← Chapters

အဆင့်တက်သွားတဲ့ မျောလွင့်မီးလျှံ

Vol. 46 Ch. 625

အဆင့်တက်သွားတဲ့ မျောလွင့်မီးလျှံ

Vol. 46 Ch. 625

၇၀ ရာခိုင်နှုန်း ... ၈၀ ရာခိုင်နှုန်း ... ၉၀ ရာခိုင်နှုန်း  ... ၉၉ ရာခိုင်နှုန်း ...

အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင် တစ်ပင်က လီဖူချန်းရဲ့ ခရမ်းနုရောင် စိတ်ဝိညာဉ်ကို  ၄၀ ရာခိုင်နှုန်းကနေ ၉၉ ရာခိုင်နှုန်းအထိ ခရမ်းရောင် ဖြစ်သွားစေခဲ့ပါပြီ။ သူက အခုဆိုရင် သူ့ရဲ့ စိတ်ဝိညာဉ် နောက်တစ်ဆင့် ဆင့်ကဲပြောင်းလဲဖို့အတွက် ခြေလှမ်း တစ်လှမ်းလောက်သာ လိုပါတော့တယ်။

လီဖူချန်းကလည်း သူ့ရဲ့ စိတ်ဝိညာဉ် နောက်တစ်ဆင့်ကို ဆင့်ကဲပြောင်းလဲသွားရင် ဘယ်လို ဖြစ်လာမလဲ ဆိုတာကို တွေးပြီး အတော်လေး စိတ်လှုပ်ရှားနေခဲ့ပါပြီ။

ပြောရမယ် ဆိုရင်တော့ စိတ်ဝိညာဉ် ဆင့်ကဲပြောင်းလဲမှု မဖြစ်ခင်ကတည်းက သူ့ရဲ့ ထိုးထွင်းသိမြင်မှုဟာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေနဲ့ ယှဉ်နိုင်နေခဲ့တာပါ။ သည်အပိုင်းမှာတော့ ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေတောင်မှ သူ့ကို မယှဉ်နိုင်ပါဘူး။လက်ရှိမှာတော့  သူ့ရဲ့ ထိုးထွင်းသိမြင်မှုကို ယှဉ်နိုင်တဲ့ သူတွေဟာ ဒဏ္ဍာရီထဲက ကြယ်၉ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေသာ ရှိပါတော့မယ်။

တကယ်လို့သာ သူ့ရဲ့ စိတ်ဝိညာဉ်က ဆင့်ကဲပြောင်းလဲပြီး နောက်ထပ် အဆင့်တစ်ဆင့်ကို တက်သွားမယ် ဆိုရင်တော့ သူ့ရဲ့ ထိုးထွင်းသိမြင်မှုဟာ ဘယ်လောက်အထိ အစွမ်းထက်သွားမလဲ ဆိုတာကို လီဖူချန်း ကိုယ်တိုင်တောင်မှ မမှန်းဆနိုင်တော့ပါဘူး။ ဒါကြောင့်လည်း သူက အတော်လေး စိတ်လှုပ်ရှားနေခဲ့တာ ဖြစ်ပါတယ်။

“အခု ငါ့အတွက် အလိုအပ်ဆုံး အချက်က နောက်ထပ် အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင် တစ်ပက် ထပ်ရှာတွေ့ဖို့ပဲ”

လီဖူချန်းက  စိတ်ခံစားချက်တွေကို ထိန်းချုပ်ပြီး စိတ်ထဲကနေ သူ့ကိုယ်သူ သတိပေးလိုက်ပါတယ်။

နောက်ထပ် နေ့တွေမှာတော့ လီဖူချန်းဟာ အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင်ကို သဲကြီးမဲကြီး ရှာပေမယ့်လည်း ကံဆိုးစွာနဲ့ တစ်ပင်မှ မရှာတွေ့ခဲ့ပါဘူး။ အဲသည်အစား သူက အလယ်အလတ် အဆင့် စိတ်ဝိညာဉ် ဆေးပင် သုံးပင်ကိုသာ ရှာတွေ့ခဲ့ပါတယ်။

ဒါပေမဲ့လည်း အလယ်အလတ် အဆင့် စိတ်ဝိညာဉ် ဆေးပင် တစ်ပင်ရဲ့ အစွမ်းက အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင် တစ်ပင်ရဲ့ တစ်ရာပုံ တစ်ပုံတောင် မရှိပါဘူး။ အဲဒါက လီဖူချန်းအတွက် လုံးဝ အမှိုက်ပါပဲ။

“လီဖူချန်း  ... မလောနဲ့  ... မလောနဲ့။ မင်းရဲ့ စိတ်ဝိညာဉ်က ဆင့်ကဲပြောင်းလဲဖို့အတွက် နောက်ထပ် ခြေလှမ်း သေးသေးလေး တစ်လှမ်းပဲ လိုတော့တာ။ တကယ်လို့ မင်းအနေနဲ့ အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင်ကို မစားရလည်း မင်းရဲ့ စိတ်ဝိညာဉ်က အချိန်တန်ရင် ဆင့်ကဲပြောင်းလဲသွားမှာပဲ။ အဲသည်တော့ မင်းအနေနဲ့ စိတ်ရှည်မှ ရမယ်”

အချိန်တွေ အတော်လေး ကုန်သွားတဲ့ နောက်မှာတော့ လီဖူချန်းဟာ အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင်နဲ့ ပက်သက်ပြီး စိတ်လျော့လိုက်ပါတော့တယ်။

သူ့အနေနဲ့ နောက်ထပ် အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင်ကို မတွေ့လည်း ဘာအရေးလဲ။ သူ့ရဲ့ စိတ်ဝိညာဉ်ကတော့ အချိန်တန်ရင် ဆင့်ကဲပြောင်းလဲ သွားဦးမှာပါပဲ။ အဲဒါက အချိန် နည်းနည်းလေး နောက်ကျသွားတာပဲ ရှိမှာပါ။

ကောင်းကင်ဘုံက လီဖူချန်းကို နောက်ပြောင်ရတာ စိတ်ဝင်စားနေသလားတော့ မသိပါဘူး။ သူက အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင် အပေါ် စိတ်လျော့လိုက်တဲ့ အချိန်မှပဲ ဒုတိယမြောက် အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင်ဟာ သူ့ရဲ့ ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာပါတော့တယ်။

"အ ...အ ... အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင်”

လီဖူချန်းရဲ့ အနည်ထိုင်သွားတဲ့ စိတ်လှုပ်ရှားမှုတွေဟာ နောက်ထပ်တစ်ကြိမ် ပြန်ဖြစ်တည်လာခဲ့ ပြန်ပါပြီ။

သည်ကမ္ဘာပေါ်မှာ လီဖူချန်းကို အခုလို နေမထိ၊ထိုင်မသာ စိတ်လှုပ်ရှားအောင် လုပ်နိုင်တဲ့  အရာက နှစ်ခုပဲ ရှိပါတယ်။အဲသည်နှစ်ခုကတော့ ရွှေရောင် လက်ဖွဲ့အဆောင် နဲ့ သူ့ရဲ့ စိတ်ဝိညာဉ်ပါပဲ။

အဲသည်အရာ နှစ်ခု ဆိုတာက သူ့ကို အခုလက်ရှိ လီဖူချန်း ဖြစ်လာခဲ့စေတဲ့ အဓိက အကြောင်းအရင်း နှစ်ခု မဟုတ်ပါလား။

အဲသည်နောက်မှာတော့ လီဖူချန်းဟာ အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင်ကို ရှန်ကောင်းယု မရိပ်မိအောင် တူးယူလိုက်ပြီး တစ်ပင်လုံးကို တိတ်တိတ်ကလေး ဝါးစားလိုက်ပါတော့တယ်။

ရွှေရောင်လက်ဖွဲ့ အဆောင်ကတော့ ထုံးစံအတိုင်း  စိတ်ဝိညာဉ် ဆေးပင်ကနေ ထွက်လာတဲ့ မသန့်စင်မှုတွေကို စစ်ထုတ်ပေးနေဆဲပါပဲ။

ချွင် ...

နောက်ဆုံးမှာတော့ ခရမ်းနုရောင် ကွက်ကွက်ကလေး ကျန်နေတဲ့ လီဖူချန်းရဲ့ စိတ်ဝိညာဉ်ဟာ ခရမ်းရောင် အဖြစ်ကို လုံးလုံးလျားလျား ကူးပြောင်းသွားခဲ့ပါပြီ။

“အား ...ဘာ ...ဘာဖြစ်နေတာလဲ”

နောက်ဆုံးကျန်ရှိနေတဲ့ ခရမ်းနုရောင် အကွက်လေးက ခရမ်းရောင်ဘက်ကို ကူးပြောင်းသွားတာနဲ့ တစ်ပြိုင်နက် လီဖူချန်းဟာ ခေါင်းတဆစ်ဆစ် ကိုက်ခဲလာပါတော့တယ်။ အဲဒါက သူ့ရဲ့ခေါင်းကို   လူတစ်ယောက်က တူနဲ့ အဆက်မပြတ် ထုရိုက်နေသလိုပါပဲ။

သူ့ရဲ့ စိတ်နယ်ပယ်ထဲမှာတော့ သန်းနဲ့ချီတဲ့ လျှပ်စစ် စီးကြောင်းလေးတွေဟာ နေရာအနှံ့ ခေါက်တုံ့ခေါက်ပြန်  သွားလာ လှုပ်ရှားနေကြပါပြီ။တစ်ချိန်တည်းမှာပဲ သူ့အနေနဲ့ တစ်ခါမှ မရခဲ့ဘူးတဲ့ အကြံဉာဏ်တွေဟာ သူ့ရဲ့ ခေါင်းထဲကို ဆက်တိုက်ဆိုသလို စီးဝင်လာခဲ့ပါတယ်။ သည်ဖြစ်စဉ်က သူ့ရဲ့ ဖြစ်တည်မှု တစ်ခုလုံးကို နောက်ထပ် အဆင့်တစ်ဆင့် မြှင့်တင်ပေးလိုက်သလိုပါပဲ။

“စိတ်ဝိညာဉ်က လူသားခန္ဓာကိုယ်ရဲ့ တကယ့် အစစ်အမှန် အရင်းအမြစ် တစ်ခုပဲ”

လီဖူချန်းက သည်စကားကို ကောင်းကောင်းကြီး နားလည် သဘောပေါက်သွားခဲ့ပါပြီ။

စိတ်ဝိညာဉ် ပိုအစွမ်းထက်လာလေလေ၊ အဲသည်လူဟာ ပြသနာ တစ်ခုကို ဖြေရှင်းတဲ့ အခါမှာ မတူညီတဲ့ ရှုထောင့် အမျိုးမျိုးကနေ ရှုမြင် သုံးသပ်နိုင်လေလေပါပဲ။

“အား ... ရုတ်တရက်ကြီး ငါ့ရဲ့ သွေးလည်ပတ်မှုတွေက အစီအစဉ် မကျတော့ပါလား”

ဘေးနားမှာ ရှိနေတဲ့ ရှန်ကောင်းယုကတော့ လီဖူချန်းရဲ့ ကိုယ်ထဲမှာ ဖြစ်ပေါ်နေတဲ့ ပြောင်းလဲမှုတွေကို သတိမပြုမိပါဘူး။ ဒါပေမဲ့လည်း သူ့ရဲ့ ကိုယ်ထဲမှာ ဆက်ခံထားတဲ့ သူတော်စင် မျိုးဆက်သွေးကတော့ လီဖူချန်းရဲ့ ခန္ဓာကိုယ် အတွင်းက ပြောင်းလဲမှုတွေကို သတိပြုမိပြီး ပဲ့တင်ပြန်ဟပ်နေတဲ့အတွက် ရှန်ကောင်းယုကို မအီမသာ ဖြစ်နေစေပါတယ်။

' သည်တော့ ... သည်ဓားကွက်က သည်လိုလည်း အသုံးပြုလို့ ရတာလား '

တစ်ခြားတစ်ဖက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ စိတ်နယ်ပယ်ထဲမှာ ဓားသိုင်းကွက် အမျိုးမျိုုးကို စမ်းသပ်ရင်းနဲ့  အလုပ်များနေခဲ့ပါတယ်။

အခုဆိုရင် သူ့ရဲ့ စိတ်ဝိညာဉ်က ခရမ်းရောင်ဘက်ကို အပြည့်အဝ ကူးပြောင်းသွားပြီ ဖြစ်တဲ့အတွက် သူဟာ ဓားသိုင်းကွက်တွေကို စိတ်နယ်ပယ်ထဲမှာ အရင်ကထက်ပိုပြီး စိတ်လွတ်၊လက်လွတ် လှုပ်ရှားလာနိုင်ခဲ့ပါပြီ။ ပြီးတော့ သူက အတွေးတစ်ချက်နဲတင် ဓားကွက်တစ်မျိုးတည်းကို မတူညီတဲ့ ပုံစံ အမျိုးမျိုးအဖြစ် ပုံဖော်နိုင်စွမ်းလည်း ရှိလာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ သူက အဲသည် ဓားကွက်တွေရဲ့ အကျိုးနဲ့အပြစ်တွေကိုလည်း ဝေဖန်ပိုင်းခြား လာနိုင်ခဲ့ပါသေးတယ်။

တစ်ရက်အကြာမှာတော့ လီဖူချန်းအနေနဲ့ ဆရာတစ်ဆူအဖြစ် တတ်မြောက်ထားတဲ့  ဓားသိုင်းတွေနဲ့ ဓားကွက်တွေဟာ အဆင့်တက်တော့မယ့် အရိပ်အယောင်ကို ပြသလာခဲ့ကြပါပြီ။

လက်ရှိ လီဖူချန်း အသုံးပြုနေတဲ့ ဓားသိုင်းတွေ နဲ့ ဓားကွက်တွေဟာ ကောင်းကင်အဆင့်နိမ့် ပညာတွေ ဖြစ်ပါတယ်။ အဲသည်တော့ သည်ပညာတွေသာ အဆင့်တက်သွားခဲ့မယ် ဆိုရင် အဲဒါတွေက ကောင်းကင် အလယ်အလတ်အဆင့်ကို ရောက်သွားကြမှာပါပဲ။

ကောင်းကင်အလယ်အလတ် အဆင့် ဓားကွက်ဆိုတာက နောက်စရာ မဟုတ်ပါဘူး။ အဲဒါက  ဘယ်လောက်ပဲ အားနည်း၊အားနည်း ကောင်းကင် အဆင့်နိမ့် ဓားကွက်ကိုတော့ အသာလေး အနိုင်ယူနိုင်ပါတယ်။

ဥပမာ ပြရမယ် ဆိုရင်တော့ အဲဒါက ရောဂါသည်   လူကြီး တစ်ယောက်နဲ့  ကလေးတစ်ယောက်ကို ယှဉ်ထိုးခိုင်းထားသလို ဖြစ်နေမှာပါပဲ။

လီဖူချန်းရဲ့ ခရမ်းရောင် စိတ်ဝိညာဉ်က ဓားသိုင်းကိုသာ မတူညီတဲ့ ရှုထောင့်ကနေ ကြည့်မြင်နိုင်စေခဲ့တာ မဟုတ်ပါဘူး။အဲဒါက ဂါထာ၊မန္တာန်တွေကိုလည်း မတူညီတဲ့ ရှုထောင့်တွေကနေ ကြည့်မြင် တတ်လာစေခဲ့ပါသေးတယ်။

အရင်တုန်းက လီဖူချန်းရဲ့ ဂါထာ၊မန္တရား တာအိုအပေါ် လေ့လာသင်ယူနိုင်မှုဟာ မျက်ကန်းတစ်ယောက် စမ်းတဝါးဝါး သွားနေသလို ဖြစ်နေတယ် ဆိုကြပါစို့။ အဲဒါဆိုရင် အခု လီဖူချန်းက အမြင်အာရုံကောင်းတဲ့ လူတစ်ယောက် ဖြစ်သွားခဲ့ပါပြီ။ သူက လက်တွေ့ အသုံးချမှု အပိုင်းမှာသာ အားနည်းချက် ရှိတော့တာပါ။

' ဟားဟား  ... ဒါက ခရမ်း စိတ်ဝိညာဉ်ပေါ့လေ '

လီဖူချန်းက အသက်ကို တစ်ဝကြီး ရှုလိုက်ပြီး လိပ်ပြာအသိစိတ်အာရုံနဲ့ စိတ်နယ်ပယ်ထဲကို ဝင်လိုက်တဲ့ အခါမှာတော့ ရွှေရောင် တလက်လက် ဖြာထွက်နေတဲ့ အဆောင်လက်ဖွဲ့ တစ်ခုနဲ့ ခရမ်းရောင် စိတ်ဝိညာဉ် တစ်ခုကို မြင်တွေ့လိုက်ရပါတယ်။

ရွှေရောင် လက်ဖွဲ့အဆောင်နဲ့ ပက်သက်ရင်တော့ လီဖူချန်းဟာ အခုချိန်အထိ သူ့ရဲ့ ဇစ်မြစ်ကို မခန့်မှန်းနိုင်သေးပါဘူး။

အစတုန်းကတော့ သူက သည်ရွှေရောင် လက်ဖွဲ့အဆောင်ဟာ ထိပ်တန်း မှော်ဝင်ရတနာ တစ်ခုလို့ ထင်မိခဲ့ပါသေးတယ်။

ဒါပေမဲ့လည်း အခုတော့ သူက သည်ရွှေရောင် လက်ဖွဲ့အဆောင်ဟာ သည်ကမ္ဘာက ပစ္စည်းတစ်ခု မဟုတ်လောက်ဘူးလို့ သံသယ ဝင်နေမိပါပြီ။

လက်ရှိ သည်ကမ္ဘာပေါ်မှာ ရှိနေတဲ့ အမြင့်ဆုံး ဖြစ်တည်မှုကတော့ သူတော်စင်တွေပါပဲ။

ဒါပေမဲ့လည်း ဘယ်သူတော်စင်ကမှ သည်ရွှေရောင် လက်ဖွဲ့အဆောင်ကို ဖန်တီးနိုင်ဖို့ အဆင့်မမီပါဘူး။

***

ရွှီး ...

သူတော်စင် ဥယျာဉ်ရဲ့ အပြင်ဘက် ပတ်လမ်းတစ်ခုမှာ လျှောက်သွားနေတဲ့ လီဖူချန်းဟာ အလစ်ချောင်း တိုက်ခိုက်မှု တစ်ခုကို ရုတ်တရက် ကြုံတွေ့လိုက်ရပါတယ်။

အဲသည်တိုက်ခိုက်မှုရဲ့ လက်သည်ကတော့ ယောက်သွား ပုံသဏ္ဌာန် လူသားစား အပင်တစ်ပင်ပါပဲ။ သူက ပန်းပင်လယ်ထဲမှာ စိတ်ရှည်စွာ ပုန်းခို စောင့်ဆိုင်းနေပြီးမှ လီဖူချန်းကို အပိုင် တိုက်ခိုက်လိုက်တာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း လူသားစား အပင်ရဲ့ အလစ်ချောင်း တိုက်ခိုက်မှုဟာ လီဖူချန်းအပေါ်မှာ အလုပ်မဖြစ်ခဲ့ပါဘူး။

“ဟမ့်  ... မင်းကများ ရာရာစစ”

“သွားစမ်း”

လီဖူချန်းရဲ့ အော်ငေါက်သံ အဆုံးမှာတော့ ဘယ်ကနေ ဘယ်လို ထွက်လာမှန်း မသိတဲ့ ကြက်သွေးရောင် ပိုးချည်မျှင် တစ်ခုဟာ လူသားစား အပင်ကြီးကို အထပ်ထပ် ရစ်ပတ်ပြီး အပိုင်းပိုင်း၊ အစစဖြစ်အောင် ဆွဲဖြဲပစ်လိုက်ပါတော့တယ်။

“ဓားပိုးကြိုးလား”

ရှန်ကောင်းယုကတော့ လီဖူချန်းကို ကြည့်ပြီး မျက်လုံးအပြူ းသား ဖြစ်နေခဲ့ပါပြီ။

ဓားတစ်လက်ကို ပိုးကြိုးမျှင် တစ်ခုအဖြစ် ပြောင်းသွားစေတယ် ဆိုတာက မူလပင်လယ် နယ်ပယ် ဘုရင်တွေ တတ်နိုင်တဲ့ အရာမျိုး မဟုတ်ပါဘူး။အဲဒါက ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေသာ တတ်နိုင်တဲ့ အရာ ဖြစ်ပါတယ်။

အဲဒါကို လီဖူချန်းက ဘယ်လိုလုပ်ပြီး ရုတ်တရက်  ကြီး တတ်မြောက်သွားရတာလဲ။

အရင်တုန်းက လီဖူချန်းဟာ သူ့ရဲ့ဓားကို ပိုးကြိုးမျှင် တစ်ခုအဖြစ် ပြောင်းနိုင်တယ် ဆိုပေမယ့် အဲဒါက ပုံသဏ္ဌန်ပိုင်းမှာသာ ပြောင်းလဲသွားတာ ဖြစ်ပါတယ်။ လုပ်ဆောင်နိုင်မှု အပိုင်းမှာတော့ ဓားက ဓားဖြစ်နေဆဲပါပဲ။

ဒါပေမဲ့ အခု လီဖူချန်းရဲ့ ဓားကတော့ ပိုးကြိုးမျှင် တစ်ခု အဖြစ်ကို တကယ်ကြီး ပြောင်းလဲသွားတာ ဖြစ်ပါတယ်။

အစစ်အမှန် ဓားပိုးကြိုး တစ်ခု ဆိုတာက ဖျက်ဆီးလို့ ရတဲ့ အရာမျိုး မဟုတ်ပါဘူး။ အဲဒါက ရန်သူကို မသတ်ဖြတ်နိုင်ရင်တောင်မှ ချည်နှောင်ပြီး အနှောင့်အယှက် ပေးနိုင်ပါတယ်။

ပြီးတော့ ဓားပိုးကြိုးဆိုတာက ခန္ဓာကိုယ် အပြင်အား ကျင့်ကြံသူတွေကို ရင်ဆိုင်တဲ့ နေရာမှာ အသုံးဝင်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်နေပါသေးတယ်။

အစတုန်းကတော့ ရှန်ကောင်းယုဟာ ဓားပိုးကြိုးနဲ့ ပက်သက်ပြီး လီဖူချန်းကို မေးဦးမလို့ပါပဲ။ ဒါပေမဲ့လည်း သူက”လူတိုင်းဟာ လျှို့ဝှက်ချက်ကိုယ်စီ ထားခွင့်ရှိတယ်”ဆိုတဲ့ အချက်ကို သတိရမိလိုက်တဲ့အတွက် ဘာမှ မမေးတော့ဘဲ နှုတ်ဆိတ်နေလိုက်ပါတော့တယ်။

လီဖူချန်းရဲ့ လျှို့ဝှက်ချက်ကို သိရပြီးတော့ကော ဘာလုပ်ရမှာလဲ။ သူ နဲ့ လီဖူချန်း လျှောက်လမ်းကြတဲ့ လမ်းစဉ်က တကယ့်ကို ပြဒါးတစ်လမ်း၊သံတစ်လမ်း မဟုတ်ပါလား။

' ကောင်းကင် အလယ်အလတ် အဆင့် ရောက်သွားတဲ့ အညှာအတာမဲ့ မျောလွင့်မီးလျှံက ဟုတ်လှချည်လား '

လီဖူချန်းကတော့ သူ့ရဲ့ ဓားကွက်နဲ့ ပက်သက်ပြီး အကျေနပ်ကြီး ကျေနပ်နေပါတယ်။

အစောပိုင်းက သူထုတ်သုံးလိုက်တဲ့ ဓားကွက်ဟာ”အညှာအတာမဲ့ မျောလွင့်မီးလျှံ”ပါပဲ။ဒါပေမဲ့ ဓားကွက် အဆင့်အတန်းကတော့  ကောင်းကင် အလယ်အလတ် အဆင့်ကို ရောက်သွားခဲ့ပါပြီ။

သည်ဓားကွက်က တခြား  ကောင်းကင် အလယ်အလတ် အဆင့် ဓားကွက်တွေထက် စာရင် အားနည်းရင် အားနည်းပါမယ်။ ဒါပေမဲ့ အဲဒါက အရင်တုန်းက အညှာအတာမဲ့ မျောလွင့်မီးလျှံထက်တော့ အများကြီး အစွမ်းထက်ဆဲပါပဲ။

***

ဇီ ...ဇီ ...ဇီ ...ဇီ ...

နောက်ထပ် တစ်နေရာကို အရောက်မှာတော့ လီဖူချန်းတို့ နှစ်ယောက်ဟာ ဝိညာဉ်ခြွေ ပျားအုပ်ကြီး တစ်အုပ်ရဲ့ တိုက်ခိုက်မှုနဲ့ ကြုံရပြန်ပါတယ်။

“လီဖူချန်း ... သည်ကောင်တွေကိုလည်း နင်ပဲ တာဝန် ယူလိုက်တော့”

လီဖူချန်းက သူ့ရဲ့ဓားကို ပိုးကြိုးမျှင်အဖြစ် ပြောင်းနိုင်သွားပြီ ဆိုတာကို သိသွားပြီးကတည်းက ရှန်ကောင်းယုဟာ ဘာမှ လှုပ်လှုပ်ရှားရှား မလုပ်တော့ပါဘူး။ သူက ကြုံလာတဲ့ ဘေးအန္တရာယ် မှန်သမျှကို လီဖူချန်းနဲ့သာ လွှဲထားလိုက်ပါတော့တယ်။

“သေကြစမ်း”

လီဖူချန်းရဲ့ ကြက်သွေးရောင် ဓားပိုးကြိုးမျှင်က ပိုက်ကွန်တစ်ခု ပုံစံ ယှက်သိုင်းသွားပြီး ရိုက်ချလိုက်တဲ့ အခါမှာတော့ ဝိညာဉ်ခြွေပျားတွေဟာ ကောင်းကင်ပေါ်ကနေပြီး တဖုတ်ဖုတ် ပြုတ်ကျလာပါတော့တယ်။

ပုံမှန်အားဖြင့် ဆိုရင်တော့ သည်ဝိညာဉ်ခြွေ ပျားတွေဟာ သတ်ဖို့အတွက် အတော်လေး လက်ဝင်တဲ့ အကောင်တွေပါပဲ။ ဒါပေမဲ့လည်း အညှာအတာမဲ့ မျောလွင့်မီးလျှံနဲ့ အတွေ့မှာတော့ သူတို့ဟာ ဘယ်လို ရိုက်သတ်၊ရိုက်သတ် ရတဲ့ ယင်ကောင်တွေ ဖြစ်သွားခဲ့ပါပြီ။

“လီဖူချန်း ... နင့်ရဲ့ လက်ရှိ ဓားစွမ်းက အလယ်အလတ် တိုက်ခိုက်ရေး ဧကရာဇ် အဆင့် ရောက်နေပြီဆိုတာ နင်သိလား။ သည်လောက်  အချိန်လေး အတွင်းမှာ ဘယ်လိုဖြစ်ပြီး နင်က သည်လောက်အထိ အစွမ်းထက်သွားတာလဲ”

နောက်ဆုံးမှာတော့ ရှန်ကောင်းယုဟာ သူ့ရဲ့ သိချင်စိတ်ကို ဘယ်လိုမှ ချုပ်တည်း မထားနိုင်တော့ပါဘူး။ အဲသည်အတွက် သူက လီဖူချန်းကို လှမ်းမေးလိုက်ပါတော့တယ်။

သူသိသလောက် ဆိုရင်တော့ လီဖူချန်းဟာ ပျမ်းမျှ တန်ခိုးအစွမ်းပိုင်းမှာ အထွတ်အထိပ် အဆင့် အကြို-ဧကရာဇ် တစ်ပါးနဲ့ ညီမျှတယ် ဆိုပေမယ့်လည်း သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းကတော့ အဆင့်မြင့် အကြို-ဧကရာဇ် တစ်ပါး အဆင့်မှာပဲ ရှိတာပါ။

ဒါပေမဲ့ အခုတော့ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းဟာ အလယ်အလတ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးနဲ့တောင် ညီမျှနေပါပြီ။ဒါက တကယ့်ကို မယုံကြည်နိုင်စရာပါပဲ။

လီဖူချန်းက ရှန်ကောင်းယုကို သူ့ရဲ့ ဆင့်ကဲပြောင်းလဲနေတဲ့ စိတ်ဝိညာဉ်အကြောင်း ထုတ်မပြောဝံ့ပါဘူး။ အဲသည်အတွက် သူက သူသိထားတဲ့ ဒသန တစ်ခုကိုသာ ထုတ်ပြောလိုက်ပါတယ်။

“ငါ့ရဲ့ ကျင့်ကြံမှု အဆင့်တက်ပြီးတဲ့ နောက်မှာ ငါက အရင်က သတိမထားမိခဲ့တဲ့ အရာတွေကို သတိထားမိလာခဲ့တယ်။ ငါမင်းကို တစ်ခုပြောပြမယ် …ရှန်ကောင်းယု။ သိုင်းကွက်တစ်ခုကို မတူညီတဲ့ နောက်ထပ် ရှုထောင့် တစ်ခုကနေ ကြည့်လိုက်မယ် ဆိုရင် အဲသည်သိုင်းကွက်က နောက်ထပ် ပုံစံတစ်မျိုး ဖြစ်သွားလိမ့်မယ်။အဲသည်လိုပဲ ပြသနာကို တစ်ခုကိုလည်း မတူညီတဲ့ နောက်ထပ် ရှုထောင့်တစ်ခုကနေ သုံးသပ်လိုက်မယ် ဆိုရင် အဲသည် ပြသနာက ပိုရှင်းရ လွယ်ကူသွားလိမ့်မယ်”

ရှန်ကောင်းယုက မချိပြုံး ပြုံးလိုက်ပြီး ပြန်ပြောလာခဲ့ပါတယ်။

“ပြသနာ တစ်ခုကို မတူညီတဲ့ ရှုထောင့် တစ်ခုကနေ ရှုမြင်သုံးသပ်တယ် ဆိုတာက တကယ် အကျိုးရှိတဲ့ လုပ်ရပ်ပဲ။ ဒါပေမဲ့ အဲဒါက သာမန် ပြသနာတွေ အပေါ်မှာပဲ သက်ရောက်မှု ရှိတာ။သိုင်းပညာ တာအိုနဲ့ ပက်သက်လာရင်တော့ အဲသည်လောက် မလွယ်ဘူး။ နင်က လူတွေအားလုံးကို နင့်လို ဖြစ်နိုင်မယ် ထင်နေတာလား”

နောက်ဆုံးမှာတော့ ရှန်ကောင်းယုဟာ လီဖူချန်းနဲ့ ပက်သက်ပြီး ကောင်းကောင်းကြီး နားလည်သွားခဲ့ပါပြီ။ သည်လီဖူချန်းက ဆိုတဲ့လူက နှစ်တစ်ထောင်မှာ တစ်ယောက်သာ ပေါ်လာတတ်တဲ့ သိုင်းတာအို ပါရမီရှင် အမျိုးအစားထဲကပါပဲ။

***

နောက်ထပ် နေ့တွေမှာတော့ လီဖူချန်းဟာ သူ့ရဲ့ ကျန်နေတဲ့ ဓားကွက်တွေကို ကောင်းကင် အလယ်အလတ် အဆင့် ရောက်အောင် ကြံဖန်နေရင်းနဲ့ပဲ အချိန်ကုန်နေခဲ့ပါတယ်။

ကောင်းကင် အလယ်အလတ် အဆင့် လောင်ကျွမ်းခြင်း ဓားကွက်ဟာ ပိုပြီး ပြင်းထန်လာရုံတင် မကပါဘူး။ သူ့ရဲ့ ဓားစက်ကွင်းကလည်း လေထုထဲမှာ ရှိတဲ့ စိုထိုင်းမှုတွေကိုပါ  အငွေ့ပြန်စေနိုင်စွမ်း ရှိလာခဲ့ပါတယ်။

အထူးသဖြင့် အဲသည်ဓားကွက်ဟာ လူသားစား အပင်တွေနဲ့ ရင်ဆိုင်တဲ့ နေရာမှာ အတော်လေး သက်ရောက်မှု ပြင်းထန်ခဲ့ပါတယ်။

လီဖူချန်းရဲ့ ဓားက အပင်တွေထဲမှာရှိတဲ့ အစိုဓတ်တွေကို ခန်းခြောက်သွားစေတဲ့အတွက် လူသားစား အပင်တွေရဲ့ ထာဝရ အသက်ဓာတ် တာအို ဥပဒေသဟာ အလုပ် ဖြစ်သင့်သလောက် မဖြစ်တော့ပါဘူး။

ကောင်းကင် အလယ်အလတ် အဆင့် ကောင်းကင်စက်ကွင်း ဓားအကာအကွယ်ကလည်း အရင်တုန်းကထက်ကို ပိုပြီး ချောမွေ့လာခဲ့ပါပြီ။ အခုဆိုရင် လီဖူချန်းက သည်ဓားကွက်ကို စိတ်ထဲကနေ တွေးလိုက်ရုံပါပဲ။ သူက အရင်လို ဓားထုတ်ပြီး သုံးဖို့တောင် မလိုတော့ပါဘူး။

လေနတ်ဘုရားရဲ့ ဒေါသ နဲ့ မတည်မြဲခြင်းဓားတို့ကလည်း နောက်ထပ် အဆင့်တစ်ခုကို ရောက်သွားတာပါပဲ။

အခုဆိုရင် လီဖူချန်းဆီမှာက အဆင့် မတက်တာဆိုလို့ ကြယ်ကြွေ ဓားကွက် နဲ့ အကြွင်းမဲ့ ကောင်းကင်ဘုံ ဓားသိုင်းပဲ ရှိပါတော့တယ်။

ကြယ်ကြွေဓားကွက်က ရိုးရှင်းလှတဲ့ အယူအဆ တစ်ခုအပေါ် မူတည်ထားတာပါပဲ။ ဒါပေမဲ့လည်း အဲသည် ရိုးရှင်းတာကပဲ လီဖူချန်းကို အခက်တွေ့နေစေတာ ဖြစ်ပါတယ်။ အခုလောလောဆယ်မှာတော့ သူက သည်ဓားကွက်ကို ဘယ်ရှုထောင့်ကပဲ ကြည့်ကြည့် ဘာအထူးအဆန်းမှ မမြင်မိပါဘူး။ သည်ဓားကွက်နဲ့ ပက်သက်ရင်တော့ လီဖူချန်းဟာ အတော်လေး အချိန်ယူရပါဦးမယ်။

အကြွင်းမဲ့ ဓားသိုင်းကျပြန်တော့လည်း ဟင်းလင်းပြင်တာအို ဥပဒေသတွေနဲ့ သက်ဆိုင်တဲ့ ဓားသိုင်းတစ်ခု ဖြစ်နေပြန်ပါတယ်။ လီဖူချန်းက ဟင်းလင်းပြင်တာအို ဥပဒေသတွေကို နားလည်ထားတယ် ဆိုပေမယ့် အများကြီးတော့ နားလည်ထားတာ မဟုတ်ပါဘူး။ အဲသည်အတွက် သည်ဓားသိုင်းဟာလည်း အဆင့်တက်ဖို့အတွက် အတော်လေး အချိန်ယူရပါဦးမယ်။

***

All Chapters