← Chapters

ရိုက်သတ်ခြင်း

Vol. 47 Ch. 643

ရိုက်သတ်ခြင်း

Vol. 47 Ch. 643

" ခင်ဗျားက ကျုပ်ကို တွေ့ချင်နေတာလား "

ရုတ်တရက် ဆိုသလိုပဲ အေးစက်စက် အသံတစ်ခုဟာ ခြံဝင်းထဲကို ပျံ့နှံ့လာခဲ့ပါတယ် ။

" မောင်လေးလီ "

အသံကို ကြားလိုက်တာနဲ့ တစ်ပြိုင်နက် ကုချူ းယီရဲ့ မျက်နှာ အမူအယာဟာ ပျက်ယွင်းသွားခဲ့ပါပြီ ။ တစ်ချိန်တည်းမှာပဲ သူမက နွေးထွေးတဲ့ ခံစားချက် တစ်ခုကိုလည်း ခံစားလိုက်ရပါတယ် ။

သူမရဲ့ ဂိုဏ်းတူမောင်လေးဟာ သူမကို ကယ်တင်ဖို့ လိုက်လာပြီ မဟုတ်ပါလား ။

တခြားတစ်ဖက်မှာလည်း ရမ္မက်ခြောက်ပါး သခင်လေးရဲ့ မျက်လုံးတွေဟာ ဖျတ်ခနဲ အရောင်တောက်သွားပြီး အံ့အားသင့်တဲ့ အရိပ်အယောင် တစ်စွန်းတစ်စ ထွက်လာခဲ့ပါတယ် ။ ဒါပေမဲ့လည်း သူက တည်တည်ငြိမ်ငြိမ် ရှိနေဆဲပါပဲ ။

" ငါကတော့ မင်းကို တွေ့ချင်တယ် ဆိုတာထက် မင်းဘယ်လို သည်ထဲကို ဝင်လာသလဲ ဆိုတာကို ပိုသိချင်မိတယ် "

" ငါလား …… သည်အတိုင်း ဝင်လာလိုက်တာပဲလေ "

စကားဆုံးတဲ့ နောက်မှာတော့ ဘယ်သူ့ကိုမှ ထီမထင်တဲ့ပုံနဲ့ လူငယ်တစ်ယောက်ဟာ ခြံဝင်းထိပ်မှာ ပေါ်လာခဲ့ပါပြီ ။

အဲသည်လူငယ်ကတော့ လီဖူချန်းကလွဲပြီး တခြားသူ မရှိပါဘူူး ။

" မောင်လေးလီ…… နင်ဘာဖြစ်လို့ လာခဲ့တာလဲ ။ နင်သည်ကို မလာသင့်ဘူး "

ကုချူ းယီကတော့ လီဖူချန်းအတွက် အတော်လေး စိုးရိမ်မကင်း ဖြစ်နေမိပါပြီ ။

သူမက လီဖူချန်းဟာ သည်နေရာကို ဘယ်လို ဝင်လာသလဲ ဆိုတာကို မသိပါဘူး ။ ဒါပေမဲ့ သူမ သိတာကတော့  ရမ္မက်ခြောက်ပါး သခင်လေးဟာ လီဖူချန်းကို သည်နေရာကနေ အသက်ရှင်လျက် ထွက်သွားခွင့် ပြုတော့မှာ မဟုတ်ဘူး ဆိုတာပါပဲ ။

သူမက  ရမ္မက်ခြောက်ပါး သခင်လေးရဲ့ ဘုရင် ချီအရှိန်အဝါ အစွမ်းကို ကောင်းကောင်းကြီး ခံစားခဲ့ဖူးပါတယ် ။ အဲဒါကို လူကို မှိန်းမောသွားစေပြီး ပြန်တိုက်နိုင်ဖို့ အခွင့်အရေးကို လုံးဝ မပေးပါဘူး ။

ရမ္မက်ခြောက်ပါး သခင်လေးက မူလပင်လယ် နယ်ပယ် အထွတ်အထိပ် အဆင့် ဖြစ်တဲ့အပြင် သာလွန်ထူးကဲ အစွမ်းတွေကိုလည်း ပိုင်ဆိုင်ထားပါတယ် ။ ဒါပေမဲ့ သူ့ရဲ့ ကြောက်စရာ အကောင်းဆုံး စွမ်းအားကတော့ စိတ်ဝိညာဉ် စွမ်းအားပါပဲ ။

အဲသည်အတွက် လူတွေက  ရမ္မက်ခြောက်ပါး သခင်လေးကို မူလပင်လယ် နယ်ပယ်ရဲ့ နတ်ဆိုးအဖြစ် သမုတ်ပြီး ဝေးဝေးက ရှောင်ဖယ်သွားကြပါတယ် ။

ကုချူ းယီရဲ့ အမြင်မှာတော့ လီဖူချန်းဟာ ဘယ်လောက်ပဲ အစွမ်းထက်ထက်  အလွန်ဆုံး ယှဉ်နိုင်မှ သာမန် အဆင့်မြင့် မူလပင်လယ်နယ်ပယ် ဘုရင်တွေကိုပါပဲ ။ လီဖူချန်းက  ရမ္မက်ခြောက်ပါး  သခင်လေးကိုတော့ ဘယ်လိုမှ ယှဉ်နိုင်စရာ အကြောင်း မရှိပါဘူး ။

" သည်တော့ …… မင်းတို့က တစ်ဂိုဏ်းတည်းကကိုး ။ စိတ်ဝင်စားစရာပဲ "

အစတုန်းကတော့  ရမ္မက်ခြောက်ပါး သခင်လေးဟာ လီဖူချန်းကို နည်းနည်း စိုးရွံ့မိပါသေးတယ် ။ ဒါပေမဲ့ ကုချူ းယီရဲ့ အမူအယာကို မြင်ပြီးတဲ့ နောက်မှာတော့ သူက လီဖူချန်းကို လုံးဝ ဂရုမစိုက်တော့ပါဘူး ။ ကုချူ းယီရဲ့ အမူအယာအရ ဆိုရင်တော့ လီဖူချန်းဟာ သူ့ရဲ့ ပြိုင်ဘက် ဘယ်လိုမှ မဖြစ်နိုင်ပါဘူး ။

စကားပြောနေရင်းနဲ့ပဲ  ရမ္မက်ခြောက်ပါး သခင်လေးဟာ သူ့ရဲ့  ရမ္မက်ခြောက်ပါး နတ်ဘီလူးချီစွမ်းအင်ကို လည်ပတ်စေလိုက်ပါတဟ် ။

အဲသည်နောက်မှာတော့ အိပ်မက်ဆန်တဲ့ ချီစွမ်းအင် တစ်ခုဟာ လီဖူချန်းအပေါ်ကို လွှမ်းခြုံ သွားခဲ့ပါပြီ ။

" မင်းက ပိုင်ချူ းမင်ကို သတ်လိုက်တာလား "

ဒါပေမဲ့လည်း  ရမ္မက်ခြောက်ပါး နတ်ဘီလူး ချီစွမ်းအင်က လီဖူချန်းအပေါ်မှာ သက်ရောက်မှု လုံးဝ မရှိပါဘူး ။

ပြီးတော့ သူက  ရမ္မက်ခြောက်ပါး သခင်လေးရဲ့ ချီအရှိန်အဝါထဲမှာ ပိုင်ချူ းမင်ရဲ့ မျက်နှာကို မြင်လိုက်ပါသေးတယ် ။

ရမ္မက်ခြောက်ပါး သခင်လေးက ရယ်ကျဲကျဲနဲ့

" သြော်…… အဲသည်လူလား ။ သည်လူက ပုံရိပ်ယောင် ပညာရပ်မှာ တော်တော်လေး မဆိုးဘူး ။ ဒါပေမဲ့ စိတ်မကောင်းစရာက သူက ငါနဲ့မှ လာတွေ့တာပဲ ။ဒါနဲ့ ငါလည်း သူ့ရဲ့ ပါရမီကို လေးစားလို့ သူ့ရဲ့ ဝိညာဉ် အဆီအနှစ်ကို စုပ်ယူထားလိုက်တယ်လေ "

ပိုင်ချူ းမင်ရဲ့ ကျင့်ကြံမှု အဆင့်က သိပ်ပြီး မမြင့်သေးပါဘူး ။ သူက မူလပင်လယ်နယ်ပယ် အဆင့်၁မှာသာ ရှိသေးတာပါ ။ ဒါပေမဲ့လည်း သူက ပုံရိပ်ယောင် ပညာရပ်မှာ သူမတူအောင် ထူးချွန်ပါတယ် ။ သူ့အတွက် ကံဆိုးသွားတာကတော့ သူဟာ အချိန်မတန်ခင်မှာ  ရမ္မက်ခြောက်ပါး သခင်လေးနဲ့ သွားတွေ့တာပါပဲ ။ တကယ်လို့ ပိုင်ချူ းမင်သာ အချိန်အတိုင်းအတာ တစ်ခုအထိ ရသွားလို့ကတော့  ရမ္မက်ခြောက်ပါး သခင်လေးဟာ သူ့ကို ပုံရိပ်ယောင် ပညာရပ်ပိုင်းမှာ ယှဉ်နိုင်စရာ အကြောင်းကို မရှိပါဘူး ။

" မင်းက ငါတို့ သက်တံနီဂိုဏ်းရဲ့ တပည့်ကို သတ်လိုက်မှတော့ သေဖို့ ထိုက်တန်နေပြီ "

စကားဆုံးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းက သူ့ရဲ့ ဘယ်ဘက်လက်ကို မြှောက်ပြီး ရိုက်ချလိုက်ပါတယ် ။

ရမ္မက်ခြောက်ပါး သခင်လေးကတော့ လက်ဝါးရိုက်ချက်ကို တိမ်းရှောင်ခြင်း မရှိပါဘူူး ။ သူက ရယ်ကျဲကျဲနဲ့ ငြိမ်ပြီး ရပ်နေပါတယ် ။ ဒါပေမဲ့ ခဏအကြာမှာတော့ သူဟာ ကြောက်လန့်တကြားနဲ့ အော်ဟစ်လာခဲ့ပါပြီ ။

" မလုပ်နဲ့ "

ဘန်း……

မူလပင်လယ် နယ်ပယ်ရဲ့ နတ်ဆိုးလို့ ကျော်ကြားတဲ့ ရမ္မက်ခြောက်ပါး သခင်လေးဟာ သွေးအိုင်ဘဝကို မပြောင်းခင်အထိ စကား တစ်လုံးထက် ပိုမပြောနိုင်ခဲ့ပါဘူး ။

" ဒါ……ဒါက …… ဘယ်……ဘယ်လို "

ကုချူ းယီကတော့ မျက်လုံး အပြူ းသားနဲ့ လီဖူချန်းကို ကြောင်ပြီး ကြည့်နေမိပါတယ် ။

ရမ္မက်ခြောက်ပါး သခင်လေးဟာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်အောက်မှာ ပြိုင်ဘက်ကင်းလို့  ကျော်ကြားခဲ့သူပါ ။ ဒါပေမဲ့လည်း လီဖူချန်းနဲ့ အတွေ့မှာတော့ သူဟာ လက်ဝါးတစ်ချက်နဲ့ပဲ အသက် ပျောက်သွားခဲ့ပါပြီ ။

လီဖူချန်းက မတွေ့လိုက်တဲ့ သည်နှစ်တွေ အတွင်းမှာ ဘယ်လိုလုပ်ပြီး သည်လောက်အထိ ကြောက်စရာ ကောင်းလာရတာလဲ ။ ရုတ်တရက် ဆိုသလိုပဲ ကုချူ းယီက လီဖူချန်းဟာ သူမ သိတဲ့ ဂိုဏ်းတူမောင်လေး မဟုတ်တော့ဘူး ဆိုတာကို သတိ ပြုမိလိုက်ပါတယ် ။

" မောင်……မောင်လေးလီ ။ နင်……နင်က ရမ္မက်ခြောက်ပါး သခင်လေးကို သတ်ပစ်လိုက်တာလား "

ကုချူ းယီက တုန်ယင်စွာနဲ့ ပြောလာခဲ့ပါတယ် ။

" အစ်မတော်ကု …… ကျွန်တော်တို့ သွားကြရအောင် "

လီဖူချန်းကတော့ အေးအေးဆေးဆေးပါပဲ ။

သူ့ရဲ့ လက်ရှိ အဆင့်အရ ဆိုရင်တော့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်အောက်က ကျင့်ကြံသူတွေကို သတ်ရတာက ပုရွက်ဆိတ် တစ်ကောင်ကို သတ်ရတာနဲ့ မခြားနားလှပါဘူး ။

ရမ္မက်ခြောက်ပါး သခင်လေးပဲဖြစ်ဖြစ် ဒါမှမဟုတ် အဖော်မဲ့ သခင်လေးပဲဖြစ်ဖြစ် ။ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို မရောက်သေးသရွေ့တော့ လီဖူချန်းက သူတို့ကို လက်တစ်ဖက်တည်းနဲ့  သတ်ပစ်နိုင်ပါတယ် ။

အဲသည်အတွက် ရမ္မက်ခြောက်ပါး သခင်လေးကို သတ်ပစ်ရတာက လီဖူချန်းကို ရင်တောင် မခုန်စေပါဘူး ။

တကယ်လို့ သူက ရမ္မက်ခြောက်ပါး သခင်လေးကို မသတ်ဘဲ ထားခဲ့ရင်လည်း အဲသည် လူရမ်းကားက သူ့ကို တစ်နည်းမဟုတ် တစ်နည်းနဲ့ ပြန်ပြီး ပြသနာ ရှာမှာပါပဲ ။ အဲသည်အတွက် ရမ္မက်ခြောက်ပါး သခင်လေးကို သတ်လိုက်တာက အကောင်းဆုံး နည်းလမ်းပါပဲ ။ အဲဒါက မလိုလားအပ်တဲ့ ပြသနာတွေကို ရှောင်လွှဲရာလည်း ကျပါတယ် ။

အဲသည်နောက်မှာတော့ လီဖူချန်းက ကုချူ းယီရဲ့ လက်ကို ကိုင်ဆွဲပြီး ကိုယ်ဖျောက်ကာ လေရိုင်းမြို့စား ဂေဟာထဲကနေ ထွက်သွားခဲ့ပါပြီ ။

သူတို့ထွက်သွားပြီး နေ့ဝက်အကြာမှာတော့ လေရိုးမြို့စား ဂေဟာဟာ အုတ်အော်သောင်းတင်း ဖြစ်လာပါတော့တယ် ။

ရမ္မက်ခြောက်ပါး သခင်လေးက သေသွားပါပြီ ။ ပြီးတော့ သူသေသွားတာက လေရိုင်းမြို့စား ဂေဟာမှာပါ ။

ဘယ်သူကမှတော့ ရမ္မက်ခြောက်ပါး သခင်လေးရဲ့ အလောင်းကို မတွေ့ကြပါဘူး ။ ဒါပေမဲ့ လေရိုင်းမြို့စား ဂေဟာရဲ့ အနောက်ဘက် ခြံဝင်းထဲမှာ ရှိနေတဲ့ သွေးအိုင်ကြီးက ရမ္မက်ခြောက်ပါး သခင်လေး သေသွားတာကို ကောင်းကောင်းကြီး သက်သေပြနေပါတယ် ။

" အား…… ဘယ်သူက ရမ္မက်ခြောက်ပါး သခင်လေးကို ငါ့ဂေဟာထဲမှာ လာသတ်သွားတာလဲ ။ တကယ်လို့ မင်းသူ့ကို သတ်ချင်ရင်တောင်မှ ငါ့ရဲ့ ပိုင်နက်ထဲက ထွက်တဲ့အထိ ခဏလေး စောင့်ပါဦးလား "

လေရိုင်းမြို့စားကတော့ ဂေဟာထဲမှာ အရူးတစ်ယောက်လိုပဲ သွေးရူးသွေးတန်း အော်ဟစ်နေခဲ့ပါပြီ ။ သူက သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းလည်း မရှိတော့ပါဘူး ။

ရမ္မက်ခြောက်ပါး သခင်လေးက သူ့ရဲ့ ဂေဟာမှာ သေသွားခဲ့တာပါ ။ အဲသည်အတွက် ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်က သူ့ရဲ့ ကလန်တစ်ခုလုံးကို ရမ္မက်ခြောက်ပါး သခင်လေးနဲ့အတူ ဂူသွင်း မြုပ်နှံတော့မှာ အသေအချာပါပဲ ။ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်က သူ့ရဲ့ တပည့်ဖြစ်သူကို ဘယ်လောက်အထိ ချစ်သလဲ ဆိုတာကို နတ်ကျက်သရေ အင်ပိုင်ထဲမှာ ရှိတဲ့ လူတိုင်းက မသိဘဲ မနေပါဘူး ။

" ဂေဟာထဲမှာ ရှိသမျှ လူတွေအကုန်လုံး အခုချက်ချင်း အပြင်ထွက်ပြီး ရမ္မက်ခြောက်ပါး သခင်လေးကို ဘယ်သူသတ်သလဲဆိုတာ စုံစမ်းကြ ။ ပြီးတော့ ရှိသမျှ စည်းစိမ်၊ဥစ္စာတွေ အကုန်လုံးကိုလည်း မနှမြောဘဲ သုံးပစ်ကြ ။ ရမ္မက်ခြောက်ပါး သခင်လေးကို သတ်တဲ့လူအကြောင်း သတင်း မရဘဲနဲ့ ပြန်မလာကြနဲ့ "

အတန်ကြာ သွေးရူးသွေးတန်းနဲ့ အော်ဟစ်ပြီးတဲ့ နောက်မှာတော့ လေရိုင်းမြို့စားက တစ်ချက်လွှတ် အမိန့်ကို ထုတ်ပြန်လိုက်ပါတယ် ။

သိပ်မကြာခင်မှာပဲ ရှိသမျှ လူအင်အားနဲ့ ရှိသမျှ စည်းစိမ်တွေကို ပုံအော သုံးထားတဲ့ လေရိုင်းမြို့စား အဖွဲ့ဟာ ပင့်ကူနီ အဖွဲ့ကို ခြေရာခံမိသွားကြပါပြီ ။

နေ့တစ်ဝက် အတွင်းမှာပဲ သွေးရူးသွေးတန်း ဖြစ်နေတဲ့ လေရိုင်းမြို့စားနဲ့ အဖွဲ့ဟာ ပင့်ကူနီ အစည်းအရုံး တစ်ခုလုံးကို မြေလှန် ပစ်လိုက်ကြပါတယ် ။ ပြီးတော့ သူတို့က ပင့်ကူနီ အစည်းအရုံးရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ တခြား ပက်သက်ရာ၊ပက်သက်ကြောင်း လူတွေကိုလည်း မြို့စားဂေဟာဆီ ဖမ်းဆီး ခေါ်ဆောင် သွားကြပါသေးတယ် ။

အချိန် တစ်နာရီလောက် နှိပ်စက်ညှင်းပန်းပြီးတဲ့ နောက်မှာတော့ လေရိုင်းမြို့စားဟာ ရမ္မက်ခြောက်ပါး သခင်လေးကို သတ်ဖြတ်သွားသူနဲ့ ပက်သက်တဲ့ သဲလွန်စကို ရသွားခဲ့ပါပြီ ။

ရမ္မက်ခြောက်ပါး သခင်လေးကို သတ်သွားသူကတော့ လူငယ်တစ်ယောက် ဖြစ်ပြီး အဲသည်လူငယ် အကြောင်းကို ပင့်ကူနီ အစည်းအရုံးက ရမ္မက်ခြောက်ပါး သခင်လေးဆီ သတင်းပို့လိုက်ကြောင်းကိုလည်း သူက သိလိုက်ရပါသေးတယ် ။

" အဲသည်ကောင်က သည်မြို့ထဲကနေ မထွက်သွားလောက်သေးဘူး ။ အခုချက်ချင်း မြို့တံခါးကို ပိတ်ပြီး ပိုက်စိပ်တိုက် ရှာကြစမ်း "

လေရိုင်းမြို့စားက အချိန်ကို လုံးဝ မဆွဲဝံ့ပါဘူး ။ သူက ချက်ချင်းပဲ သူ့ရဲ့ နောက်လိုက်တွေကို တစ်ချက်လွှတ် အမိန့် ထပ်ပေးလိုက်ပြန်ပါတယ် ။

တကယ်လို့သာ သူက လူသတ်သမားကို မဖမ်းမိဘူး ဆိုရင်တော့ သူတို့ တစ်ကလန်လုံးဟာ နိဋ္ဌိတံပြီ မဟုတ်ပါလား ။

ပင့်ကူနီ အစည်းအရုံးက ထိပ်ပိုင်း ခေါင်းဆောင်တွေကိုတော့ လေရိုင်းမြို့စားက မသတ်ဘဲ ဖမ်းဆီးထားလိုက်ပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် သည်လူတွေက ရမ္မက်ခြောက်ပါး သခင်လေး သေဆုံးမှုမှာ တာဝန်အရှိဆုံး လူတွေပါပဲ ။

တကယ်လို့ လေရိုင်းမြို့ကို ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ် ရောက်လာခဲ့ရင် သူ့အနေနဲ့ သည်လူတွေကိုပြပြီး ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ကို ခေတ္တခဏ ချွေးသိပ်ထားလို့ ရကောင်း ရနိုင်ပါတယ် ။

သည်လိုနဲ့ပဲ လေရိုင်းမြို့ကြီးဟာ ရုန့်ရင်းဆန်ခတ် ဖြစ်ပြီး ပေါက်ကွဲထွက်တော့မယ် ရေနွေးအိုး တစ်လုံးလို ဖြစ်လာခဲ့ပါတယ် ။

အဲသည်အချိန်မှာတော့ လီဖူချန်း ၊ ကုချူ းယီ နဲ့ ယွန်လုံတို့ သုံးယောက်ဟာ လေရိုင်းမြို့နဲ့ အတော်လေး ဝေးကွာတဲ့ အရပ်တစ်ခုကို ရောက်နေခဲ့ကြပါပြီ ။

" မောင်လေးဖူချန်း …… ရမ္မက်ခြောက်ပါး သခင်လေးက ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ရဲ့ တပည့်နော် ။ အခု မောင်လေးက သူ့ကို သတ်လိုက်ပြီ ဆိုတော့ အစ်မတို့အနေနဲ့ နတ်ကျက်သရေ အင်ပိုင်ယာထဲမှာ နေဖို့ မသင့်တော်ဘူးလို့ အစ်မ ထင်တယ် "

လမ်းတစ်ထောင့် တစ်နေရာကို အရောက်မှာတော့ ကုချူ းယီက အကြံ ပေးလာခဲ့ပါတယ် ။

လီဖူချန်းက ခေါင်းညိတ်လိုက်ပြီး

" လေရိုင်းမြို့က လူတွေကတော့ ကျွန်တော့်ကို ဘယ်လိုမှ ရှာတွေ့နိုင်မှာ မဟုတ်ဘူး ။ ကျွန်တော်က ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ကိုပဲ စိုးရိမ်တယ် "

လီဖူချန်းက ပင့်ကူနီ အစည်းအရုံးနဲ့ ပက်သက်ခဲ့တုန်းက သူ့ရဲ့ ရုပ်သွင်ကို ပြောင်းလဲထားရုံမက သူ့ရဲ့ ချီအရှိန်အဝါကိုလည်း ဖုံးကွယ်ထားပါသေးတယ် ။ အဲသည်အတွက် ဘယ်သူကမှ သူ့ကို သိမှာ မဟုတ်ပါဘူး ။

သူစိုးရိမ်တဲ့ တစ်ခုတည်းသော အရာကတော့ မြို့တိုင်း၊မြို့တိုင်းမှာ စီရင်ခင်းကျင်းထားတဲ့ ထောက်လှမ်းရေး ဝင်္ကပါ အစီအရင်တွေပါပဲ ။ အဲသည်အစီအရင်တွေက သူနဲ့ ပက်သက်တဲ့ ပုံရိပ်တွေကို ဖမ်းမိထားနိုင်လောက်ပါတယ် ။

ပြီးတော့ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ကလည်း ရှိပါသေးတယ် ။ သည်ဧကရာဇ်က အဆင့်မြင့် ဧကရာဇ်တစ်ပါး ဖြစ်တဲ့အတွက် သူ့ဆီမှာ ဘယ်လို လျှို့ဝှက် နည်းစနစ်တွေ ရှိမယ် ဆိုတာကို လီဖူချန်း အနေနဲ့ မသိနိုင်ပါဘူး ။

" လခွီးပဲ…… သည်ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်က အရမ်း အန္တရာယ် များလွန်းတယ် ။ ကျောထောက်နောက်ခံ မရှိဘဲနဲ့တော့ ငါတို့လို လူတွေက ဘယ်လိုမှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး "

ယွန်လုံက ဒေါသတကြီးနဲ့ အော်ဟစ် လာခဲ့ပါတယ် ။

" ကျောထောက်နောက်ခံ ရှိဖို့ဆိုတာက သိပ်မခက်ပါဘူး အစ်ကိုယွန်ရ ။ တစ်နေ့တော့ ကျွန်တော်တို့ ကျောထောက် နောက်ခံကောင်းကောင်း ရမှာပါ "

လီဖူချန်းကတော့ သူ့ဝသီအတိုင်း အေးအေးဆေးဆေးပါပဲ ။ သူက ယွန်လုံကို ပခုံးပုတ်ပြီး နှစ်သိမ့် ပေးလိုက်ပါသေးတယ် ။

***

All Chapters