ခရမ်းရောင်ဆည်းဆာ သိုင်းဧကရာဇ်
Vol. 47 Ch. 634
" ဘာ………ဘာဖြစ်သွားတာလဲ "
ထုံဖန်း မြို့တော်ဝန် ဆောင်းပန် နဲ့ လက်ထောက် မြို့တော်ဝန် လီပင်းတို့ကတော့ သူတို့ မြင်လိုက်ရတာကို သူတို့ မယုံနိုင်ပုံပါပဲ ။ အဲသည်အတွက် သူတို့က ပါးစက် အဟောင်းသားနဲ့ တစ်ယောက်ကိုတစ်ယောက် ငေးကြည့်နေမိကြပါတယ် ။
သူတို့က နတ်ကျက်သရေ အင်ပိုင်ယာထဲမှာ နေထိုင်ကြသူတွေ ဖြစ်တဲ့အတွက် ဝမ်ကလန်ရဲ့ ဝမ်ပုဆိန် ဝင်္ကပါ တိုက်ခိုက်နည်း ဗျူ ဟာ အကြောင်းကို မသိဘဲ မနေပါဘူး ။ အဲဒါက အဆင့်မြင့် မူလပင်လယ် နယ်ပယ် ဘုရင် သုံးဆယ့်နှစ်ပါးနဲ့ ခင်းကျင်းထားတာ ဖြစ်တဲ့အတွက် အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ်တွေကလွဲပြီး ကျန်တဲ့သူတွေကို ကောင်းကောင်းကြီး အနိုင်ယူနိုင်ပါတယ် ။
ဒါပေမဲ့လည်း အခုတော့ သူတို့မြို့ထဲမှာ ရောက်နေတဲ့ လူငယ်ဟာ ဝမ်ပုဆိန် ဝင်္ကပါ တိုက်ခိုက်နည်း ဗျူ ဟာကို တစ်ချက်တည်းနဲ့ ရစရာ မရှိအောင် ဖျက်ဆီး ပစ်လိုက်ပါပြီ ။
' သည်လို တန်ခိုး အစွမ်းမျိုးကို ပိုင်ဆိုင်တဲ့သူက ဘယ်က ပါရမီရှင်များပါလိမ့်'
ဒါကတော့ ဆောင်းပန်ရဲ့ ဦးခေါင်းထဲမှာ တွေးနေတဲ့ အတွေးပါပဲ ။
" မြို့တော်ဝန် ခင်ဗျား……သည်……သည်လူက ကျွန်တော်တို့ မြို့ထဲမှာ လာပြီး လူ……သ……သတ်…… "
" တိတ်စမ်း ။ မင်းပါးစပ်ကနေ ဘာအသံမှ မထွက်ခဲ့နဲ့ ။ ဒါက ငါတို့သွားပြီး ရန်စလို့ရတဲ့လူမျိုး မဟုတ်ဘူးကွ ။ မင်းက အသက် မရှင်ချင်တော့ပေမယ့် ငါက အသက်ရှည်ရှည် နေချင်သေးတယ် "
လီပင်းက ဆောင်းပန်ကို တစ်ခုခု ပြောဖို့ ကြိုးစားလိုက်ပေမယ့် ဆောင်းပန်က လီပင်းကို သူ့စကားဆုံးအောင် ပြောခွင့် မပေးပါဘူး ။
တကယ်ကို ဟာသပါပဲ ။ သည်လီပင်း ဆိုတဲ့ကောင်က ဝမ်ပုဆိန် ဝင်္ကပါ တိုက်ခိုက်နည်း ဗျူ ဟာကို တစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်လိုက်တဲ့ လူကို လူသတ်မှုနဲ့ တရားစွဲဆိုဖို့ ရုံးတင်ချင်နေပါတယ် ။
ကြည့်ရတာတော့ သူက လူ့လောကကြီးထဲမှာ အသက်ရှင်နေရတာကို တကယ်ပဲ ငြီးငွေ့နေတာ ဖြစ်ရပါမယ် ။
ရွှေဧည့်သည် တည်းခိုခန်း အနီးနားမှာ ရှိနေတဲ့ ကျင့်ကြံသူတွေကလည်း ပါးစပ် အဟောင်းသားပါပဲ ။ သူတို့က သည်လို ကြောက်စရာကောင်းတဲ့ မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ခဲ့ဖူးပါဘူး ။
ဒါက အဆင့်မြင့် မူလပင်လယ်နယ်ပယ် ဘုရင် သုံးဆယ့်နှစ်ပါးပါ ။ သူတို့လို ကျင့်ကြံသူတွေ အနေနဲ့ ဆိုရင်တော့ သည်မူလပင်လယ် နယ်ပယ် ဘုရင် သုံးဆယ့်နှစ်ပါးထဲက တစ်ပါးကို တွေ့လိုက်တာနဲ့ နတ်ဘုရား တစ်ပါးလို ပူဇော်ပသရမှာ ဖြစ်ပါတယ် ။ ဒါပေမဲ့လည်း ရွှေဧည့်သည် တည်းခိုခန်းမှာ တည်းခိုနေတဲ့ လူငယ်ကတော့ ကြီးမြတ်လှပါတယ် ဆိုတဲ့ အဆင့်မြင့် မူလပင်လယ် နယ်ပယ် ဘုရင် သုံးဆယ့်နှစ်ပါးလုံးကို သွေးအိုင်တွေအဖြစ် ဘဝ ပြောင်းပေးလိုက်ပါပြီ ။
" လွယ်လိုက်တာကွာ "
အဲသည်အချိန်မှာတော့ လီဖူချန်းက အပျက်အစီးတွေကြားမှာ ရပ်နေရင်းနဲ့ လက်နှစ်ဖက်ကို နောက်ပစ်ပြီး ခေါင်းတခါခါ လုပ်နေပါတယ် ။
သည်အဆင့်မြင့် မူလပင်လယ် နယ်ပယ် ဘုရင် သုံးဆယ့်နှစ်ပါးကို သတ်ရတာက သူ့အတွက်တော့ ပုရွက်ဆိတ် တစ်ကောင်ကို သတ်ရသလိုပါပဲ ။
ဒါက သူ့အနေနဲ့ နတ်ဘုရားလက်ရဲ့ ပထမ အဆင့်ဖြစ်တဲ့ သွေးလက်ကို အောင်အောင်မြင်မြင် လေ့ကျင့်နိုင်ခဲ့လို့ ဆိုရင်လည်း မမှားပါဘူး ။
သွေးလက်ရဲ့ စွမ်းပကားက ကောင်းကင် အလယ်အလတ် အဆင့် ခန္ဓာကိုယ် အပြင်အား သိုင်းပညာနဲ့ ညီမျှတဲ့အတွက် ဝမ်ယွင် ဦးဆောင်တဲ့ ဝမ်ကလန်သားတွေဟာ အခုလို အသေဆိုးနဲ့ သေသွားခဲ့ရတာ ဖြစ်ပါတယ် ။
" ဟူး…… အခု ငါ့ဆီမှာ နတ်ဘုရားလက် ရှိနေပြီဆိုတော့ ဆင်နဂါး ခန္ဓာကိုယ် သွန်းလောင်းခြင်း ကျင့်စဉ်က အမှိုက်ဖြစ်သွားပြီပေါ့ "
လီဖူချန်းက နတ်ဘုရားလက် ပညာရပ်ရဲ့ အစွမ်းထက်ပုံအကြောင်း စဉ်းစားနေရင်းနဲ့ သက်ပြင်းတစ်ချက် ချလိုက်မိပါတယ် ။
နတ်ဘုရားလက် ပညာရပ်က ခန္ဓာကိုယ် အပြင်အား သိုင်းပညာရပ်လို့ ဆိုထားပေမယ့် တကယ်တကယ်မှာတော့ သည်ပညာဟာ သိုင်းပညာရပ် သီးသန့်ချည်း မဟုတ်ပါဘူး ။ သည်ပညာရပ်က ခန္ဓာကိုယ် အပြင်အား ကျင့်စဉ်အဖြစ်လည်း မှတ်ယူလို့ ရပါသေးတယ် ။
ပိုပြီး တိတိကျကျ ပြောရမယ် ဆိုရင်တော့ သည်နတ်ဘုရားလက်ဟာ ကျင့်စဉ် တစ်ခု မဟုတ်သလို သိုင်းပညာရပ် တစ်ခုလည်း မဟုတ်ပါဘူး ။အဲဒါက ချီအပြင်အားတွေကို စနစ်တကျ အသုံးပြုနိုင်အောင် သင်ကြားပေးတဲ့ နည်းစနစ် တစ်ခုဆိုရင် ပိုပြီး မှန်ပါလိမ့်မယ် ။
အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ လီဖူချန်းဟာ သည်လဝက် အတွင်းမှာပဲ သူ့ရဲ့ ဆင်နဂါး ချီအပြင်အားတွေ အကုန်လုံးကို သွေးလက် ချီအပြင်အားတွေအဖြစ် ပြောင်းလဲပြီးခဲ့ပါပြီ ။
အဲသည်အဓိပါ္ပယ်ကတော့ လီဖူချန်းဟာ သွေးလက် ချီအပြင်အားတွေကို အသုံးပြု ပြီး မူလပင်လယ် နယ်ပယ်ရဲ့ အလုံးစုံ ပြီးပြည့်စုံခြင်း အဆင့် ၊ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် နဲ့ နောက်ဆုံး သူတော်စင် နယ်ပယ်အထိ တက်ရောက်နိုင်တယ် ဆိုတာပါပဲ ။
ဒါပေမဲ့လည်း လက်ရှိ သူ့ရဲ့ သွေးချီအရင်းအမြစ် ကန့်သတ်ချက်ကြောင့် လီဖူချန်းဟာ သူ့ရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုကို မူလပင်လယ် နယ်ပယ်ရဲ့ အလုံးစုံ ပြီးပြည့်စုံခြင်း အဆင့်ရောက်အောင်တောင် အဆင့်မတက်နိုင်ပါဘူး ။
ဒါကတော့ သွေးလက် ချီအပြင်အားဟာ ဆင်နဂါး ချီအပြင်အားထက် ပိုအားကောင်းပြီး ရုန့်ရင်း ကြမ်းတမ်းလွန်းလို့ပဲ ဖြစ်ပါတယ် ။ တကယ်လို့သာ လီဖူချန်းက ဂရုမစိုက်ဘဲ အတင်းအဓမ္မ အဆင့်တက်မယ် ဆိုရင်တော့ သူ့ရဲ့ ခန္ဓာကိုယ်ဟာ ဒဏ်အကြီးကြီး ရသွားပါလိမ့်မယ် ။
ကံကောင်းတာ တစ်ခုကတော့ သွေးလက် ချီအပြင်အားဟာ သွေးချီ အရင်းအမြစ်ကို တိုးပွားအောင် အထောက်အကူ ပေးတဲ့နေရာမှာ ဆင်နဂါး ချီအပြင်အားထက် ပိုသက်ရောက်မှု ရှိနေတာပါပဲ ။ အဲသည်အတွက်ကြောင့် လီဖူချန်းက သူဟာ သိပ်အချိန်ကြာကြာ စောင့်ဆိုင်းစရာ မလိုဘဲ ခန္ဓာကိုယ် အပြင်အား မူလပင်လယ် နယ်ပယ်ရဲ့ အလုံးစုံ ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်နိုင်မယ်လို့ ယုံကြည်နေပါတယ် ။
" ဟ……ဟား……ဟား…… လောကကြီးက တကယ် ရယ်ချင်စရာ ကောင်းတာပဲ ။ အစတုန်းကတော့ ငါက ငါ့ရဲ့ ချီအတွင်းအား ကျင့်ကြံမှုက ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုထက် သာသွားပြီလို့ ထင်နေခဲ့တာ ။ ဒါပေမဲ့ အခုတော့ ငါ့ရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုက ချီအတွင်းအား ကျင့်ကြံမှုထက်ကို အများကြီး သာသွားပြန်ပြီ "
လီဖူချန်းက သူ့ရဲ့ လမ်းစဉ်နှစ်သွယ် ကျင့်ကြံမှု အကြောင်း တွေးမိလိုက်ရင်းနဲ့ ခပ်တိုးတိုး ရယ်မိလိုက်ပါတယ် ။
တကယ့်ကို ဟာသပါပဲ ။ သူက ချီအတွင်းအား လမ်းစဉ်ကို အဓိက ကျင့်ကြံသူ ဖြစ်ပေမယ့်လည်း တကယ့်တကယ်တမ်းမှာတော့ ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်က ပိုပြီး အရှေ့ကို ကြိုရောက်နေပါတယ် ။
အဲသည်ထက် ပိုဆိုးတာက သွေးလက်ဟာ ဘယ်လောက်အထိ အစွမ်းထက်သလဲ ဆိုတာကို လီဖူချန်းအနေနဲ့ မခန့်မှန်းနိုင်တာပါပဲ ။
အစောပိုင်းက ဝမ်ယွင်တို့ လူစုကို သတ်ဖြတ်တဲ့ နေရာမှာ ထုတ်သုံးခဲ့တဲ့ သွေးလက်ဟာ သူပိုင်ဆိုင်ထားတဲ့ ချီအပြင်အားရဲ့ နှစ်ဆယ် ရာခိုင်နှုန်းသာ ရှိပါသေးတယ် ။
" သည်နေရာက မလုံခြုံတော့ဘူး ။ နေရာပြောင်းမှ "
စကားဆုံးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ရွှေဧည့်သည် တည်းခိုခန်းကနေပြီး ပျောက်ကွယ်သွားခဲ့ပါပြီ ။
" ဝမ်ကလန်ကို အမြန်သတင်းပို့ "
လီဖူချန်း ပျောက်ကွယ်သွားတာနဲ့ တစ်ပြိုင်နက် မြို့တော်ဝန် ဆောင်းပန်က ဝမ်ကလန်ကို သတင်းပို့ဖို့အတွက် လီပင်းကို ခိုင်းစေလိုက်ပါတော့တယ် ။
***
ဝမ်ကလန် ……
" အမယ်လေး…… ငါ့သား…… ငါ့သားလေး "
ဝမ်ယွင် သေဆုံးသွားတဲ့ သတင်းကို ကြားပြီးတဲ့ နောက်မှာတော့ ဝမ်ယွင်ရဲ့ အမေဖြစ်သူ လျူ ယန်ဟာ နေရမှာတင် ပုံကျပြီး သတိမေ့သွားပါတော့တယ် ။
လျူ ယန်အနေနဲ့ အခုလို မေ့လဲကျသွားတာကလည်း လွန်တော့ မလွန်ပါဘူး ။ ဝမ်ယွင်ဆိုတာက သူမရဲ့ တစ်ဦးတည်းသော" သား" ဖြစ်နေတာ မဟုတ်ပါလား ။
ဝမ်ယွင်က ပင်ကိုပါရမီပိုင်းမှာ ဝမ်ကလန်ရဲ့ ထိပ်ဆုံးသုံးယောက်ထဲ မဝင်ပေမယ့် ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ထဲကို ဝင်ရောက်ဖို့အတွက်တော့ အခွင့်အရေး ရှိနေပါသေးတယ် ။
အဲသည်ထက် ပိုအရေးကြီးတာကတော့ သူမကော ၊ သူမရဲ့ လင်ယောကျာ်းကပါ အဆင့်မြင့် မူလပင်လယ် နယ်ပယ် ဘုရင်/မ တွေ ဖြစ်နှင့်ပြီးဆနတာပါပဲ ။ အဲသည်အတွက် သူတို့အနေနဲ့ နောက်ထပ် သား/သမီး တစ်ယောက် ထွန်းကားဖို့ဆိုရင် ဘယ်လောက်အထိ စောင့်ရမယ် မသိပါဘူး ။ ဒါကြောင့်လည်း လျူ ယန်ဟာ ဝမ်ယွင်ရဲ့ သတင်းကို ကြားလိုက်တာနဲ့ တစ်ပြိုင်နက် တန်းပြီး မေ့လဲကျသွားခဲ့တာပါ ။
" မင်းက ငါ့ရဲ့သားကို သတ်ပြီး ငါ့မျိုးဆက်ကို ဖျက်ဆီးလိုက်တယ်ပေါ့ ။ ခွေးမသား…… ငါမင်းကို အသက်နဲ့လဲပြီး သတ်ရမယ် ဆိုရင်တောင်မှ မရရအောင် သတ်ပစ်မယ်ကွ "
ဝမ်ယွင်ရဲ့ အဖေဖြစ်သူ ဝမ်ခဲ့ကတော့ လျူ ယန်လို သတိမေ့လဲသွားခြင်း မရှိပါဘူး ။ သူက သွေးရောင်လွှမ်းနေတဲ့ မျက်လုံးတွေနဲ့ အဝေးတစ်နေရာကို လှမ်းကြည့်နေရင်း တောက်တခေါက်ခေါက် လုပ်နေပါတယ် ။
" ယောကျာ်း…… ကျွန်မတို့ သည်လူယုတ်မာကို ဘယ်လိုမှ အသက်ရှင်ခွင့် ပေးလို့ မရဘူးနော် ။ ရှင်……အခုချက်ချင်း ကလန်ခေါင်းဆောင်ဆီသွားပြီး အကူအညီ တောင်းလိုက်တော့ "
လျူ ယန်က မူလပင်လယ် နယ်ပယ် ဘုရင်မ တစ်ပါး ဖြစ်တဲ့အတွက် အချိန်ကြာကြာ သတိမေ့နေခြင်း မရိပါဘူး ။ သူမက အချိန်တိုလေး အတွင်းမှာပဲ သတိပြန်လည်လာပြီး မျက်ရည်လည်ရွှဲနဲ့ သူမရဲ့ ယောကျာ်းဖြစ်သာ ဝမ်ခဲ့ကို ကလန်ခေါင်းဆောင်းဆီ သွားဖို့ တိုက်တွန်းလိုက်ပါတယ် ။
" ကလန်ခေါင်းဆောင်လား……ဒါက……ဒါက "
ကလန်ခေါင်းဆောင်ဆိုတဲ့ နာမ်စားကို ကြားလိုက်ရတဲ့ အခါမှာတော့ ဝမ်ခဲ့ဟာ အနည်းငယ် ချီတုံချတုံ ဖြစ်သွားခဲ့ပါပြီ ။
ဝမ်ကလန်ရဲ့ ဦးစီးခေါင်းဆောင်က ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် အဆင့်၅ ဧကရာဇ်တစ်ပါး ဖြစ်တဲ့အတွက် ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကိုတောင် မရောက်သေးတဲ့ ပါရမီရှင် တစ်ယောက်ကို လိုက်သတ်ဖို့ရာဟာ ဘာမှ မခက်ခဲလှပါဘူး ။
ဒါပေမဲ့လည်း ပြသနာက ကလန်ခေါင်းဆောင်ဟာ ခေါင်းဆောင်တစ်ယောက် ဖြစ်တဲ့အတွက် တခြားအရေးကြီးတဲ့ ပြသနာတွေကို ဖြေရှင်းဖို့ကလည်း တောင်လို ပုံနေတာပါပဲ ။ ပြီးတော့ သူက သူ့ရဲ့ ကျင့်ကြံခြင်းကိုလည်း အချိန် ပေးရပါဦးမယ် ။
သည်လို အလုပ်များတဲ့ ဝမ်ကလန် ခေါင်းဆောင်က ဘယ်လိုလုပ်ပြီး ဝမ်ယွင်အတွက် လက်တုံ့ပြန်ပေးဖို့ ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားပေးမှာတဲ့လဲ ။
တကယ်လို့ ဝမ်ယွင်နေရာမှာ ဝမ်ကလန်ရဲ့ နံပါတ်တစ် ပါရမီရှင် ဖြစ်နေမှပဲ ကလန်ခေါင်းဆောင်ဟာ ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားပါလိမ့်မယ် ။
" လျူ ယန်…… သည်ကိစ္စလောက်နဲ့တော့ ကလန်ခေါင်းဆောင်ကို အပူသွားကပ်လို့ မဖြစ်ဘူး ။ အဲသည်အစား ငါတို့အနေနဲ့ ကလန် အကြီးအကဲတွေကို သွားအကူအညီတောင်းတာ ပိုကောင်းလိမ့်မယ် "
ဝမ်ကလန်မှာက ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်ဆိုလို့ ကလန်ခေါင်းဆောင် တစ်ယောက်တည်း ရှိတာမဟုတ်ပါဘူး ။ သူတို့ဆီမှာက ကလန် ခေါင်းဆောင်အပြင် ကလန်အကြီးအကဲ နှစ်ယောက် ရှိပါသေးတယ် ။
ကလန်အကြီးအကဲ နှစ်ယောက်မှာတော့ တစ်ယောက်က အသက် ၁၅၀၀ ကျော်ပြီး တစ်ယောက်က အသက်၄၀၀ ရှိနေပါပြီ ။
ဝမ်ခဲ့ကတော့ အသက်ပိုငယ်တဲ့ အကြီးအကဲဆီမှာ အကူအညီ တောင်းဖို့ စဉ်းစားထားတာ ဖြစ်ပါတယ် ။ဘာဖြစ်လို့လဲ ဆိုတော့ အသက်ငယ်တဲ့ အကြီးအကဲက သူတို့ရဲ့ မျိုးဆက်နဲ့ ပိုနီးကပ်လို့ပါပဲ ။
***
ဝမ်ကလန်ရဲ့ အဓိက နယ်မြေ ၊ ခရမ်းရောင်ဆည်းဆာ နန်းဆောင်………
" အကြီးအကဲခင်ဗျား…… ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ သားဖြစ်သူအတွက် တရားမျှတမှုကို ဆောင်ကြဉ်းပေးပါ "
ဝမ်ခဲ့က ခရမ်းရောင်ဆည်းဆာ နန်းဆောင်ထဲကို တန်းပြီး မဝင်ဝံ့ပါဘူး ။ အဲသည်အတွက် သူက နန်းဆောင်ရဲ့ အပြင်ဘက်မှာ ဒူးထောက်ပြီး အော်နေရုံပဲ တတ်နိုင်ပါတယ်။
ခရမ်းရောင်ဆည်းဆာ နန်းဆောင်က နန်းဆောင်လို့ ခေါ်ပေမယ့် တကယ့်တကယ်တမ်းမှာတော့ ဂေဟာကြီး တစ်ခုပါပဲ ။
ခရမ်းရောင်ဆည်းဆာ နန်းဆောင်ရဲ့ အပြင်ဘက်မှာတော့ အစောင့်အကြပ်အဖြစ် တာဝန်ယူထားရတဲ့ မူလပင်လယ် နယ်ပယ် အဆင့်နိမ့် ဘုရင်နှစ်ပါးဟာ ဝမ်ခဲ့ကို ကြည့်ပြီး အချင်းချင်း ပြောဆိုနေကြပါတယ် ။
" အဲဒါ ဝမ်ခဲ့ မဟုတ်ဘူးလား ။ ငါကြားတာကတော့ ဝမ်ခဲ့ရဲ့သား ဝမ်ယွင်က သတ်ခံလိုက်ရတယ်ဆိုပဲ "
" တောက်…… ဘယ်လို ကောင်စားမျိုးက အကြောက်အလန့် မရှိဘဲ ငါတို့ ဝမ်ကလန်ရဲ့ မျိုးဆက်တစ်ယောက်ကို သတ်ရဲတာလဲ "
" ငါ့အထင်ပြောရရင်တော့ အကြီးအကဲက သည်ကိစ္စမှာ ဝင်ပြီး လှုပ်ရှားပေးမယ် မထင်ဘူး ။ အကြီးအကဲက နန်းဆောင်အပြင် မထွက် နှစ်ပေါင်းသုံးဆယ် ကျော်နေပြီလေ "
အစောင့်အကြပ် နှစ်ယောက် အချင်းချင်း ပြောဆိုနေစဉ်မှာပဲ သြဇာအာဏာသံနဲ့ ပြည့်ဝလှတဲ့ အသံတစ်ခုဟာ ခရမ်းရောင်ဆည်းဆာ နန်းဆောင်ထဲကနေ ထွက်ပေါ်လာပါတော့တယ် ။
" ဝမ်ခဲ့…… အထဲဝင်လာ "
"ဟုတ်ကဲ့ပါ …… အကြီးအကဲ "
နန်းဆောင်အတွင်းက အကြီးအကဲရဲ့ ခွင့်ပြုချက်ကို ရပြီးတဲ့ နောက်မှာတော့ ဝမ်ခဲ့ဟာ မတ်တပ် ထရပ်ပြီး ခရမ်းရောင်ဆည်းဆာ နန်းဆောင်ထဲကို ဝင်သွားခဲ့ပါပြီ ။
ခရမ်းရောင်ဆည်းဆာ နန်းဆောင်ရဲ့ ပင်မခန်းဆောင်ထဲကို အရောက်မှာတော့ ဝမ်ခဲ့ဟာ ဝမ်ကလန်ရဲ့ အသက်အငယ်ဆုံး ဧကရာဇ် ဖြစ်တဲ့ ခရမ်းရောင်ဆည်းဆာ သိုင်းဧကရာဇ်ကို မြင်လိုက်ရပါတော့တယ် ။
ခရမ်းရောင်ဆည်းဆာ သိုင်းဧကရာဇ်ရဲ့ ပုံက သိပ်ပြီး အသက်မကြီးသေးလှပါဘူး ။ သူ့ရဲ့ ပုံစံက အလွန်ဆုံးရှိမှ အသက်သုံးဆယ်ကျော်ပါပဲ ။ ဒါပေမဲ့လည်း သူ့ရဲ့ မျက်လုံးသူငယ်အိမ်ထဲက ခရမ်းရောင် အလင်းတန်းတွေက ကြည့်မိလိုက်တဲ့ လူတိုင်းကို ရင်ထဲ ၊အသည်းထဲကနေ တုန်လှုပ် ချောက်ချား သွားစေနိုင်ပါတယ် ။
အဲသည်အတွက် ဝမ်ခဲ့ဟာ ခရမ်းရောင်ဆည်းဆာ သိုင်းဧကရာဇ်ကို မော်ပြီးတောင် မကြည့်ရဲခဲ့ပါဘူး ။
" ဝမ်ယွင်ဆိုတဲ့ ကလေးက ဘယ်လို ဖြစ်ရတာလဲ "
ဝမ်ခဲ့ကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် ခရမ်းရောင်ဆည်းဆာ သိုင်းဧကရာဇ်က တန်းပြီး မေးခွန်း ထုတ်လာခဲ့ပါပြီ ။
ဝမ်ခဲ့က တစ်ချက် ရှိုက်လိုက်ပြီး မဆိုင်းမတွ ပြန်ဖြေလိုက်ပါတယ် ။
" ကျွန်တော်ရဲ့ သားက အသတ် ခံလိုက်ရတာပါ "
" ဖြစ်ကြောင်းကုန်စင်ကို ပြောပြစမ်း "
" သည်လိုပါ …… အကြီးအကဲ ခင်ဗျား………"
ဝမ်ခဲ့က ခရမ်းရောင်ဆည်းဆာ သိုင်းဧကရာဇ်ကို ဝမ်ယွင်နဲ့ ပက်သက်ပြီး သူသိသမျှ ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်ပါတယ် ။
" အင်း…… သည်လိုဆိုတော့ ……"
ဝမ်ခဲ့ရဲ့ ရှင်းပြမှု အပြီးမှာတော့ ခရမ်းရောင်ဆည်းဆာ သိုင်းဧကရာဇ်ဟာ အချိန်အကြာကြီး ငြိမ်ကျသွားခဲ့ပါတယ် ။ ပြီးမှ သူက သက်ပြင်းတစ်ချက် ချလိုက်ပြီး
" ဟူး…… ငါက နန်းဆောင်အပြင်ကို မထွက်တာ နှစ်ပေါင်းသုံးဆယ်ကျော် ကြာခဲ့ပြီ ။ ဒါပေမဲ့ ငါက ဝမ်ယွင်ကို ငယ်ငယ်လေးတုန်းက တစ်ခါ ပွေ့ချီခဲ့ဖူးတယ် ။ သည်တော့ ငါက သူ့အတွက် တရားမျှတမှုကို ဆောင်းကြဉ်းပေးမယ် "
" ကျေးဇူးတင်ပါတယ် …… အကြီးအကဲ ခင်ဗျား "
ခရမ်းရောင်ဆည်းဆာ သိုင်းဧကရာဇ်ရဲ့ ကတိစကားကို ကြားပြီးတဲ့ အခါမှာတော့ ဝမ်ခဲ့ရဲ့ မျက်နှာဟာ ပြုံးရွှင်သွားခဲ့ပါပြီ ။
***
ရက်သတ္တပတ် တစ်ပတ် ဆိုတာက ဘယ်လောက်မှ ကြာတဲ့ အချိန် အပိုင်းအခြား မဟုတ်ပါဘူး ။ဒါပေမဲ့လည်း လီဖူချန်းကတော့ သည်အချိန်လေး အတွင်းမှာပဲ လေဟာနယ်မြို့နဲ့ အတော်ဝေးတဲ့ နေရာတစ်ခုကို ရောက်နေခဲ့ပါပြီ ။
" ဟား……ဟား…… ငါက သွေးလက်ကို အမြင့်ဆုံး အဆင့်အထိ ရောက်သွားပြီကွ ။ အခုအချိန်က တန်ခိုးစွမ်းအားလက်ကို လေ့ကျင့်ရမယ့် အချိန်ပဲ "
လူသူ ကင်းဝေးလှတဲ့ တောတွင်း တစ်နေရာမှာတော့ လီဖူချန်းဟာ သူ့ရဲ့ ကျင့်ကြံမှုနဲ့ ပက်သက်ပြီး အပျော်ကြီး ပျော်နေပါတယ် ။
" တန်ခိုးစွမ်းအားလက် …… သည်လက်က အသန့်စင်ဆုံး တွန်းအားဥပဒေသကို မူတည်ပြီး တီထွင်ထားတာ ။ လောကပေါ်မှာက အားနဲ့ ပက်သက်ပြီး ဥပဒေသတွေ ထောင်ချီရှိတယ် ။ ဒါပေမဲ့ နဂိုမူလကို ပြန်သွားကြည့်ရင်တော့ သူတို့အားလုံးရဲ့ အခြေခံက အတူတူပဲ "
ဒါကတော့ တန်ခိုးစွမ်းအားလက်ကို ကျင့်ကြံဖို့အတွက် မိတ်ဆက်ပေးထားတဲ့ အစကနဦး စာသားပါပဲ ။
ရုတ်တရက် ဆိုရင်တော့ သည်စာသားက ရိုးရှင်းလှပေမယ့် သေသေချာချာ ဖတ်ကြည့်မယ် ဆိုရင်တော့ ဒါက ထင်သလောက် ရိုးရှင်းမှာ မဟုတ်ပါဘူး ။
လောကပေါ်မှာက မတူညီတဲ့ အားဥပဒေသတွေဟာ ထောင်နဲ့ချီပြီး ရှိပါတယ် ။ အဲသည်အတွက် နတ်ဘုရားလက် ပညာရပ်ဟာလည်း အားဥပဒေသတွေနဲ့ မကင်းလှဘူးလို့ ဆိုရပါမယ် ။
နတ်ဘုရားလက်ရဲ့ ပထမ အဆင့်ဖြစ်တဲ့ သွေးလက်ကတော့ သွေးချီ ဥပဒေသကို မူတည်ပြီး တီထွင်ထားတာ ဖြစ်တဲ့အတွက် အားဥပဒေသတွေနဲ့ မသက်ဆိုင်ပါဘူး ။
ဒါပေမဲ့ ဒုတိယ အဆင့်ဖြစ့်တဲ့ တန်ခိုးစွမ်းအားလက်ကတော့ သန့်စင်လှတဲ့ တွန်းအား ဥပဒေသကို မူတည်ပြီး တီထွင်ထားတာ ဖြစ်ပါတယ် ။
ပြီးတော့ တတိယအဆင့်ကနေ ပဉ္စမ အဆင့်ထိဟာလည်း ပိုပြီး အဆင့်မြင့်တဲ့ ဆွဲအား ဥပဒေသကို မူတည်ပြီး တီထွင်ထားတာပါပဲ ။
နတ်ဘုရားလက်ရဲ့ ဆဋ္ဌမ အဆင့်ကတော့ ပိုပြီး အဆင့်မြင့်တယ်လို့ ဆိုရပါမယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒါက ဖျက်ဆီးခြင်း ဥပဒေသကို မူတည်ပြီး တီထွင်ထားတာ ဖြစ်နေလို့ပါပဲ ။ ပြီးတော့ အဲဒါက လေဟာနယ် ဟင်းလင်းပြင်ကိုတောင် ဖျက်ဆီးပစ်နိုင်ပါတယ် ။
ဘာကြောင့်မှန်းတော့ မသိပါဘူး။ လီဖူချန်းရဲ့ စိတ်ထဲမှာတော့ နတ်ဘုရားလက်ရဲ့ ဆဋ္ဌမ အဆင့်ဟာ သေမျိုးကပ်ဘေးနဲ့ ဆင်တူနေတယ်လို့ ခံစားနေရပါတယ် ။
ကြည့်ရတာကတော့ ကပ်ဘေးကိုးပါး လက်သီးဟာ နတ်ဘုရားလက်နဲ့ ဆက်နွယ်နေပုံပါပဲ ။ ဒါကိုတော့ လီဖူချန်းအနေနဲ့ နောက်ပိုင်းမှ အချိန်ရရင် ရသလို နှိုင်းယှဉ်ပြီး ဆန်းစစ်ကြည့်ရဦးပါမယ် ။
***