သွေးဖားပြုပ်တောင်
Vol. 47 Ch. 636
လျှပ်တစ်ပြက် နတ်မီးတောက် ကိုယ်ဖော့ပညာရဲ့ အစွမ်းက မီးတာအို စွမ်းအားကို အခြေခံထားတာ ဆိုရင်လည်း မမှားပါဘူး ။ အဲသည်အတွက်ကြောင့် လီဖူချန်းဟာ မီးတာအို စွမ်းအားတွေ ရှိနေတဲ့ နေရာမှန်သမျှကို အာရုံခံမိလိုက်တာနဲ့ တစ်ပြိုင်နက် တန်းပြီး ရုတ်ချည်း နေရာပြောင်းရွှေ့နိုင်ပါတယ် ။
အချုပ်အားဖြင့် ပြောရမယ် ဆိုရင်တော့ လက်ရှိ လီဖူချန်းဟာ ရုတ်ချည်း နေရာရွှေ့ပြောင်းလိုက်တိုင်းမှာ မိုင်တစ်ရာအထိ သွားနိုင်နေပါပြီ ။
" ရုတ်ချည်း နေရာရွှေ့ပြောင်းခြင်းတဲ့လားကွာ "
လီဖူချန်းတစ်ယောက် ရုတ်ချည်း နေရာရွှေ့ပြောင်းတာတွေ တွေ့လိုက်ရတဲ့ နောက်မှာတော့ ခရမ်းရောင်ဆည်းဆာ သိုင်းဧကရာဇ်ဟာ ဘာလုပ်လို့ လုပ်ရမယ် မသိတော့ပါဘူး ။ သူက စိတ်ပျက်လက်ပျက်နဲ့ ညည်းတွားရင်း မြေကြီးပေါ်မှာသာ ထိုင်ချလိုက်မိပါတယ် ။
ကိုယ်ဖော့ပညာရပ်တွေမှာ အဆင့်အမြင့်ဆုံးက ရုတ်ချည်း နေရာရွှေ့ပြောင်းခြင်းပါပဲ ။ တစ်ဖက်လူက သည်နည်းစနစ်ကို ထုတ်သုံးသွားမှတော့ သူ့အနေနဲ့ တစ်ဖက်လူကို လိုက်မှီနိုင်စရာ ဘာအကြောင်းမှ မရှိတော့ပါဘူး ။
" လေဟာနယ်ဖြိုခွဲ လက်ဝါး "
ဒါပေမဲ့လည်း ခရမ်းရောင်ဆည်းဆာ သိုင်းဧကရာဇ်က လွယ်လွယ်နဲ့ လက်မလျော့ချင်သေးပါဘူး ။
အဲသည်အတွက် သူက ဝမ်ကလန်ရဲ့ လျှို့ဝှက်သိုင်းပညာ တစ်ခုဖြစ်တဲ့ လေဟာနယ်ဖြိုခွဲ လက်ဝါးကို ထုတ်သုံးလိုက်ပါတော့တယ် ။
ဖန်း……
အဲသည်အချိန်မှာတော့ လီဖူချန်းဟာ ခရမ်းရောင်ဆည်းဆာ သိုင်းဧကရာဇ်နဲ့ မိုင်ပေါင်းသုံးရာကျော် ကွာဝေးတဲ့ အရပ်တစ်ခုမှာ ရောက်နေခဲ့ပါပြီ ။
ဒါပေမဲ့လည်း ရုတ်တရက် ဆိုသလိုပဲ ခရမ်းနုရောင် လက်ဝါးဆန္ဒ တစ်ခုဟာ သူ့ရဲ့ ရှေ့မှာ ပေါ်လာပြီး သူ့ရဲ့ သွားလမ်းကို ပိတ်ထားလာခဲ့ပါတယ် ။
အဲဒါကတော့ ခရမ်းရောင်ဆည်းဆာ သိုင်းဧကရာဇ်ရဲ့ လက်ဝါးပါပဲ ။
တစ်ဆက်တည်းမှာပဲ အဲသည် ခရမ်းနုရောင် လက်ဝါးဆန္ဒဟာ တဖြည်းဖြည်း ကြီးထွားလာပြီး လီဖူချန်းကို ရိုက်ချလိုက်ပါတော့တယ် ။
အဲဒါထက် ပိုကြောက်စရာ ကောင်းတာကတော့ သည်လက်ဝါးဆန္ဒဟာ ဟင်းလင်းပြင် တာအိုရဲ့ အငွေ့အသက်တွေနဲ့ ပတ်သက်နေတာပါပဲ ။
ခရမ်းရောင်ဆည်းဆာ သိုင်းဧကရာဇ်လို ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ်တစ်ပါး အနေနဲ့ မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးကို ရင်ဆိုင်တဲ့ နေရာမှာ ဟင်းလင်းပြင် တာအို ဥပဒေသတွေ ပါဝင် ပတ်သက်နေတဲ့ သိုင်းပညာကို သုံးတယ် ဆိုတာက နွားသတ်တဲ့ ဓားကို ကြက်သတ်တဲ့ နေရာမှ အသုံးပြု နေတာနဲ့ မခြားနားလှပါဘူး ။
ဒါပေမဲ့လည်း ခရမ်းရောင်ဆည်းဆာ သိုင်းဧကရာဇ်ကတော့ ဒါကို တကယ်ကြီး လုပ်ဆောင်ခဲ့ပါပြီ ။
လေဟာနယ်ဖြိုခွဲ လက်ဝါး……
သည်လက်ဝါးကတော့ ကောင်းကင် အလယ်အလတ် အဆင့် လက်ဝါးသိုင်းတစ်ခု ပါပဲ ။
မိုင်ပေါင်းသုံးရာကျော် ကွာဝေးနေတဲ့ အရပ်မှာ ရှိနေတဲ့ လီဖူချန်းကို တိုက်ခိုက်ဖို့ ဆိုတာက ကောင်းကင့် အဆင့်နိမ့် သိုင်းပညာနဲ့ လုံးဝ မဖြစ်နိုင်ပါဘူး ။ အဲသည်အတွက်ကြောင့်လည်း ခရမ်းရောင် ဆည်းဆာ သိုင်းဧကရာဇ်ဟာ ဝမ်ကလန်ရဲ့ လျှို့ဝှက် သိုင်းပညာ တစ်ခုဖြစ်တဲ့ လေဟာနယ်ဖြိုခွဲ လက်ဝါးကို မသုံးမဖြစ် ထုတ်သုံးလိုက်ရတာပါ ။
ရွှီး……
အစတုန်းကတော့ လီဖူချန်းဟာ အရှေ့အရပ်ကို ရုတ်ချည်း နေရာရွှေ့ပြောင်းမလို့ပါပဲ ။ ဒါပေမဲ့ လေဟာနယ်ဖြိုခွဲ လက်ဝါးက သူ့အရှေ့မှာ ပိတ်ထားတဲ့ အခါမှာတော့ သူက နောက်ထပ် အရပ်တစ်ခုကို အလျင်အမြန် နေရာ ရွှေ့ပြောင်းလိုက်ပါတယ် ။
ဘန်း……
တကယ့်ကို ကပ်သီလေးပါပဲ ။ လီဖူချန်း နေရာ ရွှေ့ပြောင်းသွားပြီးတာနဲ့ တစ်ပြိုင်နက် သူနဂိုက ရှိနေတဲ့ နေရာဟာ လက်ဝါးရိုက်ချက်ကြောင့် ကမ္ဘာပျက်တဲ့အလား စုတ်ပြတ် သတ်သွားခဲ့ပါပြီ ။
တကယ်လို့ လီဖူချန်းသာ စက္ကန့်ဝက်လေးလောက် နောက်ကျသွားမယ် ဆိုရင် သူဟာ ရုတ်ချည်း နေရာရွှေ့ပြောင်းတာကို ဘယ်လိုမှ ဆက်ပြီး လုပ်နိုင်တော့မှာ မဟုတ်ပါဘူး ။
ဘန်း…… ဘန်း……ဘန်း……
ရွှီး……ရွှီး……ရွှီး……
သည်လိုနဲ့ပဲ လီဖူချန်းက လားရာ အမျိုးမျိုးကို ပြောင်းလိုက် ၊ ခရမ်းရောင် ဆည်းဆာ သိုင်းဧကရာဇ် အနောက်ကနေ လက်ဝါးနဲ့ လိုက်ရိုက်လိုက် သံသရာ လည်နေရင်းနဲ့ သူတို့နှစ်ယောက်ကြားက အကွာအဝေးဟာ မိုင်တစ်ထောင် အထိ ကွာခြားသွားခဲ့ပါပြီ ။
သူတို့နှစ်ယောက်ကြားက အကွာအဝေးက မိုင်ပေါင်း တစ်ထာင်အထိ ရောက်သွားတဲ့ အခါမှာတော့ ခရမ်းရောင် ဆည်းဆာ သိုင်းဧကရာဇ်ရဲ့ လက်ဝါးကလည်း သက်ရောက်နိုင်စွမ်း မရှိတော့ပါဘူး ။
" တောက် …… အစောကတည်းက အစွမ်းကုန် တိုက်လိုက်ရင် သည်ကောင် ဘယ်လိုမှ ပြေးလွတ်စရာ အကြောင်း မရှိဘူးကွာ "
အဲသည်အတွက် သူက နောင်တတွေ တစ်ပွေ့တစ်ပိုက်နဲ့ ဓားကြိမ်း ကြိမ်းရင်းသာ ကျန်နေခဲ့ရပါတော့တယ် ။
***
ကမ္ဘာဦး လွင်တီးခေါင်ပြင် တောင်တန်း………
သည်တောင်တန်းကတော့ နတ်ကျက်သရေ အင်ပိုင်ယာထဲမှာ ရှိတဲ့ အကြီးဆုံး တောင်တန်းကြီးပါပဲ ။ နောက်ပြီး ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးရဲ့ အဓိက တောင်တန်းကြီး ဆယ်ခုထဲက တစ်ခု ဆိုရင်လည်း မမှားပါဘူး ။
ပြီးတော့ သည်တောင်တန်းကြီး တစ်ခုလုံးဟာ ဘယ်အဖွဲ့အစည်းရဲ့ အချုပ်အခြာ အာဏာအောက်မှာမှ ရှိမနေဘဲ တသီးတခြား လွတ်လွတ်လပ်လပ် တည်ရှိနေတာပါ ။
ကောလာဟလတွေကတော့ ဒါဟာ ကမ္ဘာဦး လွင်တီးခေါင်ပြင် တောင်တန်းရဲ့ အလယ်ဗဟိုမှာ နေထိုင်နေကြတဲ့ မိစ္ဆာသားရဲ ဧကရာဇ်တွေ နဲ့ မိစ္ဆာ ဧကရာဇ်တွေကြောင့်လို့ ဆိုကြပါတယ် ။ အဲဒါကြောင့် လူသားတွေဟာ ကမ္ဘာဦး လွင်တီးခေါင်ပြင် တောင်တန်းရဲ့ နယ်နိမိတ်ထဲကို ဝင်ရောက်လေ့ မရှိကြပါဘူး ။
ဟူး……
တစ်နေ့မှာတော့ ကမ္ဘာဦး လွင်တီးခေါင်ပြင် တောင်တန်းရဲ့ အစပ်ကို လူသားတစ်ယောက် ရောက်ရှိလာခဲ့ပါတယ် ။ အဲသည်လူသားရဲ့ မျက်နှာကတော့ ဖြူ ဖတ်ဖြူ လျော် ဖြစ်နေပြီး မသိရင် အခုချက်ချင်း နေရာမှာတင် ပုံလျက်သား လဲကျသွားတော့မလို့ပါပဲ ။
အဲသည်လူသားကတော့ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး လီဖူချန်းကလွဲပြီး တခြားသူ မရှိပါဘူး ။
သူက ခရမ်းရောင် ဆည်းဆာ သိုင်းဧကရာဇ်ရဲ့ လက်ထဲကနေ လွတ်အောင် သူ့ရဲ့ ချီအတွင်းအားတွေကို အစွမ်းကုန် သုံးပြီး သည်နေရာအထိ နေရာ ရွှေ့ပြောင်းလာခဲ့ရတာပါ ။ အဲသည်အတွက် အခုဆိုရင် သူဟာ စိတ်ရော၊ကိုယ်ပါ နွမ်းလျနေခဲ့ပါပြီ ။ပြီးတော့ သူ့ရဲ့ ချီအတွင်းအားတွေကလည်း လုံးဝကို မရှိတော့သလောက်ပါပဲ ။
သည်ပုံစံ အတိုင်း ဆိုရင်တော့ လီဖူချန်းဟာ ရုတ်ချည်း နေရာရွှေ့ပြောင်းခြင်းကို အချိန် အတော်ကြာတဲ့အထိ ထုတ်သုံးနိုင်တော့မှာ မဟုတ်ပါဘူး ။
"ဟူး…… မရတော့ဘူး ။ ငါအရင်ဆုံး ရက်နည်းနည်းလောက် တံခါးပိတ် ကျင့်ကြံမှ ရတော့မယ် "
လီဖူချန်းက သူ့ရဲ့ အခြေအနေကို သူအသိဆုံးပါပဲ ။ အဲသည်အတွက် သူက အနီးအနားကို လိပ်ပြာ အသိစိတ်အာရုံနဲ့ ဖြန့်ကြက် ကြည့်လိုက်ပါတယ် ။
" အဲသည်တောင်ပဲ "
သိပ်မကြာခင်မှာပဲ သူဟာ တံခါးပိတ် ကျင့်ကြံဖို့အတွက် သင့်တော်တဲ့ တောင်တစ်လုံးကို တွေ့သွားခဲ့ပါပြီ ။
***
ဝုန်း……
ဘုတ်……
ကျယ်လောင်လွန်းလှတဲ့ ပေါက်ကွဲသံကြီး တစ်ခုနဲ့အတူ ချစ်စဖွယ် မြေခွေးဖြူ လေး တစ်ကောင်ဟာ ကောင်းကင်ပေါ်ကနေ တောင်ထိပ်တစ်ခုပေါ်ကို ပြုတ်ကျလာခဲ့ပါတယ် ။ သည်မြေခွေးလေးရဲ့ ပြုတ်ကျလာတဲ့ အရှိန်က ဘယ်လောက်အထိ ပြင်းတယ် မသိပါဘူး ။သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးမှာကတော့ သွေးတွေနဲ့ အပြည့်ပါပဲ ။
သည်မြေခွေးဖြူ လေးက အရွယ်အစားအားဖြင့် သိပ်ပြီး မကြီးလှပါဘူး ။ ဒါပေမဲ့ သူ့ရဲ့ အမြီးကတော့ နှစ်ချောင်း ရှိနေခဲ့ပါပြီ ။ ပြီးတော့ အဲသည် အမြီး နှစ်ချောင်းထဲက တစ်ချောင်းက လေတာအို ဥပဒေသတွေကို ထုတ်လွှတ်နေပြီး နောက်ထပ် အမြီး တစ်ချောင်းကတော့ ရေခဲတာအို ဥပဒေသတွေကို ထုတ်လွှတ်နေပါသေးတယ် ။
" မြေခွေးဖြူ ဘုရင်မ …… ခင်ဗျားက အခုချိန်အထိ ကျုုပ်တို့ အရှင်မင်းကြီးကို ငြင်းဆန်နေတုန်းပဲလား ။ စိတ်လျော့လိုက်ပြီး အလိုက်တသိနဲ့ အရှင်မင်းကြီးရဲ့ ကိုယ်လုပ်တော် ဘဝကို ခံယူလိုက်စမ်းပါ ။ သည်လို အခွင့်အရေးမျိုး ဆိုတာက ဆယ်ဘဝ စောင့်ရင်တောင် ရနိုင်တာမျိုး မဟုတ်ဘူးဆိုတာ ခင်ဗျား သိရဲ့လား "
စကားသံ အဆုံးမှာတော့ မိစ္ဆာ အငွေ့အသက်တွေနဲ့အတူ ကြီးမားလှတဲ့ အရိပ်ကြီး တစ်ခုဟာ တိမ်တိုက်တွေ ကြားထဲနေပြီး ထွက်ပေါ်လာခဲ့ပါပြီ ။
အဲသည် အရိပ်ပိုင်ရှင်ကတော့ ကြံ့ မိစ္ဆာသားရဲကြီး တစ်ကောင်ဖြစ်ပြီး သူ့ရဲ့ ခန္ဓာကိုယ်ကနေ ထွက်ပေါ်နေတဲ့ မိစ္ဆာချီတွေအရ ဆိုရင်တော့ သူဟာ အကြို-ဧကရာဇ်အဆင့် မိစ္ဆာသားရဲ အဆင့်ထက် လုံးဝ နိမ့်ကျစရာ အကြောင်း မရှိပါဘူး ။
" ထွီး…… ရွံစရာ ကောင်းလိုက်တာ ။ သည်မယ် ကြံ့မိစ္ဆာကောင်…… ငါဆိုတဲ့ မြေခွေးဖြူ ဘုရင်မက နင့်ရဲ့ အရှင်နဲ့ လက်ထပ်မယ့် အစား အသေပဲ ခံလိုက်မယ်ဟဲ့ "
မြေခွေးဖြူ မလေးက အကောင်သာ သေးတာပါ ။ သူ့ရဲ့ သတ္တိကတော့ လုံးဝ အထင်ကြီးစရာပါပဲ ။ သူက တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေ အပြည့် ဖြစ်နေပေမယ့်လည်း လုံးဝ ခေါင်းမငုံ့သွားပါဘူး ။
" အသေတော့ မခံလိုက်ပါနဲ့ မြေခွေးဖြူ ဘုရင်မရယ် ။ ခင်ဗျားသေသွားရင် ကျုပ်ရဲ့ အရှင်မင်းကြီးက ကျူပ်ကို သတ်လိမ့်မယ် "
ဒုန်း……
စကားဆုံးတဲ့ နောက်မှာတော့ ကြံ့ မိစ္ဆာသားရဲကြီးဟာ တောင်ပေါ်ကို ဆင်းသက်လာခဲ့ပါပြီ ။ ကြည့်ရတာကတော့ သူက မြေခွေးဖြူ ဘုရင်အဟာ သူ့လက်ထဲကနေ ဘယ်လိုမှ ပြေးမလွတ်ဘူးလို့ အပိုင် တွက်ထားပုံပါပဲ ။
" ကြံ့ဘုရင်…… တကယ်လို့ ငါသေတာကို တားချင်တယ် ဆိုရင်တော့ နင်အရင် သေရမယ် "
စကားဆုံးတဲ့ နောက်မှာတော့ မြေခွေးဖြူ လေးရဲ့ အမြီးနှစ်ချောင်းဟာ လေပွေ တစ်ခု နဲ့ ရေခဲဆူးချွန်တွေကို ဖန်တီးပြီး ကြံ့မိစ္ဆာ သားရဲကြီးကို တိုက်ခိုက်လိုက်ပါတော့တယ် ။
ထင်…ထင်…ထင်……
ထန်……ထန်……
ဒါပေမဲ့လည်း မြေခွေးဖြူ လေးရဲ့ တိုက်ခိုက်မှုဟာ တစ်ဖက် ရန်သူအပေါ်မှာ ဘာမှ အရာ မထင်ခဲ့ပါဘူး ။
မာကျောပြီး ထူထဲလွန်းလှတဲ့ ကြံ့မိစ္ဆာ သားရဲကြီးရဲ့ အရေပြား အတွက်တော့ လေပွေက လေပြည် တစ်ခုလို ဖြစ်ပြီး ရေခဲဆူးချွန်တွေက မိုးစက်မိုးပေါက်တွေလိုပါပဲ ။
" မြေခွေးဖြူ ဘုရင်မ …… ကျုပ်က ခင်ဗျားကို သတ်လို့ မရဘူး ။ ဒါပေမဲ့ ဒဏ်ရာ နည်းနည်းပါးပါး ရအောင်တော့ လုပ်လို့ရတယ် "
စကားပြောနေရင်းနဲ့ ကြံ့မိစ္ဆာ သားရဲကြီးဟာ မြေပြင်ကို ခြေတစ်ချက် ဆောင့်ချ လိုက်ပါတယ် ။
ဝုန်း……
အဲသည်နောက်မှာတော့ ကျောက်တုံး ၊ ကျောက်ခဲတွေဟာ လေပေါ် ပျံတက်လာပြီး မြေခွေးဖြူ လေးဆီ တိုးဝင်သွားခဲ့ကြပါပြီ ။
ထင်……ထင်……ထင်……
ထန်……ထန်……
ဘန်း……
မြေခွေးဖြူ လေးက သူ့ရဲ့ ချွန်ထက်နေတဲ့ လက်သည်းတွေနဲ့ ကျောက်တုံး၊ကျောက်ခဲတွေကို ခုခံ ကာကွယ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း အပြည့်အဝတော့ ကာကွယ်နိုင်ခြင်း မရှိခဲ့ပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ သည်ကျောက်တုံး၊ကျောက်ခဲတွေက ရေတွက်လို့ မရနိုင်အောင် များပြားနေလွန်းလို့ပါပဲ ။ ပြီးတော့ အဲသည် ကျောက်တုံး ၊ကျောက်ခဲတွေ ထဲမှာက မြေတာအို ဥပဒေသတွေ ခိုဝင်ကိန်းအောင်းနေပါသေးတယ် ။
ဝေ့ါ……
နောက်ဆုံးမှာတော့ မြေခွေးဖြူ လေးဟာ ကျောက်တုံး တစ်တုံးရဲ့ ထိမှန်ခြင်းကို ခံလိုက်ရပြီး သွေးပွက်ပွက် အန်ကာ လွင့်ထွက်သွားခဲ့ပါပြီ ။
" အိုး…… တောင်းပန်ပါတယ် ။ ကြည့်ရတာ ကျုပ်က အားနည်းနည်း ထည့်လိုက်မိတဲ့ပုံပဲ "
ကြံ့မိစ္ဆာ သားရဲကြီးက ဒဏ်ရာ ရသွားတဲ့ မြေခွေးဖြူ ကို ကြည့်ပြီး ခပ်ထေ့ထေ့ လှောင်ပြောင်လိုက်ပါတယ် ။
ကြံ့မိစ္ဆာ သားရဲကြီးက အထွတ်အထိပ် အဆင့် မိစ္ဆာသားရဲ ဘုရင် ဖြစ်တဲ့အတွက် သာမန် မိစ္ဆာသားရဲ ဘုရင်မ ဖြစ်တဲ့ မြေခွေးဖြူ ဘုရင်မဟာ သူ့ကို လုံးဝ မယှဉ်နိုင်ပါဘူး ။ တကယ်လို့သာ ကြံ့မိစ္ဆာ သားရဲကြီးက ညှာတာထားခြင်း မရှိဘူးဆိုရင် မြေခွေးဖြူ ဘုရင်မဟာ ဆယ်ကြိမ်လောက် သေပြီးနေလောက်ပါပြီ ။
" ပြေးမှ "
အခြေအနေ မဟန်မှန်း သိတဲ့ မြေခွေးဖြူ ဘုရင်မဟာ ကြံ့မိစ္ဆာ သားရဲကြီးနဲ့ ဆက်တိုက်ဖို့ စိတ်ကူး မရှိတော့ပါဘူး ။ အဲသည်အတွက် သူက အဖြူ ရောင် အလင်းတန်း တစ်ခုအသွင် ပြောင်းပြီး ထွက်ပြေးဖို့ ကြိုးစားပါတော့တယ် ။
" အမယ် …… ခင်ဗျားက ပြေးချင်တာလား ။ သည်လိုတော့ ဘယ်ရမလဲ "
"လမိုက်ည မြေစက်ဝန်း "
ဝေါင်း……
ကြံ့မိစ္ဆာ သားရဲကြီးကလည်း အလာကြီးပါပဲ ။ သူက မြေခွေးဖြူ ဘုရင်မ အလင်းတန်း အသွင် ပြောင်းသွားတာကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် အားကုန် ဟိန်းလိုက်ပါတယ် ။
အဲသည်နောက်မှာတော့ ကြံ့မိစ္ဆာ သားရဲကြီးရဲ့ ခန္ဓာကိုယ်ဟာ နဂိုမူလကထက် အဆပေါင်းများစွာ ကြီးထွား သွားခဲ့ပါပြီ ။ သည်ကြံ့မိစ္ဆာ သားရဲကြီးရဲ့ ခန္ဓာကိုယ်က ဘယ်လောက်အထိ ကြီးသလဲ ဆိုတော့ လီဖူချန်း တစ်ယောက် ရောင်စဉ် ခုနစ်ဖြာ ကုန်းမြေတိုက်မှာ မြင်ခဲ့ရတဲ့ မဟူရာ နဂါး ဧကရာဇ်ထက်တောင်မှ ကြီးနေပါသေးတယ် ။
" လာစမ်း "
မိုင်ပေါင်းရာချီ နီးပါးအထိ ကြီးမားလာတဲ့ ကြံ့မိစ္ဆာ သားရဲကြီးဟာ မြေခွေးဖြူ လေးကို ဖမ်းဖို့အတွက် ဘယ်လောက်မှ မကြိုးစားလိုက်ရပါဘူး ။ သူက ခြေတစ်လှမ်း လှမ်းလိုက်ရုံနဲ့ပဲ မြေခွေးဖြူ လေးကို လိုက်မီ သွားခဲ့ပါပြီ ။
ဖူး……
အဲသည်နောက်မှာတော့ သူက အသက်ကို တစ်ဝကြီး ရှုလိုက်ပြီး မြေခွေးဖြူ လေးကို လေနဲ့ လှမ်းမှုတ် လိုက်ပါတော့တယ် ။
ဘန်း………ဘန်း……ဘန်း……
ဝုန်း……ဝုန်း……
ကြံ့မိစ္ဆာ သားရဲကြီးရဲ့ မှုတ်ချက်က ဘယ်လောက်အထိ ပြင်းသလဲတော့ မသိပါဘူး ။ အဲဒါက မြေခွေးဖြူ လေးကို တောင်နံရံ တစ်ခုနဲ့ တိုက်သွားစေရုံမက သူ့ရဲ့ လေမှုတ်ချက် လမ်းကြောင်းမှာ ရှိတဲ့ တောင်တွေကိုလည်း အပိုင်းပိုင်း ဖြစ်သွားစေခဲ့ပါတယ် ။
ဒါပေမဲ့ သူမသိလိုက်တာကတော့ အဲသည်လို လေနဲ့မှုတ်လိုက်တဲ့ သူ့ရဲ့ လုပ်ရပ်ဟာ ကြီးမားတဲ့ ကပ်ဆိုးကြီးတစ်ခုကို ဖိတ်ခေါ်လိုက်တာနဲ့ အတူတူပဲ ဆိုတာပါပဲ ။
" ဘယ်မိ မဆုံးမ ၊ ဖ မဆုံးမကောင်က ငါ့ကျင့်ကြံနေတာကို လာနှောင့်ယှက်တာလဲ "
ကျယ်လောင်လှတဲ့ အော်ဟစ် ဆဲဆိုသံ တစ်ခုနဲ့အတူ လူသား တစ်ယောက်ဟာ အပိုင်းပိုင်း ဖြစ်နေတဲ့ တောင်ကတုံး တစ်ခုထဲကနေ ထွက်လာခဲ့ပါတယ် ။ အဲသည်လူသားကတော့ ချီအတွင်းအားတွေ ကုန်ခန်းနေလို့ ကျင့်ကြံနေတဲ့ လီဖူချန်းကလွဲပြီး တခြားသူ မရှိပါဘူး ။
" အိုး…… သည်မှာ လူသား တစ်ယောက် ရှိနေပါလား ။ အတော်ပဲ ……ငါလည်း လူသား မစားရတာ အတော် ကြာနေပြီ ။
ကြံ့မိစ္ဆာ သားရဲကြီးကလည်း လီဖူချန်းကို သောက်ဂရု လုံးဝ မစိုက်ပါဘူး ။ သူက လီဖူချန်းရဲ့ အသားကို စားဖို့တောင် စဉ်းစားနေပါသေးတယ် ။
" ထွီ…… သောက်တိရစ္ဆာန်ကောင်ကများ ငါ့အသားကို စားဖို့ တွေးရဲသေးတယ် ။ ကြည့်ရတာ သည်နေ့တော့ ငါ့လက် သွေးစွန်းတော့မယ် ထင်ပါရဲ့ "
စကားဆုံးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ကောင်းကင်ပေါ်ကို ပျံတက်လာခဲ့ပါပြီ ။ တစ်ဆက်တည်းမှာပဲ ဘယ်ကနေ၊ ဘယ်လို ပေါ်လာမှန်း မသိတဲ့ သွေးရောင် လက်ကြီး တစ်ဖက်ကလည်း ကြံ့မိစ္ဆာ သားရဲကြီးကို ရိုက်ချပစ်လိုက်ပါတယ် ။
ဘန်း……
" အမယ်လေး…… သေပါပြီဗျ "
မာကျောပြီး ထူထဲလွန်းလှပါတယ် ဆိုတဲ့ ကြံ့မိစ္ဆာ သားရဲကြီးရဲ့ အရေပြားဟာ လီဖူချန်းရဲ့ သွေးလက်နဲ့ အတွေ့မှာတော့ တဗြန်းဗြန်း ကွဲထွက်သွားခဲ့ပါပြီ ။
" သခင်လေး…… သခင်လေး …… ကျွန်တော်မျိုးလို အမိုက်အမဲလေးကို ကျေးဇူးပြု ပြီး ဗွေမယူပါနဲ့ ။ ကျွန်တော်မျိုးက မျက်စိ မပါတဲ့အတွက် သခင်လေးကို ပုဂ္ဂိုလ်ထူး၊ပုဂ္ဂိုလ်မြတ်ကို မမြင်နိုင်ခဲ့တာပါ ။ ပြီးတော့ ကျွန်တော်…… ကျွန်တော့်ရဲ့ သခင်ကလည်း သွေးဖားပြုပ် ဘုရင်ပါ ။ သခင်လေးအနေနဲ့ ကျွန်တော်မျိုးကို သတ်ရင်လည်း ဘာအကျိုး ကျေးဇူးမှ ရမှာ မဟုတ်ပါဘူး "
ကြံ့မိစ္ဆာ သားရဲကြီးက နလပိန်းတုံး တစ်ယောက် မဟုတ်ပါဘူး ။သူက အခြေအနေ မဟန်မှန်း သိလိုက်တာနဲ့ တစ်ပြိုင်နကိ ချက်ချင်း ဒူးထောက်ချလိုက်ပြီး လီဖူချန်းကို အသနား ခံပါတော့တယ် ။
" အသနား ခံတာတော့ ကောင်းတယ် ။ ဒါပေမဲ့ သည်နေ့ ငါ့နားတွေက ကောင်းကောင်း မကြားရဘူးကွ "
" သွားသေလိုက်တော့ "
ဒါပေမဲ့လည်း လီဖူချန်းကတော့ ကြံ့မိစ္ဆာ သားရဲကြီးကို လုံးဝ သနားညှာတာဖို့ စိတ်ကူးမရှိပါဘူး ။ သည်တိရစ္ဆာန်ကောင်က သူ့အဆင့် သူမသိဘဲ သူ့ကိုတောင် စားဖို့ ကြိမ်းဝါးခဲ့တာ မဟုတ်ပါလား ။
ဘန်း……ဘန်း……ဘန်း……
" အား "
သွေးလက်ကြီးရဲ့ သုံးချက်ဆင့် ရိုက်ချက်ကို မိပြီးသွားတဲ့ အခါ ကြံ့မိစ္ဆာ သားရဲကြီးဟာ အသက်ပျောက်သွားခဲ့ရပါပြီ ။
အံ့သြစရာ ကောင်းတာ တစ်ခုကတော့ ကြံ့မိစ္ဆာ သားရဲကြီး သေသွားတာနဲ့ တစ်ပြိုင်နက် သူ့ရဲ့ သွေးအဆီအနှစ်တွေက လီဖူချန်းရဲ့ သွေးလက်ထဲကို အလိုအလျောက် စီးဝင်လာကြတာပါပဲ ။ တစ်ဆက်တည်းမှာပဲ အဲသည် စီးဝင်လာတဲ့ သွေးအဆီအနှစ်တွေဟာ သွေးလက် ချီအပြင်အားတွေ အဖြစ် ပြောင်းသွားပြီး လီဖူချန်းရဲ့ ကျင့်ကြံမှုကို အထောက်အပံ့ ပေးလာပါသေးတယ် ။
ကြည့်ရတာတော့ သည်သွေးလက်က အားကောင်းတဲ့ သွေးအဆီအနှစ်တွေကို စုပ်ယူနိုင်စွမ်း ရှိနေတာ ဖြစ်ရပါမယ် ။
" သြော်…… ဒါကြောင့် နတ်ဘုရားလက်ကို နတ်မိစ္ဆာလက်လို့လည်း ခေါ်ကြတာကိုး "
သွေးလက်ရဲ့ လုပ်ဆောင်ပုံကို သိပြီးသွားတဲ့ အခါမှာတော့ လီဖူချန်းဟာ နတ်ဘုရားလက်ကို လူတွေက နတ်မိစ္ဆာလက်လို့ ခေါ်ကြတဲ့ အပေါ်မှာ သိပ်ပြီး မအံ့သြတော့ပါဘူး ။ သည်နတ်မိစ္ဆာလက်ဆိုတဲ့ အမည်က တကယ်လည်း ခေါ်သင့် ခေါ်ထိုက်တာပါပဲ ။
" ဘယ်……ဘယ်လို …… ဘယ်လိုတွေ ဖြစ် "
တောင်နံရံနဲ့ တိုက်မိပြီး တောင်ခြေ တစ်နေရာမှာ လဲကျနေတဲ့ မြေခွေးဖြူ လေးကတော့ ပါးစပ် အဟောင်းသားနဲ့ပါပဲ ။
သူက ဖြစ်သွားတဲ့ အဖြစ်အပျက်နဲ့ ပက်သက်ပြီး ဘယ်လိုမှကို မယုံနိုင်ပါဘူး ။ သူက ဒါဟာ သေခါနီးလို့ ထင်ယောင်ထင်မှားများ ဖြစ်နေတာလားလို့တောင် တွေးနေမိပါတယ် ။
သူ့ရဲ့ အမြင်မှာတော့ ကြံ့မိစ္ဆာ သားရဲကြီး ဆိုတာက ဘယ်လိုမှ ဖြိုဖျက်မရနိုင့်တဲ့ တည်ရှိမှု တစ်ရပ်ပါပဲ ။
ရှင်းရှင်းပြောရမယ် ဆိုရင် ကြံ့မိစ္ဆာ သားရဲကြီးဟာ သည်နယ်မြေ အနီးတစ်ဝိုက်ရဲ့ အစွမ်းအထက်ဆုံး မိစ္ဆာသားရဲ ဆယ်ကောင် စာရင်းထဲကနေ ဘယ်လိုမှ ပြေးမလွတ်ပါဘူး ။ ပြီးတော့ သူက သွေးဖားပြုပ် ဘုရင်ရဲ့ လက်ရုံးတစ်ဆူလည်း ဖြစ်နေပါသေးတယ် ။
ဒါပေမဲ့လည်း အခုတော့ သူဟာ လီဖူချန်းရဲ့ လက်ချက်နဲ့ အသက် ပျောက်သွားခဲ့ရပါပြီ ။
" အခုလို ကျွန်မကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်……သခင်လေးရှင့် "
ကြံ့မိစ္ဆာ သားရဲကြီး သေဆုံးသွားတာနဲ့ ပက်သက်ပြီး အတော်လေး မယုံမရဲ ဖြစ်နေပေမယ့်လည်း မြေခွေးဖြူ လေးက လီဖူချန်းကို ကျေးဇူးတင်ဖို့ကို မမေ့ပါဘူး ။
လီဖူချန်းက ချစ်စဖွယ် မြေခွေးဖြူ လေးကို တစ်ချက် ပြုံးပြလိုက်ပြီး
" မြေခွေးလေး …… မင်းသွားလိုရာ သွားလို့ရပြီ ။ကျုပ်မှာလည်း ကျင့်ကြံရမယ့် ကိစ္စလေး ရှိသေးလို့ နားလည်ပေးပါဦး "
" ဟုတ်ကဲ့ပါ …… သခင်လေးရှင့် ။ သည်လိုဆိုရင်လည်း သခင်လေးကို ကျွန်မ မနှောင့်ယှက်တော့ပါဘူး "
စကားဆုံးတဲ့ နောက်မှာတော့ မြေခွေးဖြူ လေးဟာ လီဖူချန်းရဲ့ မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားခဲ့ပါပြီ ။
သူက အသက်ဘေးက လွတ်မြောက်သွားပြီ ဖြစ်ပေမယ့်လည်း သူ့အသိုက်မှာက သူနဲ့ မျိုးနွယ်တူ မြေခွေးဖြူ တွေ ရှိနေသေးပါတယ် ။ သူ့အနေနဲ့ သွေးဖားပြုပ် ဘုရင်ကို သူတို့အပေါ်မှာ နှိပ်စက်ခွင့် မပေးနိုင်ပါဘူး ။
***
ကြံ့မိစ္ဆာ သားရဲကြီးရဲ့ သွေးအဆီအနှစ်ကတော့ တကယ့်ကို လက်ဖျား ခါချင်စရာပါပဲ ။
သွေးလက်ရဲ့ သန့်စင်ပေးမှုကို ခံထားရတဲ့ သည်သွေးအဆီအနှစ်က လီဖူချန်းရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုကို ရက်အနည်းငယ် အတွင်းမှာပဲ မူလပင်လယ် နယ်ပယ် အလုံးစုံ ပြီးပြည့်စုံခြင်း အဆင့်အထိ ရောက်ရှိ သွားစေခဲ့ပါပြီ ။
" သခင်လေး …… ကျေးဇူးပြု ပြီး ကျွန်မရဲ့ မျိုးနွယ်ဝင်တွေကို ကယ်တင်ပေးပါဦး "
တစ်နေ့မှာတော့ မြေခွေးဖြူ လေးဟာ လီဖူချန်းဆီကို ပြန်ရောက်လာပြီး သူ့ရဲ့ မျိုးနွယ်ဝင်တွေကို ကယ်တင်ပေးဖို့အတွက် ဒူးထောက် တောင်းဆိုလာခဲ့ပါတယ် ။
" ငါက ဘာဖြစ်လို့ မင်းရဲ့ မျိုးနွယ်ဝင်တွေကို ကယ်ပေးရမှာလဲ ။ တကယ်လို့ မင်းရဲ့ မျိုးနွယ်ဝင်တွေကို ကယ်တင်ပေးရင် ငါက ဘာပြန်ရမှာလဲ ။ ငါ့အတွက် အကျိုးအမြတ် မရှိဘဲနဲ့တော့ ငါဘယ်သူ့ကိုမှ မကယ်နိုင်ဘူးနော် "
လီဖူချန်းက မေတ္တာရှင် သူတော်စင်ကြီး မဟုတ်ပါဘူး ။ အဲသည်အတွက်ကြောင့် သူက သူ့အနေနဲ့ အကျိုးအမြတ် မရဘဲ ဘာမှ မလုပ်ကြောင်း မြေခွေးဖြူ လေး သိအောင် ပြောပြလိုက်ပါတယ် ။
" စိတ်ချပါ ..… သခင်လေး ။ ကျွန်မက သခင်လေးကို အလကား အကူအညီ မတောင်းပါဘူး "
" ကျွန်မက နှစ်တစ်ထောင် အမြစ်မဲ့ပန်းကို အကူအညီ တောင်းခ အဖြစ် ပေးပါ့မယ် "
စကားဆုံးတာနဲ့ တစ်ပြိုင်နက် မြေခွေးဖြူ လေးဟာ ကြည်လင်တောက်ပနေတဲ့ ပန်းပင်လေး တစ်ပင်ကို ပါးစပ်နဲ့ ကိုက်ချီလာပြီး လီဖူချန်းရဲ့ ရှေ့မှာ ချပေးလိုက်ပါတယ် ။ အဲသည် ပန်းပင်ကတော့ အမြစ်မဲ့ပန်းကလွဲပြီး တခြား မရှိပါဘူး ။
" ဟုတ်ပြီ ။ ဒါဆိုရင်လည်း လမ်းပြပေတော့ "
ကိုယ်ရှေ့ရောက်လာတဲ့ ရတနာကို လက်မခံဘူး ဆိုရင် လီဖူချန်း အနေနဲ့ မိုက်ရာ ကျသွားပါလိမ့်မယ် ။ အဲသည်အတွက် လီဖူချန်းက မြေခွေးဖြူ လေးရဲ့ မျိုးနွယ်ဝင်တွေကို ကယ်တင်ဖို့ သဘော တူလိုက်ပါတော့တယ် ။
" သည်ဘက်မှာပါ …… သခင်လေး "
" အင်း "
အဲသည်နောက်မှာတော့ လူတစ်ယောက် နဲ့ မြေခွေးဖြူ တစ်ကောင်ဟာ ကမ္ဘာဦး လွင်တီးခေါင်ပြင် တောင်တန်းကြီးထဲကို တိုးဝင် ပျောက်ကွယ် သွားခဲ့ကြပါပြီ ။
***