အောင်မြင်စွာ ကယ်ဆယ်ခြင်း
Vol. 47 Ch. 641
ဝုန်း……ဝုန်း……ဝုန်း……
သူ့ကို ချုပ်နှောင်ထားတဲ့ သံကြိုးတွေ ပြတ်ထွက်သွားတာနဲ့အမျှ အရိုးဧကရာဇ်ရဲ့ ခွန်အားတွေဟာ တရိပ်ရိပ် ထိုးတက်လာခဲ့ပါတယ် ။
" ဘာ……ဘာဖြစ်တာလဲ "
နောက်ဆုံးမှာတော့ ခန်းမ အပြင်ဘက်မှာ ရှိနေတဲ့ အစောင့်တွေက ခန်းမထဲကို ရောက်လာခဲ့ကြပါပြီ ။
" သွေးနဲ့အရိုး ခွဲဖြာ "
အရိုးဧကရာဇ်ရဲ့ လက်ရှိ ခွန်အားဟာ သူအထွတ်အထိပ် အချိန်မှာ ရှိတုန်းကရဲ့ ဆယ်ရာခိုင်နှုန်းတောင် မရှိသေးပါဘူး ။ ဒါပေမဲ့လည်း မူလပင်လယ နယ်ပယ်မှာသာ ရှိနေသေးတဲ့ အကျဉ်းထောင်စောင့်တွေကို ရင်ဆိုင်ဖို့ ဆိုတာကတော့ အရိုးဧကရာဇ်အတွက် အလွယ်လေးပါပဲ ။သူက ညာဘက်လက်ကို လေထဲ ကုပ်ဆွဲလိုက်တာနဲ့ အစောင့်တွေဟာ သူ့ဆီ မျောပါလာကြပြီး အသွေးအသားတွေ ခန်းခြောက်ကုန်ပါတယ် ။
အခုလို အချိန်မှာတော့ အရိုးဧကရာဇ်ဟာ သန့်စင်တာ၊မသန့်စင်တာတွေကို တွေးနေဖို့ အချိန် မရှိပါဘူး ။ သူက သူ့ရဲ့ သွေးချီကို ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ အရင်းအမြစ် မှန်သမျှကို စုပ်ယူရမှာပါပဲ ။
" ဟား……ဟား……ဟား…… "
အကျဉ်းထောင် အစောင့်တွေရဲ့ သွေးချီတွေနဲ့ ချီအပြင်အားတွေကို စုပ်ယူပြီးတဲ့ နောက်မှာတော့ အရိုးဧကရာဇ်ရဲ့ ခွန်အားတွေဟာ ဆယ့်ငါး ရာခိုင်နှုန်းနီးပါး ပြန်ပြည့်သွားခဲ့ပါပြီ ။
ဝုန်း……ဝုန်း……ဝုန်း……
နောက်ဆုံး ကျန်နေတဲ့ သံကြိုးတွေဟာလည်း လီဖူချန်းနဲ့ အရိုးဧကရာဇ်တို့ရဲ့ လက်ချက်ကြောင့် ပြတ်ထွက်သွားခဲ့ပါပြီ ။
" ဟား……ဟား……ဟား…… နောက်ဆုံးတော့…… နောက်ဆုံးတော့ …… "
သံကြိုးတွေ အားလုံးကို ဖြတ်ပြီးသွားတဲ့ အချိန်မှာတော့ အရိုးဧကရာဇ်ဟာ ဝမ်းခေါင်းသံကြီးနဲ့ အော်ရယ်လိုက်ပါတယ် ။ ဒါပေမဲ့ သူ့ရဲ့ မျက်လုံးထဲမှာတော့ မျက်ရည်တွေ အပြည့်ပါပဲ ။
လုံးဝ သံသယ ဝင်နေစရာ မလိုပါဘူး ။ ဒါက ဝမ်းသာလွန်းလို့ ကျတဲ့ မျက်ရည်တွေပဲ ဖြစ်ရပါမယ် ။
အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ အရိုးဧကရာဇ်ဟာ အဖမ်းခံနေရတာ နှစ်ပေါင်း အတော်လေး ကြာနေခဲ့ပါပြီ ။ ပြီးတော့ သွေးဧကရာဇ်က အယုံသွင်းပြီး နောက်ကျောကနေ ဓားနဲ့ထိုးသွားလို့သာ သူက အဖမ်း ခံလိုက်ရတာပါ ။ မျက်နှာချင်းဆိုင် တိုက်ကြမယ် ဆိုရင်တော့ သွေးဧကရာဇ်ဟာ သူ့ကို ဘယ်လိုမှ ယှဉ်နိုင်စရာ အကြောင်း မရှိပါဘူး ။
ရယ်မောနေရင်းနဲ့ အတန်ကြာတဲ့ အခါမှာတော့ အရိုးဧကရာဇ်က သူ့ရဲ့ မျက်လုံးထောင့်က မျက်ရည်တွေကို သုတ်လိုက်ပြီး လီဖူချန်းကို လှည့်လိုက်ကာ ပြောလိုက်ပါတယ် ။
" ညီငယ်လေး…… သည်ဘဝမှာတော့ ငါမင်းရဲ့ ကျေးဇူးကို မဆပ်နိုင်တော့ဘူး ။ ဒါပေမဲ့ နောက်ဘဝ ရောက်ရင်တော့ ငါမင်းရဲ့ ကျေးဇူးကို သေချာပေါက် ဆပ်ပါမယ် "
စကားဆုံးတာနဲ့ တစ်ပြိုင်နက် အရိုးဧကရာဇ်ဟာ သူ့ရဲ့ လက်ကို ကုပ်လိုက်ပြီး လီဖူချန်းကို ဆွဲယူလိုက်ပါတော့တယ် ။ ကြည့်ရတာတော့ သူက လီဖူချန်းရဲ့ အသွေးအသားတွေကိုပါ စုပ်ယူဖို့ ဆုံးဖြတ်လိုက်ပုံပါပဲ ။
အကျဉ်းထောင်စောင့်တွေရဲ့ အသွေးအသားတွေကို စုပ်ယူတာက အရိုးဧကရာဇ်အတွက် မလုံလောက်ပါဘူး ။ သူက လီဖူချန်းရဲ့ အသွေးအသားတွေကိုပါ ထပ်ပြီး စုပ်ယူပါမှ သူ့ရဲ့ ခွန်အား ၅၀ ရာခိုင်နှုန်းလောက် ပြန်ရမှာပါ ။ အဲဒါဆိုရင်တော့ သူက သည်အကျဉ်းထောင်ထဲကနေ ကိုယ်လွတ်ရုန်း ပြေးနိုင်ပါပြီ ။
သွေးဧကရာဇ်ကိုတော့ နောက်ပိုင်း အခွင့်အရေး ရမှပဲ သူက ပြန်လာပြီး လက်တုံ့ပြန်မှာ ဖြစ်ပါတယ် ။
လီဖူချန်းကို ပေးခဲ့တဲ့ ကတိနဲ့ ပက်သက်ပြီးတော့လည်း အရိုးဧကရာဇ်က လုံးဝ ဂရုမစိုက်ပါဘူး ။
" အဘိုးကြီး …… ခင်ဗျားက တော်တော်ကို အရှက်မရှိပါလား "
လီဖူချန်းဆိုတာက ဘယ်သူလဲ ။ သူက သည်လိုလွယ်လွယ်နဲ့ လှည့်စားခံရမယ့် လူလား ။
လူတွေ ပြောနေကျ ဆိုရိုးစကား တစ်ခု ရှိပါတယ် ။
" ကိုယ်ကကျူ းရင် ကိုယ့်ဒူးတောင် ကိုယ်မယုံရ" တဲ့ ။
အဲဒါက လီဖူချန်း အမြဲလိုလို မှတ်မိနေတဲ့ ဆိုရိုးစကားပါပဲ ။
ဘန်း……
အရိုးဧကရာဇ်ရဲ့ လက်က လီဖူချန်းကို ကုပ်ဆွဲမိတော့မယ့် အချိန်မှာပဲ ရုတ်တရက် ဖြစ်တည်လာတဲ့ ဧရာမ လက်ကြီးတစ်ဖက်ဟာ အရိုးဧကရာဇ်ကို ကြိုးပြတ်သွားတဲ့ စွန်တစ်ကောင်လို လွင့်ထွက်သွားအောင် ရိုက်ထုတ်ပစ်လိုက်ပါတယ် ။
အရိုးဧကရာဇ် အနေနဲ့ သူ့ရဲ့ ခွန်အားတွေ ၅၀ ရာခိုင်နှုန်းအထိ ပြန်ပြည့်လာရင်တောင်မှ လီဖူချန်းကို အနိုင်ယူဖို့ မဖြစ်နိုင်ပါဘူး ။ အခုလို ခွန်အား ၁၅ ရာခိုင်နှုန်းလောက် ဆိုရင်တော့ ပြောကို ပြောမနေပါနဲ့တော့ ။
" မင်း…… မင်းက…… "
ခန်းမရဲ့ နံရံတစ်ခုနဲ့ တိုက်မိပြီးတဲ့ နောက်မှာတော့ အရိုးဧကရာဇ်ဟာ ကိုယ်ဟန်ကို ပြန်ထိန်းလိုက်နိုင်ပါတယ် ။ ဒါပေမဲ့ သူက စကားကို ဆုံးအောင် မပြောနိုင်တော့ပါဘူး ။
လီဖူချန်းရဲ့ ခွန်အားက သူထင်ထားတာထက်ကိုမှ အဆပေါင်းများစွာ ပိုကောင်းနေတာ မဟုတ်ပါလား ။
အထူးသဖြင့် အစောပိုင်းက လီဖူချန်းရဲ့ လက်ဝါးဟာ လုံးဝ ဟာသ မဟုတ်ပါဘူူး ။ အဲဒါက သူ့ရဲ့ သွေးနဲ့အရိုး ခွဲဖြာခြင်း ပညာရပ်ကိုတောင်မှ ဖိနှိမ်နိုင်စွမ်း ရှိနေပါတယ် ။
" အဘိုးကြီး …… ခင်ဗျားထိုက်နဲ့ ခင်ဗျားကံ နေပေတော့ "
အရိုးဧကရာဇ်ကို ရိုက်ထုတ်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ကိုယ်ပျောက်မန္တာန်ကို ရွတ်ဆိုပြီး ခန်းမထဲကနေ ပျောက်ကွယ်သွားခဲ့ပါပြီ ။
အရိုးဧကရာဇ်ကတော့ သုန်မှုန်နေတဲ့ မျက်နှာထားနဲ့ ခန်းမထဲကနေ ထွက်ပြေးဖို့ကို တစ်ယောက်တည်း ကြိုးစားရပါတော့တယ် ။
လမ်းတစ်လျှောက်မှာ သူ့ကို တားဆီးဖို့ ကြိုးစားတဲ့ အကျဉ်းထောင်စောင့်တွေကတော့ သူ့ရဲ့ သွေးချီ အရင်းအမြစ်တွေ ဖြစ်ကုန်ကြတာပါပဲ ။
အဲသည်အချိန်မှာတော့ လီဖူချန်းဟာ အကျဉ်းထောင် အပေါ်ထပ်ကို ရောက်နေပြီး ယွန်လုံကို ကယ်ကာ ကိုယ်ယောင်ဖျောက် သွားခဲ့ပါပြီ ။
" ညီလေးလီ…… အစ်ကိုတို့ အပြင်ရောက်ပြီလား "
မြေပြင်ပေါ်ကို ရောက်တဲ့အထိ ယွန်လုံကတော့ အကျဉ်းထောင်ထဲကနေ သူလွတ်လာတယ် ဆိုတာကို မယုံနိုင်သေးပါဘူး ။
" အစ်ကိုယွန်လုံ…… စိတ်အေးအေးထားပါ ။ ကျွန်တော်တို့ လွတ်လာပါပြီ "
လီဖူချန်းက ယွန်လုံရဲ့ ပခုံးကို ပုတ်ပြီး နှစ်သိမ့် အားပေး လိုက်ပါတယ် ။
အတန်ကြာမှ ယွန်လုံက တည်ငြိမ်သွားပြီး လီဖူချန်းကို အရိုအသေ ပေးလာခဲ့ပါတယ် ။
" အစ်ကို့ရဲ့ အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် …… ညီလေးလီ "
အေးစက်မှောင်မိုက်နေပြီး ဘာမျှော်လင့်ချက်မှ မရှိတဲ့ နေရာမှာ အဖမ်း မခံရဘူးတဲ့ လူတွေကတော့ ယွန်လုံရဲ့ ခံစားချက်ကို နားလည်မှာ မဟုတ်ပါဘူး ။
ဝုန်း……ဝုန်း……ဝုန်း……
အဲသည်အချိန်မှာပဲ ပေါက်ကွဲသံတွေဟာ ဆက်တိုက် ဆိုသလို မြေအောက်ထဲကနေ ထွက်ပေါ်လာခဲ့ပါတယ် ။
ဘာမှ သံသယ ဝင်နေစရာ မလိုပါဘူး ။ ဒါတွေက အရိုးဧကရာဇ် နဲ့ သွေးဧကရာဇ်တို့ရဲ့ ထိပ်တိုက် တွေ့ဆုံမှုကနေ ဖြစ်ပေါ်လာတဲ့ ပေါက်ကွဲသံတွေပဲ ဖြစ်ရပါမယ် ။
" ညီလေးလီ .…… ဆရာကြီး အရိုးဧကရာဇ်က အစ်ကိုတို့အတွက် ခံတိုက်ပေးနေတာလား ။ အဲဒါဆိုရင်တော့ အစ်ကိုတို့ ကိုယ်လွတ်ရုန်းပြေးဖို့ မသင့်တော်ဘူး ထင်တယ် "
ယွန်လုံက စိတ်လှုပ်ရှားစွာနဲ့ ပြောလာခဲ့ပါတယ် ။
လီဖူချန်းက မဲ့ပြုံးတစ်ချက် ပြုံးလိုက်ပြီး
" အဲသည်အဘိုးကြီးကို စိတ်ထဲ ထားမနေနဲ့ အစ်ကိုယွန်လုံ ။ အဲသည်အဘိုးကြီးက သွေးဧကရာဇ်နဲ့ ဘာမှ မကွာဘူး ။ သူတို့နှစ်ယောက်စလုံးက လူယုတ်မာတွေပဲ "
ဝုန်း……
လီဖူချန်း စကား ပြောနေတုန်းမှာပဲ မြေပြင်ဟာ အက်ကွဲသွားပြီး အရိုးဧကရာဇ်နဲ့ သွေးဧကရာဇ်တို့ဟာ မြေပြင်ပေါ်ကို ရောက်လာခဲ့ကြပါပြီ ။
အရိုးဧကရာဇ်ရဲ့ အစွမ်းကတော့ ၈၀ ရာခိုင်နှုန်း နီးပါးကို ရောက်နေခဲ့ပါပြီ ။ ကြည့်ရတာတော့ သူက သူ့ရဲ့ သွေးအဆီအနှစ်ကို လောင်ကျွမ်းစေလိုက်တဲ့ ပုံပါပဲ ။
ဒါပေမဲ့ သွေးဧကရာဇ်ကလည်း လွယ်ကူတဲ့ ပစ်မှတ် တစ်ခု မဟုတ်ပါဘူး ။ သူက အရိုးဧကရာဇ်ကို ဖမ်းဆီးထားတဲ့ နှစ်တွေမှာ အစွမ်းတွေ ဆက်တိုက် တိုးတက်နေခဲ့တာပါ ။
အဲသည်အတွက် အရိုးဧကရာဇ်ဟာ သွေးဧကရာဇ်နဲ့ ထိပ်တိုက် တွေ့လိုက်တိုင်းမှာ သွေးပွက်ပွက် အန်နေရပါတော့တယ် ။
" ညီငယ်လေး…… မင်းရဲ့ အစ်ကိုကြီးကို ကူပါဦးကွာ "
နောက်ဆုံးမှာတော့ အရိုးဧကရာဇ်ဟာ လီဖူချန်းကို အကူအညီ တောင်းရပါတော့တယ် ။
" ခင်ဗျားကို ကူရမယ် ဟုတ်လား …… ဆုတောင်းနေလိုက် "
ဒါပေမဲ့လည်း လီဖူချန်းက အရိုးဧကရာဇ်ကို ကူဖို့ အရိပ်အယောင် လုံးဝ မပြပါဘူး ။
သူက အခုထက်ထိ အရိုးဧကရာဇ်ကို အခဲမကျေ ဖြစ်နေဆဲပါပဲ ။
သူက အရိုးဧကရာဇ်ကို ကယ်ဖို့အတွက် အတော်လေး အားစိုက်ခဲ့ရတာပါ ။ ဒါပေမဲ့ သူပြန်ရခဲ့တာကတော့ ကတိ မတည်မှု နဲ့ နောက်ကျောက ဓားထိုးမှုပါပဲ ။
အရိုးဧကရာဇ်က မျက်ရည်လည်ရွှဲနဲ့ ထပ်ပြီး အကူအညီ တောင်းလာပြန်ပါတယ် ။
" ညီငယ်လေး…… အရင်တစ်ခါက အစ်ကိုကြီး အမှားပါကွာ ။ ဒါပေမဲ့ သည်တစ်ခေါက်ကျရင်တော့ အဲသည်လို လုံးဝ မဖြစ်စေရဘူးလို့ အစ်ကိုကြီး အသက်နဲ့ တိုင်တည်ပါတယ်ကွာ ။ ကျေးဇူးပြု ပြီး အစ်ကိုကြီးဘက်ကနေ ဝင်တိုက်ပေးစမ်းပါ ။ ငါတို့ ညီအစ်ကို နှစ်ယောက် ပေါင်းလိုက်ရင် သည်သွေးဧကရာဇ် ဆိုတဲ့ အယုတ်တမာကောင်ကို အေးအေးဆေးဆေး အရေခွံ ဆုတ်ပစ်လို့ ရပါတယ်ကွ "
အရိုးဧကရာဇ်က တကယ်ပဲ ငိုယိုနေတာ ဖြစ်ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ သူက သူ့ရဲ့ သွေးအဆီအနှစ်ကို လောင်ကျွမ်းခိုင်းထားလို့ပါပဲ ။
တကယ်လို့သာ သည်အခြေအနေအတိုင်း ဆက်သွားနေလို့ကတော့ သူဟာ သူ့ရဲ့ အထွတ်အထိပ် အခြေအနေကိုတောင် သည်ဘဝမှာ ပြန်ပြီး ရောက်နိုင်တော့မှာ မဟုတ်ပါဘူး ။ ဆက်ပြီး တိုးတက်ဖို့ ဆိုရင်တော့ ပြောကို ပြောမနေပါနဲ့တော့ ။
တကယ်လို့သာ သူ့အနေနဲ့ လီဖူချန်းဟာ သည်လောက်အထိ အစွမ်းထက်မှန်း သိခဲ့ရင် သူက ဘယ်လိုမှ လီဖူချန်းကို သစ္စာဖောက်မှာ မဟုတ်ပါဘူး ။ အခုတော့ သူ့ရဲ့ လုပ်ရပ်က သူ့ေxာကို သူခဲနဲ့ ပြန်ထုလိုက်တဲ့ ငမိုက်သားလိုပါပဲ ။
" ဟီးဟီး…… အဘိုးကြီး …… ခင်ဗျားက တကယ် အမြင်မှန် ရသွားပြီပေါ့ "
လီဖူချန်းကတော့ သွားအဖြီးသားနဲ့ အရိုးဧကရာဇ် ငိုယိုနေတာကို ရပ်ပြီး ကြည့်နေပါတယ် ။ ဒါပေမဲ့ သူက တုတ်တုတ်ကို မလှုပ်ပါဘူး ။ အရိုးဧကရာဇ်ကို ကူဖို့ဆိုရင်တော့ မပြောပါနဲ့တော့ ။
သူ့အနေနဲ့ အခုလို တုတ်တုတ်မှ မလုပ်တာကတော့ အကြောင်းအရင်း နှစ်ချက် ရှိပါတယ် ။
ပထမ အချက်ကတော့ အရိုးဧကရာဇ်ဟာ မယုံရလို့ပါပဲ ။ ဒုတိယ အချက်ကတော့ သွေးဧကရာဇ်ကို သတ်ရတာဟာ အရိုးဧကရာဇ် ပြောသလို လွယ်မယ်လို့ သူ မထင်လို့ပါပဲ ။
လီဖူချန်းက အစောပိုင်း တိုက်ခိုက်မှုတွေကနေပြီး သွေးဧကရာဇ်ရဲ့ အစွမ်းကို ကောင်းကောင်းကြီး ခန့်မှန်းခဲ့ပြီးပါပြီ ။
သွေးဧကရာဇ်ဟာ ခရမ်းရောင်ဆည်းဆာ သိုင်းဧကရာဇ်ထက် အများကြီး အစွမ်းထက်ပါတယ် ။ ပြီးတော့ သူ့ရဲ့ ထိပ်တိုက် တိုက်ခိုက်နိုင်တဲ့ ခွန်အားကလည်း ကျားရဲ ဧကရာဇ်ထက် ဘယ်လိုမှ မနိမ့်ကျပါဘူး ။
အဲသည်ထက် ပိုအရေးကြီးတာက သွေးဧကရာဇ်ဟာ ကျိန်စာ အပိုင်းမှာ နှံ့စပ် ကျွမ်းကျင်နေတာပါပဲ ။ အဲသည်အတွက် သူ့ဆီမှာ ဝှက်ဖဲတွေ သေချာပေါက် ရှိရပါမယ် ။
လီဖူချန်းရဲ့ နောက်ဆုံး တွက်ချက်မှုအရ ဆိုရင် သူ့အနေနဲ့ သွေးဧကရာဇ်ကို သတ်ဖြတ်နိုင်ဖို့က ၅ရာခိုင်နှုန်း အောက်မှာသာ ရှိပါတယ် ။
သတ်ဖြတ်နိုင်မှု ရာခိုင်နှုန်း ၃၀ထက် မကျော်သရွေ့တော့ လီဖူချန်းက လှုပ်ရှားဖို့ စိတ်ကူး မရှိပါဘူး ။ ဒါကြောင့်လည်း သူက အရိုးဧကရာဇ်ကို ဝင်မကူဘဲ သည်အတိုင်း ရပ်ကြည့်နေခဲ့တာပါ ။
စိတ်မကောင်းစရာပါပဲ ။ လီဖူချန်းက သွေးဧကရာဇ်ကို တိုက်ဖို့ စိတ်ကူး မရှိပေမယ့်လည်း သွေးဧကရာဇ်ကတော့ လီဖူချန်းကို အလွတ်ပေးဖို့ စိတ်ကူး မရှိပါဘူး ။
" အရိုးအရည်ပျော် သွေးကျိန်စာ "
သွေးဧကရာဇ်က ထူးဆန်းတဲ့ လက်ဟန်တစ်ခုနဲ့ ကျိန်စာတစ်ခုကို ပြုလုပ်လိုက်ပြီး လီဖူချန်းကို ချိန်ရွယ်ကာ ပစ်လွှတ်လိုက်ပါတယ် ။
" သွားစမ်း "
သည်ကျိန်စာလောက်ကိုတော့ လီဖူချန်းက လုံးဝ ဂရုမစိုက်ပါဘူး ။ သူက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး တန်ခိုးစွမ်းအားလက်နဲ့ ကျိန်စာကို ရိုက်ထုတ်ပစ်လိုက်ပါတယ် ။
ဖောင်း……
အစိမ်းရောင် မီးခိုးငွေ့တွေ ဖြာထွက်လာပြီးတဲ့ နောက်မှာတော့ သွေးဧကရာဇ်ရဲ့ အရိုးအရည်ပျော် သွေးကျိန်စာဟာ ပျက်ပြယ်သွားခဲ့ပါပြီ ။ သည်ကျိန်စာက တန်ခိုးစွမ်းအားလက် အတွက်တော့ တကယ့် ကလေးကစားစရာ သက်သက်ပါပဲ ။
" ဟင် "
သူ့ရဲ့ ကျိန်စာကို လီဖူချန်းက အလွယ်လေး ဖျက်ဆီးပစ်လိုက်တာကို တွေ့လိုက်ရတဲ့ နောက်မှာတော့ သွေးဧကရာဇ်ဟာ မျက်နှာ ပျက်သွားခဲ့ပါပြီ ။
ယေဘုယျအားဖြင့် ဆိုရင်တော့ အဆင့်နိမ့် ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ်တစ်ပါးတောင်မှ သူ့ရဲ့ အရိုးအရည်ပျော် သွေးကျိန်စာကို ခုခံနိုင်ဖို့ မလွယ်ပါဘူး ။ ဒါပေမဲ့လည်း အခုတော့ လီဖူချန်းက ကျိန်စာကို ခုခံနိုင်ရုံမက ဖျက်တောင် ဖျက်ဆီးပစ်လိုက်ပါသေးတယ် ။
" ရော့ …… ကျုပ်ရဲ့ လက်ဝါးကိုလည်း မြည်းကြည့်ဦး "
အကြွေးရှိရင် ပြန်ဆပ်ရမှာက သဘာဝပါပဲ ။ လီဖူချန်းက အကြွေး မဆပ်ဘဲ နေတတ်တဲ့သူမျိုး မဟုတ်ပါဘူး ။ အဲသည်အတွက် သူက သွေးဧကရာဇ်ကို လက်ဝါးနဲ့ မဆိုင်းမတွ ပြန်ပြီး ရိုက်ပစ်လိုက်ပါတယ် ။
ဟူး……
ကြည်လင်တောက်ပနေတဲ့ အလင်းတန်းတွေ ဖြာထွက်နေတဲ့ ဧရာမ လက်ကြီးတစ်ဖက်ဟာ လေထုထဲမှာ ဖြစ်တည်လာပြီး သွေးဧကရာဇ်ပေါ်ကို ကျရောက်လာခဲ့ပါပြီ ။
ဘန်း……
သွေးဧကရာဇ်က သူ့ရဲ့ သွေးချီတွေဟာ ပြောင်းပြန်လည်ပြီး စီးဆင်းသွားသလို ခံစားလိုက်ရပါတယ် ။ ပြီးတော့ သူ့ရဲ့ ချီအပြင်အားကလည်း ခေတ္တခဏ တန့်ရပ်သွားသလိုပါပဲ ။
" အစ်ကိုယွန်လုံ …… ပြေးစို့ "
လီဖူချန်းက အခွင့်အရေးကို ဘယ်တုန်းကမှ လက်လွှတ်ခံတဲ့သူ မဟုတ်ပါဘူး ။ သူက သွေးဧကရာဇ် တစ်ချက် တုံ့ဆိုင်းသွားတာကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် ယွန်လုံရဲ့ လက်ကို ဆွဲပြီး အားကုန်ထုတ် ပြေးပါတော့တယ် ။
ဟူး……
ငိုအားထက် ရယ်အားသန် ဆိုသလိုပါပဲ ။ အရိုးဧကရာဇ်ကလည်း လီဖူချန်းလိုပဲ အခွင့်အရေးကို လက်လွှတ်ခံတတ်ပုံ မရပါဘူး ။ သူကလည်း သွေးဧကရာဇ် တစ်ချက် တုံ့ဆိုင်းသွားတာကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် လီဖူချန်းကို ထားခဲ့ပြီး တန်းပြေးပါတော့တယ် ။ သူက အစောပိုင်းက လီဖူချန်းနဲ့ ပူးပေါင်းပြီး သွေးဧကရာဇ်ကို အရေခွံ ခွာမယ်ဆိုတဲ့ စကားကိုလည်း မေ့ပစ်လိုက်ပုံပါပဲ ။
ဒါပေမဲ့ သူက ပြေးနေရင်းနဲ့ အနောက်ကို တစ်ချက် လှည့်ကြည့်မိလိုကိတဲ့ အချိန်မှာတော့ စိတ်ပျက်စရာ မြင်ကွင်းကို မြင်လိုက်ရပါတော့တယ် ။ ဘာဖြစ်လို့လဲဆိုတော့ လီဖူချန်းက သွေးဧကရာဇ်နဲ့ ဆက်ပြီး တိုက်မနေလို့ပါပဲ ။ ပြီးတော့ သူက လီဖူချန်းကို အရိပ်ကလေးတောင်မှ မမြင်ရတော့ပါဘူး ။ အဲသည် အဓိပါ္ပယ်က လီဖူချန်းဟာ သူ့ထက် အရင် ထွက်ပြေးသွားတယ် ဆိုတဲ့ အဓိပါ္ပယ်ပါပဲ ။
" ခွေးမသားလေး …… နည်းနည်းလေးတောင် အချိန် ဆွဲမပေးသွားဘူး "
အရိုးဧကရာဇ်က ပြေးနေရင်းနဲ့ လီဖူချန်းကို မေတ္တာ ပို့သလိုက်ပါတယ် ။
" တောက် ……ငကြောက်တွေ "
အရိုးဧကရာဇ်နဲ့ လီဖူချန်းတို့ နှစ်ယောက်ထဲက တစ်ယောက်ကို ရွေးရမယ့် အခြေအနေမှာ ဆိုရင်တော့ သွေးဧကရာဇ်က အရိုးဧကရာဇ်ကို ရွေးမှာပါပဲ ။
သွေးဧကရာဇ်က အရူးတစ်ယောက် မဟုတ်ပါဘူး ။ သူက အရိုးဧကရာဇ်ဟာ သူ့အပေါ်မှာ လီဖူချန်းထက် ပိုပြီး ခြိမ်းခြောက်နိုင်လိမ့်မယ် ဆိုတာကို သိပါတယ် ။
အရိုးဧကရာဇ်က သူ့ရဲ့ ခွန်အားတွေကို ပြန်လည်ရသွားပြီ ဆိုတာနဲ့ တစ်ပြိုင်နက် သူ့ကို တန်းပြီး ကလဲ့စား လာချေမှာပါပဲ ။
သွေးဧကရာဇ်က အရိုးဧကရာဇ်ကို မကြောက်ဘူး ဆိုပေမယ့်လည်း အဲဒါက သူ့ကို အနည်းနဲ့အများ အလုပ်ရှုပ်စေမှာ ဖြစ်ပါတယ် ။ ပြီးတော့ သည်နှစ်တွေမှာ သွေးဧကရာဇ်ဟာ အရိုးဧကရာဇ်ရဲ့ အသွေးအသားတွေကို စုပ်ယူပြီး ကျင့်ကြံရတာကို အသားကျနေပါပြီ ။ အဲသည်အတွက် သူက သူ့ရဲ့ အဓိက အရင်းအမြစ်ကြီးကို လက်လွှတ် မခံနိုင်ပါဘူး ။
" ညီလေးဖူချန်း…… အစ်ကိုတို့ ဘယ်သွားကြမလဲ "
သွေးဧကရာဇ်က သူတို့နောက်ကို မလိုက်လာမှန်း သေချာသွားတဲ့ နောက်မှာတော့ ယွန်လုံက သူတို့သွားမယ့် နေရာကို လှမ်းပြီး မေးလိုက်ပါတယ် ။
" ကျွန်တော်တို့ နဂါးမြစ်ဝှမ်းပြည်နယ် ၊ လေရိုင်းမြို့ကို သွားကြမယ် ။ အဲသည်မှာ ကုချူ းယီ ရှိတယ် "
လီဖူချန်းကလည်း မဆိုင်းမတွဘဲ ပြန်ဖြေလာခဲ့ပါတယ် ။
***