← Chapters

ကျိန်စာပြယ်ပြီ

Vol. 47 Ch. 632

ကျိန်စာပြယ်ပြီ

Vol. 47 Ch. 632

ဝုန်း……

ရုတ်တရက် မြင့်တက်လာတဲ့ အပူချိန်က ပတ်ဝန်းကျင် တစ်ခုလုံးကို ငရဲတစ်ခုအလား ထင်မြင်သွားစေခဲ့ပါပြီ ။ သည်အပူချိန်က မယုံနိုင်လောက်အောင်ကို မြင့်မားလွန်းလှတဲ့အတွက် အဆင့်နိမ့် ကျင့်ကြံသူတွေကတော့ ဘယ်လိုမှ တောင့်မခံနိုင်ကြပါဘူး ။ သူတို့က သူတို့ရဲ့ အသက်ဓာတ်တွေနဲ့ ကိုယ်တွင်းက ရေဓာတ်တွေ ခန်းခြောက်လာတာကိုတောင် ခံစားလိုက်မိကြပါတယ် ။

ဒါတောင်မှ သူတို့ဟာ တိုက်ပွဲကို ဘေးကနေ ရပ်ကြည့်နေရုံပဲ ရှိသေးတာပါ ။

လီဖူချန်းရဲ့ လောင်ကျွမ်းခြင်းဓား စက်ကွင်းထဲကို ကျရောက်နေကြတဲ့ ဝမ်ယွင်နဲ့ သူ့လူတွေ ဆိုရင်တော့ ဘယ်လောက်အထိတောင် ပူလောင်နေကြမယ် မသိပါဘူး ။

" အား "

" အမယ်လေး "

" အီး "

ကြောက်စရာ ကောင်းလောက်အောင် ပူပြင်းလွန်းလှတဲ့ ဓားစက်ကွင်းထဲမှာတော့ ဝမ်ယွင်ကလွဲပြီး ကျန်တဲ့သူတွေဟာ အမယ်လေး ၊ အဘလေး တနေကြရပါပြီ ။ သူတို့ရဲ့ အသက်ဓာတ် တစ်ဝက်လောက်ကလည်း လောင်ကျွမ်းခြင်း ဓားစက်ကွင်းကြောင့် အငွေ့ပျံသွားပြီ ဖြစ်တဲ့အတွက် သူတို့ဟာ ကောင်းကင်ပေါ်မှာ ပျံနေဖို့ကိုတောင် အနိုင်နိုင်ပါပဲ ။

ပုံမှန်အတိုင်း ဆိုရင်တော့ ဝင်္ကပါ တိုက်ပွဲဝင် ဗျူ ဟာတွေက ပြင်ပ တိုက်ခိုက်မှုတွေကို တတ်နိုင်သလောက် အကာအကွယ် ပေးပေမယ့် လီဖူချန်းရဲ့ ဓားဆန္ဒ ရှေ့မှောက်မှာတော့ ဘာအကာအကွယ်မှ မပေးနိုင်ခဲ့ပါဘူး ။

ဒါတောင်မှ လီဖူချန်းက တစ်ဖက်လူတွေကို ညှာတာထားသေးတယ်လို့ ဆိုရမှာပါ ။ တကယ်လို့သာ သူ့အနေနဲ့ ရက်ရက်စက်စက် လုပ်လိုက်မယ် ဆိုရင်တော့ ဝမ်ယွင်ကလွဲပြီး ကျန်တဲ့သူတွေဟာ အစောကြီးကတည်းက အသက်ပျောက်နေလောက်ပါပြီ ။

သည်ကောင်းကင် အလယ်အလတ်အဆင့် ဓားကွက်ဖြစ်တဲ့ လောင်ကျွမ်းခြင်းဓားရဲ့ အမျက်က လီဖူချန်း ထင်ထားတာထက်တောင်မှ ပိုပြီး ပြင်းထန်တယ်လို့ ဆိုရပါမယ် ။

သည်ဓားကွက်ရဲ့ အစွမ်းက ချီအတွင်းအား အပေါ်မှာ မူတည်နေတာ မဟုတ်ပါဘူး ။ အဲဒါက ဥပဒေသတွေနဲ့ ပက်သက်ပြီး နားလည်မှု အပေါ်မှာ မူတည်နေတာ ဖြစ်ပါတယ် ။

သိုင်းတာအိုရဲ့ အစောပိုင်း အဆင့်တွေမှာ ဆိုရင် ကျင့်ကြံသူတိုင်းရဲ့ ဥပဒေသတွေအပေါ် နားလည်ကျွမ်းဝင်မှုဟာ သိပ်ပြီး သိသိသာသာ အရေးပါလှခြင်း မရှိပါဘူး ။ သူတို့က သူတို့ရဲ့ သိုင်းပညာရပ်တွေ အပေါ် ကျွမ်းကျင်ဖို့ကိုသာ ဇောက်ချပြီး လေ့ကျင့်ခဲ့ကြတာပါ ။

ဒါပေမဲ့လည်း သိုင်းတာအိုရဲ့ နောက်ပိုင်းအဆင့်တွေမှာတော့ ဥပဒေသတွေအပေါ် နားလည်ကျွမ်းဝင်မှုဟာ အလွန် အရေးကြီးလာခဲ့ပါပြီ ။ ဥပဒေသတွေအပေါ် နားလည်ကျွမ်းဝင်မှုက ကျင့်ကြံသူ တစ်ဦးရဲ့ အစွမ်းကို ဆုံးဖြတ်ပေးတာလို့ ဆိုရင်လည်း မှားမယ် မထင်ပါဘူး ။

အဲဒါကို ဥပမာ ပြရမယ် ဆိုရင်တော့ လီဖူချန်းကို ပြရမှာပါပဲ ။

တကယ်လို့သာ လီဖူချန်းရဲ့ ကျင့်ကြံမှုက အဆင့်မြင့်နေပြီး  ဓားကွက်ထဲမှာ ခိုဝင်ကိန်းအောင်းနေတဲ့ ဥပဒေသတွေအပေါ်  နားလည်ကျွမ်းဝင်မှုက နိမ့်ကျနေမယ် ဆိုရင် သူ့ရဲ့ လောင်ကျွမ်းခြင်းဓားဟာ ဝမ်ပုဆိန် ဝင်္ကပါ တိုက်ခိုက်နည်းဗျူ ဟာကို အခုလို တစ်ဖက်သတ် ဖိနှိပ်ထားနိုင်မှာ မဟုတ်ပါဘူး ။အလွန်ဆုံး သူ့အနေနဲ့ တတ်နိုင်မှ လက်ရည်တူပါပဲ ။

ဒါပေမဲ့လည်း လီဖူချန်းရဲ့ ဥပဒေသတွေအပေါ် နားလည်ကျွမ်းဝင်မှုဟာ အလွန်တရာမှကို မြင့်မားနေခဲ့ပါတယ် ။ ဒါကြောင့်လည်း ဝမ်ယွင်ရဲ့ ဝမ်ပုဆိန် ဝင်္ကပါ တိုက်ခိုက်နည်းဗျူ ဟာဟာ လီဖူချန်းရဲ့ လောင်ကျွမ်းခြင်းဓားဆန္ဒကို ဘယ်လိုမှ တောင့်မခံနိုင်ခဲ့တာပါ ။

" ကောင်းကင် အလယ်အလတ် အဆင့် ဓားသိုင်းပါလား "

လီဖူချန်းရဲ့ ဓားကွက်ကို မြင်ပြီးတဲ့ အခါမှာတော့ အဖော်မဲ့ သခင်လေး မိုဝူချောင်ဟာ မျက်မှောင်ကြုတ်သွားခဲ့ပါပြီ ။

ကောင်းကင်အလယ်အလတ် အဆင့် သိုင်းပညာကို တတ်ကျွမ်းထားသူ ဆိုတာက လုံးဝ ခေတဲ့သူ မဟုတ်ပါဘူး ။

ရှင်းရှင်းပြောရမယ် ဆိုရင် ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေထဲမှာတောင်မှ ကောင်းကင် အလယ်အလတ် အဆင့် သိုင်းပညာတွေနဲ့ ကျင့်စဉ်တွေကိုသာ တတ်မြောက်ထားကြတဲ့ သူတွေဟာ အနည်းငယ်သာ ရှိတာပါ ။ ပြီးတော့ အဲသည် ဧကရာဇ်တွေဟာ  အထွတ်အထိပ် အဆင့် ဧကရာဇ်တွေလို့ သတ်မှတ် ထားခံရသူတွေချည်းပါပဲ ။ မဟာဧကရာဇ်တွေ ဆိုတာကတော့ ကောင်းကင် အလယ်အလတ် အဆင့်  ကျင့်စဉ်နဲ့ ကောင်းကင် အဆင့်မြင့် သိုင်းပညာကို တတ်မြောက်ထားသူတွေကို ခေါ်တာ ဖြစ်ပါတယ် ။

အဲသည်အတွက် သိုင်းပညာအပေါ် နားလည်ကျွမ်းဝင်မှု အပိုင်းအရဆိုရင် လီဖူချန်းဟာ ဥပဒေသ ပြောင်းလဲခြင်း ဧကရာဇ် တော်တော်များကိုတောင်မှ သာလွန်နေပြီလို့ ဆိုရပါမယ် ။

လီဖူချန်းဟာ ဘယ်လိုလုပ်ပြီး  သည်လိုအစွမ်းထက်အောင် လေ့ကျင့်ခဲ့သလဲ ဆိုတာကိုတော့ မိုဝူချောင်အနေနဲ့ မခန့်မှန်းနိုင်ပါဘူး ။  ဒါက သူ့ရဲ့ ဉာဏ်ရည်နဲ့ လုံးဝ လိုက်မမီတဲ့ အပိုင်းပါပဲ ။

ရှင်းရှင်းပြောရမယ် ဆိုရင်တော့ မိုဝူချောင် ကိုယ်တိုင်ကလည်း ထိုးထွင်းသိမြင်မှု အရာမှာ လက်ဖျားခါလောက်အောင် ကောင်းမွန်လွန်းလှတဲ့ ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် တစ်ယောက်ပါပဲ ။ ဒါပေမဲ့လည်း သူက ကောင်းကင် အလယ်အလတ် အဆင့် သိုင်းပညာ တစ်ခုကို လီဖူချန်းလို ကျွမ်းကျင်အောင် အသုံးပြုနိုင်မယ်လို့ အာမ မခံဝံ့ပါဘူး ။ သူ့အနေနဲ့ ကောင်းကင် အလယ်အလတ် အဆင့် သိုင်းပညာတစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ဖို့ ဆိုရင် နှစ်ပေါင်း တော်တော်များများ အချိန်ယူရပါလိမ့်မယ် ။ ဒါကတော့ ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် တစ်ဦးရဲ့ ကန့်သတ်ချက်ပါပဲ ။

' မဟုတ်မှလွဲရော.…… သည်လူက ကြယ်၉ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် ဖြစ်နေတာများလား ။ မဟုတ်လောက်ပါဘူး ။ သည်လို နေရာမျိုးမှာ ဘယ်လိုလုပ်ပြီး  ကြယ်၉ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် တစ်ယောက် ပေါ်လာနိုင်မှာလဲ '

မိုဝူချောင်က လီဖူချန်းဟာ ကြယ်၉ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်များ ဖြစ်နေမလား ဆိုပြီး တွေးလိုက်မိသေး ပေမယ့်လည်း အဲသည် အတွေးကို ချက်ချင်း ပယ်ဖျက် ပစ်လိုက်ပါတယ် ။

ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးမှာက ကြယ်၉ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေ ပေါ်လာဖို့ ဆိုတာဟာ လုံးဝ မဖြစ်နိုင်တဲ့ အရာပါပဲ ။ သူတို့တွေက အဆင့်မြင့် ကုန်းမြေတိုက်ကြီးတွေမှာသာ ပေါ်လေ့ ရှိတာပါ ။ သည်အချက်ကိုတော့ လူတိုင်းက သိထားပြီးသား ဖြစ်ပါတယ် ။

" မင်း……မင်းက ……"

အဲသည်အချိန်မှာတော့ ဝမ်ယွင်ဟာ အကြောက်တရား ဆိုတဲ့ အရာကို ကောင်းကောင်းကြီး ခံစားနေရပါပြီ ။ သူက လီဖူချန်းရဲ့ ဓားစွမ်းကို ရေရေလည်လည် မြည်းစမ်းပြီးသွားပြီ ဖြစ်တဲ့အတွက် အစောပိုင်းတုန်းကလို ဆောင့်ကြွားကြွား မလုပ်ဝံ့တော့ပါဘူး ။ အခုချိန်မှာ သူလုပ်နိုင်တာကတော့ လီဖူချန်းကို လက်ညှိုး တထိုးထိုးနဲ့ ထိုးနေတာပဲ ရှိပါတော့တယ် ။

" မင်းယုံလားတော့ မသိဘူး ။ငါမျက်စိထဲမှာဆိုရင်  မင်းက ကြက်ကလေး တစ်ကောင်သာသာပဲ ရှိတယ် ။ တကယ်လို့ ငါမင်းကို သတ်ချင်ရင် အစောကြီးကတည်းက မင်းသေနေပြီ "

ရုတ်တရက် နားထောင်ကြည့်လိုက်မယ် ဆိုရင်တော့ လီဖူချန်းရဲ့ လေသံဟာ ဝမ်ယွင်ကို ခြိမ်းခြောက်နေတယ်လို့ ထင်ချင်စရာပါပဲ  ။ ဒါပေမဲ့လည်း လူတွေအားလုံးကတော့ လီဖူချန်းရဲ့ စကားဟာ ဝမ်ယွင်ကို ခြိမ်းခြောက်နေတာ မဟုတ်ဘဲ အမှန်အတိုင်း ပြောနေတယ် ဆိုတာကို ရိပ်စားမိခဲ့ပြီးကြပါပြီ ။ လက်ရှိ လီဖူချန်း ပြသသွားတဲ့ ဓားစွမ်းအရ ဆိုရင်တော့ ဝမ်ယွင်ဟာ သူ့ရဲ့ ဓားကွက် တစ်ကွက်ကိုတောင် ခံနိုင်မှာ မဟုတ်ပါဘူး ။

တစ်ချိန်တည်းမှာပဲ လူတွေအားလုံးဟာ မိုဝူချောင်အနေနဲ့ သည်ကိစ္စကို ဘယ်လိုဖြေရှင်းပေးမလဲ ဆိုတဲ့အပေါ် စိတ်ပါဝင်စား လာခဲ့ကြပါတယ် ။

ဘယ်လိုပဲဖြစ်ဖြစ် ၊ နောက်ဆုံးမှာတော့ ခုန်ဖေးဥယျာဉ်ဟာ အဖော်မဲ့သခင်လေးရဲ့ ပိုင်နက်ပဲ မဟုတ်ပါလား ။ အဲသည်အတွက် သူဟာ သည်ကိစ္စကို မဖြစ်မနေ ဝင်ရှင်းပေးမှကို ရပါမယ် ။

" အဟမ်း "

လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး နောက်မှာတော့ မိုဝူချောင်ဟာ ရန်ပွဲထဲကို ဝင်ပါလာခဲ့ပြီ ။သူ့ရဲ့ ဖြေရှင်းပုံကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ ။ သူက ဝမ်ယွင်ကိုကော ၊ လီဖူချန်းကိုပါ ဝေ့ကြည့်လိုက်ပြီး ခုန်ဖေးဥယျာဉ်ထဲကနေ ထွက်သွားဖို့ မေတ္တာရပ်ခံလိုက်တာ ဖြစ်ပါတယ် ။

" ကျေးဇူးပြု ပြီး ခင်ဗျားတို့ နှစ်ယောက်ရဲ့ ကိစ္စကို ခုန်ဖေးဥယျာဉ် အပြင်ဘက်မှာ သွားရှင်းပေးကြပါလား "

" ထွက်ပေါက်ကတော့ သည်ဘက်မှာပါ "

စကားပြောနေရင်းနဲ့ မိုဝူချောင်က ခုန်ဖေးဥယျာဉ်ရဲ့ အထွက်လမ်းကိုပါ တစ်ခါတည်း ညွှန်ပြပေးလိုက်ပါသေးတယ် ။

မိုဝူချောင်ရဲ့ အပြုအမူကို မြင်လိုက်ရတဲ့ အခါမှာတော့ လူတွေအားလုံးဟာ သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပက်သက်ပြီး ကောင်းကောင်းကြီး သဘောပေါက်သွားခဲ့ကြပါပြီ ။ မိုဝူချောင်က သည်ပြသနာထဲမှာ ဝင်ပါဖို့ လုံးဝ စိတ်ကူးရှိပုံ မရပါဘူး ။

ဒါကလည်း ဖြစ်သင့်ဖြစ်ထိုက်တာပါပဲ ။ အစောပိုင်းက လီဖူချန်း ပြသသွားတဲ့ ဓားစွမ်းအရ ဆိုရင် သူဟာ အဆင့်မြင့် တိုက်ခိုက်ရေး ဧကရာဇ်တစ်ပါး ဖြစ်တယ်ဆိုတာ လုံးဝ သေချာနေခဲ့ပါပြီ ။ အဲသည်အတွက် မိုဝူချောင် အနေနဲ့ သည်ပြသနာထဲမှာ ဝင်ပါချင်ရင်တောင်မှ ဝင်ပါဖို့ မသင့်တော့ပါဘူး ။

တကယ်လို့ သူ့အနေနဲ့ ပြသနာထဲ ဝင်ပါပြီး လီဖူချန်းကို မတော်တဆ ရှုံးနိမ့်သွားခဲ့မယ် ဆိုရင် နတ်ကျက်သရေ အင်ပိုင်ယာရဲ့ သခင်လေး၄ပါး ဆိုတဲ့ နာမည်ဟာ လူတကာရဲ့ တံတွေးခွက်ထဲမှာ ပက်လက် မျောသွားပါလိမ့်မယ် ။ အဲသည်အတွက် သူ့အနေနဲ့ ပြသနာထဲ ဝင်မပါတာက အကောာင်း ဆုံးဖြတ်ချက်ပါပဲ ။ နောက်ပြီး ဝမ်ယွင်ကလည်း သူ့ရဲ့ နှမပေး ယောက်ဖ မဟုတ်ပါဘူး ။

သည်တော့ သူ့အနေနဲ့ ဘာဖြစ်လို့ ဓားခုတ်ရာမှာ ဝင်ပြီး လက်လျှိုနေရဦးမှာလဲ ။

" ဟုတ်ပါပြီလေ ။ အဖော်မဲ့သခင်လေးက အခုလို ပြောနေမှတော့ ကျုပ်အနေနဲ့ ခုန်ဖေးဥယျာဉ်ထဲမှာ ဆက်နေလို့ မသင့်တော့ပါဘူး ။ သွားလိုက်ပါဦးမယ် "

လီဖူချန်းက မိုဝူချောင်ကို မျက်နှာသာ ပေးတဲ့အနေနဲ့ ခုန်ဖေးဥယျာဉ်ထဲကနေ ထွက်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ် ။

သူက ဝမ်ယွင်နဲ့ ပြသနာ တက်ခဲ့ပြီးပါပြီ ။ သည်တော့ သူ့အနေနဲ့ မိုဝူချောင်နဲ့ ဆက်ပြီး ပြသနာ တက်လို့ မကောင်းပါဘူး ။

ဝူဟောင်ကလည်း လီဖူချန်းရဲ့ နောက်ကနေ ကပ်ပြီး ခုန်ဖေးဥယျာဉ်ကနေ လိုက်ထွက်သွားခဲ့ပါပြီ ။

ခုန်ဖေးဥယျာဉ်ရဲ့ အပြင်ဘက် လမ်းမ တစ်နေရာကို အရောက်မှာတော့ ဝူဟောင်က သူဘာဖြစ်လို့ ဝမ်ယွင်ကို အမြစ်မဲ့ပန်းပင် မရောင်းရသလဲ ဆိုတဲ့ အကြောင်းအရင်းကို ပြောပြလာခဲ့ပါတယ် ။

" အစ်ကို့ရဲ့ ဆရာက ဝမ်ကလန် နဲ့ လုံကလန်ရဲ့ ဦးစီးခေါင်းဆောင် နှစ်ယောက်ကြောင့် သေသွားခဲ့တာ ။ ဒါကြောင့် အစ်ကိုက ဝမ်ယွင်နဲ့ အလဲအလှယ် မလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပဲ "

လီဖူချန်းက ခေါင်းညိတ်လိုက်ပြီး ပြန်ပြောလိုက်ပါတယ်။

" ကျေးဇူးပါ …… အစ်ကို ။ အခုတော့ အစ်ကို့အနေနဲ့ သတိထားဖို့ ပိုလိုသွားပြီပေါ့ ။ ဝမ်ယွင်ကတော့ သည်ကိစ္စကို အခဲကျေမယ့်ပုံ မပေါ်ဘူး "

ဝူဟောင်ကလည်း လီဖူချန်းကို ပြန်ပြီး သတိပေးလာခဲ့ပါတယ် ။

" ညီလေးလည် သတိထားဖို့ မေ့မနေနဲ့ဦး ။ ဝမ်ကလန်မှာက ပူးပေါင်းတိုက်ကွက် ဆိုလို့ ဝမ်ပုဆိန် ဝင်္ကပါ တိုက်ခိုက်နည်းဗျူ ဟာ တစ်ခုတည်း ရှိတာ မဟုတ်ဘူး ။ သူတို့ဆီမှာက မဟာ ဝမ်ပုဆိန် ဝင်္ကပါ တိုက်ခိုက်နည်းဗျူ ဟာလည်း ရှိသေးတယ် ။ ပြီးတော့ အဲသည် မဟာ ဝမ်ပုဆိန် ဝင်္ကပါ တိုက်ခိုက်နည်းဗျူ ဟာထက် ပိုအစွမ်းထက်တဲ့ ပူးပေါင်းတိုက်ကွက်တွေ ရှိသေးတယ်လို့လည်း သတင်းတွေ ကြားရသေးတယ် ။ တကယ်လို့ ညီလေးကိုသာ သူတို့က ဝိုင်းလိုက်မိလို့ကတော့ အခြေအနေက သိပ်ကောင်းမှာ မဟုတ်ဘူးနော် "

ဝင်္ကပါ တိုက်ခိုက်နည်းဗျူ ဟာတွေ ဆိုတာက အဖွဲ့အစည်း တစ်ခုရဲ့ အဓိက အခြေခံ အုတ်မြစ်ပါပဲ ။အဲသည်အတွက် ဝင်္ကပါ တိုက်ခိုက်နည်းဗျူ ဟာတွေကို နည်းနည်းလေးမှ သွားပြီး လျော့တွက်လို့ မဖြစ်ပါဘူး။

တချို့ တကယ် အစွမ်းထက်တဲ့  ဝင်္ကပါ တိုက်ခိုက်နည်းဗျူ ဟာတွေဆိုရင် တကယ့် လက်ရွေးစင် ထွတ်ခေါင်ပါရမီရှင်တွေကိုတောင်မှ အသက်ပျောက်သွားအောင် စွမ်းဆောင်နိုင်စွမ်း ရှိပါတယ်။

" ဟုတ်…… ကျွန်တော် သိပါတယ် "

လီဖူချန်းက ဝင်္ကပါ တိုက်ခိုက်နည်းဗျူ ဟာတွေရဲ့ ကြောက်စရာ ကောင်းပုံကို မသိဘဲ မနေပါဘူး ။

ကြေးခွံဖြူ တိုက်ကြီးပေါ်မှာ ရခဲ့တဲ့ အတွေ့အကြုံတွေအပေါ် မူတည်ပြီး ခန့်မှန်းရမယ်ဆိုရင်  လူ၃၂ယောက် ပါဝင်တဲ့ ပူးပေါင်းတိုက်ကွက်ဟာ ဝမ်ကလန်မှာ အဖြစ်လောက်ပဲ ရှိပါလိမ့်ဦးမယ် ။ဧကရာဇ် အဆင့်အတန်းရှိတဲ့ ကလန် တစ်ခုဟာ လူတစ်ရာကျော် ပါဝင်တဲ့ ပူးပေါင်းတိုက်ကွက်ကို ဘယ်လိုမှ မပိုင်ဆိုင်စရာ အကြောင်း မရှိပါဘူး ။

စကားစမြည် အနည်းငယ် ပြောပြီးတဲ့ နောက်မှာတော့ လီဖူချန်းနဲ့ ဝူဟောင်တို့ဟာ လမ်းခွဲလိုက်ကြပါတယ် ။

ဝူဟောင်နဲ့ လမ်းခွဲပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ဘယ်ကိုမှ မသွားသေးဘဲ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အတန်ကြာ စဉ်းစားလိုက်ပါသေးတယ် ။ ပြီးမှ သူက ဆက်သွယ်ရေး တံဆိပ်တော်ကို ထုတ်လိုက်ပြီး ရှန်ကောင်းယုကို နှုတ်ဆက်စကား ပြောလိုက်ပါတော့တယ် ။

" ရှန်ကောင်းယု…… ငါဆက်ပြီး ခရီးဆက်တော့မယ် ။ ကံမကုန်ရင် ပြန်ဆုံကြတာပေါ့ "

အစတုန်းကတော့ သူက ရှန်ကောင်းယုကို စောင့်ဦးမလို့ပါပဲ ။ ဒါပေမဲ့လည်း သေသေချာချာ တွေးပြီးတဲ့ နောက်မှာတော့ သူဟာ ရှန်ကောင်းယုကို စောင့်မနေတော့ပါဘူး ။

အခုအချိန်ဟာ သူတို့အတွက် လမ်းခွဲကြဖို့ အကောင်းဆုံး အချိန်ပါပဲ ။ ပြီးတော့ သူက ယွန်လုံကိုလည်း ကယ်ရဦးမှာ မဟုတ်ပါလား ။

***

- ထုံဖန်းမြို့-

ထုံဖန်းမြို့ ဆိုတာကတော့ လေဟာနယ်မြို့ရဲ့ အနီးအနား ပတ်ဝန်းကျင်မှာ တည်ရှိတဲ့ မြို့ငယ်လေး တစ်မြို့ပါပဲ ။

လက်ရှိမှာတော့ လီဖူချန်းဟာထုံဖန်းမြို့ရဲ့ ရွှေဧည့်သည် တည်းခိုခန်းမှာ ရောက်ရှိနေခဲ့ပါပြီ ။ပိုပြီး တိတိကျကျ ပြောရမယ် ဆိုရင်တော့ လီဖူချန်းဟာ ရွှေဧည့်သည် တည်းခိုခန်းရဲ့ သီးသန့်ခြံဝင်း တစ်ခုထဲမှာ ထိုင်ပြီး သူ့ရဲ့ ကျင့်ကြံမှုအတွက် အလုပ်များနေတာ ဖြစ်ပါတယ် ။

" နှစ်လေးရာ သက်တမ်းရှိတဲ့ အမြစ်မဲ့ပန်း နှစ်ပင် ။ သည်ဆေးပင် နှစ်ပင်နဲ့ ဆိုရင်တော့ ငါ့ရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ် အကန့်အသတ်က မူလပင်လယ်နယ်ပယ် အဆင့်၇လောက် အထိတော့ ရောက်ကောင်းပါရဲ့ "

" ဟူး…… အစ်ကိုယွန်လုံကို သွားကယ်ဖို့ဆိုရင် ငါ့ရဲ့ ကျင့်ကြံမှုက လုံးဝ အဆင့်နိမ့်နေလို့ မရဘူး"

" ပြီးတော့ အစ်ကိုယွန်လုံကို မကယ်ခင်မှာ ငါမိထားတဲ့ သွေးကျိန်စာကိုလည်း ဖျက်ရဦးမယ် "

လီဖူချန်းက သူလုပ်ရမယ့် အလုပ်တွေကို စဉ်းစားရင်း ၊ စဉ်းစားရင်းနဲ့ ခေါင်းတွေတောင် ကိုက်လာသလိုပါပဲ ။

သွေးဧကရာဇ်ရဲ့ ပိုင်နက်ထဲကို ကျူ းကျော်ဝင်ရောက်ပြီး လူကယ်ဖို့ ဆိုတာက အတော်လေး အန္တရာယ်များတဲ့ အလုပ်လို့ပဲ ဆိုရပါမယ် ။ တကယ်လို့သာ သူ့အနေနဲ့ ခန္ဓာကိုယ်ပေါ်မှာ သွေးအရိုးခေါင်း အမှတ်အသားကြီးကို ထားပြီး သွေးဧကရာဇ်ရဲ့ ပိုင်နက်ထဲ ဝင်သွားခဲ့မယ် ဆိုရင် အဲဒါက ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ ဘာမှ ကွာခြားမှာ မဟုတ်ပါဘူး ။

" ဟာ……စဉ်းစားနေတာ ကြာပါတယ်ကွာ ။ အရင်ဆုံး သွေးကျိန်စာကို ဖျက်ဖို့ လက်တွေ့လုပ်ကြည့်မှ "

အတွေးအဆုံးမှာတော့ လီဖူချန်းက အသက်ကို တစ်ဝကြီး ရှုလိုက်ပြီး သူ့ရဲ့ ဓားဆန္ဒကို အသက်သွင်းကာ ခန္ဓာကိုယ်ထဲ စေလွှတ်လိုက်ပါတော့တယ် ။

လူတိုင်းရဲ့ သိုင်းဆန္ဒတွေက မတူညီဘဲ ကွဲပြားခြားနားပြီး ပိုင်ရှင်ရဲ့ ကိုယ်ပိုင် အမှတ်အသားတွေနဲ့ချည်းပါပဲ ။

လီဖူချန်းရဲ့ ခန္ဓာကိုယ် တစ်ခုလုံးမှာကလည်း သူ့ရဲ့  ကိုယ်ပိုင် အမှတ်အသား ရှိတဲ့အတွက် ဓားဆန္ဒဟာ သူ့ရဲ့ ခန္ဓာကိုယ်ကို ပျက်စီးစေမှာ မဟုတ်ပါဘူး ။ သူက လီဖူချန်းရဲ့ အမှတ်အသား မရှိတဲ့ အရာတွေကိုပဲ ဖျက်ဆီးမှာ ဖြစ်ပါတယ် ။

ဥပမာအားဖြင့် ပြောရရင်တော့ သွေးအရိုးစု ကျိန်စာပေါ့ ။ သည်ကျိန်စာမှာက လီဖူချန်းရဲ့ ကိုယ်ပိုင် အမှတ်အသား ရှိနေမှာ မဟုတ်ပါဘူး ။

ဓားဆန္ဒ ဆိုတာက ဓားတာအို ဥပဒေသ အမျိုးအစား တစ်ခု ဖြစ်တဲ့အတွက် လီဖူချန်းရဲ့ ခန္ဓာကိုယ် တစ်ခုလုံး အနှံ့ကို လွယ်ကူချောမွေ့စွာ ပျံ့နှံ့သွားပြီး ခန္ဓာကိုယ်နဲ့ မသက်ဆိုင်တဲ့ အမှတ်အသားကို ရှာဖွေနေပါတော့တယ် ။

အဲသည်နောက် သိပ်မကြာခင်မှာတော့ သွေးအရိုးခေါင်းပုံ အမှတ်အသားဟာ လီဖူချန်းရဲ့ ခန္ဓာကိုယ် အတွင်းပိုင်းမှာ ပုန်းကွယ်နေရာကနေ တဖြည်းဖြည်း ကြွတက်လာပြီး သာမန်မျက်စိနဲ့ မြင်ရတဲ့အထိ ရုပ်လုံး ပေါ်လာခဲ့ပါပြီ ။

ဒါတောင်မှ အဲသည် အရိုးခေါင်းပုံ အမှတ်အသားဟာ ပုန်းကွယ် နေရာကနေ ထွက်လာချင်ပုံ မရဘဲ အကြောက်အကန် ရုန်းကန်နေပါသေးတယ် ။

" ပျောက်ကွယ်စမ်း "

လီဖူချန်းကတော့ အချိန်ဆွဲမနေတော့ပါဘူး ။ သူက သွေးအရိုးခေါင်း ပေါ်လာတာနဲ့ တစ်ပြိုင်နက် သူ့ရဲ့ ဓားဆန္ဒကို အမိန့်ပေးပြီး တိုက်ခိုက်စေလိုက်ပါတယ် ။

သွေးအရိုးခေါင်း အမှတ်အသားကလည်း အလွယ်တကူနဲ့ ပျောက်ကွယ်ချင်စိတ် မရှိတဲ့ပုံပါပဲ ။ အဲသည်အတွက် သူက သွေးရူးသွေးတန်းနဲ့ လီဖူချန်းရဲ့ စိတ်နယ်ပယ်ထဲကို ပြေးဝင်သွားပါတော့တယ် ။

ဒါပေမဲ့လည်း သူ့ရဲ့ ရွေးချယ်မှုဟာ အမှားကြီး မှားသွားခဲ့ပါပြီ ။ လီဖူချန်းရဲ့ စိတ်နယ်ပယ်ထဲမှာ ရှိနေတဲ့ စိတ်ဝိညာဉ်ရဲ့ သန်မာမှုက ဓားဆန္ဒအောက် မလျော့နည်းပါဘူး ။အဲသည်အတွက် သွေးအရိုးခေါင်း အမှတ်အသားဟာ ပြေးစရာမြေ မရှိတော့ဘဲ ချောင်ပိတ်သွားပါတော့တယ် ။

ရှဲ……ရှဲ……ရှဲ……

သွေးအရိုးခေါင်း အမှတ်အသားဟာ ဓားဆန္ဒရဲ့ ဖိနှိပ်မှုကြောင့် လောင်ကျွမ်းပြီး အရွယ်အစားအားဖြင့် တဖြည်းဖြည်း သေးငယ်လာခဲ့ပါပြီ ။

သွေးအရိုးခေါင်း အမှတ်အသားက အားနည်းလာလေလေ ၊ လီဖူချန်းရဲ့ အခြေအနေကလည်း ပိုပြီး အားကောင်းလာလေလေပါပဲ ။

ဒါပေမဲ့လည်း ဆံချည်မျှင် တစ်ခု အရွယ်အစားလောက် ရောက်သွားတဲ့ အခါမှာတော့ သွေးအရိုးခေါင်း အမှတ်အသားက လီဖူချန်းရဲ့ သွေးချီတွေကို စုပ်ယူပြီး ဓားဆန္ဒကို ပြန်လည် တိုက်ခိုက်လာပါတော့တယ် ။

" ဟမ့်…… မင်းက ငါ့ကိုတောင် ပြန်ပြီး တိုက်ခိုက်ချင်နေသေးတာလား "

သွေးအရိုးခေါင်း အမှတ်အသား ပြန်လည် တိုက်ခိုက်လာတာကိုတော့ လီဖူချန်းက ထူးပြီး အံ့သြမနေပါဘူး ။ သူက သည်အခြေအနေကို မျှော်လင့်ပြီးသားပါပဲ ။

"မိစ္ဆာနှင် ဂါထာ "

အဲသည်နောက်မှာတော့ လီဖူချန်းက ထူးဆန်းတဲ့ လက်ဟန်တစ်ခုကို ပြုလုပ်လိုက်ပြီး ဓားဆန္ဒကို အထောက်အပံ့ ပေးလိုက်ပါတယ် ။

ဘန်း……ဘန်း……ဘန်း……

လီဖူချန်းရဲ့ သွေးချီတွေကို စုပ်ယူထားတဲ့ သွေးအရိုးခေါင်း အမှတ်အသားဟာ အစောပိုင်းကလို အားကိုးရာမဲ့ ပြေးမနေတော့ပါဘူး ။ သူက လီဖူချန်းရဲ့ ဓားဆန္ဒကိုတောင် ထိပ်တိုက် ရင်ဆိုင်လာခဲ့ပါပြီ ။

ဒါပေမဲ့လည်း မိစ္ဆာနှင် ဂါထာ ၊ ဓားဆန္ဒနဲ့ စိတ်ဝိညာဉ် သုံးခုပေါင်းရဲ့ အစွမ်းက သွေးအရိုးခေါင်း အမှတ်အသားကို ဖိနှိပ်ဖို့အတွက် ကောင်းကောင်းကြီး လုံလောက်နေဆဲပါပဲ ။

ဖောင်း……

သည်လိုနဲ့ပဲ နောက်ဆုံးမှာတော့  သွေးအရိုးခေါင်း အမှတ်အသားဟာ မိစ္ဆာနှင် ဂါထာ ၊ ဓားဆန္ဒနဲ့ စိတ်ဝိညာဉ် သုံးခုပေါင်းရဲ့ ဖိနှိပ်မှုကို တောင့်မခံနိုင်တော့ဘဲ ပေါက်ကွဲ ပျက်စီးသွားခဲ့ပါပြီ ။ သွေးအရိုးခေါင်း အမှတ်အသား ပျက်စီးသွားတာနဲ့ တစ်ပြိုင်နက် လီဖူချန်းက သူ့ရဲ့ ခန္ခာကိုယ် တစ်ခုလုံးဟာ  ပေါ့ပါး သွက်လက်သွားတာကို ခံစားလိုက်ရပါတယ် ။

***

လီဖူချန်း ရှိနေတဲ့ နေရာနဲ့ အလွန့်အလွန် ဝေးကွာသော အရပ်တစ်ခု ………

သည်နေရာမှာကတော့ မြေအောက် နန်းတော်ကြီး တစ်ခု ရှိနေပြီး မြေအောက်နန်းတော်ရဲ့ ပလ္လင်ထက်မှာတော့ သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်ဟာ မျက်စိမှိတ်ပြီး အနားယူနေပါတယ် ။

အဲသည်လူကြီးကတော့ သွေးဧကရာဇ်ကလွဲပြီး တခြားလူ မရှိပါဘူး ။

" ဟင်……  သူက ငါ့ရဲ့ သွေးကျိန်စာကိုတောင် ဖျက်ပစ်လိုက်နိုင်ပြီလား "

ပလ္လင်ပေါ်မှာ မျက်စိမှိတ်ပြီး အနားယူနေတဲ့ သွေးဧကရာဇ်က ရုတ်တရက် ဆိုသလို မျက်စိ ပွင့်လာပြီး ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ် ။

သွေးကျိန်စာဆိုတာက သူနဲ့ တိုက်ရိုက် ချိတ်ဆက်ထားတာ ဖြစ်တဲ့အတွက် သွေးဧကရာဇ်ဟာ လီဖူချန်းအပေါ် တိုက်ထားတဲ့ သူ့ရဲ့ ကျိန်စာ ပျက်ပြယ်သွားတာကို ဘယ်လိုမှ မသိနိုင်စရာ အကြောင်း မရှိပါဘူး ။

" ဟ……ဟ… သည်ကောင်က အတော်တော့ ကံကောင်းတဲ့ကောင်ပဲ "

တစ်ချက် ရယ်လိုက်ပြီးတဲ့ နောက်မှာတော့ သွေးဧကရာဇ်ရဲ့ မျက်လုံးတွေဟာ ပြန်လည် မှိတ်သွားခဲ့ပါပြီ ။

***

All Chapters