အများနှင့် မတူသည့် နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီး
Vol. 73 Ch. 1007
ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသောအခါ သတိကြီးကြီး ထားမိသွား၏။ တစ်ချိန်ထဲမှာပင် နွားထီးအိုကြီး ပြောခဲ့သည်စကားများမှာ သူ၏ အတွေးထဲ၌ ပြန်လည်ပေါ်ပေါက်လာသည်။ မီးတောက်ကြယ်စင်စုထဲတွင် လိမ်မပြောဘဲ အမြဲတမ်း အမှန်အတိုင်းပြောရမည်ဟု ၎င်းက ဆိုခဲ့သည်မဟုတ်ပါလော...
သို့သော် ယခုတွင်မူ သူသည် မျက်နှာအမူအရာ ပို၍ပင် တည်ကြည်သွားပြီး ဆိုလိုက်၏။
" နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီး ။ အစ်ကိုက ကျွန်တော့်ကို နားလည်မှုလွဲနေပြီထင်တယ်။ ဆရာက အမြော်အမြင်ကြီးမားတဲ့ လူတစ်ယောက်လို့ ကျွန်တော် ထင်ပါတယ်။ အဲတာမလို့ သူ အဲဒီလိုလုပ်ရတဲ့ အကြောင်းပြချက်တွေ ရှိမှာပါ။ ကျွန်တော် စိတ်ထင်တဲ့အတိုင်း မခန့်မှန်းရဲပါဘူး "
သူ၏ဘေးတွင် ရှိနေသည့် နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးမှာ ထိုစကားများကို ကြားလိုက်ရသောအခါ နှုတ်ခမ်းတွန့်သွား၏။
" နံပါတ်ဆယ့်ခြောက် ဂိုဏ်းတူညီလေး။ မင်းက မရိုးသားဘူးပဲ။ ခဏနေလို့ နံပါတ်ခုနစ် ဂိုဏ်းတူအစ်ကိုကြီးနဲ့ တွေ့တဲ့အချိန်ကျရင် မင်းရဲ့ မရိုးသားမှုတွေအတွက် နောက်ဆက်တွဲ အကျိုးဆက်တွေကို မင်း သိရလိမ့်မယ် "
နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးမှာ ဝမ်ပေါင်လဲ့သည် လိမ္မာပါးနပ်မှု မရှိသည့် လူတစ်ယောက်ဟု မှတ်ယူလိုက်ပြီး စကားစဖြတ်လိုက်၏။ သူသည် ခုန်ပေါက်နေဆဲဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့အား စကားထပ်ပြောခြင်း မရှိတော့ဘဲ ဂိုဏ်းတူအစ်မကြီး ဆယ့်နှစ်နှင့် ဆယ့်တစ်တို့ဆီသို့ ခေါ်ဆောင်သွားလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ နံပါတ်ဆယ့်နှစ် ဂိုဏ်းတူအစ်မကြီးနှင့် တွေ့လိုက်ရသောအခါမှ စိတ်အေးသွားရပြီး သက်ပြင်းချနိုင်သွား၏။ သူ မီတောက်ကြယ်စင်စုဆီသို့ ရောက်ရှိလာပြီးနောက်ပိုင်း မြင်ခဲ့ရသည့် ကျင့်ကြံသူများထဲတွင် သူမသည် လူပုံစံ ပေါက်နေသည့် တစ်ဦးတည်းသော ကျင့်ကြံသူ ဖြစ်နေသည် မဟုတ်ပါလော။ သူမ၏ ကျင့်ကြံခြင်းအဆင့်မှာ ထာဝရကြယ်အဆင့်တွင် ရှိနေ၏။ နံပါတ်ဆယ့်နှစ် ဂိုဏ်းတူအစ်မကြီးမှာ လှပကြော့ရှင်းရုံသာမက သူမ၏ စကားများနှင့် အပြုမူများမှာလည်း အလွန်အင်မတန်မှ နှစ်လိုဖွယ်ကောင်းပေသည်။ မျှော်စင်ထဲတွင် သူမသည် ဝမ်ပေါင်လဲ့အား နူးညံ့သိမ်မွေ့စွာ ဆက်ဆံခဲ့၏။ သူမသည် ဝမ်ပေါင်လဲ့၏ အခြေအနေအကြောင်း မေးမြန်းကာ သူ့အား ကျင့်ကြံခြင်းကိစ္စများနှင့် ပတ်သက်၍ အကြံဉာဏ်အချို့ ပေးလိုက်ပြီးနောက် သူမကိုယ်တိုင် သူနှင့် ဆယ့်ငါးတို့အား မျှော်စင်အပြင်ဘက်အထိ လိုက်ပို့ပေးခဲ့သည်။
သူမသည် သူတို့နှစ်ယောက်အား အပြင်ဘက်သို့ လိုက်ပို့လိုက်ပြီးနောက် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီး ဆေးပုလင်းတစ်လုံး ထုတ်ယူကာ ဝမ်ပေါင်လဲ့အား ပေးလိုက်၏။
" ဂိုဏ်းတူမောင်လေး ဆယ့်ခြောက်။ ဒီ ဆေးကို ဝိညာဉ်အားဖြည့်စုစည်းခြင်းဆေးလုံးလို့ ခေါ်တယ်။ ဒီ ပုလင်းထဲမှာ စုစုပေါင်း ခုနစ်လုံးပါတယ်။ မောင်လေး သေရေးရှင်ရေး အခြေအနေကို ရောက်နေတဲ့အချိန် ဒီဆေးလုံးကို သောက်လိုက်။ အဲတာဆိုရင် မိနစ်သုံးဆယ်အတွင်းမှာ မောင်လေးရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဥ် သိသိသာသာ အားပြန်ပြည့်လာလိမ့်မယ် "
နံပါတ်ဆယ့်တစ် ဂိုဏ်းတူအစ်မကြီးမှာလည်း ဂိုဏ်းတူအစ်ကိုကြီး ဆယ့်သုံးနှင့် ဆယ့်လေးတို့နှင့် ယှဉ်လိုက်ပါက စိတ်မှန်သည်ဟု ဆိုရပေမည်။ သို့သော် သူမ၏ ပင်ကိုစရိုက်မှာ နံပါတ်ဆယ့်နှစ် ဂိုဏ်းတူအစ်မကြီးနှင့် လုံးဝပြောင်းပြန် ဖြစ်နေ၏။ သူမသည် နူးညံ့သိမ်မွေ့မှု လုံးဝမရှိဘဲ အလွန်အင်မတန်မှ ဗိုလ်ကျလွန်းပေသည်။ သူမ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသည့် စွမ်းအားများမှာဆိုလျှင် အချိန်မရွေး ပေါက်ကွဲတော့မည့် မီးတောင်တစ်လုံးကဲ့သို့ပင်။
သူမ၏ စကားများမှာလည သူမ၏ ပင်ကိုစရိုက်နှင့် ကိုက်ညီမူရှိပေသည်။ သူမသည် ဝမ်ပေါင်လဲ့အား မြင်လိုက်ရသည်နှင့် ချက်ချင်းပင် ပွင့်ပွင့်လင်းလင်း မေးလိုက်၏။
" နံပါတ်ဆယ့်ခြောက် ဂိုဏ်းတူမောင်လေး။ နင် တခြား ဂိုဏ်းတူညီလေးတွေ ညီမလေးတွေနဲ့ တွေ့ပြီးသွားပြီဆိုတော့ မီးတောက်ကြယ်စင်စုအကြောင်း နည်းနည်းပါးပါး နားလည်နေလောက်ပါပြီ။ ငါမေးတာဖြေ။ နင် သူတို့နဲ့ တွေ့ခဲ့ရပြီးတဲ့နောက် ငါတို့ဆရာရဲ့ လုပ်ရပ်တွေကို ဘယ်လိုမြင်လဲ "
ဝမ်ပေါင်လဲ့မှာ သူမ၏ မေးခွန်းအား အလွယ်တကူ ပြန်ဖြေနိုင်စွမ်းမရှိပေ။ ဆယ့်ငါးသည်လည်း သိပ်မကြာသေးခင်တုန်းက ထိုမေးခွန်းအား မေးခဲ့ပါသော်လည်း ဂိုဏ်းတူအစ်မကြီး ဆယ့်တစ်မှာ ဝမ်ပေါင်လဲ့အား ဖိအားပေးနေသည်မဟုတ်ပါလော။ သူမ၏ မေးခွန်းမှာ အလွန်အင်မတန်မှ ပြတ်သားလွန်းနေသည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ ချီတုံချတုံဖြစ်သွားရ၏။ နောက်ဆုံးတွင် သူသည် မာန်တင်းကာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ပြန်ဖြေလိုက်တော့သည်။
" နံပါတ်ဆယ့်တစ် ဂိုဏ်းတူအစ်မကြီးရဲ့ မေးခွန်းကို ပြန်ဖြေရမယ်ဆိုရင်... ဆရာ့ရဲ့ လုပ်ပုံကိုင်ပုံတွေက ကျွန်တော့်ရဲ့ ဦးနှောက်နဲ့ လိုက်မတွေးနိုင်လောက်အောင် နက်နဲလွန်းလှပါတယ်။ ဒါပေမဲ့ သူ သူ့ရဲ့ တပည့်တွေအပေါ် ထားရှိတဲ့ ချစ်ခြင်းမေတ္တာနဲ့ မျှော်လင့်ချက်တွေကို ကျွန်တော် ခံစားမိပါတယ် "
ဝမ်ပေါင်လဲ့မှာ သင့်တော်မှုရှိအောင် ပြန်ဖြေလိုက်ခြင်းသာဖြစ်ပြီး သူ၏ ရင်ထဲမှ အတွေးများကို ထုတ်ပြောခဲ့ခြင်း မဟုတ်ပေ။ နွားထီးအိုကြီးမှာ မျက်နှာချိုမသွေးရန်နှင့် ပွင့်ပွင့်လင်းလင်းပြောရန် သူ့အား မှာထားခဲ့ပါသော်လည်း ဤကမ္ဘာကြီးထဲတွင် မြှောက်ပင့်စကားများ ကြားရသည်ကို မနှစ်သက်သည့်သူ တစ်ယောက်မှ မရှိနိုင်ကြောင်း သူက ယုံကြည်ထား၏။
ထို့အပြင် ဝမ်ပေါင်လဲ့မှာ မီးတောက်ကြယ်စင်စုဆီသို့ ရောက်ရှိလာပြီးနောက်ပိုင်း လမ်းတစ်လျှောက်တွင် မြင်ခဲ့ရသည့် အရာများကြောင့် ဇဝေဇဝါဖြစ်ကာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေရပြီဖြစ်သည်။ သို့သော် သူသည် အရှိကို အရှိအတိုင်း မြင်ခဲ့ရခြင်းမဟုတ်ဟု ခံစားနေရ၏။ သူ ရှင်းရှင်းလင်းလင်း နားမလည်နိုင်သေးသည့် အရာများ ရှိနေသည့်ပုံပင်။
နံပါတ်ဆယ့်တစ် ဂိုဏ်းတူအစ်မကြီးမှာ ဝမ်ပေါင်လဲ့၏ အဖြေအား ကြားလိုက်ရသောအခါ အမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်ပါပါ ကြည့်လိုက်ပြီးနောက် ခေါင်းယမ်းကာ ဂရုမစိုက်သည့်အမူအရာဖြင့် ဆိုလိုက်၏။
" နင် ဒီလို အကျင့်စရိုက်မျိုးနဲ့ မီးတောက်ကြယ်စင်စုထဲကို မလာခဲ့သင့်ဘူး " နံပါတ်ဆယ့်တစ် ဂိုဏ်းတူအစ်မကြီးမှာ ထိုသို့ဆိုလိုက်ပြီးနောက် သူမ၏ လက်ကို ဝှေ့ယမ်းလိုက်၏။ ထိုအခါ ဝမ်ပေါင်လဲ့နှင့် ဆယ့်ငါးတို့ နှစ်ယောက်စလုံးမှာ အပူလှိုင်းတစ်လှိုင်း၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရပြီး မျှော်စင်အပြင်ဘက်သို့ ပြန်ရောက်သွားကြတော့သည်။
သူတို့နှစ်ယောက် အပြင်ဘက်သို့ ရောက်သွားသောအခါ ဆယ့်ငါးမှာ ဝမ်ပေါင်လဲ့အား ကြည့်ကာ သက်ပြင်းချလိုက်ပြီး လေသံတိုးတိုးဖြင့် တစ်ကိုယ်တည်း ရေရွတ်လိုက်၏။
" ဂိုဏ်းတူအစ်မကြီး ဆယ့်တစ်က စကားကို အမှန်အတိုင်း မပြောတဲ့သူတွေကို အမုန်းဆုံးပဲ "
ဝမ်ပေါင်လဲ့မှာ သူ၏စကားကို ကြားလိုက်ရသောအခါ ရှုံ့မဲ့မဲ့ ပြုံးမိလိုက်၏။ ထို့နောက် သူသည် နံပါတ်ဆယ့်တစ် ဂိုဏ်းတူအစ်မကြီး၏ မျှော်စင်အား ပြန်ကြည့်လိုက်ပြီး ခေါင်းယမ်းကာ စကားတစ်ခွန်းမှ မပြောတော့ပေ။ ဆယ့်ငါးမှာလည်း တစ်ကိုယ်တည်း ရေရွတ်လိုက်ပြီးနောက် စကားထပ်ပြောခဲ့ခြင်း မရှိဘဲ ဝမ်ပေါင်လဲ့အား အခြား ဂိုဏ်းတူအစ်ကိုအစ်မများနှင့် မိတ်ဆက်ပေးရန် ဆက်လက်ခေါ်ဆောင်သွားလိုက်၏။
ထိုသို့ဖြင့် နှစ်နာရီတိတိ ကုန်ဆုံးပြီးသွားချိန်တွင် ဆယ့်ငါးမှာ ဝမ်ပေါင်လဲ့အား နံပါတ်တစ်ဆယ် ဂိုဏ်းတူအစ်ကိုကြီးမှ နံပါတ်သုံး ဂိုဏ်းတူအစ်ကိုကြီးအထိ မိတ်ဆတ်ပေးပြီးသွားပြီ ဖြစ်သည်။ ထို ရှစ်ယောက်ထဲတွင် အများစုမှာ သာမန်လူများသာ ဖြစ်ကြ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ ရင်ထဲမှ အထူးတဆန်းဖြစ်နေသည့် ခံစားချက်ကြီးမှာလည်း အနည်းငယ်ခန့် လျော့ကျသွားရသည်။
ဥပမာပြရလျှင် နံပါတ်တစ်ဆယ် ဂိုဏ်းတူအစ်ကိုကြီးမှာ ဘီလူးတစ်ကောင်နှင့် တူသည့် လူထွားကြီးတစ်ယောက် ဖြစ်၏။ သူ၏ အပြင်ခန္ဓာကိုယ်စွမ်းအားမှာ အားကောင်းလွန်းလှပြီး သူ၏ ချီနှင့် သွေးများမှာ အလွန်အင်မတန်မှ ပူပြင်းနေသည်။ ထို့ကြောင့် သူ၏အနားသို့ ကပ်လိုက်ပါက မီးဖိုတစ်လုံး၏ ရှေ့သို့ ရောက်သွားသကဲ့သို့ပင်။ ထို ဂိုဏ်းတူအစ်ကိုကြီးမှာ နံပါတ်ဆယ့်တစ် ဂိုဏ်းတူအစ်မကြီးထက် ကျင့်ကြံခြင်းအဆင့်တွင်သာမက တိုက်ရည်ခိုက်ရည်စွမ်းအား အပိုင်းတွင်ပါ သာလွန်နေသည်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က အာရုံခံမိနေသည်။
ထို့အပြင် သူသည် ဝမ်ပေါင်လဲ့အပေါ် အလွန်အင်မတန်မှ သဘောကောင်း၏။ ဝမ်ပေါင်လဲ့ သူ့အား ဂါရဝပြုပြီးနောက် ထွက်ခွာမလာခင် သူသည် ဝမ်ပေါင်လဲ့အား သားရဲတစ်ကောင်၏ သွေးများ ထည့်ထားသည့် ပုလင်းတစ်လုံး လက်ဆောင်ပေးခဲ့သည်။ သူ၏ ပြောစကားများအရဆိုလျှင် ၎င်းမှာ ထာဝရကြယ်အဆင့် သားရဲတစ်ကောင်၏ သွေးများဖြစ်၏။ ၎င်းအား ခန္ဓာကိုယ်တစ်ခုလုံးပေါ်၌ လိမ်းကျံလိုက်မည် ဆိုပါက အပြင်ခန္ဓာကိုယ်စွမ်းအားမှာ သိသိသာသာ တိုးတက်လာမည် ဖြစ်သည်။
နံပါတ်ကိုး ဂိုဏ်းတူအစ်မကြီးမှာလည်း သာမန်လူတစ်ယောက် အတိုင်းပင်။ သို့သော် သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ သေမင်းအငွေ့အသက်များမှာ အနည်းငယ်ခန့် အားကောင်နေ၏။ နံပါတ်ခြောက် ဂိုဏ်းတူအစ်ကိုကြီးနှင့် နံပါတ်ငါး ဂိုဏ်းတူအစ်မကြီးတို့မှာ ဝမ်ပေါင်လဲ့ တွေ့ခဲ့ပြီးသားဖြစ်သည့် နံပါတ်ဆယ့်နှစ် ဂိုဏ်းတူအစ်မကြီးကဲ့သို့ သာမန်လူများနှင့် အတူဆုံး ကျင့်ကြံသူများ ဖြစ်ကြ၏။ သူတို့၏ ကျင့်ကြံခြင်းအဆင့်များမှာလည်း ထာဝရကြယ်အဆင့်တွင် ရှိနေကြသည်။ သူတို့မှာ ဝမ်ပေါင်လဲ့အား ဖော်ဖော်ရွေရွေ ပြောဆိုဆက်ဆံခဲ့ကြသလို လက်ဆောင်တစ်ခုစီလည်း ပေးခဲ့ကြ၏။
နံပါတ်လေး ဂိုဏ်းတူအစ်ကိုကြီးမှာ မီးတောက်ကြယ်စင်စုထဲ၌ ရှိမနေဘဲ လေ့ကျင့်ရန် အပြင်သို့ ထွက်ခွာသွားခဲ့သောကြောင့် ဝမ်ပေါင်လဲ့မှာ သူနှင့် မတွေ့ခဲ့ရပေ။ သို့သော် သူတို့အပြင် ဝမ်ပေါင်လဲ့၏ အမြင်၌ ထူးဆန်းနေသည့် လူအချို့လည်း ရှိနေသေးသည်။
ဥပမာပြရလျှင် နံပါတ်ရှစ် ဂိုဏ်းတူအစ်ကိုကြီးမှာ လူပုလေးတစ်ယောက် ဖြစ်၏။ သူ၏ အရပ်အမြင့်မှာ ဝမ်ပေါင်လဲ့၏ ခါးအထိသာ ရှိပေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာမူ လူတစ်ယောက်၏ အသိစိတ်အား စိုးမိုးနိုင်စွမ်းရှိသည့် အငွေ့အသက်တစ်မျိုးကို ထုတ်လွှတ်နေ၏။ သူပြုံးလိုက်သည့် အချိန်တိုင်း အနက်ရောင်သွားများ ပေါ်ပေါက်လာသောကြောင့် ဝမ်ပေါင်လဲ့မှာ ကြက်သီးမွေးညင်းများ ထသွားရပြီး အန္တရာယ်နှင့် ကြုံရတော့မည့်အလား ခံစားခဲ့ရသည်သာ ဖြစ်သည်။
ထို့အပြင် ဆယ့်ငါး ပြောခဲ့ဖူးသည့် နံပါတ်ခုနစ် ဂိုဏ်းတူအစ်ကိုကြီးလည်း ရှိနေသေးသည်။
သူသည် မူမှန်သည့် လူတစ်ယောက်ဖြစ်သလို မူမမှန်သည့် လူတစ်ယောက်လည်း ဖြစ်နေ၏။ သူ၏ ပြောပုံဆိုပုံနှင့် အပြုအမူများမှာ လူကြီးလူကောင်း တစ်ယောက်ကဲ့သို့ ယဉ်ကျေးသိမ်မွေ့မှု အပြည့်ရှိသောကြောင့် သူ့အား မူမှန်သည့် လူတစ်ယောက်အဖြစ် သတ်မှတ်နိုင်ပေသည်။ သူသည် ဝမ်ပေါင်လဲ့အတွက် ဝိညာဉ်လက်ဖက်ရည်တစ်ခွက်ပင် ဖျော်ပေးခဲ့၏။ သူပြောသည့် စကားများမှာ အရာအားလုံးကို ခြုံငုံသုံးသပ်မိနေသည်ဖြစ်ရာ သူသည် ဤ ကမ္ဘာကြီးထဲရှိ အရာအားလုံးကို ကောင်းကောင်းကြီး နားလည်ထားသည်ဖြစ်ကြောင်း သိသာထင်ရှားပေသည်။
သို့သော် သူ့အား မူမမှန်သည့် လူတစ်ယောက်အဖြစ် သတ်မှတ်ရခြင်းမှာ... သူ၏ နှာရိုးမှာ ကျိုးနေသလို သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ဖူးရောင်နေသောကြောင့်ပင်။ သူ၏ ပုံပန်းသွင်ပြင်မှာ အလွန်အင်မတန်မှ သနားစရာကောင်းနေ၏။ သူ ထို ဂိုဏ်းတူအစ်ကိုကြီးအား ဂါရဝပြုပြီး ထွက်ခွာလာသည့်အချိန်တွင် ဝမ်ပေါင်လဲ့အား အချိန်အတော်အတန်ကြာအောင် စကားမပြောခဲ့သည့် ဆယ့်ငါးမှာ နှာမှုတ်လိုက်ပြီး ဝမ်ပေါင်လဲ့အား စကားပြောလိုက်၏။
" နံပါတ်ဆယ့်ခြောက် ဂိုဏ်းတူညီလေး။ မင်း မြင်တယ်မလား။ နံပါတ်ခုနစ် ဂိုဏ်းတူအစ်ကိုကြီးက တကယ်တမ်းဆို အရမ်းကို ရုပ်ရည်ချောမောတဲ့ လူတစ်ယောက်ကွ။ ဒါပေမဲ့ သူက စကားကို အမှန်အတိုင်းမပြောဘဲ ဆရာ့ကို မျက်နှာချိုသွေးခဲ့တာလေ။ အဲ့တော့... ဆရာလည်း စိတ်ဆိုးပြီး သူ့ကို ရိုက်နှက်ကန်ကျောက်ခဲ့တာ... ပုံမှန်အတိုင်းဆိုရင် သူက လတိုင်းလတိုင်း အဲဒီလို ရိုက်နှက်ကန်ကျောက်ခံရတာပဲ။ အဲတာမလို့ ငါတောင် သူ့ရဲ့ အရင်တုန်းက မျက်နှာပုံစံကို မမှတ်မိတော့ဘူး "
" ဟင်... " ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူမိသွား၏။
" အဲတာမလို့ မင်း သေချာမှတ်ထား နံပါတ်ဆယ့်ခြောက် ဂိုဏ်းတူညီလေး။ ဘယ်တော့မှ စကားကို လိမ်မပြောနဲ့။ အမှန်အတိုင်းပဲ ပြော "
ဝမ်ပေါင်လဲ့မှာ သူ၏စကားများကို ကြားလိုက်ရသောအခါ ဒွိဟဖြစ်သွားရ၏။ ထို့နောက် ဆယ့်ငါးမှာ သူ့အား နံပါတ်သုံး ဂိုဏ်းတူအစ်ကိုကြီး၏ မျှော်စင်ဆီသို့ ခေါ်ဆောင်သွားလိုက်သည်။ နံပါတ်သုံး ဂိုဏ်းတူအစ်ကိုကြီးမှာ မူမမှန်သည့်ပုံ မပေါက်ပါသော်လည်း... သူ၏ ပုံပန်းသွင်ပြင်မှာ အလွန်အင်မတန်မှ ရက်စက်ကြမ်းကြုတ်သည့်ပုံ ပေါက်နေ၏။
သူသည် မီးနွားကြီးတစ်ကောင်နှင့် တူနေခြင်းဖြစ်သည်။ မည်သည့်ရှုထောင့်မှ ကြည့်ကြည့် သူသည် နွားထီးအိုကြီး ရန်လင်းနှင့် အနည်းနှင့်အများ ဆင်တူသည့်ပုံ ပေါက်နေသည်သာ ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့သည် သူတို့နှစ်ယောက်မှာ သွေးသားတော်စပ်နေလိမ့်မည်ဟု ယူဆမိလိုက်၏။ ဆယ့်ငါးမှာ နံပါတ်သုံး ဂိုဏ်းတူအစ်ကိုကြီးအား မြင်လိုက်ရပြီးနောက် အာရုံအပြည့် စူးစိုက်ကာ သူ့အား တရိုတသေ နှုတ်ဆက်လိုက်သည်ဖြစ်ရာ ဝမ်ပေါင်လဲ့သည်လည်း သူ၏ ယူဆချက်မှာ မှန်ကန်နေလိမ့်မည်ဟု ပို၍ ယုံကြည်သွား၏။
နံပါတ်သုံးဂိုဏ်းတူအစ်ကိုကြီး၏ အမူအရာနှင့် အပြုအမူများမှာ အေးစက်နေခြင်းမရှိသလို နွေးထွေးနေခြင်းလည်း မရှိပေ။ သူသည် ဝမ်ပေါင်လဲ့နှင့် စကားအများကြီး ပြောခဲ့ခြင်းမရှိဘဲ အလောတကြီး ထွက်ခွာသွား၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ့အကြောင်း ထဲထဲဝင်ဝင် နားလည်အောင်လုပ်ရန် အခွင့်အရေး မရခဲ့ပေ။ ထိုသို့ဖြင့် သူသည် ဆယ့်ငါး၏ နောက်သို့ လိုက်သွားပြီး နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီးနှင့် သွားရောက်ဆုံတွေ့လိုက်၏။
ဝမ်ပေါင်လဲ့မှာ ဂိုဏ်းတူအစ်ကိုအစ်မများစွာနှင့် တွေ့ဆုံခဲ့ပြီးသား ဖြစ်သည့်တိုင်အောင် နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီးအား မြင်လိုက်ရချိန်တွင် အံ့ဩတုန်လှုပ်သွားရထဲပင်။ တစ်ဖက်တွင် သူသည် နံပါတ်နှစ်ဂိုဏ်းတူအစ်ကိုကြီး၏ ကျင့်ကြံခြင်းအဆင့်အား အာရုံခံနိုင်စွမ်းမရှိဘဲ ဖြစ်နေရ၏။ သူသည် ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့်မတူသလို သူ ယခင်တုန်းက ဆုံခဲ့ဖူးသည့် ကြယ်နယ်မြေအဆင့် အစွမ်းထက်ပုဂ္ဂိုလ်ကြီးများနှင့်လည်း မတူပေ။ သူသည် ကျင့်ကြံသူတစ်ယောက်နှင့်ပင် လုံးဝမတူပေ။
အခြားတစ်ဖက်တွင်မူ နံပါတ်နှစ်ဂိုဏ်းတူအစ်ကိုကြီးမှာ အလွန်အင်မတန်မှ ရုပ်ရည်ချောမောသည့် သက်လတ်ပိုင်း လူကြီးတစ်ယောက် ဖြစ်ပြီး ကြယ်စင်များနှင့်တူသည့် မျက်ဝန်းများကို ပိုင်ဆိုင်ထားကာ တမူထူးခြားသည့် အငွေ့အသက်တစ်မျိုးကို ထုတ်လွှတ်နေပါသော်လည်း ဝမ်ပေါင်လဲ့သည် ထို ဂိုဏ်းတူအစ်ကိုကြီးမှာ လောကကြီးထဲ၌ အမှန်တကယ်မရှိသည့်အလား ခံစားနေရ၏။
သို့ဖြစ်ရာ သူ၏ မျက်လုံးများနှင့် နတ်ဘုရားအာရုံများဖြင့် မြင်နေရသည့် မြင်ကွင်းနှင့် နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီးအစစ်၏ ကြားတွင် ကွာဟချက်တစ်ခု ရှိနေသကဲ့သို့တွင်။ ထို့ကြောင့် သူ မြင်နေရသည့်အရာများမှာ နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီး သူ့အား မြင်စေချင်သည့် အရာများသာ ဖြစ်နေသည့်ပုံ ပေါက်နေ၏။
ထိုခံစားချက်ကြီးကြောင့် ဝမ်ပေါင်လဲ့မှာ နေမထိထိုင်မသာ ဖြစ်သွားရ၏။ သူ၏ ဘေးတွင် ရှိနေသည့် ဆယ့်ငါးမှာလည်း ထိုမြင်ကွင်းအား သတိထားမိလိုက်သည်။ ထို့ကြောင့် သူသည် နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီး၏ ရှေ့တွင် ရှိနေဆဲဖြစ်သည့်တိုင်အောင် လေသံတိုးတိုးဖြင့် ဆိုလိုက်၏။
" နံပါတ်ဆယ့်ခြောက် ဂိုဏ်းတူညီလေး။ နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီးရဲ့ ကျင့်ကြံခြင်းလမ်းစဉ်က ငါတို့နဲ့ မတူဘူး။ သူက နတ်အမွှေးနံ့သာတာအိုကို ကျင့်ကြံတာလေ။ အဲတာမလို့ သူက ဒီကမ္ဘာကြီးထဲမှာ မရှိဘဲ အမွှေးနံ့သာတွေထဲမှာ ဖွားမြင်လာခဲ့တာလို့တောင် သတ်မှတ်လို့ရတယ်။ နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီးက အင်မော်တယ် နတ်ဘုရားတစ်ပါးနဲ့တောင် အတိုင်းအတာတစ်ခုအထိ ပိုတူနေပြီ “