← Chapters

အိပ်မက်ကျွန်း

Vol. 46 Ch. 620

အိပ်မက်ကျွန်း

Vol. 46 Ch. 620

“ဟမ့်  ... ငါ့ကို သည်လိုစမ်းလို့ ရရောလား”

လီဖူချန်းက ဘယ်အရာကိုမဆို လွယ်လွယ်နဲ့ လက်လျော့တတ်လေ့ မရှိပါဘူး။ အဲသည်အတွက် သူက သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံကို အဆုံးစွန်ဆုံးအထိ အသုံးပြုလိုက်ပြီး အလင်းပြောက်လေးကို စတင် လေ့လာပါတော့တယ်။

သိပ်မကြာခင်မှာတော့ သူဟာ အလင်းပြောက်လေးရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေ တွေ့ရှိသွားခဲ့ပါပြီ။

အလင်းပြောက်လေးမှာက စက်ကွင်းတစ်ခု ရှိနေပြီး အဲသည်စက်ကွင်းက လိပ်ပြာ အသိစိတ် အာရုံကို ပျက်ပြားသွားစေနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့်မို့လည်း အစောပိုင်းက လီဖူချန်းရဲ့ လုပ်ဆောင်မှုဟာ အလုပ် မဖြစ်ခဲ့တာပါ။

သည်လျှို့ဝှက်နည်းစနစ်ကို တီထွင်တဲ့သူကိုတော့ တကယ့်ကို ချီးကျူ းရမှာ ဖြစ်ပါတယ်။

နောက်ထပ်နည်းနည်း အားစိုက်ထုတ်လိုက်တဲ့ အခါမှာတော့ လီဖူချန်းရဲ့ လိပ်ပြာ အသိစိတ်အာရုံဟာ စက်ကွင်းကို ကျော်ဖြတ်ပြီး အလင်းပြောက်လေးထဲကို ဝင်သွားနိုင်ခဲ့ပါပြီ။

ဒါပေမဲ့ ပြသနာက အဲမှာ စတာပါပဲ။ သည်အလင်းပြောက်ရဲ့ အတွင်းပိုင်းဟာ ပျားအုံတစ်လို တည်ဆောက်ပုံမျိုး ရှိနေပြီး အတော်လေး ရှုပ်ထွေးနေပါတယ်။

“အင်း ... ဘယ်လိုပဲဖြစ်ဖြစ် ငါ့အနေနဲ့ လိပ်ပြာ အသိစိတ်အာရုံ အမှတ်အသား အကြောင်း လေ့လာပြီးသား ဖြစ်သွားတာပေါ့”

အလင်းပြောက်လေးရဲ့ ရှုပ်ထွေးနေတဲ့ အတွင်းပိုင်းကို မြင်လိုက်ရပေမယ့် လီဖူချန်းက စိတ်မပျက်သွားခဲ့ပါဘူး။ အဲသည်အစား သူက လိပ်ပြာ အသိစိတ်အာရုံ အမှတ်အသား အကြောင်း လေ့လာခွင့်ရပြီ ဆိုပြီး ပျော်တောင် ပျော်နေပါသေးတယ်။

လိပ်ပြာ အသိစိတ်အာရုံ အမှတ်အသားရဲ့ အတွင်းပိုင်း တည်ဆောက်ပုံက ခက်ခဲတယ်လို့ ပြောလို့ရသလို၊ လွယ်တယ်လို့လည်း ပြောလို့ ရပါတယ်။

အဲဒါက ခက်ခဲတယ်လို့ ပြောရတဲ့ အကြောင်းအရင်းကတော့ လူတစ်ယောက် အနေနဲ့ အဲသည် တောက်ဆောက်ပုံကို မြင်ခဲ့ရင်တောင်မှ ပြန်လည်ပြီး တုပဖို့ ခဲယဉ်းတဲ့အတွက်ကြောင့်ပါပဲ။ မြင်လိုက်တာနဲ့ ပြန်ပြီး တုပလို့ရအောင် ဒါက ရွှံ့တုံးတစ်တုံး မဟုတ်ပါဘူး။

ဒါပေမဲ့ လူတစ်ယောက်ရဲ့ လိပ်ပြာ အသိစိတ်အာရုံက လုံလောက်တဲ့အထိ အားကောင်းခဲ့ရင်တော့ အကြိမ်ရေ တော်တော်များများ ကြိုးစားလိုက်တာနဲ့ အဲသည် တည်ဆောက်ပုံကို တုပဖို့ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် လိပ်ပြာ အသိစိတ်အာရုံ အမှတ်အသားရဲ့ အတွင်းပိုင်း တည်ဆောက်ပုံဟာ ခက်ခဲတယ်လို့ ပြောလို့ရသလို၊ လွယ်တယ်လို့လည်း ပြောလို့ ရတယ်လို့ ဆိုရတာပါ။

အလင်းပြောက်လေးရဲ့ တည်ဆောက်ပုံကို မှတ်မိပြီးသွားတဲ့ နောက်မှာတော့ လီဖူချန်းဟာ အလင်းပြောက်လေးကို ချက်ချင်း ဖျက်ဆီးပစ်လိုက်ပါတယ်။

ပြီးတာနဲ့ တစ်ပြိုင်နက် သူက ရှန်ကောင်းယုရဲ့ အလင်းပြောက်လေးကိုလည်း ကူညီပြီး ဖျက်ဆီးပေးလိုက်ပြန်ပါတယ်။

***

အဲသည်အချိန်မှာတော့ လ့ဝှက်နယ်မြေရဲ့ တခြားတစ်နေရာမှာ ရှိနေတဲ့ အဆိပ်မိုး တိုက်ခိုက်ရေး ဧကရီဟာ ရုတ်တရက်ကြီး ချွေးစေးတွေ ပြန်လာခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ သူက အဲသည်အကြောင်းအရင်းကို ခန့်မှန်းမိလိုက်ပါတယ်။ဒါက သူ့ရဲ့  လိပ်ပြာ အသိစိတ်အာရုံ အမှတ်အသား ဖယ်ရှားခံလိုက်ရတဲ့အတွက် ဖြစ်လာတဲ့ အကျိုးဆက်ပါပဲ။

အဲသည်နောက်မှာတော့ သူက ဘေးမှာရှိနေတဲ့  နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ကို အဲသည်အကြောင်း လှမ်းပြီး ပြောပြလိုက်ပါတယ်။

“နဂါးဝိညာဉ် ... ကျွန်မရဲ့  လိပ်ပြာ အသိစိတ်အာရုံ အမှတ်အသားတွေက ဖယ်ရှားခံလိုက်ရပြီ”

အဆိပ်မိုး နဲ့ နဂါးဝိညာဉ်တို့ဟာလည်း အက်ကွဲကြောင်းကြီးထဲကို အတူတူ ဝင်လာခဲ့ကြတာပါပဲ ။ အဲသည်အတွက် သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် ကွဲကွာသွားခြင်း မရှိပါဘူး။

“မင်းပြောတော့ သူတို့က မင်းရဲ့ နည်းစနစ်ကို သတိပြုမိစရာ ဘာအကြောင်းမှ မရှိပါဘူးဆို”

နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်က အပြစ်တင်တဲ့ လေသံနဲ့ ပြောလာခဲ့ပါတယ်။

အဆိပ်မိုး တိုက်ခိုက်ရေး ဧကရီက ပခုံးတစ်ချက် တွန့်လိုက်ပြီး

“သည်လောကမှာ အကြွင်းမဲ့ဆိုတာက ဘယ်နေရာမှာမှ မရှိဘူူး။ကြည့်ရတာ သည်တစ်ကြိမ် ကျွန်မရဲ့ နည်းစနစ်က မအောင်မြင်သွားတာ နေမှာပေါ့”

အဆိပ်မိုး တိုက်ခိုက်ရေး ဧကရီက သူ့ရဲ့ လ့ဝှက်နည်းစနစ်ဟာ ဘာဖြစ်လို့ ကျရှုံးသွားသလဲ ဆိုတာကို နားမလည်ပါဘူး။ ဒါပေမဲ့လည်း အနည်းငယ် စဉ်းစားလိုက်ပြီးတဲ့ နောက်မှာတော့ အဲဒါက အဓိပါ္ပယ်ရှိတယ်လို့ ခံစားလိုက်မိပါတယ်။ တကယ်လို့သာ တစ်ဖက်လူတွေက ရင်ဆိုင်ရတာ လွယ်ကူနေမယ်ဆိုရင် နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်က သူ့ဆီမှာ အခုလို အကူအညီ လာတောင်းမှာတောင် မဟုတ်ပါဘူး။

***

တစောင်းဖြစ်နေတဲ့ ကုန်းမြေဟာ မျက်နှာပြင် စောင်းနေရုံတင် မကပါဘူး။ သူ့ရဲ့ မြေဆွဲအားကလည်း တကယ်ကို သောက်တလွဲကြီးပါပဲ။သည်နေရာရဲ့ မြေဆွဲအားက အောက်ကို ရောက်လေလေ၊ ပိုပြီး အားကောင်းလေလေ ဖြစ်ပါတယ်။ အဲသည်အတွက် လူတစ်ယောက်ဟာ ချီစွမ်းအားတွေကို အသုံးမပြုထားဘူး ဆိုရင်တော့ သည်နေရာမှာ မတ်တပ် ရပ်နိုင်မှာတောင် မဟုတ်ပါဘူး။

“အား ... သည်နေရာရဲ့ မြေဆွဲအားက ဘယ်လိုကြီးလဲ”

တစောင်းကုန်းမြေရဲ့ မြေဆွဲအားက ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ရဲ့ မြေဆွဲအားထက် အဆ တစ်ထောင်ကျော် ပိုလာတဲ့အခါမှာတော့ လီဖူချန်း နဲ့ ရှန်ကောင်းယုတို့ဟာ ဖိအားကို စတင် ခံစားလာကြရပါပြီ။

မြေဆွဲအား နှစ်ဆ ဖြစ်တယ် ဆိုတာက ခန္ဓာကိုယ်ရဲ့ အလေးချိန် နှစ်ဆ ဖြစ်သွားတာနဲ့ ညီမျှပါတယ်။ အဲသည်အတွက် မြေဆွဲအား အဆ တစ်ထောင် ဖြစ်သွားတယ် ဆိုတာက ခန္ဓာကိုယ် အလေးချိန် အဆ တစ်ထောင် တိုးသွားတာနဲ့ ညီမျှတယ်လို့ ဆိုရပါမယ်။

အဲသည်ထက် ပိုဆိုးတာက သည်ဖိအားဟာ ခန္ဓာကိုယ် အတွင်းပိုင်း နဲ့ အပြင်ပိုင်းကို ခွဲခြားမနေဘဲ ညီမျှစွာ သက်ရောက်နေတာပါပဲ။

လူသားတွေရဲ့ ခန္ဓာကိုယ်မှာက နှလုံးတို့၊ မျက်လုံးတို့လို နူးညံ့တဲ့ အစိတ်အပိုင်းတွေ အများကြီး ရှိပါတယ်။ အဲသည်အစိတ်အပိုင်းတွေက အရိုးတို့၊ အသားတို့လို မာကျောကြံ့ခိုင်ခြင်း မရှိပါဘူး။ ရှင်းရှင်းပြောရမယ် ဆိုရင်တော့ သည်အရာတွေဟာ နှိုင်းယှဉ်လို့ကို မရတာပါ။

ကံကောင်းတာကတော့ လီဖူချန်း နဲ့ ရှန်ကောင်းယုတို့ နှစ်ယောက်စလုံးဟာ ခန္ဓာကိုယ် အပြင်အား မူလပင်လယ်နယ်ပယ် ဘုရင်တွေ ဖြစ်နေကြတာပါပဲ။ အဲသည်အတွက် သူတို့က ဖိအားကို ခံစားကြရပေမယ့် သက်တောင့်သက်သာ မဖြစ်တာမျိုးကို မခံစားကြရပါဘူး။

အဆ တစ်ထောင့်ငါးရာ ... အဆ နှစ်ထောင်  ...အဆ သုံးထောင်  ...

မြေဆွဲအားက အဆ သုံးထောင်ကို ရောက်တဲ့အခါမှာတော့ လီဖူချန်းတို့ နှစ်ယောက်ဟာ သူတို့ရဲ့ ချီအပြင်အားတွေ နဲ့ နတ်ဓားစွမ်းအင်တွေဟာ ပြိုက်ကွဲတော့မလို ခံစားလာကြရပါတယ်။

“လီဖူချန်း  ... ဟိုဘက်ကို ကြည့်လိုက်။ အဲဒါတွေက နေရာလပ် သလင်းကျောက်တွေပဲ”

သည်လိုနဲ့ တစ်နေရာကို အရောက်မှာတော့ ရှန်ကောင်းယုဟာ လီဖူချန်းကို လှမ်းပြောလိုက်ပါတယ်။

ရှန်ကောင်းယု ပြောတာက မမှားပါဘူး။ တစောင်းကုန်းမြေရဲ့ အောက်ခြေမှာတော့ ကျောက်တိုင်ကြီး တစ်တိုင် ရှိနေပြီး အဲသည် ကျောက်တိုင်ပေါ်မှာက အရောင်တလက်လက် တောက်ပနေတဲ့ သလင်းကျောက်တွေ မြုပ်ဝင်နေကြပါတယ်။

ဒါပေမဲ့လည်း တစောင်းကုန်းမြေရဲ့ အောက်ခြေမှာက ကျောက်တိုင်ကြီး တစ်ခုတည်း ရှိနေတာ မဟုတ်ပါဘူး ။အဲသည်နေရာမှာက တစ်ဖက်နဲ့တစ်ဖက် အပြင်းအထန် တိုက်ခိုက်နေကြတဲ့  မူလပင်လယ်နယ်ပယ် ဘုရင်တစ်စုရဲ့ တိုက်ပွဲလည်း ရှိနေပါသေးတယ်။ သူတို့ကတော့ ကျောက်တိုင်ကြီးကို ဗဟိုထားပြီး တိုက်ခိုက်နေကြတာပါ။

နေရာလပ် သလင်းကျောက်  ...

သည်သလင်းကျောက်တွေက အသုံးဝင်တဲ့ နေရာတော့ အများကြီးပါပဲ။ အဲဒါတွေက တည်နေရာရွှေ့ပြောင်း စင်မြင့်တွေ တည်ဆောက်တဲ့ နေရာမှာ အသုံးဝင်သလို တည်နေရာရွှေ့ပြောင်း တံဆိပ်တော်တွေ စီရင်တဲ့ နေရာမှာလည်း အသုံးဝင်ပါတယ်။ အဲဒါတင် မကသေးပါဘူး။ တချို့ ဝင်္ကပါ ဆရာသခင်တွေဆိုရင် နေရာလပ် သလင်းကျောက်တွေကို သုံးပြီး ဝင်္ကပါတွေထဲမှာ သူတို့ရဲ့ ကိုယ်ပိုင် ကောင်းကင်ဘုံ အသေးစားလေးတွေကို ထည့်သွင်း တည်ဆောက်ထားကြပါသေးတယ်။

အဲသည်လို အသုံးဝင်တဲ့ အတွက်လည်း နေရာလပ် သလင်းကျောက်ဟာ အဖိုးတန်နေရတာပါပဲ။

အပိုတွေ ပြောတာတော့ မဟုတ်ပါဘူး။ ဈေးကွက်ထဲမှာ ဆိုရင် ပဲစေ့အရွယ် နေရာလပ် သလင်းကျောက် တစ်ခုဟာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်ထောင်နီးပါးကို ရှိပါတယ်။ အဲဒါတောင်မှ နေရာလပ် သလင်းကျောက်တွေဟာ ဈေးကွက်ထဲမှာ ပေါ်လာလေ့ မရှိသလောက်ပါပဲ။

“လီဖူချန်း ... သွားစို့။ ငါတို့လည်း  နည်းနည်းပါးပါးလောက် ဝင်လုကြရအောင်”

များပြားလှတဲ့ နေရာလပ် သလင်းကျောက်တွေကို မြင်လိုက်ရတဲ့ နောက်မှာတော့ ရှန်ကောင်းယုဟာ ဘယ်လိုမှ သည်အတိုင်း ရပ်ကြည့် မနေနိုင်တော့ပါဘူး။ အဲသည်အတွက် သူက မြင်းရိုင်းတစ်ကောင်လို ခုန်ပေါက်ပြီး ကျောက်တိုင်ကြီးကို ပြေးဝင်သွားခဲ့ပါပြီ။

“အင်း”

လီဖူချန်းကလည်း ရှန်ကောင်းယုရဲ့ အနောက်ကို အရိပ်တစ်ခုလို ကပ်ပါသွားခဲ့ပါတယ်။

သည်နေရာလပ် သလင်းကျောက်တွေ ဆိုတာက  ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေတောင်မှ မငြင်းပယ်နိုင်တဲ့ အရာတွေပါပဲ။ အဲသည်အတွက် သူတု့ိနှစ်ယောက်ကလည်း ခြွင်းချက် မရှိပါဘူး။ တကယ်လို့သာ သူတို့အနေနဲ့ သည်သလင်းကျောက်တွေကို နည်းနည်းပါးပါးတောင် မလုယူလိုက်ရဘူး ဆိုရင်တော့ တစ်သက်လုံး နောင်တ ရနေရပါလိမ့်မယ်။

ဝုန်း ...ဝုန်း ...ဝုန်း ...

ဘန်း  ... ဘန်း ...

နေရာလပ် သလင်းကျောက်တွေအတွက် တိုက်ခိုက်နေကြတဲ့ လူတွေအားလုံးကတော့ အကြို-ဧကရာဇ်တွေနဲ့ အထွတ်အထိပ် အဆင့် မူလပင်လယ် နယ်ပယ်  ဘုရင်တွေချည်းပါပဲ။ ပြီးတော့ သည်နေရာမှာက တိုက်ခိုက်ရေး ဧကရာဇ် ဆိုလို့လည်း တစ်ပါးတောင် မရှိပါဘူး။ အဲသည်အတွက် လီဖူချန်း နဲ့ ရှန်ကောင်းယုတို့ရဲ့ လှုပ်ရှားမှုတွေဟာ သိုးအုပ်ထဲကို ဝင်ဆွဲတဲ့ ကျားတွေလိုပါပဲ။ သူတို့က လက်တွေ၊ ခြေတွေကို နည်းနည်းပါးပါး လှုပ်ရှားလိုက်တာနဲ့ ဒဏ်ရာရကုန်တဲ့ လူတွေဟာ အများကြီး ပေါ်လာခဲ့ပါတယ်။

“သူတို့နှစ်ယောက်က တိုက်ခိုက်ရေး ဧကရာဇ်တွေကွ။ အားလုံး ပူးပေါင်းပြီး သူတို့ကို ပြန်တိုက်ကြ။ မဟုတ်ရင် ငါတို့အတွက် ဘာမှ မကျန်ဘဲ နေလိမ့်မယ်”

“အေး”

“အမြန် ပူးပေါင်းကြဟေ့”

လီဖူချန်း နဲ့ ရှန်ကောင်းယုတို့ ပေါ်လာတဲ့အတွက်  အစောပိုင်းက သူသေ၊ကိုယ်သေ တိုက်နေကြတဲ့ လူတွေဟာ ရွေးချယ်စရာ မရှိတော့ပါဘူး။ သူတို့က အလျင်အမြန်ပဲ ပူးပေါင်းလိုက်ကြပါတယ်။

“ကျောက်စိမ်းနက် ကန့်လန့်ကာ”

အဆင့်မြင့် မူလပင်လယ် နယ်ပယ် ဘုရင်တွေ နဲ့ အကြို-ဧကရာဇ်တွေရဲ့ ပူးပေါင်းတိုက်ခိုက်မှုက နောက်စရာ မဟုတ်ပါဘူး။ အဲသည်အတွက် ရှန်ကောင်းယုက သူ့ရဲ့ နတ်ဘုရားစွမ်းရည်ဖြစ်တဲ့ ကျောက်စိမ်းနက် ကန့်လန့်ကာကို အသက်သွင်းပြီး သူ့ကိုယ်သူ နဲ့ လီဖူချန်းကို လွှမ်းခြုံစေလိုက်ပါတယ်။

ထန် ...ထန် ...ထန် ...

ဘန်း ...ဘန်း ...

အနက်ရောင် ချီစွမ်းအား အကာအကွယ်ရဲ့ မာကျောမှုကို တကယ်ကို လက်ဖျားခါစရာပါပဲ။ သည်နေရာမှာ ရှိနေတဲ့ လူတွေအားလုံးက အတူ ပူးပေါင်းပြီး တိုက်ခိုက်ကြပေမယ့်လည်း ကျောက်စိမ်းနက် ကန့်လန့်ကာဟာ တုတ်တုတ်ကို မလုပ်ပါဘူး။ အဲသည်အစား သူတို့ထဲက လူတချို့တောင်မှ လီဖူချန်း နဲ့ ရှန်ကောင်းယုတို့ရဲ့ လက်ချက်ကြောင့် သေလုမျောပါး ဒဏ်ရာတွေ ရသွားကြပါသေးတယ်။

“ပြေးဟေ့။ ပြေးကြ”

ဘယ်သူက စပြီး အော်လိုက်တယ်တော့ မသိပါဘူး။ ဒါပေမဲ့လည်း အော်သံကို ကြားလိုက်တာနဲ့ တစ်ပြိုင်နက် လီဖူချန်းတို့ကို ဝိုင်းဝန်းတိုက်ခိုက် လူတွေဟာ တိုင်ပင်ထားတဲ့အလား တချိုးတည်း လှည့်ပြီး ပြေးကြပါတော့တယ်။

နေရာလပ် သလင်းကျောက်လို ရတနာတွေ ဆိုတာက သူတို့အနေနဲ့ မသေမချင်း ရနိုင်ပါသေးတယ်။ ဒါပေမဲ့ သေသွားပြီ ဆိုရင်တော့ သူတို့က ဘာအခွင့်အရေးမှ ရတော့မှာ မဟုတ်ပါဘူး။

မနိုင်နိုင်တဲ့ တိုက်ပွဲကို အသေခံပြီး တိုက်တယ် ဆိုတာက အရူးတွေမှပဲ လုပ်ပါလိမ့်မယ်။

သည်လိုနဲ့ပဲ အသက်ရှုချိန် အနည်းငယ် ကြာအပြီးမှာတော့ ကျောက်တိုင် တစ်ဝိုက်မှာ လူသူ ကင်းရှင်းသွားခဲ့ပါပြီ။ ဒဏ်ရာ ရနေတဲ့ လူတွေတောင်မှ သည်နေရာမှာ ရှိမနေကြတော့ပါဘူး။

“ဟား ...ဟား ... သည်လူတွေက အခြေအနေတော့ အကဲခတ်တတ်သားပဲ”

ရှန်ကောင်းယုရဲ့ ပါးစပ်ကတော့ နားရွက်ကို တက်ချိတ်နေခဲ့ပါပြီ။ သူက ပြုံးနေတာကို ရပ်တောင် မရပ်တော့ပါဘူး။

ကျောက်တိုင်ကြီးပေါ်မှာတော့ စုစုပေါင်း နေရာလပ် သလင်းကျောက် ခြောက်ခု မြုပ်ဝင်နေပါနယ်။ အဲသည်အထဲက လေးခုကတော့ ပဲစေ့ အရွယ် ရှိပြီး နှစ်ခုကတော့ လက်မအရွယ်ပါပဲ။

အဲသည်အတွက် လီဖူချန်းနဲ့ ရှန်ကောင်းယုတို့ဟာ တစ်ယောက်ကို နေရာလပ် သလင်းကျောက် သုံးခုစီ ခွဲဝေ ယူလိုက်ကြပါတယ်။

ဝုန်း ...ဝုန်း ...  ဝုန်း…

မြုပ်ဝင်နေတဲ့ နေရာလပ် သလင်းကျောက်တွေကို   ကော်ထုတ်ပြီးသွားတဲ့ နောက်မှာတော့ ကျောက်တိုင်ကြီးဟာ မြေဆွဲအား ဒဏ်ကို တောင့်မခံနိုင်တော့ဘဲ မြေပြင်ပေါ်ကို ပုံရက်သား လဲကျသွားခဲ့ပါပြီ။

“သွားစို့”

“အင်း”

လီဖူချန်းတို့ကလည်း သူတို့လိုချင်တာကို ရပြီးသွားပြီ ဖြစ်တဲ့အတွက် ရှေ့ဆက်ပြီး ခရီးဆက်ကြပါတော့တယ်။

သည်တစောင်းကုန်းမြေက တကယ်ကို ကျယ်ပြောလှလွန်းတဲ့ နေရာပါပဲ။ ဒါက အဆုံးရှိတယ်လို့တောင် မထင်ရပါဘူး။

အဲသည်ထက် ပိုဆိုးတာကတော့ သည်တောင်ကြားထဲမှာ သောက်တလွဲ ဖြစ်နေတဲ့ နေရာလပ် ဥပဒေသတွေကြောင့် လိပ်ပြာ အသိစိတ်အာရုံဟာ မဟားဒရား ကန့်သတ်ခံထားရတာပါပဲ။ အဲသည်အတွက် လီဖူချန်းလို လူမျိုးတောင်မှ သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံကို သိပ်ဝေးဝေး ဖြန့်ကြက်လို့ မရပါဘူး။

ူသည်လိုနဲ့ပဲ တစ်နေ့မှာတော့ သူတို့နှစ်ယောက်ဟာ လျှောက်သွားနေရင်းနဲ့ နောက်ထပ် နေရာလပ် နယ်မြေတစ်ခုကို ရှာဖွေတွေ့ရှိပြီး ဝင်ရောက်ပျောက်ကွယ် သွားကြပါတော့တယ်။

သူတို့နှစ်ယောက် ပြန်ပေါ်လာတဲ့ အခါမှာတော့ သူတို့ဟာ ကောင်းကင်ပေါ်မှာ မြစ်တစ်စင်း စီးဆင်းနေတဲ့ နေရာ တစ်နေရာကို ရောက်နေခဲ့ကြပါပြီ။

“နေရာလပ် ဖယ်ရှားခံရခြင်းလား”

လီဖူချန်း နဲ့ ရှန်ကောင်းယုတို့က မတိုင်ပင်ဘဲနဲ့ ပြိုင်တူ ရေရွတ်မိလိုက် ကြပါတယ်။

လေမိုးကြိုး လျှိုမြောင်နဲ့ ယှဉ်မယ်ဆိုရင်တော့ ဟင်းလင်းပြင် တောင်ကြားရဲ့ သဘာဝ ပတ်ဝန်းကျင် အခြေအနေဟာ အဆိုးကြီး မဟုတ်ပါဘူး။ ဒါပေမဲ့လည်း သည်နေရာက တကယ့်ကို ကို့ရို့ကားယား ဆန်လွန်းလှပါတယ်။

စီးဆင်းနေတဲ့ မြစ်ကြီးဟာ ရှည်လျားလှပြီး အဆုံးမရှိပါဘူး။ ပြီးတော့ မြစ်ကြီးရဲ့ အကျယ်ကလည်း အလားတူပါပဲ။

မြစ်ကြီးရဲ့ အပေါ်မှာတော့ ကျွန်းငယ်လေးတွေ ရှိနေပြီး သူတို့ထဲက အများစုကတော့ ကျတ်တီးမြေတွေလို ဖြစ်နေပါတယ်။

သည်ကျွန်းတွေထဲမှာဆိုရင် အသက်ဓာတ် ရှိနေတဲ့ ကျွန်းတွေဟာ လက်ငါးချောင်းတောင် မပြည့်ပါဘူး။ ဒါပေမဲ့လည်း အဲသည်ကျွန်းတွေမှာတော့ ကောင်းကင်အဆင့် ဆေးပင်တွေ နဲ့ မြေကမ္ဘာ အဆင့် ဆေးပင်တွေဟာ ကျွန်းလုံးပြည့် ပေါက်ရောက်နေကြပါတယ်။

“ဟင်းလင်းပြင် တောင်ကြားကတော့ တကယ့် ရတနာ သိုလှောင်ရုံကြီးပဲ”

လီဖူချန်းက ကျွန်းတစ်ခုပေါ်ကို ခြေချလိုက်ပြီး ချီးကျူ းလိုက်ပါတယ်။

ဟင်းလင်းပြင် တောင်ကြားက လီဖူချန်း ချီးကျူ းမယ် ဆိုရင်လည်း ချီးကျူ းချင်စရာပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ သူနဲ့ ရှန်ကောင်းယုတို့ဟာ အစောပိုင်းလေးကမှ ကောင်းကင် အဆင့်နိမ့် ဆေးပင်ဖြစ်တဲ့ ရေခဲပြာဆေးပင်ကို ရခဲ့သေးတာ မဟုတ်ပါလား။

ရေခဲပြာ ဆေးပင် ဆိုတာက သာမန် ကောင်းကင် အဆင့်နိမ့် ဆေးပင်သာ ဖြစ်တဲ့အတွက် မိုးကြိုးကပ်ဘေး ဆေးပင်တို့၊ အမြစ်မဲ့ပန်းတို့၊ လေမိုးကြိုး ဆေးပင်တို့ကိုတော့ မယှဉ်နိုင်ပါဘူး။ ဒါပေမဲ့လည်း ကောင်းကင် အဆင့်နိမ့် ဆေးပင်ကတော့ ကောင်းကင် အဆင့်နိမ့် ဆေးပင် ဖြစ်နေဦးမှာပါပဲ။

အစပိုင်းမှာတော့ လီဖူချန်းတို့ နှစ်ယောက်ဟာ ကျတ်တီးမြေ ဖြစ်နေတဲ့ ကျွန်းတွေကို စိတ်မဝင်စားကြပါဘူး။ဒါပေမဲ့လည်း သူတို့က ကျတ်တီးမြေ ဖြစ်နေတဲ့ ကျွန်းတစ်ကျွန်းပေါ်ကို ခြေချမိလိုက်တဲ့ အခါမှာတော့ ကျွန်းရဲ့ ထူးခြားမှုကို သတိပြုမိလိုက်ကြပါတယ်။ အဲဒါကတော့ သတ္တုရိုင်းတွေပါပဲ။

ဟုတ်ပါတယ်။ သည်ကျတ်တီးမြေ ကျွန်းပေါ်မှာက ကောင်းကင်အဆင့် သတ္တုရိုင်းတွေ ရှိနေခဲ့တာပါ။

လီဖူချန်း နဲ့ ရှန်ကောင်းယုတို့ကတော့ အခွင့်အရေးကို လုံးဝ လက်လွှတ်မခံပါဘူး။ သူတို့ဟာ တစ်ကျွန်းလုံးကို တူးဆွပြီး သတ္တုရိုင်း တစ်ခုမှ မကျန်အောင် တူးယူခဲ့ကြပါတယ်။

ပြီးတော့ သူတို့ဟာ အဲသည် ကောင်းကင်အဆင့် သတ္တုရိုင်းတွေကို အရည်ကျိုု ပြီး လက်နက်တစ်ခု သွန်းလုပ်ခဲ့ပါသေးတယ်။

လက်နက်ကို သွန်းလုပ်တဲ့ နေရာမှာတော့ လီဖူချန်းဟာ အခရာပါပဲ။ ရှန်ကောင်းယုကတော့ ဘေးနားကနေပြီး ဟေးလားဝါးလားသာ လိုက်လုပ်ပေးနေခဲ့တာပါ။

“လီဖူချန်း ... ဟို ...ဟိုမှာ ကြည့်ကြည့်လိုက်။ အဲဒါက အိပ်မက်ကျွန်းပဲ”

သည်လိုနဲ့ပဲ တစ်နေ့မှာတော့ သူတို့နှစ်ယောက်ဟာ အလွန်ဝေးကွာတဲ့ အရပ်တစ်ခုမှာ ရှိနေတဲ့ ဒဏ္ဍာရီဆန်ဆန် ကျွန်းတစ်ကျွန်းကို တွေ့မြင်လိုက်ကြရပါတယ်။

အဲသည်ကျွန်းကတော့ သက်တံရောင် အလင်းတန်းတွေ ဖြာထွက်နေပြီး ကျွန်းပေါ်မှာ ဆိုရင်လည်း ကျောက်တံခါးကြီး တစ်ချပ်လည်း ရှိနေပါသေးတယ်။

လုံးဝ မှားယွင်းစရာ အကြောင်း မရှိပါဘူး။ ဒါက ဟင်းလင်းပြင် တောင်ကြားရဲ့ နာမည်ကျော် အိပ်မက်ကျွန်းပါပဲ။

ပြောကြတာကတော့ အိပ်မက်ကျွန်းဟာ သူတော်စင် တစ်ပါးရဲ့ ဥယျာဉ်နဲ့ ဆက်သွယ်ထားပါတယ်တဲ့ ။ အဲသည် အိပ်မက်ကျွန်းကနေပြီး ကောင်းကင် အလယ်အလတ် အဆင့် ဆေးပင်တွေ ရလာတဲ့ လူတွေလည်း ရှိတယ်လို့ ကောလာဟလတွေ ထွက်ခဲ့ဖူးပါတယ်။

ပြီးတော့ တစ်ကြိမ်မှာ ဆိုရင် လူတစ်ယောက်ဟာ အိပ်မက်ကျွန်းကနေ မတော်တဆ ကံကောင်းပြီး ကောင်းကင် အဆင့်မြင့် ဆေးပင်တစ်ပင်ကို ရလာခဲ့တဲ့အတွက် အင်ပိုင်ယာတွေကို အစိုးရတဲ့ ဧကရာဇ်တွေကြားမှာ အတွင်းကျိတ် တိုက်ပွဲတွေတောင် ဖြစ်သွားခဲ့ဖူးပါသေးတယ်။

လီဖူချန်းတို့ နှစ်ယောက် အိပ်မက်ကျွန်းဆီကို သွားနေတဲ့ အချိန်မှာတော့ ကျောက်တံခါးရှေ့မှာ လူအယောက် ခုနစ်ဆယ်၊ ရှစ်ဆယ်နီးပါး ရောက်နေခဲ့ကြပါပြီ။ လူလျို့ နဲ့ ကျိရီတို့ကလည်း အဲသည် လူတွေထဲမှာပါပဲ။

ပြီးတော့ အဲသည်လူတွေထဲမှာဆိုရင်  လီဖူချန်းနဲ့ ရင်းနှီးနေတဲ့ မျက်နှာတစ်ခုလည်း ရှိနေပါသေးတယ်။ အဲသည်မျက်နှာကတော့ ရှင်းတိကောဝမ်ရဲ့ မျက်နှာကလွဲပြီး တခြား မရှိပါဘူး။

***

All Chapters