← Chapters

ဝမ်ယွင်နဲ့ ထိပ်တိုက်တွေ့ပြီ

Vol. 47 Ch. 630

ဝမ်ယွင်နဲ့ ထိပ်တိုက်တွေ့ပြီ

Vol. 47 Ch. 630

အဆောင်အမှတ် ၃၉၇ ……

"တောင်းပန်ပါတယ် ။ကျုပ်က ကျုပ်ရဲ့ အမြစ်မဲ့ပန်း နှစ်ပင်ကို ကောင်းကင် ဝိရောဓိ ဆေးပင်နဲ့ပဲ လဲမှာပါ "

ဝူဟောင်က နောက်ထပ် ကမ်းလှမ်းမှု တစ်ခုကို ငြင်းပယ်လိုက်ရ ပြန်ပါတယ် ။

ကောင်းကင် ဝိရောဓိ ဆေးပင် ဆိုတာက စားလိုက်တဲ့ လူကို  မိုးကောင်းကင် နဲ့ မဟာပထဝီ မြေကြီးရဲ့ ဥပဒေသတွေအကြောင်း ခေတ္တခဏ ခံစားသိမြင်စေနိုင်စွမ်း ရှိတဲ့ အရာပါပဲ ။

အဲသည်အတွက် အဲသည်ဆေးပင်ရဲ့ ရှားပါးမှုက အမြစ်မဲ့ပန်းထက်တောင်မှ ပိုသေးတယ်လို့ ဆိုရပါမယ် ။

ဒါပေမဲ့ ကံကောင်းတာ တစ်ခုကတော့ သူဟာ အမြစ်မဲ့ပန်း နှစ်ပင်ကို ရခဲ့တာပါပဲ ။ဒါကြောင့်မို့လည်း သူက  သည်အမြစ်မဲ့ပန်း နှစ်ပင်ကို ကောင်းကင် ဝိရောဓိ ဆေးပင် တစ်ပင်နဲ့ လဲဖို့ မျှော်လင့်နေခဲ့တာပါ ။

" ကျုပ်ဆီမှာ ကောင်းကင် ဝိရောဓိ ဆေးပင် ရှိတယ် "

စကားသံနဲ့အတူ လီဖူချန်းဟာ အဆောင် အမှတ် ၃၉၇ထဲကို ရောက်လာခဲ့ပါတယ် ။

အစောပိုင်းတုန်းကတော့ လီဖူချန်းဟာ အတော်လေး စိုးရိမ်နေခဲ့တာပါ ။ ဝမ်ယွင်တစ်ယောက် သည်နေရာကို သူ့ထက် အရင် ရောက်လာပြီး အမြစ်မဲ့ပန်းကို ယူသွားပြီလားပေါ့ ။ ကြည့်ရတာတော့ သူက အလကားသက်သက် အစိုးရိမ် ကြီးခဲ့မိပုံပါပဲ ။

ဝမ်ယွင်က နှစ် ၇၀၀ အမြစ်မဲ့ပန်းကိုပဲ လိုချင်ပုံ ရပါတယ် ။

" မင်းဆီမှာ ကောင်းကင် ဝိရောဓိ ဆေးပင် ရှိနေတာလား "

ဝူဟောင်ရဲ့ အသံကတော့ စိတ်လှုပ်ရှားမှုကြောင့် တုန်ခါနေခဲ့ပါပြီ ။

ရှင်းရှင်း ပြောရမယ် ဆိုရင်တော့ ဝူဟောင်ဟာ သာမန်လူ တစ်ယောက် မဟုတ်ပါဘူး ။ သူက အဆင့်နိမ့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးရဲ့ အစွမ်းကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ် ။ ပြီးတော့ သူက အပူအပင်မဲ့ တိုက်ခိုက်ရေး ဧကရာဇ် ဆိုပြီး နာမည် အသင့်အတင့် ကျော်ကြားမှု ရှိသူပါ ။

ဒါပေမဲ့လည်း ဝူဟောင်က သူ့ရဲ့ အခြေအနေကို သူကောင်းကောင်းကြီး ရိပ်စားမိပါတယ် ။ သူ့အနေနဲ့ မဟာ ကံကောင်းမှုကြီးတွေကို မကြုံတွေ့ရရင်တော့ သူ့ရဲ့ ကျင့်ကြံမှုဟာ ဆက်ပြီး တိုးတက်နိုင်ဖို့လမ်း မရှိတော့ပါဘူး ။ သူက တစ်သက်လုံး သည်အဆင့်နိမ့် တိုက်ခိုက်ရေး ဧကရာဇ် ဘဝမှာသာ နေရတော့မှာပါပဲ ။

ပြီးတော့ သူဟာ ဧကရာဇ် အဆင့် အဖွဲ့အစည်းတွေရဲ့ မျိုးဆက် တပည့်လည်း မဟုတ်ပါဘူး ။ သူက သည်အတိုင်း အဆင့်နိမ့် ဧကရာဇ် တစ်ပါးရဲ့ တပည့်သာသာရယ်ပါ ။

တစ်ကိုယ်တော် ဧကရာဇ် တစ်ပါးနဲ့ ဧကရာဇ် အဆင့် အဖွဲ့ တစ်ဖွဲ့ ဆိုတာကလည်း လုံးဝ အကွာကြီးပါပဲ ။  တပည့်တွေ အပေါ် သိုင်းပညာ အမွေအနှစ်တွေ ပေးနိုင်မှု ၊ ရင်းမြစ်ပစ္စည်းတွေ ထောက်ပံ့နိုင်မှု အစရှိတဲ့ အရာတွေဟာ မိုးနဲ့မြေလို ကွာခြားလွန်းလှပါတယ် ။

ဒါပေမဲ့လည်း တစ်ကိုယ်တော် ဧကရာဇ် တစ်ပါးရဲ့ လမ်းညွှန်ပြသမှုကို ခံရတဲ့ တပည့်ဟာ ကျင့်ကြံရေး လမ်းစဉ်မှာ ဘယ်တော့မှ လမ်းမှားကို မရောက်သွားပါဘူး ။ အဲဒါကတော့ တစ်ကိုယ်တော် ဧကရာဇ် တစ်ပါးရဲ့ တပည့် ဖြစ်ရတဲ့ အားသာချက်ပါပဲ ။

ဒါပေမဲ့လည်း လွန်ခဲ့တဲ့ တစ်နှစ်က ဝူယောင်ရဲ့ ဆရာဖြစ်သူဟာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ် နှစ်ပါးရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့ရပါတယ် ။ အဲသည်အတွက် ဝူယောင်ဟာ ဆရာဖြစ်သူရဲ့ သွေးကြွေးကို ဆပ်ဖို့အတွက် တာဝန် ရှိလာခဲ့ပါပြီ ။

သူ့အနေနဲ့ သူ့ဆရာရဲ့ သွေးကြွေးကို ဆပ်ဖို့ဆိုရင်  သူ့ရဲ့ လက်ရှိ အစွမ်းနဲ့တော့ လုံလောက်မှာ မဟုတ်ပါဘူး ။သူက သူ့ရဲ့ အစွမ်းတွေကို မြင့်နိုင်သမျှ မြင့်အောင် တိုးမြှင့်ဖို့ လိုပါတယ် ။ဒါမှသာ သူဟာ  သူ့ဆရာအတွက် သွေးကြွေးကို တစ်နေ့မှာ ဆပ်နိုင်မှာပါ ။

" ရှိတာပေါ့ "

စကားပြောနေရင်းနဲ့ လီဖူချန်းက ကောင်းကင်ဝိရောဓိ ဆေးပင်ကို သိုလှောင်လက်ပတ်ထဲကနေ ထုတ်ပြလိုက်ပါတယ် ။

" ဟုတ်ပြီလေ ။ ဒါဆိုရင် ငါမင်းနဲ့ လဲမယ် "

ကောင်းကင်ဝိရောဓိ ဆေးပင်ကို မြင်လိုက်ရတဲ့ အခါမှာတော့ ဝူဟောင်က ကမ်းလှမ်းမှုကို မငြင်းတော့ပါဘူး ။

" မင်းက ငါ့စကားကို လုံးဝ ဂရုမစိုက်ဘဲ အခုချိန်အထိ ခုန်ဖေးဥယျာဉ်ထဲမှာ နေနေသေးတယ်ပေါ့လေ "

အဲသည်အချိန်မှာပဲ မောက်မာဝံ့ကြွားလှတဲ့ စကားသံ တစ်ခုဟာ အဆောင်အမှတ် ၃၇၉ထဲကို လွင့်ပျံလာပါတော့တယ် ။

အဲသည်အသံကတော့ ဝူယွင်ရဲ့ အသံပါပဲ ။

လီဖူချန်းက မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်စက် လေသံနဲ့ ပြန်ပြောလိုက်ပါတယ် ။

" ငါကမင်းကို ကြောက်နေတယ်လို့ မင်းထင်နေတာလား ။ အဲဒါဆိုရင်တော့ မင်းကိုယ်မင်း အရမ်း အထင်ကြီးလွန်းရာ ကျနေပြီ "

ဝူယွင်ရဲ့ ရန်စမှုကို တစ်ကြိမ်ပြီးတစ်ကြိမ် ခံရပြီးတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ လက်တွေဟာ အတော်လေး ယားလာခဲ့ပါပြီ ။ သူက အခုလို ရန်စနေတာကို သည်းခံနေရအောင်  ခန္တီပါရမီနဲ့ ပြည့်စုံတဲ့ ဗုဒ္ဓတစ်ပါးလည်း မဟုတ်ပါဘူး ။

လီဖူချန်းရဲ့ စကားကို ကြားလိုက်ပြီးတဲ့ နောက်မှာတော့ ဝမ်ယွင်ရဲ့ မျက်လုံးတွေဟာ လူသတ်ချင်တဲ့ အရိပ်အယောင်တွေနဲ့ ပြည့်နှက်သွားခဲ့ပါပြီ ။

" ကောင်းတယ် …… ကောင်းတယ် ။ ငါ့ကို အခုလို ပြန်ပြောရဲတဲ့ မင်းရဲ့ သတ္တိကတော့ အထင်ကြီးစရာပဲ ။ သည်တော့ ငါမင်းကို အခွင့်အရေး တစ်ခု ပေးလိုက်မယ် ။ မင်းရဲ့ လက်တစ်ဖက်ကို အခုချက်ချင်း ဖြတ်လိုက် ။ မဟုတ်ရင်တော့ မင်းမှာ မနက်ဖြန် နေထွက်တာကို ကြည့်ရမယ့် အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး "

လေဟာနယ် မြို့က ခိုက်ရန် ဖြစ်ပွားမှုတွေကို ခွင့်ပြုတဲ့ နေရာ မဟုတ်ပါဘူး ။ ဒါပေမဲ့ အဲဒါက ဘယ်သူတွေ ခိုက်ရန်ဖြစ်ပွားသလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပါတယ် ။

လောကပေါ်မှာရှိတဲ့ ဘယ်စည်းမျဉ်း၊ ဘယ်စည်းကမ်းမှာမဆို ခြွင်းချက်ဆိုတာက ရှိစမြဲပါပဲ ။

သူ့ရဲ့ ဝမ်ကလန်ဆိုတာက နတ်ကျက်သရေ အင်ပိုင်ယာရဲ့ အဓိက ဧကရာဇ် အဆင့် ကလန်ကြီး ရှစ်ခုထဲက ဖြစ်ပြီး သူတို့ရဲ့ ကလန်ခေါင်းဆောင်ကလည်း ဝိညာဉ်ဧကရာဇ်ရဲ့ နောက်လိုက်တစ်ဦး ဖြစ်ပါတယ် ။ အဲသည်အတွက် သည်မြို့ထဲမှာ လူတစ်ယောက်လောက်ကို သတ်လိုက်တာက သူ့အတွက် ပြသနာ ကြီးကြီးမားမား ဖြစ်စေမှာ မဟုတ်ပါဘူး ။

လွန်ရော၊ကျွံရောမှ ကလန် အကြီးအကဲ တစ်ဦးဆူက အဆူခံရရုံလောက်ပါပဲ ။

" မင်းငါနဲ့ ပစ္စည်း လဲဦးမှာလား "

ဝမ်ယွင်က သူ့ရဲ့ ကမ်းလှမ်းမှုကို မလုပ်ခင်မှာပဲ ဝူဟောင်က လီဖူချန်းကို လှမ်းပြီး မေးလိုက်ပါတယ် ။

" လဲမှာပေါ့ဗျာ "

လီဖူချန်းအတွက်ကတော့ ပစ္စည်းလဲလှယ်မှုကို ငြင်းစရာ အကြောင်း မရှိပါဘူး ။

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ သူက  သူ့ရဲ့ ကမ်းလှမ်းမှုဟာ သည်တစ်ကြိမ်မှာလည်း ပျက်ပြန်ပြီလို့တောင် ထင်နေခဲ့တာပါ ။

ဘယ်လိုပဲဖြစ်ဖြစ် သူက သည်လဲလှယ်မှုမှာ ဝူဟောင်ကို ဖိအားပေးလို့ မရပါဘူး ။ တကယ်လို့ ဝူဟောင်က ဝမ်ယွင်ကို ကြောက်ပြီး သူ့ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ရင်လည်း သူက ငြိမ်ပြီး လက်ခံရမှာပါပဲ ။

" ကျုပ်သည်အမြစ်မဲ့ပန်းပင် နှစ်ပင်ကို လိုချင်တယ် ။ ခင်ဗျားလိုချင်တဲ့ ဈေးကိုပြော "

ဝူဟောင်ရဲ့ အပြုအမူကို မြင်ပြီးတဲ့နောက်မှာတော့ ဝမ်ယွင်ရဲ့ လူသတ်ချင်စိတ်တွေဟာ ပိုပြီး တိုးလာပါတော့တယ် ။

ဒါပေမဲ့လည်း ဝူဟောင်က ဝမ်ယွင်ကို ကြောက်ပုံမရပါဘူး ။ သူက ဝမ်ယွင်ကို စေ့စေ့ကြည့်ကာ ခေါင်းခါပြလိုက်ပါတယ် ။

" ငါက သူ့ရဲ့ ကမ်းလှမ်းမှုကို လက်ခံပြီးပြီ ။ ပြီးတော့ ငါက ထွေးပြီးသား တံတွေးကို ပြန်မျိုတတ်တဲ့ လူ မဟုတ်ဘူး "

" ဟေ့လူ…… ကျုပ်က ဝမ်ကလန်က ဝမ်ယွင်နော် ။ အဲသည်ပန်းပင်နှစ်ပင်ကို ကျုပ်ကိုသာ ရောင်းလိုက်စမ်းပါ ။ ခင်ဗျား မနစ်နာစေရဘူး "

ဝမ်ယွင်က သူ့ရဲ့ ကလန်နာမည်ကိုပါ ထည့်ပြီး ဝူဟောင်ကို ခြိမ်းခြောက်လာခဲ့ပါပြီ ။

" ရော့…… ငါ့ရဲ့ အမြစ်မဲ့ပန်း "

ဒါပေမဲ့လည်း ဝူဟောင်ကတော့ ဝမ်ကလန်ကိုကော ၊ ဝမ်ယွင်ကိုပါ ဂရုစိုက်ပုံ မရပါဘူး ။ သူက လီဖူချန်းဆီကိုတောင် ကျောက်စိမ်း သေတ္တာငယ်လေးတစ်ခု လှမ်းပြီး ပစ်ပေးလိုက်ပါသေးတယ် ။

" ရော့…… ခင်ဗျားရဲ့ ကောင်းကင်ဘုံ ဝိရောဓိ ဆေးပင် "

လီဖူချန်းကလည်း ဝူဟောင်ဆီကို ကျောက်စိမ်း သေတ္တာငယ်လေးတစ်ခု ပြန်ပစ်ပေးလိုက်ပါတယ် ။

' နောက်ဆုံးတော့ ငါရပြီပေါ့ '

လီဖူချန်းက အခုမှပဲ သက်ပြင်း ချနိုင်ပါတော့တယ် ။

အဲသည်အချိန်မှာတော့ ဝမ်ယွင်ရဲ့ မျက်နှာဟာ ရှုံ့မဲ့၊တွန့်လိမ် နေခဲ့ပါပြီ ။ သူ့ရဲ့ ခန္ဓာကိုယ်ထဲကနေ ထွက်နေတဲ့ လူသတ်ချင်စိတ်တွေကလည်း လုံးဝ ထိန်းမနိုင်၊သိမ်းမရနိုင်အောင်ပါပဲ ။

" ကောင်းတယ် …… အရမ်းကောင်းတယ် ။သည်လိုဆိုမှတော့ မင်းတို့ နှစ်ယောက်စလုံး အတူတူ သေကြပေါ့ "

စကားဆုံးတဲ့ နောက်မှာတော့ ဝမ်ယွင်က ဝူဟောင် နဲ့ လီဖူချန်းတို့ကို ဒေါသတကြီး လှမ်းထိုးလိုက်ပါတယ် ။

ဘန်း……

ဒါပေမဲ့လည်း သူ့ရဲ့ လက်သီးချက်ဟာ ဘယ်သူ့ကိုမှ ထိခိုက်စေနိုင်စွမ်း မရှိပါဘူး ။အကြောင်းအရင်းကတော့ ဝူဟောင်က သူ့ရဲ့ လက်သီးချက်ကို  ကာကွယ်လိုက်လို့ပါပဲ ။

" မင်းရဲ့ လုပ်ပုံက နည်းနည်း မလွန်နေဘူးလား "

ဝူဟောင်ရဲ့ လေသံက အတော်လေး မာနေခဲ့ပါပြီ ။

" အမယ် …… အဆင့်နိမ့် တိုက်ခိုက်ရေး ဧကရာဇ်ပါလား ။ ခင်ဗျားကလည်း အလာကြီးပဲ ။ဒါပေမဲ့ ကျုပ်ရဲ့ လက်သီး ဘယ်နှစ်ချက်ကို ကာကွယ်နိုင်မလဲ ဆိုတာကို ကျုုပ်ကြည့်ချင်သေးတယ် "

စကားဆုံးတာနဲ့ တစ်ပြိုင်နက် ဝမ်ယွင်ရဲ့ လက်သီးချက်တွေဟာ ဆက်တိုက် ထွက်ပေါ်လာပါတော့တယ် ။

ပြောရမယ် ဆိုရင်တော့ ဝမ်ယွင်ဟာလည်း ဝူဟောင်လို အဆင့်နိမ့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးပါပဲ ။ ဒါပေမဲ့ သူက ဝူဟောင်ကို အကွက် နှစ်ဆယ်အတွင်းမှာ အနိုင်ယူပြီး အကွက်သုံးဆယ် အတွင်းမှာ ဒဏ်ရာ အပြင်းအထန် ရအောင် လုပ်နိုင်ဖို့ ယုံကြည်မှု ရှိပါတယ် ။

ဝုန်း……ဝုန်း……ဝုန်း……

အဆောင်အတွင်းမှာတော့ ပေါက်ကွဲသံတွေဟာ ဆူညံလို့ နေခဲ့ပါပြီ ။

ကံကောင်းတာ တစ်ခုကတော့ သည်ခုန်ဖေး ဥယျာဉ်ထဲက အဆောင်တွေဟာ အကာအကွယ် အစီအရင်တွေနဲ့ ကာကွယ်ခံထားရလို့ပါပဲ ။ မဟုတ်လို့ကတော့ သည်အဆောင်ဟာ ဘယ်လောက်အထိ စုတ်ပြတ်သတ်သွားမလဲ မသိပါဘူး ။

" ဟေ့လူ…… သတ္တိရှိရင် အပြင်ထွက်ခဲ့ ။ သည်မှာ တိုက်ရတာက မလွတ်လပ်ဘူး "

"ထွက်ဆိုလည်း ထွက်တာပေါ့ ။ မင်းကို ဘယ်သူက ကြောက်နေလို့လဲ "

သိုင်းကွက် ခုနစ်ကွက်လောက် အပြန်အလှန် တိုက်ပြီးသွားတဲ့ နောက်မှာတော့ အဆောင်အပြင်က မြေကွက်လပ်ဆီကို ထွက်သွားခဲ့ကြပါပြီ ။

''မိုးမြေခွဲဖြာ လက်သီး"

အဆောင် အပြင်ကို ရောက်တာနဲ့ တစ်ပြိုင်နက် ဝမ်ယွင်က သူ့တို့ ဝမ်ကလန်ရဲ့ အထိမ်းအမှတ် သိုင်းပညာကို ထုတ်သုံးပါတော့တယ် ။

" အထီးကျန် သိမ်းငှက် "

ဝူဟောင်ကလည်း ခေသူ တစ်ဦး မဟုတ်ပါဘူး ။ သူက သူ့ရဲ့ လက်ချောင်းတွေကို သိမ်းငှက် ခြေသည်းသဏ္ဍာန် ကုပ်လိုက်ပြီး လက်သီးအားကို ခုခံလိုက်ပါတယ် ။

ဘန်း……

သည်တိုက်ခိုက်မှုမှာကတော့ နှစ်ယောက်စလုံးဟာ သူမသာ၊ကိုယ်မသာတွေပါပဲ ။

ဝမ်ယွင်ကလည်း သူက ဝူဟောင်ကို လျော့တွက်လိုက်မိပြီ ဆိုတာကို တန်းပြီး သတိပြုမိလိုက်ပါတယ် ။

" ရပ်ကြစမ်း ။ ဘယ်သူတွေက ခုန်ဖေးဥယျာဉ်ထဲမှာ လာပြီး ရန်ဖြစ်နေကြတာလဲ "

စကားသံနဲ့အတူ အဖော်မဲ့ သခင်လေးရဲ့ နောက်လိုက်တွေဟာ အဆောင်အမှတ် ၃၉၇ကို ရောက်လာခဲ့ကြပါပြီ ။ ဝူဟောင် နဲ့ ဝမ်ယွင်တို့ရဲ့ ရန်ပွဲက အတော်လေးကို ကျယ်လောင်လွန်းလှတဲ့အတွက် သူတို့အနေနဲ့ အဲဒါကို သတိမထားမိစရာ အကြောင်း မရှိပါဘူး ။

အဖော်မဲ့ သခင်လေးရဲ့ နောက်လိုက်တွေ ရောက်လာတဲ့ အခါမှာတော့ ဝမ်ယွင်က တိုက်ခိုက်မှုကို ခေတ္တခဏ ရပ်နားလိုက်ပြီး သူ့ရဲ့ နောက်ခံ မိသားစု အကြောင်းကို ထုတ်ပြောလိုက်ပါတယ် ။

" ငါက ဝမ်ကလန်ရဲ့ ဝမ်ယွင်ပဲ ။ သည်လူကို ငါ့ကို ရန်စ စော်ကားထားတာ ။ သည်တော့ ငါသူ့ကို သတ်ကို သတ်မှ ရမယ် ။ အစ်ကိုမို လာတဲ့အခါကျရင် ငါသူ့ကို ကောင်းကောင်း ရှင်းပြလိုက်မယ် ။ သည်တော့ မင်းတို့ငါ့ကို လာပြီး မတားကြနဲ့ "

စကားဆုံးတဲ့ နောက်မှာတော့ ဝမ်ယွင်ဟာ ဝူဟောင်ဆီကို ပြန်ခုန်ဝင် သွားပြန်ပါတယ် ။

သူက ဝူဟောင်ကို သူ့လက်နဲ့ ကိုယ်တိုင် မသတ်လို့ လုံးဝ မဖြစ်ပါဘူး ။ မဟုတ်ရင်တော့ သူဟာ ဝမ်ကလန်ရဲ့ ဂုဏ်သိက္ခာကို ဆွဲချသလို ဖြစ်သွားပါလိမ့်မယ် ။

" ဝမ်ကလန်က ဝမ်ယွင်လား "

ရန်ဖြစ်နေတဲ့ လူနှစ်ယောက်မှာ တစ်ယောက်က ဝမ်ယွင်ဖြစ်နေမှန်း သိသွားတဲ့ အခါမှာတော့ အဖော်မဲ့ သခင်လေးရဲ့ နောက်လိုက်တွေဟာ ရန်ပွဲကို တားဆီးဖို့အတွက် နောက်တွန့်သွားခဲ့ပါပြီ ။ သူ့တို့က တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေရုံပဲ လွဲပြီး ဘာမှ မတတ်နိုင်တော့ပါဘူး ။

ဝမ်ကလန် နဲ့ မိုကလန်ဆိုတာက နတ်ကျက်သရေ အင်ပါယာရဲ့ အဓိက ထောက်တိုင်တွေ မဟုတ်ပါလား ။

" မင်းတို့ထဲက တစ်ယောက် အမြန်သွားပြီး သခင်လေးကို အကြောင်းကြားလိုက် "

အတန်ကြာမှာတော့ ခေါင်းဆောင်ဖြစ်သူက အကြံရသွားပြီး သူတို့ရဲ့ သခင်လေးကို သွားအကြောင်းကြားဖို့အတွက် နောက်လိုက် တစ်ယောက်ကို အမိန့်ပေးလိုက်ပါတော့တယ် ။

သည်အခြေအနေကို ထိန်းဖို့ဆိုတာက သူတို့ရဲ့ သခင်လေးမှသာ တတ်နိုင်ပါမယ့် အရာပါပဲ ။

" သခင်လေး "

အဲသည်အချိန်မှာပဲ အဘိုးအို တစ်ယောက်ဟာ ရန်ပွဲ ဖြစ်ပေါ်ရာ နေရာကို ရောက်ရှိလာပါတော့တယ် ။

" ဝမ်စီ…… ဟိုဘက်က ကောင်ကို သတ်လိုက် "

" ဟုတ်ကဲ့ပါ ……သခင်လေး "

ဝမ်ယွင်နဲ့ အဘိုးအိုတို့ရဲ့ ပြောဆိုမှုကတော့ ခပ်တိုတိုပါပဲ ။

စကားဆုံးတာနဲ့ တစ်ပြိုင်နက် အဘိုးအိုဟာ လီဖူချန်းဆီကို ခုန်ဝင်သွားခဲ့ပါပြီ ။

ဝမ်ယွင်က ဝူဟောင်ကို အနိုင်ရဖို့အတွက် အနည်းဆုံး သိုင်းကွက် တစ်ရာကျော် ယှဉ်ဖို့ လိုပါတယ် ။ အဲသည်အချိန် အတွင်းမှာ လီဖူချန်းသာ ထွက်ပြေးသွားလို့ကတော့ သူဟာ အိပ်လို့ ပျော်မှာတောင် မဟုတ်ပါဘူး ။ အဲသည်အတွက် ဝမ်စီ ရောက်လာတာက လုံးဝ ကွက်တိပဲလို့ ဆိုရပါမယ် ။

ဝမ်စီ ဆိုတာက သူ့လိုပဲ အဆင့်နိမ့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါး ဖြစ်တဲ့အတွက် လီဖူချန်းကို သတ်ဖို့အတွက် သိပ်ပြီး အားထုတ်နေရစရာ အကြောင်း မရှိပါဘူး ။

ဇွပ်……

ဒါပေမဲ့လည်း လောကပေါ်မှာက အထင်နဲ့အမြင် လွဲတတ်တာက မကြာခဏ ဖြစ်နေတတ်လေ့ ရှိတဲ့ အရာပါပဲ ။

ဝမ်စီဟာ လီဖူချန်းဆီကို ရောက်တောင် မရောက်သွားခဲ့ပါဘူး ။ ဒါပေမဲ့လည်း လီဖူချန်းရဲ့ ဓားက သူ့ရဲ့ ရင်ဘတ်ကို ဖောက်ထွက်ပြီး ဓားအိမ်ထဲ ပြန်ဝင်နေခဲ့ပါပြီ ။

ပြီးတော့ လီဖူချန်းက သူဘာမှ မလုပ်လိုက်တဲ့ပုံနဲ့ ဝမ်စီကို ပြုံးပြနေပါသေးတယ် ။

" သူများကို သတ်ချင်တဲ့လူက ကိုယ်တိုင်လည်း သေဖို့ ပြင်ဆင်ထားသင့်တယ် မဟုတ်လား ။ အေးအေးသက်သာ သွားပါတော့ ……အဘိုး "

"မ…… မင်း……မင်း……"

ဝမ်စီက သေသာ သေသွားရပါတယ် ။ သူဟာ လီဖူချန်းဆီကို ရောက်အောင် ခုန်မဝင်သွားနိုင်သလို  စကားကိုလည်း ဆုံးအောင် မပြောသွားနိုင်ရှာခဲ့ပါဘူး ။ ပြီးတော့ သူက သေသွားတဲ့အထိ ဘယ်လို ဖြစ်ပြီး လီဖူချန်းရဲ့ ဓားချက် ထိသွားမှန်း နားမလည်လိုက်ပုံပါပဲ ။

" ဘယ်……လို ဖြစ်သွားတာလဲ "

ပတ်ဝန်းကျင် တစ်ခုလုံးကတော့ တိတ်ဆိတ် နေခဲ့ပါပြီ ။လူတွေ အားလုံးကလည်း ပါးစပ် အဟောင်းသားနဲ့ပါပဲ ။ပြီးတော့ သူ့တို့ရဲ့ ခေါင်းထဲမှာလည်း မေးခွန်းတွေက ပလုံစီ သွားပါတော့တယ် ။

ဓားတစ်ချက် ………

လီဖူချန်းက ဝမ်စီကို သတ်ဖို့အတွက် ဓားချက် တစ်ချက်သာ အသုံးပြုသွားခဲ့တာပါ ။

မဟုတ်မှလွဲရော ။ သူက အလယ်အလတ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ်များလား ။ မဟုတ်သေးပါဘူး ။ ဘယ်အလယ်အလတ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ်က အဆင့်နိမ့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးကို တစ်ချက်တည်းနဲ့ သတ်နိုင်ခဲ့ဖူးလို့လဲ ။

" ငါ့အထင် ပြောရရင် ဝမ်စီက အရမ်း သတိလက်လွတ် ဖြစ်သွားတာ နေမယ် "

" သူ့ဟာသူ သတိလက်လွတ် ဖြစ်ဖြစ် ၊ မဖြစ်ဖြစ် ။ သူက ဓားချက်တစ်ချက်တည်းနဲ့ သေသွားတာတော့ အမှန်ပဲ မဟုတ်ဘူးလား ။ အပိုတွေ လျှောက်ပြောမနေနဲ့ ။ အဲသည်ကောင်လေးရဲ့ အစွမ်းက အနည်းဆုံး အလယ်အလတ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် အဆင့်မှာ ရောက်နေပြီ "

တစ်ဆက်တည်းမှာပဲ  လူတွေအားလုံးဟာ သူတို့ရဲ့ အတွေးတွေကို ထုတ်ဖော် ပြောလာကြပါတော့တယ် ။

" မင်း……မင်းက ဝမ်စီကို သတ်ရဲတယ်ပေါ့ "

အစောပိုင်းတုန်းကတော့ ဝမ်ယွင်ဟာ ဝမ်စီ သေသွားတဲ့ အပေါ်မှာ တုန်လှုပ်ပြီး အကြောင်သား ဖြစ်နေခဲ့တာပါ ။ ဒါပေမဲ့လည်း အဲသည်နောက်မှာတော့ သူ့ရဲ့ တုန်လှုပ်မှုတွေဟာ ဒေါသ အဖြစ်ကို ပြောင်းသွားပါတော့တယ် ။

လီဖူချန်းက ဝမ်စီကို တစ်ချက်တည်းနဲ့ သတ်နိုင်တော့ကော ဘာအရေးလဲ ။ သူက ဝမ်ကလန်သား တစ်ယောက်ကို သတ်ပြီးမှတော့ သွေးနဲ့ ပြန်ပေးဆပ်ဖို့ကလွဲပြီး တခြားနည်းလမ်း မရှိတော့ပါဘူး ။

" အေး…… သတ်ရဲတယ်လေ ။ သတ်ရဲလို့ မင်းရဲ့လူက သေတောင် သေနေပြီ မဟုတ်လား "

လီဖူချန်းကတော့ သူ့ရဲ့ ဝသီအတိုင်း ခပ်အေးအေး ရှိနေဆဲပါပဲ ။

"မင်း……မင်း……မင်းသေဖို့သာ ပြင်ထားတော့ "

စကားဆုံးတဲ့ နောက်မှာတော့ ဝမ်ယွင်က ဝူဟောင်နဲ့ တိုက်နေရာကနေ အနောက်ကို ခုန်ဆုတ်သွားပြီး အိတ်ထဲက ဆက်သွယ်ရေး တံဆိပ်တော် တစ်ခုကို ထုတ်ကာ ချေမွလိုက်ပါတော့တယ် ။

***

All Chapters