ဝမ်ပုဆိန် ဝင်္ကပါ တိုက်ခိုက်နည်းဗျူဟာ
Vol. 47 Ch. 631
သိပ်မကြာခင်မှာတော့ အဖော်မဲ့ သခင်လေး မိုဝူချောင်ဟာ ရန်ပွဲ ဖြစ်ပွားရာ နေရာကို ရောက်ရှိလာခဲ့ပါပြီ ။
မိုဝူချောင်က ရုပ်ရည်က ချောတယ်လို့ ပြောရမယ့် အမျိုးအစားထဲမှာ မပါပါဘူး ။ ဒါပေမဲ့လည်း သူ့ရဲ့ နက်မှောင်နေတဲ့ မျက်ခုံးတစ်စုံ နဲ့ တောက်ပနေတဲ့ မျက်လုံးတစ်စုံက မြင်တွေ့လိုက်ရတဲ့ လူအပေါင်းကို အလိုလို ယုံကြည်အားကိုးစိတ် ဝင်လာအောင် စွမ်းဆောင်နိုင်စွမ်း ရှိပါတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ အားနည်းတဲ့ လူတွေဆိုရင်တော့ သူ့ကို တွေ့လိုက်တာနဲ့ တစ်ပြိုင်နက် အလိုလို ဝပ်တွားခယမိသွားမှာ အသေအချာပါပဲ ။
" ဘယ်လိုဖြစ်တာလဲ "
မိုဝူချောင်ရဲ့ သြဇာအာဏာသံ အပြည့်နဲ့ စကားသံက ပတ်ဝန်းကျင် တစ်ခုလုံးကို ဟိန်းထွက်သွားပါတယ် ။
မိုဝူချောင် ရောက်လာတာကို တွေ့လိုက်ရတဲ့ အခါမှာတော့ ဝမ်ယွင်ဟာ အစောပိုင်းတုန်းကလို မာန တထောင်ထောင်နဲ့ မနေရဲတော့ပါဘူး ။ သူက မိုဝူချောင်ကို လက်နှစ်ဖက် ဆုပ်ကာ အရိုအသေ ပေးလိုက်ပြီး ဖြေကြားလိုက်ပါတယ် ။
" အစ်ကိုမို…… ကျွန်တော်က ဝမ်ကလန်က ဝမ်ယွင်ပါ ။ ပြသနာက သည်လူနှစ်ယောက် ကျွန်တော့်ကို စော်ကားတာကနေ စတာပါ ။ သည်လူနှစ်ယောက်က ကျွန်တော့်ရဲ့ အစေခံ အဘိုးကိုလည်း သတ်ပစ်လိုက်ပါသေးတယ် ။သည်အတွက် ကျွန်တော်က သည်ကိစ္စကို သည်အတိုင်း ထားလိုက်လို့ မရပါဘူး ။ ကျေးဇူးပြု ပြီး အစ်ကိုမိုအနေနဲ့ ကျွန်တော့်အပေါ်မှာ နားလည်ပေးပါဦး "
" အင်း……ဒါက ……"
ဝမ်ယွင်ရဲ့ စကားကို ကြားအပြီးမှာတော့ မိုဝူချောင်ဟာ အတော်လေး ခေါင်းခဲသွားခဲ့ပါပြီ ။
တကယ်လို့ သည်ရန်ပွဲက သာမန်ရန်ပွဲ တစ်ခုဆိုရင် သူ့အနေနဲ့ ဝင်ထိန်းပေးလို့ ရပါသေးတယ် ။ဒါပေမဲ့ ပြသနာက တစ်ဖက်လူတွေက ဝမ်ယွင်ရဲ့ အစေခံကိုတောင် သတ်ပစ်ပြီးသွားခဲ့တာပါပဲ ။ အဲသည်အတွက် သူ့အနေနဲ့ သည်ရန်ပွဲကို ဝင်တားဖို့ မဖြစ်နိုင်တော့ပါဘူး ။ တကယ်လို့ သူက သည်ရန်ပွဲကို အတင်းအဓမ္မ တားဆီးလိုက်မယ်ဆိုရင် သူဟာ ဝမ်ယွင် နဲ့ ဝမ်ကလန်ကို စော်ကားသလို ဖြစ်သွားတော့မှာပါ ။
မိုဝူချောင်က တစ်ဖက်လူတွေနဲ့ ပက်သက်ပြီး လုံးဝ ဂရုမစိုက်ပါဘူး ။ ဒါပေမဲ့ သူက ဝမ်ယွင်ကိုတော့ ဂရုစိုက်ရပါလိမ့်မယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ဝမ်ကလန်ရဲ့ ခေါင်းဆောင်က သူတို့ မိုကလန်ရဲ့ ခေါင်းဆောင်ထက် ရာထူး ၊ အဆင့်အတန်းမှာ အနည်းငယ် ပိုသာနေတာ မဟုတ်ပါလား ။
"မင်းက ငါတို့ ဧကရာဇ်အဆင့် အဓိက ကလန်ကြီး ရှစ်ခုရဲ့ အဖွဲ့ဝင်ကိုတောင် သတ်ရဲတယ်ပေါ့ "
မိုဝူချောင်က ဘာမှတောင် မပြောရသေးပါဘူး ။ သူ့ရဲ့ဘေးမှာ ပါလာတဲ့ မျက်နှာညိုညိုနဲ့ လူငယ်ကတော့ စပြီး ရန်စကား ပြောလာခဲ့ပါပြီ ။သည်လူငယ်ရဲ့ ချီအရှိန်အဝါကတော့ ဝမ်ယွင်ထက်ကို ပိုပြီး အားကောင်းနေတဲ့အတွက် သူဟာ အလယ်အလတ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါး ဖြစ်တယ်ဆိုတာ အသိသာကြီးပါပဲ ။
" အစ်ကိုလုံ……အစ်ကိုကော ရောက်နေတာလား "
မျက်နှာညိုညိုနဲ့ လူငယ်ကို မြင်လိုက်ရတဲ့ အခါမှာတော့ ဝမ်ယွင်ရဲ့ မျက်နှာဟာ ဝင်းပသွားခဲ့ပါပြီ ။
သည်မျက်နှာညိုညိုနဲ့ လူငယ်ကတော့ လုံကျင်မူလို့ အမည်ရပြီး လုံကလန်ရဲ့ မျိုးဆက် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး ။ ပြီးတော့ လုံကလန် ဆိုတာကလည်း ဧကရာဇ်အဆင့် အဓိက ကလန်ကြီး ရှစ်ခုထဲမှာ တစ်ခု အပါအဝင် ဖြစ်ပါတယ် ။
နတ်ကျက်သရေ အင်ပိုင်ယာရဲ့ အဓိက ထောက်တိုင်ကြီး ရှစ်ခုထဲမှာဆိုရင် လုံကလန် နဲ့ ဝမ်ကလန်ဟာ အတော်လေး ရင်းနှီးတဲ့ ဆက်ဆံရေး ရှိကြသူတွေပါ ။ ပြီးတော့ သူတို့ဟာ ကလန်နှစ်ခုကြားမှာလည်း လက်ထပ် ထိမ်းမြားမှုတွေ အတော်လေး လုပ်လေ့ ရှိပါတယ် ။
" အစ်ကိုလုံ…… ကျေးဇူးပြု ပြီး ကျွန်တော့်ကို နည်းနည်းပါးပါး ကူညီပါဦး "
ဝမ်ယွင်က မိုဝူချောင်ကို သူ့ဘက်ကနေ ဝင်တိုက်ခိုက်ပေးဖို့ အကူအညီ မတောင်းရဲပါဘူး ။ ဒါပေမဲ့ သူက လုံကျင်မူကိုတော့ ကောင်းကောင်းကြီး အကူအညီ တောင်းရဲပါတယ် ။
လုံကလန်က လူအများစုဟာ ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်ကို လျှောက်လှမ်းကြသူတွေပါ ။ လုံကျင်မူ ကိုယ်တိုင်ကလည်း အလယ်အလတ် အဆင့် ခန္ဓာကိုယ် တိုက်ခိုက်ရေး ဧကရာဇ်တစ်ပါး ဖြစ်ပါတယ် ။ အဲသည်အတွက် လုံကျင်မူကသာ သူ့ဘက်ကနေ ဝင်ကူ တိုက်ပေးလို့ကတော့ တိုက်ပွဲဟာ ဘယ်လောက်မှ ကြာမှာ မဟုတ်ပါဘူး ။
" ကောင်လေး…… အခွင့်အရေး ရှိတုန်း အညံ့ခံလိုက်စမ်း "
ဝမ်ယွင်ရဲ့ စကားအဆုံးမှာတော့ လုံကျင်မူဟာ အရှေ့ကို ခြေတစ်လှမ်း ထွက်လိုက်ပြီး လီဖူချန်းကို အားကောင်းလွန်းလှတဲ့ ချီဝိညာဉ် တစ်ခုနဲ့ ဖိနှိပ်လိုက်ပါတယ် ။
အခြေအနေတွေကို မြင်ပြီးတဲ့ နောက်မှာတော့ မိုဝူချောင်ဟာ အနောက်ကို မသိမသာ ဆုတ်သွားခဲ့ပါပြီ ။ အစတုန်းကတော့ သူဟာ ရန်ပွဲထဲကို ဝင်ပါဦးမလို့ပါပဲ ။ ဒါပေမဲ့လည်း လုံကျင်မူကိုယ်တိုင် ရန်ပွဲထဲ ဝင်ပါနေပြီ ဖြစ်တဲ့အတွက် သူ့အနေနဲ့ ရန်ပွဲထဲ ဝင်ပါစရာ မလိုတော့ပါဘူး ။
မိုဝူချောင် အနေနဲ့ ရန်ပွဲထဲကို ဝင်ပါချင်တာက ဝမ်ကလန်ကို မျက်နှာလုပ်ချင်လို့တော့ မဟုတ်ပါဘူး။ သူက သူ့ရဲ့ ကုန်စည်လဲလှယ်ပွဲမှာ လူသတ်မှု ဖြစ်သွားတာကို လက်မခံနိုင်တာပါ ။ သူကိုယ်တိုင် ဦးစီးပြီး ကျင်းပနေတဲ့ ပွဲမှာ လူသတ်မှု ဖြစ်သွားတယ် ဆိုတာက သူ့ရဲ့ မျက်နှာကို အိုးမည်း သုတ်လိုက်တာနဲ့ အတူတူပါပဲ ။
မိုဝူချောင်က သူ့အပေါ်မှာ အခုလို မလေးမစား လုပ်တာမျိုးကို လုံးဝ သည်းခံမနေနိုင်ပါဘူး ။
" မင်းက ငါ့ကို အညံ့ခံခိုင်းဖို့ အဆင့် မမီသေးဘူး "
လီဖူချန်းက ပြောရင်းနဲ့ သက်ပြင်းတစ်ချက် ကျိတ်ပြီး ချလိုက်မိပါတယ် ။
သူက အမြဲလိုလို နှိမ်ချပြီး သိုသိုသိပ်သိပ် နေထိုင်ဖို့ ကြိုးစားခဲ့သူပါ ။ဒါပေမဲ့လည်း ကြည့်ရတာကတော့ ကောင်းကင်ဘုံက သူ့ကို သိုသိုသိပ်သိပ် မနေစေလိုတဲ့ ပုံပါပဲ ။
ဟုတ်ပြီလေ ။ ကောင်းကင်ဘုံက သူ့ကို သိုသိုသိပ်သိပ် မနေစေလိုမှတော့ သူ့အနေနဲ့ ဘာကြောင့်များ နှိမ်ချပြီး နေရဦးမှာလဲ ။
သူ့ရဲ့ လက်ရှိ အစွမ်းက ဥပဒေသ ပြောင်းလဲခြင်း ဧကရာဇ်တွေက လွဲပြီး ဘယ်သူ့ကိုမှ ကြောက်စရာ အကြောင်း မရှိပါဘူး ။
" သေစမ်း "
တိုက်ပွဲကို စတင်လိုက်သူကတော့ လုံကျင်မှုပါပဲ ။ သူက နေရာကနေ တစ်ချက်ကလေးတောင် မရွေ့ဘဲ လက်သီးချက် တစ်ချက် ထုတ်ပြီး တိုက်ပွဲကို စတင်လိုက်တာ ဖြစ်ပါတယ် ။
ဂါး……ဂရား……
မာန်ဟုန်အပြည့်နဲ့ ချီဝိညာဉ် နဂါးတစ်ကောင်ဟာ လုံကျင်မူရဲ့ လက်သီးချက်ကနေပြီး ထွက်ပေါ်လာခဲ့ပါပြီ ။ ပြီးတာနဲ့ တစ်ပြိုင်နက် အဲသည် ချီဝိညာဉ် နဂါးဟာ လီဖူချန်းဆီကို တစ်ရှိန်ထိုး တိုးဝင်သွားပါတော့တယ် ။
ချီဝိညာဉ် နဂါးရဲ့ အရှိန်အဝါဟာ ဘယ်လောက်အထိ အားပြင်းသလဲတော့ မသိပါဘူး ။ ဒါပေမဲ့လည်း ဘေးနားမှာ ပွဲကြည့်နေတဲ့ သူတွေကတော့ အသက်ရှုရတာ အတော်လေး ခက်ခဲနေခဲ့ပါပြီ ။ သည်နဂါးကြီးရဲ့ ဖိအားကြောင့် သူ့တို့ရဲ့ နှလုံးတွေဟာ ပေါက်ကွဲသွားတော့မလိုပါပဲ ။
" ကြောက်ဖို့ကောင်းလိုက်တဲ့ ဖိအား တာအို ဥပဒေသ "
လူတွေအားလုံးက မတိုင်ပင်ဘဲ တညီတညွတ်တည်း ရေရွတ်လိုက်မိကြပါပြီ ။
လောကပေါ်မှာက " အား"နဲ့ ပက်သက်ပြီး တာအို ဥပဒေသတွေ သိန်း၊သောင်းချီအောင် ရှိပါတယ် ။ အဲသည်ထဲမှာမှ လုံကျင်မူရဲ့ "အား" တာအို ဥပဒေသဟာ သွေးချီတွေကို သက်ရောက်မှု ရှိစေတဲ့ ဖိအားနဲ့ ပက်သက်နေတာပါ ။
တစ်ချိန်တည်းမှာပဲ သူတို့က တကယ်လို့သာ သူတို့အနေနဲ့ လုံကျင်မူရဲ့ လက်သီးချက်ကို ယှဉ်ဆိုင်ရမယ် ဆိုရင် လက်သီးချက် ရောက်မလာခင်မှာတင် လက်သီးဖိအားကြောင့် တစ်စစီ ဖြစ်ပြီး သေနေလောက်ပြီလို့ ခံစားလိုက်မိကြပါတယ် ။
" လာစမ်းပါ "
လုံကျင်မူရဲ့ လွှမ်းမိုးနိုင်စွမ်း ကြီးလွန်းလှတဲ့ လက်သီးချက်က လီဖူချန်း အပေါ်မှာတော့ ဘာသက်ရောက်မှုမှ ရှိပုံ မပေါ်ပါဘူး ။ သူက သူ့ရဲ့ ဝသီအတိုင်း ခပ်အေးအေး ရှိနေဆဲပါပဲ ။
တကယ်လို့သာ လွန်ခဲ့တဲ့ လအနည်းငယ်က ဆိုရင်တော့ လီဖူချန်းဟာ သည်လက်သီးချက်ကို ဘယ်လိုမှ တောင်ခံ့နိုင်စရာ မဟုတ်ပါဘူး ။ ဘယ်လိုပဲဖြစ်ဖြစ် ၊ သည်လက်သီးချက်က အလယ်အလတ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးရဲ့ လက်သီးပဲ မဟုတ်ပါလား ။ ပြီးတော့ အဲဒါက ခန္ဓာကိုယ် အပြင်အား ပညာရှင် တစ်ယောက်ရဲ့ လက်သီးလည်း ဖြစ်နေပါသေးတယ် ။
ရွှမ်း……
ချီဝိညာဉ် နဂါးက သူ့အနား အတော်လေး ကပ်လာချိန်မှာတော့ လီဖူချန်းဟာ ငြိမ်မနေတော့ပါဘူး ။ သူက ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို ဆွဲထုတ်လိုက်ပြီး အညှာအတာမဲ့ မျောလွင့်မီးလျှံ ဓားကွက်ကို ထုတ်လိုက်ပါတယ် ။
ရွှစ်……ရွှစ်……ရွှစ်……ရွှစ်……
အဲသည်နောက်မှာတော့ ကြက်သွေးရောင် ဓားပိုးကြိုးတွေဟာ လေထုထဲမှာ ဖြစ်တည်လာပြီး ချီဝိညာဉ် နဂါးကို ရစ်ပတ်ကာ အပိုင်းပိုင်းဖြစ်အောင် ဆွဲဖြဲပစ်လိုက်ပါပြီ ။
" အာ့ "
ချီဝိညာဉ်နဂါး ပျက်စီးသွားတာနဲ့ တစ်ပြိုင်နက် လုံကျင်မူဟာ မြေပြင်ပေါ် ဒူးထောက် ကျသွားပါတော့တယ် ။ပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဆိုရင်လည်း ဓားဒဏ်ရာ တချို့ဟာ အတိုင်းသား ဖြစ်ပေါ်နေခဲ့ပါပြီ ။
ဓားချက်တစ်ချက် ………
လီဖူချန်းဟာ လုံကျင်မူကို အနိုင်ယူဖို့အတွက် ဓားချက် တစ်ချက်ထက် ပိုမသုံးခဲ့ရပါဘူး ။
" မ……မဖြစ်နိုင်ဘူး "
လုံကျင်မူကတော့ လီဖူချန်းကို အကြောင်သား ငေးကြည့်နေမိပါတယ် ။ သူက လီဖူချန်းအပေါ်မှာ အခုလို အလွယ်လေးနဲ့ ရှုံးသွားတယ် ဆိုတာကို ဘယ်လိုမှ မယုံနိုင်တဲ့ ပုံပါပဲ ။
" လုံကျင်မူတောင်မှ သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူးလား "
ရန်ပွဲကို ဘေးနားကနေ ကြည့်နေကြတဲ့ လူတွေကတော့ အသက်ရှုဖို့ကိုတောင် မေ့လျော့နေကြပါပြီ။ အစောပိုင်းကတော့ သူတို့ဟာ လီဖူချန်းရဲ့ အစွမ်းနဲ့ ပက်သက်ပြီး သေသေချာချာ ၊ ရေရေရာရာ အကဲ မဖြတ်နိုင်ခဲ့ပါဘူး ။ ဒါပေမဲ့လည်း အခုတော့ သူတို့ဟာ လုံးဝ သေချာသွားခဲ့ပါပြီ။ သည်လီဖူချန်းဆိုတဲ့ လူငယ်ဟာ သခင်လေး ၄ပါးရဲ့ အဆင့်အတန်းမျိုး ရှိတဲ့ အဆင့်မြင့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးပါပဲ ။
သည်လိုလူမျိုးတွေ ဆိုတာက ဘယ်လိုမှ သွားပြီး ပြသနာ ရှာသင့်တဲ့ လူမျိုး မဟုတ်ပါဘူး ။ သူတို့တွေက မူလပင်လယ် နယ်ပယ်ရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေကြတဲ့ သူတွေပါ ။ တကယ်လို့ ဥပဒေသ ပြောင်းလဲခြင်း ဧကရာဇ်တွေသာ မရှိလို့ကတော့ သူတို့တွေဟာ လုံးဝ ပြိုင်ဘက်ကင်းတွေပါပဲ ။
တခြားတစ်ဖက်မှာတော့ ဝမ်ယွင်ရဲ့ မျက်နှာဟာ ရှစ်ခေါက်ချိုးမက တွန့်လိမ်နေခဲ့ပါပြီ ။ တစ်ချိန်တည်းမှာပဲ သူရဲ့ လီဖူချန်းအပေါ် သတ်ချင်စိတ်တွေဟာ ဆတက်ထမ်းပိုး တိုးတိုးလို့ လာပါတယ် ။
လီဖူချန်းဟာ အစွမ်းထက်လေလေ ၊ သူ့ကို ပိုပြီး ခြိမ်းခြောက်နိုင်လေလေပါပဲ ။ အဲသည်အတွက် သူ့အနေနဲ့ လီဖူချန်းကို တတ်နိုင်သလောက် အမြန်ဆုံး ရှင်းပစ်နိုင်မှ တော်ကာ ကျပါလိမ့်မယ်။ တကယ်လို့သာ လီဖူချန်းအနေနဲ့ ဆက်ပြီး တိုးတက်ခွင့် ရနေမယ် ဆိုရင် သူ့အတွက် အခြေအနေဟာ လုံးဝ ကောင်းတော့မှာ မဟုတ်ပါဘူး ။
"ညီလေး…… အစ်ကိုတို့နှစ်ယောက် သည်နေရာကနေ အမြန်ဆုံး ထွက်ကြရင် ကောင်းမယ် ထင်တယ်နော့ "
ဝူဟောင်က လီဖူချန်းကို စိတ်နဲ့လှမ်းဆက်သွယ်ပြီး ထွက်ပြေးဖို့ အဖော်ညှိလိုက်ပါတယ် ။
ဒါပေမဲ့လည်း လီဖူချန်းက လက်မခံပါဘူး ။ သူက ခေါင်းခါလိုက်ပြီး ဝူဟောင်ကို ပြန်ပြောလိုက်ပါတယ် ။
" မရတော့ဘူး ။ အရမ်း နောက်ကျသွားပြီ "
လီဖူချန်းရဲ့ စကားဆုံးပြီး အနည်းငယ် အကြာမှာပဲ မူလပင်လယ် နယ်ပယ် ဘုရင် တစ်အုပ်ဟာ ဝမ်ယွင်ရဲ့ အနောက်မှာ ပေါ်လာခဲ့ပါပြီ ။ အဲသည်လူတွေကတော့ ဝမ်ကလန်က လူတွေဆိုတာ လုံးဝ ယုံမှားသံသယ ဝင်နေစရာ မလိုပါဘူ ။
နတ်ကျက်သရေ အင်ပိုင်ယာရဲ့ ဧကရာဇ်-အဆင့် အဓိက ကလန်ကြီး ရှစ်ခုထဲမှာ အပါအဝင်ဖြစ်တဲ့ ဝမ်ကလန်ဟာ အနည်းဆုံး မူလပင်လယ် နယ်ပယ် ဘုရင် ရှစ်ရာနီးပါးကို ပိုင်ဆိုင်ထားပါတယ် ။ပြီးတော့ သူတို့ဟာ အဲသည် မူလပင်လယ် နယ်ပယ် ဘုရင်တွေကို နတ်ကျက်သရေ အင်ပိုင်ယာ အနှံ့မှာ ဖြန့်ကြက်ထားတာပါ ။ အဲသည်အတွက် အခုလို အချိန်တို အတွင်းမှာ မူလပင်လယ် နယ်ပယ် ဘုရင်တစ်အုပ် ပေါ်လာတာက သိပ်တော့လည်း မထူးဆန်းလှပါဘူး ။ ဒါက အင်အားကြီး အဖွဲ့အစည်း တစ်ခုရဲ့ သာမန် ဖြစ်ရိုး၊ဖြစ်စဉ် ဓလေ့ တစ်ခုပါပဲ ။
" သေစမ်း ။သည်လူတွေက ပူးပေါင်းတိုက်ကွက်ကို လေ့ကျင့်ထားတဲ့ လူတွေပဲ "
ဝူဟောင်က ဝမ်ယွင်ရဲ့ အနောက်က လူတွေကို ကြည့်ပြီး ကြောက်လန့်တကြား ရေရွတ်လိုက်ပါတယ် ။
ပုံမှန် အခြေအနေတွေမှာ ဆိုရင်တော့ ဝူဟောင်ဟာ သည်လို သာမန် မူလပင်လယ် နယ်ပယ် ဘုရင်တွေကို စာရင်းထဲမှာတောင် မထည့်ပါဘူး ။ ဒါပေမဲ့လည်း ပြသနာက အခု ရောက်လာတဲ့ မူလပင်လယ် နယ်ပယ် ဘုရင်တွေဟာ ပူးပေါင်းတိုက်ကွက်ကို လေ့ကျင့်ထားတဲ့ လူတွေ ဖြစ်နေပါတယ် ။
ပူးပေါင်း တိုက်ကွက်ကို လေ့ကျင့်ထားတဲ့ သူတွေဆိုတာက လုံးဝ လျော့တွက်လို့ မရတဲ့ လူတွေပါပဲ ။သူတို့က သူတို့လေ့ကျင့်ထားတဲ့ ပူးပေါင်းတိုက်ကွက်ကို ထုတ်လိုက်ပြီ ဆိုရင် သူတို့ရဲ့ အစွမ်းထက် ဆယ်ဆမက သာလွန်တဲ့ အစွမ်းမျိုးကို ထြတ်ဖော်နိုင်ပါတယ် ။
အဲသည်ထက် ပိုဆိုးတာက အခု ရောက်လာတဲ့ လူတွေဟာ တိုက်ပွဲဝိညာဉ် ဆရာသခင်တွေ မဟုတ်ကြပါဘူး ။ အဲသည်အတွက် သူတို့ဟာ သူတို့ရဲ့ ပူးပေါင်းတိုက်ကွက်ကို ထုံးလိုချေ ၊ရေလိုနောက်အောင် ကျွမ်းကျင်ပြီးလောက်ပါပြီ ။
" ဝမ်ပုဆိန် ဝင်္ကပါ တိုက်ခိုက်နည်းဗျူ ဟာကို အမြန် ပြင်ကြစမ်း"
အဲသည်အချိန်မှာပဲ ဝမ်ယွင်ဟာ ဂုဏ်ယူဝံ့ကြွားစွာနဲ့ ခုန်ဖေး ဥယျာဉ်တစ်ခုလုံးကို ဟိန်းထွက်သွားအောင် အော်ဟစ်ပြီး အမိန့် ပေးလိုက်ပါတော့တယ် ။
" ဟုတ်ကဲ့ပါ …… သခင်လေး "
အော်သံ ဆုံးတဲ့ နောက်မှာတော့ ဝမ်ယွင်ရဲ့ အနောက်မှာ ရှိနေတဲ့ လူ၃၁ယောက်ဟာ ကောင်းကင်ပေါ်ကို ခုန်တက်လိုက်ပြီး ပုဆိန်ပုံသဏ္ဌာန် တိုက်ပွဲဝင် ဗျူ ဟာ တစ်ခုကို ခင်းကျင်းလိုက်ကြပါပြီ ။
တိုက်ပွဲဝင် ဗျူ ဟာ ဖြစ်ပေါ်လာတာနဲ့ တစ်ပြိုင်နက် အန္တရာယ် များလွန်းလှတဲ့ ချီအရှိန်အဝါ တစ်ခုဟာ ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံ လာခဲ့ပါတယ် ။
" အနောက်ကို ဆုတ်ကြဟေ့ ။ တိုက်ပွဲ စက်ကွင်းထဲက လွတ်တဲ့အထိ ဆုတ်ကြ "
သည်အရှိန်အဝါက အားကောင်းလွန်းလှတဲ့အတွက် ဘေးမှာ ရပ်ကြည့်နေတဲ့ လူတွေတောင်မှ တောင့်မခံနိုင်တော့ပါဘူး ။ အဲသည်အတွက် သူတို့က တိုက်ပွဲစက်ကွင်းနဲ့ ဝေးရာကို ဆုတ်သွားခဲ့ကြရပါတယ် ။
ဟူး……
ဒါနဲ့တင် ဝမ်ပုဆိန် ဝင်္ကပါ တိုက်ခိုက်နည်းဗျူ ဟာက မပြီးသေးပါဘူး ။ ဝမ်ယွင်က လေထဲကို ခုန်တက်ပြီး ပုဆိန်ရဲ့ အသွားနေရာမှာ နေရာ ယူလိုက်ပါသေးတယ် ။
ဝေါ……ဝေါ……ဝေါ……
ပုဆိန်ရဲ့ အသွားနေရာမှာ ဝမ်ယွင်တစ်ယောက် နေရာ ယူလိုက်ပြီးတဲ့ နောက်မှာတော့ ဝင်္ကပါ တိုက်ခိုက်နည်းဗျူ ဟာကနေ ထုတ်လွှင့်နေတဲ့ အန္တရာယ် အငွေ့အသက်တွေဟာ ဆယ်ဆကျော်လောက် ပိုအားကောင်း လာခဲ့ပါပြီ ။ ပြီးတော့ သည်ဝင်္ကပါ တိုက်ခိုက်နည်း ဗျူ ဟာကနေ ထွက်နေတဲ့ ချီအရှိန်အဝါကလည်း ပတ်ဝန်းကျင် တစ်ခုလုံးကိုတောင် ဖျက်ဆီးပစ်တော့မလိုပါပဲ ။
" အဲဒါက ဝမ်ကလန်ရဲ့ ဝမ်ပုဆိန် ဝင်္ကပါ တိုက်ခိုက်နည်းဗျူ ဟာပဲ ။ အဲသည်လူငယ်ကတော့ ကိစ္စပြတ်ပြီ "
ဘေးနားကနေ ရန်ပွဲကို ရပ်ကြည့်နေတဲ့ လူတစ်ယောက်က ခေါင်းတခါခါနဲ့ မှတ်ချက် ချလိုက်ပါတယ် ။
ဝမ်ကလန်ရဲ့ ဝမ်ပုဆိန် ဝင်္ကပါ တိုက်ခိုက်နည်းဗျူ ဟာ ဆိုတာက အလွန်ကိုမှ ရက်စက်ပြီး ကြမ်းတမ်းတဲ့ ပူးပေါင်းတိုက်ကွက် တစ်ခုပါပဲ ။ အဲဒါက လူ၃၂ယောက်နဲ့ တိုက်ခိုက်ရတဲ့ ပူးပေါင်းတိုက်ကွက် ဖြစ်ပြီး အလယ်အလတ် အဆင့် မူလပင်လယ် နယ်ပယ် ဘုရင် ၃၂ပါးသာ ပူးပေါင်းပြီး တိုက်ခိုက်လိုက်မယ် ဆိုရင် အကြို-ဧကရာဇ်တွေကိုတောင်မှ သတ်ဖြတ်နိုင်စွမ်း ရှိပါတယ် ။တကယ်လို့သာ သည်တိုက်ခိုက်နည်း ဗျူ ဟာကို အဆင့်မြင့် မူလပင်လယ် နယ်ပယ် ဘုရင် ၃၂ပါးက အသုံးပြု လိုက်မယ် ဆိုရင်တော့ တိုက်ခိုက်ရေး ဧကရာဇ်တွေတောင်မှ အသက်ဘေးကနေ ချမ်းသာရာရဖို့ အခွင့်အရေး သိပ်မရှိပါဘူး ။
ဒါပေမဲ့လည်း လီဖူချန်းအတွက် ကံကောင်းတာ တစ်ခုကတော့ အခုသည်ကို ရောက်နေတဲ့ ဝမ်ကလန်ရဲ့ လူ၃၁ယောက်ဟာ ကျင့်ကြံခြင်း အဆင့် ညီမျှခြင်း မရှိတာပါပဲ ။ သူတို့အထဲမှာက အဆင့်နိမ့် မူလပင်လယ် နယ်ပယ် ဘုရင်တွေ ၊ အလယ်အလတ် အဆင့် မူလပင်လယ် နယ်ပယ် ဘုရင်တွေအပြင် အဆင့်မြင့် မူလပင်လယ် နယ်ပယ် ဘုရင် နှစ်ပါးတောင် ပါဝင်နေပါသေးတယ် ။အဲသည်အတွက် သူတို့ရဲ့ ပူးပေါင်းတိုက်ကွက်ဟာ သိပ်ပြီး အစွမ်းပြနိုင်စရာ အကြောင်း မရှိပါဘူး ။
တကယ်လို့သာ ဝမ်ယွင် မရှိလို့ကတော့ သည်ဝမ်ပုဆိန် ဝင်္ကပါ တိုက်ခိုက်နည်းဗျူ ဟာဟာ အကြို-တိုက်ခိုက်ရေး ဧကရာဇ်တွေကို သတ်ဖို့တောင် မနည်း ကြိုးစားရမှာပါ ။တိုက်ခိုက်ရေး ဧကရာဇ်တွေကို သတ်ဖို့အတွက် ဆိုရင်တော့ စဉ်းတောင် မစဉ်းစားပါနဲ့တော့ ။
" ဟေ့ကောင်…… မင်းအခုချက်ချင်း ဒူးထောက်ပြီး အညံ့ခံမယ် ဆိုရင် ငါမင်းကို ခန္ဓာကိုယ် အပြည့်အစုံနဲ့ သေခွင့် ပေးလိုက်မယ် ။ မဟုတ်ရင်တော့ မင်းအတွက် မြေမြုပ်စရာ အပိုင်းအစတောင် ကျန်မှာ မဟုတ်ဘူး "
ပုဆိန်ရဲ့ အသွားနေရာမှာ နေရာယူထားတဲ့ ဝမ်ယွင်က လီဖူချန်းကို ကောင်းကင်ထက်ကနေ ငုံ့ကြည့်ပြီး အထက်စီးဆန်စွာ ပြောလာခဲ့ပါတယ် ။
" လာစမ်းပါ "
လီဖူချန်းကတော့ အပိုတွေ ပြောမနေပါဘူး ။ သူက ဝမ်ယွင် လက်ယပ်ပြီးသာ စိမ်ခေါ်လိုက်ပါတယ် ။
ကြေးခွံဖြူ ကုန်းမြေတိုက်မှာတုန်းကဆိုရင် သူက လူတစ်ရာ ပါဝင်တဲ့ ဝင်္ကပါ တိုက်ခိုက်နည်းဗျူ ဟာကိုတောင်မှ အနိုင်ယူခဲ့ဖူးသူပါ ။ အဲသည်အတွက် လီဖူချန်းအနေနဲ့ လူ၃၂ယောက်သာ ပါဝင်တဲ့ သည်ဝမ်ပုဆိန် ဝင်္ကပါ တိုက်ခိုက်နည်းဗျူ ဟာကို ကြောက်နေစရာ ဘာအကြောင်းမှ မရှိပါဘူး ။
" ခွေးမသား…… သေစမ်း "
လီဖူချန်းရဲ့ ထီမထင်တဲ့ ပုံဟန်က ဝမ်ယွင်ရဲ့ ဒေါသ စနစ်တံကို မီးတင်ရှို့ပေးလိုက်သလိုပါပဲ ။ သူက လီဖူချန်းရဲ့ စကား ဆုံးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းကို ပုဆိန်နဲ့ အားကုန် ခုတ်ပိုင်းပစ်လိုက် ပါတော့တယ် ။
ဝှီး……
သည်ပုဆိန် ခုတ်ချက်ဟာ ကောင်းကင်ဘုံက နတ်တန်ခိုးရှင်တွေရဲ့ ဒေါသအမျက်တွေ စုပေါင်းထားသလိုပါပဲ ။ အဲဒါက အရှိန်အဟုန် ပြင်းစွာနဲ့ လီဖူချန်း အပေါ်ကို ကျရောက်လာခဲ့ပါပြီ ။ ပြီးတော့ သည်ပုဆိန် ခုတ်ချက်ကနေ ဖြစ်တည်လာတဲ့ ပုဆိန်ဆန္ဒကလည်း လီဖူချန်းရဲ့ လွတ်လမ်းတွေ အကုန်လုံးကို ပိတ်ဆို့ထားပါသေးတယ် ။
လီဖူချန်းက သည်ပုဆိန် ခုတ်ချက်အောက်ကနေ လွတ်ရော လွတ်နိုင်ပါ့မလား ………
" သွားစမ်း "
ပုဆိန်ခုတ်ချက်က သူ့အပေါ်ကို ကျရောက်ခါနီး ဆဲဆဲလေးမှာတော့ လီဖူချန်းဟာ သူ့ရဲ့ ဘုံခုနစ်ဆင့် ဓားကို ဝှေ့ယမ်းပြီး ဓားကွက် တစ်ကွက် ထုတ်လိုက်ပါတော့တယ် ။
ဟူး……
ဓားကွက် ထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက် အပူလှိုင်းလုံးကြီး တစ်ခုဟာ ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံသွားပြီး ငရဲပြည် တစ်ခုအလား ဖြစ်သွားစေခဲ့ပါပြီ ။
လုံးဝ ယုံမှားသံသယ ဝင်နေစရာ မလိုပါဘူး ။ အခု လီဖူချန်း ထုတ်သုံးလိုက်တဲ့ ဓားကွက်က " လောင်ကျွမ်းခြင်းဓား " ပါပဲ ။
***