ကျားရဲဧကရာဇ်
Vol. 47 Ch. 639
ကြယ်တာရာလက်ကို မကျင့်ကြံနိုင်မှတော့ လီဖူချန်း အနေနဲ့ ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်မှာ ဘာမှ ဆက်ပြီး လုပ်စရာ မရှိတော့ပါဘူး ။ အဲသည်အတွက် လီဖူချန်းက သူ့ရဲ့ အာရုံတွေကို ဓားတာအိုဘက် ပြန်ပြောင်းလိုက်ပါတော့တယ် ။
မူလပင်လယ် နယ်ပယ် အဆင့်၈ကို ရောက်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ လက်ရှိ ဓားတာအို အစွမ်းဟာ အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ်တွေနဲ့ ကောင်းကောင်းကြီး ယှဉ်နိုင်စွမ်း ရှိသွားခဲ့ပါပြီ ။
လီဖူချန်း လက်ရှိ လေ့ကျင့်ထားတဲ့ ဓားသိုင်းဟာ ကောင်းကင် အလယ်အလတ် အဆင့် ဓားသိုင်း ဖြစ်ပါတယ် ။ သူ့ရဲ့ ချီအတွင်းအား ကျင့်စဉ်ကတော့ မီးတောက်နတ်ဓား ကျင့်စဉ်ဖြစ်ပြီး အဆင့်၃၇ကို ရောက်နေပြီ ဖြစ်တဲ့အတွက် သာမန် ကောင်းကင်အဆင့်နိမ့် ကျင့်စဉ်တွေထက် ခေါင်းတစ်လုံး သာသွားခဲ့ပါပြီ ။
သည်နေရာမှာ တစ်ခု သိထားရမှာကတော့ သာမန် အဆင့်နိမ့် ဥပဒေသ ပြောင်းလဲခြင်း ဧကရာဇ်တွေတောင်မှ ကောင်းကင် အဆင့်နိမ့် ကျင့်စဉ်တွေနဲ့ သိုင်းပညာတွေကို တတ်မြောက်ထားတယ် ဆိုတာပါပဲ ။ အဲသည်အတွက် လက်ရှိ လီဖူချန်း တတ်မြောက်ထားတဲ့ ပညာတွေကို သွားနောက်လို့တော့ ရမှာ မဟုတ်ပါဘူး ။
အချိန်နှစ်လတိတိ ယူပြီးတဲ့ နောက်မှာတော့ လီဖူချန်းင သူ့ရဲ့ မီးတောက်နတ်ဓား ကျင့်စဉ်ကို အဆင့်၃၈အထိ ရောက်အောင် တီထွင်သွားနိုင်ခဲ့ပါပြီ ။
လီဖူချန်းရဲ့ မီးတောက်နတ်ဓား ကျင့်စဉ် အဆင့်၃၈ဟာ ကောင်းကင် အလယ်အလတ် အဆင့် ကျင့်စဉ် တော်တော်များများထက် ပိုပြီး အစွမ်း ထက်ပါတယ် ။
ဒါကလည်း သိပ်ပြီးတော့ မထူးဆန်းလှပါဘူး ။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက တာအိုနှစ်ခု ပေါင်းစပ်နေတဲ့ အထူးကျင့်စဉ်ပဲ မဟုတ်ပါလား ။ သာမန် ကျင့်စဉ် တချို့ကတော့ ဒါကို ဘယ်လိုမှ ယှဉ်နိုင်စရာ မရှိပါဘူး ။
" အစ်ကိုယွန်လုံကို သွားကယ်ဖို့ အချိန်ကျပြီပဲ "
အခုဆိုရင် လီဖူချန်းရဲ့ ခန္ဓာကိုယ် အပြင်အား နဲ့ ဓားတာအို အစွမ်းဟာ မယုံနိုင်စရာကောင်းတဲ့ အဆင့်တစ်ခုကို ရောက်သွားခဲ့ပါပြီ ။ အဲသည်အတွက် သူက ယွန်လုံကို ကယ်တင်ဖို့အတွက် ပြင်ဆင်ပါတော့တယ် ။
အမှန်အတိုင်း ပြောရရင်တော့ လီဖူချန်းက သူ့အနေနဲ့ ယွန်လုံကို ကယ်တင်နိုင်လိမ့်မယ်လို့ ယုံကြည်ချက် အပြည့်အဝ မရှိသေးပါဘူး ။ ဒါပေမဲ့လည်း သူ့အနေနဲ့ သည်ထက်ပိုပြီး အချိန် ဆက်ဆွဲနေမယ် ဆိုရင် ယွန်လုံရဲ့ အသက်ဟာ သွေးဧကရာဇ်ရဲ့ လက်ထဲမှာ လုံးပါး ပါးသွားပါလိမ့်မယ် ။
" ယုတ်ညံ့တဲ့ မြေခွေးဖြူ တွေ ……မင်းတို့က လူသား တစ်ယောက်ကို လက်ခံထားပြီး မိစ္ဆာသားရဲ အချင်းချင်းကို ဆန့်ကျင်တယ်ပေါ့ ။ အခုချက်ချင်း ထွက်လာကြစမ်း "
လီဖူချန်းတစ်ယောက် မြေခွေးဖြူ မျိုးနွယ်ဝင်တွေကို နှုတ်ဆက်ပြီး ထွက်သွားတော့မယ့် အချိန်မှာပဲ ဧည့်သည်တစ်ယောက်ဟာ မဖိတ်ခေါ်ဘဲ မြေခွေးဖြူ အသိုက်ကို ရောက်လာပါတော့တယ် ။
အဲသည်ဧည့်သည်ကတော့ တုတ်ခိုင်လှတဲ့ ခန္ဓာကိုယ် အဆစ်၊အပေါက်ကို ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်ပါပဲ ။ သူပေါ်လာတာနဲ့ တစ်ပြိုင်နက် မြေခွေးဖြူ တွေရဲ့ အသိုက်တွင်းရှိတဲ့ လေထုဟာ ရုတ်တရက် လေးလံ ထိုင်းမှိုင်းသွားခဲ့ပါပြီ ။
တစ်ချိန်တည်းမှာပဲ ကျားကြီးတစ်ကောင်ရဲ့ အိပ်မက်ဆန်ပုံရိပ်ကလည်း သူတို့ရဲ့ စိတ်နယ်ပယ်ထဲမှာ ပေါ်လာခဲ့ပါတယ် ။
" ပြသနာတော့ တက်ပြီ ။ အဲဒါက ကျားရဲ ဧကရာဇ်ပဲ "
တည်ငြိမ် အေးဆေးလွန်းလှတဲ့ ဟူဟောင်ရှုဟာ သည်တစ်ခါမှာတော့ မတည်ငြိမ် ၊ မအေးဆေးနိုင်တော့ပါဘူး ။
ကျားရဲ ဧကရာဇ် ဆိုတာက အဆင့်၈ အဆင့်နိမ့် ဧကရာဇ် တစ်ပါးပါပဲ ။ ဒါပေမဲ့လည်း သူ့ရဲ့ တန်ခိုးအစွမ်းကတော့ သာမန် အဆင့်နိမ့် ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေထက် အများကြီး အစွမ်းထက်ပါတယ် ။
အစွမ်းထက်တဲ့ ကျင့်စဉ်တွေ နဲ့ သိုင်းပညာတွေ မရှိဘဲနဲ့တော့ လူသား ကျင့်ကြံသူတွေဟာ မိစ္ဆာသားရဲတွေကို ဘယ်လိုမှ ယှဉ်ပြိုင်နိုင်စရာ အကြောင်း မရှိပါဘူး ။
" ကျားရဲဧကရာဇ်…… ရှင်က ဘယ်လိုစိတ်ကူးပေါက်ပြီး ကျွန်မတို့ မြေခွေးဖြူ မျိုးနွယ်ဆီ ရောက်လာရတာလဲ "
ကျားရဲဧကရာဇ်ကိုတော့ ဟူဟောင်ရှုဟာ ထွက်မတွေ့ရဲဘဲ မနေပါဘူး ။
ကျားရဲ ဧကရာဇ်က တစ်ချက် ရယ်လိုက်ပြီး
" ဟမ့်…… အပိုတွေ ပြောမနေနဲ့ ။ မင်းတို့ မြေခွေးဖြူ အသိုက်ထဲမှာ လူသား ဧကရာဇ် တစ်ပါး ရောက်နေတယ် ဆိုတာကို ကမ္ဘာဦး လွင်တီးခေါင်ပြင် တောင်တန်း တစ်ခုလုံး သိပြီးပြီ ။ သူ့ကို အခုချက်ချင်း ထွက်လာပြီး ငါနဲ့ လာတွေ့ဖို့ ပြောလိုက် "
သည်အဆင့်ကို ရောက်ပြီးတဲ့ နောက်မှာတော့ ကျားရဲ ဧကရာဇ်ဟာ မိစ္ဆာသားရဲတွေ ၊ မိစ္ဆာတွေ၊လူသားတွေဆိုပြီး ခွဲခြား မြင်မနေတော့ပါဘူး ။ အစောပိုင်းက သူ့ရဲ့ အော်ပြောမှုကလည်း သည်အတိုင်း ခြိမ်းခြောက်ပြောဆိုမှု သက်သက်သာပါပဲ ။
အချက်အလက်နဲ့ တိတိကျကျ ပြောရမယ် ဆိုရင် မိစ္ဆာသားရဲ ဧကရာဇ်တွေနဲ့ လူသား ဧကရာဇ်တွေ တိုက်ခိုက်တယ် ဆိုတဲ့ အဖြစ်ဟာ သည်ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ကြီးမှာ အတော်လေး ရှားပါးတယ်လို့ ဆိုရပါမယ် ။ မိစ္ဆာသားရဲ ဧကရာဇ်တွေ နဲ့ လူသား ဧကရာဇ်တွေက အချင်းချင်း နားလည်မှု ယူထားကြတာ အတော်လေး ကြာနေခဲ့ပါပြီ ။
အဲသည်အတွက် သည်ကုန်းမြေတိုက်ကြီးမှာက မတည့်ကြတာ ဆိုလို့ မိစ္ဆာ ဧကရာဇ်တွေ နဲ့ လူသား ဧကရာဇ်တွေပဲ ရှိကြပါတယ် ။ ဒါကလည်း မိစ္ဆာ ဧကရာဇ်တွေက အင်မတန် ကြောက်စရာကောင်းပြီး လူသား ဧကရာဇ်တွေက အင်မတန် ဉာဏ်များလို့ပါပဲ ။
အခု ကျားရဲ ဧကရာဇ် သည်ကို ရောက်လာတယ် ဆိုတာကလည်း လီဖူချန်းကို သတ်ဖို့အတွက် မဟုတ်ပါဘူး ။ သူက လီဖူချန်းရဲ့ အစွမ်းနဲ့ လီဖူချန်းရဲ့ နောက်ကွယ်က လူတွေကို သိချင်ရုံသက်သက် ရောက်လာခဲ့တာ ဖြစ်ပါတယ် ။
" အရှင် ကျားရဲ ဧကရာဇ်…… သခင်လေးလီက ဧကရာဇ် တစ်ပါး မဟုတ်ပါဘူး ။ သူက အခုမှ မူလပင်လယ် နယ်ပယ်မှာပဲ ရှိသေးတာပါ ။ ပြီးတော့ သူက ကမ္ဘာဦး လွင်တီးခေါင်ပြင် တောင်တန်းကနေ ထွက်သွားတာ အတော် ကြာနေပါပြီ "
ဟူဟောင်ရှုက လီဖူချန်းကို ကျားရဲဧကရာဇ်နဲ့ ပေးမတွေ့ဝံ့ပါဘူး ။ အဲသည်အတွက် သူက ကျားရဲ ဧကရာဇ်ကို လိမ်ညာလိုက်ပါတယ် ။
လီဖူချန်းက ဘယ်လောက်ပဲ အစွမ်း ထက်နေပါစေ ။ မူလပင်လယ် နယ်ပယ် ဘုရင်ကတော့ မူလပင်လယ် နယ်ပယ် ဘုရင်ပါပဲ ။
သူက သာမန် အဆင့်နိမ့် ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေကို ယှဉ်နိုင်ကောင်း ယှဉ်နိုင်လောက်ပေမယ့် ကျားရဲ ဧကရာဇ်လို လူမျိုးကိုတော့ ဘယ်လိုမှ ယှဉ်နိုင်စရာ အကြောင်း မရှိပါဘူး ။
" သြော်……ဟုတ်လား "
ကျားရဲ ဧကရာဇ်က ဘာမှ ဆက်ပြီး ပြောမနေတော့ပါဘူး ။ သူက လက်တစ်ဖက်ကိုသာ ဝှေ့ယမ်း လိုက်ပါတော့တယ် ။
ဝုန်း……
အဲသည်နောက်မှာတော့ ဧရာမ ကျားလက်သည်းကြီး တစ်ခုဟာ လေထုထဲမှာ ဖြစ်တည်လာပြီး မြေခွေးဖြူ အသိုက် ရှိနေရာဆီကို တိုးဝင်သွားခဲ့ပါပြီ ။
" မ……မလုပ်ပါနဲ့ "
ဟူဟောင်ရှုကတော့ ပါးစပ်ကနေ အော်နေရုံကလွဲပြီး ဘာမှ မတတ်နိုင်ခဲ့ပါဘူး ။
ဘန်း……
မြေခွေးဖြူ တွေရဲ့ အသိုက် ပျက်စီးခါနီးလေး အချိန်မှာတော့ ကြည်လင်တောက်ပနေတဲ့ ဧရာမ လက်ကြီး တစ်ဖက်ဟာ လေထုထဲမှာ ဖြစ်တည်လာပြီး ဧရာမ ကျားလက်သည်းကြီးကို ဟန့်တားလိုက်ပါတော့တယ် ။
" စိတ်ဝင်စားစရာပဲ "
သည်တိုက်ကွက် တစ်ကွက်နဲ့တင် ကျားရဲ ဧကရာဇ်ဟာ လီဖူချန်းရဲ့ ကျင့်ကြံမှု အဆင့်ကို ကောင်းကောင်းကြီး ခန့်မှန်းလိုက်နိုင်ပါပြီ ။
ဟူဟောင်ရှု ပြောသလိုပဲ လီဖူချန်းဟာ လူသား ဧကရာဇ် တစ်ပါး လုံးဝ မဟုတ်ပါဘူး ။ ဒါပေမဲ့လည်း သူ့ရဲ့ တန်ခိုးအစွမ်းကတော့ အဆင့်နိမ့် ဧကရာဇ် တစ်ပါးကို ကောင်းကောင်းကြီး ယှဉ်နိုင်ပါတယ် ။
ဟူး……
ဧရာမ လက်ကြီး နဲ့ ကျားလက်သည်း နှစ်ခုစလုံး ပျောက်ကွယ်သွားချိန်မှာတော့ လီဖူချန်းဟာ မြေပြင်ပေါ်မှာ ပေါ်လာခဲ့ပါပြီ ။
ဒါက သူ့အနေနဲ့ မိစ္ဆာသားရဲ ဧကရာဇ် တစ်ပါးကို တွေ့ဖူးတာ ဒုတိယ အကြိမ်မြောက်လို့ ဆိုရပါမယ် ။ ပထမ အကြိမ်တုန်းက တွေ့ဖူးတာကတော့ မိစ္ဆာသားရဲ ဝိညာဉ်သာ ကျန်တော့တဲ့ သေအံ့ဆဲဆဲ မဟူရာ ရေနဂါးပါပဲ ။ သည်တစ်ကြိမ်မှာကတော့ ကျန်းကျန်းမာမာနဲ့ အရှင်လတ်လတ်ကြီး ရှိနေတဲ့ မိစ္ဆာသားရဲ ဧကရာဇ် တစ်ပါးနဲ့ တွေ့ရပါပြီ ။
လီဖူချန်းက ကျားရဲ ဧကရာဇ် အကြောင်းကို ဟူဟောင်ရှုဆီက နေပြီး ကြားခဲ့ဖူးပါတယ် ။
ကမ္ဘာဦး လွင်တီးခေါင်ပြင် တောင်တန်းမှာက နာမည်ကျော် မိစ္ဆာသားရဲ ဧကရာဇ် ငါးပါး ရှိပြီး အဲဒါတွေကတော့ အဆင့်၈ အဆင့်မြင့် မိစ္ဆာသားရဲ ဧကရာဇ် တစ်ပါး ၊ အဆင့်၈ အလယ်အလတ် အဆင့် မိစ္ဆာသားရဲ ဧကရာဇ် နှစ်ပါးနဲ့ အဆင့်၈ အဆင့်နိမ့် မိစ္ဆာသားရဲ ဧကရာဇ် နှစ်ပါးပါပဲ ။
ကျားရဲ ဧကရာဇ်ကတော့ အဆင့်နိမ့် မိစ္ဆာသားရဲ ဧကရာဇ် နှစ်ပါးထဲမှာ ပါဝင်ပါတယ် ။
" လူသား …… မင်းက ဘယ်အဖွဲ့အစည်းကလဲ "
ကျားရဲ ဧကရာဇ်က သိချင်စိတ် ပြင်းပြစွာနဲ့ လီဖူချန်းကို မေးလာခဲ့ပါပြီ ။
လီဖူချန်းကလည်း ပြန်ဖြေလိုက်ပါတယ် ။
" ဘယ်အဖွဲ့အစည်းကမှ မဟုတ်ဘူး ။ ပြီးတော့ ဘယ်အဖွဲ့အစည်းနဲ့မှလည်း မပက်သက်ဘူး "
သူ့ရဲ့ အဖြေက လုံးဝ လိမ်ညာရာ မကျပါဘူး ။ သည်ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်မှာက သူ့နဲ့ ပက်သက်တဲ့ အဖွဲ့အစည်း မရှိသလို ၊ သူ့ရဲ့ အဖွဲ့အစည်းကလည်း မရှိပါဘူး ။
ဘာဖြစ်လို့လဲ ဆိုတော့ သက်တံနီဂိုဏ်းက ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ကနေ ပြောင်းပြေးသွားခဲ့ပြီ မဟုတ်ပါလား ။
" မင်းက ကျောထောက်နောက်ခံ အဖွဲ့အစည်း မရှိဘဲနဲ့ ကမ္ဘာဦး လွင်တီးခေါင်ပြင် တောင်တန်းထဲကို ဝင်လာပြီး ငါတို့ရဲ့ မိစ္ဆာသားရဲ ဘုရင်တွေကို သတ်ရဲတယ်ပေါ့ ……ဟုတ်လား ။ မင်းက ရဲတင်းလှချည်လား ။ မင်းကို ဘယ်အရာက သည်လောက် ရဲတင်းအောင် အထောက်အကူ ပေးထားတာလဲ "
တစ်ဖက်လူက ဘယ်အဖွဲ့အစည်းနဲ့မှ ပက်သက်ခြင်း မရှိတာကို သိပြီးတဲ့ နောက်မှာတော့ ကျားရဲ ဧကရာဇ်ဟာ သူ့ရဲ့ သတ်ဖြတ်ခြင်း အငွေ့အသက်တွေကို စတင် ထုတ်ပြလာခဲ့ပါပြီ ။
သူက လူသားတွေကို ခွဲခြားပြီးတော့ မမြင်ပါဘူး ။ ဒါပေမဲ့ အဲဒါက သူက လူသားတွေအပေါ် အမြင်ကြည်တယ်လို့ ဆိုလိုတာလည်း မဟုတ်ပါဘူး ။
တကယ်လို့ တစ်ဖက်လူကို သတ်လိုက်လို့ ပြသနာကြီးတွေ မဖြစ်လာဘူးဆိုရင် သူက သတ်မှာပါပဲ ။
လီဖူချန်းကလည်း ကျားရဲ ဧကရာဇ်က သူ့ကို သတ်ချင်နေပြီ ဆိုတာကို ကောင်းကောင်းကြီး အာရုံခံမိပါတယ် ။ အဲသည်တော့ သူက စကားပြောပြီး အချိန် ဖြုန်းမနေတော့ပါဘူူး ။ သူက သူ့ရဲ့ ဘယ်ဘက်လက်ကို မြှောက်ပြလိုက်ပြီး ကျားရဲ ဧကရာဇ်ကို မခိုးမခန့်နဲ့ ပြန်ပြောလိုက်ပါတယ် ။
" ကျူ ပ်ကိုလား…… ကျုပ်ရဲ့ သည်လက်က ကျုပ်ကို လုပ်ချင်တာ လုပ်လို့ရအောင် အထောက်အကူ ပေးထားတယ်လေ "
ဝူး………
စကားဆုံးတာနဲ့ တစ်ပြိုင်နက် ကြည်လင် တောက်ပနေတဲ့ အလင်းတန်းတွေ ဖြာထွက်နေတဲ့ လက်ကြီးတစ်ဖက်ဟာ လေထုထဲမှာ ဖြစ်တည်လာခဲ့ပါပြီ ။
ဒါကတော့ လီဖူချန်းရဲ့ တိုက်ပွဲခေါ်သံပါပဲ ။ သူက ကျားရဲဧကရာဇ် မကလို့ နဂါး ဧကရာဇ် ဖြစ်ဖြစ် သောက်ဂရုစိုက်မှာ မဟုတ်ပါဘူး ။
တကယ်လို့ သူ့အနေနဲ့ ကျားရဲ ဧကရာဇ်ကို မနိုင်ဘူး ဆိုရင်လည်း ရုတ်ချည်း နေရာပြောင်းရွှေ့ခြင်း နည်းစနစ်နဲ့ ထွက်ပြေးလို့ ရပါသေးတယ် ။
ဟူဟောင်ရှုကတော့ တိုက်ပွဲ မဖြစ်လာအောင် ဝင်ပြီး တားပါသေးတယ် ။
" ကျားရဲဧကရာဇ် …… သူနဲ့ မတိုက်ပါနဲ့ ။ ရွှေဖင်းထျင်းထန် မဟာဧကရာဇ် မျက်နှာကို ထောက်ပါဦး "
"
( note : ရွှေဖင်းထျင်းထန် ဆိုတာ ကောင်းကင်ဘုံနဲ့ ညီမျှတဲ့ လို့ အဓိပါ္ပယ် ရပါတယ် ။)
ဒါပေမဲ့လည်း ကျားရဲ ဧကရာဇ်ကတော့ ဟူဟောင်ရှုရဲ့ စကားကို နည်းနည်းလေးမှ အဖက်လုပ်ပုံ မရပါဘူး ။ သူက ဘယ်ဘက်လက်ကို မြှောက်ပြီး လေထဲမှာ ကုပ်ဆွဲလိုက်ပါတယ် ။
ဝေါင်း……
ကျားဟိန်းသံကြီး တစ်ခုဟာ ပတ်ဝန်းကျင် တစ်ခုလုံးကို တုန်ဟီး သွားခဲ့ပါပြီ ။
လီဖူချန်းကတော့ ဧရာမ ကျားကြီးတစ်ကောင်ဟာ သူ့အပေါ်ကို ခုန်အုပ်လာတယ်လို့ ခံစားလိုက်ရပါတယ် ။
သည်လက်သည်းချက်နဲ့တင် ကျားရဲ ဧကရာဇ်ဟာ ဘယ်လောက်အထိ အစွမ်းထက်သလဲ ဆိုတာ သိသာထင်ရှားနေပါပြီ ။ သူက တန်ခိုးစွမ်းအား အရာမှာ ခရမ်းရောင်ဆည်းဆာ သိုင်းဧကရာဇ်ထက် အသာကြီးပါပဲ ။
ဒါပေမဲ့ လက်ရှိ လီဖူချန်းကလည်း အရင်တုန်းက လီဖူချန်း မဟုတ်ပါဘူး ။ သူ့ရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုက မူလပင်လယ် နယ်ပယ် အလုံးစုံ ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်နေပြီ ဖြစ်သလို သူက နတ်ဘုရားလက်ရဲ့ ဒုတိယ အဆင့်ဖြစ်တဲ့ တန်ခိုးစွမ်းအားလက်ကိုလည်း လေ့ကျင့်ခဲ့ပြီးပါပြီ ။
" လာစမ်းပါ "
လီဖူချန်းက ကျားရဲ ဧကရာဇ်ရဲ့ လက်သည်း ကုပ်ချက်ကို ရှောင်ပြေးဖို့ စိတ်ကူး မရှိပါဘူး ။ အဲသည်အတွက် သူက အပြင်အားတွေကို စုစည်းပြီး ပြန်ရိုက်ထည့်လိုက်ပါတယ် ။
ဘန်း……
ဧရာမ လက်ကြီး နဲ့ ဧရာမ လက်သည်းကြီးတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုကတော့ တစ်လောကလုံးကို ရုတ်တရက် အေးခဲသွားစေသလိုပါပဲ ။
ဝုန်း……ဝုန်း……ဝုန်း……
အဲသည်နောက်မှာတော့ ပေါက်ကွဲမှုကြီးတွေက ဆက်တိုက်ဆိုသလို လိုက်လာခဲ့ပါပြီ ။
" အား "
သည်ပေါက်ကွဲမှုကို အစပြုခဲ့တဲ့ လူသား နဲ့ မိစ္ဆာသားရဲဟာလည်း လွင့်ထွက်ကုန်ပြီး လေဟာနယ်ဟာလည်း လှိုင်းအထပ်ထပ် ထသွားခဲ့ပါပြီ ။ ဖုန်တွေကလည်း တထောင်းထောင်း ထလာခဲ့သလို မရေမတွက် နိုင်တဲ့ ကျောက်တုံး၊ကျောက်ခဲတွေကလည်း မြေပြင်ပေါ်ကို ပျံတက်လာပြီး တစ်စစီ ပေါက်ကွဲကုန်ကြပါတယ် ။
မသိရင်တော့ သည်နေရာဟာ ကမ္ဘာပျက်ကိန်း တစ်ခု ကျရောက်လာတော့မလိုပါပဲ ။
" မြေခွေးဝိညာဉ် လာစမ်း "
ဟူဟောင်ရှုကလည်း သူ့ရဲ့ တန်ခိုးအစွမ်းတွေကို မလျှိုထားနိုင်တော့ပါဘူး ။ သူက မြေပြင်ကို ဖနောင့် တစ်ချက် ပေါက်လိုက်ပြီး သူ့ရဲ့ မြေခွေးဝိညာဉ်ကို ဆင့်ခေါ်လိုက်ပါတော့တယ် ။
အူ……ဝူး……
အဲသည်နောက်မှာတော့ အမြီးသုံးချောင်း ပါတဲ့ မြေခွေးကြီး တစ်ကောင်ဟာ လေထုထဲမှာ ပေါ်လာပြီး သူ့ရဲ့ ခန္ဓာကိုယ်နဲ့ မြေခွေးဖြူ တွေကို အကာအကွယ် ပေးသွားခဲ့ပါပြီ ။
" လူသား…… မင်းက အင်မတန် အစွမ်းထက်တာတော့ အမှန်ပဲ ။ ဒါပေမဲ့ အဲဒါက မလုံလောက်သေးဘူး "
ကျားရဲ ဧကရာဇ်က ပြောနေရင်းနဲ့ လီဖူချန်းကို နောက်ထပ် တစ်ကြိမ် ကုပ်ဆွဲလိုက်ပြန်ပါတယ် ။
သည်တစ်ကြိမ်မှာတော့ ကျားရဲ ဧကရာဇ်ဟာ သူ့ရဲ့ ခွန်အားတွေ အကုန်လုံးကို လက်သည်းထဲမှာ ထည့်ထားခဲ့တာပါ ။ တကယ်လို့ သည်လက်သည်းချက်က အလုပ်မဖြစ်ဘူး ဆိုရင်လည်း သူက သူ့ရဲ့ မွေးရာပါ စွမ်းရည်ကို ထုတ်သုံးဖို့ ပြင်ဆင်ပြီးသားပါပဲ ။
" ကျုပ်က ခင်ဗျားကို မယှဉ်နိုင်ဘူး ဆိုရင်တောင်မှ ကျုပ် ထွက်သွားချင်တဲ့ အချိန် ကျုပ်စိတ်ကြိုက် ထွက်သွားလို့ရတယ် ။ ဒါနဲ့ပက်သက်ပြီး ခင်ဗျားဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး "
စကားဆုံးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ကျားရဲ ဧကရာဇ်ရဲ့ မြင်ကွင်းထဲကနေ တစ္ဆေတစ်ကောင်လို ပျောက်ကွယ်သွားပါတော့တယ် ။ ပြန်ပေါ်လာတဲ့ အချိန်မှာတော့ သူဟာ ကျားရဲ ဧကရာဇ်ရဲ့ အနောက်မှာ ရောက်နေခဲ့ပါပြီ ။
ဘန်း………
လီဖူချန်း ပြန်ပေါ်လာတာနဲ့အတူ သူ့ရဲ့ လက်ဝါးရိုက်ချက်ကလည်း ကပ်ပြီး ပါလာခဲ့ပါသေးတယ် ။
" အား "
လီဖူချန်းရဲ့ လက်ဝါးရိုက်ချက်က လုံးဝ မမျှော်လင့်ထားတဲ့ တိုက်ခိုက်မှု ဖြစ်တာကြောင့် ကျားရဲ ဧကရာဇ်ဟာ သည်တိုက်ခိုက်မှုကို ဘယ်လိုမှ မရှောင်တိမ်းနိုင်ခဲ့ပါဘူး ။
ဒါပေမဲ့လည်း လီဖူချန်းရဲ့ လက်ဝါးရိုက်ချက်က ကျားရဲ ဧကရာဇ်ကို ယိမ်းယိုင်သွားအောင်သာ စွမ်းဆောင်နိုင်စေခဲ့ပါတယ် ။
" မင်း……မင်း…… မျိုးမစစ်ကောင် ။ မင်းက မင်းရဲ့ အဆင့်အတန်းကိုတောင် မထောက်ဘဲ အနောက်ကနေ အလစ် တိုက်တယ်လား "
ကျားရဲ ဧကရာဇ်က မယုံကြည်နိုင်တဲ့ မျက်လုံးတွေနဲ့ အနောက်ကို လှည့်လာခဲ့ပါပြီ ။ သူက လီဖူချန်းလို အစွမ်းထက်လှတဲ့ လူသားဘုရင် တစ်ပါးဟာ အခုလို နောက်ကျောကနေ အလစ်တိုက်ခိုက်တဲ့ အပြုအမူမျိုးကို လုပ်လိမ့်မယ်လို့ လုံးဝ တွေးမထင်ထားခဲ့ပါဘူး ။
တကယ်လို့သာ သူက မိစ္ဆာသားရဲ ဧကရာဇ် တစ်ပါး မဟုတ်ဘဲ လူသား ဧကရာဇ် တစ်ပါးဆိုရင် သည်လက်ဝါးချက်နဲ့ ဒဏ်ရာ အကြီးအကျယ် ရနေလောက်ပါပြီ ။
ဒါပေမဲ့ အဲသည်ထက် ပိုအရေးကြီးတာက လီဖူချန်းက ဘယ်လိုလုပ်ပြီး သူ့အနောက်မှာ ပေါ်လာသလဲ ဆိုတာပါပဲ ။
လီဖူချန်းရဲ့ လှုပ်ရှားမှုတွေက ဘယ်လောက်ပဲ မြန်တယ် ဆိုပါစေဦး ။ သူ့ရဲ့ မျက်လုံးတွေက အဲသည် လှုပ်ရှားမှုတွေကို ကြည့်မြင်နိုင်စွမ်း ရှိပါတယ် ။
လီဖူချန်းက လှုပ်ရှားမှု တစ်ခုမှ မပြုလုပ်သွားဘဲ ရုတ်ချည်း နေရာပြောင်းရွှေ့တာ ဆိုရင်တော့ တစ်မျိုးပေါ့ ။
" ဒါနဲ့ နေပါဦး ။ ငါက သူလှုပ်ရှားသွားတာကို မမြင်ဘူးဆိုတော့ သူက ရုတ်ချည်း နေရာပြောင်းရွှေ့ သွားတာပေါ့ "
သူ့ရဲ့ ဦးနှောက်ကို ခေတ္တခဏ အလုပ် ပေးပြီးတဲ့ နောက်မှာတော့ ကျားရဲ ဧကရာဇ်ဟာ လီဖူချန်းတစ်ယောက် ဘာဖြစ်လို့ သူ့နောက်ကျောဘက်မှာ ပေါ်လာလဲ ဆိုတာကို သိသွားခဲ့ပါပြီ ။
လီဖူချန်းက ရုတ်ချည်း နေရာရွှေ့ပြောင်းခြင်း နည်းစနစ်ကို အသုံးပြုသွားတာပါပဲ ။ ဒါက ကိုယ်ဖော့ပညာရဲ့ အဆင့်အမြင့်ဆုံး အဆင့် ဆိုရင်လည်း မမှားပါဘူး ။
လီဖူချန်းကတော့ ခပ်ချေချေပါပဲ ။သူက ကျားရဲ ဧကရာဇ်ကို အနောက်ကနေ အလစ် တိုက်ခိုက်တာနဲ့ ပက်သက်ပြီး ရှက်ရွံ့ နေတာမျိုး မရှိပါဘူး ။
သူက ပခုံး တစ်ချက် တွန့်လိုက်ပြီး
" ဘာတတ်နိုင်မှာလဲ ။ ကျူပ်က ခင်ဗျားကို မျက်နှာချင်းဆိုင် တိုက်ရင် နိုင်မှ မနိုင်တာ "
ရွှီး……
စကား ပြောနေရင်းမှာပဲ လီဖူချန်းဟာ နောက်ထပ် တစ်ကြိမ် ပျောက်ကွယ်သွားခဲ့ ပြန်ပါပြီ ။
ဘန်း……
သည်တစ်ကြိမ်မှာတော့ သူက ကျားရဲ ဧကရာဇ်ရဲ့ ညာဘက် အခြမ်းမှာ ပေါ်လာပြီး ကျားရဲ ဧကရာဇ်ကို ခြေလှမ်း အနည်းငယ် ဆုတ်စေလိုက်ပါတယ် ။ တစ်ချိန်တည်းမှာပဲ သွေးစို့နေတဲ့ ဒဏ်ရာ တစ်ခုဟာ ကျားရဲ ဧကရာဇ်ရဲ့ ညာဘက် ပခုံးပေါ်မှာ ပေါ်လာခဲ့ပါပြီ ။
" အား…… မာလိုက်တာကွာ "
အဲသည်အချိန်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ နဂိုနေရာကို ပြန်ရောက်နေခဲ့ပါပြီ ။ ပြီးတော့ သူက လက်တခါခါနဲ့ ညည်းညူ နေပါသေးတယ် ။
အချက်အလက်ကျကျ ပြောရမယ် ဆိုရင်တော့ လီဖူချန်းရဲ့ လက်ဝါးရိုက်ချက်ဟာ အဆင့်နိမ့် ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေကိုတောင်မှ ဒဏ်ရာ အကြီးအကျယ် ရစေ နိုင်ပါတယ် ။ ဒါပေမဲ့လည်း ကျားရဲ ဧကရာဇ်ရဲ့ ခန္ဓာကိုယ်ကတော့ သွေးအနည်းငယ် စို့သွားတာကလွဲပြီး ဘာမှ ထပ်မဖြစ်လာခဲ့ပါဘူး ။
ကြည့်ရတာကတော့ မိစ္ဆာသားရဲတွေရဲ့ ခန္ဓာကိုယ်က သူထင်ထားတာထက် ပိုပြီး မာကျောနေပုံပါပဲ ။
" ခွေးမသား…… မျိုးမစစ်ကောင် "
သွေးထွက်သွားတဲ့ နောက်မှာတော့ ကျားရဲ ဧကရာဇ်ဟာ ဒေါသ အကြီးအကျယ် ထွက်သွားခဲ့ပါပြီ ။
ဝေါင်း……
အဲသည်အတွက် သူက ရုတ်တရက် တစ်ချက် ဟိန်းလိုက်ပြီး သူ့ရဲ့ မွေးရာပါ စွမ်းရည်ကို အသက်သွင်းလိုက်ပါတော့တယ် ။
ဟူး……ဟူး……ဟူး………
အဲသည်နောက်မှာတော့ လေပြင်းတွေ တိုက်ခတ်လာပြီး သိပ်သည်းလှတဲ့ ဖိအားတစ်ခုဟာ လေဟာနယ် ဟင်းလင်းပြင်ကို သက်ရောက်သွားစေခဲ့ပါပြီ ။ ပြီးတော့ အဲဒါက လေထုထဲမှာ ရှိနေတဲ့ မီးတာအို ဥပဒေသတွေကိုလည်း ပိတ်ပင် ပစ်လိုက်ပါသေးတယ် ။
( note : လီဖူချန်းက မီးတာအို ဥပဒေသတွေ ရှိတဲ့ နေရာတွေကိုပဲ ရုတ်ချည်း နေရာပြောင်းရွှေ့လို့ ရတာပါ ။ )
" သောက်ပြသနာပဲဟ "
လီဖူချန်းကတော့ အတော်လေး ခေါင်းကိုက်သွားခဲ့ပါပြီ ။ သူက ကျားရဲ ဧကရာဇ်ဟာ သူ့ရဲ့ ရုတ်ချည်း နေရာရွှေ့ပြောင်းမှုကို အခုလိုမျိုး နှောင့်ယှက်နိုင်လိမ့်မယ်လို့ လုံးဝ မထင်ခဲ့မိပါဘူး ။
" ကြည့်ရတာ မိစ္ဆာသားရဲ ဧကရာဇ်တွေက လျော့တွက်လို့ မရဘူးပဲ "
လီဖူချန်းက ခပ်တိုးတိုး ရေရွတ်လိုက်မိပါတယ် ။
***