← Chapters

စိတ်ဝိညာဉ် ဆင့်ကဲပြောင်းလဲခြင်း

Vol. 46 Ch. 624

စိတ်ဝိညာဉ် ဆင့်ကဲပြောင်းလဲခြင်း

Vol. 46 Ch. 624

ခရက် ...ခရက် ...ခရက် ...

အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေဟာ တစ်တုံးပြီးတစ်တုံး ကွဲအက်သွားခဲ့ပါပြီ။ တစ်ချိန်တည်းမှာပဲ လီဖူချန်းရဲ့ ချီအရှိန်အဝါတွေကလည်း တစ်စထက်တစ်စ အားကောင်းလာခဲ့ပါတယ်။

အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ဆယ်တုံး ...အဆင့်မြင့် ဝိညာဉ်ကျောက်တုံး နှစ်ဆယ် ... အဆင့်မြင့် ဝိညာဉ်ကျောက်တုံး သုံးဆယ်  ...

အဆင့်မြင့် ဝိညာဉ်ကျောက်တုံး သုံးဆယ်ရဲ့ ဝိညာဉ်ချီတွေကို စုပ်ယူပြီးတဲ့ နောက်မှာတော့ လီဖူချန်းက သူ့ရဲ့ ခန္ဓာကိုယ်ဟာ လေမှုတ်ထည့်ခံထားရတဲ့ ပူဖောင်း တစ်လုံးလို ဖောင်းကားလာတာကို ခံစားလာမိပါတယ်။ ကြည့်ရတာတော့ သူ့ရဲ့ ခန္ဓာကိုယ်ထဲက နတ်ဓားစွမ်းအင်တွေဟာ သိပ်ပြီး အစီအစဉ်တကျ ဖြစ်မနေပုံပါပဲ။

အဆင့်မြင့် ဝိညာဉ်ကျောက်တုံး လေးဆယ် ...အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ငါးဆယ် ... အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ခြောက်ဆယ်  ...

လီဖူချန်းရဲ့ ခန္ဓာကိုယ်ဟာ လေတွေ အတင်းအကျပ် ထိုးသွင်း ခံထားရတဲ့ ပူဖောင်းတစ်လုံးနဲ့ မခြားနားတော့ပါဘူး။ သူ့ရဲ့ နတ်ဓားစွမ်းအင်တွေဟာ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ လိုအပ်နေတာထက်ကို စုစည်းမိနေပါပြီ။ လီဖူချန်းအနေနဲ့ သူ့ရဲ့ နတ်ဓားစွမ်းအင်တွေကို တခြားဦးတည်ရာ တစ်ခုဆီကို မြှားဦးလှည့်ကို လှည့်ပေးမှ ရပါတော့မယ်။ အဲသည် လှည့်ရမယ့် မြှားဦးကတော့ ကျင့်ကြံခြင်း နောက်တစ်ဆင့်ဆီကိုပါပဲ။

ဖောင်း ...

အချိန်တွေ ဘယ်လောက်အထိ ကြာလို့ ကြာသွားမှန်း မသိပါဘူး။ ဒါပေမဲ့ လီဖူချန်း အသိဝင်လာတဲ့ အချိန်မှာတော့ သူ့ရဲ့ ခန္ဓာကိုယ်ဟာ ငှက်မွေးတမျှ ပေါ့ပါးနေပြီး အားကောင်းလှတဲ့ စွမ်းအင်တစ်ခုကလည်း သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ လူးလာဆန်ခတ် လျှောက်သွားနေခဲ့ပါပြီ။

မူလပင်လယ် နယ်ပယ် အဆင့်၄  ...

လုံးဝ သံသယ ရှိနေစရာ မလိုပါဘူး။ ဒါက သေချာပေါက် မူလပင်လယ် နယ်ပယ် အဆင့်၄ပါပဲ။

“အဆင့်တစ်ဆင့် တက်ဖို့အတွက် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်ရာပဲ လိုတာလား။ ဒါက ငါထင်သလောက်လည်း မများပါလား”

လီဖူချန်းက မျက်စိဖွင့်လိုက်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။

တခြားတစ်ဖက်မှာတော့ ရှန်ကောင်းယုဟာ သူ့ရဲ့ ကျင့်ကြံမှုကို အဆုံးမသတ်နိုင်သေးပါဘူး။ ဒါပေမဲ့လည်း လီဖူချန်းက ရှန်ကောင်းယုရဲ့ အခြေအနေဟာ တကယ့် အထွတ်အထိပ်ကို ရောက်နေပြီ ဆိုတာကို ကြည့်မြင်နိုင်ပါတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာက  သိပ်သည်းလှတဲ့ အနက်ရောင် ချီစွမ်းအင် စက်ကွင်းကြီးတွေ ဖြစ်တည်နေခဲ့ပြီမလို့ပါပဲ။

“အင်း ... နောက်ဆုံးတော့ သူလည်း အဆင့် တက်တော့မှာပဲ”

ရှန်ကောင်းယုက သူမြင်ဖူးသမျှ ပါရမီရှင်တွေထဲမှာ ထိုးထွင်းသိမြင်မှု အကောင်းဆုံး လူတစ်ယောက် ဖြစ်တယ်ဆိုတာကိုတော့ လီဖူချန်းဟာ လုံးဝ သံသယ မဝင်မိပါဘူး။

ဘာဖြစ်လို့လဲ ဆိုတော့ သူနဲ့ ရှန်ကောင်းယုတို့ရဲ့ အဆင့်တက်မှု ဖြစ်စဉ်တွေဟာ ဆင်တူနေလို့ပါပဲ။

ခန္ဓာကိုယ် အပြင်အားကို သူလေ့ကျင့်တုန်းကဆိုရင် လီဖူချန်းဟာ အဆင့်တက်ခါနီးမှာ မတက်နိုင်ဘဲ တန့်နေတာမျိုးကို တစ်ခါမှ မကြုံဖူးပါဘူး။ သူက လုံလောက်တဲ့ အရင်းအမြစ်တွေကို ရပြီ ဆိုတာနဲ့ တစ်ခါတည်း တန်းပြီး အဆင့် တက်ပစ်လိုက်တာပါပဲ။

အခု သူမြင်နေရတဲ့ ရှန်ကောင်းယုကလည်း အဲသည်လိုပါပဲ။ သူက အဆင့်တက်ခါနီး အချိန်တွေဟာ မတက်နိုင်ဘဲ တန့်နေတာမျိုး လုံးဝ ကြုံဖူးတဲ့ပုံ မပေါ်ပါဘူး။ အဲဒါကတော့ သူဆက်ခံထားတဲ့ မျိုးဆက်သွေးကြောင့်လည်း ဆိုင်ကောင်း ဆိုင်ပါလိမ့်မယ်။

လီဖူချန်း ဖတ်ဖူးတဲ့ ရှေးဟောင်း ကျမ်းစာတွေထဲက အရ ဆိုရင်တော့ ကျင့်ကြံသူ တစ်ဦးဟာ သူတော်စင် နယ်ပယ်ကို တက်လှမ်းသွားနိုင်ပြီ ဆိုတာနဲ့ သူတို့ရဲ့ မျိုးဆက်တွေအပေါ်မှာ ဥပဒေသ စွမ်းအားတစ်ခု ချန်ထားနိုင်စွမ်း ရှိပါတယ်တဲ့။ ပြီးတော့ အဲသည်စွမ်းအားဟာ မျိုးဆက် ကိုးဆက် တိုင်တဲ့အထိ မပျက်ပြယ်နိုင်ပါဘူး။

သူတော်စင် မျိုးဆက်သွေးကို ဆက်ခံထားတဲ့ သူတွေဟာ လမ်းကြောင်းမှန်ပေါ်မှာ သွားနေသရွေ့တော့ အဆင့်တက်တဲ့ နေရာမှာ တန့်နေတာမျိုး မရှိဘဲ တန်းပြီး အဆင့် တက်နိုင်မှာပါပဲ။ သူတို့က နယ်ပယ် တစ်ခုကို အဆင့်တက်တဲ့ အခါမှာသာ  အချိန် အနည်းငယ် တန့်သွားတတ်ကြပါတယ်။

***

အချိန်တစ်နာရီ ကြာပြီးနောက်  ...

ဟူး ...ဟူး ...ဟူး ...

ကြောက်စရာ ကောင်းလှတဲ့ ချီဝိညာဉ် တစ်ခုဟာ  ရှန်ကောင်းယုကို ဗဟိုပြု ပြီး ဖြစ်တည်လာခဲ့ပါပြီ။

သည်ကြောက်စရာကောင်းလှတဲ့ ချီဝိညာဉ်နဲ့ အတွေ့မှာတော့ လီဖူချန်းဟာ သူ့ကိုယ်သူ သိမ်ငယ်သွားသလိုတောင် ခံစားလိုက်ရပါတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ သူက သည်ကိစ္စရဲ့ အရင်းအမြစ်ကို နားလည်လိုက်ပါတယ်။ ဒါက အသက်ဓာတ်အား ကွာခြားခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ပါပဲ။

နယ်ပယ်တူ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံသူ တစ်ယောက်ရဲ့ သက်တမ်းဟာ ချီအတွင်းအား ကျင့်ကြံသူ တစ်ယောက်ရဲ့ သက်တမ်းနဲ့ မကွာခြားပါဘူး။ ဒါက သည်ကမ္ဘာရဲ့ စည်းမျဉ်း သတ်မှတ်ချက်ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ခန္ဓာကိုယ် အပြင်အား ကျင့်ကြံသူ တစ်ယောက်ရဲ့ အသက်ဓာတ်အားကတော့ ချီအတွင်းအား ကျင့်ကြံသူ တစ်ယောက်ရဲ့ အသက်ဓာတ်အားထက်ကို ဆယ်ဆမက ပိုပြင်းပါတယ်။

တကယ်လို့  ခန္ဓာကိုယ် အပြင်အား ကျင့်ကြံသူ တစ်ယောက် နဲ့ ချီအတွင်းအား ကျင့်ကြံသူ တစ်ယောက်ဟာ ပြင်းထန်တဲ့ ဒဏ်ရာကြီး တစ်ခုကို ရလိုက်တယ် ဆိုကြပါစို့။

အဲသည်လိုဆိုရင်တော့ ချီအတွင်းအား ကျင့်ကြံသူဟာ သူ့ရဲ့ ဒဏ်ရာကို တခြားအကူအညီ မယူဘဲ ပျောက်ကင်း သက်သာဖို့အတွက် အချိန်အကြာကြီး ယူရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံသူကတော့ အချိန်အကြာကြီး   ယူဖို့ မလိုပါဘူး။ သူက တစ်ရက်၊နှစ်ရက်လောက်နဲ့တင် လူကောင်းပကတိ ပြန်ဖြစ်လာနိုင်ပါတယ်။

***

ဟူး ...ဟူး ...ဟူး ...

ချီဝိညာဉ်က တဖြည်းဖြည်း အားကောင်းလာခဲ့ပြီး    ကောင်းကင်ပေါ်အထိ ထိုးတက်သွားခဲ့ပါပြီ။ အဲသည်အချိန်မှာပဲ လီဖူချန်းဟာ မှုန်ဝါးဝါး လူရိပ် တစ်ရိပ်ကို လှမ်းမြင်လိုက်ပါတယ်။

အဲသည်လူရိပ်ကတော့ သူတော်စင် ဥယျာဉ်ရဲ့အထက် ကောင်းကင်ပေါ်မှာ ရပ်နေပြီး ရှန်ကောင်းယုကို ငုံကြည့်နေတာ ဖြစ်ပါတယ်။ သူ့ရဲ့ မျက်လုံးတွေကတော့  ခမ်းနားကြီးကျယ် လွန်းလှတဲ့ သူရိယ နေမင်းကြီး နဲ့ စန္ဒာလမင်းကြီးလိုပါပဲ။

“သူတော်စင် မျိုးဆက်သွေး”

အစောပိုင်းတုန်းကတော့ လီဖူချန်းက ရှန်ကောင်းယုဟာ သူတော်စင် မျိုးဆက်သွေးကို ဆက်ခံထားတာ ဖြစ်လောက်တယ်လို့ ခန့်မှန်းရုံတင်  ခန့်မှန်းနိုင်ခဲ့တာပါ။ ဒါပေမဲ့ အခုတော့ သူဟာ ခန့်မှန်းနေစရာ မလိုတော့ပါဘူး။ ရှန်ကောင်းယုက သေချာပေါက် သူတော်စင် မျိုးဆက်သွေးကို ဆက်ခံထားသူပါပဲ။

သူတော်စင် မျိုးဆက်သွေးကို ဆက်ခံထားတဲ့ သူမှပဲ အဆင့်တက်တဲ့ နေရာမှာ ပတ်ဝန်းကျင် တစ်ခုလုံးကို သည်လို အုတ်အုတ်ကျက်ကျက် ဖြစ်သွားအောင် လုပ်နိုင်မှာပါ။

သူတော်စင်ဥယျာဉ်ရဲ့ အထက်မှာ ရှိနေတဲ့ လူရိပ်ဟာ သိပ်ကြာကြာတော့ ရှိမနေခဲ့ပါဘူး။ သူက ပေါ်လာပြီး သိပ်မကြာခင်မှာပဲ ပြန်လည်ပျောက်ကွယ်သွားခဲ့ပါတယ်။

လူရိပ်ပျောက်သွားပြီးတာနဲ့ ဆက်တိုက် ဆိုသလိုမှာပဲ ရှန်ကောင်းယုဟာ မျက်စိ ပွင့်လာခဲ့ပါပြီ။

“ဟား ...ဟား ...  နောက်ဆုံးတော့ ငါအဆင့်တက်သွားပြီကွ”

ရှန်ကောင်းယုက အဆင့်တက်သွားတဲ့ အတွက် ဘယ်လောက်တောင် ပျော်နေတယ် မသိပါဘူး။ သူက သူ့ရဲ့ မူရင်း ရုပ်သွင်ကိုတောင် ပြန်ပြောင်းလိုက်ပါသေးတယ်။

အခုဆိုရင် သူရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုဟာ မူလပင်လယ် နယ်ပယ်ရဲ့ ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်ရှိသွားခဲ့ပါပြီ။ အဲသည်အတွက် သူက လီဖူချန်းရဲ့ အကူအညီ မပါရင်တောင်မှ နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ကို လက်ရည်တူ ယှဉ်နိုင်တော့မှာ အသေအချာပါပဲ။

“လီဖူချန်း ... နင် ...နင်ကော အဆင့်တက်သွားတာလား”

အဆင့်တက်သွားလို့ အပျော်ကြီး ပျော်နေတဲ့ ရှန်ကောင်းယုဟာ လီဖူချန်းကို ကြည့်မိလိုက်တဲ့ အခါမှာတော့ မျက်လုံး ပြူ းသွားခဲ့ပါတယ်။

သူက မူလပင်လယ် နယ်ပယ် အဆင့်၁ကနေ မူလပင်လယ် နယ်ပယ် အဆင့်၄အထိ ရောက်ဖို့အတွက် လပေါင်းအနည်းငယ်သာ အချိန်ယူရတဲ့သူကို တစ်ခါမှ မတွေ့ဖူးခဲ့ပါဘူး။

သူကိုယ်တိုင်တောင်မှ ၈ဆက်မြောက် သူတော်စင် မျိုးဆက်သွေးကို ဆက်ခံထားတဲ့အတွက် သည်လောက် မြန်မြန် အဆင့်တက်နိုင်ခဲ့တာပါ။

သူ့ရဲ့ ဘိုးဘေးကတော့ မဟူရာလို့ အမည်ရတဲ့ သူတော်စင်ပါပဲ။

မဟူရာ သူတော်စင် ရှိနေတုန်းက ဆိုရင် ရှန်ကောင်းကလန်ဟာ ကုန်းမြေတိုက် အများအပြားကို အုပ်စိုးခဲ့ကြသူတွေပါ။ သူတို့က သည်ကမ္ဘာကြီးပေါ်က ထိပ်တန်း ကလန်တစ်ခု ဆိုရင်လည်း မမှားပါဘူး။

ဒါပေမဲ့လည်း ကြောက်စရာ ကောင်းလှတဲ့ သူတော်စင် စစ်ပွဲကြီး တစ်ခု အတွင်းမှာတော့ မဟူရာ သူတော်စင်ဟာ အစအန ရှာမရအောင်ပျောက်ကွယ်သွားခဲ့ပါတယ်။ အဲသည်အချိန်ကစပြီး ရှန်ကောင်းကလန်ဟာလည်း ဆုတ်ယုတ်လာခဲ့တာပါပဲ။

' လီဖူချန်းကကော ငါ့လို သူတော်စင် မျိုးဆက်သွေးကို ဆက်ခံထားတာများလား '

ဒါကတော့ လီဖူချန်း အဆင့်တက်သွားတာကို သိပြီးတဲ့နောက်မှာ ပထမဦးဆုံး အနေနဲ့ ရှန်ကောင်းယု တွေးမိလိုက်တာပါပဲ။

“အင်း ... ငါနည်းနည်းပါးပါး ကျင့်ကြံကြည့်လိုက်တော့ အဆင့်တက်တော့မယ်လို့ ခံစားလိုက်ရတယ်လေ။ အဲသည်တော့ ငါလည်း စမ်းပြီး အဆင့် တက်ကြည့်လိုက်တာ။ ကြည့်ရတာ ငါ ကံကောင်းသွားတယ် ... ထင်ပါရဲ့”

လီဖူချန်းက ရယ်ကျဲကျဲနဲ့ ပြန်ဖြေလာခဲ့ပါတယ်။

လီဖူချန်းရဲ့ အဖြေက လုံးဝမမှားပါဘူး။သူ့အနေနဲ့ သည်တစ်ခေါက် အဆင့်တက်သွားတာဟာ ကံကောင်းလို့ပဲ ဖြစ်ပါတယ်။

တကယ်လို့  အမြစ်မဲ့ပန်း နဲ့ ခရမ်းမီးတောက် ပန်းပင်သာ မရှိဘူး ဆိုရင်တော့ သူဟာ သည်လောက်မြန်မြန် အဆင့်တက်နိုင်မှာ မဟုတ်ပါဘူး။

...

သူတော်စင် ဥယျာဉ်ထဲမှာက မရေမတွက်နိုင်တဲ့ ဆေးပင်တွေ ရှိပါတယ်။ အဲသည်အတွက် နောက်ထပ် တစ်ပတ် အကြာမှာတော့ လီဖူချန်း နဲ့ ရှန်ကောင်းယုတို့ ကောင်းကင်အဆင့်နိမ့် ဆေးပင် တစ်ဒါဇင်ကျော်ကို ပိုင်ဆိုင်သွားခဲ့ကြပါပြီ။

ဒါပေမဲ့လည်း သူတို့က ကောင်းကင် အလယ်အလတ် အဆင့် ဆေးပင်တွေကိုတော့  အခုချိန်အထိ တစ်ပင်မှ မတွေ့သေးပါဘူး။

သေသေချာချာ စဉ်းစားကြည့်မယ် ဆိုရင်တော့ ဒါကလည်း လက်သင့် ခံနိုင်စရာပါပဲ။

ကောင်းကင် အလယ်အလတ် အဆင့် ဆေးပင်တွေ နဲ့  ကောင်းကင် အဆင့်နိမ့် ဆေးပင်တွေ ဆိုတာက အဆင့်တစ်ခုသာ ကွာခြားပေမယ့် သူတို့ရဲ့ တန်ဖိုးနဲ့ အသုံးဝင်မှုကတော့ ဆယ်ဆမက ကွာခြားနေကြတာ မဟုတ်ပါလား။

“လီဖူချန်း… ဟို…ဟိုဘက်မှာ အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင်”

“အင်း ...”

သည်လိုနဲ့ပဲ တစ်နေ့မှာတော့ လီဖူချန်းတို့ နှစ်ယောက်ဟာ အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင် တစ်ပင်ကို တွေ့သွားခဲ့ကြပါပြီ။

“သည်ဆေးပင်ကို ငါဘာလုပ်သင့်သလဲ”

“ငါနည်းနည်းလောက်တော့ စားကြည့်သင့်တယ် ထင်တယ်”

ဆေးပင်ကို တူးယူပြီးတဲ့ နောက်မှာတော့ လီဖူချန်းက ဝေခွဲမရ ဖြစ်လာခဲ့ပါတယ်။

တန်ဖိုးအရ ဆိုရင်တော့ အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင်တွေဟာ  ကောင်းကင် အလယ်အလတ် အဆင့် ဆေးပင်တွေထက် လုံးဝ မနိမ့်ကျပါဘူး။ ဒါပေမဲ့လည်း လီဖူချန် နားမလည်နိုင်တာက သည်ဆေးပင်တွေဟာ ဘာဖြစ်လို့ လူတွေကို စွဲလန်းရူးသွပ် စေသလဲ ဆိုတာပါပဲ။

“သည်ဆေးပင်က အရွက်တစ်ရွက်လောက် ခူးစားတာကတော့ ဘာပြသနာမှ မဖြစ်လောက်ဘူးကွာ”

လီဖူချန်းက ရွှေရောင် လက်ဖွဲ့အဆောင် နဲ့ ခရမ်းရောင်ဖျော့ဖျော့ စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ထားတဲ့ သူ့လိုလူဟာ စိတ်ဝိညာဉ် ဆေးပင်ကို စွဲလန်း၊ယစ်မူး သွားလိမ့်မယ်လို့ လုံးဝ မယုံကြည်ပါဘူး။

အဲသည်အတွက် သူဟာ အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင်က အရွက် တစ်ရွက်ကို ခူးစားလိုက်ပါတော့တယ်။

“အား ... စိတ်ကို လန်းဆန်းသွားတာပဲ”

အဲသည်နောက်မှာတော့ ထူးဆန်းလှတဲ့ ချီအရှိန်အဝါ တစ်ခုဟာ လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲမှာ ရုတ်ချည်း ဖြစ်တည်လာပြီး သူ့ရဲ့ စိတ်နယ်ပယ်ထဲက စိတ်ဝိညာဉ်ဆီကို တိုးဝင်သွားခဲ့ပါပြီ။

တစ်ချိန်တည်းမှာပဲ လီဖူချန်းက သူ့ရဲ့ စိတ်တွေဟာ လန်းဆန်းတက်ကြွလာပြီး သူ့ရဲ့ တွေးခေါ်နိုင်စွမ်းဟာလည်း ပိုမို မြန်ဆန်လာတာကို သတိပြုမိလိုက်ပါတယ်။

ရှန်ကောင်းယုကတော့ စိုးရိမ်နေတဲ့ အမူအယာနဲ့ လီဖူချန်းကို သတိပေးနေပါတယ်။

“လီဖူချန်း ... နင်သည်အရွက်တွေကို အများကြီး စားလို့ မရဘူးနော်။ ဧကရာဇ်ကောင်းကင်တိုက်မှာက သည်ဆေးပင်ကို မစွဲလန်းပါဘူးလို့ သူတို့ကိုယ်သူတို့ ယုံကြည်ချက် ရှိပြီး စမ်းကြည့်ခဲ့တဲ့လူတွေ အများကြီး ရှိတယ်။ဒါပေမဲ့ နောက်ဆုံးတော့လည်း သူတို့အားလုံးက သည်ဆေးပင်ကို စွဲလန်းသွားကြတာပဲ။သည်ဆေးပင်ကို စွဲလန်းသွားကြတဲ့ သူတွေက ယဉ်းထပြီဆိုရင်  စိတ်ဝိညာဉ် ဆေးပင် စားတာမျိုး  ဒါမှမဟုတ် စိတ်ဝိညာဉ် ဆေးရည်ကို သောက်တာမျိုးကို လုပ်ကို လုပ်ရတယ်။ အဲသည်လို မလုပ်ဘူး ဆိုရင်တော့ သူတို့က သွေး၊လေ ဖောက်ပြန်ပြီး ရူးသွားကြတာပဲ။ ငါက သည်ဆေးပင်ကြောင့် ကိုယ့်ဇနီး နဲ့ ကိုယ့်ကလေးကိုတောင် ပြန်သတ်တဲ့ လူတစ်ယောက် အကြောင်းတောင် ကြားဖူးတယ်”

“မစိုးရိမ်ပါနဲ့ … ရှန်ကောင်းယု။ သည်အရွက်လေး တစ်ရွက်က ငါ့အပေါ် ဘာသက်ရောက်မှုမှ မရှိနိုင်ပါဘူး”

လီဖူချန်းကတော့ သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ပါပဲ။

သူမှ မဟုတ်ပါဘူး။ တကယ်လို့ တခြားတစ်ယောက်က သူ့လို ရွှေရောင်လက်ဖွဲ့ အဆောင်နဲ့ ခရမ်းဖျော့ စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ထားရင်လည်း အဲသည်သူဟာ သည်စိတ်ဝိညာဉ် ဆေးပင်တွေရဲ့ ရူးသွပ်စွဲလန်းစေမှုကို လုံးဝ ဂရုစိုက်မှာ မဟုတ်ပါဘူး။

ထူးဆန်းလှတဲ့ ချီအရှိန်အဝါ ပျောက်ကွယ်သွားတဲ့  အခါမှာတော့ လီဖူချန်းက သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံကို သုံးပြီး သူ့ရဲ့ စိတ်ဝိညာဉ် ဘာပြောင်းလဲသွားသလဲ ဆိုတာကို လှမ်းစစ်ဆေးလိုက်ပါတယ်။

“ဟင်”

လီဖူချန်းက အတော်လေးကို အံ့အားသင့်သွားမိတယ်လို့ ဝန်ခံရမှာပါပဲ။

သူမှတ်မိသလောက် ဆိုရင်တော့  သူ့ရဲ့ ခရမ်းဖျော့ရောင် စိတ်ဝိညာဉ်ဟာ ခရမ်းရောင်ဘက်ကို ၄၀ ရာခိုင်နှုန်းလောက်သာ ပြောင်းနေသေးတာပါ။ ဒါပေမဲ့ အခုတော့ သူ့ရဲ့ စိတ်ဝိညာဉ်ဟာ ခရမ်းရောင်ဘက်ကို ၅၀ ရာခိုင်နှုန်း ပြောင်းနေခဲ့ပါပြီ။

“သည်စိတ်ဝိညာဉ် ဆေးပင်တွေက စိတ်ဝိညာဉ် ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်ရဲ့ အမြန်နှုန်းကို မြှင့်ပေးနိုင်တာလား”

လီဖူချန်းက စိတ်ထဲမှာ တွေးမိလိုက်ပါတယ်။

“မဟုတ်သေးပါဘူး။ တကယ်လို့ စိတ်ဝိညာဉ် ဆေးပင်က စိတ်ဝိညာဉ် ဆင့်ကဲပြောင်းလဲမှုကို သက်ရောက်နိုင်စွမ်း ရှိရင် လူတွေအကုန်လုံး သိနေရမှာပေါ့။ ဒါက လ့ဝှက်ထားလို့ ရတာမျိုးမှ မဟုတ်တာ”

“ဟာ ...ကြာပါတယ်ကွာ။ ငါ့ဆီမှာ ဆေးပင် တစ်ပင်လုံး ရှိနေတာကို ဘာလို့ ခေါင်းကိုက်ခံပြီး စဉ်းစားနေရာမှာလဲ။ နောက်တစ်ရွက် စားလိုက်ရင် အဖြေပေါ်ပြီ မဟုတ်လား”

လီဖူချန်းက သူ့ဆီမှာ အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင် တစ်ပင်လုံး ရှိနေမှတော့ ခေါင်းအရှုပ်ခံပြီး စဉ်းစား မနေတော့ပါဘူး။ သူက သည်ကိစ္စကို အတည်ပြုဖို့အတွက် အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင်က နောက်ထပ် အရွက် တစ်ရွက်ကို ကေက်ဝါးလိုက်ပါတော့တယ်။

သည်တစ်ကြိမ်မှာတော့ သူက သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံနဲ့ စိတ်နယ်ပယ်ထဲမှာ ပြောင်းလဲသွားတာ မှန်သမျှကို အသေးစိတ် စောင့်ကြည့်တော့မှာ ဖြစ်ပါတယ်။

ရှီး ...

လီဖူချျန်းရဲ့ လိပ်ပြာ အသိစိတ်အာရုံ စောင့်ကြည့်နေစဉ်မှာပဲ ထူးဆန်းလှတဲ့ ချီအရှိန်အဝါ တစ်ခုဟာ စိတ်နယ်ပယ်ထဲကို ဝင်ရောက်လာခဲ့ပါပြီ။

ဒါပေမဲ့ အဲသည် ချီအရှိန်အဝါဟာ စိတ်ဝိညာဉ်ရဲ့ စုပ်ယူခြင်းကို ခံလိုက်ရတာ မဟုတ်ပါဘူး။ သူ့ရဲ့ စိတ်နယ်ပယ်ထဲမှာ ရှိနေတဲ့ ရွှေရောင် လက်ဖွဲ့အဆောင်က အဲသည် ချီအရှိန်အဝါကို အရင်ဦးဆုံး စုပ်ယူလိုက်ပြီး ပြန်ထွက်လာတဲ့ ချီအရှိန်အဝါကိုမှ စိတ်ဝိညာဉ် ဆီကို တဆင့် ပြန်လည် လွှဲပြောင်းကာ စုပ်ယူခွင့် ပေးလိုက်တာ ဖြစ်ပါတယ်။

မျက်လုံးထဲ မြင်အောင် ပြောရမယ် ဆိုရင်တော့ သည်ရွှေရောင် လက်ဖွဲ့အဆောင်ဟာ ရေစစ်တစ်ခုလို မကောင်းတဲ့ အညစ်အကြေးတွေကို စစ်ထုတ်ပေးနေတာပါပဲ။

“လက်စသတ်တော့ သည်လိုကိုး”

လီဖူချန်းက အကြောင်းအရင်းကို သဘောပေါက်သွားခဲ့ပါပြီ။

ရွှေရောင်လက်ဖွဲ့ အဆောင်က စိတ်ဝိညာဉ်အတွက် အညစ်အကြေးတွေကို စစ်ထုတ်ပေးနေမှတော့ သူ့အနေနဲ့ သည်ဆေးပင်ကို ယစ်မူးစွဲလန်းသွားဖို့ ဆိုတာဟာ မဖြစ်နိုင်တော့ပါဘူး။ပြီးတော့ ရွှေရောင် လက်ဖွဲ့အဆောင်က ပြန်လည် လွှဲပြောင်းပေးလိုက်တဲ့ ချီအရှိန်အဝါဟာ သန့်စင်လွန်းလှတဲ့အတွက် သူ့ရဲ့ စိတ်ဝိညာဉ် ဆင့်ကဲပြောင်းလဲမှုနှုန်းဟာ ပိုမြန်လာတာ ဖြစ်ရပါမယ်။

“သည်ဆေးပင်က ငါ့ရဲ့ စိတ်ဝိညာဉ်ကို ဆင့်ကဲပြောင်းလဲမှုကို ဘယ်လောက်အထိ အထောက်အပံ့ ပေးနိုင်သလဲ ဆိုတာကို စမ်းကြည့်မှ”

အဲသည်နောက်မှာတော့ လီဖူချန်းဟာ ရှန်ကောင်းယု သတိမပြုမိတဲ့ အချိန်ကို စောင့်ပြီး ကျန်နေသေးတဲ့  အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင် တစ်ပင်လုံးကို  ဝါးစားလိုက်ပါတော့တယ်။

***

All Chapters