← Chapters

သေချာပေါက် ကာကွယ်ပေးပါ့မယ်

Vol. 73 Ch. 1008

သေချာပေါက် ကာကွယ်ပေးပါ့မယ်

Vol. 73 Ch. 1008

ဝမ်ပေါင်လဲ့ သူ၏ ဘဝတစ်လျှောက်လုံး၌ လုံးဝ မမြင်ဖူးဖဲ့သည့် နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီးကဲ့သို့သော လူတစ်ယောက် ရှိနေသောကြောင့်လား သို့မဟုတ် အခြား အကြောင်းရင်း တစ်ခုခုကြောင့်လားတော့ မသိပေ။ ဝမ်ပေါင်လဲ့မှာ ဆယ့်ငါး ထိုစကားများကို ဆိုလိုက်သည့်အချိန်တွင် သူ၏ လေသံနှင့် အမူအရာများထဲ၌ ဝမ်းနည်းစိတ်များ ကိန်းအောင်နေသည့် အချက်ကို သတိမထားမိလိုက်ပေ။

နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီး၏ ဖြစ်တည်မှုမှာ ထူးဆန်းသော အာရုံဖမ်းစားနိုင်စွမ်း တစ်မျိုးကို ပိုင်ဆိုင်ထားသကဲ့သို့ပင်။ သူ ရှိနေသည့် နေရာတိုင်းတွင် ကမ္ဘာကြီးတစ်ခုလုံးမှာ မှေးမှိန်သွားရပြီး သူတစ်ယောက်သာလျှင် လူတိုင်း၏ အာရုံစိုက်ခြင်းကို ခံလိုက်ရမည်ဖြစ်သည်။

ထို ဂိုဏ်းတူအစ်ကိုကြီးမှာ အဖြူရောင်ဝတ်ရုံတစ်ခုကို ဆင်မြန်းထားကာ ကြော့ရှင်းမှု အပြည့်ရှိသည့် အနက်ရောင်ဆံပင်များကို ပိုင်ဆိုင်ထားသလို သူ၏ ပတ်ပတ်လည်တွင်လည်း အင်မော်တယ်ချီများ ရစ်ဝဲနေသည်ကို မသဲမကွဲ မြင်နိုင်ပေသည်။ လေများ တိုက်ခတ်နေခြင်း မရှိသည့်တိုင်အောင် သူ၏ အဝတ်အစားများနှင့် ဆံပင်များမှာ လေထဲ၌ တလူလူ လွင့်နေ၏။ သို့ဖြစ်ရာ လေထဲ၌ ရစ်ဝဲနေသည့် သူ၏ လူရိပ်မှာ နတ်ဘုရားတစ်ပါး ဆင်းသက်လာသကဲ့သို့ပင်။

သူ၏ အသားအရေမှာလည်း စိုပြည်ဝင်းလက်နေ၏။ သူ၏ မျက်ဝန်းများထဲမူ ထောင်ပေါင်းများစွာသော အရောင်များ ရောယှက်နေသကဲ့သို့ပင်။ နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီးမှာ ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်ပါသော အကြည့်ဖြင့် နွေးထွေးစွာ စိုက်ကြည့်နေ၏။

" နံပါတ်ဆယ့်ခြောက် ဂိုဏ်းတူညီလေး "

" မင်္ဂလာပါ နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီး "

ဝမ်ပေါင်လဲ့နှင့် နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီးတို့ အကြည့်ချင်းဆုံသွားသည့်အချိန်တွင် သူတို့၏ ခန္ဓာကိုယ်များမှာ အလိုအလျောက် တုန်ရီသွားကြ၏။ မည်သည့်အကြောင်းကြောင့်မှန်မသိ သူတို့မှာ တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးနေသလို ခံစားလိုက်ရသလို သူတို့၏ မျက်ဝန်းများထဲတွင်လည်း ဝမ်းနည်းမှု အရိပ်အယောင်များ ထင်ဟပ်လာသည်။ ဝမ်ပေါင်လဲ့မှာလည်း မည်သည့်အကြောင့်မှန်းမသိ အလိုလို ဝမ်းနည်းသွားရပြီး နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီးအား လေသံတိုးတိုးဖြင့် ဂါရဝပြုလိုက်၏။

" နံပါတ်ဆယ့်ခြောက် ဂိုဏ်းတူညီလေး။ ဘာမှ စိတ်မပူပါနဲ့။ မီးတောက်ကြယ်စင်စုထဲမှာ အေးအေးဆေးဆေး နေပါ။ ဒီနေရာကို ကိုယ့်ရဲ့အိမ်လို့ပဲ သဘောထား... " နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီးမှာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေရင်း ရုတ်တရက်ဆိုလိုက်၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မှင်တက်သွားရသည်။ ထို့နောက် သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဆယ့်ငါးမှာ သက်ပြင်းချလိုက်တော့သည်။

" နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီး။ ပြီးခဲ့တဲ့နှစ် ကျွန်တော် ဒီနေရာကို ရောက်လာခဲ့တုန်းကလည်း ဂိုဏ်းတူအစ်ကိုကြီး ဒီစကားကိုပဲ ပြောခဲ့တာလေ။ နောက်ဆုံးကျတော့... " ဆယ့်ငါးမှာ ဝမ်းနည်းပူဆွေးနေသည့် အမူအရာဖြင့် ဆိုလိုက်၏။ သူ၏ စကားများကြောင့် ဝမ်ပေါင်လဲ့၏ အတွေးများ ယောက်ယတ်ခတ်သွားရစဉ် လေထဲ၌ ရစ်ဝဲနေသည့် နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီး၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှု အရိပ်အယောင်များနှင့် ခံစားချက်မျိုးစုံ ရှုပ်ထွေးနေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။ ထို့နောက် သူသည် စကားတစ်ခွန်းမှ မပြောဘဲ ဦးညွှတ်ကာ ဆယ့်ငါးအား အရိုအသေပေးလိုက်၏။

ထူးဆန်းသည့်အချက်မှာ ဝမ်ပေါင်လဲ့သည် သူ၏ နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီး ထိုကဲ့သို့ အရိုအသေပေးလိုက်သည်ကို မမြင်လိုက်ရခြင်းပင်။ အကယ်၍ သူသာ ထိုမြင်ကွင်းအား မြင်လိုက်ရမည်ဆိုပါက အံ့ဩတုန်လှုပ်သွားပြီး နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ဗြောင်းဆန်သွားရမည်သာ ဖြစ်သည်။

နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီးအနေနှင့် သူ၏ ဂိုဏ်းတူညီလေးအား ဦးညွှတ်အရိုအသေပေးစရာအကြောင်း မရှိပေ။ သို့သော်... ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းအား လုံးဝ သတိမထားမိလိုက်ပေ။

ထိုမြင်ကွင်းအား ဆယ့်ငါး မြင်လိုက်ရခြင်း ရှိမရှိကိုလည်း မသိနိုင်ပေ။ သို့သော် သူသည် စကားဆုံးသွားပြီးနောက် နှုတ်ခမ်းစူကာ ထပ်၍ ရေရွတ်လိုက်၏။

" နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီး။ ဆရာက အပြင်ထွက်သွားပြန်ပြီ။ ကျွန်တော် တိတ်တိတ်ကလေး စောင့်ကြည့်နေခဲ့တာ ကြာပြီဗျ။ ကျွန်တော့်အထင်တော့ ဆရာ ဟို စိတ်မချရတဲ့ ကျင့်ကြံခြင်းပညာရပ်တွေကို ထပ်ပြီးတော့ သွားရှာတာပဲဖြစ်မှာ။ ဒီတစ်ခေါက်တော့ ကျွန်တော်လည်း ဒီအဖြစ်ဆိုးကြီးကနေ မလွတ်တော့ဘူး ထင်ပါတယ်ဗျာ " ဆယ့်ငါးမှာ ဝမ်းနည်းနေသည့် မျက်နှာအမူအရာဖြင့် ထိုသို့ဆိုလိုက်ပြီးနောက် သက်ပြင်းချကာ ထပ်၍ ဆိုလိုက်ပြန်သည်။

" ဘာလို့လဲဆိုတော့ သူက ထွက်မသွားခင်တုန်းက ပြန်ရောက်လာရင် ကျွန်တော့်ကို မျှော်လင့်မထားတဲ့အရာတစ်ခု လက်ဆောင်ပေးမယ်လို့ ပြောသွားတာလေ... "

နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီးမှာ ထိုစကားများကို ကြားလိုက်ရသောအခါ ပြုံးသွားပြီး စကားတစ်ခွန်းမှ မပြောတော့ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာလည်း ကြားဖြတ်ဝင်ပြောရန် ဆန္ဒမရှိတော့ပေ။ သို့သော် နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီး တစ်လမ်းလုံး ညည်းညူလာခဲ့သောကြောင့်လားတော့ မသိပေ။ သူ၏ စိတ်ထဲတွင်လည်း သူနှင့်အတူ ညည်းညူချင်စိတ်များ ပေါ်ပေါက်လာ၏။

ဝမ်ပေါင်လဲ့မှာ နံပါတ်ဆယ့်သုံး ဂိုဏ်းတူအစ်ကိုကြီးနှင့် နံပါတ်ဆယ့်လေး ဂိုဏ်းတူအစ်ကိုကြီးတို့အကြောင်း သိရှိခဲ့ရပြီးနောက် မီးတောက်ခေါင်းဆောင်ကြီး၏ ကျင့်ကြံခြင်းပညာရပ်များကို မယုံသင်္ကာ ဖြစ်လာပြီ ဖြစ်သည်။ သူသည် နှုတ်မှ ထုတ်မပြောခဲ့သည့်တိုင်အောင် မီးတောက်ခေါင်းဆောင်ကြီးမှာ မယုံရကြောင်း ခံစားနေရဆဲပင်။

သူ၏ နှလုံးသားထဲရှိ ထိုခံစားချက်ကြီး တဖြည်းဖြည်းနှင့် ကြီးထွားလာပြီး ဆယ့်ငါး စိတ်ကျေနပ်အောင် ညည်းညူပြီးသွားချိန်တွင် ဘေးပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးထဲမှ အေးစက်စက် နှာမှုတ်သံတစ်သံ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာသည်။ ထို နှာမှုတ်သံမှာ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲနဲ့ မိုးခြိမ်းသံတစ်သံကဲ့သို့ ပဲ့တင်ထပ်သွားသဖြင့် သူသည် တစ်ကိုယ်လုံး တုန်ရီသွားရ၏။ ထို့နောက် သူ ခေါင်းမော့ကြည့်လိုက်သောအခါ ဆယ့်ငါး၏ နောက်ရှိ ဟင်းလင်းပြင်ကြီး တွန့်လိမ်ပုံပျက်လာပြီး အမျိုးသမီးတစ်ယောက်၏ လူရိပ်တစ်ခု ရုပ်လုံးပေါ်လာနေသည်ကို မြင်လိုက်ရတော့သည်။

သူမသည် ခရမ်းရောင် ဝတ်ရုံရှည်တစ်မျိုးကို ဆင်မြန်းထားပြီး ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် ချောမောလှပနေခြင်း မရှိပါသော်လည်း စိတ်ဓာတ်ပြတ်သားမှု အပြည့်ရှိသည့်ပုံ ပေါက်နေ၏။ ထို့အပြင် သူမသည် ဓားအိမ်ထဲမှ ဆွဲမထုတ်ရသေးသည့် ဓားတစ်လက်ကဲ့သို့ တည်ကြည်မှုအပြည့် ရှိနေသလို လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းလည်း အပြည့်ရှိပေသည်။

အကယ်၍ နံပါတ်ဆယ့်တစ် ဂိုဏ်းတူအစ်မကြီး၏ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းမှာ အပေါ်ယံတွင်သာ ရှိနေသည်ဆိုပါက ဤ အမျိုးသမီး၏ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းမှာ သူမ၏ အရိုးထဲအထိ စိမ့်ဝင်နေခြင်း ဖြစ်သည်။ သူမသည် ၎င်းအား အလွယ်တကူ ထုတ်ပြမည် မဟုတ်ပါသော်လည်း ထုတ်ပြရန် ဆုံးဖြတ်ပြီးပါကလည်း လုံးဝ တွန့်ဆုတ်နေမည် မဟုတ်ပေ။

သူမ၏ အေးစက်စက် နှာမှုတ်သံနှင့် ပေါ်ပေါက်လာမှုကြောင့် ဆယ့်ငါးမှာ တစ်ကိုယ်လုံး အပြင်းအထန်တုန်ရီသွားရ၏။ ထို့နောက် သူသည် နောက်သို့ ချက်ချင်းလှည့်ကာ သူ၏ နောက်တွင်ရှိနေသည့် အမျိုးသမီးအား ဦးညွှတ်အရိုအသေပေးလိုက်တော့သည်။

" မင်္ဂလာပါ နံပါတ်တစ် ဂိုဏ်းတူအစ်မကြီး "

" မင်္ဂလာပါ နံပါတ်တစ် ဂိုဏ်းတူအစ်မကြီး "

နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီး၏ မျက်နှာအမူအရာမှာ ဝမ်ပေါင်လဲ့ မမြင်နိုင်သည့် ခံစားချက်မျိုးစုံဖြင့် ရှုပ်ထွေးနေ၏။ သူသည်လည်း သက်ပြင်းချကာ ဦးညွှတ်အရိုအသေပေးလိုက်သည်။ သူသည် သူ၏ ကိုးဆယ်ဒီဂရီတိတိ ခါးကိုင်း၍ အရိုအသေပေးလိုက်သည်ဖြစ်ရာ သူမအား အလွန်အင်မတန်မှ ရိုသေလေးစားကြောင့် သိနိုင်ပေသည်။

ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းကိုလည်း မမြင်လိုက်ရပေ။ ထို့ကြောင့် သူသည် အံ့အားသင့်သွားခြင်းမရှိဘဲ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ မီးတောက်ခေါင်းဆောင်ကြီး၏ ထိပ်သီးတပည့်အား တရိုတသေ ဦးညွှတ်လိုက်တော့သည်။

" ဆယ့်ငါး။ ဆရာက နံပါတ်ဆယ့်ခြောက် ဂိုဏ်းတူမောင်လေးကို ကြိုဆိုပေးဖို့ နင့်ကို မှာထားခဲ့တာမလား။ အဲတာကို နင်က တစ်လမ်းလုံး ညည်းညူနေခဲ့တဲ့အပြင် အခုလည်း ဆရာ့အကြောင်း စိတ်ထဲရှိတာတွေ လျှောက်ပြောနေပြန်ပြီ။ နင်တော့ နာချင်နေပြီနဲ့ တူတယ် " ထို အမျိုးသမီး၏ လူရိပ်မှာ မျှော်စင်ထဲ၌ ရုပ်လုံးပေါ်လာပြီးနောက် ဆယ့်ငါးအား အော်ဟစ်ကြိမ်းမောင်းလိုက်၏။ ထို့နောက် သူမသည် ဝမ်ပေါင်လဲ့အား ကြည့်လိုက်သည်။ သူမ၏ မျက်နှာအမူအရာမှာ တင်းမာနေခြင်း မရှိတော့ဘဲ နူးညံ့သိမ်မွေ့မှုအပြည့် ရှိနေ၏။

" ကျေးဇူးပြုပြီးတော့ထပါ။ နံပါတ်ဆယ့်ခြောက် ဂိုဏ်းတူမောင်လေး။ ငါက နင့်ရဲ့ အကြီးဆုံး ဂိုဏ်းတူအစ်မကြီးပဲ။ ဆရာက ဒီနေရာမှာ သိပ်ပြီးတော့ မရှိတတ်ပေမယ့် တကယ်လို့ နင် အနာဂတ်မှာ ပြဿနာတစ်ခုခုနဲ့ ကြုံရရင် ငါ့ဆီ အကူအညီတောင်းလို့ရတယ်။ ဒီနေရာကို ကိုယ့်ရဲ့အိမ်လို့ပဲ သဘောထား "

ဝမ်ပေါင်လဲ့မှာ သူမ၏ စကားများကို ကြားလိုက်ရသည်နှင့် သဘောတူကြောင်း ချက်ချင်းပြန်ပြောလိုက်၏။ ထို့နောက် သူသည် နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးအား ရိုသေလေးစားမှုအပြည့်ဖြင့် မော့ကြည့်လိုက်သည်။ သူ ဤ ကြယ်စင်စုထဲသို့ ရောက်လာခဲ့ပြီးနောက် ဆုံခဲ့ရသည့် လူများထဲတွင် သူမသည် ရိုးသားဖြောင့်မတ်မှု အရှိဆုံး ဖြစ်နေသည် မဟုတ်ပါလော။

သူ၏ ဘေးတွင်မူ ဆယ့်ငါးမှာ နှုတ်ခမ်းစူလိုက်၏။ သူသည် ဆူပူကြိမ်းမောင်းခံလိုက်ရသည်ကို သဘောမတွေ့သည့်ပုံပင်။

" နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးရာ။ တစ်စိတ်ကို တစ်အိတ်လုပ်နေစရာ မလိုပါဘူးဗျ။ ဆရာက ဒီမှာမှ မရှိဘဲ။ ကျွန်တော်ပြောတဲ့စကားတွေ သူမကြားနိုင်ပါဘူး "

ထိုအခါ နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးမှာ ဆယ့်ငါးအား စိန်းစိန်းဝါးဝါး စိုက်ကြည့်နေလိုက်၏။ ထို့ကြောင့် သူသည်လည်း ခေါင်းငုံ့သွားရပြီး စကားတစ်ခွန်းမှ ဆက်မပြောရဲတော့ပေ။ ထို့နောက် သူမသည် ဝမ်ပေါင်လဲ့ဘက်သို့ လှည့်လာပြီး ညွှန်ကြားချက်အချို့ ပြောပြလိုက်၏။ နောက်ဆုံးတွင် သူမသည် သူမ၏ လက်အား ဝှေ့ယမ်းလိုက်တော့သည်။

" ဆယ့်ငါး၊ ဆယ့်ခြောက်။ နင်တို့နှစ်ယောက် ပြန်လို့ရပြီ။ ငါ နင်တို့ရဲ့ နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီးနဲ့ ဆွေးနွေးစရာ ကိစ္စတချို့ ရှိသေးတယ် "

" ဟုတ်ကဲ့ပါ နံပါတ်တစ် ဂိုဏ်းတူအစ်မကြီး " ဆယ့်ငါးမှာလည်း မရွှင်မပျဖြစ်နေသည့် လေသံဖြင့် ပြန်ပြောလိုက်ပြီး ဝမ်ပေါင်လဲ့နှင့်အတူ မျှော်စင်ထဲမှ ထွက်ခွာလာတော့သည်။ သို့သော် သူတို့နှစ်ယောက် ထွက်ခွာမလာခင် နတ်ဘုရားတစ်ပါးနှင့်တူပြီး လေထဲ၌ ရစ်ဝဲနေသည့် သူတို့၏ နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီးမှာ ဝမ်ပေါင်လဲ့အား အမွှေးတိုင်တစ်တိုင် လက်ဆောင်ပေးခဲ့၏။

ထို့အပြင် ထို အမွှေးတိုင်အား မီးညှိကာ ၎င်း၏ဘေး၌ ကျင့်ကြံခြင်း လေ့ကျင့်မည်ဆိုပါက တစ်ဝက်သာ အင်အားစိုက်ထုတ်ရုံနှင့် သာမန်ထက် နှစ်ဆတိတိ ပို၍ များပြားသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကြောင်း သူက ပြောပြခဲ့သေးသည်။ ထိုသို့ဖြင့် ဝမ်ပေါင်လဲ့တစ်ယောက် ကျေးဇူးတင်စကားပြောပြီး ထွက်ခွာလာသည့်အချိန်တွင် သူသည် ဝမ်ပေါင်လဲ့၏ နောက်ကျောကို စိုက်ကြည့်နေလိုက်၏။ ထို့နောက် သူသည် ရုတ်တရက်ဆိုသလို စကားတစ်ခွန်း ပြောလိုက်သဖြင့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံးတုန်ရီသွားရတော့သည်။

" ပေါင်လဲ့ရေ။ ဆရာ့ရဲ့ ပင်ကိုစရိုက်က ဘယ်လိုပဲဖြစ်ဖြစ် ငါ့ရဲ့အမြင်မှာတော့ သူက အထီးကျန်နေတဲ့ လူတစ်ယောက်ပါ ... "

ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသောအခါ မှင်တက်သွား၏။ သူ အတွေးများထဲ၌ နစ်မျောနေစဉ်မှာပင် ဆယ့်ငါးမှာ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

" သူက အသက်ကြီးပြီး အထီးကျန်နေတဲ့အပြင် သူ့ရဲ့ တပည့်တွေကိုပါ နေ့စဉ်နေ့တိုင်း နှိပ်စက်နေတာလေ... နံပါတ်ဆယ့်ခြောက် ဂိုဏ်းတူညီလေး သွားကြစို့။ ငါ မင်းကို မင်းရဲ့ မျှော်စင်ဆီ ပြန်ပို့ပေးမယ် " ဆယ့်ငါးမှာ ထိုသို့ဆိုလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား မျှော်စင်အပြင်ဘက်သို့ ခေါ်ထုတ်သွားလိုက်တော့သည်။

ယခုတွင် မျှော်စင်ထဲ၌ နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီးနှင့် နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးတို့သာ ကျန်ရှိတော့သည်။

နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးမှာ စကားတစ်ခွန်းမှမပြောဘဲ နောက်သို့လှည့်ကြည့်လိုက်၏။ သူမ၏ မျက်ဝန်းများမှာ မျှော်စင်အား ထွင်းဖောက်ကာ အဝေးသို့ လျှောက်လှမ်းသွားနေသည့် ဝမ်ပေါင်လဲ့နှင့် အဆက်မပြတ် ညည်းညူနေသည့် ဆယ့်ငါးတို့အား လှမ်းမြင်နေရသည့်ပုံပင်။

နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီးမှာမူ သူ၏ရှေ့တွင်ရှိနေသည့် နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးအား စိုက်ကြည့်နေသည်။ သူ၏ မျက်ဝန်းများထဲတွင် ဝမ်းနည်းမှုများနှင့် နာကြည်းမှုများဖြင့် ပြည့်နှက်နေ၏။ နောက်ဆုံးတွင် သူသည် ဦးညွှတ်ကာ သူ၏ရှေ့တွင် အသက်မပါသည့်အမူအရာဖြင့် ရပ်နေသည့် နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးအား အရိုအသေပေးလိုက်တော့သည်။

" တပည့် ဆရာ့ကို ဂါရဝပြုပါတယ် "

အကယ်၍ ဝမ်ပေါင်လဲ့သာ ထိုနေရာ၌ရှိနေပြီး ထိုစကားအား ကြားလိုက်ရမည်ဆိုပါက စကားလုံးများနှင့် မဖော်ပြနိုင်လောက်အောင် အံ့ဩတုန်လှုပ်သွားပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရမည်သာ ဖြစ်သည်။ သို့သော် သူသည် ထိုနေရာမှ ထွက်ခွာလာပြီဖြစ်ရာ ထို အကြောင်းများကို မသိနိုင်တော့ပေ။

ထိုအချိန်တွင် နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီး " ဆရာ " ဟု ခေါ်လိုက်သည့် နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးမှာ သူ့ဘက်သို့ လှည့်လာပြီး ခက်ထန်တင်းမာသည့် မျက်နှာအမူအရာဖြင့် သူ့အား စိုက်ကြည့်လိုက်၏။

" နံပါတ်နှစ် ဂိုဏ်းတူမောင်လေး။ နင် နင့်ရဲ့ နတ်တာအိုတွေ လေ့ကျင့်ပြီးတော့ ရူးသွားတာလား။ ငါက နင့်ရဲ့ ဂိုဏ်းတူအစ်မကြီးလေ။ ဆရာ မဟုတ်ဘူးဟဲ့ "

ထိုအခါ နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီးမှာ ရှုံ့မဲ့နေသည့် မျက်နှာအမူအရာဖြင့် နှုတ်ဆိတ်သွား၏။ နောက်ဆုံးတွင် သူသည် လေသံတိုးတိုးဖြင့် သက်ပြင်းချကာ နောက်ထပ်တစ်ကြိမ် ထပ်၍ ဦးညွှတ်အရိုအသေပေးလိုက်ပြီးနောက် စကားတစ်ခွန်းမှ ထပ်မပြောတော့ပေ။

နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးမှာလည်း နှုတ်ဆိတ်သွား၏။ သူမသည် နောက်သို့ပြန်လှည့်သွားပြီ ဝမ်ပေါင်လဲ့ ထွက်ခွာသွားသည့် ဘက်သို့ အချိန်အကြာကြီး လှမ်းကြည့်နေလိုက်ပြီးမှ ရုတ်တရက်ဆိုသလို ပြုံးကာ ဆိုလိုက်သည်။

" နံပါတ်နှစ် ဂိုဏ်းတူမောင်လေး။ မီးတောက်ကြယ်စင်စုကြီး ပိုပြီးတော့ စည်ကားသိုက်မြိုက်လာပြီလို့ မခံစားရဘူးလား။ တကယ်လို့ ဘာမတော်တဆမှုမှ ပေါ်ပေါက်မလာဘူးဆိုရင် သိပ်မကြာခင်မှာ နောက်ထပ် ကလေးတစ်ယောက် ထပ်ရောက်လာတော့မှာ။ အဲဒီအချိန်ကျရင် ပိုပြီးတော့တောင် စည်ကားသိုက်မြိုက်သွားဦးမယ် " နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးမှာ ထိုသို့ဆိုရင်း သူမ၏ အပြုံးမှာ ပို၍ပင် အသက်ဝင်လာ၏။ နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီးမှာမူ သူမ၏ အပြုံးကို မြင်လိုက်ရသောအခါ တဖြည်းဖြည်းနှင့် ပြန်လည်တည်ကြည်သွားသည်။ သူ၏ ဘဝ၌ အလေးစားရဆုံး ပုဂ္ဂိုလ် ယခုလို ဝမ်းမြောက်ဝမ်းသာ ပြုံးနေသည်ကို သူ မမြင်ရသည်မှာ အချိန်အတော်အတန် ကြာမြင့်နေပြီဖြစ်သည်။ ထို့ကြောင့် သူသည်လည်း သူမနှင့်အတူ လိုက်ပြုံးလိုက်၏။

သူသည် ထိုသို့ ပြုံးလိုက်ပြီးနောက် သူ အလေးစားရဆုံးပုဂ္ဂိုလ်၏ နှုတ်မှ ရေရွတ်သံတစ်သံ ထွက်ပေါ်လာသည်ကိုလည်း ကြားလိုက်ရသည်။

" ဒီတစ်ခေါက်တော့ ငါ နင့်ကို သေချာပေါက် ကာကွယ်ပေးပါ့မယ်... “

All Chapters