

အလင်းပြောက်လေး နှစ်ခုက လီဖူချန်းတို့ ကိုယ်ပေါ်ကို ရောက်သွားပြီးတဲ့ နောက်မှာတော့ အဆိပ်မိုး ဧကရီက နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ကို သူ့တာဝန် ပြီးပြီဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။

“သူတို့နှစ်ယောက်က အဲဒါကို သတိထားမိလောက်လား”

နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်က ခြေရာခံတာနဲ့ ပက်သက်ပြီး အစိုးရိမ်ကြီး စိုးရိမ်နေတဲ့ပုံပါပဲ။

အဆိပ်မိုး တိုက်ခိုက်ရေး ဧကရီက ယုံကြည်မှု အပြည့်နဲ့ ပြန်ဖြေလိုက်ပါတယ်။

“လောကပေါ်မှာ ဖုန်မှုန့်လေး တစ်ခု သူတို့ကိုယ်ပေါ် ကျလာတာကို သတိထားမိတဲ့သူ ဘယ်သူရှိလို့လဲ။ နင်ဆိုရင်ကော သတိထားမိမလား”

ဒါပေမဲ့ အဆိပ်မိုး ဧကရီ မသိလိုက်တာကတော့ အလင်းပြောက်လေးက လီဖူချန်းရဲ့ ခန္ဓာကိုယ်ကို ကပ်ညှိလိုက်တာနဲ့ တစ်ပြိုင်နက် လီဖူချန်းဟာ တစ်ခုခု မှားနေပြီဆိုတာကို ခံစားလိုက်ရတယ် ဆိုတာပါပဲ။

အဲသည်အတွက် သူဟာ လိပ်ပြာ အသိစိတ်အာရုံကို ထုတ်ပြီး သူ့ရဲ့ ခန္ဓာကိုယ်ကို ဆန်းစစ်လိုက်ပါတယ်။ ဒါပေမဲ့လည်း သူက ဘာမှ ထူးထူးခြားခြား ဖြစ်နေတာမျိုးကို မတွေ့ရပါဘူး။

နောက်ဆုံး စိတ်ဝိညာဉ်အားကို ထုတ်လိုက်တဲ့အခါမှပဲ သူဟာ သူ့ရဲ့ ကိုယ်ပေါ်မှာ အလင်းပြောက်လေး တစ်ခု ကပ်ညှိနေတာကို တွေ့လိုက်ရပါတော့တယ်။

တစ်ချိန်တည်းမှာပဲ လီဖူချန်းက ရှန်ကောင်းယုရဲ့ ခန္ဓာကိုယ်ပေါ်မှာလည်း သူ့လို့ အလင်းပြောက်လေးတစ်ခု ကပ်ညှိနေတာကို တွေ့လိုက်ရပြန်ပါတယ်။

“ဒါက လိပ်ပြာ အသိစိတ်အာရုံ အမှတ်အသားလား”

သူတို့ကို တစ်စုံတစ်ယောက်က မကောင်းကြံဖို့ ကြိုးစားနေပြီ ဆိုတာကို သိပေမယ့်လည်း လီဖူချန်းရဲ့ မျက်နှာအမူအယာက လုံးဝ မပြောင်းသွားပါဘူး။ ဒါပေမဲ့ စိတ်ထဲမှာတော့ သူဟာ အတော်လေး ဗလောင်ဆူနေခဲ့ပါပြီ။

သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံကတောင်မှ သတိမပြုမိမှတော့ ရန်သူရဲ့ လျှို့ဝှက်နည်းစနစ်ဟာ တကယ့် ထိပ်တန်း နည်းစနစ် ဆိုတာ အသိသာကြီးပါပဲ။ တကယ်လို့ သူ့ဆီမှာသာ စိတ်ဝိညာဉ်အား မရှိခဲ့ရင် သူတို့ဟာ ရန်သူရဲ့ အကောက်ကြံမှုအောက်မှာ ဒုက္ခလှလှကြီး တွေ့သွားနိုင်ပါတယ်။

' အင်း ... သည်ကိစ္စကို ငါလျှို့ဝှက်ပြီး ဖြေရှင်းမှ ရမယ် '

လီဖူချန်းက အလင်းပြောက်လေးကို မဖျက်စီးပစ်လိုက်ပါဘူး။ ပြီးတော့ သူက သည်အကြောင်းကို ရှန်ကောင်းယုကိုလည်း မပြောပြလိုက်ပါဘူး။ သူက ရန်သူကို တပ်လှန့်လိုက်သလို ဖြစ်သွားမှာ စိုးပါတယ်။

ဒါက ဟင်းလင်းပြင် တောင်ကြားထဲကို ဝင်ပြီးမှ ဖြေရှင်းရမယ့် ကိစ္စပါပဲ။

အဲသည်နောက် သိပ်မကြာခင်မှာတော့ ဟင်းလင်းပြင် တောင်ကြားဟာ ပွင့်လာခဲ့ပါပြီ။

ဟင်းလင်းပြင် တောင်ကြားရဲ့ အဝမှာတော့ အက်ကွဲကြောင်းကြီး တစ်ခု ဖြစ်ပေါ်နေပြီး အဲဒါက လ့ဝှက်နယ်မြေနဲ့ ဟင်းလင်းပြင်တောင်ကြားကို ချိတ်ဆက်ပေးထားတဲ့ အရာပါပဲ။ သည်အက်ကွဲကြောင်းကြီးထဲကိုတော့ ဟင်းလင်းပြင်သော့ကို ပိုင်ဆိုင်ထားတဲ့ သူတွေကပဲ ဝင်လို့ရမှာ ဖြစ်ပါတယ်။

ဟင်းလင်းပြင်သော့ မရှိတဲ့ သူတွေကတော့ သည်အက်ကွဲကြောင်းကြီးထဲကို အတင်းဝင်ဖို့ ကြိုးစားမယ်ဆိုရင် မရဏ တရားနဲ့ပဲ ကြုံရမှာဖြစ်ပါတယ်။ အဲသည် မရဏ တရားက ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ်တွေအပေါ်မှာတောင်မှ ခြွင်းချက် မရှိပါဘူး။

“သွားမယ်။ ဝင်ကြစို့”

ဟင်းလင်းပြင်သော့ကို ပိုင်ဆိုင်ထားသူတွေ အားလုံးဟာ ဟင်းလင်းပြင်တောင်ကြား ပွင့်လာတာနဲ့ တစ်ပြိုင်နက် အက်ကွဲကြောင်းကြီးထဲကို တိုးဝင်သွားခဲ့ကြပါပြီ။

အဲသည်ထဲမှာဆိုရင် လီဖူချန်း နဲ့ ရှန်ကောင်းယုတို့လည်း အပါအဝင်ပါပဲ။

အက်ကွဲကြောင်းကြီးထဲမှာတော့ မုန်တိုင်းတစ်ခု ရှိနေပြီး အဲသည်မုန်တိုင်းကြီးက အက်ကွဲကြေင်းထဲကို ဝင်လာတဲ့သူ မှန်သမျှကို ဆွဲငင်ယူဆောင်ကာ အက်ကွဲကြောင်းကြီးရဲ့ တခြားတစ်ဖက်ကို အလှည့်ကျ ပို့ဆောင်ပေးနေပါတယ်။

နောက်ထပ် အချိန်အနည်းငယ် အကြာမှာတော့ လူတွေအားလုံးဟာ ဟင်းလင်းပြင်တောင်ကြားရဲ့ လျှို့ဝှက်နယ်မြေထဲကို ရောက်ရှိလာခဲ့ကြပါပြီ။

သည်နယ်မြေထဲမှာ ရှိတဲ့ ဟင်းလင်းပြင်တာအိုရဲ့  အစိုးမရမှုကြောင့် လူတိုင်းဟာ နေရာအသီးသီးကို တကွဲတပြားစီ ရောက်လာခဲ့ကြပါတယ်။ ဒါပေမဲ့လည်း လီဖူချန်း နဲ့ ရှန်ကောင်းယုတို့ကတော့ အက်ကွဲကြောင်းထဲကို ဝင်ကတည်းက အတူတူ ဝင်ခဲ့တာကြောင့် တကွဲတပြားစီ မဖြစ်သွားခဲ့ပါဘူး။

သူတို့နှစ်ယောက်က ဟင်းလင်းပြင်ထဲမှာ လွင့်မျောနေတဲ့ ကုန်းမြေတစ်ခုဆီကို အတူတူ ကျရောက်ခဲ့ကြပါတယ်။

“ဒါက ဟင်းလင်းပြင် တောင်ကြားရဲ့ လျှိ့ဝှက်နယ်မြေလား”

သည်ကုန်းမြေက တစောင်းကြီး ဖြစ်နေတဲ့ ကုန်းမြေတစ်ခုပါပဲ။ ပြီးတော့ တစ်ဖက်အစွန်းကိုလည်း လုံးဝ မမြင်ရပါဘူး။အဲသည်အတွက် သည်မြင်ကွင်းဟာ အတော်လေး ကြောက်စရာ ကောင်းတယ်လို့ ဆိုရပါမယ်။

ရှန်ကောင်းယုက ခေါင်းညိတ်လိုက်ပြီး ရှင်းပြလိုက်ပါတယ်။

“အင်း ... ဟင်းလင်းပြင်တောင်ကြားရဲ့ လျှို့ဝှက်နယ်မြေက အစီအစဉ်တကျ မရှိဘဲ ကျပန်းဖြစ်ပေါ်နေတဲ့ နေရာလပ်တွေပဲ။ ဒါကြောင့် အခုလို တလွဲတွေ ဖြစ်နေတာ။ ဒါက အဆန်းမဟုတ်သေးဘူး။ နောက်ကျရင် လေထဲမှာ မျောလွင့်နေတဲ့ ရေအိုင်တွေကို နင်မြင်ရဦးမှာ။ ပြီးတော့ အရှေ့ကို လျှောက်လိုက်ရင် ခန္ဓာကိုယ်က အရှေ့ကို မရောက်ဘဲ အနောက်ကို ရောက်သွားတဲ့ နေရာတွေလည်း ရှိသေးတယ်”

“သြော် ...အဲသည်လိုလား”

လီဖူချန်းကတော့ မျက်လုံးလေး ကလယ်ကလယ်နဲ့ ရှန်ကောင်းယု ရှင်းပြတာကိုသာ နားထောင်နေရပါတယ်။

သည်လ့ဝှက်နယ်မြေကို ဖြစ်တည်စေခဲ့တဲ့ သူတော်စင်ဟာ ဟင်းလင်းပြင် တာအိုအပိုင်းမှာ ဘယ်လောက်အထိ ကျွမ်းကျင်သလဲ ဆိုတာကိုတော့ သူမခန့်မှန်းနိုင်ပါဘူး။ ဒါပေမဲ့ အဲသည်သူတော်စင်က သူ့ကို အတွေးလေး တစ်ချက်နဲ့တင် အသေဆိုးနဲ့သေအောင် လုပ်နိုင်တာတော့ အသေအချာပါပဲ။

“အင်း ...ဒါနဲ့ ငါမင်းကို ပြောရဦးမယ်။ ငါတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ တစ်ယောက်ယောက်က လိပ်ပြာအသိစိတ်အာရုံ အမှတ်အသားတွေ ထားထားတာ နင်သိလား”

လျှို့ဝှက်နယ်မြေထဲကို ရောက်လာပြီ ဖြစ်တဲ့အတွက် လီဖူချန်းဟာ ရှန်ကောင်းယုကို  လိပ်ပြာအသိစိတ်အာရုံ အမှတ်အသားအကြောင်း မဖုံးကွယ်ထားချင်တော့ပါဘူး။

“ လိပ်ပြာအသိစိတ်အာရုံ အမှတ်အသားလား”

လီဖူချန်းရဲ့ စကားကို ကြားအပြီးမှာတော့ ရှန်ကောင်းယုဟာ သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံကို အလျင်အမြန် အသက်သွင်းလိုက်ပြီး သူ့ရဲ့ ခန္ဓာကိုယ်ကို ဆန်းစစ်လိုက်ပါတယ်။

လီဖူချန်း ခေါင်းခါလိုက်ပြီး

“အဲဒါက အသုံးမဝင်ဘူး ...ရှန်ကောင်းယု။ အဲသည်  လိပ်ပြာအသိစိတ်အာရုံ အမှတ်အသားက အတော်လေး ထူးဆန်းတယ်။ ငါတောင်မှ နည်းလမ်းနှစ်မျိုးနဲ့ ဆန်းစစ်လိုက်မှ အဲသည် အမှတ်အသားကို ရှာတွေ့တာ”

“နင် ...နင်က ... လိပ်ပြာအသိစိတ်အာရုံကို  နင့်စိတ်ကြိုက် ချိန်ညှိပြီး အသုံးပြုတတ်တာလား”

ရှန်ကောင်းယုက လီဖူချန်းကို မယုံနိုင်သလို မျက်လုံးတွေနဲ့ လှမ်းကြည့်လိုက်ပါတယ်။

လိပ်ပြာအသိစိတ်အာရုံကို ကိုယ့်စိတ်ကြိုက် ချိန်ညှိ အသုံးပြုတယ် ဆိုတာက မူလပင်လယ် နယ်ပယ် ဘုရင်တွေ တတ်စွမ်းနိုင်တဲ့ အရာမျိုး မဟုတ်ပါဘူး။ အဲဒါက ဥပဒေသ ပြောင်းလဲခြင်း ဧကရာဇ်တွေသာ တတ်စွမ်းနိုင်တဲ့ အရာပါပဲ။

ခြေရာခံတဲ့ လျှို့ဝှက်နည်းစနစ်ကို ကျွမ်းကျင်တဲ့ တချို့ မူလပင်လယ် နယ်ပယ် ဘုရင်တချို့ကတော့ သည်ကိစ္စကို လုပ်နိုင်ပေမယ့်လည်း အဲဒါက   သင်ကြားပြသပေးမယ့် ဆရာတစ်ယောက် လိုကို လိုအပ်ပါတယ်။ ဒါပေမဲ့ လီဖူချန်းကို ကြည့်ရတာကတော့ အဲသည်လို ဆရာမျိုး မရှိလောက်ပါဘူး။

“အင်း ... ငါနည်းနည်းပါးပါးလောက် စမ်းပြီး ကြိုးစားကြည့်လိုက်တော့ လိပ်ပြာ အသိစိတ်အာရုံကို စိတ်ကြိုက် ချိန်ညှိလို့ ရသွားတယ်”

လီဖူချန်းက သူ့ရဲ့ လိပ်ပြာအသိစိတ် အာရုံဟာ အလင်းပြောက်လေးကို အာရုံမခံနိုင်ဘူးလို့ လုံးဝ မယုံကြည်ပါဘူး။ အဲသည်အတွက် သူက အကြိမ်ရေ နည်းနည်းပါးပါး ကြိုးစားလိုက်တဲ့အခါမှာတော့ သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံဟာ အလင်းပြောက်လေးကို အာရုံခံသွား နိုင်ခဲ့ပါတယ်။ပြီးတော့ သူက လ့ဝှက်ချက် တစ်ခုကိုလည်း သိသွားခဲ့ပါသေးတယ်။အဲဒါကတော့ အဲသည်လို အလင်းပြောက်တွေကို အာရုံခံနိုင်ဖို့အတွက်ဆိုရက်  သူ့အနေနဲ့ လိပ်ပြာ အသိစိတ်အာရုံကို အချိန်ခပ်ကြာကြာ အသက်သွင်းထားဖို့ လိုအပ်တယ် ဆိုတာပါပဲ။

“ထားပါတော့  ... အဲသည်အပိုင်းမှာ ငါက နင့်ကို မယှဉ်နိုင်ပါဘူး။ ဒါနဲ့ နင်အဲသည်  လိပ်ပြာအသိစိတ်အာရုံ အမှတ်အသားကို ဖယ်နိုင်လား”

ရှန်ကောင်းယုက မေးလိုက်ပါတယ်။

လီဖူချန်းက ခေါင်းခါလိုက်ပြီး

“မသိဘူး။ ဒါပေမဲ့ စမ်းကြည့်ရင်တော့ သိလောက်မှာပါ”

စကားပြောနေရင်းနဲ့ လီဖူချန်းဟာ သူ့ရဲ့  လိပ်ပြာအသိစိတ်အာရုံကို အသက်သွင်းလိုက်ပြီး အလင်းပြောက်လေးကို ခွာချဖို့ ကြိုးစားလိုက်ပါတယ်။

ဒါပေမဲ့လည်း အလင်းပြောက်လေးက တုတ်တုတ်ကို မလှုပ်ပါဘူး။ မသိရင်တော့ အဲဒါက သူ့ရဲ့ ခန္ဓာကိုယ်နဲ့ တစ်သားတည်း ဖြစ်နေသလိုပါပဲ။

“အင်း… ကြည့်ရတာ သည်လိပ်ပြာအသိစိတ်အာရုံ အမှတ်အသားက ငါထင်ထားတာထက် ပိုထူးခြားနေတာပဲ”

လီဖူချန်းက စိတ်ပျက်လက်ပျက် ညည်းညူလိုက်မိပါတယ်။

***

All Chapters