ယဇ်ပူဇော်ခြင်း သဘောတရား
Vol. 37 Ch. 513
တစ်နေ့လုံး ခရီးနှင်ပြီးနောက် ညပြန်ရောက်လာသည်။ ဤတစ်ကြိမ်တွင် ချင်မူက ဝင်အနားယူရန် မြို့ပျက်မရှာဘဲ သေတ္တာကြီးအား နဂါးချီလင်ကို သယ်စေလိုက်သည်။ သူကတော့ အမှောင်ထုထဲမှ လမ်းလျှောက်ရင်း လိုက်လာ၏။
ညအချိန်အတွင်း ထူးဆန်းသောအရာများစွာကို ချင်မူ မြင်ခဲ့ရသည်။ အမှောင်ထု ဝင်ရောက်လာသည်နှင့် မြို့များ၊ သတ္တဝါများ ရုတ်တရက် ပေါ်လာတတ်ပြီး စစ်ပွဲကြီးများလည်း ဖြစ်ပွားတတ်သည်။ သူ ရွာလူကြီးနှင့်အတူ မဟာမြို့ပျက်၏အမှောင်ထုထဲ၌ လျှောက်သွားခဲ့တုန်းက ထိုအဖြစ်အပျက်များအား မကြုံတွေ့ခဲ့ရပေ။
သေတ္တာကြီး၏အလင်းရောင်အနား ကပ်လိုက်လျှင်မူ အမှောင်ထုထဲတွင် အမှန်တကယ် ဖြစ်ပျက်နေသောအရာအား မမြင်ရတော့ပေ။ သေတ္တာကြီးထံမှ ကောင်းကင်အလင်းတန်းများက သူ့ကို မူလကမ္ဘာသို့ ပြန်ခေါ်လိုက်တတ်သည်။
ထူးဆန်းသည်မှာ လောကစည်းဆိုသည့် ကမ္ဘာနှစ်ခုကြားက အတားအဆီးကို သူ မခံစားရခြင်းပင်။
ယင်းက မဖြစ်နိုင်သောအရာ ဖြစ်၏။
ကမ္ဘာနှစ်ခုကြားတွင် လောကစည်းများ ရှိသည့်အတွက် ထိုလောကစည်းကို ဖြတ်သွားလျှင် မတူညီသောကမ္ဘာနှစ်ခုအကြား ဖိညှပ်ခံလိုက်ရသကဲ့သို့ ခံစားရတတ်သည်။ ဖြတ်သွားသူ၏ ခွန်အားက ကြီးမားလေလေ၊ ဖိညှပ်မှုက ပြင်းထန်လေလေ ဖြစ်မည်။
သို့တိုင်အောင် အမှောင်ဘုံနှင့် သက်ရှိကမ္ဘာကြားတွင် အတားအဆီးစည်း မရှိနေရာ ထူးဆန်းလှ၏။
ချင်မူ သေတ္တာကြီး၏အလင်းရောင်ဆီ ပြန်လျှောက်သွားပြီး သေတ္တာကြီးအပေါ်၌ ထိုင်ကာ ငေးငိုင်နေသည်။ တခဏကြာသော် သူ့မျက်လုံးများ ဝင်းလက်လာပြီး သူက ပြုံးလိုက်၏။ ‘ဒီနယ်ပယ်ကို နားလည်တဲ့သူတစ်ယောက်ကို ငါ သိထားတာပဲ... သူ့ခေါ်မေးလိုက်တာ မကောင်းဘူးလား’
ချင်မူမှာ စိတ်လှုပ်ရှားစွာဖြင့် သေတ္တာကြီးအား ရပ်ခိုင်းလိုက်သည်။ ထို့နောက် သေတ္တာအပေါ်မှ ခုန်ဆင်း၍ ထောင်ကျယ်အိတ်ထဲမှ အရိုးဖြူယဇ်ပလ္လင်တစ်ဆူ ထုတ်လိုက်သည်။ ခေါင်းလေးလုံး၊ လက်ရှစ်ဖက် သစ်သားမိစ္ဆာနတ်ဘုရားရုပ်အား ပလ္လင်ပေါ် တင်လိုက်၏။ နေရာချပြီးသည့်အခါ စုတ်တံထုတ်ပြီး မိစ္ဆာနတ်ဘုရားရုပ်အပေါ်၌ သင်္ကေတအမှတ်အသားမျိုးစုံ ရေးဆွဲလိုက်သည်။ သူ၏ချီစွမ်းအင်ဖြင့် သင်္ကေတများကို အသက်သွင်းလိုက်သည့်အချိန်တွင် တစ္ဆေကူးပြောင်း နတ်ဘုရားစေလွှတ် အမိန့်မှော်အစီအရင်အား ထုတ်လွှတ်ပြီးသွားသည်။
သို့သော် သစ်သားမိစ္ဆာနတ်ဘုရားရုပ်က တုပ်တုပ်မျှ မလှုပ်ပေ။
ချင်မူ မသင်္ကာဖြစ်သွား၍ မှော်အစီအရင်ကို နောက်တစ်ကြိမ် ထုတ်လွှတ်လိုက်သော်လည်း သစ်သားမိစ္ဆာနတ်ဘုရားရုပ်မှ မတုံ့ပြန်သေးပေ။
“နောင်ကြီးတုထျန်း... ညီလေးက နောင်ကြီးကို စားကောင်းသောက်ဖွယ်တွေနဲ့ ပူဇော်ပြီး ဆင့်ခေါ်နေပါတယ်။ ကျေးဇူးပြုပြီး နောင်ကြီး ကိုယ်ထင်ပြပေးနိုင်မလားခင်ဗျာ” ချင်မူက ဆုတောင်းလိုက်သည်။ “နောင်ကြီးတုထျန်း မလာရင် ညီလေးက နောင်ကြီး မလာမချင်း တစ်နေ့ကို အကြိမ်တစ်ရာ ဆုတောင်းနေမှာ။ နောင်ကြီး...”
“ပိတ်ထားစမ်း... ဘယ်သူက မင့်နောင်ကြီးလဲ”
သစ်သားမိစ္ဆာနတ်ဘုရားရုပ်၏ မျက်နှာတစ်ဖက်အပေါ်တွင် ရုတ်တရက် မျက်လုံးများ ပွင့်လာပြီး မျက်လုံးအိမ်နှစ်ခုက လည်နေ၏။ တုထျန်းမိစ္ဆာဘုရင်မှာ ချင်မူ အကောက်ကြံနေခြင်းဟုတ်မဟုတ် သေချာအောင် အသိစိတ်အလျဉ်တစ်မျှင်ကို ဦးစွာပို့လွှတ်၍ စစ်ဆေးနေခြင်းဖြစ်သည်။ ထို့နောက် ကျန်မျက်နှာသုံးဖက်လည်း တမုဟုတ်ချင်း နိုးလာပြီး ပါးစပ်ဟကာ စကားပြောသည်။
“ငါ မင်းနဲ့ ညီအစ်ကိုတွေ လုပ်ခဲ့တာ မဟုတ်ဘူး... ရင်းနှီးသလို လာလုပ်မနေနဲ့... မင်းသာ တစ်နေ့ကို အကြိမ်တစ်ရာလောက် ဆုတောင်းနေရင် ငါတော့ မင်းကြောင့် စိတ်ရူးဖောက်ပြီး သေသွားလိမ့်မယ်။ ဂိုဏ်းသခင်ချင် ငါ့ကို ဘာလို့ဆင့်ခေါ်လိုက်တာလဲ”
ချင်မူမှာ စိတ်သက်သာရာ ရသွားပြီး ပြုံးရယ်လျက် ပြောလိုက်သည်။ “ကျွန်တော် နားမလည်တာ တစ်ခု ရှိလို့ပါ” သူက အမှောင်ထုထဲ၌ မြင်ခဲ့ရသည်များကို ရှင်းပြကာ မေးလိုက်၏။ “ကမ္ဘာနှစ်ခုထပ်သွားလို့ ဖြတ်သွားလိုက်ရင် ဘာလို့လောကစည်းအတားအဆီး မရှိတာလဲ”
သစ်သားမိစ္ဆာနတ်ဘုရားက ယဇ်ပလ္လင်မှ ထပြီး အရိုးဖြူဖြူတစ်ချောင်း ကောက်၍ ကြံစုပ်နေသကဲ့သို့ စားနေသည်။ “ငါ့ကို အကောက်ကြံဖို့ ဆင့်ခေါ်တယ် ထင်နေတာ... လက်စသတ်တော့ ဘာမဟုတ်တဲ့ ကိစ္စလေး ဖြစ်နေတာပဲ”
ချင်မူက အလိုက်သင့်လေး မေးလိုက်သည်။ “နောင်ကြီးတုထျန်း ရှင်းပြပေးလို့ရမလားခင်ဗျာ”
တုထျန်းမိစ္ဆာဘုရင်မှာ ကြက်သီးတဖြန်းဖြန်း ထသွား၍ ကမန်းကတန်း ပြောလိုက်သည်။ “သိပ်ယဉ်ကျေးမနေနဲ့... မင်း ယဉ်ကျေးလွန်းနေရင် ငါ့ကို ပြဿနာရှာတော့မယ်လို့ပဲ တွေးမိနေတယ်... မင်းပြောတဲ့ကိစ္စက တကယ်တော့ အမြဲကိန်းသေဖြစ်နေတဲ့ ကမ္ဘာစွမ်းအင်နဲ့ ပတ်သက်နေတာပဲ... လူတစ်ယောက်ရဲ့ မွေးဖွားခြင်း၊ သိုင်းကျင့်ခြင်း၊ သေဆုံးခြင်းတွေက ကမ္ဘာစွမ်းအင်ကို ပြောင်းလဲစေမှာမဟုတ်ဘူး..... ဒါက အခြေခံအကျဆုံး ဥပဒေပဲ”
ချင်မူ တွေးကြည့်ပြီး ပြောလိုက်သည်။ “နတ်ဘုရား ဒါမှမဟုတ် မိစ္ဆာနတ်ဆိုး ဖြစ်လာပြီး မသေနိုင်တော့ရင်တောင် လူတစ်ယောက်ရဲ့ မွေးဖွားခြင်း၊ သိုင်းကျင့်ခြင်း၊ သေဆုံးခြင်းတွေက ကမ္ဘာစွမ်းအင်ကို မပြောင်းလဲစေနိုင်ဘူးလား”
“လူတစ်ယောက်က နတ်ဘုရား ဒါမှမဟုတ် မိစ္ဆာနတ်ဆိုး ဖြစ်လာရင်တောင်မှ ဒီကမ္ဘာထဲမှာ ရှိတဲ့ ကိန်းသေစွမ်းအင်ကို ပြောင်းလဲစေမှာမဟုတ်ဘူး။ သူတို့မသေလို့ ကမ္ဘာစွမ်းအင်က များသထက်များလာပြီး လျော့ကျမသွားမှာ မဟုတ်ဘူး” တုထျန်းမိစ္ဆာဘုရင်က ပြောလိုက်သည်။ “ကမ္ဘာတစ်ခုရဲ့ စွမ်းအင်ဆိုတာ ကိန်းသေဖြစ်သလို၊ စွမ်းအင်ပြောင်းလဲမှုကလည်း အကန့်အသတ်တစ်ခု ရှိတယ်။ လူတစ်ယောက်က ဒီကမ္ဘာကနေ အခြားကမ္ဘာတစ်ခုကို ဝင်သွားရင်... ဒီကမ္ဘာက လူတစ်ယောက်စာစွမ်းအင်ကို ဆုံးရှုံးလိုက်ရပြီး အခြားကမ္ဘာက လူတစ်ယောက်စာစွမ်းအင်ကို ရရှိလိုက်တယ်။ ရလဒ်အနေနဲ့ ဝင်သွားတဲ့လူရဲ့ ခန္ဓာကိုယ်အပေါ် စွမ်းအင်သက်ရောက်မှု နှစ်ကြိမ်ဖြစ်ပေါ်လာမယ်။ ဒါကြောင့် အခြားကမ္ဘာထဲ ဝင်ဖို့က သိပ်ခက်ပြီး သွေးယဇ်ပူဇော်ဖို့ လိုအပ်တာပဲ”
ရုတ်တရက် အရာအားလုံး ကျိုးကြောင်းဆီလျော်သွားကြောင်း ချင်မူ ခံစားလိုက်ရသည်။ “သွေးယဇ်ပူဇော်တယ်ဆိုတာ ဒီကမ္ဘာရဲ့ သက်ရှိတွေကို အခြားကမ္ဘာရဲ့ စွမ်းအင်ဖြစ်လာဖို့အတွက် ယဇ်ပူဇော်လိုက်တာမျိုးပေါ့”
တုထျန်းမိစ္ဆာဘုရင်က ခေါင်းညိတ်လိုက်၏။ “အဲဒီအချိန်ကျရင် ပူဇော်မှုကို ရရှိလိုက်တဲ့ နတ်ဘုရားတွေနဲ့ မိစ္ဆာနတ်ဆိုးတွေကျတော့ သူတို့ကမ္ဘာကနေ ဒီဘက်ကမ္ဘာကို ဆင်းသက်လာပြီး ဒီဘက်ကမ္ဘာမှာ ဆုံးရှုံးသွားတဲ့ စွမ်းအင်ကို ဖြည့်ပေးလိုက်တယ်။ အဲဒီလိုနဲ့ ကမ္ဘာနှစ်ခုကြားက စွမ်းအင်ဟန်ချက် ညီသွားတာပေါ့... ဥပမာ မင်းရဲ့ ဒီယဇ်ပလ္လင်ဆိုပါစို့ကွာ... အရိုးတွေထဲက စွမ်းအင်ကို မင်းက ယဇ်ပူဇော်လိုက်တော့ စွမ်းအင်က ငါ့တုထျန်းကမ္ဘာဆီ ရောက်လာတယ်။ အလဲအလှယ်အနေနဲ့ ငါကလည်း မာယာများတဲ့ မင်းတို့ကမ္ဘာဆီ ဆင်းသက်လာရတာပေါ့”
ချင်မူ၏ မျက်လုံးများ အရောင်တောက်သွားပြီး ပြောလိုက်သည်။ “အဲဒီလိုလား.. ဒါဆို စွမ်းအင်အကန့်အသတ်ကို ပြောင်းလဲနိုင်တယ်ဆိုတာကရော”
“သွေးယဇ်ပူဇော်မှုက ကမ္ဘာနှစ်ခုကြားကို ဆယ်သွယ်ပေးထားတဲ့ တံတားတစ်စင်း တည်ဆောက်ပေးတယ်။ ငါ့အနေနဲ့ စွမ်းအင်တစ်စိတ်တစ်ပိုင်းကို ခိုးယူလိုက်ပြီး စွမ်းအင်ဟန်ချက်မပျက်အောင် တံတားကနေ ပို့လွှတ်လိုက်လို့ရတယ်” တုထျန်းမိစ္ဆာဘုရင်က ပြုံးလိုက်၏။ “အရင်တစ်ခေါက် မင်း ငါ့ကို ဆင့်ခေါ်တုန်းက ယဇ်စွမ်းအင် မလုံလောက်ခဲ့ဘူး... ဒါ့ကြောင့် ဒီကမ္ဘာကို ဆင်းသက်လာနိုင်အောင် ငါ စွမ်းအင်အများကြီး ပို့လွှတ်ရတယ်။ ပြောရရင် အတင်းတိုးထွက်လာသလိုပေါ့.. ဒါပေမဲ့ ငါ တိုးထွက်လာနိုင်ဖို့ ကမ္ဘာနှစ်ခုဆီက ဖိအားကို တောင့်ခံရသေးတာဆိုတော့ ပို့လွှတ်နိုင်တဲ့ စွမ်းအင်ကလည်း အကန့်အသတ်တစ်ခု ရှိနေသေးတယ်။ သိပ်မကြာခင်ကပဲ ငါတတ်နိုင်တာထက် ကျော်သွားခဲ့ပြီ။ အဲဒီလို တရားမဝင် ဝင်လာနိုင်တဲ့ စွမ်းအားက ယဇ်ပူဇော်နေတဲ့သူရဲ့ အစွမ်းအစပေါ်လည်း မူတည်တယ်”
ချင်မူ သဘောပေါက်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ “ဒါပေမဲ့ မဟာမြို့ပျက်ရဲ့ အမှောင်ထုထဲမှာကျ ထပ်နေတဲ့ကမ္ဘာနှစ်ခုကြားမှာ လောကစည်းအတားအဆီး မရှိဘူး။ အဲဒါ ဘာကြောင့်လဲ”
တုထျန်းမိစ္ဆာဘုရင်က ညစ်ကျယ်ကျယ် ရယ်၏။ “အတင်းတိုးဝင်လာတဲ့ စွမ်းအင်က ဒီကမ္ဘာခံနိုင်တဲ့ အကန့်အသတ်ထက် ကျော်လွန်သွားရင် ဘာဖြစ်မလဲ”
ချင်မူ ရင်ထဲတွင် ပြင်းပြင်းထန်ထန် လှုပ်ခါသွားသည်။ “ဆိုလိုတာက...”
“သွေးယဇ်ပူဇော်မှုအကြီးကြီးက တံတားထောင်ပေါင်းများစွာ တည်ဆောက်ပေးမယ်။ နတ်ဘုရားတွေ၊ မိစ္ဆာနတ်ဆိုးတွေ ထောင်ပေါင်းများစွာက စွမ်းအင်တွေကို အဲဒီကမ္ဘာထဲ အတင်းအကြပ် ပို့လွှတ်လိုက်မယ်ဆိုရင်...” တုထျန်းမိစ္ဆာဘုရင်က ရက်စက်ကြမ်းကြုတ်စွာ ပြုံးသည်။ “အဲဒီကမ္ဘာရဲ့ အတားအဆီးကို ဖျက်စီးပစ်နိုင်လိမ့်မယ်။ လောကစည်း မရှိတော့တာနဲ့ အတားအဆီး မရှိတော့ဘူး။ ကမ္ဘာခြားတွေအားလုံး အစုလိုက်အပြုံလိုက် လာသတ်နိုင်သွားပြီ”
ချင်မူ သွေးများအေးစက်သွားပြီး တုန်ရီသွားမိသည်။ မယုံကြည်နိုင်မှုက သူ့မျက်နှာတွင် ထင်ဟပ်လာကာ သူက အော်လိုက်မိသည်။ “ခင်ဗျားပြောတာက မဟာမြို့ပျက်ရဲ့ အမှောင်ထုထဲက အဲဒီကမ္ဘာရဲ့ အတားအဆီးက ဖျက်စီးခံလိုက်ရတာပေါ့”
“လောကစည်းအတားအဆီး ကျိုးပျက်သွားတာ အဲဒီကမ္ဘာဟုတ်ချင်မှ ဟုတ်မှာ... “ တုထျန်းမိစ္ဆာဘုရင်က သူ့ကို ပြုံးကြည့်နေသည်။ “မင်းတို့ကမ္ဘာက လောကစည်းမရှိတဲ့ ကမ္ဘာဖြစ်နေတယ် မထင်ဘူးလား”
ချင်မူ ခေါင်းယမ်းလိုက်မိသည်။ “ဒီကမ္ဘာမှာသာ လောကစည်းမရှိရင် ခင်ဗျား ဆင်းလာတာဖြင့် ကြာပေါ့။ ကျွန်တော် မြင်ခဲ့ရတဲ့ ကမ္ဘာမှာ တွင်းနက်ကြီးတွေ ပွင့်လာခဲ့တယ်... မိစ္ဆာနတ်ဘုရားတွေက စစ်သည်တော်တွေကို ဦးဆောင်ရင် အဲဒီတွင်းနက်တွေထဲကနေ ထွက်လာတာပဲ။ ဒါကြောင့် လောကစည်းပျက်စီးသွားတာ အဲဒီကမ္ဘာပဲ ဖြစ်နိုင်တယ်”
တုထျန်းမိစ္ဆာဘုရင်က သေတ္တာပေါ်၌ ထိုင်ကာ သမ်းလိုက်သည်။ သူက ခြေထောက်များကို လွှဲရင်း ပြော၏။ “ဒီကမ္ဘာနဲ့ ထပ်နေတဲ့ အမှောင်ထုထဲက ကမ္ဘာအကြောင်း မင်းပြောပုံအရဆို .... ငါ ကြောက်စရာကောင်းတဲ့အရာတစ်ခုကိုတောင် တွေးမိသွားတယ်... ကမ္ဘာယဇ်ပူဇော်မှု”
ပြိုင်ဘက်ကင်းလောက်အောင် ရက်စက်ကြမ်းကြုတ်သော အပြုံးများက မျက်နှာလေးဖက်တွင် ပေါ်လာပြီး ရုပ်တုက စိတ်လှုပ်ရှားစွာ ထခုန်သည်။ “ကမ္ဘာယဇ်ပူဇော်မှုဆိုတာ ကမ္ဘာတစ်ခုလုံးကို စတေးပစ်တာပဲ။ အဲဒီကနေ ဖြစ်ပေါ်လာတဲ့ ကြောက်စရာစွမ်းအင်ကြီးက ကမ္ဘာခြားတစ်ခုကို ဝင်လိုက်မိသွားရင် နတ်ဘုရားမိစ္ဆာတစ်သန်းလောက် တစ်ပြိုင်တည်း ဆင်းသက်ပြီး အဲဒီကမ္ဘာခြားကို ဖျက်စီးပစ်လို့ရတယ်။ ဒါ မဟာဗျူဟာအမြောက်ဆုံး အစီအစဉ်ပဲ”
“သူတို့က အဲဒီကမ္ဘာကို ဖျက်စီးပစ်တော့မှာလား” ချင်မူ စိတ်ရှုပ်ထွေးစွာ မေးလိုက်မိသည်။
ခေါင်းများ လှည့်လာသဖြင့် သစ်သားမိစ္ဆာနတ်ဘုရားရုပ်မှ တကျွိကျွိမြည်သံမျာ ထွက်လာ၏။ မျက်လုံးလေးစုံက လူငယ်အပေါ် ကျရောက်လာသည်။
ချင်မူ ခေါင်းမွှေးများထောင်သွားပြီး အော်လိုက်မိသည်။ “ခင်ဗျားပြောနေတာက မိစ္ဆာနတ်ဘုရားတွေက အဲဒီအမှောင်ကမ္ဘာရဲ့ လောကစည်းကို ဖျက်စီးပစ်လိုက်ပြီး ဒီနေရာကို ဆင်းသက်လာဖို့ လုပ်နေတာပေါ့”
တုထျန်းမိစ္ဆာဘုရင်၏ ခေါင်းများ လည်သွားပြီး သူ့လက်များက လက်ခုပ်လက်ဝါးတီးကာ ချီးကျူးနေသည်။ “ဉာဏ်ကောင်းချက်... မဟာမြို့ပျက် အဲဒီကမ္ဘာနဲ့ ထပ်သွားတဲ့အချိန်ကျရင် သူတို့ အဲဒီကမ္ဘာတစ်ခုလုံးကို ယဇ်ပူဇော်ပစ်လိမ့်မယ်။ ဖြစ်ပေါ်လာမယ့် စွမ်းအင်တွေက သိပ်များလွန်းတော့ ကမ္ဘာခြားမိစ္ဆာနတ်ဆိုးတွေအနေနဲ့ မဟာမြို့ပျက်ဆီ ဆင်းလာနိုင်လိမ့်မယ်။ အဲဒီအချိန်ကျရင် ကမ္ဘာနှစ်ခု တိုက်သွားတဲ့ ကြောက်စရာမြင်ကွင်းကြီးကို မြင်ရပါလိမ့်မယ်.. သတ္တဝါတွေ သိန်းသန်းနဲ့ချီ သေကုန်လိမ့်မယ်။ ငါတော့ တွေးရင်း စိတ်လှုပ်ရှားလာပြီ”
ချင်မူမှာတော့ ငိုင်ကျသွား၏။ သူက ခေါင်းယမ်းကာ ပြောလိုက်သည်။ “မဖြစ်နိုင်ဘူး .. မဖြစ်နိုင်ဘူး.. အမှောင်ထုက နှစ်ပေါင်းနှစ်သောင်းတောင် ရှိနေခဲ့တာ... အဲဒီကမ္ဘာရဲ့ စစ်ပွဲက နှစ်ပေါင်းနှစ်သောင်း ကြာနေပြီလို့ မဆိုလိုသွားဘူးလား... စစ်ပွဲက ဘယ်လိုလုပ် အဲဒီလောက်ကြာနိုင်မှာလဲ.. မဖြစ်နိုင်ဘူး”
တုထျန်းမိစ္ဆာဘုရင်က သေတ္တာပေါ်မှ ခုန်ဆင်းကာ ပြောသည်။ “ငါသာ မင်းဆိုရင် ကမ္ဘာခြားတစ်ခုမှာ သွားနေတာ ကြာပြီ။ အမြော်အမြင်ရှိတဲ့ လူတစ်ယောက်ဟာ အရှေ့ကို ကြိုမြင်ပြီး အန္တရာယ်တွေကို လျှော့ချပစ်နိုင်တယ်တဲ့... အသိုက်ကို လှန်လိုက်မှတော့ မကွဲတဲ့ ဥ ရယ်လို့ မရှိဘူး။ ဒီကမ္ဘာက အန္တရာယ်များလွန်းတယ်... ငါ ပြန်တော့မယ်... ပြီးတော့ ငါ့ကို ခဏခဏ အနှောင့်အယှက်မပေးနဲ့.. မင်းကိုဆို ကြောက်လို့ပါ”
သူက အမှောင်ထုထဲ ဝင်၍ တုထျန်းကမ္ဘာသို့ မပြန်ခင် အော်သွားသည်။ “အမှောင်ထုထဲက ကမ္ဘာ ဖျက်စီးခံလိုက်ရမယ့်နေ့က မင်းတို့ကမ္ဘာ မိစ္ဆာနတ်ဘုရားကမ္ဘာနဲ့ ဝင်တိုက်သွားမယ့် နေ့ပဲ။ မင်းတို့ ကမ္ဘာပျက်မယ့်နေ့ဆိုလည်း ဟုတ်တယ်”
ထို့နောက် သူက အမှောင်ထုထဲ ပြေးဝင်သွားတော့သည်။ ချင်မူ သူ့နောက် ပြေးလိုက်သွားသော်လည်း သစ်သားရုပ်တု အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားသည်ကိုသာ မြင်တွေ့လိုက်ရ၏။
သူ မျက်မှောင်ကြုတ်၍ သေတ္တာဘေးသို့ ပြန်လာလိုက်သည်။ အရိုးဖြူပလ္လင်၏ စွမ်းအင်လည်း ကုန်ခမ်းသွား၍ အရိုးများ ကြေမွသွားချေပြီ။
‘တုထျန်းမိစ္ဆာဘုရင်ရဲ့ စကားက ယုံရပါ့မလား... သူ့ကြည့်ရတာ မယုံရပေမယ့် သိပ်ကြောက်စရာကောင်းတဲ့ ကိစ္စကို ပြောပြသွားတယ်....’
ချင်မူ စိတ်အားတင်းလိုက်သည်။ တုထျန်းမိစ္ဆာဘုရင်၏ စကားများက ကြောက်စရာကောင်းလှသော်လည်း ... သူ မည်မျှယုံ၍ရမည်နည်း။
သို့သော် ပြန်တွေးကြည့်သည့်အခါ တုထျန်းမိစ္ဆာဘုရင်က အခြားသူ ကံဆိုးမိုးမှောင်ကျလျှင် ဝမ်းသာပျော်ရွှင်နေတတ်သူ ဖြစ်သည်။ တစ်ကမ္ဘာလုံး ဖရိုဖရဲ ဖြစ်နေမည်ကို မျှော်လင့်နေသူဖြစ်၍ သူ့အား တမင်ခြောက်စရာ မလိုပေ။
‘ထာဝရငြိမ်းချမ်းရေးအင်ပါယာက အားနည်းလွန်းတယ်’ ချင်မူ ယိုင်နဲ့စွာ သက်ပြင်းချရင်း သူ့ဘာသာသူ တွေးလိုက်မိသည်။ ‘ဒါပေမဲ့ အမှောင်ထုထဲက ကမ္ဘာက မိစ္ဆာနတ်ဆိုးမျိုးနွယ်နဲ့ နှစ်နှစ်သောင်းတိုင်တိုင် တိုက်ခိုက်ခဲ့ပြီး အခုထက်ထိ တည်မြဲနေသေးတာပဲ.... ဒီတိုင်း ရှုံးနိမ့်သွားပြီး ယဇ်ပူဇော်ခံလိုက်ရမှာတော့ မဟုတ်လောက်ဘူးမလား... ဒါကြောင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာအနေနဲ့ မိစ္ဆာနတ်ဆိုးကမ္ဘာကို မရင်ဆိုင်ရခင် အချိန်အများကြီး ရသေးတယ်... သိပ်စိတ်ပူစရာ မလိုသေးဘူး.. ဟီးဟီး တုထျန်းမိစ္ဆာဘုရင် ခြောက်လိုက်လို့ ငါ သေးတောင် ထွက်ကျတော့မလို့.... ဒါ အခြေအမြစ်မရှိတဲ့ ကြောက်စိတ်၊ အခြေအမြစ်မရှိတဲ့ ကြောက်စိတ်လေးပါပဲ”
ရက်အနည်းငယ်ကြာသော် ချင်မူ မဟာမြို့ပျက်ထဲမှ ထွက်လာပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ပြန်သည်။ သူက လျှို့ဝှက်ရေတံခါးမှ အမြန်သင်္ဘောတစ်စင်း ယူ၍ နန်းစိုက်မြို့တော်သို့ ဦးတည်သွားသည်။ ဧကရာဇ်ဆီသို့ အစီရင်ခံစာတစ်စောင် ရေးပြီး ရှုန်းရှီယွီ မင်းပဏ္ဍာအဖြစ် ဆက်သခဲ့သော လိပ်နက်ပုတီးစေ့ကိုလည်း အပ်နှံလိုက်၏။ လမ်းဖောက်မည့်ကိစ္စကိုလည်း လျှောက်တင်သည်။
ဧကရာဇ်ယန်ဖုန်းက ဧကရာဇ်အတိုင်ပင်ခံအပါအဝင် အရပ်ဘက်၊ စစ်ဘက်အရာရှိအားလုံးကို အစည်းအဝေးခေါ်၍ ဆွေးနွေးသည်။ အရာရှိမင်းအများစုက လမ်းများဖောက်လုပ်မည့်ကိစ္စကို ကန့်ကွက်ကြသဖြင့် ဧကရာဇ်အတိုင်ပင်ခံနှင့် အတိုက်အခံ ဖြစ်ကြ၏။ ဧကရာဇ်ယန်ဖုန်းက ပြုံးတော်မူလျက် ကန့်ကွက်သူများကို ကွပ်မျက်မည်ဟု မိန့်ကြားသည့်အခါမှ လမ်းဖောက်မည့်ကိစ္စ အတည်ဖြစ်သွားသည်။
ထို့နောက် ဧကရာဇ်ယန်ဖုန်းက ဤကိစ္စကို စက်မှုဝန်ကြီးဌာနှင့် ဧကရာဇ်အတိုင်ပင်ခံဆီသို့ လွှဲပြောင်းပေးအပ်ကာ စီမံဆောင်ရွက်စေတော်မူသည်။ ချင်မူက ဧကရာဇ်အတိုင်ပင်ခံကို သွားရှာပြီး ပြောလိုက်၏။ “အနောက်ကမ္ဘာမြေရဲ့ ကောင်းကင်နတ်သိုင်းတွေက ကျွန်တော်တို့ နတ်ဂိုဏ်းအတွက် သိပ်သင့်တော်တယ်။ ကောင်းကင်နတ်မင်း... ဂိုဏ်းအကြီးအကဲတွေနဲ့ စံအိမ်သခင်တွေကို ဦးစီးပြီး ပါရမီရှင်တချို့ ရွေးချယ်ပေးပါဦး”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ဇဝေဇဝါ ဖြစ်သွားသည်။ “ဂိုဏ်းသခင်ချင်၊ ဒီကိစ္စက ငါ ကိုင်တွယ်လို့ သင့်တော်ပါ့မလား”
“ကောင်းကင်နတ်မင်းက ကျွန်တော်တို့ နတ်ဂိုဏ်းရဲ့ ကောင်းကင်နတ်မင်းလေးပါးထဲက တစ်ယောက်ပဲလေ... ကိုင်တွယ်လို့ သင့်တော်တာပေါ့”
ဧကရာဇ်အတိုင်ပင်ခံ၏ နဖူးမှ သွေးကြောများ ထောင်လာပြီး သူက တောင့်တောင့်ကြီး ပြောလိုက်သည်။ “ဂိုဏ်းသခင်ကရော”
ချင်မူက ပြုံးလျက် ဖြေလိုက်၏။ “ကျွန်တော်က စီးပွားရေးလုပ်ပြီး ငွေအများကြီး ရှာတော့မှာ”