ဝိညာဉ်စုပ် ပျားဘုရင်၊ စိတ်ဝိညာဉ် ဆေးပင်
Vol. 46 Ch. 627
တစ်သောင်း ... ငါးသောင်း ... တစ်သိန်း ...
ဝိညာဉ်ခြွေပျားတွေဟာ တကယ်ကို ဇွဲနပဲ ကြီးလွန်းလှတဲ့ ကောင်တွေပါပဲ။ ဒါပေမဲ့လည်း လီဖူချန်းလို ခုခံခြင်းကိုကော တိုက်ခိုက်ခြင်းကိုပါ တစ်ပြိုင်တည်း လုပ်နိုင်တဲ့ ဓားသမားနဲ့ အတွေ့မှာတော့ သူတို့ရဲ့ ဇွဲနပဲ ကြီးမှုဟာ ဘာမှ အသုံးမဝင်တော့ပါဘူး။ နေ့တစ်ဝက် ကြာသွားတဲ့ အခါမှာတော့ မြေကြီးပေါ်မှာ ပြုတ်ကျနေကြတဲ့ ဝိညာဉ်ခြွေပျား အသေတွေဟာ တစ်သိန်းကျော်လောက်ကို ရှိလာခဲ့ပါတယ်။
ဇီ ...
အဲသည်အချိန်မှာပဲ ဘယ်အချိန်ကတည်းကနေ ဘယ်လို ရောက်နေမှန်း မသိတဲ့ ရွှေရောင် ဝိညာဉ်ခြွေပျား သုံးကောင်ဟာ ပျားအုပ်ကြီးထဲကနေ တိုးထွက်လာပြီး ကောင်းကင်စက်ကွင်း ဓားအကာအကွယ်ကို တိုက်ခိုက်လိုက်ပါတော့တယ်။
ဖောင်း ...ဖောင်း ...ဖောင်း ...
ကောင်းကင်စက်ကွင်း ဓားအကာအကွယ်ဟာ သည်ရွှေရောင် ဝိညာဉ်ခြွေပျားသုံးကောင်ရဲ့ တိုက်ခိုက်မှုကို တောင့်ခံနိုင်ခြင်း မရှိပါဘူး။ ဓားဆန္ဒဟာလည်း ချက်ချင်း ကျိုးပေါက်သွားခဲ့ပါပြီ။ တကယ့် အရေးကြီးတဲ့ အခိုက်အတန့်ကို ရောက်လာပြီ ဖြစ်တဲ့အတွက် လီဖူချန်းဟာ ပညာ မလျှိုထားနိုင်တော့ပါဘူး။ အဲသည်အတွက် သူက နောက်ထပ် ဓားဆန္ဒတွေကို တစ်ခုပြီးတစ်ခု ထုတ်လိုက်ပါတယ်။
လေးခု ... ရှစ်ခု ... ဆယ့်နှစ်ခု ...
လေထုထဲမှာတော့ ကောင်းကင်စက်ကွင်း ဓားအကာအကွယ်တွေဟာ တစ်ဒါဇင်ကျော်အထိ ဖြစ်တည်လာခဲ့ပါပြီ။ သည်အရေအတွက်က လီဖူချန်းရဲ့ အကန့်အသတ်ပါပဲ။ လီဖူချန်းအနေနဲ့ ကောင်းကင်စက်ကွင်း ဓားအကာအကွယ်ကို သည်ထက်ပိုပြီး ထုတ်လိုက်မယ် ဆိုရင်တော့ အသိစိတ် ပြိုကွဲပြီး ရူးသွားပါလိမ့်မယ်။
အဲသည်အချိန်မှာပဲ ရှန်ကောင်းယုကတော့ အားလုံးကို သည်ပျားသုံးကောင်ရဲ့ အကြောင်း ရှင်းပြလာခဲ့ပါတယ်။
“သည်ပျားတွေက ဝိညာဉ်စုပ် ပျားဘုရင်တွေပဲ။ သူတို့က အဆင့်၇ ဝိညာဉ်ခြွေပျားတွေထဲမှာ အသန့်စင်ဆုံး မျိူ းဆက်သွေးကို ပိုင်ဆိုင်ထားကြတယ်”
ဝိညာဉ်စုပ် ပျားဘုရင် ဆိုတာက အဆင့်၇ ဝိညာဉ်ခြွေပျားတွေထဲမှာ အသန့်စင်ဆုံး မျိုးဆက်သွေးကို ပိုင်ဆိုင်ထားတဲ့ ပျားကို ခေါ်တာ ဖြစ်ပြီး ဝိညာဉ်စုပ် ပျားဧကရာဇ် ဆိုတာက အဆင့်၈ ဝိညာဉ်ခြွေပျားတွေထဲမှာ အသန့်စင်ဆုံး မျိုးဆက်သွေးကို ပိုင်ဆိုင်ထားတဲ့ ပျားကို ခေါ်တာ ဖြစ်ပါတယ်။
ဝိညာဉ်စုပ် ပျားဘုရင်ပဲ ဖြစ်ဖြစ်၊ ဝိညာဉ်စုပ် ပျားဧကရာဇ်ပဲဖြစ်ဖြစ်ပါလေ။သေချာတာ တစ်ခုကတော့ သူတို့နှစ်ကောင်စလုံးဟာ အဆင့်တူ ဝိညာဉ်ခြွေ ပျားတွေထဲမှာ အစွမ်း အထက်ဆုံးပါပဲ။
အဲဒါကိုတော့ လုံးဝ သံသယ ဖြစ်စရာ မရှိပါဘူး။
အလယ်အလတ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ်တွေရဲ့ အားကုန် တိုက်ခိုက်မှုကို တောင့်ခံနိုင်ပါတယ် ဆိုတဲ့ လီဖူချန်းရဲ့ ကောင်းကင်စက်ကွင်း ဓားအကာအကွယ်တောင်မှ ဝိညာဉ်စုပ် ပျားဘုရင်တွေနဲ့ အတွေ့မှာ ကျိုးပေါက်သွားခဲ့ပြီ မဟုတ်ပါလား။
တိတိကျကျ ပြောရမယ် ဆိုရင်တော့ ဝိညာဉ်စုပ် ပျားဘုရင် တစ်ကောင်ရဲ့ တိုက်ခိုက်မှုဟာ အဆင့်မြင့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးနဲ့ကို ညီမျှပါတယ်။ အဲသည်အတွက် အနီးကပ်သာ တိုက်ခိုက်ရမယ် ဆိုရင်တော့ သည်ဝိညာဉ်စုပ် ပျားဘုရင် သုံးကောင်ဟာ လီဖူချန်းတို့ငါးယောက်ကို ချက်ချင်း သတ်ပစ်လိုက်နိုင်မှာ အသေအချာပါပဲ။
ဖောင်း ...ဖောင်း ...ဖောင်း ...
ဘန်း ...ဘန်း ...
ကောင်းကင်စက်ကွင်း ဓားအကာအကွယ်တွေဟာ တစ်ထပ်ပြီး တစ်ထပ် ချိူ းဖောက် ခံလိုက်ရပါပြီ။သည်ဝိညာဉ်စုပ် ပျားဘုရင် သုံးကောင်ဟာ သိန်းနဲ့ချီတဲ့ ဝိညာဉ်ခြွေ ပျားတွေထက်တောင်မှ ကြောက်စရာ ကောင်းလွန်းလှပါတယ်။
တကယ်လို့ သည်ဝိညာဉ်စုပ် ပျားဘုရင် သုံးကောင်သာ အနား ကပ်လာနိုင်ပြီ ဆိုရင်တော့ လီဖူချန်းတောင်မှ သူတို့လက်ထဲကနေ ဒဏ်ရာမရဘဲ ထွက်ပြေးနိုင်မှာ မဟုတ်ပါဘူး။
“သဏ္ဌာန်ငါးမျိုး လက်သီးဧကရာဇ်၊ ချန်းလျွန် ကကြိုး”
နောက်ဆုံးမှာတော့ ရှန်ကောင်းယုဟာ သူ့ရဲ့ သက်စောင့်သိုင်းကွက်ကို ထုတ်သုံးလာခဲ့ပါပြီ။
ဂီး ...
ဘန်း ...
ရှန်ကောင်းယုရဲ့ လက်သီးကနေ ထွက်ပေါ်လာတဲ့ ငှက်ကြီးဟာ ဝိညာဉ်စုပ် ပျားဘုရင် သုံးကောင်ကို တော်တော်ဝေးဝေးအထိ လွင့်ထွက်သွားစေခဲ့ပါတယ်။ ဒါပေမဲ့လည်း သိပ်မကြာခင်မှာပဲ အဲသည် ပျားဘုရင် သုံးကောင်ဟာ လီဖူချန်းတို့ဆီကို ပြန်ရောက်လာခဲ့ပါတယ်။ ပြီးတော့ သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဆိုရင်လည်း ဘာဒဏ်ရာ၊ဒဏ်ချက်မှ ရှိမနေပါဘူး။
“အညှာအတာမဲ့ မျောလွင့်မီးလျှံ”
လီဖူချန်းရဲ့ စကားအဆုံးမှာတော့ ကြက်သွေးရောင် ပိုးကြိုးမျှင်တစ်ခုဟာ ကောင်းကင်ယံမှာ ဖြစ်တည်လာပြီး ဝိညာဉ်စုပ် ပျားဘုရင်တွေကို ရစ်ပတ်ကာ ပိုင်းဖြတ်ပစ်လိုက်ပါတယ်။
ထင် ...ထင် ...ထင် ...
ဒါပေမဲ့ အဲသည် ဓားပိုးကြိုးမျှင်က မီးပွင့်တွေ ထွက်ပေါ်လာစေတာက လွဲပြီး ဘာမှ မတတ်စွမ်းနိုင်ခဲ့ပါဘူး။ ဝိညာဉ်စုပ် ပျားဘုရင်တွေရဲ့ ခန္ဓာကိုယ် မာကျောမှုက ဖျက်ဆီးလို့ မရအောင် ခိုင်ခံ့တယ် ဆိုတဲ့ ဓားပိုးကြိုးကိုပါ လက်မှိုင် ကျစေခဲ့ပါပြီ။
“လောင်ကျွမ်းခြင်းဓား”
အညှာအတာမဲ့ မျောလွင့်မီးလျှံက ဝိညာဉ်စုပ် ပျားဘုရင်တွေ အပေါ်မှာ သက်ရောက်နိုင်စွမ်း မရှိတာကို သိလိုက်ရတဲ့ နောက်မှာတော့ လီဖူချန်းက နောက်ထပ် ဓားကွက် တစ်ကွက်ကို အလျင်အမြန် ပြောင်းလိုက်ပါတယ်။
ရှဲ ...ရှဲ ...ရှဲ ...
လောင်ကျွမ်းခြင်းဓား ထွက်ပေါ်လာတဲ့ အခါမှာတော့ ပတ်ဝန်းကျင် တစ်ခုလုံးရဲ့ အပူချိန်ဟာ ရုတ်တရက် ဆောင့်ထိုး တက်သွားခဲ့ပါပြီ။
မသိရင်တော့ သည်နေရာဟာ မီးလောင်ပြင်ကြီး တစ်ခုလိုပါပဲ။
အဲဒါတင် မကပါဘူး။သည်ဓားကွက်မှာက ကြောက်စရာ ကောင်းလှတဲ့ မီးတာအို ဥပဒေသတွေ ခိုဝင်ကိန်းအောင်း နေတဲ့အတွက် အဲဒါက ဝိညာဉ်ခြွေပျားတွေရဲ့ အထဲက အစိုဓာတ် နဲ့ အသက်ဓာတ်ကိုလည်း ခန်းခြောက်လာစေခဲ့ပါတယ်။
သည်ဓားကွက်ကတော့ ဝိညာဉ်စုပ် ပျားဘုရင်တွေ အပေါ်မှာ သက်ရောက်မှု ရှိတယ်ဆိုတာကို လုံးဝ သံသယ ဝင်နေစရာ မလိုပါဘူး။
ဘာဖြစ်လို့လဲ ဆိုတော့ ဝိညာဉ်စုပ် ပျားဘုရင်တွေရဲ့ ခန္ဓာကိုယ်တွေဟာ အငွေ့တထောင်းထောင်း ထလာတာကို အားလုံးက မြင်နေရလို့ပါပဲ။
ဝိညာဉ်စုပ် ပျားဘုရင်တွေက စိတ်ဝိညာဉ် အသိဉာဏ်ပိုင်းမှာလည်း မနိမ့်ကျလှပါဘူး။ သူတို့က သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ အစိုဓာတ်တွေ နဲ့ အသက်ဓာတ်တွေ ခန်းခြောက်လာတာကို ကောင်းကောင်းကြီး ခံစားမိပုံ ရပါတယ်။ အဲသည်အတွက် သူတို့က သူတို့ရဲ့ ဖင်ထဲကနေ ဆူးတွေကို ထုတ်လိုက်ပြီး ဘေးနားမှာ ရှိနေတဲ့ ဝိညာဉ်ခြွေ ပျားတွေရဲ့ ခန္ဓာကိုယ်ထဲ စိုက်လိုက်တာ အစိုဓာတ်တွေ နဲ့ အသက်ဓာတ်တွေကို စုပ်ယူလိုက်ကြပါတယ်။
ဖုတ် ...ဖုတ် ...ဖုတ် ...
ဝိညာဉ်စုပ် ပျားဘုရင်တွေရဲ့ စုပ်ယူခြင်းကို ခံလိုက်ရတဲ့ ပျားတွေကတော့ ချက်ချင်းဆိုသလိုပဲ တစ်ကိုယ်လုံး ခြောက်သွေ့ကာ မြေပြင်ပေါ်ကို ပြုတ်ကျကုန်ပါတယ်။
“လောင်ကျွမ်းခြင်းဓားက အလုပ်ဖြစ်တယ်ဟ”
လီဖူချန်းရဲ့ မျက်လုံးတွေကတော့ အရောင်တောက်သွားခဲ့ပါပြီ။ အဲသည်နောက်မှာတော့ သူဟာ လောင်ကျွမ်းခြင်းဓားကို ဆယ့်ငါးခါလောက် ဆက်တိုက် ထုတ်လိုက်ပြီး ဝိညာဉ်စုပ် ပျားဘုရင် သုံးကောင်ကို တိုက်ခိုက်လိုက်ပါတယ်။
သည်လောင်ကျွမ်းခြင်းဓားရဲ့ သက်ရောက်မှု ဧရိယာကလည်း နည်းနည်းနောနော မဟုတ်ပါဘူး။ အဲသည်အတွက် သည်ဓားကွက်ဟာ ဝိညာဉ်စုပ် ပျားဘုရင် သုံးကောင်ကိုသာမက အနီးအနားမှာ ရှိနေတဲ့ ဝိညာဉ်ခြွေ ပျားတွေကိုပါ သက်ရောက်နိုင်စွမ်း ရှိပါတယ်။
ဝိညာဉ်ခြွေ ပျားတွေကတော့ ဝိညာဉ်စုပ် ပျားဘုရင်တွေလောက် စိတ်ဝိညာဉ် အသိဉာဏ် မဖွံ့ဖြိုးသေးတဲ့အတွက် ဘာမှ မခုခံနိုင်ဘဲ လီဖူချန်းရဲ့ ဓားချက်အောင်မှာ လည်စင်းပေးလိုက်ကြရပါတယ်။
ဇီ ...ဇီ ...ဇီ ...
အချိန်တွေ တဖြည်းဖြည်း ကြာလာတဲ့ နောက်မှာတော့ ဝိညာဉ်စုပ် ပျားဘုရင်သုံးကောင်ဟာလည်း အထိ နာလှကြပါပြီ။
လီဖူချန်းရဲ့ လောင်ကျွမ်းခြင်းဓားက သူ့တို့ရဲ့ ကိုယ်ထဲက အစိုဓာတ်တွေ နဲ့ အသက်ဓာတ်တွေကို မနားတမ်း လောင်ကျွမ်းစေပြီး အငွေ့ပြန်နေစေတာ မဟုတ်ပါလား။
သည်ဓားကွက်နဲ့ အတွေ့မှာတော့ သူတု့ိရဲ့ မာကျော ကြံ့ခိုင်လှပါတယ် ဆိုတဲ့ ခန္ဓာကိုယ်တွေဟာလည်း ဘာမှ အသုံးမဝင်တော့ပါဘူး။
ဝိညာဉ်စုပ် ပျားဘုရင်တွေ ဆိုတာက အနီးကပ်သာ တိုက်ခိုက်နိုင်ပြီး သူတို့ရဲ့ မာကျောလှတဲ့ ခန္ဓာကိုယ်ကြောင့် အဆင့်မြင့် တိုက်ခိုက်ရေး ဧကရာဇ် အဆင့်ကို ရောက်နေတာ ဖြစ်ပါတယ်။ အခုလို အနီးကပ်လည်း မတိုက်နိုင်၊ ခန္ဓာကိုယ် မာကျောမှုကလည်း အလုပ်မဖြစ်တဲ့ အခါမှာတော့ သူတို့ဟာ ယင်ကောင်တွေနဲ့ ဘာမှ မခြားနားတော့ပါဘူး။
“မတူညီတဲ့ ဓားကွက် နှစ်ကွက်လား”
လူလျိုု့၊ ကျိရီ နဲ့ ရှင်းတိကောဝမ်တို့ကတော့ အံ့သြပြီးရင် အံ့သြနေရတာပါပဲ။
သူတို့လို အစွမ်းထက် မူလပင်လယ် နယ်ပယ် ဘုရင်တွေဟာ ဘယ်လိုလုပ်ပြီး လီဖူချန်းရဲ့ ဓားစွမ်းကို မမြင်နိုင်ဘဲ နေမှာတဲ့လဲ။
လီဖူချန်းရဲ့ ဓားရေး ကျွမ်းကျင်မှုဟာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေနဲ့တောင် ယှဉ်နိုင်နေပါပြီ။သူက ကျင့်ကြံခြင်း နယ်ပယ် အပိုင်းမှာပဲ ချို့တဲ့နေတာပါ။
ဝိညာဉ်စုပ် ပျားဘုရင်တွေဟာ အတော်လေးကို ဉာဏ်သွားလွန်းလှတဲ့ အကောင်တွေပါပဲ။ သူတို့က ဘယ်အချိန်မှာ လက်လျော့ရမလဲ ဆိုတာကို ကောင်းကောင်းကြီး သိကြပါတယ်။
သူတို့က လီဖူချန်းရဲ့ လောင်ကျွမ်းခြင်းဓားကို မကျော်လွှားနိုင်တဲ့အတွက် ဆက်ပြီး တိုက်ခိုက်ဖို့ မကြိုးစားကြတော့ပါဘူး။ သူတို့က လီဖူချန်းတို့ကို တိုက်ခိုက်နေရာကနေ ခပ်တည်တည်ပဲ လှည့်ထွက်သွားပါတော့တယ်။
ဝိညာဉ်စုပ် ပျားဘုရင်တွေ ထွက်သွားတာကို မြင်လိုက်ပြီးတဲ့ နောက်မှာတော့ ဝိညာဉ်ခြွေပျားတွေကလည်း လီဖူချန်းတို့ကို ဆက်ပြီး မတိုက်ခိုက်တော့ပါဘူး။ အဲသည်အစား သူတို့က ဝိညာဉ်စုပ် ပျားဘုရင်တွေရဲ့ ဦးဆောင်မှုနောက်ကိုသာ လိုက်သွားကြပါတော့တယ်။
မြေပြင်ပေါ်မှာကတော့ ဝိညာဉ်ခြွေပျား အသေကောင်တွေဟာ တောင်ပုံရာပုံ ပုံလို့ ကျန်နေခဲ့ပါပြီ။
“လီဖူချန်း ... ငါတို့တော့ ပွပြီဟ”
မြေကြီးပေါ်မှာ တောင်ပုံရာပုံ သေနေတဲ့ ဝိညာဉ်ခြွေပျား အလောင်းကောင်တွေ ဆိုတာက မြေကြီးပေါ်မှာ ပျားရည်တွေ တောင်ပုံရာပုံ ရှိနေတာနဲ့ အတူတူပါပဲ။
အဲသည်အတွက် ရှန်ကောင်းယုရဲ့ မျက်လုံးတွေဟာ အရောင် တဝင်းဝင်း တောက်နေပါတော့တယ်။
လူလျို့၊ ကျိရီ နဲ့ ရှင်းတိကောဝမ်တို့ကလည်း ဝိညာဉ်ခြွေပျားတွေရဲ့ ပျားရည်ဟာ တန်ဖိုးကြီးတယ် ဆိုတာကို သိကြတာပါပဲ။ဒါပေမဲ့လည်း သူတို့ရဲ့ အသက်တွေဟာ လီဖူချန်း နဲ့ ရှန်ကောင်းယုတို့ကြောင့်သာ ရှင်ကျန်နေခဲ့ရတာပါ။ အဲသည်အတွက် သူတို့က ပျားရည်တွေကို အများကြီး မယူရဲပါဘူး။ သူတို့က တစ်ယောက်ကို ပျားရည်တစ် တစ်ထောင်စီသာ ယူခဲ့ကြပါတယ်။
တခြားတစ်ဖက်မှာတော့ လီဖူချန်းတို့ နှစ်ယောက်ဟာ ကျန်နေတဲ့ ပျားရည်စက် တစ်သိန်းကျော်ကို တစ်ယောက်တစ်ဝက်စီ အညီအမျှ ခွဲယူလိုက်ကြပါတယ်။
“ကောင်းလှချည်လားဟ”
ဝိညာဉ်ခြွေ ပျားရည်ရဲ့ အစွမ်းကတော့ တကယ်ကို အံ့သြစရာပါပဲ။ လီဖူချန်းက ပျားရည်တစ်စက်ကို သောက်မိလိုက်တာနဲ့ သူ့ရဲ့ ဝိညာဉ် အဆီအနှစ်ဟာ လန်းဆန်းသွားသလို ခံစားလိုက်မိပါတယ်။ တကယ်လို့သာ သူ့အနေနဲ့ သည်ပျားရည်ကို ရေရှည် သောက်သုံးသွားမယ် ဆိုရင်တော့ ကျင့်ကြံခြင်း အပိုင်းမှာ သိပ်ပြီး စိတ်ညစ်ညူ းရတော့မှာ မဟုတ်ပါဘူး။
ပျားရည်တွေကို သိမ်းယူပြီးတဲ့ နောက်မှာတော့ လူတွေအားလုံးဟာ ရင်ပြင်ရဲ့ တစ်ဖက်ခြမ်းမှာ ရှိတဲ့ ဆေးပင်တွေဆီကို လှမ်းကြည့်လိုက်ကြပါတော့တယ်။
သည်နေရာမှာ ရှိနေတဲ့ ဆေးပင်တွေကတော့ သူတို့မြင်ဖူးသမျှ ဆေးပင်တွေထဲမှာ အလှဆုံးပါပဲ။ ပြီးတော့ ထူးခြားလှတဲ့ ဆေးပင်တွေလည်း ဖြစ်ပါတယ်။
သူတို့ရဲ့ အဆင့်က သိပ်ပြီး မမြင့်လှပါဘူး။ ဒါပေမဲ့လည်း သည်ဆေးပင်တွေက ရှားပါးတဲ့ ဆေးပင်တွေ ဖြစ်တယ် ဆိုတာကိုတော့ သူတို့အားလုံးက အလိုလို သိနေကြပါတယ်။
လီဖူချန်းရဲ့ စိတ်အာရုံတွေကတော့ စိတ်ဝိညာဉ် ဆေးပင် တစ်အုပ်စီကလွဲပြီး ဘယ်ကိုမှ မသွားတော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲသည် စိတ်ဝိညာဉ် ဆေးပင်တွေ အကုန်လုံးက အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင်တွေ ဖြစ်နေလို့ပါပဲ။
“သည်စိတ်ဝိညာဉ် ဆေးပင် တစ်အုပ်လုံးကို ကျုပ် လိုချင်တယ်။ ကျန်တဲ့ဆေးပင်တွေကိုတော့ ကျုပ်မယူတော့ဘူး”
လီဖူချန်းက စိတ်ဝိညာဉ် ဆေးပင်တွေကို သူလိုချင်တဲ့ အကြောင်း အလျင်အမြန် ကြေညာလိုက်ပါတယ်။
“မင်းယူချင်ရင် ယူလေ”
“သခင်လေး လိုချင်တယ်ဆိုရင် ယူပါရှင့်”
လူလျို့၊ ကျိရီ နဲ့ ရှင်းတိကောဝမ်တို့က သည်စိတ်ဝိညာဉ် ဆေးပင်တွေကို စိတ်မဝင်စားကြပါဘူး။
သူတို့က သည်ဆေးပင်တွေရဲ့ လူကို ယစ်မူး၊စွဲလန်းစေတတ်တဲ့ သဘာဝကို ကောင်းကောင်းကြီး သိထားကြပါတယ်။ တခြား ဆေးပင်တွေနဲ့ ယှဉ်ရင်တော့ သည်ဆေးပင်တွေဟာ သူတို့အတွက် အမှိုက်သာသာပါပဲ။
အဲသည်အတွက် သူတို့က သည်ဆေးပင်တွေကိုပဲ ယူဖို့ ဆုံးဖြတ်လိုက်တဲ့ လီဖူချန်းကိုတောင်မှ စိတ်ထဲကနေ ကျိတ်ပြီး ကျေးဇူးတင်နေကြပါသေးတယ်။
သည်လိုနဲ့ပဲ လီဖူချန်းဟာ အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင် ဆယ့်သုံးပင်ကို အောင်အောင်မြင်မြင် ရရှိသွားခဲ့ပါပြီ။
' ဟီးဟီး ... ကံကောင်းလိုက်တာကွာ '
သူကလည်း သူ့အတွေးနဲ့သူ ကျိတ်ပြီး ပျော်နေတာပါပဲ။
အရင်တစ်ခေါက်တုန်းက သူစားလိုက်တဲ့ အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင် နှစ်ပင်က သူ့ရဲ့ စိတ်ဝိညာဉ်ကို ခရမ်းရောင်အဖြစ် ဆင့်ကဲပြောင်းလဲ စေခဲ့ရုံတင် မကပါဘူး။ အဲဒါက သူ့ရဲ့ စိတ်ဝိညာဉ်မှာ အနီရောင် ဖျော့ဖျော့ အစင်းကြောင်းလေး တစ်ခုပါ ထင်သွားစေခဲ့ပါသေးတယ်။
အဲသည် အနီရောင် ဖျော့ဖျော့ အစင်းကြောင်းလေးက အမှောင်ထဲကနေ ထွက်လာတဲ့ အရုဏ်ဦး အလင်းတန်းလေးလိုပါပဲ။ အဲဒါက သိပ်ပြီး မတောက်လှပပေမယ့် ကြည်နူးဖွယ်ရာ ခံစားချက်ကိုတော့ ပေးစွမ်းနိုင်ပါတယ်။
“အရင် အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင် နှစ်ပင်က ငါ့ရဲ့ စိတ်ဝိညာဉ်ပေါ်မှာ အနီဖျော့ အစင်းကြောင်း တစ်ခုကို ထင်သွားစေနိုင်တယ်။ သည်ဆေးပင် ဆယ့်သုံးပင်ကကော ငါ့ရဲ့ စိတ်ဝိညာဉ် အပေါ်မှာ ဘာသက်ရောက်မှု ရှိသွားစေနိုင်မလဲ”
စဉ်းစားနေရင်းနဲ့ လီဖူချန်းက အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင် တစ်ပင်ကို ကောက်ဝါးလိုက်ပါတယ်။
အဲသည်နောက်မှာတော့ သူ့ရဲ့ ခရမ်းရောင် စိတ်ဝိညာဉ်ပေါ်မှာ ရှိနေတဲ့ အနီရောင်ဖျော့ဖျော့ အစင်းကြောင်းဟာ သုံးကြောင်း ဖြစ်သွားခဲ့ပါပြီ။အဲသည် အဓိပါ္ပယ်ကတော့ အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင် တစ်ပင်ဟာ အနီရောင်ဖျော့ဖျော့ အစင်းကြောင်း နှစ်ခုကို ဖြစ်ပေါ်စေတယ်လို့ ပြောနေတာနဲ့ အတူတူပါပဲ။
“မထူးပါဘူးကွာ။ အကုန်လုံး စားပစ်လိုက်တာ အေးတယ်”
လီဖူချန်းဟာ တခြားအရာတွေမှာ စိတ်ရှည်ရင် ရှည်ပါမယ်။ ဒါပေမဲ့ သူ့ရဲ့ ဆင့်ကဲပြောင်းလဲနေတဲ့ သူ့ရဲ့ စိတ်ဝိညာဉ်နဲ့ ပက်သက်ရင်တော့ ဘယ်တုန်းကမှ စိတ်ရှည်လေ့ မရှိပါဘူး။
အခုလည်း အဆင့်မြင့် စိတ်ဝိညာဉ် ဆေးပင် တစ်ပင်က သူ့ရဲ့ ခရမ်းရောင် စိတ်ဝိညာဉ်ပေါ်မှာ အနီဖျော့ဖျော့ အစင်းကြောင်း နှစ်ကြောင်း ထင်စေနိုင်တာကို သိလိုက်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ကျန်ရှိနေသေးတဲ့ ဆေးပင် ဆယ့်နှစ်ပင်ကို တစ်ခါတည်း ဝါးစားလိုက်ပါတော့တယ်။
၅ ရာခိုင်နှုန်း ...
ချက်ချင်းဆိုသလိုပဲ ခရမ်းရောင် စိတ်ဝိညာဉ်ဟာ အနီဖျော့ဖျော့ဘက်ကို ၅ရာခိုင်နှုန်း ပြောင်းသွားခဲ့ပါပြီ။
' ဟားဟား ... ၅ရာခိုင်နှုန်းတောင်မှလား '
ဒါက ၅ရာခိုင်နှုန်းသာ ဖြစ်ပေမယ့်လည်း လီဖူချန်းကတော့ သည်အဖြစ်အပျက်နဲ့ ပက်သက်ပြီး အတော်လေး ကျေနပ်နေပါတော့တယ်။
' ခရမ်းရောင်ပြီးတော့ အနီရောင်။ အနီရောင်ပြီးရင်ကော ဘာလာဦးမှာလား '
သူ့ရဲ့ စိတ်ဝိညာဉ်က အနီရောင် ဖျော့ဖျော့တောင် မဖြစ်သေးပါဘူး။ ဒါပေမဲ့လည်း လီဖူချန်းကတော့ အနီရောင်ပြီးရင် ဘာလာမလဲ ဆိုတာကိုတောင် ကြိုကြီး စဉ်းစားနေခဲ့ပါပြီ။
ဝေါ…ဝေါ…ဝေါ…
လူတွေအားလုံးက သူတို့ကြိုက်နှစ်သက်တဲ့ ဆေးပင်တွေကို တူးယူပြီးတဲ့ နောက်မှာတော့ သူတော်စင် ဥယျာဉ်ဟာ ရုတ်တရက် တုန်ခါလာခဲ့ပါတယ်။
“စိတ်မပူကြပါနဲ့။ ဒါက သူတော်စင် ဥယျာဉ် နေရာပြောင်းတော့မှာမို့ ဖြစ်နေတာပါ”
လူလျို့က အားလုံးကို ရှင်းပြလိုက်ပါတယ်။
သူ့ရဲ့ သတိပေးသံ အဆုံးမှာတော့ သူတော်စင် ဥယာဉ်ရဲ့ ပုံရိပ်တွေဟာ တစ်စစီ ပြိုကွဲပြီး ဟင်းလင်းပြင်ထဲကို ဝင်ရောက်သွားခဲ့ပါပြီ။ တစ်ဆက်တည်းမှာပဲ လီဖူချန်းတို့ရဲ့ ပတ်ပတ်လည်မှာ ရှိသမျှ အရာ အားလုံးကလည်း အိုးထိန်းစက် တစ်လုံးလို ချာချာလည်လာပါတော့တယ်။
အရာအားလုံး ပြန်တည်ငြိမ်သွားတဲ့ အခါမှာတော့ သူတို့ဟာ သူတောင်စင် ဥယျာဉ်ထဲမှာ မဟုတ်တော့ပါဘူး။ သူတို့ဟာ ကျက်တီးမြေဆန်တဲ့ ကျွန်းတစ်ခုပေါ်မှာ ရောက်နေခဲ့ပါပြီ။
***