← Chapters

အမှောင်ထုထဲက မိန်းကလေး

Vol. 37 Ch. 512

အမှောင်ထုထဲက မိန်းကလေး

Vol. 37 Ch. 512

ချင်မူ ခေါင်းပြန်ရုတ်ပြီး ပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်ရှုလိုက်သည်။ မဟာမြို့ပျက်၏ စည်းမျဉ်းကို ချိုးဖောက်မိ၍ ဆန်းကြယ်သားရဲများကြောင့် ချောင်ပိတ်မသွားလျှင် သူ အမှောင်ထုထဲသို့ တိုးဝင်ခဲ့မိမည်မဟုတ်ပေ။

အမှောင်ထုထဲသို့ အကာအကွယ်မပါဘဲ သူ့ဘာသာ ဝင်နိုင်မည့်နေ့ ရောက်လာလိမ့်မည်ဟု ချင်မူ တွေးမိခဲ့မည်လော... ယခုတွင် သေတ္တာကြီး သို့မဟုတ် ကျောက်ရုပ်တုများ၏ စောင့်ရှောက်မှုမရှိဘဲ အမှောင်ထုထဲ ရောက်နေခဲ့ချေပြီ။

ရေထဲက ငါးတစ်ကောင်ပမာ အမှောင်ထုထဲတွင် ပေါ့ပါးသွက်လက်စွာ သွားလာနိုင်ခြင်းမှာ ... သူ့အား အမှောင်ထု၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေသကဲ့သို့ ခံစားရစေသည်။

သူ့မျက်လုံးထဲတွင် အမှောင်ထုသည် ပိတ်ပိန်းမည်းမှောင်နေခြင်း မဟုတ်တော့ပေ....မြူခိုးများ ဝေနေသည်နှင့် တူနေ၏။

‘ဒါက တကယ့် အမှောင်ထုမဟုတ်ဘူး... ဓာတ်တစ်မျိုးပဲ ထင်တယ်’

ချင်မူ အံ့အားသင့်နေသည်။ မဟာမြို့ပျက်၏ အမှောင်ထုအကြောင်း သူ အမြဲ သိချင်နေခဲ့သော်လည်း သူ၏သိုင်းအဆင့်မှာ အမှောင်ထုထဲသို့ ဝင်နိုင်ရန် များစွာနိမ့်ကျနေခဲ့သည်။ သို့သော် နတ်ဘုရားနီးနီး သန်မာအားကောင်းလာ၍ အမှောင်ထုထဲ ဝင်နိုင်ခဲ့လျှင်တောင်မှ ... အမှောင်ထု၏ ဆန်းကြယ်သော သဘောတရားများကို ရှာဖွေနိုင်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ရွာလူကြီးနှင့် ရှင်းအန်းကဲ့သို့ နတ်ဘုရားလို အဆင့်မြင့်သိုင်းပညာရှင်များက အရှိန်အဝါများဖြင့် အမှောင်ထုကို အနားမကပ်အောင် တွန်းထုတ်ရင်းသာ အမှောင်ထုထဲတွင် သွားလာနိုင်ခြင်းကြောင့် ဖြစ်သည်။

အမှောင်ထုကို တွန်းထုတ်နေမှတော့... အမှောင်ထုအကြောင်း မည်သို့ သိနိုင်မည်နည်း။

သို့သော် ချင်မူကမူ အမှောင်ထုနှင့် တစ်သားတည်း ဖြစ်နေသောကြောင့် အမှောင်ထုကို စူးစမ်းရန် များစွာလွယ်ကူသွားသည်။

ရွာလူကြီးကလည်း မဟာမြို့ပျက်၏ အမှောင်ထုမှာ အမှောင်ထုစစ်စစ်မဟုတ်ကြောင်း တစ်ခါ ခန့်မှန်းခဲ့ဖူးသည်။ မဟာမြို့ပျက်နှင့် ထပ်နေသော ကမ္ဘာတစ်ခု ဖြစ်၍ အမှောင်ဘုံဟု အမည်ပေးခဲ့၏။

နောက်ပိုင်းတွင် မဟာမြို့ပျက်၌ အမှောင်ဘုံတစ်ခုတည်းသာ မဟုတ်ဘဲ ကမ္ဘာများစွာ ရှိနေမှန်း ရွာလူကြီး သိရှိသွားခဲ့သည်။

သူက ဖုန်းတုကိုလည်း အမှောင်ဘုံဟု ခေါ်ခဲ့သည်။

သို့သော် ချင်မူသည် ဖုန်းတုကို သိလာသည်နှင့်အမျှ လျှို့ဝှက်ချက်နောက်တစ်ချက် ရှာတွေ့သွား၏။ ဖုန်းတုအား အမှောင်ဘုံဟု ခေါ်နိုင်သော်လည်း အမှန်တွင် မဟာမြို့ပျက်၏ အမှောင်ဘုံတစ်ဘုံ ဖြစ်သော ယိုတု၏ အစိတ်အပိုင်းလေးတစ်ခုသာ ဖြစ်ချေသည်။

ယိုတုနှင့် ဖုန်းတုက ရွေ့လျားနေပြီး နေရာအတည်တကျ မရှိသဖြင့် .... မဟာမြို့ပျက်တစ်ခုလုံးအား မလွှမ်းခြုံနိုင်ပေ။ လွှမ်းခြုံထားသည့် ကမ္ဘာက... တခြားအမှောင်ဘုံတစ်ဘုံ ဖြစ်လိမ့်မည်။

ချင်မူ အမှောင်ထုထဲသို့ ဝင်လိုက်သည်နှင့် မဟာမြို့ပျက်၏ အမှန်တရားနောက်တစ်ခုကို ရှာတွေ့သွား၏။ အမှောင်ထုသည်... ထူးဆန်းသော ဓာတ်တစ်မျိုးသာ ဖြစ်ချေသည်။

‘ငါ သဘာဝကမ်းပါးကြီးကနေ ကမ္ဘာခြားထဲ ဝင်လိုက်တုန်းက ... အဲဒီကမ္ဘာရဲ့ နေနဲ့ညက မဟာမြို့ပျက်နဲ့ ပြောင်းပြန်ဖြစ်နေခဲ့လို့ တစ်ခုတောင် တွေးခဲ့မိသေးတယ်’

ချင်မူ၏အကြည့်များ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားသည်။ ရွှေရောင်သဲကန္တာရထဲတွင် သူ မြင်ခဲ့ရသည်ကို သတိရလိုက်၏။

ရှင်းအန်းဆီမှ ပုန်းရှောင်ရန် သူ ဝင်ရောက်သွားခဲ့သော ရွှေရောင်သဲကန္တာရကမ္ဘာမှာ ချုံဧကရာဇ်၏ မဟာမြို့ပျက်ဖြစ်သည်။ ထိုနေရာတွင် နေ့နှင့်ည ရှိသော်လည်း မဟာမြို့ပျက်၏ နေနှင့်ညနှင့် ပြောင်းပြန်ဖြစ်နေသည်။

ထို့ကြောင့် ဤအမှောင်ထုသည် ချုံဧကရာဇ်၏မဟာမြို့ပျက်ဆီမှ ပျံ့နှံ့လာခြင်း ဖြစ်မည်ဟု ချင်မူ ခန့်မှန်းလိုက်မိ၏။ နေဝင်သည့်အခါ ချုံဧကရာဇ်၏ မဟာမြို့ပျက်မှ အမှောင်ထုက သဘာဝကမ်းပါးကြီး၏ အက်ကွဲကြောင်းမှတစ်ဆင့် ခိုင်ဧကရာဇ်၏မဟာမြို့ပျက်ထဲသို့ ဝင်ရောက်လာလိမ့်မည်။ ချုံဧကရာဇ်၏ မဟာမြို့ပျက်တွင် နေထွက်သည့်အခါ... ခိုင်ဧကရာဇ်၏ မဟာမြို့ပျက်က ညရောက်သွား၏။ နေ့ရောက်လျှင် အမှောင်ထုက ချုံဧကရာဇ်၏ မဟာမြို့ပျက်ဆီသို့ ပြန်သွားလိမ့်မည်။

မဟာမြို့ပျက်နှစ်ခုကို သဲနာရီအဖြစ် သဘောထားလိုက်လျှင် အမှောင်ထုက အပြန်အလှန် စီးဆင်းနေသော သဲများ ဖြစ်မည်။

ဤသည်က ချင်မူ ခန့်မှန်းမိခဲ့ခြင်းပင်။

သို့သော် ရှင်းအန်းလက်မှ ထွက်ပြေးလာခဲ့တုန်းက ပန်ကုန်းစုန်လည်း အနားတွင် ရှိနေခဲ့၍ ထုတ်မပြောမိခဲ့ပေ။

ယခု အမှောင်ထုထဲ ရောက်သည့်အခါမှ ... သူ့ခန့်မှန်းချက်အား အတည်ပြုနိုင်သွား၏။

‘မြောက်ကနေ တောင်ကို သွယ်တန်းနေတဲ့ ကျောက်ကမ်းပါးကြီးပေါ်က အက်ကွဲကြောင်းတွေကိုသာ ပိတ်လိုက်နိုင်ရင် .. ငါတို့ ချုံဧကရာဇ်မဟာမြို့ပျက်ရဲ့ အမှောင်ထုကို မတားနိုင်သွားဘူးလား... အဲဒါဆို ညရောက်တိုင်း အမှောင်ထု ကျူးကျော်လာမှာ ကြောက်စရာမလိုတော့ဘူးမလား...’

ချင်မူ မျက်တောင်ပုတ်ခတ်ရင်း ဤအတွေးက သဘာဝကျကြောင်း တွေ့လိုက်ရ၏။ သို့သော် အောင်မြင်မလား၊ မအောင်မြင်မလားတော့ မသိပေ။

ထို့အပြင် သဘာဝကမ်းပါးကြီးမှာ အလွန်ကြီးမားလွန်း၍ အက်ကွဲကြောင်းပေါင်း မရေမတွက်နိုင်အောင် ရှိသည်။ ကမ္ဘာခြားတစ်ခုထက်ပို၍လည်း ဆက်သွယ်နေနိုင်သည်။ အက်ကွဲကြောင်းများကို မည်သို့ပိတ်ဆို့မည်နည်း ဆိုသည်က ပြဿနာနောက်တစ်ခုလည်း ဖြစ်၏။

‘ပိတ်ဆို့တာက ပြဿနာကို ဖြေရှင်းနိုင်တဲ့ အကောင်းဆုံးနည်းလမ်း မဟုတ်ဘူး။ လူတွေကို စားပစ်နိုင်တဲ့ အမှောင်ထုရဲ့ သဘာဝနဲ့ ရင်းနှီးအောင် လုပ်တာက အကောင်းဆုံး ဖြစ်လိမ့်မယ်’

မြူများလိုလို ထင်ရသည့် အမှောင်ဓာတ်များအား ချင်မူ လေ့လာကြည့်သည်။ အနက်ရောင်အစက်အပြောက်များ သဏ္ဍာန်ရှိပါသော်လည်း... အရေပြားထဲ‌တော့ မဝင်နိုင်ပေ။

“ထူးဆန်းတယ်’

ချင်မူ အံ့ဩနေမိသည်။ ချီစွမ်းအင်ကို ကြိုးမျှင်ဖွဲ့၍ အမှောင်ဓာတ်အစုတစ်စုကို စုစည်းလိုက်ပြီး အစုအဝေးထဲ လက်ဝါးထည့်ကြည့်သည့်အခါ... အဟန့်အတားတစ်စုံတရာ မခံစားရပေ။ မည်သည့်အရာနှင့်မှလည်း မထိမိပေ။

“ဒါက ဘာဓာတ်ပါလိမ့်... ဘယ်လို အာနိသင်တွေ ရှိနေတာလဲ’

ချင်မူ တွေးနေစဉ် နဂါးချီလင်၏ စိုးရိမ်ပူပန်နေသောအသံက မြို့ပျက်ထဲမှ ထွက်လာ၏။ “ဂိုဏ်းသခင်.. အသက်ရှိသေးရဲ့လား”

အသံမှာ နံရံထူထူကို ဖြတ်လာရသကဲ့သို့ အဝေးမှ လာနေသံပေါက်သည်။ “မပူနဲ့ ငါ အသက်ရှိပါသေးတယ်... မနက်ဖြန်မနက်ကျ မင်းကို အစာလာကျွေးမယ်” ချင်မူ ပြန်အော်လိုက်သည်။

“‌တော်သေးတာပေါ့ဗျာ” နဂါးချီလင်မှာ စိတ်သက်သာရာရသွားဟန်တူသော်လည်း ကပျာကယာ ဆက်ပြော၏။ “ကျွန်တော် အစာမစားရမှာ စိတ်ပူနေတာမဟုတ်ပါဘူး.. ဂိုဏ်းသခင် အဆင်ပြေရဲ့လား စိတ်ပူတာပါ။ ဒါပေမဲ့ ဂိုဏ်းသခင် အဆင်ပြေတယ်ဆိုတော့ ကျွန်တော် အိပ်တော့မယ်။ ကစားတာ ဝရင် ပြန်လာဦးနော်... မနက်ဖြန် ခရီးအရှည်ကြီး သွားရမှာ”

ချင်မူ ပတ်ဝန်းကျင်ကို အတန်ကြာစူးစမ်းနေသော်လည်း အမှောင်ဓာတ်က မည်သည့်အရာဖြစ်မှန်း နားမလည်သေးပေ။ မြို့ပျက်ထဲ ပြန်ဝင်တော့မည့်အချိန် မကောင်းဆိုးဝါးတစ်‌ကောင်အား လှမ်းမြင်လိုက်ရသည်။

သူ့ပတ်ပတ်လည်မှ တီးတိုး‌ပြောဆိုသံများ ထွက်လာ၏။ မကောင်းဆိုးဝါးများက အမှောင်ရိပ်ကို ခိုလျက်၊ ‌ကျောက်တုံးများ၊ သစ်ပင်များနောက်တွင် ပုန်းအောင်းရင်း သူ့ကို တိတ်တိတ်လေး ကြည့်နေကြသည်။ တစ်ချက်တစ်ချက် ခြေသံတဖျတ်ဖျတ် ကြားရတတ်ပြီး အနက်ရောင်အရိပ်များက သရဲတစ္ဆေများသဖွယ် ရွေ့လျားနေကြ၏။ သူတို့၏ရွေ့လျားမှုများကို မမြင်ရသဖြင့် ချင်မူ ကောင်းကင်မျက်လုံးများကို အသက်သွင်းကာ ကြည့်လိုက်ရသည်။

ထိုအခါ ... အမှောင်ထုထဲ၌ လမ်းလျှောက်နေသော အရိပ်များကို သူ မပီဝိုးဝါး တွေ့လိုက်ရလေသည်။

ဤအရိပ်များသည်... မကောင်းဆိုးဝါးများမဟုတ်၊ လူသားများ ဖြစ်နေ၏။

လူပုံစံအရိပ်များ ဖြစ်သည်။

‘အမှောင်ထုထဲမှာ ဘာလို့ လူတွေ ရှိနေတာလဲ’

ချင်မူ ရင်ထဲတွင် အနည်းငယ် လှုပ်ခါသွားပြီး ကမန်းကတန်း ရှေ့တိုးသွားလိုက်သည်။ သူမှလွဲ၍ အမှောင်ထုထဲ၌ လျှောက်သွားနိုင်သူများမှာ ရွာလူကြီး၊ ရှင်းအန်းကဲ့သို့ နတ်ဘုရားအဆင့် သိုင်းပညာရှင်များ သို့မဟုတ် ရှင်းအန်း၏သေတ္တာကြီးကဲ့သို့ ကောင်းကင်အလင်းတန်းထုတ်လွှတ်နိုင်သည့် အရာများ ဖြစ်ကြသည်။

သူတို့က အမှောင်ထုထဲ ရောက်လျှင် ကောင်းကင်အလင်းတန်းများ ဖြန့်ကျက်၍ အမှောင်ထုကို တွန်းထုတ်ခြင်းဖြစ်၏။

သို့သော် အမှောင်ထုထဲရှိ ဤလူရိပ်များကမူ အမှောင်ထုကို တွန်းထုတ်နေခြင်းမရှိပေ။ သူတို့က ချင်မူ့အတိုင်း အမှောင်ထုနှင့် တစ်သားတည်း ဖြစ်နေကြသည်။ ပို၍ပင် ထူးဆန်းသည်မှာ အမှောင်ထုမှ ဖွဲ့တည်လာကြပုံပေါ်၏။

ချင်မူ အရိပ်တစ်ခုနောက် လိုက်သွားသည်။ အရိပ်ကလည်း သူ့ကို သိချင်နေသည့်အလား ရပ်ပြီး သူ လာမည်ကို စောင့်နေသည်။

ချင်မူ အပြေးသွား၍ သူ့အရှေ့ရှိ အနက်ရောင်အရိပ်အား စပ်စပ်စုစု လေ့လာလိုက်သည်။ အရိပ်ကလည်း သူ့ကို လေ့လာနေသည်။

အရိပ်သည် ကျစ်ဆံမြီးနှစ်ချောင်းကို ပခုံးကျော်၍ ချထားသော မိန်းကလေး ဖြစ်၏။ သူမ၏ကောက်ကြောင်းအရိပ်ကိုသာ မြင်ရသော်လည်း သိပ်အသက်ကြီးသည့်ပုံမပေါ်ပေ။

သူမက လက်ဆန့်ကာ သူ့ကို ထိချင်နေဟန်တူသည်။ ချင်မူလည်း လက်ဆန့်ရင်း သူမလက်ဝါးဆီသို့ ထိကြည့်လိုက်သည်။ သို့သော် သူတို့လက်ဝါးများက အကောင်အထည်မရှိသကဲ့သို့ တစ်ခုကိုတစ်ခု ဖြတ်သွား၏။

အရိပ်အသွင် မိန်းကလေးမှာ အံ့အားသင့်သွားပြီး တစ်စုံတစ်ခု ပြောလိုက်သည်။ သို့သော် သူမစကားသံက ချင်မူနားဘေးတွင် မသဲကွဲသော တီးတိုးပြောဆိုနေသံသာ ဖြစ်နေသည်။

‘ထူးဆန်းလိုက်တာ’ ချင်မူမှာ ဇဝေဇဝါ ဖြစ်သွားသဖြင့် ခေါင်းကုတ်လိုက်မိသည်။ “ငါ ပြောတာ ကြားရလား”

မိန်းကလေးလည်း သူ ပြောနေသည်ကို မကြားဟန်တူ၏။ ထူးဆန်းသော အားလှိုင်းတစ်ရပ်က သူတို့အသံများကို ဖျက်စီးပစ်နေသယောင် ထင်ရသည်။ ရုတ်တရက် မိန်းကလေးက ထိုင်ချလိုက်၍ သူမ၏ကျစ်ဆံမြီးလေးနှစ်ချောင်း လှုပ်ခါသွားသည်။ သူမက မြေကြီးပေါ်တွင် စာရေးပြ၏။

ချင်မူ ငုံ့ဖတ်လိုက်သော်လည်း မြေကြီးပေါ်တွင် အနက်ရောင်အလင်းကိုသာ မြင်ရသည်။ မည်သည့်စာလုံးမှ မရေးထားပေ။

သူလည်း စာတစ်ကြောင်း ရေးကြည့်သည်။ သို့သော် အရိပ်မိန်းကလေးက မမြင်ရကြောင်း ခေါင်းယမ်းပြသည်။

ချင်မူ စိတ်ကူးတစ်ခု ရလိုက်၍ ရွှင်ပျော်ပျော်ဓားကို ထုတ်ကာ ‘တောင်တန်းများနှင့် မြစ်ပြင်ကြားမှ ဖြတ်လျှောက်သွားသော ဓား’ကွက်အား ထုတ်ဖော်လိုက်၏။ သို့သော် မိန်းကလေးက သူ လုပ်နေသောအရာကို နားမလည်ကြောင်း ခေါင်းယမ်းပြပြန်သည်။

ချင်မူမှာ မတွေးတတ်တော့ပေ။

ရုတ်တရက် အရိပ်မိန်းကလေးက ရှေ့သို့ ပြေးသွားပြီး ရပ်ကာ သူ့ကို လိုက်လာရန် ခေါ်သည်။

ချင်မူ သူမနောက်လိုက်သွားပြီး နှစ်ယောက်သာ အတန်ကြာသည်အထိ ပြေးနေကြသည်။ ခဏကြာသော် မိန်းကလေးက ရပ်လိုက်သော်လည်း ချင်မူမှာ မရပ်နိုင်လိုက်ဘဲ သူမကို တည့်တည့်ဖြတ်သွားရင်း ကိုက်သုံးထောင်မြင့်မားသော ကျောက်ကမ်းပါးစွန်းသို့ ရောက်သွားသည်။

မိန်းကလေးက သူ့လက်ကို လှမ်းဆွဲရန် ကြိုးစားသော်လည်း မဆွဲနိုင် ဖြစ်နေသည်။ ကံကောင်းထောက်မစွာဖြင့် ချင်မူမှာ သူ့ကိုယ်သူ ထိန်းလိုက်နိုင်၍ ကမ်းပါးစွန်းမှ ပြုတ်မကျသွားပေ။

မိန်းကလေး ရှေ့သို့ ညွှန်ပြလိုက်သည့်အခါ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ချင်မူ၏စိတ်ထဲတွင် ပြင်းပြင်းထန်ထန် တုန်ခါသွားတော့သည်။ ကျောက်ကမ်းပါး၏အောက်၌ ကမ္ဘာခြားအငွေ့အသက်ရှိသော ကြီးမားခမ်းနားသည့် မြို့ကြီးတစ်မြို့ ရပ်တည်နေ၏။ ... မဟာမြို့ပျက်ထဲတွင် ထိုမျှခံညားထည်ဝါလှသော မြို့ကြီးအား ချင်မူ တစ်ခါမှ မမြင်တွေ့ခဲ့ဖူးပေ။

‘ထူးဆန်းတယ်။ ဒီမြို့က မဟာမြို့ပျက်မှာ ရှိတာမဟုတ်ဘူး... မဟာမြို့ပျက်နဲ့ ထပ်နေတဲ့ အမှောင်ဘုံများ ဖြစ်နေမလား’

ချင်မူ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။ အမှောင်ထုက ခိုင်ဧကရာဇ်မဟာမြို့ပျက်နှင့် ချုံဧကရာဇ်မဟာမြို့ပျက်အကြား ဖြတ်သန်းစီးဆင်းနိုင်သည်ဆိုလျှင် ... ဤအမှောင်ဘုံသည်လည်း ချုံဧကရာဇ်မဟာမြို့ပျက်ထဲတွင် တည်ရှိမနေဘူးလော....

သဘာဝကမ်းပါးကြီး၏ အက်ကွဲကြောင်းများကို ပိတ်ဆို့ခြင်းဖြင့် ကမ္ဘာတစ်ကမ္ဘာကို အမှန်တကယ် ပိတ်ဆို့နိုင်ပါ့မည်လော....

‘မဟာမြို့ပျက်ရဲ့ အမှောင်ထုက ငါ ထင်ထားတာထက် အများကြီး ပိုရှုပ်ထွေးနေတာပဲ... ပိတ်ဆို့လို့ ရပါဦးမလား..’

သူ တွေးနေစဉ်မှာပဲ အရိပ်မိန်းကလေးက တောင်ကမ်းပါးမှ ခုန်ဆင်းသွားသည်။ သူမက မြေပြင်ညီပေါ်တွင် လမ်းလျှောက်နေသည့်အလား လေထဲ၌ လျှောတိုက်သွားပြီး အောက်ရှိမြို့ထဲသို့ ဆင်းနေသည်။

ချင်မူလည်း ခုန်လိုက်ပြီး သူမခြေလှမ်းများအတိုင်း လိုက်သွားလိုက်သည်။ တခဏကြာသည့်အခါ နှစ်ယောက်သား မြို့ထဲသို့ ရောက်လာ၍ ချင်မူ ဘေးဘီဝဲယာအား လှည့်ပတ်ကြည့်လိုက်မိသည်။ မြို့မှာ အလွန်စည်ကားနေပြီး မြို့သူမြို့သားများစွာ ပျားပန်းခတ်မျှ သွားလာလှုပ်ရှားလျက် ရှိ၏။ သို့သော် သူ့မျက်လုံးထဲတွင် အားလုံးက အရိပ်များသာ ဖြစ်နေသည်။

သူတို့က လူစင်စစ်များဖြစ်လာလျှင် တုနှိုင်းမဲ့ စည်ကားတိုးတက်နေသော မြို့ကြီးတစ်မြို့ဆီသို့ အလည်ရောက်သွားခြင်း ဖြစ်လိမ့်မည်။

အမှောင်ထုထဲရှိ မြင့်မားသော အဆောက်အဦများအပေါ်တွင် သတိအနေအထားဖြင့် စောင့်ကြပ်နေသော နတ်ဘုရားများကိုလည်း သူ မြင်လိုက်ရသည်။

ချင်မူ အတန်ငယ် မှင်သက်သွားပြီး တစ်ခုခု လွဲနေသလို ခံစားလာရသည်။ ဤမြင်ကွင်းမျိုးကို သူ မြင်ခဲ့ဖူး၏။

လွန်ခဲ့သော နှစ်လေးသောင်းတုန်းက ပိုင်ဖန်းရုံမြို့တွင် နတ်ဘုရားများသည် ထိုအတိုင်း အဆောက်အဦမြင့်မြင့်များအပေါ်၌ ရပ်လျက် သတိအနေအထားဖြင့် စောင့်ကြပ်ပေးနေခဲ့၏။ သို့သော် ထိုစဉ်တုန်းက နတ်ဘုရားများမှာ မြို့အပြင်ရှိ အမှောင်ထုအား စောင့်ကြပ်ပေးနေခဲ့ခြင်း ဖြစ်ချေသည်။

သို့ဆိုလျှင် ဤမြို့က မည်သည့်အရာကို စောင့်ကြပ်ပေးနေသနည်း။

အရိပ်မိန်းကလေးက ချင်မူ့အား မြို့ထဲသို့ ခေါ်သွား၍ လမ်းများပေါ်ရှိ အရိပ်အားလုံး သူတို့ကို လှည့်ကြည့်နေကြသည်။ သူတို့မျက်လုံးထဲတွင် ချင်မူ့အသွင်က ထူးဆန်းနေသည့်အတွက် ကွက်ကြည့်ကွက်ကြည့် ကြည့်မိကြခြင်း ဖြစ်လိမ့်မည်။

သူတို့နှစ်ယောက် လမ်းသွယ်များကို ဖြတ်လာခဲ့ရင်း ဆန်းပြားသောအဆင်အပြင်ဖြင့် တည်ဆောက်ထားသည့် စံအိမ်တစ်အိမ်အရှေ့သို့ ရောက်လာကြသည်။ စံအိမ်ရှေ့တွင် ပြိုင်ဘက်ကင်းလောက်အောင် မြင့်မားသော အရိပ်ကြီးတစ်ခုက ဖြည်းဖြည်းချင်း ထလာပြီး လက်လေးဖက်ကို ဖြန့်ကာ အဆောက်အဦအား ကာကွယ်လိုက်သည်။ ချင်မူ၏ ရောက်ရှိလာမှုက ဤအိမ်ကို စောင့်ရှောက်နေသော နတ်ဘုရားအား သတိပေးလိုက်ပုံရ၏။

အရိပ်မိန်းက‌လေးက နတ်ဘုရား၏လက်ဝါးပေါ် ခုန်တက်ပြီး ပခုံးနားရောက်သည့်တိုင်အောင် ဟိုခုန်သည်ခုန်လိုက်သည်။ ထို့နောက် နတ်ဘုရားအား တစ်စုံတစ်ခု ပြောလိုက်သည်။

နတ်ဘုရားက ချင်မူ့အား ခေါင်းလှည့်ကြည့်သည်။ သူက ပါးစပ်ဖွင့်၍ စကားတချို့ ပြောလိုက်သော်လည်း ချင်မူ့နားထဲတွင်တော့ တီးတိုးပြောဆိုသံများသာ ဖြစ်နေ၏။ တစ်လုံးမှ သူ နားမလည်ပေ။

တခဏကြာသော် နတ်ဘုရားက လက်ဝါးကို မြေပေါ်ချကာ ချင်မူ့အား တက်ခိုင်းသည်။ ချင်မူမှာ အတန်ငယ် တွန့်ဆုတ်နေသော်လည်း တက်လိုက်သည့်အခါ မည်သည်ကိုမှ မနင်းမိပေ။ တက်ဖို့ ကြိုးစားရင်း ပြုတ်ကျလုဆဲဆဲ ဖြစ်သွား၍ ကောင်းကင်နတ်သိုင်းဖြင့် ပျံဝဲလိုက်ရသည်။

နတ်ဘုရားမှာလည်း အံ့အားသင့်သွားပြီး တစ်ဖက်လက်မှ လက်ချောင်းတစ်ချောင်းဖြင့် ချင်မူ့ကို လှမ်းတို့သည်။ လက်ချောင်းက ချင်မူ့ကို ဖြတ်ကျော်သွား၏။ နတ်ဘုရားမှာ ခေါင်းကုတ်ရင်း မည်သို့ပြောရမည်မှန်း မသိတော့ပေ။

‘ထူးဆန်းလွန်းတယ်’ ချင်မူ ရင်ထဲတွင် ပြင်းပြင်းထန်ထန် တုန်လှုပ်နေသည်။ ‘အင်အားကြီးတဲ့ နတ်ဘုရားတစ်ပါးတောင်မှ ငါ့ကို မထိနိုင်ဘူး’

ရုတ်တရက် မြို့တစ်မြို့လုံး အုံးအုံးကြွက်ကြွက် ဖြစ်လာ၍ နတ်ဘုရားက အရိပ်မိန်းကလေးကို ပြန်ချပေးလိုက်သည်။ သူက ကောင်းကင်ယံသို့ ကမန်းကတန်း ပြန်တက်ကာ မြို့တံခါးဆီသို့ ထွက်သွား၏။

ချင်မူလည်း အရိပ်မိန်းကလေးနှင့်အတူ အမြင့်တစ်နေရာသို့ အလျင်အမြန် တက်လိုက်သည်။ မြို့အပြင်ရှိ နေရာဟင်းလင်းပြင်မှာ တုန်ခါလာပြီး တွင်းနက်ကြီးများ ပေါ်လာ၏။ မိစ္ဆာနတ်ဆိုးများက တွင်းနက်များထဲမှ ထွက်လာရင်း စစ်သည်တော်များကို ဦးဆောင်လျက် မြို့ကြီးဆီသို့ ချီတက်လာကြချေပြီ။

စစ်ပွဲကြီး စတင်ဖြစ်ပွားသည်။

များစွာမကြာလိုက်ဘဲ မကောင်းဆိုးဝါးမိစ္ဆာများက လမ်းများထဲ စီးနင်းဝင်ရောက်လာသဖြင့် လူတိုင်း တိုက်ခိုက်ကြရတော့သည်။

တစ်မြို့လုံး အုတ်အော်သောင်းနင်း ဖြစ်နေစဉ် ချင်မူက ပုန်းရန် အရိပ်မိန်းကလေးနောက် လိုက်သွားသည်။ ကောင်းကင်နတ်သိုင်းများနှင့် ဝိညာဉ်လက်နက်များက နေရာတိုင်းကို ဝုန်းဝုန်းဒိုင်းဒိုင်း ရိုက်ချနေ၍ အိမ်များ၊ နန်းတော်များအားလုံး စိစိညက်ညက် ကြေမွကုန်၏။

တစ်ညတာလုံး အလွန်ရှည်လျားလှပြီး လင်းကြက်တွန်သံ ထွက်လာသည်။ ထိုအခိုက်အတန့်တွင် ချင်မူ့ရင်ထဲ၌ လှုပ်ခါသွား၏။ အမှောင်ထုက မြို့ကြီးနှင့်အတူ ရွေ့လျားလာသည်။ မိစ္ဆာနတ်ဆိုးများက မကောင်းဆိုးဝါးများနှင့်အတူ ဟင်းလင်းပြင်တွင်းနက်များထဲ ပြန်ဆုတ်ခွာသွားကြပြီး အစအနမကျန် ပျောက်ကွယ်သွားကြသည်။

ရွေ့လျားနေသော အမှောင်ထုကြောင့် ချင်မူမှာ ယိမ်းထိုးနေသည်။ သူက ဘေးရှိ အရိပ်မိန်းကလေးကို လှမ်းဆွဲရန် ပြင်လိုက်သော်လည်း မိန်းကလေးမှာ မြို့ကြီးနှင့်အတူ ပျောက်ကွယ်သွားပြီဖြစ်သည်။

နေရောင်ခြည်တို့ ဖြာကျလာ၍ ပတ်ဝန်းကျင်မှာ လင်းလာသည်။ ချင်မူ ဘေးဘီဝဲယာသို့ ကြည့်လိုက်သည့်အခါ မြင့်မားမတ်စောက်သော တောင်တန်းများကိုသာ တွေ့လိုက်ရ၏။ မြို့တစ်မြို့ တည်ရှိခဲ့ဖူးသည့် အရိပ်အယောင်ကိုပင် မမြင်ရပေ။

“ဂိုဏ်းသခင် ဂိုဏ်းသခင်”

နဂါးချီလင်၏အသံက အဝေးမှ ထွက်လာ၍ ချင်မူ အသံလာရာဆီသို့ လှမ်းကြည့်ရာတွင် မနေ့ညက သူတို့ ဝင်နားခဲ့သော မြို့ပျက်ကို မြင်တွေ့လိုက်ရ၏။ နဂါးချီလင်က ဇလုံကို ကိုင်၍ ပြေးလာပြီး သူ့ရှေ့၌ ချပေးလေသည်။ သူက အမြီးနှံ့လျက် ရယ်သည်။ “ဂိုဏ်းသခင်၊ အစာကျွေးဖို့ အချိန်ကျပြီနော်... တကယ်ဆို နောက်တောင် ကျနေပြီ...”

ချင်မူမှာ ပတ်ဝန်းကျင်ကို ကြည့်နေရင်း မနေ့ညက အဖြစ်အပျက်မှာ အိပ်မက်သဖွယ် ဖြစ်နေ၏။

‘မဟာမြို့ပျက် ထူးဆန်းလွန်းတယ်။ မနေ့က ငါ ကမ္ဘာြခားတစ်ခုထဲ တကယ် ဝင်သွားခဲ့တာလား’

All Chapters