ကုန်စည် လဲလှယ်ပွဲ
Vol. 46 Ch. 629
သည်နေ့မှာတော့ လီဖူချန်းက သူငှားထားတဲ့ သီးသန့်ခြံဝင်းထဲမှာ ကိုယ်ပျောက်မန္တာန်ကို စမ်းသပ်မှာ ဖြစ်ပါတယ်။
“ကိုယ်ပျောက်စမ်း”
လီဖူချန်းက သူ့ရဲ့ လက်နှစ်ဖက်နဲ့ လက်ဟန်တစ်ခုကို လုပ်လိုက်တဲ့ အခါမှာတော့ သူ့ရဲ့ ခန္ဓာကိုယ်ဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပါပြီ။
“ဟီးဟီး ... အလုပ်ဖြစ်တယ်ဟ”
အဲသည်နောက်မှာတော့ ကိုယ်ပျောက်နေတဲ့ လီဖူချန်းဟာ ခြံဝင်းရဲ့ အကာအကွယ် အစီအရင်နဲ့ နံရံတွေကို ဖြတ်ကျော်ပြီး လမ်းမပေါ်ကို တက်သွားပါတော့တယ်။
လမ်းမပေါ်မှာကတော့ ထုံးစံအတိုင်း လူတွေ ပျားပန်းခတ်နေတာပါပဲ။ ဒါပေမဲ့လည်း ဘယ်သူကမှ လီဖူချန်းကို သတိမထားမိကြပါဘူး။အဲသည်လူတွေထဲက တချို့ဆိုရင် လီဖူချန်းကိုတောင် ဖောက်ပြီး ကျော်ဖြတ်သွားကြပါသေးတယ်။ မသိရင်တော့ သူတို့နဲ့ လီဖူချန်းက မတူညီတဲ့ ကမ္ဘာ နှစ်ခုက လူတွေလိုပါပဲ။
“သည် ...သည် ... သည်ကိုယ်ပျောက်မန္တာန်က နည်းနည်းတော့ မလွန်လွန်ဘူးလား”
လမ်းမအလယ်မှာတော့ လီဖူချန်းဟာ ကျောက်ရုပ်တစ်ရုပ် အကြောင်သား ရပ်နေမိပါတယ်။ သူ့ရဲ့ မျက်နှာပေါ်မှာ ဆိုရင်လည်း အံ့သြမှုတွေက အထင်းသားပါပဲ။
သည်ကိုယ်ပျောက် မန္တာန်က တိုက်ခိုက်လို့ ရတဲ့ အစွမ်းတော့ မရှိပါဘူး။ ဒါပေမဲ့လည်း သည်မန္တာန်ရဲ့ လုပ်ဆောင်ပေးချက်ကြီးက လွန်လွန်းလှပါတယ်။
ကြည့်ရတာကတော့ သည်ကိုယ်ပျောက်မန္တာန်က အလင်းကို ယိုင်ပေးရုံတင် မကဘဲ လူကိုပါ ထွင်းဖောက်သွားနိုင်အောင် လုပ်ပေးနိုင်ပုံပါပဲ။
“တောက် ... သည်မန္တာန်က သုံးထားတဲ့ အချိန်မှာ ဘာသိုင်းပညာမှ ထုတ်သုံးလို့ မရတာ နာတာပဲ။ မဟုတ်ရင်တော့ ငါက ကမ္ဘာပေါ်မှာ အတော်ဆုံး ကြေးစားလူသတ်သမား ဖြစ်နေလောက်ပြီ”
ကိုယ်ပျောက်မန္တာန် အကြောင်းကို စဉ်းစားနေရင်းနဲ့ လီဖူချန်းဟာ ရုတ်တရက် မချင့်မရဲ ရေရွတ်လိုက်မိပါသေးတယ်။ ပြီးတဲ့နောက်မှာတော့ သူဟာ ခေါင်းတခါခါနဲ့ သူ့ရဲ့ ခြံဝင်းထဲကို ပြန်ဝင်သွားပါတော့တယ်။
***
“လီဖူချန်း… နောက်ထပ် သုံးရက်ကြာရင် ခုန်ဖေး ဥယျာဉ်မှာ ကုန်စည် လဲလှယ်ပွဲ ရှိတယ်တဲ့။ အဲနေ့ကျရင် ငါတို့နှစ်ယောက် အဲသည်ကို တစ်ချက်လောက် သွားကြည့်ကြရအောင်။ အဲသည်မှာ အမြစ်မဲ့ပန်းတွေကို လဲချင်တဲ့သူတွေ ရှိရင်ရှိနေမှာ”
တစ်နေ့မှာတော့ ရှန်ကောင်းယုဟာ လီဖူချန်းဆီကို ဆိုင်းမဆင့်၊ဗုံမဆင့် ရောက်ရှိလာခဲ့ပါတယ်။
“ကုန်စည်လဲလှယ်ပွဲလား ... ဘယ်သူက အဲဒါကို ဦးဆောင် ကျင်းပတာလဲ”
အမြစ်မဲ့ပန်းဆိုတဲ့ အသံကို ကြားလိုက်တာနဲ့ တစ်ပြိုင်နက် လီဖူချန်းရဲ့ မျက်လုံးတွေဟာ အရောင် တောက်သွားခဲ့ပါပြီ။
သည်အမြစ်မဲ့ပန်းတွေ ဆိုတာက သူ့အတွက် အတော်လေး အရေးကြီးလှတဲ့ အရာတွေပါပဲ။ သူတော်စင် ဥယျာဉ်မှာတုန်းက သူဟာ အမြစ်မဲ့ပန်းတွေကို ရှာခဲ့သေးပေမယ့်လည်း ကံဆိုးစွာနဲ့ တစ်ပင်သာ ရခဲ့ပါတယ်။
ရှန်ကောင်းယုက လီဖူချန်းရဲ့ ဗဟုသုတအကြောင်းကို ကောင်းကောင်းကြီး သိထားပြီးထားပါပြီ။ သည်ဓားတာအို ပါရမီရှင်က ဗဟုသုတ အပိုင်းမှာတော့ တကယ်ကို ချို့တဲ့လွန်းလှတဲ့ သူပါပဲ။
အဲသည်အတွက် သူက လီဖူချန်းကို ထုံးစံအတိုင်း ကုန်စည်လဲလှယ်ပွဲနဲ့ ပက်သက်ပြီး သေသေချာချာ ရှင်းပြလိုက်ပါတယ်။
“သည်ကုန်စည်လဲလှယ်ပွဲကို ဦးဆောင် ကျင်းပတဲ့သူက နတ်ကျက်သရေ အင်ပိုင်ယာရဲ့ သခင်လေး ၄ပါးထဲက အဖော်မဲ့ သခင်လေးပဲ။ သူက မိုကလန်ရဲ့ နံပါတ်တစ် ပါရမီရှင်ဆိုရင်လည်း မမှားဘူး။ အဲသည်အတွက် သည်ကုန်စည်လဲလှယ်ပွဲကို မူလပင်လယ် နယ်ပယ်က နာမည်ကျော် ဘုရင်တွေ တက်ရောက်ကြလိမ့်မယ်”
“အဖော်မဲ့ သခင်လေးလား”
လီဖူချန်းရဲ့ ဗဟုသုတက ဘယ်လောက်ပဲ နည်းတယ် ဆိုပေမယ့် သူက အဖော်မဲ့ သခင်လေးကိုတော့ မကြားဖူးဘဲ မနေပါဘူး။
နတ်ကျက်သရေ အင်ပိုင်ယာမှာက သခင်လေး ၄ပါး ရှိပါတယ်။ ပြီးတော့ အဲသည် သခင်လေး ၄ပါးစလုံးဟာ ထိပ်တန်း ပါရမီရှင်တွေချည်းပါပဲ။
သူတို့အားလုံးဟာ အဆင့်မြင့် တိုက်ခိုက်ရေး ဧကရာဇ်တွေ ဖြစ်ကြပြီး ကြောက်စရာ ကောင်းလှတဲ့ နောက်ခံအင်အားတွေကိုလည်း ပိုင်ဆိုင်ထားကြပါသေးတယ်။
အဲသည်ထဲမှာမှ အဖော်မဲ့ သခင်လေးရဲ့ နောက်ခံဟာ တခြားသခင်လေးတွေထက် မသိမသာ အားကောင်းနေတယ်လို့ ဆိုရပါမယ်။
အဖော်မဲ့ သခင်လေးရဲ့ နောက်ခံအင်အားစုဟာ နတ်ကျက်သရေ အင်ပိုင်ယာရဲ့ ဧကရာဇ် အဆင့် ကလန်တစ်ခု ဖြစ်တဲ့ မိုကလန် ဖြစ်ပါတယ်။ မိုကလန်ရဲ့ လက်ရှိ ဦးစီးခေါင်းဆောင်က ဝိညာဉ်ဧကရာဇ်ရဲ့ နောက်လိုက်တစ်ဦး ဖြစ်ပြီး အတော်အသင့် သြဇာအာဏာ ရှိသူ ဆိုရင်လည်း မမှားပါဘူး။ အဲသည်အတွက် သည်နတ်ကျက်သရေ အင်ပိုင်ယာထဲမှာက သူ့ထက် အဆင့်အတန်း မြင့်သူဆိုလို့ လူအနည်းငယ်သာ ရှိပါတယ်။
***
နောက်ထပ် သုံးရက်ကြာတဲ့ နောက်မှာတော့ လီဖူချန်း နဲ့ ရှန်ကောင်းယုတို့ဟာ ခုန်ဖေး ဥယျာဉ်ကို ရောက်ရှိလာခဲ့ကြပါပြီ။
သည်ဥယျာဉ်က လူတိုင်းကိုတော့ ဝင်ခွင့် မပြုထားပါဘူး။ သူတို့က အနိမ့်ဆုံး မူလပင်လယ် နယ်ပယ် အလတ်အလတ် အဆင့်ကို ရောက်နေတဲ့ မူလပင်လယ် နယ်ပယ် ဘုရင်တွေကိုသာ ဝင်ခွင့်ပြုတာပါ။
ခုန်ဖေးဥယျာဉ်ထဲကို ဝင်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ထူးခြားမှု တစ်ခုကို သတိပြုမိလိုက်ပါတယ်။ အဲဒါကတော့ သည်ဥယျာဉ်ထဲမှာ ခင်းကျင်းထားတဲ့ ကျောက်စားပွဲကြီးတွေပါပဲ။ အဲသည် ကျောက်စားပွဲကြီးတွေက မီတာ တစ်ရာ့ငါးဆယ် ကွာဝေးတိုင်းမှာ တစ်ခု ရှိနေပြီး အဲသည်ပေါ်မှာ ဆိုရင်လည်း အစားအစာတွေ၊ သစ်သီးဝလံတွေနဲ့ ပြည့်နှက်နေပါတယ်။ ပြီးတော့ လက်ဖက်ရည်တွေ၊ သေရည်တွေကို တာဝန်ယူ ငှဲ့ပေးနေတဲ့ အစေခံတွေကလည်း အပြည့်ပါပဲ။
လီဖူချန်းက သေရည်တွေကို နင်းကန်သောက်ပြီး မူးယစ်စ ပြုနေတဲ့ မူလပင်လယ် နယ်ပယ် ဘုရင်တချို့ကိုလည်း တွေ့မိလိုက်ပါသေးတယ်။
နောက်ထပ် လီဖူချန်း သတိပြုမိလိုက်တာကတော့ ကုန်စည်လဲလှယ်ပွဲကို ဦးဆောင်ကျင်းပတဲ့ အဖော်မဲ့ သခင်လေးက သည်ပွဲအတွက် အနည်းဆုံး အလယ်အလတ် ဝိညာဉ်ကျောက်တုံး တစ်သန်း အကုန်ကျ ခံထားတယ် ဆိုတာပါပဲ။
ခုန်ဖေးဥယျာဉ်ရဲ့ အလယ်မှာတော့ ကျောက်ပြားကြီး တစ်ချပ် ရှိနေပြီး အဲသည်ပေါ်မှာက လဲလှယ်ချင်တဲ့ ပစ္စည်းတွေ အကြောင်းကို ရေးထားပါတယ်။
“ငါ့ဆီမှာ မိုးကြိုးကပ်ဘေး ဆေးပင် တစ်ပင် ရှိတယ်။ ငါက အဲသည်ဆေးပင်ကို နှစ်ရှစ်ရာ သက်တမ်းရှိတဲ့ အမြစ်မဲ့ပန်းနဲ့ လဲချင်တယ်။ စိတ်ဝင်စားရင် ငါ့ကို အဆောင် အမှတ် ၃၃၀ မှာ လာတွေ့”
“ငါ့ရဲ့ ဝံပုလွေ သားရဲ လက်သည်း ဆေးပင်ကို ထိုက်သင့်တဲ့ ပစ္စည်း တစ်ခုနဲ့ လဲချင်တယ်။ လဲလှယ်မယ့် နေရာက အဆောင်အမှတ် ၃၅၁”
“ရှေးဟောင်း တံဆိပ်တော် သုံးခုကို ထိုက်သင့်တဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေနဲ့ လဲချင်တယ်။ စိတ်ဝင်စားရင် အဆောင် အမှတ် ၃၀၁ ကို လာခဲ့”
ရေးထားတဲ့ အကြောင်းအရာတွေကတော့ တိုတိုတုတ်တုတ်ပါပဲ။ အဲသည်အတွက် လူတိုင်းက သည်စာတွေရဲ့ အဓိပါ္ပယ်ကို ချက်ချင်း သိနိုင်ကြပါတယ်။
“တော်သေးတာပေါ့။ အမြစ်မဲ့ပန်းကို လဲချင်တဲ့သူတွေလည်း သည်မှာ ရှိနေတာပဲ”
ကျောက်ပြားကြီးပေါ်မှာ ရေးထားတဲ့ စာကြောင်းတွေကို အပြန်ပြန်၊အလှန်လှန် ဖတ်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းက သူလိုချင်တာကို တွေ့သွားခဲ့ပါပြီ။
သည်ကျောက်ပြားကြီးပေါ်မှာက အမြစ်မဲ့ပန်းကို တခြား ထိုက်သင့်တဲ့ ပစ္စည်းတွေနဲ့ လဲချင်တဲ့ ကြော်ငြာစာဟာ သုံးခုတောင် ရှိနေပါတယ်။
အဲသည် လဲလှယ်ချင်တဲ့ သူတွေ ပိုင်ဆိုင်ထားတဲ့ အမြစ်မဲ့ပန်းတွေရဲ့ သက်တမ်းကတော့ နှစ်၇၀၀၊နှစ် ၅၀၀ နဲ့ နှစ် ၄၀၀ တို့ပါပဲ။
အဲသည်ထဲမှာမှ နှစ် ၇၀၀ သက်တမ်း ရှိတဲ့ အမြစ်မဲ့ပန်းကိုတော့ ကြော်ငြာစာကို ဖတ်ပြီးပြီးချင်းမှာပဲ လီဖူချန်းက လက်လျော့လိုက်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တစ်ဖက်လူ လိုချင်တဲ့ ပစ္စည်းက သူ့ဆီမှာ ရှိမနေလို့ပါပဲ။
အဲသည်အတွက် လီဖူချန်းက သူ့ရဲ့ ပစ်မှတ်ကို နောက်ကြော်ငြာစာ နှစ်ခုအပေါ်မှာပဲ ထားလိုက်ပါတော့တယ်။
“လီဖူချန်း ... နင်လုပ်စရာ ရှိတာတွေကို နင့်ဘာသာ သွားလုပ်လေ။ ငါလည်း ငါလုပ်စရာ ရှိတာတွေကို ငါ့ဘာသာပဲ သွားလုပ်လိုက်မယ်။ ငါတို့နှစ်ယောက် ပြန်ဆုံမယ့် နေရာကိုတော့ ဆက်သွယ်ရေး တံဆိပ်တော်နဲ့ပဲ ပြောကြတာပေါ့”
ရှန်ကောင်းယုက အကြံဉာဏ် တစ်ခု ပေးလာခဲ့ပါတယ်။
“အင်း ''
လီဖူချန်းကလည်း မငြင်းပါဘူး။
အဲသည်နောက်မှာတော့ လီဖူချန်းဟာ ရှန်ကောင်းယုနဲ့ လမ်းခွဲလိုက်ပြီး အဆောင် အမှတ် ၃၄၃ ဆီကို ထွက်လာခဲ့ပါတော့တယ်။
သည်ခုန်ဖေး ဥယျာဉ်ထဲမှာက အဆောင်ပေါင်း တစ်ထောင်ကျော် ရှိပြီး အဆောင်တိုင်းဟာလည်း ခမ်းနားကြီးကျယ်လွန်းလှပါတယ်။
လီဖူချန်းတစ်ယောက် အဆောင် အမှတ် ၃၄၃ ကို ရောက်တဲ့အခါမှာတော့ လူတော်တော်များများဟာ အဆောင်ထဲမှာ ရောက်နှင့်နေခဲ့ကြပါပြီ။
“ငါပြောပြီးပြီပဲ။ ငါ့ရဲ့ အမြစ်မဲ့ပန်းက အနည်းဆုံး အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး ၅သိန်း တန်တယ်။ ဒါပေမဲ့ ငါက အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး ၈သိန်းနဲ့မှ ငါ့ရဲ့ အမြစ်မဲ့ပန်းကို လဲမှာ။ မင်းဆီမှာ အဲသည်လောက် မရှိရင်တော့ ဘာမှ ဆက်ဆွေးနွေးဖို့ အကြောင်း မရှိဘူး။
အဆောင်ထဲမှာတော့ အမြစ်မဲ့ပန်း ပိုင်ရှင်ဖြစ်ပုံရတဲ့ သက်လတ်ပိုင်း အရွယ် လူကြီးတစ်ယောက်ဟာ အမြစ်မဲ့ပန်းအတွက် သူသတ်မှတ်ထားတဲ့ တန်ဖိုးကို ပြောပြနေပါတယ်။
ဒါပေမဲ့လည်း တခြားလူတွေကတော့ သူပြောတာကို သဘော မတူကြပါဘူး။
“အနည်းဆုံး အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး ၅သိန်း ဟုတ်လား။ ဟေ့လူ ...ခင်ဗျားက ကျုပ်တို့ိုကို သူငယ်နှပ်စားတွေ မှတ်နေတာလား။ ခင်ဗျားရဲ့ အမြစ်မဲ့ပန်းက အနှစ် ၅၀၀ ပဲ ရှိသေးတာ။ အလွန်ဆုံးတန်မှ အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး ၄သိန်းပေါ့”
အမြစ်မဲ့ပန်းကို လဲလှယ်ဖို့ ရောက်လာတဲ့ လူတစ်ယောက်က အမြစ်မဲ့ပန်း ပိုင်ရှင် လူကြီးကို ဒေါသတကြီး ပြန်အော်ပြောနေပါတယ်။
ကျန်တဲ့ လူတွေကလည်း ခေါင်းတညိတ်ညိတ်နဲ့ပါပဲ။
အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး ၈သိန်း ဆိုတာက နည်းတာ မဟုတ်ပါဘူး။ အဲဒါက အလယ်အလတ် အဆင့် မူလပင်လယ် နယ်ပယ် ဘုရင်တစ်ပါး ပိုင်ဆိုင်သမျှ ချမ်းသာကြွယ်ဝမှု အကုန်လုံးနဲ့တောင် ညီမျှနေပါပြီ။
အမြစ်မဲ့ပန်းပိုင်ရှင် လူကြီးက နှာခေါင်း တစ်ချက် ရှုံ့လိုက်ပြီး ပြန်အော်ပြောလိုက်ပါတယ်။
“တကယ်လို့ မင်းမတန်ဘူး ထင်ရင် မလဲနဲ့ပေါ့။ မင်းကို ဘယ်သူက အတင်း အဓမ္မ လဲခိုင်းနေလို့လဲ။ မင်းမလဲနိုင်ရင်လည်း ဘေးမှာ အေးအေးဆေးဆေး နေနေလိုက်”
သူက သူတောင်းဆိုထားတဲ့ တန်ဖိုးဟာ အတော်လေး များနေတယ် ဆိုတာကိုတော့ မသိဘဲ မနေပါဘူး။ ဒါပေမဲ့လည်း တကယ် လိုအပ်နေသူတွေကတော့ သည်ဈေးနှုန်းကို ဈေးမဆစ်ဘဲ လဲလှယ်သွားလိမ့်လို့ သူက ယုံကြည်နေပါတယ်။
“ဟုတ်ပြီလေ ... ခင်ဗျားရဲ့ ပစ္စည်းကို ဘယ်သူက လဲချင်စိတ် ရှိမလဲဆိုတာ ကျုပ်စောင့်ကြည့်လိုက်ဦးမယ်”
အမြစ်မဲ့ပန်းကို လဲဖို့ စိတ်ကူး ရှိခဲ့ကြတဲ့ သူတွေက အဆောင်ထဲကနေ တန်းပြီး မထွက်သွားကြပါဘူး။ သူတို့က သည်လောဘကြီးလှတဲ့ လူကြီး နဲ့ ဘယ်သူကများ အလဲအလှယ် လုပ်မလဲ ဆိုတာကို ဆက်ပြီး စောင့်ကြည့်နေကြပါတယ်။
“အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး ၈သိန်းဆို ရပြီလား။ အဲဒါဆို ကျုပ်ယူမယ်”
အဲသည်အချိန်မှာပဲ သြဇာအာဏာသံနဲ့ ပြည့်ဝလှတဲ့ အသံတစ်ခုဟာ အဆောင်ရဲ့ အဝကနေပြီး ပေါ်လာခဲ့ပါတယ်။ အဲသည် အသံပိုင်ရှင်ကတော့ လီဖူချန်းပါပဲ။
“ဘာ ...ဘာကြီးလဲ ... သည်ဆေးပင်ကို အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး ၈သိန်း ပေးပြီး လဲချင်တဲ့သူက တကယ်ကြီး ရှိနေတာလား”
“လခွီး ... အဲသည်ကောင်က ချမ်းသာလှချည်လား”
“အဲဒါအရေးမကြီးဘူး။ ငါက အရှက်ကွဲတေ
ာ့မှာကွ”
အဆောင်အမှတ် ၃၄၃ထဲမှာတော့ တီးတိုးစကားသံတွေနဲ့ ပြည့်နှက်သွားခဲ့ပါပြီ။
“မောင်ရင်လေး ... မင်း ...မင်း ... မင်း ... တကယ်ကြီး ပြောနေတာလား”
တခြားလူတွေကို မပြောပါနဲ့။ အမြစ်မဲ့ပန်း ပိုင်ရှင်ဖြစ်တဲ့ သက်လတ်ပိုင်းအရွယ် လူကြီးတောင်မှ သူကြားလိုက်တာကို သူယုံပုံ မရပါဘူး။
သူက သူ့ရဲ့ အမြစ်မဲ့ပန်းကို အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး ၈သိန်းနဲ့ လဲမယ်လို့ ပြောရတာက အလျော့အတင်း လုပ်ဖို့အတွက် တမင် ဈေးတင်ထားတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ အမှန်တကယ် မျှော်မှန်းထားတဲ့ ဈေးနှုန်းကတော့ အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး ၆သိန်းခွဲပါပဲ။
“တကယ်မပြောလို့ ကျုပ်က နောက်ပြောနေရမှား။ ရော့ ... သည်မှာ ခင်ဗျားလိုချင်တဲ့ အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး ၈သိန်း။ ကျုပ်ကို ခင်ဗျားရဲ့ အမြစ်မဲ့ပန်း အမြန်ပေးခဲ့တော့”
စကားဆုံးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းက သိုလှောင်အိတ် တစ်အိတ်ကို ထုတ်ပြီး သက်လတ်ပိုင်း အရွယ် လူကြီးဆီကို ပစ်ပေးလိုက်ပါတယ်။
“ဟုတ်ပြီလေ”
သူလိုချင်တဲ့ ဈေးကို ရပြီးသွားတဲ့ နောက်မှာတော့ သက်လတ်ပိုင်းအရွယ် လူကြီးရဲ့ မျက်နှာဟာ ဝင်းပ သွားခဲ့ပါပြီ။ အဲသည်အတွက် သူက သူ့ရဲ့ အမြစ်မဲ့ပန်းကို ထုတ်ယူလိုက်ပါတယ်။
“ခဏနေဦး။ ကျုပ် ...ဝမ်ယွင်လည်း အဲသည် အမြစ်မဲ့ပန်းကို ယူမယ်”
စကားသံ ဆုံးတဲ့နောက်မှာတော့ လူငယ်တစ်ယောက်ဟာ အဆောင်အမှတ် ၃၄၃ထဲကို ရောက်လာခဲ့ပါပြီ။
“အဲဒါ ... ဝမ်ကလန်က ဝမ်ယွင် မဟုတ်ဘူးလား”
အဆောင်ထဲမှာ ရှိနေကြတဲ့ လူတိုင်းဟာ သည်လူငယ်ကို မသိဘဲ မနေကြပါဘူး။
ဝိညာဉ်ဧကရာဇ်ဆီမှာက ဒါဇင်နဲ့ချီတဲ့ နောက်လိုက်တွေ ရှိပြီး အဲသည် နောက်လိုက်တွေ အားလုံးဟာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေ ဖြစ်ကြပါတယ်။
အဲသည်ထဲမှာမှ ဧကရာဇ် ရှစ်ပါးဟာ သူတို့ရဲ့ ကိုယ်ပိုင် ကလန်တွေကို ထူထောင်နိုင်ခဲ့ကြပါတယ်။
အဲသည်ကလန်တွေကတော့ နတ်ကျက်သရေ အင်ပိုင်ယာရဲ့ အဓိက ထောက်တိုင်ကြီး ရှစ်ခု ဖြစ်ပြီး မိုကလန် နဲ့ ဝမ်ကလန်ကလည်း အဲသည်ထဲမှာ အပါအဝင်ပါပဲ။
“ဒါ ...ဒါကတော့”
သက်လတ်ပိုင်း အရွယ် လူကြီးဟာ ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ပါဘူး။
တကယ်လို့ သူ့ကို ဟန့်တားလိုက်သူဟာ ဝမ်ယွင် မဟုတ်ဘဲ တခြားလူတစ်ယောက် ဖြစ်နေရင်တော့ သူက အဲသည်လူကို ပြန်အော်ငေါက်လိုက်မှာ အသေအချာပါပဲ။ ဒါပေမဲ့လည်း အခုတော့ သူ့ကို ဟန့်တားလိုက်သူက ဝမ်ယွင် ဖြစ်နေခဲ့ပါတယ်။ တစ်ဖက်မှာလည်း သူက လီဖူချန်းကို မနစ်နာစေချငိပါဘူး။
“ကောင်လေး ... မင်းရဲ့ အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး ၈သိန်းကို ပြန်ယူပြီး သည်က မြန်မြန် ထွက်သွားတော့”
အနည်းငယ် တွေဝေနေပြီးတော့ နောက်မှာတော့ သက်လတ်ပိုင်း အရွယ် လူကြီးက သိုလှောင်အိတ်ကို လီဖူချန်းဆီ ပြန်ပစ်ပေးလိုက်ပါတယ်။ ပြီးတော့ သူက လီဖူချန်းကို သည်နေရာကနေ မြန်မြန် ထွက်သွားဖို့အတွက်ကိုလည်း သတိပေးလိုက်ပါသေးတယ်။
ဒါပေမဲ့လည်း လီဖူချန်းကတော့ တုတ်တုတ်ကို မလှုပ်ပါဘူး။ သူက အလိုမကျတဲ့ ပုံနဲ့ မျက်မှောင် ကြုတ်လိုက်ပြီး သက်လတ်ပိုင်း အရွယ် လူကြီးကို ပြစ်တင် ဝေဖန်နေပါသေးတယ်။
“ဘာဖြစ်လို့ ကျုပ်က သည်ကနေ ထွက်သွားရမှာလား။ ပြီးတော့ ကျုပ်ရဲ့ အမြစ်မဲ့ပန်းကကော ဘယ်မှာလဲ။ ခင်ဗျားကို ထွေးပြီးသား တံတွေးကို ပြန်မျိုချင်နေတာလား”
လီဖူချန်းကတော့ ဝမ်ယွင်သော၊ဘာသော ဂရုစိုက်မနေပါဘူး။ သူက သူ့ရဲ့ အမြစ်မဲ့ပန်းကိုပဲ ဂရုစိုက်ပါတယ်။
“ငါက ထွေးပြီးသား တံတွေးကို ပြန်မျိုနေတာ မဟုတ်ဘူး ... အားယား ... တကယ့် ပြသနာပဲကွာ။ ကောင်လေး ... မင်းကို ကြည့်ရတာ ဉာဏ်ထက်မယ့် ပုံပါပဲ။ ဘာဖြစ်လို့ အခြေအနေကို နားမလည်ရတာလဲကွာ”
လီဖူချန်းရဲ့ အပြုအမူကြောင့် သက်လတ်ပိုင်း အရွယ် လူကြီးဟာ ရူးချင်သလိုလိုတောင် ဖြစ်လာခဲ့ပါပြီ။
“ရော့ ... သည်မှာ အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး ၈သိန်း။ ကျုပ်ကို အဲသည် အမြစ်မဲ့ပန်း ပေးခဲ့”
အဲသည်အချိန်မှာပဲ ဝမ်ယွင်က သက်လတ်ပိုင်း အရွယ် လူကြီးကို သိုလှောင်အိတ် တစ်အိတ် ပစ်ပေးလိုက်ပြီး လူကြီးရဲ့ လက်ထဲက အမြစ်မဲ့ပန်း ထည့်ထားတဲ့ ကျောက်စိမ်းသေတ္တာကို ယူသွားပါတော့တယ်။
ပြီးတော့ သူက ပြန်မထွက်သွားခင်မှာ လီဖူချန်းကို တစ်ချက် ကြည့်လိုက်ပြီး
"မင်းသည်ဥယျာဉ်ကနေ အခုချက်ချင်း ထွက်သွားစမ်း။ မင်းမျက်နှာကို ငါနောက်တစ်ခါ ပြန်မတွေ့ရစေနဲ့။ သည်တစ်ကြိမ်တော့ ငါစိတ်ကောင်း ဝင်နေလို့ မင်းကို ခွင့်လွှတ်ပေးလိုက်မယ်”
စကားဆုံးတဲ့ နောက်မှာတော့ ဝမ်ယွင်ဟာ အဆောင်အမှတ် ၃၄၃ ကနေ ထွက်ခွာသွားခဲ့ပါပြီ။
လီဖူချန်းကတော့ ဝမ်ယွင်ရဲ့ ပြောစကားကို ဖုတ်လေတဲ့ ငါးပိ ရှိတယ်လို့တောင် မထင်ပါဘူး။ သူက သူ့ရဲ့ သိုလှောင်အိတ်ကို ပြန်သိမ်းပြီး နောက်ထပ် အဆောင် တစ်ခုဆီကို ခြေလှမ်းတွေ ပြန်ဦးတည်လိုက်ပါတယ်။
***