← Chapters

လူသားစား အပင်များ

Vol. 46 Ch. 623

လူသားစား အပင်များ

Vol. 46 Ch. 623

အလင်းပေါက်မြွေကို သတ်ပစ်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ အမြစ်မဲ့ပန်းကို အောင်အောင်မြင်မြင် ခူးယူ သွားနိုင်ခဲ့ပါပြီ။

လီဖူချန်းအတွက် နောက်ထပ် ဝမ်းသာစရာ တစ်ခုကတော့ သည်အမြစ်မဲ့ပန်းဟာ သက်တမ်း နှစ်ခြောက်ရာ ရှိနေတာပါပဲ။ အရင်တစ်ခါတုန်းက သူရခဲ့တဲ့ အမြစ်မဲ့ပန်းကတော့ နှစ်ပေါင်း သုံးရာကနေ လေးရာ အတွင်းသာ ရှိတာပါ။

သည်အမြစ်မဲ့ပန်းနဲ့ ဆိုရင်တော့ သူရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ် ကန့်သတ်ချက်ဟာ မူလပင်လယ် အဆင့်၅ နဲ့ အဆင့်၆အထိကို ရောက်သွားနိုင်လောက်တယ်လို့ လီဖူချန်းက ခန့်မှန်းလိုက်မိပါတယ်။

သည်ပြသနာကတော့ လီဖူချန်းနဲ့ တခြား လူအချို့လောက်သာ ကြုံရတဲ့  ရှားပါး ပြသနာပါပဲ။ သာမန် မူလပင်လယ် နယ်ပယ် ဘုရင်တွေ ဆိုရင်တော့ သူတို့ရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ် တောင့်ခံနိုင်စွမ်းနဲ့ ပက်သက်ပြီး စိုးရိမ်နေစရာကို မလိုပါဘူး။ ဘာဖြစ်လို့လဲ ဆိုတာ သူတို့က သူတို့ရဲ့ ကျင့်ကြံခြင်း အဆင့် တစ်ဆင့် တက်ဖို့ကို နှစ်ပေါင်း တော်တော်များများ အချိန်ယူကြရလို့ပါပဲ။

ပြီးတော့ မွေးရာပါ ပင်ကိုပါရမီနဲ့ ပြည့်စုံကြတဲ့ ပါရမီရှင် မူလပင်လယ် နယ်ပယ် ဘုရင်တွေဟာလည်း သူတို့ရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ် ကန့်သတ်ချက်နဲ့ ပက်သက်ပြီး စိုးရိမ်စရာ မလိုပါဘူး။

ဘာဖြစ်လို့လဲ ဆိုတော့ ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ တစ်ခုရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ် ကန့်သတ်ချက်ဟာ မူလပင်လယ် နယ်ပယ် ဖြစ်ပြီး ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ တစ်ခုရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ် ကန့်သတ်ချက်ဟာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဖြစ်နေလို့ပါပဲ။ ကြယ်၉ပွင့် အရိုးတည်ဆောက်ပုံတွေကိုတော့ ထည့်ပြောနေစရာကို မလိုပါဘူး။ သူတို့တွေရဲ့ အရိုးတည်ဆောက်ပုံကြောင့် သူတို့ရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ် ကန့်သတ်ချက်ဟာ သူတော်စင် နယ်ပယ်အထိကို အေးအေးဆေးဆေး တောင့်ခံနိုင်ကြပါတယ်။

သူတို့နဲ့ ယှဉ်မယ် ဆိုရင်တော့ လီဖူချန်းရဲ့ အရိုးတည်ဆောက်ပုံဟာ နိမ့်ကျလွန်းမက နိမ့်ကျလွန်းလှပါတယ်။သူ့အနေနဲ့ သူ့ရဲ့ အရိုးတည်ဆောက်ပုံကို ဆက်ပြီး အဆင့် မြှင့်တင်သွားနိုင်မယ် ဆိုရင်တောင်မှ သူ့ရဲ့ အရိုးတည်ဆောက်ပုံဟာ မွေးရာပါ ပါလာတဲ့ အရိုးတည်ဆောက်ပုံတွေထက် အားနည်းနေဦးမှာပါပဲ။

အဲသည်နောက်မှာတော့ လီဖူချန်းဟာ အမြစ်မဲ့ပန်းကို တစ်ကိုက်တည်းနဲ့ ဝါးစားပစ်လိုက်ပါတယ်။

အမြစ်မဲ့ပန်းရဲ့ အစွမ်းကတော့ အခုချိန်အထိ ကျေနပ်နှစ်သိမ့်ဖွယ် ကောင်းနေဆဲပါပဲ။

အဲဒါက လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲကို ရောက်သွားတာနဲ့ တစ်ပြိုင်နက် ချီစွမ်းအင်စီးကြောင်း တစ်ခုအဖြစ် ပြောင်းသွားပြီး  စွမ်းအင်ဗဟိုချက်မ ပင်လယ်ထဲကို စီးဆင်းသွားပါတော့တယ်။

“တကယ်လို့ ကျင့်ကြံဖို့ အခွင့်အရေး ရခဲ့ရင်တော့ ငါ့အနေနဲ့ မူလပင်လယ် နယ်ပယ် အဆင့်၄ ဒါမှမဟုတ် အဆင့်၅လောက်အထိ သွားလို့ရလောက်ပြီ”

အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံးကို ပိုင်ဆိုင်ထားတဲ့ လီဖူချန်းအတွက်ကတော့ အဆင့်တက်ဖို့ဆိုတာ သိပ်ပြီး ခက်ခဲလှတဲ့အရာ မဟုတ်ပါဘူး။

တကယ်လို့ စွမ်းအင်ဗဟိုချက်မ ပင်လယ် ကန့်သတ်မှု ပြသနာ နဲ့  လူအများရဲ့ သတိပြုမှုကို စိုးရိမ်ဖို့ မလိုလို့ကတော့ လီဖူချန်းဟာ အချိန် အနည်းငယ် အတွင်းမှာပဲ မူလပင်လယ်နယ်ပယ် အဆင့်မြင့်ပိုင်းကို ချိုးဖောက်ဝင်ရောက်နိုင်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ။ အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံး ဆိုတာက မူလပင်လယ် နယ်ပယ် ဘုရင်တွေအတွက် တန်ဖိုးဖြတ်မရတဲ့ ရတနာ ဖြစ်သလို ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေ အတွက်လည်း ရတနာ တစ်ပါး ဖြစ်နေဆဲ မဟုတ်ပါလား။

***

“သတိထား”

ပန်းပင်လယ်ကြီးရဲ့ အပြင်ဘက် ပတ်လမ်း တစ်နေရာကို အရောက်မှာတော့ လီဖူချန်းဟာ ရှန်ကောင်းယုကို ရုတ်တရက် လှမ်းပြီး သတိပေးလိုက်ပါတယ်။

ရှဲ.. ...

သည်နေရာကတော့ ကြီးမားလှတဲ့ အပင်ကြီးတွေ ပေါက်ရောက်နေကြတဲ့ နေရာဖြစ်ပြီး အဲသည် အပင်ကြီးတွေရဲ့  တစ်ပင်နဲ့ တစ်ပင်ကြားက အကွာအဝေးကလည်း အနည်းဆုံး မီတာ တစ်ရာပါပဲ။

ပြီးတော့ အဲသည်အပင်ကြီးတွေရဲ့ ထိပ်ပိုင်းကလည်း  ဟထားတဲ့ ကမာကောင်ကြီးတွေနဲ့ ဆင်တူလှပြီး အထဲမှာလည်း ချျွန်ထက်လှတဲ့ ဆူးချွန်တွေ ရှိနေပါသေးတယ်။

အစောပိုင်းက လီဖူချန်းရဲ့ ရှန်ကောင်းယုအပေါ် သတိပေးမှုဟာ သည်ကမာကောင် ပုံသဏ္ဌာန် အပင်ကြီးတွေကြောင့် ဆိုရင်လည်း မမှားပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲသည်ကမာကောင် ပုံသဏ္ဌာန် အပင်ကြီးတွေထဲက တစ်ပင်ဟာ မြေကြီးထဲကနေ အမြစ်တွေနဲ့အတူ  ရုန်းထွက်လာပြီး ရှန်ကောင်းယုကို လှမ်းဟပ်လိုက်လို့ပါပဲ။

“ကျောက်စိမ်းနက် ကန့်လန့်ကာ”

ရှန်ကောင်းယုကလည်း ကြောင်အမ်းအမ်း ဖြစ်မနေပါဘူး။ သူက လီဖူချန်းရဲ့ သတိပေးသံကို ကြားလိုက်တာနဲ့ တစ်ပြိုင်နက် သူ့ရဲ့ ချီအပြင်အား အကာအကွယ်ကို ထုတ်ပြီး ကမာကောင် ပုံသဏ္ဌာန် အပင်ကြီးရဲ့ လှမ်းဟပ်မှုကို  ကာကွယ်လိုက်ပါတယ်။

ခရက် ...

ဒါပေမဲ့လည်း သူ့ရဲ့ ကာကွယ်မှုက အရင်လိုတော့ သိပ်ပြီး တိကျခြင်း မရှိခဲ့ပါဘူး။ အဲသည်အတွက် ကမာကောင် ပုံသဏ္ဌာန်အပင်ကြီးရဲ့ ဆူးချွန်တွေထဲက အချို့ဟာ ချီအပြင်အား အကာအကွယ်ထဲကို ဖောက်ဝင်သွားနိုင်ခဲ့ကြပါတယ်။

“အညှာအတာမဲ့ မျောလွင့်မီးလျှံ”

အဲသည်အချိန်မှာပဲ လီဖူချန်းက လေထဲကို ခုန်တက်လိုက်ပြီး ဓားချက်တစ်ချက် ထုတ်လိုက်ပါတော့တယ်။

ရွှမ်း ...

ကြက်သွေးရောင် ပိုးကြိုးတစ်ခုဟာ လေထုထဲမှာ   ဖြစ်တည်လာပြီး ကမာကောင် ပုံသဏ္ဌာန် အပင်ကြီးရဲ့ အမြစ်တွေကို ပိုင်းဖြတ်ပစ်လိုက်ပါတော့တယ်။

လီဖူချန်းရဲ့ ဓားချက်က သည်အမြစ်တွေ အကုန်လုံးကိုတော့ မပြတ်သွားစေခဲ့ပါဘူး။ သူ့ရဲ့ ဓားချက်က ကမာကောင် ပုံသဏ္ဌာန် အပင်ကြီးရဲ့ အမြစ်တစ်ဝက်လောက်ကိုသာ ပိုင်းဖြတ်သွားနိုင်ခဲ့တာပါ။

ဒါပေမဲ့လည်း အဲသည်ပြတ်သွားတဲ့ အမြစ်တွေကနေပြီး အစိမ်းရောင်ရင့်ရင့် အရည်တွေ စီးကျနေတာကို ကြည့်ခြင်းအားဖြင့် သည်ကမာကောင် ပုံသဏ္ဌာန် အပင်ကြီးဟာ လီဖူချန်းရဲ့ ဓားချက်ကြောင့်  အတော်လေး ထိခိုက်သွားပြီ ဆိုတာကို သိမြင်နိုင်ပါတယ်။

“သဏ္ဌာန်ငါးမျိုး ဧကရာဇ်လက်သီး၊ ချန်းလျွန် ကကြိုး”

ဘန်း ...

တစ်ချိန်တည်းမှာပဲ ရှန်ကောင်းယုကလည်း သူ့ရဲ့ လက်သီးကွက်ကို ထုတ်သုံးပြီး ကမာကောင် ပုံသဏ္ဌာန် အပင်ကြီးကို အမြစ်ကြီးကနေ ကျွတ်ထွက်သွားစေခဲ့ပါတယ်။

“သဏ္ဌာန်ငါးမျိုး ဧကရာဇ်လက်သီး၊ မျောက်ဝံ”

ဒါပေမဲ့လည်း ရှန်ကောင်းယုရဲ့ ဒေါသက အဲသည်လောက်နဲ့တင် ပြေသေးပုံ မရပါဘူး။ သူက နောက်ထပ် လက်သီးကွက် တစ်ကွက်ကို ထပ်သုံးကာ ကမာကောင် ပုံသဏ္ဌာန် အပင်ကြီးကို ထိုးချလိုက်ပါသေးတယ်။

“အမျိုးယုတ်အပင်  ... နင်ကများ ငါ့ကို စားချင်တယ်ပေါ့လေ”

“သေစမ်း”“သေစမ်း”“သေစမ်း”

ဘုန်း ...ဘုန်း ...ဘုန်း ...

ရှန်ကောင်းယုရဲ့ လက်သီးချက်တွေကတော့ ဇယ်ဆက်သလိုပါပဲ။ သူက သည်ကမာကောင် ပုံသဏ္ဌာန် အပင်ကြီးကို တစ်စစီ ကျေမွသွားအောင်း မလုပ်ရမချင်း ကျေနပ်မယ့်ပုံ မပေါ်ပါဘူး။

သည်ကမာကောင် ပုံသဏ္ဌာန် အပင်ကြီးက သူ့ကို စားဖို့တောင် ကြံရွယ်ရဲမှတော့ သူ့ရဲ့ လက်သီးဒဏ်ကို ခံဖို့အတွက်လည်း ပြင်ဆင်ထားရမှာပါပဲ။

ဘုန်း ...ဘုန်း ...ဘုန်း ...

ကမာကောင် ပုံသဏ္ဌာန် အပင်ကြီးက  ရှန်ကောင်းယုရဲ့ မညှာတမ်း ထိုးနေတဲ့ လက်သီးချက်တွေ အောက်မှာတော့ ဘာမှ မတတ်နိုင်တော့ဘဲ အစိမ်းပုပ်ရောင် အရည်တွေကိုသာ ပန်းထုတ်နေပါတော့တယ်။

ဒါပေမဲ့လည်း သည်အပင်ကြီးက  အသက်ဓာတ် ကုန်ခန်းမယ့်ပုံမှာတော့ လုံးဝ ပေါက်မနေပါဘူး။အဲဒါက သူဟာ အဆင့်မြင့် တာအို ဥပဒေသ တစ်ခုဖြစ်တဲ့ ထာဝရ အသက်ဓာတ် ဥပဒေသကို ပိုင်ဆိုင်ထားမှန်း သိသာလွန်းစေပါတယ်။

ရှန်ကောင်းယုက ဘယ်လောက်ပဲ ဒေါသတကြီးနဲ့ တိုက်ခိုက်နေပါစေ။ အပင်ကြီးကတော့  အလျင်အမြန် ပြန်လည် ကောင်းမွန်လာဦးမှာပါပဲ။

ဒါပေမဲ့လည်း ထာဝရ အသက်ဓာတ် တာအိုဥပဒေသ ဆိုတာက ဖျက်ဆီးလို့ မရတာတော့ မဟုတ်ပါဘူး။ ကျင့်ကြံသူတစ်ယောက်က ထာဝရ အသက်ဓာတ် တာအိုဥပဒေရဲ့ ကန့်သတ်ချက်ကို ကျော်လွန်အောင် ဖျက်ဆီးနိုင်စွမ်း ရှိနေရင်တော့ ထာဝရ အသက်ဓာတ် တာအိုဟာလည်း လက်မြှောက် အရှုံးပေးရမှာပါပဲ။

“သေစမ်း”

ဘုန်း  ...

“သေစမ်း”

ဘန်း ...

“သေစမ်း  ... သေလိုက်စမ်း”

ဆယ့်ငါးမိနစ်လောက် ရှန်ကောင်းယုရဲ့ လက်သီးဒဏ်တွေကို ခံရပြီးတဲ့အခါမှာတော့ ကမာကောင် ပုံသဏ္ဌာန် အပင်ကြီးဟာ အသက်ဓာတ် လုံးဝ ခန်းခြောက်ပြီး သေဆုံးသွားခဲ့ပါပြီ။ ရှန်ကောင်းယုက အပင်တစ်ပင်လုံးကို မွစာကျဲသွားအောင် ထိုးထားပြီးမှတော့  သူ့အနေနဲ့ အသက်ဓာတ် မခန်းခြောက်ရင်လည်း မကောင်းတော့ပါဘူး။

“ကယ်ကြပါ  ... ကယ်ကြပါဦး”

အဲသည်နောက်မှာတော့ လီဖူချန်းတို့ နှစ်ယောက်ဟာ အားယုတ်လျော့နေတဲ့ အကူအညီတောင်းသံ ယဲ့ယဲ့ဲလေး တစ်ခုကို ကြားလိုက်ကြပါတယ်။

အဲသည် အသံရဲ့ မူလ ဖြစ်တည်ရာ နေရာကတော့ လီဖူချန်းတို့နဲ့ မီတာ နှစ်ရာကျော်လောက်ကပါပဲ။ ပြီးတော့ အဲသည်နေရာမှာက အဆက်မပြတ် ခါယမ်းနေရင်တဲ့ ကမာကောင် ပုံသဏ္ဌာန် အပင်ကြီး တစ်ပင်လည်း ရှိနေပါသေးတယ်။

လုံးဝ သံသယ ဝင်နေစရာ မလိုပါဘူး။ သည်အပင်ကြီးက လူတစ်ယောက်ကို အခုလေးတင်ပဲ ဝါးမျိုုထားတာ ဖြစ်ရပါမယ်။

“အဲသည်လူက သံလက်ဝါး ဘုရင်ပဲ”

သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံနဲ့ ဝင်ကြည့်လိုက်တဲ့ အခါမှာတော့ ကမာကောင် ပုံသဏ္ဌာန် အပင်ကြီးရဲ့ ပါးစပ်ထဲမှာ ရှိနေတာက သံလက်ဝါး ဘုရင်ဆိုတာကို လီဖူချန်း အနေနဲ့ သိလိုက်ရပါတယ်။ ပြီးတော့ သံလက်ဝါး ဘုရင်တွေရဲ့ အသားတွေကလည်း ဆွေးမြည့်ပုပ်အက်ပြီး ခန္ဓာကိုယ်ကနေ ကြွေကျကုန်နေပါပြီ။

သည်ကမာကောင် ပုံသဏ္ဌာန် အပင်ကြီးက သူနဲ့ မျိုးနွယ်တူ အပင်ကြီးကို မကူညီတာကလည်း အံ့သြစရာ အကြောင်း မရှိတော့ပါဘူး။ သူကလည်း သံလက်ဝါးဘုရင်နဲ့ အလုပ်များနေတာပါပဲ။

သံလက်ဝါးဘုရင်ကတော့ အသက်ပျောက်နေတာ အတော်လေး ကြာနေခဲ့ပါပြီ။ အစောပိုင်းက ထွက်လာတဲ့ အကူအညီ တောင်းသံကတော့ သူ့ရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ကနေ ထွက်လာတဲ့ အသံပဲ ဖြစ်ပါတယ်။

ကြည့်ရတာကတော့ သည်အပင်ကြီးတွေက  အစစ်အမှန် စိတ်ဝိညာဉ်ကိုတောင် ပိတ်လှောင်ထားနိုင်စွမ်း ရှိပုံပါပဲ။ ဒါကြောင့်လည်း သံလက်ဝါး ဘုရင်ရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ဟာ သူတို့ကို အကူအညီ တောင်းနေတာ ဖြစ်ရပါမယ်။

“တမလွန်မှာ ငြိမ်းချမ်းပါစေ”

လီဖူချန်းက ဆုမွန်ကောင်းတစ်ခု တောင်းပေးလိုက်ပြီး လိပ်ပြာ အသိစိတ် အာရုံ တိုက်ခိုက်မှုနဲ့ သံလက်ဝါး ဘုရင်ရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ကို ဖျက်ဆီးပေးလိုက်ပါတယ်။

ဘန်း ...

ဒါပေမဲ့လည်း လီဖူချန်းရဲ့ ဖျက်ဆီးမှုဟာ အရာ မရောက်ခဲ့ပါဘူး။

ဘာဖြစ်လို့လဲ ဆိုတော့ သူ့ရဲ့ လိပ်ပြာအသိစိတ် အာရုံ တိုက်ခိုက်မှုဟာ ကမာကောင် ပုံသဏ္ဌာန် အပင်ကြီးနားကို မရောက်ခင်မှာတင် ပျက်ပြယ်သွားလို့ပါပဲ။

“သြော် ...မင်းက သည်လို အစွမ်း ရှိတာကို”

လီဖူချန်းက တစ်ခုခုကို သဘောပေါက်သွားခဲ့ပါပြီ။

သည်ကမာကောင် ပုံသဏ္ဌာန် အပင်ကြီးက ပင်ကိုစွမ်းရည်အဖြစ် လိပ်ပြာ အသိစိတ်အာရုံ စက်ကွင်းကို ပိုင်ဆိုင်ထားတာပါပဲ ။ ပြီးတော့ အဲသည်စက်ကွင်းက ခုခံဖို့အတွက် သုံးနိုင်သလို အစစ်အမှန် စိတ်ဝိညာဉ်ကို ပိတ်လှောင်ထားနိုင်စွမ်း ရှိပုံလည်း ရပါတယ်။

“ရှန်ကောင်းယု  ... သွားကြစို့။ သည်အပင်ကြီးနဲ့ တိုက်လို့လည်း ငါတို့အတွက် ဘာမှ အကျိုးရှိမှာ မဟုတ်ဘူး”

ဖြစ်နိုင်ချေတွေကို စဉ်းစားအပြီးမှာတော့ လီဖူချန်းဟာ သံလက်ဝါး ဘုရင်ရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ကို ဥပေက္ခာပြုဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

ဘယ်လိုပဲဖြစ်ဖြစ်   သံလက်ဝါး ဘုရင်က သေပြီးနေခဲ့ပါပြီ။ အဲသည်အတွက် သူတို့အနေနဲ့ သည်ကမာကောင် ပုံသဏ္ဌာန် အပင်ကြီးနဲ့ တိုက်ခိုက်လို့လည်း ဘာမှ ထူးတော့မှာ မဟုတ်ပါဘူး။ အဲဒါက အချိန်ကုန်၊လူပင်ပန်းတာပဲ ရှိမှာပါ။

“လီဖူချန်း ... ငါတို့ရဲ့ လက်ရှိအစွမ်းနဲ့ဆိုရင် သည်နေရာမှာ အသက်ရှင်ကျန်နိုင်ဖို့က သိပ်မဖြစ်နိုင်လောက်ဘူး။ သည်တော့ ငါတို့နှစ်ယောက် နည်းနည်းပါးပါးလောက် ကျင့်ကြံ ကြရအောင်”

ကမာကောင် ပုံသဏ္ဌာန် အပင်ကြီးတွေ ရှိရာကနေ ဖြတ်ကျော်လာအပြီးမှာတော့ ရှန်ကောင်းယုက အကြံတစ်ခု ပေးလာခဲ့ပါတယ်။

အခုဆိုရင် ရှန်ကောင်းယုက နဂါးကြေးခွံ ဆေးပင်တွေကို အတော်အသင့် ရရှိထားခဲ့ ပြီးပါပြီ။ ပြီးတော့ သူ့ဆီမှာက ဝိညာဉ်ခြွေပျားရည်တွေလည်း ရှိနေပါသေးတယ်။ သည်ပစ္စည်းတွေနဲ့ ဆိုရင်တော့ သူဟာ မူလပင်လယ် နယ်ပယ်ရဲ့ ပြီးပြည့်စုံခြင်း အဆင့်ကို ချိုးဖောက်ဝင်ရောက်နိုင်ဖို့ သေချာသလောက်ပါပဲ။

တကယ်လို့သာ သူ့အနေနဲ့  ခန္ဓာကိုယ် အပြင်အား မူလပင်လယ် နယ်ပယ်ရဲ့ ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်သွားပြီ ဆိုရင် သူဟာ  အလယ်အလတ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးကိုတောင် ယှဉ်တိုက်နိုင်လောက်ပါတယ်။

ဒါကြောင့်လည်း သူက လီဖူချန်းကို ကျင့်ကြံကြဖို့အတွက် အကြံ ပေးလိုက်ရတာပါ။

“အင်း ... ငါလည်း အဲဒါပြောဖို့ စဉ်းစားနေတာ။အခုလို နင်အကြံ ပေးလာတော့ ကွက်တိ ဖြစ်သွားတာပေါ့”

လီဖူချန်းက ရှန်းကောင်းယုပေးတဲ့ အကြံကို မငြင်းပါဘူး။အမှန်အတိုင်း ပြောရမယ် ဆိုရင် သူကလည်း ကျင့်ကြံဖို့ စဉ်းစားနေတာပဲ။

သူက ခရမ်းမီးတောက် ပန်းနဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေကို ပူးတွဲ သုံးလိုက်မယ် ဆိုရင် အဆင့်တစ်ဆင့် တက်သွားနိုင်လောက်လား ဆိုတဲ့ အဖြေကို သိချင်နေတာ အတော်လေး ကြာနေခဲ့ပါပြီ။

ပန်းပင်လယ်ကြီးရဲ့ အတွင်းပိုင်းမှာ ရှိတဲ့ လမ်းကြောင်းတွေရဲ့ အကျယ်ဟာ မီတာ တစ်ရာကို မကပါဘူး။

အဲသည်အတွက် သူတို့နှစ်ယောက်ဟာ တခြားနေရာတွေကို ရှာမနေတော့ဘဲ လမ်းပေါ်မှာသာ ထိုင်ချလိုက်ပြီး ကျင်ကြံဖို့ ပြင်စင်ကြပါတော့တယ်။

ခရမ်းမီးတောက်ပန်းက တကယ်တမ်းမှာလည်း တောက်လောင်နေတဲ့ ခရမ်းရောင် ပန်းလေးတစ်ပွင့်ပါပဲ။ အဲသည်ပန်းက နူးညံ့လှတာ မှန်ပေမယ့် ပါးစပ်နဲ့ ပြောပြလို့တောင် မရတဲ့ အပူဓာတ် နဲ့ ချီအရှိန်အဝါကိုလည်း ပေးစွမ်းနေပါသေးတယ်။

လီဖူချန်းက သည်ပန်းကိုတော့ အမြစ်မဲ့ပန်းလို တစ်ကိုက်တည်းနဲ့ မဝါးစားရဲပါဘူး။ အဲသည်အတွက် သူက နှစ်ပိုင်း ပိုင်းလိုက်ပြီး တစ်ပိုင်းချင်းစီသာ ဝါးစားလိုက်ပါတယ်။

ရှဲ ...

တကယ့်ကို တဒင်္ဂလေးပါပဲ။ဒါပေမဲ့လည်း အဲသည် တဒင်္ဂလေး အတွင်းမှာပဲ လီဖူချန်းရဲ့ ခန္ဓာကိုယ် တစ်ခုလုံးဟာ ခရမ်းရောင် မီးတောက်တွေရဲ့ လောင်ကျွမ်းခြင်းကို ခံလိုက်ရပြီး ဒွါရ ခုနစ်ပေါက်ကနေလည်း မီးခိုးတွေ အူထွက်လာခဲ့ပါတယ်။

ရှဲ ...ရှဲ ...ရှဲ ...

တစ်ဆက်တည်းမှာပဲ လီဖူချန်းက သူ့ရဲ့ ခန္ဓာကိုယ် အတွင်းပိုင်းထဲမှာ တစ်ခုခု လောင်ကျွမ်းနေတာကို ခံစားလိုက်ရပါသေးတယ်။ အဲဒါတွေကတော့ နတ်ဓားစွမ်းအင်ရဲ့ မသန့်စင်မှုတွေပါပဲ။

ခရမ်းမီးတောက်ပန်းရဲ့ အဓိက အစွမ်းဟာ ကျင့်ကြံခြင်းကနေ ဖြစ်တည်လာတဲ့ ချီစွမ်းအင်တွေရဲ့ မသန့်စင်မှုတွေကို လောင်ကျွမ်းစေတာ ဖြစ်ပါတယ်။အဲသည်အတွက် သည်ကိစ္စဟာ ဘာမှ အထွေအထူး မဟုတ်လှပါဘူး။

ဒါပေမဲ့လည်း မရှိမဖြစ် လိုအပ်ချက် အနေနဲ့ သည်ပန်းပင်ကို စားသုံးတဲ့သူဟာ မီးတာအို ကျင့်စဉ် ဒါမှမဟုတ် မီးတာအို ဥပဒေသနဲ့ ဆက်နွယ်နေတဲ့ ကျင့်စဉ်ကို ကျင့်ကြံထားသူ ဖြစ်ရပါမယ်။အဲသည်လိုမှ မဟုတ်ရင်တော့ ခရမ်းမီးတောက် ပန်းမှာ ပါတဲ့ မီးတာအို ဥပဒေသတွေဟာ ကျင့်ကြံခြင်းကနေ ဖြစ်တည်လာတဲ့ ချီစွမ်းအင် အဆီအနှစ်တွေကို လောင်ကျွမ်းသွားစေမှာ ဖြစ်ပါတယ်။

တကယ်လို့သာ ရေတာအို ကျင့်စဉ်ကို ကျင့်ကြံထားသူ တစ်ယောက်က ခရမ်းမီးတောက်ပန်းကို စားလိုက်မယ် ဆိုရင်တော့ အဲသည်သူဟာ ရေတာအို ချီအဆီအနှစ်တွေ လောင်ကျွမ်းခံရရုံတင်မက ဘဝ တစ်လျှောက်လုံးမှာလည်း ကျင့်ကြံခြင်း လမ်းစဉ်ပေါ်ကို ဘယ်တော့မှ ပြန်တက်နိုင်တော့မှာ မဟုတ်ပါဘူး။

“အား ... နေလို့ ကောင်းလိုက်တာ”

သူ့ရဲ့ နတ်ဓားစွမ်းအင်တွေကို သန့်စင်ခံရပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ခန္ဓာကိုယ် တစ်ခုလုံး ပေါ့ပါးသွားသလို ခံစားလိုက်ရပါတယ်။ သူ့ရဲ့ ကျင့်ကြံမှုကလည်း အတားအဆီးကို ချိုးဖောက်ပြီး နောက်တစ်ဆင့် တက်ဖို့အတွက် တာစူနေသလိုပါပဲ။

“ငါ့ရဲ့ ခံစားချက် မှန်၊မမှန်ဆိုတာ စမ်းကြည့်ဦးမှ”

အဲသည်နောက်မှာတော့ လီဖူချန်းက အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်ပုံတစ်ခေါင်းကြီးကို ထုတ်လိုက်ပြီး ဝိညာဉ်ချီတွေ စုပ်ယူဖို့ ပြင်ဆင်ပါတော့တယ်။

( note : ရှန်ကောင်းယုက အခုမှ ခန္ဓာကိုယ် အပြင်အား မူလပင်လယ်နယ်ပယ်ရဲ့ အကြို- ပြီးပြည့်စုံခြင်း အဆင့်မှာသာ ရှိပါသေးတယ်။ အရင်အပိုင်းတချို့မှာက ရှန်ကောင်းယုရဲ့ ကျင့်ကြံမှု အဆင့်နဲ့ ပက်သက်ပြီး ကျွန်တော် ဘာသာပြန်တာ မှားသွားခဲ့ပါတယ်။ ကျေးဇူးပြု ပြီး ပြင်ဆင် ဖတ်ရှုပေးကြပါဦး။)

***

All Chapters