တန်ခိုးစွမ်းအားလက်
Vol. 47 Ch. 638
' တကယ်လို့ ငါအခု သူ့ကို သတ်လိုက်မယ် ဆိုရင် အနာဂတ်က လူကကော သေသွားမှာလား '
ဟူဟောင်ရှုက တွေးလိုက်မိပါတယ် ။
သူက လီဖူချန်းကို သတ်ဖို့တော့ စိတ်ကူး မရှိပါဘူး ။ သူက သူ့ရဲ့ အနာဂတ်ကို ကြိုမြင်တဲ့ အစွမ်းနဲ့ ပက်သက်ပြီး နည်းနည်းပါးပါး သံသယ ဝင်နေတာပဲ ရှိတာပါ ။ သူက လက်ရှိ ပစ္စုပ္ပန် ကာလမှာ ပြုလုပ်လိုက်တဲ့ အရာက အနာဂတ်ကို သွားသက်ရောက် စေမလား ဆိုတဲ့ အချက်ကို သံသယ ဝင်နေတာ ဆိုရင်လည်း မမှားပါဘူး ။
' မဟုတ်သေးဘူး ။ ငါ သူ့ကို သတ်လို့ မရဘူး ။ တကယ်လို့ ငါက သူ့ကို သတ်ချင်တဲ့ စိတ် ရှိတယ်ဆိုရင် အနာဂတ်က သခင်လေးလီက ငါ့ကို အခုလို လှမ်းသတိပေးမှာ မဟုတ်ဘူး ။ ပြီးတော့ ငါက လက်ရှိ ပစ္စုပ္ပန်က သခင်လေးလီကို သတ်နိုင်စွမ်း မရှိဘူး ဆိုတာကိုလည်း အနာဂတ် ကာလက သခင်လေးလီက ကောင်းကောင်းကြီး သိပုံရတယ် '
အနာဂတ် ကာလက လီဖူချန်းက မခန့်မှန်းနိုင်လောက်အောင် ကြောက်စရာ ကောင်းနေမှတော့ လက်ရှိ ပစ္စုပ္ပန် ကာလက လီဖူချန်းဟာ ဘယ်လို လုပ်ပြီး ရိုးရှင်းနိုင်ပါ့မလဲ ။
ဒါက လုံးဝကို သိသာလွန်းတဲ့ အချက်ပါပဲ ။
ပြီးတော့ ဟူဟောင်ရှုက တိုက်ခိုက်ရေးကို အထူးပြုတဲ့ မိစ္ဆာသားရဲ ဧကရီ တစ်ပါး မဟုတ်ပါဘူး ။ အဲသည်အတွက် ဟူဟောင်ရှုဟာ မိစ္ဆာသားရဲ ဧကရာဇ်တွေထဲမှာ တန်ခိုးအစွမ်း အနည်းဆုံးလို့ ဆိုရပါမယ် ။ ဒါကိုလည်း အနာဂတ် ကာလက လီဖူချန်းဟာ ကောင်းကောင်းကြီး သိပုံပါပဲ ။
ဒါကြောင့်လည်း သူက ဟူဟောင်ရှုကို ရဲရဲတင်းတင်းနဲ့ အနာဂတ် ကာလကနေ လှမ်းသတိပေးလိုက်တာ ဖြစ်ပါတယ် ။
***
မြေခွေးဖြူ တွေရဲ့ အသိုက်က ချီစွမ်းအင် စက်ကွင်းတစ်ခု ရှိတဲ့ နေရာမှာ တည်ထားတဲ့အတွက် တကယ်ကို ကျင့်ကြံဖို့ သင့်တော်တဲ့ နေရာ တစ်ခုပါပဲ ။ အဲသည်အတွက် လီဖူချန်းက သည်နေရာမှာ ခေတ္တခဏ နေထိုင်ဖို့အတွက် ဆုံးဖြတ်လိုက်ပါတယ် ။
မြေခွေးဖြူ တွေက လူပုံပန်း သဏ္ဌာန်ကို အသွင်ပြောင်းနိုင်ကြတဲ့အတွက် သူတို့ရဲ့ နေထိုင်မှု ပုံစံက လူတွေနဲ့ သိပ်မကွာခြားလှပါဘူး ။ သူတို့က လိုဏ်ဂူအတွင်းမှာ အခန်းတွေကို လက်ရာသေသပ်စွာ ဖွဲ့စည်းထားကြပြီး လီဖူချန်းကိုလည်း သီးသန့် အခန်းတစ်ခု ပေးထားကြပါတယ် ။
မြေခွေးဖြူ လိုဏ်ဂူ ၊ သီးသန့်ခန်း တစ်နေရာ……
" ကဲ…… နှစ်တစ်ထောင် အမြစ်မဲ့ပန်းကကော ဘယ်လိုစွမ်းမလဲ မသိဘူး "
သီးသန့်ခန်း အတွင်းမှာ ရှိနေတဲ့ လီဖူချန်းက တီးတိုး ရေရွတ်နေရင်းနဲ့ နှစ်တစ်ထောင် အမြစ်မဲ့ပန်းကို ထုတ်ပြီး ကောက်ဝါးလိုက်ပါတယ် ။
နှစ်တစ်ထောင် အမြစ်မဲ့ပန်းက ဘာအရသာမှ မရှိပါဘူး ။ အဲဒါက ဖယောင်းတုံး တစ်တုံးကို ကောက်ဝါးနေရသလိုပါပဲ ။
ဒါပေမဲ့လည်း ဆေးစွမ်းကတော့ သွားနောက်လို့ မရပါဘူး ။ အမြစ်မဲ့ပန်းက လီဖူချန်းရဲ့ ဗိုက်ထဲကို ရောက်သွားတာနဲ့ တစ်ပြိုင်နက် ပူနွေးလှတဲ့ စွမ်းအင်စီးကြောင်း တစ်ခုဟာ ရေနဂါး တစ်ကောင်လိုပဲ စွမ်းအင်ဗဟိုချက်မ ပင်လယ်ထဲကို ပြေးဝင်သွားပါတော့တယ် ။
" ကောင်းလိုက်တဲ့ ဆေးစွမ်းကွာ "
လီဖူချန်းကတော့ နှစ်တစ်ထောင် အမြစ်မဲ့ပန်းရဲ့ ဆေးစွမ်းနဲ့ ပက်သက်ပြီး အကျေနပ်ကြီး ကျေနပ်နေခဲ့ပါပြီ ။
သည်နှစ်တစ်ထောင် အမြစ်မဲ့ပန်းရဲ့ ဆေးစွမ်း သက်ရောက်မှုကတော့ နှစ်လေးရာ အမြစ်ပန်းရဲ့ ဆေးစွမ်း သက်ရောက်မှုထက် အနည်းဆုံး ငါးဆ ပါပဲ ။ ပြီးတော့ စွမ်းအင်တွေကလည်း ပိုပြီး သန့်စင်သလို ပိုပြီး စုပ်ယူရလည်း လွယ်ပါတယ် ။
" ကဲ…… အဆင့်တက်ချိန် တန်ပြီ "
ဆေးစွမ်းတွေကို အပြည့်အဝ စုပ်ယူပြီးတဲ့ နောက်မှာတော့ လီဖူချန်းက အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးကို ထုတ်ယူလိုက်ပြီး သူ့ရဲ့ ချီအတွင်းအား ကျင့်ကြံမှုကို မြှင့်တင်ဖို့ စတင်ပါတော့တယ် ။
မူလပင်လယ် နယ်ပယ် အဆင့်၇……
မူလပင်လယ် နယ်ပယ် အဆင့်၇ကို ချိုးဖောက် ဝင်ရောက်ဖို့ အတွက်တော့ လီဖူချန်းဆီမှာ ဘာအခက်အခဲမှ မရှိပါဘူး ။
အဲသည်နောက်မှာတော့ မူလပင်လယ် နယ်ပယ်ရဲ့ အလယ်အလတ် အဆင့် ၊ နောက်ပိုင်းအဆင့်နဲ့ အထွတ်အထိပ် အဆင့်တွေကို လီဖူချန်း အနေနဲ့ အမြန်ဆုံး ရောက်ရှိခဲ့ပါတယ် ။
မူလပင်လယ် နယ်ပယ် အဆင့်၈ …… မူလပင်လယ် နယ်ပယ် အဆင့်၈ အလယ်အလယ်ပိုင်း၊ မူလပင်လယ် နယ်ပယ် အဆင့်၈ နောက်ပိုင်း ……မူလပင်လယ် နယ်ပယ် အဆင့်၈ အထွတ်အထိပ် ………
နှစ်တစ်ထောင် အမြစ်မဲ့ပန်းက လီဖူချန်းရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ် အကန့်အသတ်ကို နှစ်ဆင့်တိတိ တိုးလာအောင် လုပ်ပေးနိုင်ခဲ့ပါတယ် ။ တကယ်လို့သာ သည်နေရာမှာ နှစ်လေးရာ အမြစ်မဲ့ပန်းပင် ဆိုလို့ကတော့ ပန်းပင် နှစ်ဆယ်ကို စားလိုက်ရင်တောင် သူ့အနေနဲ့ သည်အဆင့်ကို မရောက်နိုင်ပါဘူး ။
' အင်း…… ငါ့ရဲ့ အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးထဲက ဝိညာဉ်ချီတွေတောင်မှ သုံးဆယ်ရာခိုင်နှုန်း ကုန်သွားပြီပဲ '
လီဖူချန်းက အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးထဲက ဝိညာဉ်ချီတွေကို အာရုံခံလိုက်ရင်းနဲ့ တီးတိုး ရေရွတ်လိုက်ပါတယ် ။
အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံး ဆိုတာက တန်ဖိုးအရာမှာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး သန်းအနည်းငယ်နဲ့ ညီမျှပေမယ့် ဝိညာဉ်ချီ ပမာဏပိုင်းမှာတော့ အဲသည်လို မဟုတ်ပါဘူး ။ ဒါပေမဲ့လည်း သန့်စင်မှု အပိုင်းမှာတော့ အများကြီး သာပါတယ် ။
အထွတ်အထိပ် အဆင့် ဝိညာဉ်ကျောက်တုံးထဲက ဝိညာဉ်ချီတွေ အခုလို အလျင်အမြန် ကုန်ဆုံးသွားတာကတော့ လီဖူချန်းရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုကြောင့် ဆိုရင်လည်း မမှားပါဘူး ။
သူက ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှု အပိုင်းမှာ မူလပင်လယ် နယ်ပယ်ရဲ့ အလုံးစုံ ပြီးပြည့်စုံခြင်း အဆင့်တောင် ရောက်သွားပြီ မဟုတ်ပါလား ။
ပြီးတော့ သည်ကိစ္စက သူ့ရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်စဉ်နဲ့လည်း တစ်နည်းတစ်ဖုံ ဆက်စပ်နေသေးတယ်လို့ ဆိုရပါမယ် ။
အရင်တုန်းကဆိုရင် လီဖူချန်းက ဆင်နဂါး ခန္ဓာကိုယ် သွန်းလောင်းခြင်း ကျင့်စဉ်ကိုသာ လေ့ကျင့်ခဲ့တာ ဖြစ်တဲ့အတွက် အရင်းအမြစ်တွေ အပေါ် စုပ်ယူအားဟာ သိပ်ပြီး မများလှပါဘူး ။ ဒါပေမဲ့လည်း နတ်ဘုရားလက်ကို လေ့ကျင့်ပြီးတဲ့ နောက်မှာတော့ သူ့ရဲ့ အရင်းအမြစ်တွေအပေါ် စုပ်ယူနိုင်အားဟာ မယုံနိုင်စရာ ကောင်းလောက်အောင် များလာခဲ့ပါပြီ ။
ဒါပေမဲ့လည်း အဲဒါက ထိုက်တန်လို့ ဆိုရမှာပါပဲ ။ သွေးလက် ချီအပြင်အားတွေက မူလပင်လယ် နယ်ပယ် အလုံးစုံ ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်သွားပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ အဆင့်မြင့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးကိုတောင်မှ လက်ဝါးတစ်ချက် နဲ့ ရိုက်သတ်နိုင်စွမ်း ရှိလာခဲ့ပါပြီ ။
ရှင်းရှင်း ပြောရမယ် ဆိုရင်တော့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်အောက်မှာ လီဖူချန်းက ဘယ်သူ့ကိုမှ ဗိုလ်မထားတော့ပါဘူး ။
သူ့ရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်က အကန့်အသတ်ကို ရောက်သွားပြီးတဲ့ အခါမှာတော့ လီဖူချန်းဟာ သူ့ရဲ့ အာရုံကို ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုဘက်ကို ပြောင်းလိုက်ပါတယ် ။
အခုအချိန်က နတ်ဘုရားလက် ပညာရပ်ရဲ့ ဒုတိယ အဆင့်ဖြစ်တဲ့ တန်ခိုးစွမ်းအားလက်ကို ကျင့်ကြံရမယ့် အချိန်ပါပဲ ။
နတ်ဘုရားလက်ရဲ့ ပထမ အဆင့် ဖြစ်တဲ့ သွေးလက်ကို အသုံးပြုနိုင်ဖို့ဆိုရင် ကျင့်ကြံသူဟာ သွေးချီ ဥပဒေသကို နားလည် သဘောပေါက်နိုင်ဖို့ လိုပါတယ် ။
ဒုတိယ အဆင့်ဖြစ်တဲ့ တန်ခိုးစွမ်းအားလက် အတွက် ဆိုရင်တော့ ကျင့်ကြံသူဟာ သန့်စင်တဲ့ အားဥပဒေသကို နားလည်ထားဖို့ လိုပါတယ် ။
အဲသည်အဓိပါ္ပယ်ကတော့ လီဖူချန်းဟာ သူသိထားတဲ့ အားဥပဒေသတွေထဲက အသန့်စင်ဆုံး အားဥပဒေသကို သိမ်းထားပြီး ကျန်တာတွေကို ပစ်ပယ်လိုက်ရမယ် ဆိုတာပါပဲ ။ ပြီးတော့ အဲဒါက အခြေခံ အကျဆုံးလည်း ဖြစ်နေရပါမယ် ။
***
ခရက်……
ကြီးမားလှတဲ့ သံမဏိ တူကြီး တစ်လက်ဟာ လီဖူချန်းရဲ့ လက်ညှစ်အားကြောင့် ကြေမွ သွားခဲ့ပါပြီ ။
သည်သံမဏိ တူကြီးဟာ ကြယ်၂ပွင့် မြေကမ္ဘာ အထွတ်အထိပ် အဆင့် လက်နက် တစ်ခု ဖြစ်ပါတယ် ။ အဲသည်အတွက် အဆင့်နိမ့် ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေတောင်မှ အားကုန် မသုံးဘဲနဲ့ သည်သံမဏိ တူကြီးကို ကြေမွသွားအောင် မလုပ်နိုင်ပါဘူး ။ ဒါပေမဲ့လည်း လီဖူချန်းကတော့ လက်ညှစ်အား သက်သက်နဲ့ပဲ တူကြီးကို ကြေမွသွားအောင် လုပ်ပစ်လိုက်တာ ဖြစ်ပါတယ် ။
အဲသည်အဓိပါ္ပယ်က လီဖူချန်းရဲ့ လက်ညှစ်အားဟာ မယုံနိုင်လောက်အောင် အားကောင်းနေပြီလို့ ဆိုလိုတာ မဟုတ်ပါဘူး ။ အဲဒါက လီဖူချန်း သုံးထားတဲ့ အားဟာ အင်မတန် သန့်စင်နေပြီလို့ ဆိုလိုနေတာပါ ။ သံမဏိတူပေါ်ကို ကျရောက်သွားတဲ့ လီဖူချန်းရဲ့ အားဟာ သန့်စင်လွန်းလှတဲ့အတွက် တူကြီးရဲ့ တည်ဆောက်ပုံကို တိုက်ရိုက် ဖျက်ဆီးလိုက်တာပဲ ဖြစ်ပါတယ် ။
" ဟားဟား …… စွမ်းလှချည်လား ။ တန်ခိုးစွမ်းအားလက်ရဲ့ ပြီးပြည့်စုံခြင်း အဆင့်က သွေးလက်ရဲ့ အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်နဲ့တောင် ယှဉ်လို့ ရနေပြီပဲ "
လီဖူချန်းက သူ့ရဲ့ ဘယ်ဖက်လက်ဝါးကို ကြည့်ပြီး အကျေနပ်ကြီး ကျေနပ်နေခဲ့ပါပြီ ။
တန်ခိုးစွမ်းအား လက်ကတော့ နာမည်နဲ့ လိုက်အောင်ကို အစွမ်း ထက်လွန်းလှပါတယ် ။
သည်အတိုင်း ဆိုရင်တော့ လက်ရှိ သူ့ရဲ့ လက်ဟာ ကောင်းကင် အဆင့်နိမ့် လက်နက်တွေလောက်ကို မာကျောနေပြီ ဆိုတာ အသိသာကြီးပါပဲ ။ အဲဒါက တော်ရုံ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေတောင်မှ သူ့ရဲ့ လက်တွေကို ဖျက်ဆီးနိုင်စွမ်း မရှိဘူးလို့ ဆိုလိုနေတာလည်း ဖြစ်ပါတယ် ။ တကယ်လို့ လူတစ်ယောက်က သူ့ရဲ့ လက်တွေကို ဖျက်ဆီးချင်ရင်တော့ အဲသည်လူဟာ အနည်းဆုံး မဟာ ဧကရာဇ် တစ်ပါး ဖြစ်နေမှကို ရပါမယ် ။
***
" မြေခွေးဖြူ မျိုးနွယ်တွေ…… အခုချက်ချင်း ထွက်ခဲ့စမ်း ။ ငါက ကျောက်စိမ်းဖားပြုပ် ဘုရင်ပဲကွ "
တစ်နေ့မှာတော့ အပြာရောင် အသားအရေကို ပ်ုင်ဆိုင်ထားတဲ့ လူဝကြီး တစ်ဦးဟာ မြေခွေးဖြူ မျိုးနွယ်တွေရဲ့ အသိုက်ဝကို ရောက်ရှိလာခဲ့ပါတယ် ။ အဲသည်လူဝကြီးက သွေးဖားပြုပ် ဘုရင်နဲ့ အသားရောင် ကွာခြားတာကလွဲပြီး ကျန်တဲ့ နရာတွေမှာတော့ ဘာမှ ကွာခြားလှခြင်း မရှိပါဘူး ။
သူရဲ့နောက်မှာ ဆိုရင်လည်း ရာနဲ့ခီျိတဲ့ မိစ္ဆာသားရဲ ဘုရင်တွေဟာ တိုက်ပွဲဝင် သေနင်္ဂ ဗျူ ဟာ တစ်ခုကို ခင်းကျင်းပြီး အသင့်အနေအထားနဲ့ လိုက်ပါလာကြပါသေးတယ် ။
သည်ကျောက်စိမ်းဖားပြုပ် ဘုရင်ဟာ သွေးဖားပြုပ် ဘုရင်နဲ့ ညီအစ်ကို ဝမ်းကွဲတွေ ဆိုရင်လည်း မမှားပါဘူး ။ ဒါပေမဲ့ သူက နဂါးသွဲ့ ဖားပြုပ် အရှင်သခင်ရဲ့ မျိုးဆက်သွေး တစ်စွန်းတစ်စလောက်ကို ဆက်ခံထားတဲ့အတွက် သွေးဖားပြုပ် ဘုရင်ထက်ကို ပိုပြီး တန်ခိုးအစွမ်း ထက်ပါတယ် ။
တကယ်လို့ သူ့ကို လူသားတွေရဲ့ ကျင့်ကြံမှု အဆင့်နဲ့ ဖော်ပြရမယ် ဆိုရင်တော့ သူက အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် ဖြစ်လုနီးပါးပါပဲ ။
သူက သူ့ရဲ့ ဝမ်းကွဲညီ ဖြစ်သူ သွေးဖားပြုပ် ဘုရင်ရဲ့ အဖြစ်ဆိုးကို ကြားကြားပြီးချင်းမှာပဲ ကလဲ့စား ချေဖို့အတွက် သည်နေရာကို ရောက်လာခဲ့တာ ဖြစ်ပါတယ် ။
" ငါအခု တစ်ကနေ တစ်ဆယ် အထိ ရေမယ် ။ တကယ်လို့ တစ်ဆယ် အထိ ရေပြီးလို့မှ မင်းတို့က ငါ့ညီကို သတ်တဲ့ တရားခံကို မထုတ်ပေးဘူး ဆိုရင် ငါက မင်းတို့ တစ်မျိုးလုံးကိုပါ သတ်ပစ်မယ် "
ကျောက်စိမ်းဖားပြုပ် ဘုရင်ရဲ့ သူ့ကိုယ်သူ ယုံကြည်မှုကတော့ မိုးထိအောင်ပါပဲ ။သူက ဆောင့်ကြွားကြွား အမူအယာနဲ့ မြေခွေးဖြူ တွေရဲ့ အသိုက်ဝမှာ ရပ်နေပြီး မြေခွေးဖြူ တွေကိုတောင် လှမ်းပြီး ခြိမ်းခြောက်လိုက်ပါသေးတယ် ။
" အမယ်လေး ……လုပ်ကြပါဦး ။ ကျောက်စိမ်းဖားပြုပ် ဘုရင် ရောက်လာပါလား ။ ကိုယ်ကျိုးတော့ နည်းပြီ ထင်ပါရဲ့ "
" ငါတို့က သွေးဖားပြုပ် ဘုရင်ကိုတောင် မယှဉ်နိုင်တာ ။ အခု ကျောက်စိမ်းဖားပြုပ် ဘုရင်ဆိုတော့ ဇာတ်လမ်းက ပြတ်ပါပြီကွာ ။ ကြည့်ရတာ ကောင်းကင်ဘုံက ငါတို့ မြေခွေးဖြူ မျိုးနွယ်တွေကို မရှိစေချင်တော့ဘူးနဲ့ တူပါတယ် "
" မျိုးနွယ်စု အကြီးအကဲ…… တစ်ခုခု လုပ်ပါဦး "
မြေခွေးဖြူ တွေရဲ့ အသိုက်အတွင်းမှာတော့ မြေခွေးဖြူ တွေဟာ ပုရွက်ဆိတ်တွေကို အိုးကင်းတိုက်ထားသလို ခြေမကိုင်မိ ၊ လက်မကိုင်မိနဲ့ ဆောက်တည်ရာမရ ဖြစ်နေကြပါပြီ ။
'" တိတ်ကြစမ်း ။ သည်နေ့ ငါတို့မးနွယ်ထဲက တစ်ယောက်မှ သေမှာ မဟုတ်ဘူူး '"
ဒါပေမဲ့လည်း ဟူဟောင်ရှုကတော့ အေးအေးဆေးဆေးပါပဲ ။ သူက လက်ဖက်ရည်ကြမ်းကိုတောင် စိမ်ပြေနပြေ ငှဲ့ပြီး အီလေးဆွဲ သောက်နေလိုက်ပါသေးတယ် ။
သူက သည်ကိစ္စနဲ့ ပက်သက်ပြီး လီဖူချန်း တာဝန်ယူလိမ့်မယ် ဆိုတာကို ကြိုမြင်ခဲ့ပြီးပါပြီ ။
" ဝါး…… အသက်ရှင်ရမှာ ငြီးငွေ့နေတဲ့ကောင် တစ်ကောင်တော့ ရောက်လာပြန်ပြီ "
သီးသန့်ခန်း အတွင်းမှာ ရှိနေတဲ့ လီဖူချန်းကတော့ ပျင်းရိပျင်းတွဲနဲ့ အာတစ်ချက် သမ်းလိုက်ပါတယ် ။
သူက ဟူဟောင်ရှုဟာ သူ့ကို ကျောက်စိမ်းဖားပြုက် ဘုရင်ဆီ အပ်မှာ မဟုတ်ဘူး ဆိုတာကို ကောင်းကောင်းကြီး ရိပ်မိပြီးသားပါပဲ ။ ပြီးတော့ ဟူဟောင်ရှုက သည်ကိစ္စထဲမှာ ဝင်ပါမှာလည်း မဟုတ်ပါဘူး ။
ရှင်းရှင်းပြောရမယ် ဆိုရင်တော့ ဟူဟောင်ရှုဆိုတဲ့ မြေခွေးအိုမကြီးဟာ အတော်လေး လ့ဝှက်ဆန်းကြယ်တဲ့ သူပါပဲ ။ သူက အစွမ်းထက်ပေမယ့်လည်း ကြောင်လက်သည်း ဝှက်သလိုပဲ နေထိုင်နေပါတယ် ။
"ထားလိုက်ပါတော့လေ ။ သူလည်း သူ့အကြောင်းနဲ့သူ နေမှာပေါ့ "
ဟူဟောင်ရှုက သူ့ရဲ့ အစွမ်းတွေကို မထုတ်ပြချင်မှတော့ လီဖူချန်းအနေနဲ့ ဘာတတ်နိုင်ဦးမှာလဲ ။
သည်တော့ လီဖူချန်းအနေနဲ့ သူ့အစွမ်းကို ထုတ်ပြရုံပဲ ရှိပါတော့တယ် ။
" တိရစ္ဆာန်ကောင်တွေ……အခုချက်ချင်း ထွက်သွားကြစမ်း "
မိုးခြိမ်းသံလို ကျယ်လောင်လွန်းလှတဲ့ အသံတစ်သံဟာ ကျောက်စိမ်းဖားပြုပ် ဘုရင်နဲ့ ကျန်တဲ့ မိစ္ဆာသားရဲ ဘုရင်တွေရဲ့ နားထဲကို တိုက်ရိုက် ဝင်ရောက်လာခဲ့ပါပြီ ။
တစ်ဆက်တည်းမှာကဲ အလင်းရောင်တန်းတွေ တောက်ပနေတဲ့ ဧရာမ လက်ကြီးတစ်ဖက်ဟာ မြေကြီးထဲကနေ တိုးထွက်လာပြီး သူတို့အားလုံးကို ရိုက်ထည့်လိုက်ပါတော့တယ် ။
ဘန်း……ဘန်း……ဘန်း………
ကျောက်စိမ်းဖားပြုပ် ဘုရင် ဦးဆောင်နဲ့ မိစ္ဆာသားရဲ ဘုရင်တစ်သိုက်ဟာ ဧရာမ လက်ကြီးကို ဘယ်လိုမှ တောင့်မခံနိုင်ခဲ့ပါဘူး ။ သူတို့ကို ကြည့်ရတာက ယပ်ခတ်ပြီး အမောင်းခံလိုက်ရတဲ့ ာင်ကောင်တွေလိုပါပဲ ။ သည်ဧရာမ လက်ကြီးကနေ ထွက်ပေါ်လာတဲ့ ဖိအား တစ်ခုက သူတို့ရဲ့ ခြေလက်တွေကို ပျော့ခွေသွားစေပါတယ် ။
" ဘာ……ဘာဖြစ်သွားတာလဲ ။ ပြီးတော့ သည်အစွမ်းက "
ကျောက်စိမ်းဖားပြုပ် ဘုရင်က သူ့ကိုယ်သူ ကျိန်ဆဲခါနီးပါပဲ ။
အစောပိုင်းတုန်းက သူက သွေးဖားပြုပ် ဘုရင်ကို သတ်တဲ့ တရားခံဟာ အလွန်ဆုံး ရှိမှ အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ်လို့ ယူဆထားခဲ့တာပါ ။ ဒါပေမဲ့ သူ့ရဲ့ ယူဆချက်က မှားသွားပုံပါပဲ ။
အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးက ဘယ်လိုလုပ်ပြီး သည်လို အစွမ်း ထက်မှာတဲ့လဲ ။ ယုတ်စွအဆုံး သာမန် ဥပဒေသ ပြောင်းလဲခြင်း ဧကရာဇ်တွေတောင်မှ သည်လို အစွမ်း မထက်ပါဘူး ။
" ငါလခွီး …… သောက်ပြသနာပဲ ။ အဲဒါက လူသား ဧကရာဇ်ဟ "
တစ်ဖက်လူရဲ့ အစွမ်းကို မြည်းကြည့်ပြီးတဲ့ နောက်မှာတော့ ကျောက်စိမ်းဖားပြုပ် ဘုရင်ဟာ အစောပိုင်းကလို ဆောင့်ကြွားကြွား မနေရဲတော့ပါဘူး ။ အဲသည်အစား သူက လေးဖက်ထောက်ပြီး တန်းနေအောင် လှည့်ပြေးပါတော့တယ် ။ လေးဖက်ထောက် ပြေးနေရင်းနဲ့ အရှိန် ရသွားတဲ့ နောက်မှာတော့ ကျောက်စိမ်းဖားပြုပ် ဘုရင်ဟာ ကောင်းကင်ပေါ်ကို ခုန်တက်ပြီး ပျောက်ကွယ်သွားခဲ့ပါပြီ ။
" ဟင်……ပြသနာက သည်လိုပဲ ပြီးသွားတာလား "
ဟူဟောင်ရှုက ခပ်တိုးတိုး ရေရွတ်လိုက်မိပါတယ် ။ သူက ပြသနာဟာ သည်လို လွယ်လွယ် ပြီးသွားလိမ့်မယ်လို့ လုံးဝမထင်ခဲ့မိပါဘူး ။ ကြည့်ရတာတော့ သူက လီဖူချန်းကို အထင်သေးလိုက်မိပါပြီ ။
" အင်း…… ကြည့်ရတာ ဖြစ်လာမယ့် အနာဂတ်က ဘယ်လိုမှ ပြင်လို့ မရဘူးပဲ ။ လက်ရှိ ငါ့ရဲ့ တန်ခိုးအစွမ်းနဲ့လည်း သူ့ကိုနိုင်မှာ မဟုတ်ဘူး "
တစ်ဆက်တည်းမှာပဲ ဟူဟောင်ရှုက ညည်းတွား လိုက်မိပါသေးတယ် ။
*****
အခိျန်တွေက တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့ပါပြီ ။ ဒါပေမဲ့လည်း လီဖူချန်းကတော့ မြေခွေးဖြူ တွေရဲ့ အသိုက်မှာ နေထိုင်ပြီး ကျင့်ကြံနေဆဲပါပဲ ။
သူ့ရဲ့ စိတ်ဝိညာဉ်က ခရမ်းရောင် စိတ်ဝိညာဉ် အဖြစ် စတင် ပြောင်းလဲလာပြီးတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ ထိုးထွင်းသိမြင်မှုဟာ အရင်ကထက်ကို သိသိသာသာကြီး ပိုကောင်းလာခဲ့ပါတယ် ။အဲသည်အတွက် အခုအချိန်မှာတော့ သူ့အနေနဲ့ အပြင်ဘက် လောကကြီးကို စွန့်စားခန်း ခရီး ထွက်တာက အချိန် ဖြုန်းတီးတာနဲ့ မခြားနားလှပါဘူး ။ အခုချိန်မှာက စိတ်ကို သေသေချာချာ အာရုံ စူးစိုက်ပြီး သိုင်းတာအိုကို ကျင့်ကြံနေတာက သူ့အတွက် အကောင်းဆုံးပါပဲ ။
လဝက်အကြာမှာတော့ လီဖူချန်းဟာ တန်ခိုးစွမ်းအားလက်ကို တစ်ဖက်ကမ်းခပ် တတ်မြောက်တဲ့အထိ ကျွမ်းကျင်သွားခဲ့ပါပြီ ။ တခြားတစ်ဖက်မှာလည်း သွေးလက်ဟာ သိသိသာသာကြီး တိုးတက်လာပါသေးတယ် ။
တကယ်လို့ အခုချိန်မှာသာ ခရမ်းရောင်ဆည်းဆာ သိုင်းဧကရာဇ်နဲ့ ပြန်တွေ့ရမယ် ဆိုရင် လီဖူချန်းဟာ ထွက်ပြေးတော့မှာ မဟုတ်ပါဘူး ။ သူက ခရမ်းရောင် ဆည်းဆာ သိုင်းဧကရာဇ်ကို သူသေကိုယ်သေ တိုက်ခိုက်တော့မှာပါ ။ သူတို့နှစ်ယောက်ကြားက အရှုံး ၊ အနိုင်ကတော့ တကယ်လက်တွေ့ တိုက်ခိုက်မှပဲ သိနိုင်ပါလိမ့်မယ် ။
နောက်ထပ် ရက်အနည်းငယ် အကြာမှာတော့ လီဖူချန်းရဲ့ တန်ခိုးစွမ်းအားလက်ဟာ အဆုံးစွန်ဆုံး ကန့်သတ်ချက်အထိ ရောက်ရှိသွားခဲ့ပါပြီ ။
တန်ခိုးစွမ်းအားလက်ရဲ့ အစွမ်းက သည်ထက်ပိုပြီး တိုးလာနိုင်သေးပေးမယ့်လည်း အခုအချိန်မှာတော့ ဒါက လီဖူချန်း တတ်နိုင်တာ အကုန်ပါပဲ ။ သူ့အနေနဲ့ တန်ခိုးစွမ်းအားလက်ကို သည်ထက်ပိုပြီး အစွမ်းထက်စေချင်တယ် ဆိုရင်တော့ အားဥပဒေသကို သည်ထက်ပိုပြီး နားလည်နိုင်မှ ရပါမယ် ။
" အင်း…… ကြယ်တာရာ လက်ကကော ဘယ်လိုလဲဆိုတာ စမ်းကြည့်ဦးမှ "
စိတ်ဓာတ်တွေ အတော်လေး တက်ကြွနေတဲ့ လီဖူချန်းဟာ ကျင့်ကြံနေတာကို မရပ်နိုင်သေးပါဘူး ။ သူက နတ်ဘုရားလက်ရဲ့ တတိယအဆင့် ဖြစ်တဲ့ ကြယ်တာရာလက်ကို လေ့ကျင့်ဖို့အတွက် လုပ်လိုက်ပါသေးတယ် ။
ဒါပေမဲ့လည်း တစ်ရက် အကြာမှာတော့ လီဖူချန်းဟာ ခေါင်းတခါခါနဲ့ မျက်လုံး ပြန်ဖွင့်လာခဲ့ပါတယ် ။ ကြည့်ရတာတော့ သူက ကြယ်တာရာလက်ကို နားလည်တတ်မြောက်နိုင်စွမ်း မရှိတဲ့ပုံပါပဲ ။
ဒါကလည်း သိပ်တော့ မထူးဆန်းလှပါဘူး ။ ကြယ်တာရာလက် ဆိုတာက လက်ရှိ လီဖူချန်းရဲ့ အဆင့်နဲ့ အဝေးကြီးမှာ ရှိနေတာ မဟုတ်ပါလား ။
တကယ်လို့သာ သူက သည်ကြယ်တာရာလက်ကို နားလည် သဘောပေါက်ဖို့အတွက် သူ့ကိုယ်သူ အတင်းအဓမ္မ ဖိအားပေးမယ် ဆိုရင် သွေးလေ ဖောက်ပြန်ပြီး ရူးတောင် ရူးသွားနိုင်ပါသေးတယ် ။
***