← Chapters

ရမ္မက်ခြောက်ပါး သခင်လေး

Vol. 47 Ch. 642

ရမ္မက်ခြောက်ပါး သခင်လေး

Vol. 47 Ch. 642

" သွေးဧကရာဇ် …… ဘာဖြစ်လို့ ငါ့နောက်ကို လိုက်နေတာလဲ ။ မင်းရဲ့ ရွေးချယ်မှုက မှားသွားပြီကွ ။ အဲဒါကို မင်းတစ်နေ့ ပြန်ပေးဆပ်ရလိမ့်မယ် ။ အမှန်ဆို မင်းက ဟိုကောင်လေးနောက်ကို လိုက်ရမှာ "

" အပိုတွေ ပြောမနေနဲ့ ။ ခုနတုန်းက ငါ့ကို အရေခွံ ဆုတ်မယ်လို့ ပြောနေတာ မင်း မဟုတ်ဘူးလား "

တိမ်တိုက်တွေ ကြားထဲမှာတော့ လူနှစ်ယောက်ဟာ ရှေ့ဆင့်နောက်ဆင့် ပျံသန်းနေရင်းနဲ့ အပြန်အလှန် စကားတွေ အော်ပြောနေကြပါတယ် ။

သူတို့ထဲက အရှေ့မှာ ပျံသန်းနေသူကတော့ အရိုးဧကရာဇ် ဖြစ်ပြီး အနောက်ကနေ လိုက်နေသူကတော့ သွေးဧကရာဇ်ပါပဲ ။

" သွားစမ်း "

ပျံသန်းနေရင်းနဲ့ သွေးဧကရာဇ်က သွေးကျိန်စာ တစ်ခုကို အရိုးဧကရာဇ်ဆီ လှမ်းပစ်လိုက်ပါသေးတယ် ။

သည်သွေးကျိန်စာက လူကို တိုက်ရိုက်ကြီး ထိခိုက်စေနိုင်စွမ်း မရှိပါဘူး ။ အဲဒါက ထိမှန်သူရဲ့ အခြေအနေကို အားနည်းသွားစေတာပဲ ရှိတာပါ ။ ကြည့်ရတာတော့ သွေးဧကရာဇ်က အရိုးဧကရာဇ်ကို မသတ်ခင်မှာ " ကြောင်က ကြွက်ကို ကစားသလို " ကစားချင်နေတဲ့ ပုံပါပဲ ။

ဘန်း……

အခုဆိုရင် အရိုးဧကရာဇ်ဟာ သွေးဧကရာဇ်ရဲ့ သွေးကျိန်စာတွေကို တော်တော်များများ ထိထားပြီးပါပြီ ။

သည်ပုံစံအတိုင်း ဆိုရင်တော့ သူဟာ သည်နေ့ သွေးဧကရာဇ်ရဲ့ လက်ထဲကနေ ထွက်ပြေးလွတ်မြောက် သွားရင်တောင်မှ အသက်ကြာကြာ ရှင်နိုင်မှာ မဟုတ်ပါဘူး ။

" မင်းက ငါ့ကို သည်လိုလုပ်အောင် ဖိအားပေးနေတာပဲ "

" အရိုးကျွမ်း အသွေးဖြာ "

သူ့အနေနဲ့ မီးစာကုန် ဆီခန်းနေပြီ ဆိုတာကို သတိပြုမိလိုက်တဲ့ အရိုးဧကရာဇ်ဟာ နောက်ဆုံးမှာတော့ ပြေးနေတာကို ရပ်လိုက်ပါပြီ ။ တစ်ချိန်တည်းမှာပဲ သူက အသက်ကို တစ်ဝကြီး ရှုလိုက်ပြီး သူ့ရဲ့ တားမြစ် သိုင်းပညာ တစ်ခုကို အသုံးပြုလိုက်ပါတော့တယ် ။

ဘန်း……

အဲသည်နောက်မှာတော့ အရိုးဧကရာဇ်ရဲ့ ခန္ဓာကိုယ်ဟာ ပေါက်ကွဲထွက်သွားပြီး သွေးတွေဟာ သွေးဧကရာဇ်ဆီကို တိုးဝင်သွားခဲ့ပါပြီ ။

ဟူး……ဟူး……ဟူး……

သွေးဧကရာဇ်ကလည်း ကြောင်အမ်းအမ်း ဖြစ်မနေပါဘူး ။ သူက အနောက်ကို အလျင်အမြန် ဆုတ်လိုက်ပြီး ချီအပြင်အား အကာအကွယ် တစ်ခုကို ဖန်တီးလိုက်ပါတယ် ။

ဖောက်……ဖောက်……ဖောက်……

ဒါပေမဲ့လည်း သူ့ရဲ့ လှုပ်ရှားမှုတွေက သူ့ကို အပြည့်အဝ ကာကွယ်ပေးနိုင်ခြင်းတော့ မရှိပါဘူး ။

အရိုးဧကရာဇ်ရဲ့ သွေးစက်တွေက သွေးဧကရာဇ်ရဲ့ ခန္ဓာကိုယ် နေရာအနှံ့ကို အပေါက်လေးတွေ ဖြစ်သွားစေခဲ့ပါပြီ ။ အဲသည်ထဲက တချို့ ဒဏ်ရာတွေဆိုရင် အရိုးထိအောင် ရောက်သွားပါသေးတယ် ။

ရွှီး……

သွေးဧကရာဇ် တစ်ယောက် သွေးစက်တွေနဲ့ အလုပ်များနေတဲ့ အချိန်မှာတော့ သွေးရောင် အလင်းပြောက်လေး တစ်ခုဟာ တိမ်တွေကြားထဲ တိုးဝင် ပျောက်ကွယ်သွားခဲ့ပါပြီ ။

သည်မြင်ကွင်းကို မြင်လိုက်တဲ့ အခါမှာတော့ သွေးဧကရာဇ်ရဲ့ မျက်နှာဟာ သုန်မှုန်သွားခဲ့ပါတယ် ။

အရိုးဧကရာဇ်ဟာ သူ့လက်ထဲကနေ ထွက်ပြေးလွတ်မြောက်နိုင်ဖို့ အတွက် မယုံနိုင်စရာ ကောင်းတဲ့ ရွေးချယ်မှုကို ပြုလုပ်သွားခဲ့တာပါပဲ ။သူက သူ့ရဲ့ ခန္ဓာကိုယ်ကို ဖောက်ခွဲရုံမက သူ့ရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ကို လောင်ကျွမ်းစေပြီး ထွက်ပြေးသွားခဲ့ပါပြီ ။

ပုံမှန် အခြေအနေတွေမှာ ဆိုရင်တော့ ကျင့်ကြံသူတွေဟာ တခြားရွေးချယ်စရာ ရှိနေသေးသရွေ့ သူ့ရဲ့ ခန္ဓာကိုယ် အပေါ်မှာ လက်လွှတ်လိုက်လေ့ မရှိပါဘူး ။

ဘာဖြစ်လို့လဲ ဆိုတော့ လူတစ်ယောက်က သူ့ရဲ့ မူရင်းခန္ဓာကိုယ် အစစ်နဲ့မှသာ အကိုက်ညီဆုံး ဖြစ်နလို့ပါပဲ ။ ကျင့်ကြံသူတွေ အနေနဲ့ တကယ့် ထွတ်ခေါင် ပါရမီရှင်တွေရဲ့ ခန္ဓာကိုယ်တွေကို အပိုင်စီးနိုင်စွမ်း ရှိခဲ့ရင်တောင်မှ အဲသည်ခန္ဓာကိုယ်တွေက သူတို့ရဲ့ မူရင်းခန္ဓာကိုယ်လောက် သက်တောင့်သက်သာ ရှိမှာ မဟုတ်ပါဘူး ။ အစစ်အမှန်  စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို ပေါင်းစပ်ပေးနိုင်တဲ့ နတ်ဆေး တစ်မျိုးကို ရခဲ့ရင်တော့ တစ်မျိုးပေါ့လေ ။

ဒါပေမဲ့ သွေးဧကရာဇ် အံ့သြမိတာက အရိုးဧကရာဇ်ဟာ သူ့ရဲ့ ခန္ဓာကိုယ်ကို စွန့်လွှတ်သွားခဲ့ရုံမက တားမြစ် ပညာရပ် တစ်ခုကို သုံးပြီး သူ့ရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ကိုပါ လောင်ကျွမ်းစေခဲ့တာကိုပါပဲ ။

ခန္ဓာကိုယ် စွန့်လွှတ်ပြီး အစစ်အမှန် စိတ်ဝိညာဉ်ကို လောင်ကျွမ်းစေခဲ့သူ တစ်ဦးဟာ သူ့ရဲ့ နဂိုအခြေအနေကို ဘယ်တော့မှ ပြန်ရောက်မှာ မဟုတ်ပါဘူး ။

" အား…… သည်သောက်ရူးက ငါ့ရဲ့ ရေရှည် အားဖြည့်ပေးမယ့် ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်လိုက်တာပဲ ။ တကယ်ကို ယုတ်မာတဲ့ကောင်ကွာ "

သွေးဧကရာဇ်က ခန္ဓာကိုယ်ကို ဖောက်ခွဲသွားတဲ့ အရိုးဧကရာဇ်ကို မကျေမနပ်နဲ့ ဆဲရေးတိုင်းထွာ လိုက်ပါတယ် ။

ခန္ဓာကိုယ် အပြင်အား ကျင့်ကြံသူတွေ ဆိုတာက သဘာဝ တရားကြီးက ပေးတဲ့ အဖိုးတန် ရင်းမြစ်တွေလို မဟုတ်ပါဘူး ။

အဖိုးတန် အရင်းအမြစ်တွေက အသုံးပြုပြီးသွားရင် ပြီးပါပြီ ။ သူတို့က ပြန်ပြီး ပေါက်လာမှာ မဟုတ်ပါဘူး ။

ဒါပေမဲ့လည်း ခန္ဓာကိုယ် အပြင်အား ကျင့်ကြံသူတွေဆီကနေ ရတဲ့ သွေးအဆီအနှစ် နဲ့ သွေးချီ အရင်းအမြစ်တွေကတော့ အမြဲပြန်လည် ပြည့်တင်းလာနိုင်ပါတယ် ။ ဒါကြောင့်လည်း သွေးဧကရာဇ်က ကျင့်ကြံဖို့အတွက် တခြား ရင်းမြစ်တွေကို မရှာဘဲ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံသူတွေကိုသာ ရှာဖွေ ဖမ်းဆီးနေရတာပါ ။

သွေးဧကရာဇ်က အရိုးဧကရာဇ် လွတ်မြောက်သွားတာနဲ့ ပက်သက်ပြီး လုံးဝ စိတ်မပူမိပါဘူး ။ ဒါပေမဲ့လည်း လီဖူချန်းအကြောင်း တွေးမိလိုက်တဲ့ အခါမှာတော့ သူဟာ အနည်းငယ် စိုးရိမ်စိတ်တွေ ဝင်လာမိပါတယ် ။

" သည်ကလေးရဲ့ ပါရမီနဲ့ အလားအလာက သာမန်ပါရမီရှင်တွေထက် အများကြီး သာနေပြီ ။ သူက အခုတောင်မှ အဆင့်နိမ့် ဧကရာဇ်တွေနဲ့ ယှဉ်လို့ ရနေပြီ ဆိုတော့ နောက်ဆို ဘယ်လောက်အထိ အစွမ်းထက်လာမလဲ မသိဘူး ။ သည်ကောင်က တစ်နေ့နေ့မှာ ပြသနာကောင် ဖြစ်လာမှာပဲ "

ဘာကြောင့်မှန်းတော့ မသိပါဘူး ။ သွေးဧကရာဇ်ဟာ ရုတ်တရက်ကြီး နောင်တ ရလာသလိုပါပဲ ။ တစ်ချိန်တည်းမှာပဲ သူက သူ့အနေနဲ့ အရိုးဧကရာဇ်ကို လက်လွှတ်လိုက်ပြီး လီဖူချန်းနောက်ကို လိုက်သင့်တယ်လို့ ခံစားလာမိပါတယ် ။

ဒါပေမဲ့လည်း လောကပေါ်မှာက အချိန်လွန်မှ ရတဲ့ နောင်တကို ကုနိုင်တဲ့ဆေး မရှိသေးပါဘူး ။

" အင်း…… ထားလိုက်ပါတော့လေ ။ အခုအချိန် ရောက်မှတော့ နောင်တရနေလည်း ဘာထူးတော့မှာလဲ "

သက်ပြင်းတစ်ချက် ချလိုက်ပြီးတဲ့ နောက်မှာတော့ သွေးဧကရာဇ်ဟာ တိမ်တွေကြားထဲ တိုးဝင် ပျောက်ကွယ်သွားခဲ့ပါပြီ ။

***

-နဂါးမြစ်ဝှမ်းပြည်နယ် ၊ လေရိုင်းမြို့ -

" ဘယ်လိုဖြစ်တာလဲ …… အစ်မတော်ကုက သည်မှာ ရှိမနေပါလား "

လီဖူချန်းက မျက်မှောင်တစ်ချက် ကြုတ်လိုက်ရင်းနဲ့ မကျေမနပ် ရေရွတ်လိုက်ပါတယ် ။

သူ့ရဲ့ လက်ရှိအဆင့် အရ ဆိုရင်တော့ လီဖူချန်းဟာ ကုချူ းယီရဲ့ ဆက်သွယ်ရေး တံဆိပ်တော်ကနေ ထွက်နေတဲ့ အချက်ပြမှုကို အာရုံ မခံမိစရာ အကြောင်း မရှိပါဘူး ။ ကုချူ းယီက လေရိုင်းမြို့နဲ့ အလွန့်အလွန်ကို ဝေးကွာတဲ့ အရပ်တစ်ခုမှာ ရှိနေရင်တော့ တစ်မျိုးပေါ့လေ ။

အခုဖြစ်စဉ်က ဖြစ်နိုင်ချေ နှစ်ခု ရှိပါတယ် ။ ပထမ တစ်ခုကတော့ ကုချူ းယီဟာ လေရိုင်းမြို့ကနေ ထွက်သွားတာပါပဲ ။ ဒါမှမဟုတ်ရင်တော့ ကုချူ းယီဟာ အန္တရာယ်တွေ့နေတာပဲ ဖြစ်ရပါမယ် ။

ဒါပေမဲ့လည်း လီဖူချန်းရဲ့ ဆဋ္ဌမ အာရုံကတော့ ဒုတိယ တစ်ခုဟာ ပိုပြီး ဖြစ်နိုင်ချေ များတယ်လို့ ပြောနေပါတယ် ။

" ညီလေးလီ …… ညီမလေးကုက လေရိုင်းမြို့ကနေ ထွက်သွားတာများလား "

ယွန်လုံက မရေရာတဲ့ လေသံနဲ့ လီဖူချန်းကို မေးလာခဲ့ပါတယ် ။

လီဖူချန်းက ခေါင်းခါလိုက်ပြီး ပြန်ပြောလိုက်ပါတယ် ။

" မဖြစ်နိုင်ဘူး …… အစ်ကိုယွန်လုံ ။ အစ်မတော်ကုက ထွက်သွားပြီ ဆိုရင် အနည်းဆုံးတော့ သတင်းစကား တစ်ခု ချန်ထားခဲ့မှာပဲ "

တစ်ဆက်တည်းမှာပဲ သူက ယွန်လုံကို သူ့ရဲ့ သွေးချီတွေ ပြန်လည် အားကောင်းလာအောင် လုပ်ဖို့အတွက် တိုက်တွန်းလိုက်ပါသေးတယ် ။

" ဒါကို ကျွန်တော့် တာဝန် ထားလိုက်ပါ အစ်ကိုယွန်လုံ ။ အခုလောလောဆယ် အရေးကြီးတာက အစ်ကို့ရဲ့ သွေးချီတွေ ပြန်လည် ပြည့်ဝလာဖို့ပဲ "

" အေးပါ …… ညီလေးရာ "

ယွန်လုံက လီဖူချန်းရဲ့ တိုက်တွန်းမှုကို မငြင်းပါဘူး ။

သည်နှစ်တွေမှာဆိုရင် သွေးဧကရာဇ်ရဲ့ နှိပ်စက်ညှင်းပန်းမှုကို ခံခဲ့ရတဲ့အတွက် သူ့ရဲ့ သွေးချီတွေဟာ ပြိုကွဲစ ပြုလာခဲ့ပါပြီ ။ အဲသည်အတွက် သူ့အနေနဲ့ အရင်အခြေအနေ အတိုင်း ပြန်ကောင်းလာမလား ဆိုတာကို မသိတော့ပါဘူး ။

ဒါပေမဲ့လည်း ကံကောင်းချင်တော့ လီဖူချန်းက လမ်းမှာ သူ့ကို ခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်တဲ့ ကောင်းကင်အဆင့် ဆေးပင် အနည်းငယ်ကို ပေးခဲ့ပါတယ် ။သည်ဆေးတွေနဲ့ ဆိုရင်တော့ သူဟာ  အရင်ယွန်လုံ ပြန်မဖြစ်နိုင်စရာ အကြောင်း မရှိပါဘူး ။

……

မြို့တိုင်း၊မြို့တိုင်းမှာက သူတို့ရဲ့ ကိုယ်ပိုင် သတင်းအချက်အလက် စုဆောင်းတဲ့ အဖွဲ့တွေ ရှိစမြဲပါပဲ ။ အဲသည်ထဲက တချို့ကတော့ တရားဝင် အဖွဲ့အစည်းတွေ ဖြစ်တတ်ပြီး တချို့ကတော့ တရားမဝင် အဖွဲ့အစည်းတွေ ဖြစ်တတ်ပါတယ် ။

ပင့်ကူနီ အစည်းအရုံး……

သည်အစည်းအရုံးကတော့ လေရိုင်းမြို့က နာမည်ကျော် အဖွဲ့အစည်း တစ်ခုပါပဲ ။

သည်အစည်းအရုံးက လျှို့ဝှက် အစည်းအရုံး တစ်ခုဖြစ်ပြီး ရှိသမျှ စီးပွားရေး လုပ်ငန်း မှန်သမျှကို လုပ်ကိုင်ပါတယ် ။ ရှင်းရှင်းပြောရမယ် ဆိုရင်တော့ သူတို့တွေက ငွေရတဲ့ အလုပ် မှန်သမျှကို လုပ်ကြသူတွေပါ ။ ပြီးတော့ သည်အစည်းအရုံးက လေရိုင်းမြို့ထဲမှာ အပ်ကျတာကအစ မသိဘဲ မနေပါဘူး ။

အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံး တစ်ထောင်ကို သုံးပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ပင့်ကူနီ အစည်းအရုံးနဲ့ ဆက်သွယ်ခွင့် ရသွားခဲ့ပါတယ် ။ နောက်ထပ် အလယ်အလတ် အဆင့် ဝိညာဉ် ကျောက်တုံး တစ်သိန်းကို သုံးပြီးတဲ့ နောက်မှာတော့ သူဟာ ကုချူ းယီရဲ့ သတင်းကို ရသွားခဲ့ပါပြီ ။

သူထင်ထားခဲ့သလိုပါပဲ ။ ကုချူ းယီက လေရိုင်းမြို့ကနေ ထွက်သွားခဲ့တာ မဟုတ်ပါဘူူး ။ သူမက ရမ္မက်ခြောက်ပါး သခင်လေးလို့ ခေါ်တဲ့ လူရမ်းကား တစ်ယောက်ရဲ့ အတင်း အဓမ္မ ဖမ်းဆီးခြင်းကို ခံလိုက်ရတာပါ ။ အခု လောလောဆယ်မှာတော့ သူမက လေရိုင်းမြို့စားရဲ့ ဂေဟာမှာ ရောက်ရှိနေပါတယ် ။

ရမ္မက်ခြောက်ပါး သခင်လေး……

လီဖူချန်းက ရမ္မက်ခြောက်ပါး သခင်လေးရဲ့ အကြောင်းကို မကြားဖူးဘဲ မနေပါဘူး ။ သည်လူရမ်းကားက နတ်ကျက်သရေ အင်ပိုင်ယာရဲ့ သခင်လေး ၄ပါးထဲက ဖြစ်ပြီး မကောင်းသတင်းတွေနဲ့  ကျော်ကြားသူလည်း ဖြစ်ပါတယ် ။

ပြောကြတာကတော့ ရမ္မက်ခြောက်ပါး သခင်လေးက ရမ္မက်ခြောက်ပါး နတ်ဘီလူး ကျင့်စဉ်ကို ကျင့်ကြံထားသူ ဖြစ်ပါတယ်တဲ့ ။ သည်ကျင့်စဉ်ကို ကျင့်ကြံထားသူက ဘာကိုမှ ထွေထွေထူးထူး ကျင့်ကြံနေစရာ မလိုပါဘူး ။ သူက သူ့ရဲ့ ရမ္မက်ခြောက်ပါးကို ကျေနပ်အောင် ဖြည့်ဆည်းနေရုံနဲ့ သူ့ရဲ့ ကျင့်ကြံမှု အဆင့်ဟာ သိသိသာသာကြီး တိုးလာနိုင်ပါတယ် ။

ပုံမှန်အားဖြင့် ဆိုရင်တော့ သည်လို ရမ်းကားနေတတ်တဲ့ သူတွေဟာ အသက်ရှည်လေ့ မရှိကြပါဘူူး ။ ဒါပေမဲ့လည်း ရမ္မက်ခြောက်ပါး သခင်လေးကတော့ မတူညီဘဲ ကွဲပြားခြားနားပါတယ် ။ သူ့ဆီမှာက အစွမ်းထက်တဲ့ ကျောထောက်နောက်ခံ တစ်ခု ရှိတဲ့အတွက် သူ့ကို သတ်ချင်သူတွေဟာ သူ့အပေါ်မှာ မကျေမနပ် ဖြစ်ရုံကလွဲပြီး ဘာမှ မတတ်နိုင်ကြပါဘူး ။

အဲသည်ကျောထောက်နောက်ခံကတော့ သူ့ရဲ့ ဆရာဖြစ်သူ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ပါပဲ ။

ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ် ဆိုတာက ဝိညာဉ်ဧကရာဇ် လက်အောက်မှာ ရှိတဲ့ ဧကရာဇ် လေးပါးထဲက ဆိုရင်လည်း မမှားပါဘူး ။

ပြီးတော့ သူက အဆင့်မြင့် ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ် တစ်ပါးလည်း ဖြစ်နေပါသေးတယ် ။ အဲသည်အတွက် သည်နတ်ကျက်သရေ အင်ပိုင်ယာမှာက မဟာဧကရာဇ်တွေက လွဲပြီး ကျန်တဲ့ဧကရာဇ်တွေဟာ သူ့ကို မျက်နှာသား ပေးရပါတယ် ။ တကယ်လို့ သူတို့က ခံစားချက် ခုနစ်ပါး ဧကရာဇ်ကို မျက်နှာသာ မပေးချင်ဘူး ဆိုရင်တောင်မှပဲ သူ့ရဲ့ အရှင်သခင် ဖြစ်တဲ့ ဝိညာဉ် ဧကရာဇ်ကို မျက်နှာသာ ပေးရပါဦးမယ် ။

ဘယ်လိုပဲ ဖြစ်ဖြစ် ဝိညာဉ်ဧကရာဇ် ဆိုတာက ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ရဲ့ လက်ရှိ နံပါတ်တစ် မဟာဧကရာဇ်ပဲ မဟုတ်ပါလား ။

ဒါကြောင့်လည်း ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ကို ကျောထောက်နောက်ခံ ပြုထားတဲ့ ရမ္မက်ခြောက်ပါး သခင်လေးဟာ နတ်ကျက်သရေ အင်ပိုင်ယာထဲမှာ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ရမ်းကားချင်တိုင်း ရမ်းကားနေတာပါ ။

တစ်ခါကဆိုရင် သူက ဘုရင်အဆင့် ကလန်တစ်ခုက ယောကျ်ားတွေ အကုန်လုံးကို သတ်ပြီး မိန်းမတွေ အကုန်လုံးကို ပြည့်တန်ဆာ ဂေဟာကို ပို့ကာ ရောင်းစားခဲ့ပါသေးတယ် ။

ဒါပေမဲ့လည်း ဘယ်သူကမှ သူ့ကို အရေး မယူခဲ့ရဲကြပါဘူး ။

" အစ်မတော်ကုက ဘယ်လိုလုပ်ပြီး အဲသည် လူယုတ်မာနဲ့ သွားတွေ့ရတာလဲ "

လီဖူချန်းက ကုချူ းယီ အနေနဲ့ ဘယ်လိုလုပ်ပြီး ရမ္မက်ခြောက်ပါး သခင်လေးနဲ့ သွားတွေ့သလဲ ဆိုတာကို မတွေးနိုင်ပါဘူး ။

ဒါပေမဲ့လည်း အဲသည်အချိန်မှာတော့ ပင့်ကူနီဂိုဏ်းဟာ တစ်ဖက်လှည့်နဲ့ ရမ္မက်ခြောက်ပါး သခင်လေးကို သတင်း လှမ်းပို့ ပြီးသွားခဲ့ပါပြီ ။

***

လေရိုင်းမြို့စား ဂေဟာ ………

မြို့စားဂေဟာ တစ်ခုလုံးမှာ တန်ဖိုးအကြီးဆုံးနဲ့ အလှပဆုံး အဆောက်အဦးကို ပြပါ ဆိုရင်တော့ အနောက်ဘက်ခြမ်းမှာ ရှိတဲ့ စံအိမ်ကို ပြရမှာပါပဲ ။

ပုံမှန်အားဖြင့် ဆိုရင်တော့ သည်စံအိမ်ဟာ လေရိုင်းမြို့စားမင်း အနားယူတဲ့ နေရာ ဖြစ်ပေမယ့် အခုတော့ သည်နေရာကို ရမ္မက်ခြောက်ပါး သခင်လေးက အပိုင်စား ရယူထားပါတယ်။

အနောက်ဘက်ခြမ်း စံအိမ်ရဲ့ ပင်မခန်းဆောင် ……

သည်ခန်းဆောင်ထဲမှာတော့ ရုပ်ရည်ခပ်ချောချော၊ ဗလခပ်တောင့်တောင်နဲ့ လူငယ်တစ်ယောက်ဟာ ဇရက်မင်း စည်းစိမ်ကို ခံနေလေရဲ့ ။

သူက အချောအလှလေး တစ်ယောက်ရဲ့ ပေါင်ပေါ်မှာ ခေါင်းတင် အိပ်နေရင်းနဲ့ စပျစ်သီး တစ်တွဲကို ဇိမ်ခံပြီး တစ်လုံးချင်း စားနေပါတယ် ။

တစ်ချိန်တည်းမှာပဲ သူက လှပတဲ့ ကချေသည်တွေရဲ့ အကကိုလည်း ကြည့်ရှုနေပါသေးတယ် ။

လုံးဝ သံသယ ဝင်နေစရာ မလိုပါဘူး ။ သည်လူငယ်က ရမ္မက်ခြောက်ပါး သခင်လေးပဲ ဖြစ်ရပါမယ် ။

သူကျင့်ကြံတဲ့ ရမ္မက်ခြောက်ပါး ဆိုတာကတော့ မျက်လုံး၊နှာခေါင်း ၊ နား ၊ လျှာ ၊ ခန္ဓာကိုယ်နဲ့ စိတ်နှလုံး တို့ပါပဲ ။

မျက်လုံးရဲ့ အလိုရမ္မက်က လှပတာတွေကို ကြည့်ချင်တယ် ။

နားရဲ့ အလိုရမ္မက်က သာယာငြိမ့်ညောင်းတာတွေကို ကြားချင်တယ် ။

နှာခေါင်းရဲ့ အလိုရမ္မက်က သင်းပျံ့တဲ့ မွှေးရနံ့ မှန်သမျှကို ရှုချင်တယ် ။

လျှာရဲ့ အလိုရမ္မက်က အရသာ ရှိသမျှကို ခံစားချင်တယ် ။

ခန္ဓာကိုယ်ရဲ့ အလိုရမ္မက်က သက်တောင့်သက်သာ ရှိတဲ့ နေရာမှာပဲ လဲလျောင်းချင်တယ် ။

စိတ်နှလုံးရဲ့ အလိုရမ္မက်က ကာမဂုဏ် နဲ့ သြဇာအာဏာမှာ မွေ့လျော်ချင်တယ် ။

ရမ္မက်ခြောက်ပါး နတ်ဘီလူးသိုင်းကို ကျင့်ဖို့အတွက် ရမ္မက်ခြောက်ပါး သခင်လေးဟာ သည်ရမ္မက်ခြောက်ပါးကို မဖြည့်ဆည်းဘဲ နေလို့ မရပါဘူး ။

" သခင်လေး "

ရုတ်တရက် ဆိုသလိုပဲ လူရိပ်တစ်ရိပ်ဟာ ခန်းမရဲ့ အဝင်ဝနားမှာ ပေါ်လာပြီး ရမ္မက်ခြောက်ပါး သခင်လေးကို သတင်းစကား တစ်ခု ပြောလိုက်ပါတယ် ။

သတင်းစကားကို ကြားပြီးတဲ့ နောက်မှာတော့ ရမ္မက်ခြောက်ပါး သခင်လေးရဲ့ မျက်နှာပေါ်မှာ ယုတ်မာကောက်ကျစ်တဲ့ အပြုံးတစ်ခု ဖြစ်တည်လာခဲ့ပါပြီ ။

" အဲသည်မိန်းမနဲ့ ပက်သက်တဲ့ သတင်းမှန်သမျှကို စုံစမ်းလိုက် ။ ကြည့်ရတာ အဲသည်လူက သူ့ရဲ့ မိတ်ဆွေပဲ နေမယ် "

စကားပြောနေရင်းမှာပဲ ရမ္မက်ခြောက်ပါး သခင်လေးက လဲလျောင်းနေရာကနေ ထရပ်လိုက်ပြီး ပင်မခန်းဆောင်ရဲ့ အနောက်ဘက်မှာ ရှိတဲ့ ခြံဝင်း တစ်ခုထဲကို ဝင်သွားလိုက်ပါတယ် ။

ခြံဝင်းထဲမှာတော့ မြင်သူတကာ ငေးမောသွားရလောက်အောင် ချောမောလှပတဲ့ မိန်းကလေး တစ်ယောက် ရှိနေပြီး သူမက ပန်းပင်တွေကို ပြုစု ပျိုးထောင် နေလေရဲ့ ။

သူမကတော့ ကုချူ းယီကလွဲပြီး တခြားသူ မရှိပါဘူး ။

ဒါပေမဲ့ ရမ္မက်ခြောက်ပါး သခင်လေးကို မြင်လိုက်တဲ့ အခါမှာတော့ သူမရဲ့ လှုပ်ရှားမှုတွေ အကုန်လုံးဟာ တုံ့ခနဲ ရပ်တန့်သွားပါတော့တယ် ။ သူမရဲ့ မျက်လုံးထဲမှာ ဆိုရင်လည်း ကြောက်ရွံ့မှုတွေက အပြည့်ပါပဲ ။

" မကြောက်ပါနဲ့ ညီမ ။ အစ်ကိုက ညီမကို မကိုက်စားပါဘူး "

ရမ္မက်ခြောက်ပါး သခင်လေးက ကုချူ းယီရဲ့ ပန်းသွေးရောင် သမ်းနေတဲ့ ပါးလေးကို ခပ်ဖွဖွ ဖျစ်ညှစ်ရင်း ဆိုလိုက်ပါတယ် ။

အဲသည်နောက်မှာတော့ သိမ်မွေ့တဲ့ ချီအရှိန်အဝါ တစ်ခုဟာ ရမ္မက်ခြောက်ပါး သခင်လေးရဲ့ ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာပြီး ကုချူ းယီကို လွှမ်းခြုံသွားခဲ့ပါပြီ ။

သည်ချီအရှိန်အဝါကတော့ ရမ္မက်ခြောက်ပါး သခင်လေးရဲ့ ကိုယ်ပိုင် အလိုရမ္မက် ချီအရှိန်အဝါဖြစ်ပြီး အဲဒါက စိတ်စွမ်းအား အားနည်းတဲ့ သူတွေကို မှိန်းမောသွားစေနိုင်စွမ်း ရှိပါတယ် ။

" သခင်လေး "

သည်ချီအရှိန်အဝါရဲ့ လွှမ်းမိုးနိုင်စွမ်းကတော့ တကယ့်ကို မယုံနိုင်စရာပါပဲ ။ အစောပိုင်းက ကြောက်ရွံ့နေတဲ့ ကုချူ းယီဟာ ရုတ်တရက် ဆိုသလိုပဲ ချစ်ရည်ရွှန်းလဲ့တဲ့ မျက်လုံးတွေနဲ့ ရမ္မက်ခြောက်ပါး သခင်လေးကို ကြည့်လာခဲ့ပါပြီ ။

" ညီမ "

ရမ္မက်ခြောက်ပါး သခင်လေးက ဂုဏ်ယူဝံ့ကြွားစွာနဲ့ ချီအရှိန်အဝါတွေကို ထပ်ပြီး ထုတ်လိုက်ပြန်ပါတယ် ။

ဒါပေမဲ့ ရုတ်တရက် ဆိုသလိုပဲ သူ့ရဲ့ ချီအရှိန်အဝါတွေထဲကနေပြီး များပြားလှတဲ့ လူမျက်နှာတွေဟာ ပေါ်လာခဲ့ပါတယ် ။ အဲသည်မျက်နှာတွေထဲမှာတော့ ပိုင်ချူ းမင်ရဲ့ မျက်နှာလည်း အပါအဝင်ပါပဲ ။

" မဟုတ်သေးဘူး ။ တစ်ခုခုတော့ မှားနေပြီ "

ပိုင်ချူ းမင်ရဲ့ မျက်နှာကို မြင်လိုက်ရတဲ့အခါမှာတော့ ကုချူ းယီဟာ တစ်ခုခု မှားနေပြီ ဆိုတာကို သတိပြုမိလိုက်ပါတယ် ။

အဲသည်အတွက် သူမက သူမရဲ့ စိတ်တွေကို ပြန်လည် ထိန်းချုပ်နိုင်ဖို့အတွက် နှုတ်ခမ်းကို အားရပါးရ ကိုက်ပစ်လိုက်ပါတယ် ။

သွေးတွေ ယိုစီးကျလာတဲ့ အခါမှာတော့ ကုချူ းယီဟာ အသိစိတ် ပြန်ဝင်သွားခဲ့ပါပြီ ။

" ကောင်းလိုက်တဲ့ စိတ်စွမ်းအား ။ဒါကြောင့်လည်း အစ်ကိုက မင်းကို တန်ဖိုးထားနေရတာပေါ့ ညီမရယ် "

ရမ္မက်ခြောက်ပါး သခင်လေးက သူ့ရဲ့ ချီအရှိန်အဝါ လွှမ်းမိုးမှု အောက်ကနေ ရုန်းထွက်သွားတဲ့ ကုချူ းယီကို အပြစ် မတင်ပါဘူး ။ အဲသည်အစား သူက လှမ်းပြီး ချီးကျူ းလိုက်ပါသေးတယ် ။

ရမ္မက်ခြောက်ပါး သခင်လေးက မကောင်းတာ မှန်သမျှကို လုပ်ပေမယ့် သူက မိန်းမပျိုလေးတွေဆီက ကာမကို ဘယ်တော့မှ အတင်းအဓမ္မ မရယူပါဘူး ။ သူက အဲသည်လုပ်ရပ်ဟာ သူ့ရဲ့ နာမည်၊ဂုဏ်သိက္ခာကို ညစ်နွမ်းစေတယ်လို့ ခံယူထားပါတယ် ။

ဒါကြောင့်လည်း ကုချူ းယီဟာ အခုထက်ထိ ပန်းလေးတစ်ပွင့်လို လန်းဆန်းနေဆဲ ဖြစ်တာပါ ။

" သည်နေ့ ညီမရဲ့ သတင်းကို လူတစ်ယောက်က  လာစုံစမ်းတယ်တဲ့ ။ အစ်ကိုကတော့ အဲသည်လူက ညီမရဲ့ မိတ်ဆွေလို့ ထင်တယ် ။ ဒါကြောင့် အစ်ကိုက ညီမကို သူနဲ့ တွေ့ချင်စိတ်များ ရှိမလားလို့  လာမေးတာပါ "

ရမ္မက်ခြောက်ပါး သခင်လေးက ပြုံးနေရင်းနဲ့ ကုချူ းယီကို လှမ်းပြောလိုက်ပါတယ် ။

ရမ္မက်ခြောက်ပါး သခင်လေးရဲ့ စကားကို ကြားလိုက်ရတဲ့ အချိန်မှာတော့ ကုချူ းယီရဲ့ မျက်နှာအမူအယာဟာ ပြောင်းသွားခဲ့ပါပြီ ။ ဘာဖြစ်လို့လဲ ဆိုတော့ သူမက သူမကို လာရှာတဲ့သူကို ကောင်းကောင်းကြီး ခန့်မှန်းနိုင်လို့ပါပဲ ။ အဲသည်လူက လီဖူချန်းကလွဲပြီး တခြားသူ မရှိနိုင်ပါဘူူး ။

" ကျွန်မမှာ မိတ်ဆွေ မရှိဘူး "

ကုချူ းယီက ခေါင်းကို အလျင်အမြန် ခါယမ်းလိုက်ပြီး လီဖူချန်းနဲ့ တွေ့ဖို့ ငြင်းလိုက်ပါတယ် ။

" ရပါတယ် ။ ညီမမှာ မိတ်ဆွေ ရှိရှိ ၊ မရှိရှိ အရေးမကြီးပါဘူး ။ ဒါပေမဲ့ သူ့ကို မြင်လိုက်ရင်တော့ ညီမ မှတ်မိသွားရင် မှတ်မိမှာပါ "

ရမ္မက်ခြောက်ပါး သခင်လေးက ခံစားချက်တွေနဲ့ ပက်သက်ရင် အင်မတန် သိမြင်နိုင်စွမ်း ရှိတဲ့ သူပါပဲ ။  သူက ကုချူ းယီဟာ ပုံမှန် မဟုတ်ဘူး ဆိုတာကို ခံစား သိမြင်နိုင်ပါတယ် ။

အဲသည်အတွက် သူက အေးစက်စက် အပြုံး တစ်ခုကို မပြုံးဘဲ မနေနိုင်တော့ပါဘူး ။

***

All Chapters