သားရဲ အရှင်သခင် ကုဟိုင်တောင်ဆိတ်
Vol. 46 Ch. 621
ရှင်းတိကောဝမ်ရဲ့ ကျင့်ကြံမှုဟာ မူလပင်လယ် နယ်ပယ် အဆင့်၄ကို ရောက်နေပြီ ဖြစ်တဲ့အတွက် အရင်တစ်ခါ တွေ့တုန်းကထက်ကို ပိုပြီး အစွမ်းထက်လာပြီလို့ ဆိုရပါမယ်။ သူက ဘယ်လိုလုပ်ပြီး သည်လောက်မြန်အောင် လေ့ကျင့်ခဲ့သလဲ ဆိုတာကိုတော့ တကယ်ကို မေးခွန်း ထုတ်ချင်စရာပါပဲ။
ရှေးဟောင်းကျင့်ကြံသူ တစ်ဦးရဲ့ အမွေအနှစ်တွေက လူတစ်ယောက်ကို အချိန်တိုအတွင်းမှာ သည်လောက်ကြီးအထိ တိုးတက်သွားစေ နိုင်တာလား။
လုံးဝ မဖြစ်နိုင်ပါဘူး။ ဒါက တခြား အကြောင်းအရင်း တစ်ခုကြောင့်ပဲ ဖြစ်ရပါမယ်။
လီဖူချန်းက ရှင်းတိကောဝမ်ကြောင့် ထိတ်လန့်တုန်လှုပ်သွားတာ အမှန်ပါပဲ။ ဒါပေမဲ့လည်း ရှင်းတိကောဝမ်က သူ့ထက်တောင်မှ ပိုပြီး ထိတ်လန့်တုန်လှုပ် သွားပါသေးတယ်။
နောက်ဆုံးအကြိမ် သူတို့တွေ့ခဲ့တုန်းက ဆိုရင် လီဖူချန်းက မူလပင်လယ်နယ်ပယ် အဆင့်၁မှာသာ ရှိနေခဲ့တာပါ။ ဒါပေမဲ့ အခုတော့ လီဖူချန်းဟာ မူလပင်လယ် နယ်ပယ် အဆင့်၃ကို ရောက်ရှိနေခဲ့ပါပြီ။
အစတုန်းကတော့ ရှင်းတိကောဝမ်က သူ့ရဲ့ ကျင့်ကြံမှုနှုန်းနဲ့ ပက်သက်ပြီး အတော်လေး ဂုဏ်ယူဝင့်ကြွားနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ လီဖူချန်းကို မြင်ပြီးတဲ့အခါမှာတော့ သူဟာ အရင်လို ဂုဏ်ယူဝင့်ကြွားလိုစိတ် မရှိတော့ပါဘူး။ လီဖူချန်းနဲ့ ယှဉ်မယ်ဆိုရင်တော့ သူူ့ရဲ့ ကျင့်ကြံမှုနှုန်းဟာ ဟာသသက်သက်ပါပဲ။
သိပ်မကြာခင်မှာတော့ လီဖူချန်း နဲ့ ရှန်ကောင်းယုတို့ဟာလည်း ကျောက်တံခါးကြီးရဲ့ အရှေ့ကို ရောက်လာခဲ့ကြပါပြီ။ ဒါပေမဲ့လည်း ဘယ်သူကမှ သူတို့ရောက်လာတဲ့အပေါ် စိတ်ဝင်စားခြင်း မရှိပါဘူး။ သည်နေရာမှာ ရှိနေတဲ့ လူတွေအားလုံးဟာ ကျောက်တံခါးကြီးကိုသာ အာရုံ စိုက်နေကြပါတယ်။
သူတော်စင် ဥယျာဉ်က သည်ကျောက်တံခါးကြီးရဲ့ အနောက်မှာ ရှိတယ် ဆိုတာကို လူတိုင်းက သိကြပေမယ့်လည်း ဘယ်သူကမှတော့ ကျောက်တံခါးကြီးဆီ သွားဖို့ စိတ်ကူး မရှိကြသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျောက်တံခါးကြီးရဲ့ အရှေ့တည့်တည့်မှာက မိစ္ဆာသားရဲကြီး တစ်ကောင် ရှိနေလို့ပဲ။ အဲသည်သားရဲကြီးက အခုလောလောဆယ်မှာတော့ အိပ်ပျော်နေတဲ့ပုံ ပေါက်နေပါတယ်။
ူသည်မိစ္ဆာသားရဲက ဆိတ်တစ်ကောင်ရဲ့ အသွင်အပြင် ရှိပြီး လက်သည်းတွေက ကျားရဲ တစ်ကောင်လို ထက်မြနေကာ အမြီးက သုံးချောင်း ရှိနေပါတယ်။ ပြီးတော့ ဦးခေါင်းမှာ ဆိုရင်လည်း ချွန်ထက်နေတဲ့ ဦးချိုတွေ ပေါက်နေပါသေးတယ်။ြခြုံငုံပြီး ပြောရမယ် ဆိုရင်တော့ အဲဒါက တောထဲမှာရှိတဲ့ ရိုးရိုးသာမန် ဆိတ်တစ်ကောင်ကို အဆင့်မြင့်ထားတဲ့ ပုံပါပဲ။ သူ့ရဲ့ ခန္ဓာကိုယ်ကလည်း မိုင်အနည်းငယ်လောက်သာ ရှိတဲ့အတွက် သိပ်ကြီးတယ်လို့ သတ်မှတ်လို့ မရပါဘူး။
ဒါပေမဲ့လည်း အဲဒါက သူ့ရဲ့ အပြင်ပိုင်း ပုံပန်းသဏ္ဌာန် အသွင်အပြင်ပဲ ဖြစ်ပါတယ်။ မိစ္ဆာသားရဲ တစ်ကောင်ရဲ့ အစွမ်းဆိုတာက အပြင်ပိုင်း ပုံပန်းသဏ္ဌာန်နဲ့ပဲ ဆုံးဖြတ်လို့ မရပါဘူး။
အဲသည်အချက်ကိုတော့ အစောပိုင်းက ကျောက်တံခါးထဲကို ဝင်ဖို့ ကြိုးစားခဲ့တဲ့ လူတစ်ယောက်က သက်သေပြသွားပြီးခဲ့ပါပြီ။
ကျောက်တံခါးထဲကို ဝင်ဖို့ ကြိုးစားခဲ့တဲ့သူဟာ မိစ္ဆာသားရဲ ဆိတ်ကြီးရဲ့ နှာတစ်ချက် မှုတ်တာကို ခံရရုံနဲ့တင် ပြာအဖြစ် ဘဝပြောင်းသွားခဲ့တာ မဟုတ်ပါလား။
“တကယ်လို့ ကျွန်မထင်တာ မမှားဘူးဆိုရင်တော့ သည်မိစ္ဆာသားရဲက ဒဏ္ဍာရီတွေထဲက ကုဟိုင်တောင်ဆိတ်ပဲ ဖြစ်ရမယ်”
လူလျို့က မျက်မှောင်တစ်ချက် ကြုတ်လိုက်ပြီး မှတ်ချက်တစ်ခု ပေးလိုက်ပါတယ်။
“ဟုတ်တယ်။ သည်မိစ္ဆာသားရဲက သားရဲအရှင်သခင် ကုဟိုင်တောင်ဆိတ်ပဲ”
နောက်ထပ် လူတစ်ယောက်ကလည်း လူလျို့ရဲ့ မှတ်ချက်ကို ထောက်ခံလာခဲ့ပါတယ်။
“သေစမ်း”
“ငါတို့တော့ ပြသနာတက်ပြီဟေ့”
သည်မိစ္ဆာသားရဲ ဆိတ်ကြီးက သားရဲအရှင်သခင် ကုဟိုင်တောင်ဆိတ်မှန်း သိလိုက်ရတဲ့ အချိန်မှာတော့ လူတွေအားလုံးဟာ စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ကြပါပြီ။
သည်နေရာကို ရောက်နေတဲ့ လူတိုင်းဟာ ကုဟိုင်တောင်ဆိတ် အကြောင်း မကြားဖူးတဲ့လူ မရှိပါဘူး။
အဲသည်အချိန်မှာပဲ အစောပိုင်းက လူဟာ ဆက်ပြီး ပြောပြန်ပါတယ်။
“ကုဟိုင်တောင်ဆိတ် ဆိုတာက သားရဲအရှင်သခင် အဆင့်မှာ ရှိပြီး မွေးဖွားလာကတည်းက မိစ္ဆာသားရဲ ဧကရာဇ် တစ်ပါးရဲ့ အစွမ်းကို ပိုင်ဆိုင်ထားကြတဲ့ သားရဲတွေပဲ။ သူတို့က အရွယ်ရောက်မှသာ မိစ္ဆာသားရဲ အရှင်သခင် အဆင့်ကို ရောက်ကြတာ။ ပြီးတော့ ငါသိသလောက် ဆိုရင်တော့ ကုဟိုင်တောင်ဆိတ် အစစ်အမှန်တွေက အမြီးငါးချောင်း ရှိကြတယ်။ ကြည့်ရတာ သည်ကုဟိုင်တောင်ဆိတ်က အရွယ်မရောက်သေးပုံပဲ”
နောက်ထပ် လူတစ်ယောက်က မှတ်ချက် ဝင်ပေးလာခဲ့ပါတယ်။
“သည်ကုဟိုင်တောင်ဆိတ် အရွယ်ရောက်တာ၊မရောက်တာက ငါတို့အတွက် ဘာမှ မထူးဘူး။ မိစ္ဆာသားရဲ ဧကရာဇ် တစ်ကောင်က လေတစ်ချက် မှုတ်လိုက်တာနဲ့တင် ငါတို့အားလုံးကို သတ်ဖို့ လုံလောက်နေပြီ”
“ဒါပေမဲ့ အရင်တုန်းက လူတွေက သူတော်စင် ဥယျာဉ်ထဲကို ဝင်နိုင်ခဲ့ကြတာပဲ မဟုတ်လား”
နောက်ထပ် လူတစ်ယောက်ကလည်း သူ့ရဲ့ အမြင်ကို ဝင်ပြောလာခဲ့ပြန်ပါပြီ။
လူလျို့ဘေးနားမှာ ရပ်နေတဲ့ ကျိရီကလည်း စကားဝိုင်းထဲကို ဝင်ပါလာပြန်ပါတယ်။
“ကျွန်မအမြင် ပြောရမယ် ဆိုရင်တော့ အခုတွေ့နေရတဲ့ ကုဟိုင်တောင်ဆိတ်ရဲ့ ပုံစံက တိရစ္ဆာန်တွေ ဆောင်းခိုသလို အခြေအနေမျိုးနဲ့ ဆင်တူနေတယ်။ သည်တော့ ကျွန်မတို့သာ သူ့ကို နိုးအောင် မလုပ်ဘူး ဆိုရင်တော့ သူတော်စင် ဥယျာဉ်ထဲကို သေချာပေါက် ဝင်နိုင်မှာပဲ။ ပြီးတော့ ကျွန်မတို့အနေနဲ့ သည်ကုဟိုင်တောင်ဆိတ်ရဲ့ ဝင်လေ၊ထွက်လေတွေကို မထိအောင် ရှောင်ရမယ်”
“အင်း ... ပန်းပေါင်းစုံ နန်းတော်က နာမည်ကျော် ပန်းလေး ပြောတာက အဓိပါ္ပယ် ရှိတယ်”
လူတွေအားလုံးက ကျိရီပြောတာကို မငြင်းပယ်ကြပါဘူး။ ကြည့်ရတာတော့ သည်နည်းလမ်းက သူတော်စင် ဥယျာဉ်ထဲကို ဝင်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်း ဖြစ်ပုံပါပဲ။
ပြီးတော့ သူတော်စင် ဥယျာဉ်ရဲ့ ဝင်ပေါက်ဖြစ်တဲ့ ကျောက်တံခါးကြီးဟာ တစ်နေရာတည်းမှာ ရှိနေတာ မဟုတ်ဘဲ နေရာအစုံကို လျှောက်သွားနေတာ ဖြစ်ပါတယ်။ အဲသည်အတွက် သူတို့ဟာ သည်အခွင့်အရေးကို လုံးဝ လက်မလွှတ်လိုကြပါဘူး။
တကယ်လို့သာ သူတို့အနေနဲ့ သည်အခွင့်အရေးကို လက်လွှတ်လိုက်မယ် ဆိုရင် အဲဒါက သူတို့ဘဝမှာ နောင်တ အရဆုံး လုပ်ရပ်ကြီးတစ်ခု ဖြစ်သွားပါလိမ့်မယ်။
တခြားတစ်နည်းနဲ့ ပြောရမယ် ဆိုရင်တော့ အခု သည်နေရာကို ရောက်နေသူတိုင်းဟာ အကြမ်းဖျင်းအားဖြင့် မူလပင်လယ် နယ်ပယ်မှာ သူ့ဟာနဲ့သူ အစွမ်းထက်ကြတဲ့ လူတွေချည်းပါပဲ။ ဒါပေမဲ့လည်း သည်လူတွေထဲက အများစုကတော့ တကယ်ကို ထူးခြားတဲ့ အခြေအနေတွေနဲ့ မကြုံရမချင်း တိုက်ပွဲဝိညာဉ် နယ်ပယ်ကို ဘယ်လိုမှ တက်လှမ်းနိုင်မှာ မဟုတ်ပါဘူး။
ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်မှာက မူလပင်လယ်နယ်ပယ် ဘုရင်တွေဟာ ရိုက်သတ်လို့ မကုန်အောင်ပါပဲ။ အရေအတွက်အားဖြင့် ဆိုရင်လည်း သူတို့တွေက အနည်းဆုံး သိန်းဂဏန်း အနည်းငယ်အထိ ရှိပါတယ်။ ဒါပေမဲ့လည်း ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေကတော့ အရေအတွက် တစ်ရာထက် မပိုပါဘူး။
အဲသည်အဓိပါ္ပယ်ကတော့ မူလပင်လယ် နယ်ပယ် ဘုရင် အရေအတွက် ထောင်ချီမှာမှ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို တက်လှမ်းနိုင်သူဟာ တစ်ယောက်သာ ရှိတယ် ဆိုတာပါပဲ။
အဲသည်အချက်ကို ကြည့်တာနဲ့တင် ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို ရောက်ဖို့ဆိုတာဟာ ဘယ်လောက်အထိ ခဲယဉ်းသလဲ ဆိုတာကို သိနိုင်နေပါပြီ။
ဒါပေမဲ့လည်း မူလပင်လယ် နယ်ပယ် ဘုရင်တစ်ပါး အနေနဲ့ သူတော်စင် ဥယျာဉ်ထဲကို ဝင်နိုင်ပြီး ရှားပါးတဲ့ ဒဏ္ဍာရီလာ ကောင်းကင်အဆင့် ဆေးပင်တစ်ပင်ကို ရခဲ့မယ် ဆိုရင်တော့ သူဟာ သူ့ရဲ့ ကန့်သတ်ချက်တွေကို ကျော်လွှားသွားနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့်လည်း အခု အိပ်မက်ကျွန်းပေါ်ကို ရောက်နေကြတဲ့ မူလပင်လယ် နယ်ပယ် ဘုရင်တွေဟာ ကုဟိုင် တောင်ဆိတ်ကို တွေ့နေတာတောင်မှ လက်လျော့ဖို့ မစဉ်းစားကြတာပါ။
“မသိတော့ဘူးကွာ။ ငါသေမယ် ဆိုရင်လည်း သေပါစေတော့။ ငါဆိုတဲ့ သံလက်ဝါး ဘုရင်က သေမှာကို ဘယ်တုန်းကမှ မကြောက်ဘူးကွ”
စကားသံ ဆုံးတဲ့ နောက်မှာတော့ ဗလတောင့်တောင့်နဲ့ အဆင့်၈ မူလပင်လယ် နယ်ပယ် ဘုရင်တစ်ပါးဟာ လူအုပ်ထဲက ထွက်လာပြီး ကျောက်တံခါးဆီကို ပြေးဝင်သွားပါတော့တယ်။ကြည့်ရတာတော့ သူက သူတော်စင် ဥယျာဉ်အတွက် အသက်ကို စွန့်လွှတ်ဖို့ စိတ်ပိုင်းဖြတ်ပြီးတဲ့ပုံပါပဲ။
ဟူး ...
မျက်စိတစ်မှိတ် အတွင်းမှာပဲ သံလက်ဝါး ဘုရင်ဟာ ကုဟိုင်တောင်ဆိတ်ရဲ့ အနားကို ရောက်သွားခဲ့ပါပြီ။ သူ့ရဲ့ လှုပ်ရှားမှုတွေက လျင်မြန်သွက်လက်ပြီး တိကျသေသပ်မှု ရှိလှတဲ့အတွက် ကုဟိုင်တောင်ဆိတ်ဟာ သံလက်ဝါးဘုရင်ကို သတိတောင် မပြုမိပါဘူး။
ကြည့်ရတာတော့ ကုဟိုင်တောင်ဆိတ်ဟာ ကျိရီခန့်မှန်းထားသလိုပဲ ဆောင်းခိုတဲ့ အခြေအနေကို ရောက်ရှိနေတာ ဖြစ်ရပါမယ်။
ဒါပေမဲ့လည်း ကုဟိုင်တောင်ဆိတ်ဟာ အစွမ်းထက်လွန်းလှတဲ့အတွက် သူ့ရဲ့ အသက်ရှုသွင်းမှုဟာ မြေပြင်ကို ရေခဲပြင်ကြီး အလား ဖြစ်စေပြီး သူ့ရဲ့ အသက်ရှုထုတ်မှုဟာ မြေပြင်ကို ချော်ရည်ပြင်ကြီး အလား ဖြစ်ပေါ်နေစေပါတယ်။
သံလက်ဝါး ဘုရင်ကလည်း ကုဟိုင်တောင်ဆိတ်ဟာ အိပ်ပျော်နေပြီး သူ့ရဲ့ ခန္ဓာကိုယ်က အသက်ရှုတာကို အလိုအလျောက် လုပ်ဆောင်ပေးနေတယ် ဆိုတာကို သတိမပြုမိဘဲ မနေပါဘူး။
အဲသည်အတွက် သူက ကုဟိုင်တောင်ဆိတ်ရဲ့ အသက်ရှုသွင်းမှု နဲ့ အသက်ရှုထုတ်မှုကြားမှာ ဟသွားတဲ့ အချိန်အပိုင်းအစလေးကို သေသေချာချာ တွက်ချက်နေပါတော့တယ်။
ဟူး ...
နောက်ဆုံးမှာတော့ သံလက်ဝါး ဘုရင်ဟာ လှုပ်ရှားလိုက်ပါပြီ။ သူက ကုဟိုင်တောင်ဆိတ်ရဲ့ အသက်ရှုသွင်းမှု အပြီးမှာ ခေတ္တခဏ ရပ်တန့်သွားတဲ့ အခိုက်အတန့်လေးကို သေချာ တွက်ချက်ပြီး လှုပ်ရှားလိုက်တာ ဖြစ်ပါတယ်။
ဟဲ ...
သံလက်ဝါး ဘုရင်ဟာ ကံကောင်းတယ်လို့ ဆိုရမလို၊ ကံဆိုးတယ်လို့လည်း ဆိုရမှာပါပဲ။
သူက ကုဟိုင်တောင်ဆိတ်ရဲ့ အသက်ရှုသွင်းချိန် နဲ့ အသက်ရှုထုတ်ချိန်ကို တိတိကျကျ တွက်ချက်နိုင်ခဲ့ပေမယ့်လည်း သူ့ရဲ့ လှုပ်ရှားမှုဟာ လုံလောက်တဲ့အထိ လျင်မြန်ခြင်း မရှိခဲ့ပါဘူး။
အဲသည်အတွက် သူ့ရဲ့ ခြေထောက်တစ်ဖက်ဟာ ကုဟိုင်တောင်ဆိတ် အသက်ရှုထုတ်ချိန်နဲ့ မိသွားပြီး ပြာအဖြစ် ဘဝ ပြောင်းသွားပါတော့တယ်။
သံလက်ဝါး ဘုရင်ဟာ နာကျင်မှုကြောင့် လန့်ပြီး အော်မိတော့မလို့ပါပဲ။ ဒါပေမဲ့လည်း သူက နာကျင်မှုကို အံကျိတ်ခံပြီး ကျောက်တံခါး အဝကို ရောက်အောင် သွားနိုင်ခဲ့ပါတယ်။
အဲသည်နောက်မှာတော့ သူဟာ ကျောက်တံခါးထဲကို ဝင်သွားပြီး လူအားလုံးရဲ့ မြင်ကွင်းကနေ ပျောက်ကွယ်သွားပါတော့တယ်။
ဒါကြောင့်လည်း သံလက်ဝါး ဘုရင်ဟာ ကံကောင်းတယ်လို့ ဆိုရမလို၊ ကံဆိုးတယ်လို့လည်း ဆိုရမယ်လို့ အစောပိုင်းက ပြောခဲ့တာပါ။
“သံလက်ဝါး ဘုရင်တောင် အောင်မြင်သွားမှတော့ ငါတို့အတွက်လည်း အခွင့်အရေး ရှိတာပဲ”
လူတွေအားလုံးရဲ့ မျက်လုံးတွေကတော့ မျှော်လင့်ချက် ရောင်ခြည်တွေ တောက်လာခဲ့ကြပါပြီ။
တကယ်လို့ သံလက်ဝါး ဘုရင်သာ မအောင်မြင်သွားခဲ့ရင်တော့ သူတို့ဟာ သည်ကိစ္စကို ပြန်စဉ်းစားရင် စဉ်းစားဦးမှာပါပဲ။
ဒါပေမဲ့ သံလက်ဝါး ဘုရင် အောင်မြင်တာကို မြင်ပြီးတဲ့အခါမှာတော့ သူတို့ဟာ သည်ကိစ္စကို လုံးဝ ပြန်မစဉ်းစားကြတော့ပါဘူး။
သူတို့က ကုဟိုင်တောင်ဆိတ်ကို ကျော်ဖြတ်ဖို့ တာစူလာကြပါတယ်။
သူတု့ိဟာ သံလက်ဝါး ဘုရင်လို ခြေထောက် တစ်ဖက် ပြတ်သွားမယ့် အဖြစ်ကိုလည်း လုံးဝ မကြောက်ကြပါဘူး။ တကယ်လို့သာ သူတော်စင် ဥယျာဉ်ထဲကို ဝင်နိုင်မယ် ဆိုရင် သူတို့ဟာ ခြေထောက် နှစ်ဖက်လုံးကိုတောင် ပျော်ပျော်ကြီး ဖြတ်ပစ်လိုက်ကြမှာ ဖြစ်ပါတယ်။
ဝှစ် ...ဝှစ် ...ဝှစ် ...
ရွှီး ...ရွှီး ...ရွှှီး ...
အဲသည်နောက်မှာတော့ အိပ်မက်ကျွန်းပေါ်ကို ရောက်ရှိနေကြတဲ့ မူလပင်လယ်နယ်ပယ် ဘုရင်တွေ အားလုံးဟာ ကုဟိုင်တောင်ဆိတ်ဆီကို တစ်ယောက်ပြီးတစ်ယောက် ပြေးသွားကြပါတော့တယ်။ လီဖူချန်း နဲ့ ရှန်ကောင်းယုတို့ကလည်း အဲသည်လူအုပ်ထဲမှာ အပါအဝင်ပါပဲ။
သိပ်မကြာခင်မှာပဲ သူတို့အားလုံးဟာ ကုဟိုင်တောင်ဆိတ် အိပ်ပျော်နေရာကို ရောက်သွားခဲ့ကြပါပြီ။ သည်နေရာကို အရောက်မှာတော့ သူတို့အားလုံးဟာ အသက်ကိုတောင် ရဲရဲ မရှုဝံ့ကြတော့ပါဘူး။
သူတို့အားလုံးက ကုဟိုင်တောင်ဆိတ်ကို နိုးလာအောင် လုပ်လို့ မရဘူး ဆိုတာကို ကောင်းကောင်းကြီး သိထားကြပါတယ်။ တကယ်လို့ ကုဟိုင်တောင်ဆိတ်သာ နိုးလာလို့ကတော့ သူတို့အားလုံးဟာ အရှင်လတ်လတ် လူအဖြစ်ကနေ ပြာအဖြစ်ကို ဘဝပြောင်းသွားမှာ အသေအချာပါပဲ။
တစ်ချိန်တည်းမှာပဲ သူတို့အားလုံးဟာ တစ်ယောက်အပေါ် တစ်ယောက် အကဲခတ်နေကြပါသေးတယ်။
သူတို့က ဘယ်သူ့ကိုမှ ခြွင်းချက်အဖြစ် ရှေ့ဆုံးကနေ သွားခွင့် မပေးနိုင်ပါဘူး။ တကယ်လို့သာ သူတို့ထဲက လူတစ်ယောက်က ကုဟိုင်တောင်ဆိတ်ကို အစောဆုံး ကျော်ဖြတ်သွားပြီး ကျောက်တံခါးထဲကို ဝင်ခါနီးမှာ အားရပါးရ အော်လိုက်လို့ကတော့ ကျန်တဲ့သူတွေရဲ့ ဘဝမှာ သေချာပေါက် နိဋ္ဌိတံပါပြီ။
“လီဖူချန်း ... ငါ့ဆီမှာ အမြန်နှုန်းကို မြှင့်တင်ပေးတဲ့ တံဆိပ်တော် ရှိတယ်။ ရော့… ယူထားလိုက်”
ကုဟိုင်တောင်ဆိတ် အနားကို ရောက်တဲ့အခါမှာတော့ ရှန်ကောင်းယုက လီဖူချန်းရဲ့ လက်ထဲကို ကျောက်စိမ်း တံဆိပ်တော် တစ်ခု ထိုးထည့်ပေးလာခဲ့ပါတယ်။
မြန်နှုန်းမြင့် တံဆိပ်တော် ...
သည်တံဆိပ်တော်ကတော့ နာမည်အတိုင်း လူတစ်ယောက်ရဲ့ အမြန်နှုန်းကို အဆများစွာ တိုးမြှင့်ပေးနိုင်တဲ့ တံဆိပ်တော်ပါပဲ။ ပြီးတော့ သည်တံဆိပ်တော်ရဲ့ အမြန်နှုန်း တိုးမြှင့်ပေးမှုဟာ ပုံသေ မရှိဘဲ အသုံးပြုသူရဲ့ မူလ အမြန်နှုန်းအပေါ်မှာ မူတည်ပြီး အမြန်နှုန်းကို တိုးမြှင့်ပေးတာ ဖြစ်ပါတယ်။
သည်မြန်နှုန်းမြင့် တံဆိပ်တော်ဟာ ရှားပါးလွန်းလှတဲ့အတွက် ရှန်ကောင်းယုဆီမှာတောင်မှာ နှစ်ခုပဲ ရှိပါတယ်။ အဲသည်အချက်နဲ့တင် ရှန်ကောင်းယုဟာ လီဖူချန်းအပေါ် ဘယ်လောက်အထိ အလေးထားသလဲ ဆိုတာကို သိမြင်နေနိုင်ပါပြီ။
“ကျေးဇူး”
လီဖူချန်းက ရှန်ကောင်းယု ပေးတဲ့ တံဆိပ်တော်ကို မငြင်းပါဘူး။ သူက သူ့ရဲ့ အမြန်နှုန်းဟာ သည်လူစုထဲမှာ အမြန်ဆုံး မဟုတ်ဘူး ဆိုတာကို သိပါတယ်။
ဟူး ... ( အသက်ရှုသွင်းသံ )
ကူဟိုင်တောင်ဆိတ်က အသက်ကို ရှုသွင်းလိုက်တဲ့ အခါမှာတော့ ပတ်ဝန်းကျင် တစ်ခုလုံးရဲ့ အပူချိန်ဟာ အဆပေါင်း ထောင်ချီ နိမ့်ကျသွားခဲ့ပါပြီ။ပြီးတော့ မြေပြင်ပေါ်မှာ ဆိုရင်လည်း ရေခဲပြင်လွှာကြီး တစ်ခုဟာ ရုတ်ချည်း ဖြစ်ပေါ်လာခဲ့ပါတယ်။
ရွှီး ...ရွှီး ...ရွှီး ...ရွှီး ...
အသက်ရှုသံကြီး တဖြည်းဖြည်းနဲ့ တိုးလျသွားတဲ့ အချိန်မှာတော့ မူလပင်လယ်နယ်ပယ် ဘုရင် အုပ်စုကြီးဟာ သူတို့ရဲ့ အမြန်နှုန်းတွေကို ရုတ်ချည်း မြှင့်တင်လိုက်ကြပြီး ကျောက်တံခါး ရှိရာဆီကို ပြေးကြပါတော့တယ်။
သူတို့က သည်အချိန်ကို အသက်တောင် ရဲရဲ မရှုဝံ့ဘဲ စောင့်မျှော်နေကြတာ မဟုတ်ပါလား။
လီဖူချန်းရဲ့ ကျင့်ကြံမှုက မူလပင်လယ် နယ်ပယ် အဆင့်၃ ဖြစ်ကောင်းဖြစ်ပါမယ်။ဒါပေမဲ့ သူ့ရဲ့ ချီအတွင်းအား အရည်အသွေး နဲ့ ပမာဏကတော့ မူလပင်လယ် နယ်ပယ် အဆင့်၈၊အဆင့်၉ ဘုရင်တွေထကိကို လုံးဝ မနိမ့်ကျပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူကျင့်ကြံထားတဲ့ ချီအတွင်းအား ကျင့်စဉ်က ကောင်းကင်အဆင့်နိမ့် မီးတောက်နတ်ဓား ကျင့်စဉ် ဖြစ်နေလို့ပါပဲ။
သူ့ရဲ့ မှော်ဝင်ရတနာဖြစ်တဲ့ လေမိုးကြိုး တောင်ပံကိုပါ ထည့်ပေါင်းလိုက်တဲ့အခါမှာတော့ သူ့ရဲ့ အမြန်နှုန်းဟာ ပျမ်းမျှ အဆင့်မှာ ကောင်းကောင်းကြီး ရှိပါတယ်။ ပြောရမယ် ဆိုရင်တော့ လီဖူချန်းရဲ့ လက်ရှိ အမြန်နှုန်းဟာ အရှေ့ဆုံးမှာ သွားနိုင်နေတဲ့ အမြန်နှုန်း မဟုတ်သလို အနောက်ဆုံးမှာ ကျန်နေခဲ့မယ့် အမြန်နှုန်းလည်း မဟုတ်ပါဘူး။
တခြားတစ်ဖက်မှာတော့ ရှန်ကောင်းယုဟာ လူအုပ်ရဲ့ အရှေ့ခြမ်းနားမှာ ပြေးနေခဲ့ပါတယ်။ သည်လူအုပ်ထဲမှာတော့ သူ့ရဲ့ရှေ့မှာ ပြေးနိုင်တဲ့လူတွေဟာ သိပ်မရှိလှပါဘူး။
ဟဲ ... ( အသက်ရှုထုတ်သံ )
လူအများစုက လမ်းတစ်ဝက်ကို ရောက်တဲ့အခါမှာတော့ ကုဟိုင်တောင်ဆိတ်ဟာ သူ့ရဲ့ အသက်ရှုထုတ်မှု လုပ်ငန်းစဉ်ကို စတင်လာခဲ့ပါပြီ။
ရုတ်တရက် ဆောင့်တက်လာတဲ့ အပူလှိုင်းတွေကတော့ ငရဲပြည်အလားပါပဲ။
လီဖူချန်းက ဘဝတစ်လျှောက်လုံး မီးဓာတ်ကို အားပေးတဲ့ ကျင့်စဉ်ကိုသာ ကျင့်ကြံခဲ့သူ ဖြစ်ပေမယ့် သည်အပူလှိုင်းကိုတော့ လုံးဝ တောင့်မခံနိုင်ပါဘူး။သူက သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးဟာ မီးပင်လယ်ကြီးထဲကို ကျရောက်နေပြီး လောင်ကျွမ်းနေသလို ခံစားနေရပါတယ်။
ရှဲ ...
မူလပင်လယ် နယ်ပယ် ဘုရင်အုပ်စုထဲက အနှေးဆုံး ဘုရင်တစ်ပါးကတော့ တစ်မုဟုတ်ချင်း ပြာအဖြစ်ကို ဘဝပြောင်းသွားခဲ့ပါပြီ။ သူက အော်ဟစ်ဖို့ကိုတောင် အချိန် မရလိုက်ပါဘူး။
ရှဲ ...ရှဲ ...ရှဲ ...
အဲသည်နောက်မှာတော့ နောက်ထပ် မူလပင်လယ် နယ်ပယ် ဘုရင်သုံးပါးဟာ အပူလှိုင်းလုံးကြီးရဲ့ လက်ချက်နဲ့ ပြာအဖြစ်ကို ထပ်မံ ဘဝ ပြောင်းသွားကြပြန်ပါတယ်။
“ငါ ... အောင်မြင်တော့မယ်”
သွေးလက်ချောင်း ဘုရင်ဆိုတဲ့ လူဟာ ကျောက်တံခါးကြီးရဲ့ အဝကို ရောက်ဖို့အတွက် ဘယ်လောက်မှ မလိုတော့ပါဘူး။ အဲသည်အတွက် သူ့ရဲ့ မျက်လုံးတွေဟာ ပီတိတွေ ဝေဖြာနေခဲ့ပါပြီ။
ရှဲ ...
ဒါပေမဲ့ အဲသည်အချိန်မှာပဲ သွေးလက်ချောင်း ဘုရင်ဟာ နာကျင်မှု တစ်ခုကို ရုတ်တရက် ခံစားလိုက်ရပါတယ်။ သူက အနောက်ကို လှည့်ကြည့်လိုက်တဲ့ အခါမှာတော့ အပူလှိုင်းလုံးကြီး တစ်ခုဟာ ကြောက်စရာ အမြန်နှုန်းနဲ့ သူ့နောက်ကို လိုက်လာပြီး သူ့ရဲ့ ချီအကာအကွယ်ကို ဝါးမျို ဖျက်ဆီးလိုက်တာကို တွေ့လိုက်ရပါတယ်။
အဲသည်နောက်မှာတော့ မျက်စိတစ်မှိတ် အတွင်းမှာပဲ သူ့ရဲ့ ခန္ဓာကိုယ် တစ်ဝက်ဟာ ပြာအဖြစ် လောင်ကျွမ်းပြာကျ သွားခဲ့ပြန်ပါပြီ။ သည်နာကျင်မှုကိုက သူ့အနေနဲ့ တောင့်ခံနိုင်ပေမယ့်လည်း သေရတော့မယ် ဆိုတဲ့ ကြောက်ရွံ့မှုကိုတော့ သူက တောင့်မခံနိုင်ပါဘူး။ တစ်ဆက်တည်းမှာပဲ ဆိုးယုတ်လှတဲ့ အတွေးတစ်ခုဟာ သွေးလက်ချောင်း ဘုရင်ရဲ့ ခေါင်းထဲကို ဝင်လာခဲ့ပါတယ်။
' ငါက သေရမှာ သေချာသွားပြီ။ ဒါပေမဲ့ တခြားလူတွေကတော့ သူတော်စင် ဥယျာဉ်ထဲကို ဝင်သွားကြတော့မယ်။ ဒါက ဖြစ်သင့်ရဲ့လား။ မဖြစ်သင့်ဘူး ... ဒါက လုံးဝ မဖြစ်သင့်ဘူး။ ငါတောင် သည်နေရာမှာ သေမှတော့ တခြားလူတွေလည်း သည်နေရာမှာပဲ သေမှ ဖြစ်မယ် '
“အား”
အတွေးဆုံးတဲ့ နောက်မှာတော့ သွေးလက်ချောင်း ဘုရင်ဟာ သူ့ဆီမှာ ကျန်နေသေးတဲ့ ခွန်အားတွေကို ဖျစ်ညှစ်ပြီး အသံနက်ကြီးနဲ့ အားရပါးရ အော်လိုက်ပါတော့တယ်။သူ့ရဲ့ ရည်ရွယ်ချက်ကတော့ အိပ်ပျော်နေတဲ့ ကုဟိုင်တောင်ဆိတ်ကြီးကို နိုးလာဖို့ပါပဲ။
“သောက်ပြသနာပဲဟေ့ ...သည်ခွေးမသားက ငါတို့ကို သူနဲ့အတူ ဆွဲချဖို့ ကြိုးစားနေပြီ”
“ဟာ ... သည်မအေxိုးကတော့”
“ခွေးသူတောင်းစား ... ယုတ်မာလှချည်လား”
အဲသည်အချိန်မှာတော့ လီဖူချန်းနဲ့ တခြား မူလပင်လယ် နယ်ပယ် ဘုရင်တွေဟာ ကျောက်တံခါးနားကို ရောက်လုဆဲဆဲ ဖြစ်နေကြပါပြီ။
သူတို့က သွေးလက်ချောင်း ဘုရင်ရဲ့ ရည်ရွယ်ချက်ကို မရိပ်မိဘဲ မနေကြပါဘူး။ အဲသည်အတွက် သူတို့က သွေးလက်ချောင်း ဘုရင်ကို စိတ်ထဲကနေ ဆဲရေးတိုင်းထွာပြီး သူတို့ရဲ့ အရှိန်ကို မြှင့်လိုက်ကြပါတော့တယ်။
***