← Chapters

ကောင်းကင်စက်ကွင်း ဓားအကာအကွယ်

Vol. 46 Ch. 626

ကောင်းကင်စက်ကွင်း ဓားအကာအကွယ်

Vol. 46 Ch. 626

ရက်အနည်းငယ် အတွင်းမှာပဲ လီဖူချန်းရဲ့ အစွမ်းတွေဟာ သိသိသာသာကြီး တိုးတက်လာခဲ့ပါတယ်။သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းကလည်း အလယ်အလတ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးရဲ့ အဆင့်ကို ရောက်နှင့်နေခဲ့ ပြီးပါပြီ။ဒါပေမဲ့လည်း သူ့ရဲ့ ပျမ်းမျှ  တန်ခိုးအစွမ်းကတော့ အဆင့်မြင့် တိုက်ခိုက်ရေး ဧကရာဇ်တွေကို ဘယ်လိုမှ ယှဉ်နိုင်သေးပါဘူး။

ဘာပဲဖြစ်ဖြစ်ပါလေ။ အဆုံးမှာတော့လည်း အလယ်အလတ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးနဲ့ အဆင့်မြင့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးကြားမှာ ရှိတဲ့ ကွာဟချက်က ကြီးမားလွန်းလှတာ မဟုတ်ပါလား။

အလယ်အလတ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးဟာ ပညာရပ်ပေါင်းစုံကို ဘယ်လိုပဲ နားလည် သဘောပေါက် ထားပါစေ။ အဆင့်မြင့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးရဲ့ တိုက်ခိုက်မှုနဲ့ ကြုံရရင်တော့ အဖိနှိပ် ခံရမှာပါပဲ။

ဒါပေမဲ့လည်း အဲဒါက တခြားသော အလယ်အလတ် တိုက်ခိုက်ရေး ဧကရာဇ်တွေ အတွက်သာ အကျုံးဝင်တယ်လို့ ဆိုရပါမယ်။ လီဖူချန်းကတော့ လုံးဝ ခြွင်းချက်ပါပဲ။

သူက အဆင့်မြင့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးနဲ့ တိုက်ခိုက်ဖို့ကို လုံးဝ မကြောက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက သူ့ရဲ့ ပညာရပ်တွေကို နားလည် သဘောပေါက်ထားရုံတင် မကဘဲ သူ့ရဲ့ ကိုယ်ပိုင် ပညာရပ်တွေ ဖြစ်လုနီးပါးအထိ ပြောင်းလဲထားနိုင်လို့ပါပဲ။ သူ့ရဲ့ ကောင်းကင် အလယ်အလတ် အဆင့် ဓားကွက် ငါးကွက်ဟာ သူ့နဲ လိုက်ဖက်ညီအောင် သူကိုယ်တိုင် ပြန်လည် ပြင်ဆင်ထားတဲ့ ဓားကွက်တွေ ဖြစ်ပါတယ်။ပြီးတော့ သူ့ရဲ့ တခြားနည်းလမ်းတွေကိုပါ ပေါင်းထည့်လိုက်မယ် ဆိုရင်တော့ သူဟာ အဆင့်မြင့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးကို ဘယ်လိုမှ ကြောက်စရာ အကြောင်း မရှိပါဘူး။

***

သည်လိုနဲ့ပဲ လီဖူချန်းနဲ့ ရှန်ကောင်းယုတို့ နှစ်ယောက်ဟာ  နန်းဆောင်တစ်ခုရဲ့ ရှေ့မှာရှိတဲ့ ရင်ပြင်တစ်ခုဆီကို ရောက်ရှိလာခဲ့ကြပါတယ်။

အရင်တုန်းကတော့ သူတော်စင် ဥယျာဉ်ရဲ့ အရှင်သခင်ဟာ သည်နေရာကို လက်ဖက်ရည် သောက်ရင်းနဲ့ ပန်းတွေရဲ့ အလှအပကို ခံစားဖို့အတွက် အသုံးပြုခဲ့ပုံပါပဲ။

ဒါပေမဲ့လည်း အခုတော့ သည်ရင်ပြင်ဟာ ငြိမ်းချမ်းမနေဘဲ ကြောက်စရာ ကောင်းလွန်းနေခဲ့ပါပြီ။

လူလျို့၊ ကျိရီ နဲ့ ရှင်းတိကောဝမ်တို့ကလည်း သည်နေရာမှာပါပဲ။ ဒါပေမဲ့လည်း သူတို့ရဲ့ မျက်နှာ အမူအယာတွေကတော့ သိပ်ပြီး မကောင်းလှပါဘူး။  ကြည့်ရတာကတော့ သူတို့ဟာ  သည်ရင်ပြင် အလယ်ထဲမှာ ပိတ်မိနေပုံ ရပါတယ်။

သူတို့ရဲ့ ပတ်ပတ်လည်မှာတော့ သူရဲခြေထောက် ဘုရင်နဲ့ တခြား အဆင့်မြင့် မူလပင်လယ် နယ်ပယ် ဘုရင်တွေဟာ လဲကျ သေဆုံးနေကြပါပြီ။ပြီးတော့ အရေအတွက် တစ်သိန်းလောက် ရှိတဲ့ ဝိညာဉ်ခြွေ ပျားတွေကလည်း သူတို့ကို ဘက်ပေါင်းစုံကနေ ဝိုင်းဝန်း တိုက်ခိုက်နေကြပါသေးတယ်။

လီဖူချန်းက သူ့ရဲ့ ဓားကွက်တွေ အဆင့် တက်သွားပြီးကတည်းက ဝိညာဉ်ခြွေ ပျားတွေကို လုံးဝ မကြောက်တော့ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ မကြောက်ဘူးဆိုတဲ့ အဓိပါ္ပယ်က ရာနဲ့ချီတဲ့ ဝိညာဉ်ခြွေပျားတွေကိုသာ  ဆိုလိုတာ ဖြစ်ပါတယ်။

အခု သည်နေရာမှာ ရှိနေတဲ့ တစ်သိန်းနီးပါး ဝိညာဉ်ခြွေပျားတွေကိုတော့ သူ့အနေနဲ့ မကြောက်လို့ မရပါဘူး။ ပြီးတော့ နောက်ထပ် ဝိညာဉ်ခြွေ ပျားတွေကလည်း သည်နေရာကို ပျံသန်း လာနေကြသေးတာ မဟုတ်လား။

“သခင်လေးတို့ရှင့်  ... ကျေးဇူးပြု ပြီး ညီမတို့ကို ကူညီပါဦး”

“လီဖူချန်း ငါ့ကို ကူပါဦးဟ”

လီဖူချန်း နဲ့ ရှန်ကောင်းယုတို့ကို တွေ့လိုက်ရတဲ့ အခါမှာတော့ လူလျို့၊ ကျိရီ နဲ့ ရှင်းတိကောဝမ်တို့ရဲ့ မျက်နှာတွေဟာ ဝင်းပသွားပြီး အပြိုင်အဆိုင် အကူအညီ တောင်းလာကြပါတယ်။

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ လီဖူချန်းတို့ နှစ်ယောက်ဟာ သူတို့ အကူအညီ မတောင်းရင်လည်း တိုက်ပွဲထဲကို ဝင်ရတော့မှာပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ အခုတောင်မှပဲ ဝိညာဉ်ခြွေပျား တချို့ဟာ ရန်ပြုဖို့အတွက် သူတို့ဆီကို ပျံလာနေကြပြီ မဟုတ်ပါလား။

“လီဖူချန်း ... အဲသည်ကိုသွားပြီး သူတို့နဲ့ သွားပူးပေါင်းလိုက်ရအောင်”

“ကျောက်စိမ်းနက် ကန့်လန့်ကာ”

စကားပြောနေရင်းနဲ့ ရှန်းကောင်းယုက သူ့ရဲ့ အပြင်အား ချီအကာအကွယ်ကို ထုတ်သုံးပြီး ရင်ပြင်အလယ်ကို ပြေးဝင်သွားပါတော့တယ်။

ဖန်း ...ဖန်း ...ဖန်း ...ဖန်း ...

ဝိညာဉ်ခြွေပျားတွေရဲ့ အားနည်းချက်က ချီအပြင်အားပါပဲ။ အဲသည်အတွက် ရှန်ကောင်းယုက သူ့ရဲ့ ချီအပြင်အား အကာအကွယ်နဲ့ပက်သက်ပြီး လုံးဝ သံသယ မဖြစ်ပါဘူး။ သူ့ရဲ့ ချီအပြင်အား အကာအကွယ်က သူ့ကို အချိန်အတိုင်းအတာ တစ်ခုအထိ ကောင်းကောင်းကြီး ကာကွယ် ပေးနိုင်စွမ်း ရှိပါတယ်။

“လူလျို့ ... ငါဆက်ပြီး တောင့်မခံနိုင်တော့ဘူး”

လူလျို့နဲ့ ကျောချင်းကပ်ပြီး တိုက်နေတဲ့ ကျိရီကတော့ အတော်လေး အခြေအနေ ဆိုးနေခဲ့ပါပြီ။ သူ့ရဲ့ ခေါင်းတစ်ခုလုံးဟာလည်း ချွေးသီး၊ချွေးပေါက်တွေနဲ့ အပြည့်ပါပဲ။

ကျိရီရဲ့ အစွမ်းဟာ အထွတ်အထိပ် အဆင့် အကြို-ဧကရာဇ် တစ်ပါးထက် မပိုပါဘူး။ တိတိကျကျ ပြောရမယ် ဆိုရင်တော့ သူက လူလျို့ထက်ကို အများကြီး အားနည်းပါတယ်။ နောက်ပြီး သူ့ရဲ့ ကျင့်ကြံမှုကလည်း အခုမှ မူလပင်လယ် နယ်ပယ် အဆင့်၆မှာသာ ရှိပါသေးတယ်။

“ကျိရီ ... စိတ်မလျော့လိုက်နဲ့။ နည်းနည်းလေး ထပ်ပြီး တောင့်ခံထားဦး”

လူလျိုု့ရဲ့ လက်နက်ကတော့ အေးစက်စက် အငွေ့အသက်တွေကို ထုတ်လွှင့်ပေးနေတဲ့ ဖဲကြိုးစလေး တစ်ခုပါပဲ။ သူက သူ့ရဲ့ ဖဲကြိုးကို ဝှေ့ယမ်းလိုက်ပြီ ဆိုရင် အနားမှာ ရှိနေတဲ့ ဝိညာဉ်ခြွေ ပျားတွေဟာ အေးခဲပြီးတော့ မြေပြင်ပေါ်ကို ပြုတ်ကျကုန်ပါတယ်။ လူလျို့ရဲ့ တိုက်ခိုက်ပုံအရ ဆိုရင်တော့ သူ့ရဲ့ အစွမ်းဟာ  အဆင့်နိမ့် တိုက်ခိုက်ရေး ဧကရီ တစ်ပါးထက် နိမ့်ကျစရာ အကြောင်း လုံးဝ မရှိပါဘူး။

သူတို့နှစ်ယောက်နဲ့ ပေပေါင်း ၂၀ ကျော်လောက်မှာ ရှိနေတဲ့ ရှင်းတိကောဝမ်ကတော့ အေးအေးဆေးဆေးပါပဲ။ သူက လူလျို့ထက်တောင်မှ ပိုပြီး အခြေအနေ ကောင်းတယ်လို့ ဆိုရပါမယ်။

သူက အခုချိန်အထိ ဝိညာဉ်ခြွေပျားတွေကို တောင့်ခံထားနိုင်တာကတော့ ကောင်းကင် အဆင့်နိမ့် လက်အိတ် တစ်စုံနဲ့ ကောင်းကင်အဆင့်နိမ့် ချပ်ဝတ်တန်ဆာ တစ်ခုကို ဝတ်ဆင်ထားလို့ပါပဲ။ ပြီးတော့ သူ့ဆီမှာက ကောင်းကင်အဆင့်နိမ့် ရှေးဟောင်း အကာအကွယ် ပစ္စည်း တစ်ခုနဲ့ ကောင်းကင် အဆင့်နိမ့် ရှေးဟောင်း တိုက်ခိုက်ရေး ပစ္စည်းတစ်ခု ရှိနေပါသေးတယ်။

အဲဒါတွေကိုမှ သူ့ရဲ့ အစွမ်းနဲ့ ပေါင်းလိုက်တဲ့ အခါမှာတော့ သူဟာ ဝိညာဉ်ခြွေပျားတွေရဲ့ တိုက်ခိုက်မှုကို လုံးဝ မမှုတော့ပါဘူး။

ဒါပေမဲ့လည်း အဲဒါက ရှင်းတိကောဝမ်ရဲ့ ချီအတွင်းအား မကုန်ခန်းခင် အခြေအနေကိုသာ ဆိုလိုတာ ဖြစ်ပါတယ်။အချိန်တန်လို့ သူ့ရဲ့ ချီအတွင်းအား ကုန်ခန်းသွားပြီ ဆိုရင်တော့ သူဟာ သေချာပေါက် သေမှာပါပဲ။

ဇီ ...ဇီ ...ဇီ ...

သည်ဝိညာဉ်ခြွေပျားတွေဟာ စိတ်ဝိညာဉ် အသိဉာဏ် မကြွယ်ဝသေးပါဘူး။ ဒါပေမဲ့လည်း သူတို့က တိုက်ပွဲကို အချိန်အကြာကြီး တိုက်ခိုက်ခဲ့ပြီးတဲ့ နောက်မှာတော့ အားနည်းတဲ့ ရန်သူ နဲ့ အားကောင်းတဲ့ ရန်သူကို သိမြင်လာခဲ့ကြပုံပါပဲ။

အဲသည်အတွက် အကောင် အနည်းငယ် ကြီးတဲ့ ဝိညာဉ်ခြွေပျား တစ်ကောင်ဟာ အကောင် တစ်သောင်းကျော်လောက် ရှိတဲ့ ဝိညာဉ်ခြွေပျားတွေကို ဦးဆောင်ပြီး ကျိရီဆီကို ပျံသန်းလာခဲ့ကြပါတယ်။ သည်ကောင်တွေကိုတော့ လူလျို့ကလည်း တားဆီးပေးနိုင်စွမ်း မရှိပါဘူး။

ဒါပေမဲ့လည်း  သေရေး၊ရှင်ရေး အခိုက်အတန့်နဲ့ ကြုံနေရတဲ့ အချိန်မှာတော့ ရှင်းတိကောဝမ်က ကျိရီ အနားကို ကပ်လာပြီး သူ့ရဲ့ ကောင်းကင်အဆင့်နိမ့် ရှေးဟောင်း အကာအကွယ် ပစ္စည်းနဲ့ ကျိရီကို အကာအကွယ် ပေးသွားခဲ့ပါတယ်။

“ကျေးဇူးပါပဲ ... အစ်ကိုကြီး”

ကျိရီက ရှင်းတိကောဝမ်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူး တင်လိုက်ပါတယ်။ သူ့ရဲ့ မျက်နှာကတော့ သွေးမရှိတဲ့အလား ဖြူ လျော့နေဆဲပါပဲ။

ရှင်းတိကောဝမ်ကတော့ ဘာမှ ပြန်ပြီး မတုံ့ပြန်ဘဲ ဝိညာဉ်ခြွေပျားတွေကိုသာ ဖိပြီး တိုက်ခိုက်နေပါတယ်။ အမှန်အတိုင်း ပြောရရင် သူက စိတ်ကောင်းစေတနာ ရှိလွန်းလို့ ကျိရီကို ကယ်လိုက်တာ မဟုတ်ပါဘူး။ တကယ်လို့ ကျိရီသာ ဝိညာဉ်ခြွေပျားတွေ လက်ချက်ကြောင့် သေသွားခဲ့မယ် ဆိုရင် သူထမ်းနေရတဲ့ ဝန်ဟာ ပိုပြီး ကြီးလာတော့မှာပါ။ အဲသည်အချက်ကြောင့်ပဲ သူဟာ ကျိရီကို ကယ်လိုက်ရတာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုချိန်မှာတော့ သူတို့ သုံးယောက်စလုံးဟာ အသက်ရှင်ကို ရှင်နေမှ ရပါမယ်။

သိပ်မကြာခင်မှာတော့ ရှန်ကောင်းယု နဲ့ လီဖူချန်းတို့ဟာ ရင်ပြင်အလယ်ကို ရောက်ရှိလာခဲ့ကြပါပြီ။

ဘန်း ...

“ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း”ဆိုသလိုပါပဲ။ ရှန်ကောင်းယုဟာ ရင်ပြင်အလယ်ကို ရောက်တာနဲ့ တစ်ပြိုင်နက် ပျားအုပ်ကြီး တစ်အုပ်ကို စိစိညှက်ညှက် ကျေသွားအောင် ထိုးပစ်လိုက်ပါတယ်။ အလယ်အလတ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ်ဖြစ်တဲ့ သူ့ရဲ့ လက်သီးချက်ကိုတော့ ဝိညာဉ်ခြွေ ပျားတွေဟာ လုံးဝ တောင့်မခံနိုင်ကြပါဘူး။ နောက်ပြီး ချီအပြင်အား ဆိုတာကလည်း ဝိညာဉ်ခြွေပျားတွေကို ငယ်နိုင်လို ဖြစ်နေတာ မဟုတ်ပါလား။

ရွှစ် ...ရွှစ် ...ရွှစ် ...ရွှစ် ...

လီဖူချန်းရဲ့ ဓားချက်ကလည်း ရှန်ကောင်းယုထက်  လုံးဝ မနိမ့်ကျပါဘူး။ သူက မျောလွင့်မီးလျှံကို ထုတ်သုံးလိုက်ပြီး လေထုထဲမှာ ဓားပိုးကြိုးမျှင်တွေ ပြည့်နှက်စေကာ ဝိညာဉ်ခြွေပျား တစ်အုပ်ကြီးကို နှစ်ခြမ်းကွဲအောင် ပိုင်းဖြတ်ပစ်လိုက်ပါတယ်။

“သည် ...သည်အစွမ်းက”

လူလျို့၊ ကျိရီတို့ကတော့ လီဖူချန်းတို့ နှစ်ယောက်ရဲ့ အစွမ်းကို မြင်ပြီး တအံ့တသြ ဖြစ်နေကြပါတယ်။

သူတို့က သည်လောက်အထိ အချိန် အကြာကြီး တိုက်ပြီးတာတောင်မှ ဝိညာဉ်ခြွေပျား တချို့ကိုသာ သတ်နိုင်ပါသေးတယ်။ ဒါပေမဲ့ ရှန်ကောင်းယု နဲ့ လီဖူချန်းတို့ကတော့ ရောက်ရောက်လာချင်းမှာပဲ ထောင်နဲ့ချီတဲ့ ဝိညာဉ်ခြွေပျားတွေကို သတ်ပစ်လိုက်ကြပါပြီ။ သူတို့ရဲ့ ကြားမှာ ရှိတဲ့ ကွာဟချက်ကတော့ တကယ့်ကို အကွာကြီးပါပဲ။

“ကောင်းလိုက်တဲ့ ဓားသိုင်း”

ရှင်းတိကောဝမ်ကလည်း လီဖူချန်းရဲ့ ဓားချက်ကြောင့် မျက်လုံး အပြူ းသား ဖြစ်နေခဲ့ပါပြီ။

သူက လီဖူချန်းရဲ့ ဓားဟာ သေချာပေါက် ကောင်းကင် အဆင့်နိမ့် ဓားဆိုတာကို ကြည့်မြင်နိုင်ပါတယ်။ ဒါပေမဲ့ လီဖူချန်းရဲ့ အားကောင်းလွန်းလှတဲ့ ဓားချက်က ဓားကြောင့် ဖြစ်လာတာ မဟုတ်ပါဘူး။ အဲဒါက ဓားသိုင်းကြောင့် ဖြစ်လာတာပါ။ လီဖူချန်းနဲ့ ယှဉ်မယ် ဆိုရင်တော့ သူဟာ ရတနာ ပစ္စည်းတွေ ရှိတဲ့အပိုင်းကလွဲပြီး ကျန်တဲ့အပိုင်းတွေမှာ နိမ့်ကျလွန်းလှပါတယ်။

“ဒါမှ ငါ့ရဲ့ နံပါတ်တစ် ပစ်မှတ်ဖြစ်ဖို့ ထိုက်တန်တာကွ “

ရှင်းတိကောဝမ်က စိတ်ထဲကနေ တွေးလိုက်မိပါတယ်။

ရှင်းတိကောဝမ်က အခုမှ အသက်ငါးဆယ် ဝန်းကျင်သာ ရှိသေးတဲ့အတွက် အတော်လေး ငယ်သေးတယ်လို့ ဆိုရပါမယ်။ မူလပင်လယ် နယ်ပယ် ဘုရင်တွေဆိုတာက အသက် တစ်ထောင်အထိ နေနိုင်ကြတဲ့အတွက် အသက်ငါးဆယ် ဆိုတာက တကယ်ကို မပြောပလောက်ပါဘူး။

ပြီးတော့ ရှင်းတိကောဝမ်က သူ့ရဲ့ မွေးရာပါ ထိုးထွင်းသိမြင်နိုင်စွမ်းအပေါ်မှာတော့  ယုံကြည်မှု လုံးဝ အပြည့်ပါပဲ။ အခုဆိုရင် သူ့ရဲ့ အရိုးတည်ဆောက်ပုံဟာ ကြယ်၇ပွင့် ရှိနေပါပြီ။ ဒါပေမဲ့လည်း သူ့ရဲ့ ထိုးထွင်းသိမြင်မှုကတော့ ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် တချို့ကိုတောင် ယှဉ်နိုင်ပါတယ်။

ဒါကြောင့်လည်း သူက လီဖူချန်းကို သူကျော်ဖြတ်ရမယ့် နံပါတ်တစ် ပစ်မှတ်အဖြစ် သတ်မှတ်ထားခဲ့တာပါ။

***

လီဖူချန်း နဲ့ ရှန်ကောင်းယုတို့ နှစ်ယောက် ရောက်လာခဲ့တဲ့အတွက် လူလျို့တို့ သုံးယောက်ဟာ ဖိအား အတော်ကြီး လျော့ကျသွားခဲ့ပါပြီ။ဒါပေမဲ့လည်း တဖြည်းဖြည်း ပိုများလာတဲ့ ဝိညာဉ်ခြွေပျား အရေအတွက်တွေကြောင့် သူတို့က စိတ်အေးလက်အေးတော့ မနေနိုင်သေးပါဘူး။

အခု သည်နေရာမှာ ရောက်ရှိနေကြတဲ့ ဝိညာဉ်ခြွေပျားအုပ်ကြီးက တစ်သန်း မရှိဘူး ဆိုရင်တောင် အနည်းဆုံးတော့ ရှစ်သိန်းပါပဲ။

လီဖူချန်း နဲ့ ရှန်ကောင်းယုတို့က တစ်ခါတိုက်ရင် ဝိညာဉ်ခြွေပျား တစ်ထောင်လောက်ကို သတ်ပစ်နိုင်တယ် ဆိုပေမယ့်လည်း များပြားလှတဲ့ ဝိညာဉ်ခြွေပျားတွေရဲ့ တန်ပြန် တိုက်ခိုက်မှုကိုလည်း ပြန်ခံရတာပါပဲ။ ဝိညာဉ်ခြွေပျားတွေက သူတို့ရဲ့ သတ်ဖြတ်မှုကို လည်စင်းပြီး ခံနေကြတာ မဟုတ်ပါဘူး။

ထန် ...ထန် ...ထန် ...

ဘန်း ...ဘန်း ...

ဝုန်း ...

သည်လိုနဲ့ပဲ တိုက်ပွဲဟာ ရှည်ကြာသထက် ကြာလာခဲ့ပါပြီ။

တိုက်ပွဲအချိန် ရှည်ကြာလာတာနဲ့အမျှ ရှင်းတိကောဝမ် နဲ့ ရှန်ကောင်းယုတို့ဟာလည်း အခြေအနေ တဖြည်းဖြည်း ဆိုးလာကြပါတယ်။

ရှင်းတိကောဝမ်ရဲ့ ရှေးဟောင်း အကာအကွယ် ပစ္စည်းကတော့ စစ်တုရင်ခုံ တစ်ခုပါပဲ။ အဲဒါက ဘုရင်တစ်ပါးရဲ့ ချီအတွင်းအားတွေ ထည့်သွင်းလိုက်ပြီဆိုရင် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးရဲ့ တိုက်ခိုက်မှုကိုတောင် ကာကွယ်ပေးနိုင်ပါတယ်။

ဒါပေမဲ့  ပြသနာက သည်ရတနာကို အသက်သွင်းဖို့ ဆိုတာက ချီအတွင်းအား အမြောက်အများကို လိုအပ်တာပါပဲ။ ရှင်းတိကောဝမ်က အခုမှ မူလပင်လယ် နယ်ပယ် အဆင့်၄မှာသာ ရှိသေးတဲ့အတွက် သူ့အနေနဲ့ သည်ရတနာကို အခုချိန်အထိ အသက်သွင်းထားနိုငိဖို့ ဆိုတာ မလွယ်လှပါဘူး။ တကယ်လို့ သူ့ဆီမှာသာ ချီအတွင်းအား ပြန်လည်ဖြည့်တင်းဆေး မပါလာဘူး ဆိုရင်တော့ သူဟာ အစောကြီးကတည်းက ချီအတွင်းအား ကုန်ခန်းပြီး အသက်ပျောက်နေလောက်ပါပြီ။

“ငါ့ရဲ့ ဓားဆန္ဒ အကာအကွယ်ထဲမှာ နေကြ”

ရှင်းတိကောဝမ် နဲ့ ရှန်ကောင်းယုတို့ရဲ့ အခြေအနေက မဟန်တော့ဘူး ဆိုတာကို သိလိုက်တာနဲ့ တစ်ပြိုင်နက် လီဖူချန်းက အတွေးနဲ့ ဓားဆန္ဒတစ်ခုကို ဖန်တီးလိုက်ပါတယ်။

ချွင် ...

အဲသည်နောက်မှာတော့ ဓားစက်ကွင်း အကာအကွယ် တစ်ခုဟာ သူတို့ငါးယောက်ကို ဗဟိုပြု ပြီး ပေါ်ပေါက်လာခဲ့ပါပြီ။

လီဖူချန်းရဲ့ ကောင်းကင်စက်ကွင်း ဓားအကာအကွယ်က ခုခံခြင်းကို အားပေးတဲ့ ဓားဆန္ဒတစ်ခု ဖြစ်ပြီး အဆင့်နိမ့် ကောင်းကင် ဓားကွက် ဖြစ်နေကတည်းက အကြို-ဧကရာဇ် တစ်ပါးရဲ့ တိုက်ခိုက်မှုတွေကို တောင့်ခံနိုငိနေခဲ့တာပါ။ အခုတော့ သည်ဓားကွက်က ကောင်းကင် အလယ်အလတ် အဆင့်ကို ရောက်သွားပြီ ဖြစ်တဲ့အတွက် တိုက်ခိုက်ရေး ဧကရာဇ်တွေရဲ့ တိုက်ခိုက်မှုတွေကိုတောင်မှ တောင့်ခံနိုင်စွမ်း ရှိနေခဲ့ပါပြီ။

ပြီးတော့ သည်ဓားဆန္ဒက ဥပဒေသတွေကနေ ဖြစ်တည်လာတာ ဖြစ်တဲ့အတွက် လေထဲမှာ ရှိနေတဲ့ ဓားတာအို စွမ်းအင်တွေကို အလိုအလျောက် စုပ်ယူပြီး သူ့ကိုယ်သူ စွမ်းအား ပြန်လည်ဖြည့်တင်းနိုင်စွမ်းလည်း ရှိပါတယ်။ အဲသည်အတွက် ဝိညာဉ်ခြွေပျားတွေဟာ သည်ဓားစက်ကွင်း အကာအကွယ်ကို အချိန်တိုအတွင်းမှာ ဘယ်လိုမှ ဖျက်ဆီးနိုင်မှာ မဟုတ်ပါဘူး။

တကယ်လို့ ဝိညာဉ်ခြွေပျားတွေက ဓားစက်ကွင်း အကာအကွယ်ကို ဖျက်ဆီးလိုက်နိုင်လည်း ဘာမှ စိုးရိမ်စရာ မရှိပါဘူး။ လီဖူချန်းက နောက်ထပ် တစ်ခုကို အချိန်မရွေး ဖန်တီးနိုင်ပါသေးတယ်။

“အကာအကွယ် ဓားဆန္ဒလား”

လူလျို့ကတော့ မျက်လုံးအပြူ းသားနဲ့ လီဖူချန်းကို ကြောင်ပြီး ကြည့်နေမိပါတယ်။

သူက မူလပင်လယ် နယ်ပယ်မှာ လီဖူချန်းရဲ့ ဓားဆန္ဒလို အစွမ်းထက်တဲ့ ဓားဆန္ဒမျိုးကို တစ်ခါမှ မမြင်ခဲ့ဖူးတာ အမှန်ပါပဲ။ တခြားသော မူလပင်လယ် နယ်ပယ် ဘုရင်တွေ ကျင့်ကြံခြင်းမှာ လီဖူချန်းထက် သာရင်သာပါမယ်။ ဒါပေမဲ့ ဓားဆန္ဒအပိုင်းမှာတော့ သူ့ကို ဘယ်လိုမှ ယှဉ်နိုင်စရာ အကြောင်း မရှိပါဘူး။

သည်လိုနဲ့ပဲ လီဖူချန်းက ဓားစက်ကွင်း အကာအကွယ်ကို ဖန်တီးလိုက်၊ ဝိညာဉ်ခြွေပျားတွေက အဲသည် ဓားစက်ကွင်းကို ဖျက်ဆီးလိုက်နဲ့ သံသရာ လည်နေတာဟာ အချိန်အတော်လေး ကြာသွားခဲ့ပါပြီ။ ပြောရမယ် ဆိုရင်တော့ သည်သံသရာဟာ ဆယ့်ငါးမိနစ်ကို တစ်ခေါက်လောက် လည်နေတာ ဖြစ်ပါတယ်။

လီဖူချန်းရဲ့ အကာအကွယ် ပေးမှုကို ရသွားပြီးတဲ့ နောက်မှာတော့ လူလျို့ နဲ့ တခြားလူတွေဟာလည်း ဖိအားအောက်ကနေ လွတ်မြောက်သွားခဲ့ကြပါပြီ။

***

All Chapters