← Chapters

နတ်ဘုရားလက်

Vol. 47 Ch. 633

နတ်ဘုရားလက်

Vol. 47 Ch. 633

သွေးအရိုးစု ကျိန်စာကို ဖယ်ရှားပြီးတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုဟာ ချိတ်ပိတ် ခံထားရာကနေ ပြန်ပြီး အသက်ဝင်လာခဲ့ပါပြီ ။

အဲသည်အတွက် အခုလောလောဆယ်မှာတော့ လီဖူချန်းဟာ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုနဲ့ ပက်သက်ပြီး ဘာမှ ထွေထွေထူးထူး လုပ်စရာ မရှိသေးပါဘူး ။ သူက မိုးကြိုးကပ်ဘေး ဆေးပင်ကို စားပြီး သူ့ရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုကို ရှေ့ဆက်ဖို့ မလုပ်ခင်မှာ ပထမဆုံး အနေနဲ့ သွေးချီတွေ ပြန်လည် အားပြည့်လာတာကို စိတ်ရှည်လက်ရှည် စောင့်ရပါဦးမယ် ။

" ဟုတ်ပြီလေ ။ ငါ့အနေနဲ့ ဘာလောနေစရာ လိုလို့လဲ ။ငါက သွေးချီတွေ ပြန်အားပြည့်လာတာကို စောင့်ရင်းနဲ့ ချီအတွင်းအား ကျင့်ကြံမှုကို အရင် ရှေ့ဆက်ထားလို့ ရနေတာပဲ "

လီဖူချန်းက သူ့ရဲ့ ခန္ဓာကိုယ် အခြေအနေကို ဆန်းစစ်နေရင်းနဲ့ အတွေးတစ်ခု ရလာခဲ့ပါတယ် ။

သူ့အနေနဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုနဲ့ ပက်သက်ပြီး ဘာမှ လောနေစရာ မလိုပါဘူး ။ သူ့ဆီမှာက မိုးကြိုးကပ်ဘေး ဆေးပင်လည်း ရှိနှင့်နေပြီးပါပြီ ။ အဲသည်အတွက် သွေးချီတွေ ပြန်လည်အားပြည့် လာတာနဲ့ တစ်ပြိုင်နက် သူဟာ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုအပိုင်းမှာ အေးအေးဆေးဆေး အဆင့်တက်လို့ ရပါတယ် ။

သည်တော့ သူ့အနေနဲ့ အခုလောလောဆယ်မှာ လုပ်ဖို့ လိုအပ်တာဆိုလို့  ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုကို မေ့ထားပြီး ချီအတွင်းအား ကျင့်ကြံမှုကို အာရုံစိုက်ထားရုံပါပဲ ။ ရှင်းရှင်း ပြောရမယ် ဆိုရင် ချီအတွင်းအား ကျင့်ကြံမှု လမ်းစဉ်ကသာ သူ့ရဲ့ အဓိက လမ်းစဉ် မဟုတ်ပါလား ။

အဲသည်နောက်မှာတော့ လီဖူချန်းဟာ အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးကို ထုတ်ယူ သုံးစွဲဖို့အတွက် သူ့ကိုယ်သူ အားပေးလိုက်ပါတယ် ။

" လီဖူချန်း ……အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးက အင်မတန် ရှားတာတော့ အမှန်ပဲ ။ ဒါပေမဲ့ မင်းအနေနဲ့ ဒါကို ရှားပါးတယ်ဆိုပြီး အသုံးမပြုဘဲ သိမ်းထားလို့ကတော့ ဘာမှ ထူးမှာ မဟုတ်ဘူး ။ ကံကောင်းရင် မင်းအနေနဲ့ နောက်ထပ် အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံးကို ပြန်ရနိုင်သေးတာပဲ မဟုတ်လား ။ သည်တော့ အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးကို သုံးသာ သုံးပစ်လိုက်စမ်းပါကွာ "

" ကဲ…… သုံးပြီကွာ "

သူ့ကိုယ်သူ အားပေးပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ နောက်ဆံ တင်းမနေတော့ဘဲ မီးတောက်နတ်ဓား စွမ်းအင်တွေကို လည်ပတ်စေကာ အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးထဲက ဝိညာဉ်ချီတွေကို စုပ်ယူလိုက်ပါတော့တယ် ။

ရွှီး……ရွှီး……ရွှီး………

အလယ်အလတ် မူလပင်လယ် နယ်ပယ် အဆင့်၄ ……… နောက်ပိုင်း  မူလပင်လယ် နယ်ပယ် အဆင့်၄ ……… အထွတ်အထိပ်  မူလပင်လယ် နယ်ပယ် အဆင့်၄ ………

မူလပင်လယ် နယ်ပယ် အဆင့်၅………

အထွတ်အထိပ် မူလပင်လယ် နယ်ပယ် အဆင့်၅………

မူလပင်လယ် နယ်ပယ် အဆင့်၆………

လီဖူချန်းရဲ့ အဆင့်တက်မှုကတော့ တကယ့်ကို ကြောက်စရာပါပဲ ။ သူက အချိန်တိုလေး အတွင်းမှာပဲ အစောပိုင်း မူလပင်လယ် နယ်ပယ် အဆင့်၄ကနေ မူလပင်လယ် နယ်ပယ် အဆင့်၆ အထိကို ရောက်ရှိသွားခဲ့ပါပြီ ။

အဲဒါကတော့ အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးထဲက ဝိညာဉ်ချီတွေက သူ့ရဲ့ မီးတောက်နတ်ဓား စွမ်းအင်တွေထက် ပိုပြီး သန့်စင်နေတာကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ။

သည်ဝိညာဉ်ချီတွေက အင်မတန်မှကို သန့်စင်နေတဲ့အတွက် လီဖူချန်း အနေနဲ့ ဘာမှ ထွေထွေထူးထူး မလုပ်ခဲ့ရပါဘူး ။ သူက မီးတောက်နတ်ဓား ကျင့်စဉ်ကို အသက်သွင်းပြီး ဝိညာဉ်ချီတွေကို မီးတောက်နတ်ဓား စွမ်းအင်အဖြစ် ပြောင်းလဲပေးရုံပဲ လုပ်ခဲ့ရတာပါ ။

အထွတ်အထိပ် မူလပင်လယ် နယ်ပယ် အဆင့်၆………

ဒါပေမဲ့လည်း သူ့ရဲ့ ချီအတွင်းအား ကျင့်ကြံမှုက မူလပင်လယ် နယ်ပယ် အဆင့်၆ အထွတ်အထိပ်ကို ရောက်ပြီးတဲ့ အခါမှာတော့ လီဖူချန်းရဲ့ ကျင့်ကြံမှုဟာ အရှိန် ရပ်တန့်သွားခဲ့ပါပြီ ။သူ့ရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်ဟာ ဝိညာဉ်ချီတွေကို ဘယ်လိုမှ ဆက်ပြီး မစုပ်ယူနိုင်တော့ပါဘူး ။

" အား…… ကြည့်ရတာ ငါက အမြစ်မဲ့ပန်းတွေရဲ့ သက်ရောက်မှုကို ပိုတွက်လိုက်မိပြီပဲ "

လီဖူချန်းက မျက်မှောင်ကြုတ်ပြီး စိတ်ပျက်လက်ပျက် ညည်းညူ လိုက်မိပါတယ် ။

အစတုန်းကတော့ လီဖူချန်းက သူ့ရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်ဟာ မူလပင်လယ်နယ်ပယ် အဆင့်၇ကို ရောက်တဲ့အထိ တောင့်ခံနိုင်လိမ့်မယ်လို့ ခန့်မှန်း ထားခဲ့တာပါ ။ ဒါပေမဲ့ အခု ကြည့်ရတာကတော့ သူ့ရဲ့ ခန့်မှန်းမှုက မှားယွင်းသွားခဲ့ပုံပါပဲ ။

တစ်ဆက်တည်းမှာပဲ သူက အမြစ်မဲ့ပန်းတွေရဲ့ သက်ရောက်မှုဟာ ပထမ တစ်ကြိမ် စားသုံးခဲ့တုန်းကလိုမျိုး သက်ရောက်မှု မပေးစွမ်းနိုင်တာကို သတိထားမိလိုက်ပါတယ် ။

" ထားလိုက်ပါတော့ကွာ ။ ငါ့ရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်က အကန့်အသတ်ကို ရောက်သွားပြီဆိုတော့လည်း ဘာတတ်နိုင်မှာလဲ "

သူ့ရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်က အကန့်အသတ်ကို ရောက်သွားမှတော့ လီဖူချန်းအနေနဲ့ ဆက်ကျင့်ကြံနေလည်း ဘာမှ မထူးတော့ပါဘူး ။ အဲဒါက အချိန်ကုန်ပြီး ခါးညောင်းတာသာ အဖတ်တင်နေပါလိမ့်မယ် ။ အဲသည်အတွက် လီဖူချန်းဟာ ကျင့်ကြံနေတာကို ရပ်လိုက်ပါတော့တယ် ။

သေသေချာချာ စဉ်းစားကြည့်မယ် ဆိုရင်တော့ လီဖူချန်းရဲ့ လက်ရှိ အခြေအနေကလည်း မဆိုးလှပါဘူး ။သူက မူလပင်လယ် နယ်ပယ် အဆင့်၆ပဲ ရှိသေးတယ် ဆိုပေမယ့် သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်း သက်သက်နဲ့တင် သူဟာ သေချာပေါက် အဆင့်မြင့် တိုက်ခိုက်ရေး ဧကရာဇ် အဆင့်ကို ရောက်နေပါပြီ ။ ပိုပြီး တိတိကျကျ ပြောရမယ် ဆိုရင်တော့ သူက အဆင့်မြင့် တိုက်ခိုက်ရေး ဧကရာဇ်တွေ ကြားထဲမှာတောင်မှ ထိပ်ဆုံးမှာ ရပ်တည်နေနိုင်လောက်ပါတယ် ။

တန်ခိုးစွမ်းရည် အလုံးစုံကို  ခြုံငုံပြီး တွက်ချက်မယ် ဆိုရင်တော့ လီဖူချန်းရဲ့ အစွမ်းဟာ အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးအောက် လုံးဝ မနိမ့်ကျပါဘူး ။ သူက အဆင့်မြင့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးကို ဖိနှိပ်နိုင်စွမ်း ရှိနေခဲ့ပါပြီ ။ ဒါပေမဲ့လည်း ဒါက လီဖူချန်းရဲ့ ခံစားချက်သက်သက်သာ ဖြစ်ပါတယ်။

သည်အချက် မှန်၊မမှန် ဆိုတာကို သိရဖို့အတွက် ဆိုရင်တော့ သူ့အနေနဲ့ အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးကို ရှာပြီး တိုက်ခိုက်မှသာ သိနိုင်ပါလိမ့်မယ် ။

" အင်း…… ငါ့ရဲ့ သွေးချီတွေကကော ဘယ်လိုဖြစ်နေပြီလဲ "

စွမ်းအင်ဗဟိုချက်မ ပင်လယ်က အကန့်အသတ်ကို ရောက်သွားပြီ ဖြစ်တဲ့အတွက် လီဖူချန်းဟာ ချီအတွင်းအား ကျင့်ကြံမှု အပိုင်းမှာ ဘာမှ လုပ်စရာ မရှိတော့ပါဘူး ။ အဲသည်အတွက် သူက ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုဘက်ကို အာရုံ ပြောင်းလိုက်ပါတော့တယ် ။

ဒါပေမဲ့လည်း သူ့ရဲ့ သွေးချီတွေက နဂိုအခြေအနေကို ရောက်ဖို့အတွက် မဆိုစလောက်ကလေး လိုနေဆဲပါပဲ ။

" မထူးပါဘူးကွာ ။ အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးကို သုံးလက်စနဲ့ ထပ်သုံးလိုက်ပါတော့မယ် "

အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးကို သည်လောက်အထိ သုံးပြီးနေမှတော့ လီဖူချန်းက ဆက်ပြီး အသုံးပြုဖို့အတွက် နှမြောတွန့်တို မနေတော့ပါဘူး ။ အဲသည်အတွက် သူက သူ့ရဲ့ အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးကို  ထပ်ပြီး အသုံးပြုလိုက်ပြန်ပါတယ် ။

ရွှီး……ရွှီး……ရွှီး……

အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးရဲ့ အစွမ်းကတော့ အံ့မခန်းပါပဲ ။ အသက်ရှုချိန် အနည်းငယ်လေး အတွင်းမှာတင် လီဖူချန်းရဲ့ သွေးချီတွေဟာ နဂိူမူလတုန်းကအတိုင်း ပြန်လည် အားပြည့်သွားခဲ့ပါပြီ ။

" ဟား……ဟား………ဟား…… ဒါပဲကွ ။ ကဲ……လာစမ်း မိုးကြိုးဆေးပင် "

အဲသည်နောက်မှာတော့ လီဖူချန်းဟာ မိုးကြိုးဆေးပင် တစ်ပင်ကို ထုတ်ပြီး ကောက်ဝါးလိုက်ပါတော့တယ် ။

ဖောင်း……ဖောင်း……ဖောင်း……

မိုးကြိုးကပ်ဘေး ဆေးပင်ကို စားပြီးတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ ခန္ဓာကိုယ်ဟာ ပေါက်ကွဲသံတွေနဲ့ ဆူညံသွားခဲ့ပါပြီ ။ ကြည့်ရတာတော့ သည်ဆေးပင်က သူ့ရဲ့ ခန္ဓာကိုယ် အတွင်းပိုင်းမှာရှိတဲ့ အတားအဆီးတွေကို ဖွင့်လှစ်ပေးလိုက်တဲ့ ပုံပါပဲ ။ တစ်ချိန်တည်းမှာပဲ လီဖူချန်းက သူ့ရဲ့ သွေးချီအားတွေဟာ တရိပ်ရိပ် တက်လာတာကို ခံစားလိုက်မိပြန်ပါတယ် ။

ရှင်းရှင်းပြောရမယ် ဆိုရင် ခန္ဓာကိုယ်ရဲ့ ခံနိုင်ရည် အကန့်အသတ် ဆိုတာက သွေးချီ အရင်းအမြစ်ရဲ့ ကန့်သတ်ချက်ပါပဲ ။

ပိုပြီး တိတိကျကျ ပြောရင်တော့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှု ဆိုတာက သွေးချီအရင်းအမြစ်နဲ့ တိုက်ရိုက် အချိုးကျနေတာ ဖြစ်ပါတယ် ။

အဲသည်အတွက် ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုရဲ့ အမြင့်ဆုံး အဆင့်ဟာ သွေးချီအရင်းအမြစ် အဆင့်အပေါ်မှာ မူတည်တယ်လို့ ဆိုရပါမယ် ။

မိစ္ဆာ……

အခု သည်ကမ္ဘာကြီးမှာ တည်ရှိနေကြတဲ့ သက်ရှိ သတ္တဝါတွေ အားလုံးထဲမှာ ဆိုရင် မိစ္ဆာတွေဟာ သွေးချီ အရင်းအမြစ် အားအကောင်းဆုံးပါပဲ ။အဲသည်အတွက် မိစ္ဆာတွေဟာ လူတွေလို ကျင့်ကြံခြင်းကို အားစိုက်ပြီး လုပ်နေစရာ မလိုပါဘူး ။ သူတို့က ကျင့်ကြံခြင်းတွေကို မပြုလုပ်ရင်တောင်မှဘဲ သဘာဝက ပေးထားတဲ့ အသန်မာဆုံး ခန္ဓာကိုယ်နဲ့ အားအကောင်းဆုံး သွေးချီတွေကို ပိုင်ဆိုင်ထားပြီးသား ဖြစ်ပါတယ် ။

လူသား……

သည်ကမ္ဘာကြီးပေါ်မှာ တည်ရှိနေကြတဲ့ သက်ရှိ သတ္တဝါတွေထဲက  သွေးချီ အားအနည်းဆုံး သတ္တဝါကို ပြပါ ဆိုရင်တော့ လူသားတွေကိုသာ ပြရမှာပါပဲ ။ အဲသည်အတွက် သူတို့ဟာ ခန္ဓာကိုယ်ကို သန့်စင်ဖို့အတွက် ရနိုင်သမျှ အရင်းအမြစ်တွေနဲ့ ခန္ဓာကိုယ်ကို ပြန်လည် ဖွဲ့စည်းဖို့အတွက် ကျင့်စဉ်တွေကို လိုအပ်ပါတယ် ။ သည်အကြောင်းအရင်း နှစ်ခု မရှိရင်တော့ လူသားတွေဟာ ခန္ဓာကိုယ် မာကျောမှု အပိုင်းမှာ မိစ္ဆာတွေကို ဘယ်လိုမှ ဖိနှိပ်နိုင်မှာ မဟုတ်ပါဘူး ။

***

" အား…… နေလို့ကောင်းလိုက်တာ "

မိုးကြိုးဆေးပင် တစ်ပင်က လီဖူချန်းရဲ့ သွေးချီ အရင်းအမြစ်ကို နှစ်ဆ တိုးပွားစေခဲ့ပါတယ် ။

အဲသည်လို ဖြစ်ရတာကတော့ လီဖူချန်းရဲ့ သွေးချီအရင်းအမြစ်က  အားနည်းနေလို့ ဆိုရင်လည်း မမှားပါဘူး ။ ဒါကြောင့်မို့လည်း တိုးတက်မှုက အတော်လေး သိသိသာသာ ဖြစ်သွားခဲ့တာပါ ။

" ဆင်နဂါး ခန္ဓာကိုယ် သွန်းလောင်းခြင်း "

အဲသည်နောက်မှာတော့ လီဖူချန်းဟာ ဆင်နဂါး ခန္ဓာကိုယ် သွန်းလောင်းခြင်း ကျင့်စဉ်ကို အသက်သွင်းပြီး အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးထဲက ချီဝိညာဉ်တွေကို စုပ်ယူပါတော့တယ် ။

ရွှီး……ရွှီး……ရွှီး………

ချီဝိညာဉ် စွမ်းအင်စီးကြောင်းတွေဟာ လီဖူချန်းရဲ့  စုပ်ယူမှုကို ခံလိုက်ရပြီး ဆင်နဂါး စွမ်းအားတွေအဖြစ် ပြောင်းလဲကုန်ကြပါပြီ ။ တစ်ချိန်တည်းမှာပဲ အဲဒါက လီဖူချန်းရဲ့ ခန္ဓာကိုယ် ပိုမိုကျစ်လစ် သန်မာလာစေပြီး ချီအပြင်အားတွေ ပိုတိုးပွားလာစေပါသေးတယ် ။

ခရက်……ခရက်………ဖောက်……

သည်လိုနဲ့ပဲ နောက်ဆုံးမှာတော့ ခပ်အုပ်အုပ် ပေါက်ကွဲသံတွေနဲ့အတူ လီဖူချန်းရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုဟာ မူလပင်လယ်နယ်ပယ် အကြို-ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်ရှိသွားခဲ့ပါပြီ ။

ဟူး……ဟူး……ဟူး………

အဆင့်တက်မှုနဲ့ မရှေးမနှောင်းမှာပဲ အားကောင်းလွန်းလှတဲ့ သွေးချီလှိုင်း တစ်ခုက လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲကနေ တိုးထွက်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို ကြောက်စရာ ကောင်းလွန်းတဲ့ အသက်ဓာတ် ချီစက်ကွင်း အဖြစ်နဲ့ လွှမ်းမိုးသွားခဲ့ပါတယ် ။

ပြောရမယ် ဆိုရင်တော့ လူသားတွေရဲ့ ခန္ဓာကိုယ်ဟာ ချီစက်ကွင်း အသေးစားလေးတွေ လိုပါပဲ ။ ပြီးတော့ အဲဒါက သွေးချီ အားကောင်းလေလေ ပိုပြီး ပြင်းထန်လေလေပဲ ဖြစ်ပါတယ် ။

ပြောကြတာကတော့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံသူ တစ်ဦးဟာ သူတော်စင် နယ်ပယ်ကို ရောက်ရှိသွားပြီဆိုရင် သူ့ရဲ့ အသက်ဓာတ် ချီစက်ကွင်းဟာ ကမ္ဘာကြီးရဲ့ ချီစက်ကွင်းကိုတောင် ယှဉ်နိုင်ပါတယ်တဲ့ ။ ပြောရမယ် ဆိုရင်တော့ ခန္ဓာကိုယ်က ကမ္ဘာ အသေးစားလေး တစ်ခု အဖြစ် သတ်မှတ် ခံလိုက်ရသလိုပါပဲ ။

………

သည်လိုနဲ့ပဲ အချိန်တွေဟာ တဖြည်းဖြည်းကုန်ဆုံးပြီး ရက်သတ္တပတ် တစ်ပတ် တိုင်သွားခဲ့ပါပြီ ။

သည်အတောအတွင်းမှာတော့ လီဖူချန်းဟာ သူ့ရဲ့ အခန်းထဲကနေ အပြင်ကို ခြေတစ်လှမ်းတောင် မထွက်ဘဲ ခန္ဓာကိုယ် အပြင်အားကိုသာ ကြိုးစားပြီး ကျင့်ကြံခဲ့ပါတယ် ။ ဒါကြောင့်လည်း အခုဆိုရင် သူ့ရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုဟာ မူလပင်လယ်နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်ရှိသွားခဲ့ပါပြီ ။

အဲသည်အတွက် လက်ရှိ လီဖူချန်းရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုဟာ ရှန်ကောင်းယုနဲ့ သိပ်ပြီး မကွာခြားလှတော့ပါဘူး ။

သူတို့နှစ်ယောက်ကြားမှာ ကွာခြားတာကတော့ သူတို့နှစ်ယောက် ကျင့်ကြံထားတဲ့ ကျင့်စဉ်တွေပဲ ရှိတော့တယ်လို့ ဆိုရပါမယ် ။

ရှန်ကောင်းယုက မြေကမ္ဘာ အထွတ်အထိပ်အဆင့် ခန္ဓာကိုယ် အပြင်အား ကျင့်စဉ်ကို လေ့ကျင့်ထားချိန်မှာ  လီဖူချန်းက  မြေကမ္ဘာ အဆင့်မြင့် ခန္ဓာကိုယ် အပြင်အား ကျင့်စဉ်ကိုသာ လေ့ကျင့်ထားနိုင်တာ မဟုတ်ပါလား ။ အဲသည်အတွက် သူတို့က ကျင့်ကြံမှု အဆင့် တူပေမယ့် ခွန်အား အစွမ်းတွေကတော့ ကွာခြားနေဦးမှာပါပဲ ။

ပြီးတော့ လီဖူချန်းရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်စဉ်ဖြစ်တဲ့ ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်းက မူလပင်လယ်နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ထက် ပိုပြီး အဆင့်တက်အောင် တတ်စွမ်းနိုင်ခြင်း မရှိပါဘူး ။

အဲသည်အတွက် အခုလောလောဆယ်မှာတော့ မူလပင်လယ်နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ဆိုတာက လီဖူချန်းအတွက် ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်းမှာ အမြင့်ဆုံး ရောက်နိုင်တဲ့ အဆင့်ပါပဲ  ။ သူ့အနေနဲ့ ခန္ဓာကိုယ် အပြင်အား လမ်းစဉ်မှာ သည်ထက်ပိုပြီး အဆင့်မြင့်မြင့် ရောက်အောင် သွားချင်တယ် ဆိုရင်တော့ အနိမ့်ဆုံး  မြေကမ္ဘာ အထွတ်အထိပ် အဆင့် ကျင့်စဉ်တစ်ခုကို ပြောင်းပြီး လေ့ကျင့်နိုင်မှ ရပါလိမ့်မယ် ။

" အား…… အခုမှ သတိရတယ် ။ ငါ့ဆီမှာ ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက်နယ်မြေရဲ့ ကောင်းကင်တံခါးကနေ ရခဲ့တဲ့ ကောင်းကင် အမှတ်အသား ရှိသေးတာပဲ "

လီဖူချန်းက သူ့ရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်စဉ်အကြောင်း စဉ်းစားနေရင်းနဲ့ ရုတ်တရက် ဆိုသလို သူ့ရဲ့ ဘယ်ဘက် လက်ဖဂါးပေါ်မှာ ရှိတဲ့  ကောင်းကင် အမှတ်အသားကို သတိရလိုက်မိပါတယ် ။

လီဖူချန်းက သူအခု ကျင့်ကြံနေတဲ့ ဆင်နဂါး  ခန္ဓာကိုယ် သွန်းလောင်းခြင်း ကျင့်စဉ်ကို ဂိုဏ်းတော်တွေ ၊ကျောင်းတော်တွေကနေ ရခဲ့တာ မဟုတ်ပါဘူး ။ သူက သည်ကျင့်စဉ်ကို ပဟေဠိ သိုင်းသမားတွေ နေထိုင်တဲ့ ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက်နယ်မြေထဲကနေ ရခဲ့တာ ဖြစ်ပါတယ် ။

ပိုပြီး တိတိကျကျ ပြောရမယ် ဆိုရင်တော့ သူက သည်ဆင်နဂါး ခန္ဓာကိုယ် သွန်းလောင်းခြင်း ကျင့်စဉ်ကို  ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက်နယ်မြေရဲ့ မြေကမ္ဘာ တံခါးကနေ ရခဲ့တာပါ ။ ပြီးတော့ သူက အဲသည်နယ်မြေရဲ့ ကောင်းကင်တံခါးကနေလည်း အမှတ်အသား တစ်ခု ရခဲ့ပါသေးတယ် ။

မြေကမ္ဘာ တံခါးကနေ ရတဲ့ အင်းကွက်ထဲမှာတောင်မှ ကျင့်စဉ်တစ်ခု ပါနေမှတော့ ကောင်းကင် တံခါးကနေ ရတဲ့ အမှတ်အသားထဲမှာလည်း ကျင့်စဉ် တစ်ခုခု မပါစရာ အကြောင်း မရှိပါဘူး ။

" ကဲ……လာစမ်း "

အတွေးဆုံးတဲ့နောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ ဘယ်ဘက် လက်ဖဝါးကို ဖြန့်လိုက်ပြီး လေ့လာဆန်းစစ်လိုက်ပါတယ် ။ ကျင့်စဉ်နဲ့ ပက်သက်တဲ့  သဲလွန်စလေးများ နည်းနည်းပါးပါး ရမလား ဆိုပြီးတော့ပေါ့ ။

" ဟင်……သည်……သည်နေရာမှာ "

လီဖူချန်းအနေနဲ့ ကံပဲ ကောင်းတာလား ဒါမှမဟုတ် သူ့ရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်းကပဲ အဆင့်တက်သွားလို့လားတော့ မသိပါဘူး ။ သူက သူ့ရဲ့ ဘယ်ဘက်လက်ဖဝါး အလယ်တည့်တည့်ကနေပြီး ကြောက်စရာ ကောင်းလှတဲ့ သွေးချီအားလှိုင်း တစ်ခုကို ခံစားလိုက်ရပါတယ် ။

" ငါဘယ်လို လုပ်ရမလဲ ။ အဲသည်နေရာကို စမ်းသပ်ကြည့်သင့်လား ။ မသိတော့ဘူးကွာ …… စမ်းကြည့်လိုက်တော့မယ် "

အစ ပထမတုန်းကတော့ လီဖူချန်းဟာ သည်ကိစ္စနဲ့ ပက်သက်ပြီး ဝေခွဲမရသေးပါဘူး ။ ဒါပေမဲ့လည်း အချိန် အတန်ကြာ စဉ်းစားပြီးတဲ့ နောက်မှာတော့ သူက သူ့ရဲ့ ဘယ်ဘက်လက်ဝါး အလယ်တည့်တည့်ကို သွေးချီ နဲ့ ခန္ဓာကိုယ် အပြင်အားတွေ ပို့ဆောင်လိုက်ပါတော့တယ် ။

" အိုး…… ဒါ……ဒါကြီးက "

သည်လိုနဲ့ပဲ နောက်ဆုံးမှာတော့ လီဖူချန်းဟာ သူ့ရဲ့ ဘယ်ဘက် လက်ဖဝါး အလယ်တည့်တည့်မှာ တည်ရှိနေတဲ့ အရာကို တွေ့မြင်သွားခဲ့ပါပြီ ။

သည်နေရာကတော့ တကယ့်ကို သွေးတွေ လွှမ်းနေတဲ့ သွေးကမ္ဘာကြီး တစ်ခုပါပဲ ။ ပြီးတော့ အဲသည် သွေးကမ္ဘာကြီးရဲ့ အထဲမှာတော့ ရွှေရောင် လက်ဝါးတစ်ခု မျောလွင့်နေပါတယ် ။

သည်ရွှေရောင် လက်ဝါးဟာ တွေ့မြင်လိုက်ရတဲ့ လူတိုင်းအပေါ်မှာ ပါးစပ် အဟောင်းသား ဖြစ်ပေါ်စေတဲ့အထိ ဆွဲဆောင်အား ကောင်းလွန်းလှတယ်တို့ ဆိုမယ် ဆိုရင်လည်း မှားမယ် မထင်ပါဘူး ။ လီဖူချန်းကတော့ သည်ရွှေရောင် လက်ဝါးကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် အလိုလိုနေရင်း ပုံရိပ်တွေကို မြင်လာခဲ့ပါတယ် ။

ပုံရိပ်တွေကတော့ စုံလု့ိပါပဲ ။ရွှေရောင်လက်ဝါးကြီး တစ်ခုက ကုန်းမြေတိုက်ကြီးတွေကို ဖျက်ဆီးပစ်လိုက်တဲ့ ပုံရိပ်တွေ ၊ ကြယ်တွေကို ဆွဲယူပြီး ဖျစ်ညှစ်လိုက်တဲ့ ပုံရိပ်တွေ ၊ လက်ဖဝါးလေး တစ်ချက် မှောက်လိုက်တာနဲ့ မုန်းတိုင်းကြီးတွေ ဖြစ်ပေါ်လာပြီး ကျင့်ကြံသူတွေကို အသက်နုတ်ယူလိုက်တဲ့ပုံတွေ အစရှိသဖြင့်ပေါ့ ။

ကြည့်ရတာကတော့ အဲသည်ပုံရိပ်တွေဟာ ရွှေရောင် လက်ဝါးရဲ့ အတိတ်ကာလက အကြောင်းအရာတွေ ဖြစ်ပုံပါပဲ ။

" နားထောင်စမ်း "

အဲသည်အချိန်မှာပဲ ရှေးကျပြီး အိုမင်းဆွေးမြည့်နေတဲ့ စကားသံ တစ်ခုနဲ့ အချက်အလက်တွေဟာ လီဖူချန်းရဲ့ အသိစိတ်ထဲကို ရုတ်တရက် တိုးဝင်လာခဲ့ပါတယ် ။

" နတ်ဘုရားလက် …… ငါက သည်လက်အားကိုးနဲ့ စကြာဝဠာ တစ်ခွင်ကို ပြဲပြဲစင်အောင် မွှေနှောက်ခဲ့ပြီးပြီ ။ မရေမတွက်နိုင်တဲ့ သူတော်စင်တွေရဲ့ အသက်တွေကိုလည်း သည်လက်နဲ့ နုတ်ယူပြီးပြီ ။ အဲသည်အတွက်ကြောင့် လူတွေက သည်လက်ကို နတ်မိစ္ဆာလက်လို့ သမုတ်ခဲ့ကြတယ် ။ ငါကတော့ နတ်ဘုရား လက်ပဲဖြစ်ဖြစ် နတ်မိစ္ဆာ လက်ပဲဖြစ်ဖြစ် ဂရုမစိုက်ဘူး ။ ငါ့အတွက်တော့ သည်ပညာရပ်က ငါ့ကို ပိုပြီး အဆင့်မြင့်တဲ့ နယ်ပယ်ကို ရောက်စေနိုင်တဲ့ ပညာရပ် တစ်ခုသက်သက်ပဲ "

" ဟင်း…… ဒါပေမဲ့လည်း ကံကြမ္မာက ငါ့ဘက်မှာ မရှိဘူးနဲ့ တူပါရဲ့ ။ ငါက မဟာကပ်ဘေး တစ်ခုကို ကျော်ဖြတ်ရာမှာ ကျရှုံးခဲ့တယ် ။ ငါ့ရဲ့ ပညာကို ဆက်ခံမယ့် လူလေး …… ငါမင်းကို တစ်ခုပြောပြမယ် ။ ငါက နတ်ဘုရားလက်ကို တကယ့် အစစ်အမှန် နတ်ဘုရားလက်အဖြစ် မပြောင်းလဲနိုင်ခဲ့ဘူး ။ ဒါကြောင့် ငါက မဟာကပ်ဘေးကို ကျော်ဖြတ်ရာမှာ ကျရှုံးခဲ့တာ ။ အစစ်အမှန် နတ်ဘုရားလက် ဆိုတာက ကိုယ့်ကံကြမ္မာကို ကိုဖန်တီးနိုင်ပြီး ကံကြမ္မာမြစ်ကို ဖြတ်တောက်ပစ်နိုင်တယ် ။ သည်တော့ မင်းအနေနဲ့ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးနိုင်အောင် ကြိုးစားပါ "

အိုမင်းပြီး ဆွေးမြည့်နေတဲ့ စကားသံက လီဖူချန်းရဲ့ စိတ်နယ်ပယ်ထဲကနေ တော်တော်နဲ့ ပျောက်ကွယ်မသွားပါဘူး ။ ကြည့်ရတာကတော့ သည်ပညာရပ်ကို တီထွင်ဖန်တီးခဲ့တဲ့ ပညာရှင်ဟာ သူ့ရဲ့ ပညာရပ်ကို ဆက်ခံမယ့် လူအတွက် အတော်လေး စိုးရိမ်မကင်း ဖြစ်ခဲ့တဲ့ ပုံပါပဲ ။

" ဟုတ်ကဲ့ပါ …… ဆရာကြီး "

နောက်ဆုံး လီဖူချန်းက ကတိ ပေးလိုက်တဲ့ အခါမှ အသံဟာ သူ့ရဲ့ စိတ်နယ်ပယ်ထဲကနေ ပျောက်ကွယ်သွားပါတော့တယ် ။

သည်အသံပိုင်ရှင်ဟာ အသက်ရှင်စဉ် ကာလတုန်းက သူတော်စင် တစ်ပါး ဖြစ်ခဲ့မယ် ဆိုတာကိုတော့ လီဖူချန်းအနေနဲ့ လုံးဝ သံသယ မဝင်မိပါဘူး ။ ပြီးတော့ သည်နတ်ဘုရားလက် ဆိုတာကလည်း သူချန်ထားရစ်ခဲ့တဲ့ အမွေအနှစ်ပဲ ဖြစ်ရပါမယ် ။

ဒါပေမဲ့ လီဖူချန်း သိချင်မိတာကတော့ အသံပိုင်ရှင် ပြောသွားတဲ့ ပိုပြီး အဆင့်မြင့်တဲ့ နယ်ပယ်ဆိုတာက ဘာကို ဆိုလိုတာလဲ ဆိုတာပါပဲ ။

အသံပိုင်ရှင်က သူတော်စင် နယ်ပယ်ထက် ပိုပြီး အဆင့်မြင့်တဲ့ နယ်ပယ် တစ်ခုကို ရည်ညွှန်းသွားတာများလား ။ မဟုတ်မှလွဲရော သည်ကမ္ဘာကြီး ပေါ်မှာက သူတော်စင် နယ်ပယ်ထက် အဆင့်မြင့်တဲ့ နယ်ပယ် တစ်ခု ရှိနေသေးတာလား ။

" ဟင်း…… ငါ့ရဲ့ လက်ရှိ အဆင့်နဲ့ ဒါတွေကို စဉ်းစားနေလည်း ဘာမှ ထူးမှာ မဟုတ်ဘူး ။ နတ်ဘုရားလက် ဆိုတာကိုပဲ အာရုံစိုက်မှ "

အတန်ကြာ စဉ်းစားပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ခေါင်းကိုက်လာတဲ့အတွက် အဲသည်ကိစ္စကို ခေါင်းထဲကနေ ထုတ်ပစ်လိုက်ပြီး  နတ်ဘုရားလက်နဲ့ ပက်သက်တဲ့ အချက်အလက်တွေကိုသာ ဖတ်ရှုလိုက်ပါတော့တယ် ။

" နတ်ဘုရားလက်…… ကောင်းကင် အထွတ်အထိပ် အဆင့် ခန္ဓာကိုယ် အပြင်အား ပညာရပ် ။ သည်ပညာရပ်မှာက စုစုပေါင်း အဆင့်၇ဆင့် ရှိတယ် ။ အဲဒါတွေကတော့ သွေးလက်၊တန်ခိုး စွမ်းအားလက် ၊ကြယ်တာရာလက် ၊ လစန္ဒာလက် ၊ နေမင်းရောင်ခြည်လက် ၊ ကပ်ဘေးလက် နဲ့ နတ်ဘုရားလက်ပဲ "

" အိုး…… သည်ပညာရပ်က "

နတ်ဘုရားလက်နဲ့ ပက်သက်တဲ့ အချက်အလက်တွေကို ဖတ်ပြီးတဲ့ အခါမှာတော့ လီဖူချန်းဟာ အသက်ကိုတောင် ရဲရဲ မရှုဝံ့တော့ပါဘူး ။

သည်နတ်ဘုရားလက် ပညာရပ် ဆိုတာကြီးက သူထင်ထားတာထက်တောင်မှ ပိုပြီး အစွမ်းထက်နေတာ မဟုတ်ပါလား ။

သည်ပညာရပ်ရဲ့ ပထမ အဆင့်ဖြစ်တဲ့ သွေးလက် နဲ့ တန်ခိုးစွမ်းအားလက်ကတောင်မှ ကောင်းကင် အလယ်အလတ် အဆင့် ချီအတွင်းအား ပညာရပ်တွေကို ကောင်းကောင်းကြီး ယှဉ်နိုင်နေပါပြီ ။

တတိယ ၊ စတုတ္ထ နဲ့ ပဉ္စမ အဆင့်တွေက ကောင်းကင် အဆင့်မြင့် ချီအတွင်းအားပညာရပ်တွေကို ကောင်းကောင်းကြီး ယှဉ်နိုင်ပြီး ဆဋ္ဌမ အဆင့်ကလည်း ကောင်းကင် အထွတ်အထိပ် အဆင့် ချီအတွင်းအား ပညာရပ်တွေကို ယှဉ်နိုင်ပါသေးတယ် ။

သတ္တမ အဆင့် ……

ရှင်းရှင်းပြောရမယ် ဆိုရင်တော့ နတ်ဘုရားလက်ရဲ့ သတ္တမ အဆင့်က သည်အတိုင်း စိတ်ကူးယဉ် အယူအဆ တစ်ခု သက်သက်ပါပဲ ။ ဒါပေမဲ့ သည်အဆင့်ကို ရောက်သွားပြီ ဆိုရကတော့ လက်တစ်ဖက်တည်းနဲ့တင် ကမ္ဘာကြီးကို ကျွမ်းထိုးမှောက်ခုံ ဖြစ်အောင် လုပ်နိုင်ပြီး စကြာဝဠာကြီးကို ဖိနှိပ်နိုင်ပါတယ် ။

သာမန် ယေဘုယျ အခြေအနေတွေမှာ ဆိုရင်တော့ ကောင်းကင် အလယ်အလတ် အဆင့် ခန္ဓာကိုယ် အပြင်အား ပညာရပ်တွေဟာ ကောင်းကင် အဆင့်မြင့် ချီအတွင်းအား ပညာရပ်တွေနဲ့ အစွမ်းအရာမှာ ခြားနားခြင်း မရှိပါဘူး ။

ကောင်းကင် အဆင့်မြင့် ခန္ဓာကိုယ် အပြင်အား ပညာရပ်တွေကတော့ ကောင်းကင် အထွတ်အထိပ် အဆင့် ချီအတွင်းအား ပညာရပ်တွေကို ကောင်းကောင်းကြီး ယှဉ်နိုင်ပါတယ် ။

အဲဒါကြောင့် သည်အချက်နဲ့တင် နတ်ဘုရားလက်ဟာ ဘယ်လောက်အထိ အစွမ်းထက်သလဲ ဆိုတာကို သိနိုင်နေပါပြီ ။

" ဟုတ်ပြီလေ ။ သည်လိုဆိုတော့လည်း ပထမ အဆင့်ဖြစ်တဲ့ သွေးလက်ကို ကျင့်ရုံပဲ ရှိတော့တာပေါ့ "

သည်နတ်ဘုရားလက်ကို မရခင်တုန်းကတော့ လီဖူချန်းဟာ သူ့ရဲ့ ကိုယ်ပိုင် ကောင်းကင် အဆင့်နိမ့် ခန္ဓာကိုယ် အပြင်အား ပညာရပ်ကို တီထွင်မလို့ပါပဲ ။ ဒါပေမဲ့လည်း အခုတော့ သူဟာ အဲဒါကို လုပ်စရာ မလိုတော့ပါဘူး ။

အခုအချိန်မှာက သူ့အတွက် လုပ်စရာဆိုလို့ သည်နတ်ဘုရားလက်ကို ကျင့်ကြံရုံပဲ ရှိပါတယ် ။

***

သည်လိုနဲ့ပဲ အချိန်တွေဟာ တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးသွားခဲ့ပါပြီ ။

သည်အတောအတွင်းမှာ ဆိုရင်တော့ လီဖူချန်းဟာ နတ်ဘုရားလက် ပညာရပ်ကို ကျင့်ကြံနေတာကလွဲပြီး တခြား ဘာကိုမှ မလုပ်ခဲ့ပါဘူး ။ အဲသည်အတွက် သူ့ရဲ့ ဘဝဟာ ကန်ရေပြင်လိုပဲ တည်ငြိမ်နေတယ်လို့ ဆိုရပါမယ် ။

ဒါပေမဲ့လည်း တစ်နေ့မှာတော့ မဖိတ်ခေါ်ထားတ့ုဲ  ဧည့်သည်တွေဟာ ထုံဖန်းမြို့လေးကို ရောက်ရှိ လာပါတော့တယ် ။ အဲသည်လူတွေကတော့ ဝမ်ယွင် ဦးဆောင်တဲ့ ဝမ်ကလန်က လူတွေပါပဲ ။

" သခင်လေး …… အဲသည်လူက အရှေ့က ရွှေဧည့်သည် တည်းခိုခန်းမှာ ရှိနေတယ်လို့ သတင်း အတိအကျ ရထားပါတယ် "

ရွှေဧည့်သည် တည်းခိုခန်းနားကို အရောက်မှာတော့ အဆင့်မြင့် မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးက ဝမ်ယွင်ကို တရိုတသေ သတင်းပေးလိုက်ပါတယ် ။

" ဒါဆိုရင်လည်း အဲသည် တည်းခိုခန်းကို ဝိုင်းလိုက်လေကွာ ။ မင်းတို့က ဘာလုပ်နေကြတာလဲ "

ဝမ်ယွင်ရဲ့ မျက်နှာပေါ်မှာကတော့ သတ်ဖြတ်လိုစိတ်တွေ အပြည့်ပါပဲ ။

ဒါကလည်း ဆန်းတော့ မဆန်းလှပါဘူး ။

ဝမ်ယွင်ရဲ့ ဘဝမှာ အရှက်ရစရာ အကောင်းဆုံး ကိစ္စကို ပြုလုပ်သွားသူက လီဖူချန်းပဲ မဟုတ်ပါလား ။

အဲသည်အတွက် ဝမ်ယွင်ဟာ လီဖူချန်းကို မသတ်မဖြစ် သတ်မှကို ရပါလိမ့်မယ် ။ မဟုတ်ရင်တော့ သူဟာ လူပုံအလယ်မှာ ခေါင်းဖော်ဝံ့စရာ အကြောင်း မရှိတော့ပါဘူး ။

" ဟုတ်ကဲ့ပါ …… သခင်လေး "

ဝမ်ယွင်ရဲ့ စကား အဆုံးမှာတော့ သုံးဆယ့်တစ်ယောက်သော အဆင့်မြင့် မူလပင်လယ် နယ်ပယ် ဘုရင်တွေဟာ ရွှေဧည့်သည် တည်းခိုခန်းကို ဝိုင်းလိုက်ကြပါပြီ ။ တစ်ချိန်တည်းမှာပဲ သူတို့က ဝမ်ကလန်ရဲ့ ပူးပေါင်းတိုက်ကွက် ဖြစ်တဲ့ ဝမ်ပုဆိန် ဝင်္ကပါ တိုက်ခိုက်နည်း ဗျူ ဟာကိုလည်း အသက်သွင်း ထားလိုက်ကြပါသေးတယ် ။

ချွင်………

" ပြေးကြဟ့ ……ပြေးကြ "

ရွှေဧည့်သည် တည်းခိုခန်းရဲ့ အပေါ်မှာ ပုဆိန်ပုံသဏ္ဌာန် အရိပ်ကြီး ဖြစ်တည်လာတဲ့ အခါမှာတော့ ထုံဖန်းမြို့လေးထဲမှာ ရှိနေကြတဲ့ မြို့သူ၊မြို့သားတွေဟာ ဘေးလွတ်ရာကို ပြေးကြပါတော့တယ် ။ အဲသည်ထဲမှာ ဆိုရင် ရွှေဧည့်သည် တည်းခိုခန်းရဲ့ ပိုင်ရှင်နဲ့ အလုပ်သမားတွေလည်း အပါအဝင်ပါပဲ ။

ဝမ်ယွင်ကတော့ ထွက်ပြေးနေကြတဲ့ လူတွေကို တစ်စက်မှ အရေးမလုပ်ပါဘူး ။ သူက လီဖူချန်းကိုပဲ ပစ်မှတ်ထားတာ မဟုတ်ပါလား ။

" ဘာ……ဘာတွေ ဖြစ်နေကြတာလဲ ။ ဘယ်……ဘယ်လိုလူက  ဝမ်ကလန်ကို ရန်စ လိုက်တာလဲ "

မြို့ရဲ့ အလယ်မှာတော့ မြို့တော်ဝန် ဆောင်းပန် နဲ့ လက်ထောက် မြို့တော်ဝန် လီပင်းတို့ဟာ အချင်းချင်း မေးခွန်းတွေ ထုတ်ပြီး ရွှေဧည့်သည် တည်းခိုခန်းကို စောင့်ကြည့်နေကြပါတယ် ။

" မြို့တော်ဝန် ခင်ဗျား…… ကျွန်တော်တို့ အနေနဲ့ သူတို့ကို မြို့အပြင်ဘက်မှာ တိုက်ခိုက်ကြဖို့ မေတ္တာရပ်ခံရင် ကောင်းမလား ခင်ဗျ "

မေးခွန်းကို မေးလိုက်သူကတော့ လက်ထောက် မြို့တော်ဝန် လီပင်းပါပဲ ။

ဆောင်းပင်က လီပင်းကို စိုက်ကြည့်လိုက်ပြီး ဒေါသတကြီးနဲ့

" မင်းအသက်ရှင်ရတာ ငြီးငွေ့နေရင်  သွားပြောလိုက်ပေါ့ ။ ဒါပေမဲ့ ငါ့ကိုတော့ လာဆွဲမထည့်နဲ့ ။ ငါက အသက်ဆက်ပြီး ရှင်ချင်သေးတယ် ။ ဒါက ဝမ်ကလန်ကွ ။ သူတို့တစ်ချက် စိတ်ကွက်သွားတာနဲ့ မင်းရဲ့ ဆွေစဉ်မျိုးဆက် ၇ဆက်ကို တစ်ယောက်မှ မကျန်အောင် သတ်နိုင်တဲ့ကောင်တွေ ။သိပြီလား …… မင်းပါးစပ် အဲလောက် ယားနေရင်လည်း ဟောဟိုက မြောင်းရေတွေကို ငုံထားလိုက် "

ဆောင်းပန်အနေနဲ့ ဒေါသတကြီး ဖြစ်သွားတာကလည်း မမှားပါဘူး ။ ဝမ်ကလန် ဆိုတာက နတ်ကျက်သရေ အင်ပိုင်ယာရဲ့ အဓိက ဧကရာဇ် အဆင့် ကလန်ကြီး ရှစ်ခုထဲမှာ တစ်ခု အပါအဝင် မဟုတ်ပါလား ။ ပြီးတော့ ဝမ်ကလန်ရဲ့ ဦးစီးခေါင်းဆောင် ဆိုတာကလည်း ဝိညာဉ် ဧကရာဇ်ရဲ့ နောက်လိုက်တစ်ဦး ဖြစ်နေပါသေးတယ် ။

ဝမ်ပုဆိန် ဝင်္ကပါ တိုက်ခိုက်နည်း ဗျူ ဟာကို ခင်းကျင်းပြီးသွားတဲ့ နောက်မှာတော့ ဝမ်ယွင်က ဝင်္ကပါရဲ့ အဓိက အချက်အချာ နေရာမှာ နေရာယူလိုက်ပြီး အော်ပြောလိုက်ပါတယ် ။

" ခွေးမသား…… မျိုးမစစ်ကောင် ။ အခုမှ သွေးကြောင်မနေနဲ့ ။ အမြန်ထွက်လာပြီး အသေခံစမ်း "

ဝမ်ယွင်ရဲ့ လေသံကတော့ လုံးဝ ယုံကြည်မှု အပြည့်ပါပဲ ။ ရှင်းရှင်းပြောရမယ် ဆိုရင်တော့ သူက ထုံဖန်းမြို့ကို ဝင်လာပြီးကတည်းက လီဖူချန်းကို သေလူအဖြစ် မှတ်ယူထားခဲ့ ပြီးပါပြီ ။

သူ့အနေနဲ့ အခုလို ယုံကြည်ချက်တွေ တအား မြင့်မားနေတာကလည်း မလွန်လှပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ အခု သူခေါ်ဆောင်လာတဲ့ လူ သုံးဆယ့်တစ်ယောက်လုံးဟာ အဆင့်မြင့် မူလပင်လယ် နယ်ပယ် ဘုရင်တွေ ဖြစ်နေတာ မဟုတ်ပါလား ။

အဆင့်မြင့် မူလပင်လယ် နယ်ပယ် ဘုရင် သုံးဆယ့်နှစ်ပါးနဲ့ ဖွဲ့စည်းထားတဲ့ ဝမ်ပုဆိန် ဝင်္ကပါ တိုက်ခိုက်နည်း ဗျူ ဟာ ဆိုတာက တိုက်ခိုက်ရေး ဧကရာဇ်တွေကို ကောင်းကောင်းကြီး ယှဉ်နိုင်ပါတယ် ။ အဲဒါကိုမှ သူ့လို အဆင့်နိမ့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးကို ပေါင်းထည့်လိုက်တဲ့ အခါမှာတော့ ဝမ်ပုဆိန် ဝင်္ကပါ တိုက်ခိုက်နည်း ဗျူ ဟာဟာ အဆင့်မြင့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးကိုတောင်မှ အသက်ရှင်သန်ခွင့် ပေးတော့မှာ မဟုတ်ပါဘူး ။

အဲသည်အတွက် ဝမ်ယွင်က လီဖူချန်းဟာ သခင်လေး ၄ပါး အဆင့်မှာ ရှိနေရင်တောင်မှ သူ့အနေနဲ့ လီဖူချန်းကို သတ်ဖြတ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ် ။

" မင်းက တကယ်ကြီး လူ့လောကမှာ နေရတာ ငြီးငွေ့နေတာလား "

အဲသည်အချိန်မှာပဲ အေးစက်စက် စကားသံ တစ်ခုက ရွှေဧည့်သည် တည်းခိုခန်းထဲကနေပြီး ထွက်ပေါ်လာခဲ့ပါတယ် ။

" အဲဒါ ဟိုခွေးမသားပဲ ။ သေစမ်း "

တည်းခိုခန်း အတွင်းမှာ လီဖူချန်း ရှိနေတာ သေချာသွားတဲ့ နောက်မှာတော့ ဝမ်ယွင်ရဲ့ လှုပ်ရှားမှုတွေက တုံ့ဆိုင်း မနေတော့ပါဘူး ။ သူက သူ့လက်ထဲက ပုဆိန်နဲ့ ရွှေဧည့်သည် တည်းခိုခန်း  တစ်ခုလုံးကို ပိုင်းချလိုက်ပါတော့တယ် ။

ဘန်း………

ရွှေဧည့်သည် တည်းခိုခန်း တစ်ခုလုံးဟာ ဝမ်ယွင်ရဲ့ အညှာအတာ ကင်းမဲ့တဲ့ ပုဆိန် ခုတ်ချက်ကြောင့် တစ်စစ်ီ ဖြစ်သွားခဲ့ပါပြီ ။

" အင်း …… မင်းက သည်လောက်အထိ သေချင်နေမှတော့ ငါက မင်းဆန္ဒကို ဖြည့်ဆည်းပေးရတော့မှာပေါ့ "

စကားသံ အဆုံးမှာတော့ တစ်စစီ ဖြစ်သွားတဲ့ ရွှေဧည့်သည် တည်းခိုခန်းရဲ့ အပျက်အစီးတွေကြားထဲက နေပြီး သွေးရောင်လွှမ်းနေတဲ့ လက်ကြီးတစ်ခုဟာ ရုတ်တရက် ထွက်ပေါ်လာပါတော့တယ် ။

တစ်ဆက်တည်းမှာပဲ အဲသည် သွေးလက်ကြီးက ဝမ်ပုဆိန် ဝင်္ကပါ တိုက်ခိုက်နည်း ဗျူ ဟာကို ချေမွလိုက်ပြီး ဝမ်ယွင်ကို ကြက်ကလေး တစ်ကောင်လို ဖမ်းယူသွားပြန်ပါတယ် ။

ဂျွတ်……

ဘန်း………ဘန်း………ဘန်း……

ကုပ်ချိုးသံ တစ်ခုနဲ့ ပေါက်ကွဲသံတွေကို ကြားအပြီးမှာတော့ ဝမ်ယွင် ဦးဆောင်တဲ့ လူသုံးဆယ့်နှစ်ယောက်ဟာ ကမ္ဘာမြေကြီးထဲကနေ အပြီးတိုင် ပျောက်ကွယ်သွားခဲ့ပါပြီ ။

နောက်ဆုံး သည်နေရာမှာ ကျန်ခဲ့တာကတော့ သွေးအိုင်ကြီးတွေနဲ့ အပျက်အစီးတွေ ပုံနေတဲ့ ရွှေဧည့်သည် တည်းခိုခန်းပါပဲ ။

***

All Chapters