ပြဿနာရှာမယ့်သူတွေ
Vol. 8 Ch. 3
မနက်ခင်း။
နျူရေက ခါတိုင်းနေ့တွေလိုပဲ နယူးယောက်ဟီးရိုးကျောင်းရှိတဲ့နေရာကိုရောက်တော့ ဆိုင်ကယ်ပေါ်ကဆင်းပြီး ဆိုင်ကယ်ကိုတွန်းကာ ကျောင်းဆီကို လမ်းဆက်လျှောက်သွားတယ်။ တခြားကျောင်းသားတွေရှိနေတဲ့အတွက် မြန်မြန်သွားလို့မကောင်းဘူးလေ။
ထူးဆန်းတာက လမ်းမပေါ်မှာ ပုံမှန်ထက် လူတွေများနေခဲ့တာပါပဲ။ ဟီးရိုးကျောင်းက မြို့ပြင်ဘက် နည်းနည်းကျလို့ လူရှင်းနေသင့်တာ။ ဒါပေမဲ့ ဒီနေ့တော့ ပုံမှန်ထက်ကို လူတွေများနေပြီး အားလုံးထဲက လူတစ်အုပ်စုကတော့ ပိုလို့တောင် ထင်းထွက်နေသေးတယ်။ အဲဒီလူအုပ်စုက အနက်ရောင်ကျောင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ရင်ဘတ်မှာ တန်ဖိုးကြီးပုံရတဲ့ ပိုးချည်နဲ့ SA စာတန်းပါဒိုင်းကို ရေးထိုးထားတယ်။ နျူရေက မှတ်ဉာဏ်အားကောင်းသူတစ်ဦးဖြစ်လို့ နယူးယောက်မှာရှိတဲ့ စူပါအမေရိကကျောင်းဝတ်စုံမှန်း ချက်ချင်းမှတ်မိသွားတယ်။ ကောင်းသောလာခြင်း ဖြစ်ပုံမပေါ်တာကြောင့် မြန်မြန်ဖြတ်သွားပြီး ကျောင်းထဲဝင်ဖို့ စဥ်းစားပေမဲ့
“ဟေး၊ ညီမလေး။ အစ်ကိုကြီးတို့နဲ့ ဒီနေ့မြို့ထဲလျှောက်လည်ကြမလား။”
ကောင်လေးတွေထဲက မျက်လုံးပြူးပြူး ဆံပင်ရှည်ဂုတ်ဝဲနဲ့တစ်ယောက်က ရှေ့ထွက်လာတယ်။ သူက လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ထဲနှုတ်ထားတာဖြစ်ပြီး သူစလှုပ်ရှားတာနဲ့ ကျန်တဲ့ကျောင်းသားတွေကပါ နျူရေကို စဝိုင်းထားလိုက်တယ်။ နျူရေလည်း
လန့်သွားပြီး နောက်ကိုနည်းနည်းဆုတ်လိုက်မိပေမဲ့ ဟီးရိုးကျောင်းသားတစ်ယောက်ဖြစ်တာမလို့ ပုံမှန်မိန်းကလေးတွေလိုမျိုး ဆောင့်တည်ရာမဲ့ဖြစ်သွားတာမျိုးတော့မရှိဘူး။
“ရှင်တို့ဘာလိုချင်လို့လဲ။” နျူရေပြောလိုက်တာနဲ့ သူ့ရဲ့ဆိုင်ကယ်ဉာဏ်ရည်တု အသက်ဝင်လာပြီး လီဗာကို အလိုလိုနင်းလိုက်တယ်။ ဆိုင်ကယ်က သူ့ဘာသာလှုပ်ရှားနေတာတွေ့တော့ စူပါအမေရိကကျောင်းခွဲက
ကျောင်းသားတချို့လည်း အထင်ကြီးသွားကြလေရဲ့။
“ဝိုးဝိုး... နည်းပညာဟီးရိုးလား။”
“ဒါပေမဲ့ ဒီလောက်နဲ့တော့ ငါတို့ကိုချေလို့ရမယ်မထင်နဲ့နော်။” ကျောင်းသားတချို့က ပြဿနာရှာချင်နေကြပေမဲ့ အုပ်စုခေါင်းဆောင်ဖြစ်တဲ့ ဂုတ်ဝဲနဲ့ကောင်က သူ့ကိုယ်သူ စနှုတ်ဆက်လိုက်တယ်။
“ကျွန်တော်က စူပါအမေရိကကျောင်းခွဲ တန်းခွဲ Cရဲ့ခေါင်းဆောင် မားကပ် ရုစပဲ့ပါ။ မင်းနဲ့ရင်းနှီးချင်တဲ့အတွက် ဆိုင်တစ်ဆိုင်ကို လိုက်ခဲ့လို့ရမလား။”
“ကျွန်မစိတ်မဝင်စားဘူး၊ ကျောင်းတက်ရဦးမယ်။”
နျူရေက မားကပ်စ်ကို လစ်လျူရှုပြီး ကျောင်းထဲဝင်ဖို့လုပ်တော့ မားကပ်စ်က ကျစ်ခနဲအသံပြုလိုက်ပြီး နျူရေရဲ့လက်ကို ဖမ်းဆွဲလိုက်တယ်။
“ငါကောင်းကောင်းပြောနေတုန်း လိုက်ခဲ့တာကောင်းမယ်။ ငါက စိတ်ရှည်တတ်တဲ့အထဲမပါဘူးနော်။”
နျူရေက တစ်ခုခုတုံ့ပြန်ဖို့ ကြိုးစားပေမဲ့ မားကပ်ရဲ့လက်က အတော်လေးသန်မာတာကို သတိထားမိလိုက်တယ်။ သူ့ဆိုင်ကယ်ကို သုံးရင်ဖြစ်ပေမဲ့ အဲဒီလိုဆိုရင် နှစ်ဖက်လုံးထိခိုက်သွားနိုင်တယ်။
“ဟေ့ကောင်တွေ၊ မင်းတို့ဘာလုပ်တာလဲ။” ဘက်စ်ကားပေါ်ကဆင်းလာရုံရှိသေးတဲ့ ဂိုးလ်က မူမမှန်မှုကိုမြင်ပြီး နျူရေကို ပြေးလာကူတယ်။ လက်က လက်ကိုအကြီးကြီးလုပ်ပြီး ခြိမ်းခြောက်ဖို့ကြိုးစားပေမဲ့
အဲဒီကျောင်းသားအုပ်ထဲကတစ်ယောက်က ရှေ့ထွက်လာပြီး ဂိုးလ်ကို ဧရာမတူကြီးနဲ့ရိုက်ထုတ်လိုက်လေရဲ့။
“ငါတို့ကျောင်းရှေ့မှာ တိုက်ခိုက်ရဲတာလား၊ ဘယ်လောက်တောင် အတင့်ရဲတဲ့အဖွဲ့လဲ။” နျူရေက ဒေါသနဲ့ပြောလိုက်တော့ မားကပ်က ရယ်တယ်။ “မင်းတို့ကျောင်းက ဒီအတိုင်းအရှိန်အဝါမရှိတဲ့ ထိပ်သီးဇယားအောက်ဆုံးကကျောင်းပဲလေ၊ ငါတို့မင်းကို လေးစားသမှုနဲ့ဖိတ်နေတာတောင် လွန်လှပြီ။”
ဂိုးလ်က လမ်းဘဲကနေ လဲကျနေရာက ပြန်ထလာပြီး
အဲဒီအုပ်စုနဲ့ ခပ်ကွာကွာမှာ ရပ်နေလိုက်တယ်။ နယူးယောက်ကျောင်းက တခြားသာမန်ကျောင်းသားတချို့ကလည်း မားကပ်တို့အုပ်စုကို အမဲဖျက်ဖို့ ချောင်းနေကြတယ်။ မကြာခင်မှာပဲ အီဗန်နဲ့ဘယ်လာတို့လို နည်းနည်းနာမည်ကြီးတဲ့ ကျောင်းသားတွေပါရောက်လာပြီး သူတို့ကိုဝိုင်းထားလိုက်တယ်။ သာမန်လူတွေလည်း အဖြစ်အပျက်ကို စောင့်ကြည့်နေကြပေမဲ့ စောင့်ကြည့်ရုံသက်သက်ပဲ ရှိကြသေးတယ်။
“ဟေး၊ မင်းတို့က လူအုပ်နဲ့အနိုင်ကျင့်ချင်တာလား။
ငါတို့က ငါးယောက်ပဲရှိတာလေ။ မင်းတို့ထဲက သတ္တိရှိတဲ့ငါးယောက် ရှေ့ထွက်လာပြီး ငါတို့နဲ့ယှဥ်မှမျှမှာပေါ့။”
“ကောင်းပြီလေ။” အီဗန်၊ ဂိုးလ်၊ ဘယ်လာနဲ့ အခင်းဖြစ်ရာမှာရှိနေခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်ခွန်အားကြီးတယ်ထင်တဲ့ ကျောင်းသားနှစ်ယောက်လည်း ရှေ့တက်လာတယ်။ ကံမကောင်းတာက ဂရေဟမ်တို့အုပ်စုနဲ့ မိရိုင်တို့လိုမျိုး ပိုအင်အားကြီးတဲ့သူတွေ ကျောင်းရှေ့မှာရှိမနေတာပဲ။
“အီဗန်၊ မလုပ်နဲ့။ မတန်ဘူး...” နျူရေက လှမ်းအော်ပြောပေမဲ့ အီဗန်က လက်လျှော့မယ့်ပုံမပေါ်ဘူး။
“ဘာတွေဖြစ်နေကြတာလဲ။” အဲဒီအချိန်မှာပဲ ဂိတ်ကိုစောင့်နေတဲ့ ဘဏ္ဍာစိုးသုံးကောင်ကို စကော်ပီိယိုက ဦးဆောင်ပြီး ရှေ့ထွက်လာတယ်။ ကျောင်းသားတချို့လည်း လုံခြုံရေးအဖွဲ့ အခင်းဖြစ်ရာကိုလာလို့ရအောင် ဖယ်ပေးလိုက်တယ်။
စကော်ပီယိုက စူပါအမေရိကကျောင်းသားတွေကို ကြည့်လိုက်ပြီး ခေါင်းခါလိုက်တယ်။ “ကလေးတွေ၊
ဒါက နယူးယောက်ဟီးရိုးကျောင်း။ နင်တို့ကျောင်းဒီနေ့ဖွင့်တယ်မလား၊ ပြဿနာမတက်ချင်ရင် ကိုယ့်ကျောင်းကိုယ်ပြန်ပြီး အတန်းတက်ပါလား။”
“ကျစ်၊ ဘယ်သူတွေများလဲလို့၊ ဒီအတိုင်းအပေါက်စောင့်ခွေးတွေမဟုတ်လား။ ခင်ဗျားတို့ကျောင်းသားတစ်ယောက်က မိတ်ဆွေဖွဲ့ဖို့ တောင်းဆိုတာကို ငြင်းတဲ့အပြင် ကျုပ်တို့ကိိုဝိုင်းပြီးတိုက်ဖို့ပါလုပ်သေးတယ်။ ခင်ဗျားတို့တရားသလား။”
ရပ်ကြည့်နေတဲ့ လူတွေထဲကတချို့က ခေါင်းညိတ်နေကြပြီး တချို့က ဖုန်းတွေထုတ် ဖြစ်စဥ်ကိုဗီဒီယိုရိုက်နေကြပြီ။ စကော်ပီယိုက မျက်မှောင်ကြုတ်ပြီး ခြေလှမ်းတစ်လှမ်းစလှမ်းလိုက်တယ်။ သူ့ခန္ဓာကိုယ်က ရပ်နေခဲ့တဲ့နေရာကနေ ရိပ်ခနဲပျောက်သွားပြီး မားကပ်ရဲ့ရှေ့မှာ ထွက်ပေါ်လာပါတယ်။
“ကောင်လေး၊ မိန်းကလေးတစ်ယောက်ရဲ့လက်ကို
အတင်းအကြပ်ကိုင်ထားပြီး ဒီစကားပြောတာ ယဥ်ကျေးရာမရောက်ဘူးနော်။” စကော်ပီယိုက နျူရေရဲ့လက်ပေါ်ကနေ မားကပ်ရဲ့လက်ကိုဆွဲဖယ်လိုက်ပြီး သွေးရောင်တောက်ပနေတဲ့ မျက်လုံးတွေနဲ့ပြောလိုက်တယ်။
“မလောက်လေးမလောက်စား အပေါက်စောင့်လေးကများ။” မားကပ်က ဒေါသထွက်လာပြီး သူ့မြူတန့်စွမ်းအားကို ထုတ်သေးတယ်။ လက်နှစ်ဖက်လုံး စုံလည်စက်သေနတ်တွေအဖြစ် ပြောင်းသွားပြီး စကော်ပီယိုကို ပစ်ဖို့လုပ်ပေမဲ့ စကော်ပီယိုက သူ့လက်တွေ ပြောင်းလို့မပြီးခင်မှာပဲ လက်တစ်ဖက်ကိုဖမ်းလိုက်ပြီး ထက်ပိုင်းချိုးပစ်လိုက်တယ်။
ဖြောင်း....
“အား... အား.....” ငယ်သံပါအောင်အော်သံ ထွက်လာပြီးသိပ်မကြာခင်မှာပဲ မားကပ်ဒူးထောက်ကျသွားတယ်။ စူပါအမေရိကကျောင်းခွဲကသူတွေလည်း မျက်လုံးပြူးနေကြပြီး သူတို့အချင်းချင်း တီးတိုးပြောနေကြတယ်။
“မား... မားကပ်စ်က B+ မဟုတ်ဘူးလား။ ဒီက သာမန်အပေါက်စောင့်တွေက ငါတို့ဆရာတွေပြောတဲ့အတိုင်းဆိုရင် Bအဆင့်ရောက်တယ်ဆိုရုံပဲ ရှိသင့်တာမဟုတ်ဘူးလား။”
စကော်ပီယိုကတော့ ကောင်လေးတွေကို ဂရုမစိုက်ဘဲ မားကပ်ကို သူ့အဖွဲ့ဆီ ပြန်ပစ်ပေးလိုက်တယ်။ အခြေအနေမကောင်းမှန်း သိနေတဲ့အတွက်ကြောင့်
သူတို့အုပ်စုက ပျာပျာယာယာနဲ့ထွက်သွားကြပါပြီ။
စကော်ပီယိုကတော့ သူ့ကိုကြည့်နေတဲ့ ကျောင်းသားတွေကိုကြည့်ပြီး ပြောလိုက်တယ်။
“ကျောင်းတက်ခေါင်းလောင်းထိုးပြီးနေပြီ။ သွားကြတော့။”
...
မနက်ပိုင်းစာသင်ချိန်တွေ ပြီးသွားတော့ အီဗန်နဲ့နျူရေက ကန့်တင်းမှာပြန်တွေ့ကြပြန်တယ်။ အီဗန်က အားပြည့်အောင်လို့ သွေးအိတ်ဖောက်သောက်နေပေမဲ့ နျူရေကတော့ အာလူးဟင်းရည်ပျစ်ပျစ်ကိုမစားသေးဘဲ ဒီအတိုင်းစိုက်ကြည့်နေတယ်။ အတော်ကြာမှ သူကအခုလို စကားစလာတယ်။
“အီဗန်၊ ငါတော့ ဒီကိစ္စက သွေးရိုးသားရိုးဖြစ်တာလို့မထင်ဘူး။ စူပါအမေရိကကျောင်းခွဲက တစ်ခုခုစီစဥ်ထားတာပဲဖြစ်ရမယ်။”
နျူရေလို ဉာဏ်ကြီးရှင်မဟုတ်တဲ့ အီဗန်ကတော့ သောက်လို့ကုန်သွားတဲ့ သွေးအိတ်ကို ပြန်သိမ်းလိုက်ပြီး နျူရေကို ကြည့်ပြီးမေးလိုက်တယ်။ “အဲဒီကောင်တွေက ဒီအတိုင်းငါတို့ကျောင်းပိုင်နက်ထဲ ဝင်လာပြီး ရမ်းကားရုံပဲမဟုတ်ဘူးလား။”
နျူရေ အီဗန်ကို ခေါင်းခါပြလိုက်တယ်။ ပုံမှန်ထက် ဉာဏ်ထက်မြက်သူတစ်ယောက်အနေနဲ့ သူကပုံမှန်မဟုတ်တဲ့ ဖြစ်စဥ်တချို့ကို မြင်တွေ့နိုင်စွမ်းရှိတယ်။ နျူရေက အသက်ကိုဝဝရှုပြီးမှ အီဗန်ကိုစရှင်းပြပါတယ်။
“ငါကျောင်းလာတုန်းက ငါတို့ကျောင်းနားမှာ ပုံမှန်ထပ်ပိုပြီး လူတွေများနေတယ်။ နယူးယောက်ဟီးရိုးကျောင်းက မြို့ပြင်နဲ့နီးလို့ လူဒီလောက်ထူတဲ့နေရာမဟုတ်ဘူး။ အဲဒီကျောင်းသားတွေ ငါ့ကိုနှောင့်ယှက်နေတုန်း လူတွေက မှတ်တမ်းမတင်ကြပေမဲ့ ဂိတ်စောင့်တွေထွက်လာမှ စပြီးမှတ်တမ်းတင်ကြတယ်။ နင်ဘယ်လိုထင်လဲ။”
“ဂိတ်စောင့်အစ်မကြီး အဲဒီကောင်ကိုရိုက်တဲ့ကိစ္စကို လိုင်းပေါ်တင်ဖို့လား။ ဒါပေမဲ့ အဲဒီလိုလုပ်လို့ ဘာအကျိုးအမြတ်ရမှာလဲ။” အီဗန်က ခေါင်းကိုကုတ်ရင်း နျူရေကို ပြန်မေးလိုက်တယ်။ နျူရေကတော့
သက်ပြင်းချလိုက်ရင်းနဲ့ အီဗန်ရဲ့နဖူးကို လက်နဲ့လှမ်းတောက်တယ်။
“နင်ကတော့လေ၊ နင့်ဦးနောက်က ကြွက်သားတွေနဲ့ပြည့်ပြီး ကယ်မရလောက်တဲ့အထိ ပျက်စီးနေပြီနဲ့တူတယ်။ အခုလောက်ဆိုရင် ကျောင်းလုံခြုံရေးက
အနိုင်ကျင့်လို့ ဆယ်ကျော်သက်ကောင်လေး လက်ကျိုးသွားတယ်ဆိုတဲ့ ဗီဒီယိုကြောင့် ငါတို့ကျောင်းသူများတံထွေးခွက်ထဲ ပက်လက်မျောနေလောက်ပြီဟဲ့။”
သူတို့နှစ်ယောက် စကားပြောနေတဲ့အချိန်မှာပဲ ကျောင်းဂိတ်တံခါးပွင့်သွားပြီး အကောင်းစားမာစီးဒီးကားအနက်ရောင်သုံးစင်း ကျောင်းခြံဝင်းထဲကို ဝင်လာခဲ့ပါပြီ။
....
“မမလေး၊ မမလေး။ မကောင်းတော့ဘူး၊ လိုင်းပေါ်မှာတက်နေတဲ့ ဗီဒီယိုကြည့်ပြီးသွားပြီလား။” အေမီက မက်ဒါနာရဲ့ရုံးခန်းတံခါးကို တံခါးမခေါက်ဘဲနဲ့ ဝင်ပြေးလာတဲ့အတွက် ငြိမ်းချမ်းရေးမဟာမိတ်ဘက်ကပို့ထားတဲ့ အစီအရင်ခံစာတွေကို ဖတ်နေတဲ့မက်ဒါနာလည်း ထိတ်လန့်သွားတယ်။
“အောင်မလေး၊ အေမီရယ်။ အလန့်တကြားနဲ့ ဘာမှလာတာလဲ။” မက်ဒါနာက မေးလိုက်ပေမဲ့ အေမီက ချက်ချင်းပြန်မဖြေသေးဘဲ မက်ဒါနာရဲ့ဖုန်းပြားကြီးကိုယူပြီး ယူကျု့ဖွင့်လိုက်တယ်။ အေမီက ဂိမ်းတိုက်ရိုက်လွှင့်တာကလွဲရင် ကျန်တဲ့အင်တာနက်အပိုင်းတွေအကုန်လုံးကို သူ့ခေါင်းထဲမှာပဲလုပ်သွားတာလေ။ ဒီတော့ သူ့ကိုယ်တိုင်အတွက် မိုဘိုင်းဖုန်းရယ်လို့ ရှိမနေဘူးရယ်။
မက်ဒါနာလည်း အေမီပြတဲ့ဗီဒီယိုကို ကြည့်လိုက်ပြီးတဲ့နောက်တော့ အံ့ဩမှုအလုံးစုံကြောင့် ဟသွားတဲ့ ပါးစပ်လေးကို လက်ဝါးလေးနဲ့ကာပြီး ပြောလိုက်လေရဲ့။
“ဟောတော့၊ ဒီအတိုင်းဆိုရင် ငါတို့ကျောင်းကို ဟိုဘက်ကျောင်းကလူတွေ ပြဿနာလာရှာတော့မယ့်ပုံပဲ။”
“အဲဒါကြောင့်ပြောနေတာလေ၊ မမလေးရဲ့။ ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ။”
အေမီက ခါတိုင်းလိုပဲ ပျာယာခတ်နေပေမဲ့ မက်ဒါနာက မကြာခင်မှာပဲ တည်ငြိမ်သွားပြီးတော့ ပြောလိုက်တယ်။ “အေမီ၊ ငါတို့ဒီပြဿနာကိုဖြေရှင်းဖို့အတွက်
နည်းလမ်းတစ်ခုခု ရှာမှဖြစ်တော့မယ်နဲ့တူတယ်။”
“စိတ်မကောင်းစရာပဲ၊ တကယ့်ကို စိတ်မကောင်းစရာပဲ။ အဲဒီအနားက ကျောင်းCCTVမှန်ဘီလူးတွေအကုန်လုံးကို လူတစ်စု ဒီမနက်အစောကြီး ဆေးမည်းနဲ လာမှုတ်သွားတယ်။ မင်းတို့က ကိုယ့်ခွန်အားကိုယ်ယုံကြည်မှုမြင့်လွန်းနေခဲ့တော့ ပုံမှန်စစ်ဆေးမှုလေးတွေကိုတောင် လုပ်ဖို့မေ့နေခဲ့ကြတာကိုး။”
ရုတ်တရက်ထွက်ပေါ်လာတဲ့ စကားသံကြောင့် မက်ဒါနာလှည့်ကြည့်လိုက်တော့ ရုံးခန်းပြတင်းပေါက်က ပွင့်နေပြီး ကြောင်နက်က ပြတင်းပေါက်ဘောင်ပေါ်မှာ ပျင်းရိပျင်းတွဲထိုင်နေပြီး ဗင်နီလာရေခဲချောင်းကိုလျက်နေတယ်။ မက်ဒါနာလည်း မယုံနိုင်စွာနဲ့အေမီကို ကြည့်လိုက်လေရဲ့။
“အေမီ၊ အဲဒါတကယ်ပဲလား။”
“ကျွန်မ စစ်ကြည့်လိုက်ဦးမယ်လေ။” အေမီက ပြောလိုက်ပြီးတော့ သူ့မျက်လုံးတွေက အရောင်တစ်ချက်လဲ့သွားတယ်။ ပြီးတဲ့နောက်တော့ မျက်နှာပျက်သွားပြီး
“ဟုတ်တယ်မမလေးရေ၊ ကင်မရာတွေအကုန်လုံး
မည်းတူးနေတာပဲ။ ကျွန်မတို့ ဗီဒီယိုမှတ်တမ်းတွေသုံးပြီး ငြင်းလို့မရတော့ဘူး။”
“.....” မက်ဒါနာက အေမီကိုရုပ်သေနဲ့ ကြည့်နေလိုက်တယ်။ လုံခြုံရေးကင်မရာတွေကို မနက်တစ်ခါ ညတစ်ခါ ပုံမှန်စစ်ရမှာ အေမီအလုပ်လေ။ ဒီတော့ဒီအိမ်စေမလေးက အများကြီးတိုးတက်လာပေမဲ့ အလုပ်ကို အပါးခိုနေတုန်းပဲပေါ့။
“မမလေး၊ ကျွန်မကို အဲဒီလိုမကြည့်နဲ့လေ။ မနက်က
မမလေးပဲ အိန္ဒိယစတိုင်စမူဆာဟင်း စားချင်တယ်ဆိုလို့ ချက်ပေးနေရတာလေ။”
“ဒါပေမဲ့ စစ်ဖို့က စက္ကန့်ပိုင်းပဲ ကြာတာမဟုတ်ဘူးလား။”
“ဒီတစ်ခါလေးပဲ မေ့သွားတာပါဆို။”
“ဟမ်....”
“.....” မက်ဒါနာက ကြောက်စရာအကြည့်ကြီးနဲ့ ဆက်ပြီးကြည့်နေတဲ့အတွက် နောက်ဆုံးအေမီမခံနိုင်တော့ဘဲ ရှုံမဲ့နေတဲ့မျက်နှာလေးနဲ့ ငယ်ထိပ်ပေါ်ကို လက်နှစ်ဖက်အုပ်ပြီး ခုံပေါ်မှာထိုင်နေတဲ့ မက်ဒါနာခေါင်းခေါက်လို့ရအောင် ဆောင့်ကြောင့်ထိုင်ချလိုက်ပါတယ်။ သာမန်လူတစ်ယောက်သာဆိုရင် မျက်ရည်ဝဲနေတာ မြင်ရမှာပဲ။
“ကျွန်မအမှားကို ကျွန်မသိပါပြီ မမလေးရဲ့။ အရမ်းနာအောင်တော့ မခေါက်နဲ့နော်။”
ဒေါက်... ဒေါက်....
မက်ဒါနာက အေမီကို စိတ်ရှိလက်ရှိခေါင်းခေါက်ပြီးတဲ့နောက်တော့ စားပွဲအောက်မှာဖြုတ်ထားတဲ့ အကူအရိုးကိုတပ်ပြီး ထိုင်နေရာကနေ ထလာကာ အခုလိုပြောလိုက်ပါတယ်။
“အေမီ၊ နင်အခုဘာလုပ်ရမလဲ သိပြီလား။”
“ဟုတ်မမလေး၊ စိတ်ချထားလိုက်ပါ။” အေမီက ပြောပြောဆိုဆိုနဲ့ ကျောင်းရုံးခန်းကို အမြန်ဆုံးသန့်ရှင်းပေးပြီး မက်ဒါနာရဲ့ခုံနောက်မှာ အလိုက်သိတဲ့ အိမ်စေလေးလိုမျိုး ဝင်ရပ်နေလိုက်တယ်။ မကြာခင်မှာပဲ ကိုယ်ရံတော်တပ်မှူးတစ်ယောက်လိုဝတ်ထားတဲ့
ဖရက်က တစ်ဝက်တစ်ပျက်ပွင့်နေတဲ့တံခါးကိုတွန်းဖွင့်ပြီး အထဲကိုဝင်လာကာ အစီအရင်ခံလိုက်ပါတယ်။
“မင်းသမီးလေး၊ ကျောင်းဝန်းရှေ့မှာ စူပါအမေရိက နယူးယောက်ကျောင်းခွဲက ကျောင်းဘုတ်အဖွဲ့ဝင်တွေရောက်နေပြီး မင်းသမီးလေးကို တွေ့ခွင့်တောင်းနေပါတယ်။ ပေးဝင်လိုက်ရမလား။”
“သူတို့ကို ဝင်ခိုင်းလိုက်ပါ။” မက်ဒါနာက ပြောလိုက်တယ်။ ဖရက်က ခေါင်းညိတ်လိုက်ပြီး အခန်းထဲက ထွက်သွားတယ်။
...
စူပါအမေရိကရဲ့မျက်မှန်နဲ့ သက်လတ်ပိုင်းအတွင်းရေးမှူးအမျိုးသမီးက ကားထဲမှာထိုင်နေရင်းကနေ ကျိန်ဆဲလိုက်မိတယ်။ “တော်တော်ဆက်ဆံရေးဆိုးဝါးတဲ့ကျောင်း၊ သူများကျောင်းတွေဆို ငါတို့မှန်းသိရင် အရင်အထဲပေးဝင်ပြီး တစ်နေရာရာမှာအရင်ဧည့်ခံရမှာလေ။ သူတို့က ငါတို့ကို ကျောင်းရှေ့မှာဆက်စောင့်ခိုင်းထားရဲတယ်ပေါ့။”
ကျောင်းအတွင်းရေးမှူးမကြီးက ဖြစ်နိုင်ရင် ဒရိုက်ဘာကို ဂိတ်တံခါးကိုကားနဲ့တိုက်ပြီး ကျောင်းထဲဝင်ခိုင်းစေချင်ပေမဲ့ ဂိတ်တံခါးနောက်မှာ ဝတ်စုံပြည့်နဲ့ အစောင့်လေးယောက်က သူတို့ကို လက်ပိုက်ပြီး
စားတော့ဝါးတော့မယ့်ပုံစံတွေနဲ့ ကြည့်နေကြတယ်လေ။ ကျောင်းဘုတ်အဖွဲ့က စူပါအမေရိကကျောင်းအဖို့ အရေးပါတဲ့အဖွဲ့ဖြစ်ပေမဲ့ တိုက်ပွဲဝင်ဖို့ဖွဲ့ထားတာမဟုတ်လေတော့ သူတို့တွေက စွမ်းအားမြင့်မြူတန့်တွေမဟုတ်ဘူး။ ဒီအတိုင်းစီးပွားရေးသမားတွေနဲ့ရပ်ရွာကောင်တီအဆင့် အုပ်ချုပ်ရေးအရာရှိတွေပဲပါတဲ့အုပ်စု။
မိနစ်လေးဆယ်လောက် စောင့်ပြီးမှ ဥရောပသူကောင်းမျိုးလိုလိုဘာလိုလိုဝတ်ထားတဲ့ လူမည်းကောင်လေးတစ်ယောက်ရောက်လာပြီး အစောင့်တွေကို တံခါးဖွင့်ပေးတော့တယ်။ ဒရိုက်ဘာက ကားနောက်မှန်ကနေတစ်ဆင့် အတွင်းရေးမှူးကိုကြည့်ပြီး
မေးလိုက်ပါတယ်။
“မဒမ်၊ ကားပါကင်ဆီ သူတို့ကိုလမ်းညွန်ခိုင်းရမလား။”
“ရတယ်၊ သူတို့ကလည်း ခပ်ချေချေဆိုတော့ ငါတို့လည်းပြန်ချေတာပေါ့။ ကားပါကင်အထိ ဆက်တိုက်မောင်းသွားလိုက်။ သူတို့ဘာသာ ငါတို့ဆီလိုက်လာပြီး လမ်းညွန်ပါစေ။”
“အမိန့်အတိုင်းပါ။” ဒရိုက်ဘာက အမိန့်ရတာနဲ့မရပ်တော့ဘဲ ကျောင်းထဲကို အရှိန်ပြင်းပြင်းမောင်းချသွားလိုက်တယ်။ တခြားကျောင်းတစ်ကျောင်းကို လာလည်တဲ့ရုံးအဖွဲ့အနေနဲ့ တကယ့်ကိုမယဥ်ကျေးတဲ့ အမူအရာပါ။
ကားတန်းက မကြာခင်မှာပဲ ကျောင်းကားပါကင်ဆီရောက်လာပြီး ကန့်တင်းထဲက ကျောင်းသားတွေက သူတို့ကို တအံ့တဩလှမ်းကြည့်နေကြတယ်။ ကားပါကင်ထိုးနေတုန်း အတွင်းရေးမှူးက သူ့ဘေးနားမှာဆူပုပ်ပုပ်မျက်နှာနဲ့ထိုင်နေတဲ့ ကောင်လေးမားကပ် ရုစပဲ့ကို အထင်သေးတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးပြောလိုက်ပါပြီ။
“ကောင်လေး၊ ကားပေါ်ကဆင်းတာနဲ့ နင့်လက်တွေ
ကျိုးနေသေးသလို ဆက်ပြီးအော်ငိုပေတော့။”
“ဟုတ်ကဲ့၊ အန်တီလေး။” ကောင်လေးက ကားပေါ်က
မဆင်းခင်ကတည်းက မုစသွင်းတယ်။ မကြာခင်မှာပဲ
မျက်ရည်ဝဲလာပြီး ကားဒရိုက်ဘာက တံခါးလာဖွင့်ပေးချိန်မှာတော့ ငိုသံကျယ်ကြီးက ကားနောက်ခန်းထဲ ပဲ့တင်သံထွက်နေပြီးတော့ အတွင်းရေးမှူးလည်း
နားကိုပိတ်ထားလိုက်ရတယ်။
ကားအပြင်ရောက်တော့ သူတို့အုပ်စုကို သူကောင်းမျိုးဝတ်စုံနဲ့လူက လက်ပိုက်ပြီးကြည့်နေတာ တွေ့ရတယ်။ ပြီးတော့ သူ့ကျောနောက်ကနေ အနက်ရောင်တောင်ပံတွေလည်း ထွက်နေပါသေးတယ်။ ဒါကြောင့် အတွင်းရေးမှူးနဲ့ဒရိုက်ဘာလည်း အံ့ဩသွားတော့တာပေါ့။ ဟိုကလေးတောင် ခနငိုဖို့မေ့သွားသေးတယ်။
“ခင်ဗျားတို့က ခပ်မြန်မြန်ဝင်သွားတော့ ကျုပ်ကလည်း လမ်းပျောက်မှာစိုးတာနဲ့ နောက်ကနေ ပျံပြီးလိုက်လာရတာပေါ့။” ဖရက်က ပြောပြောဆိုဆိုနဲ့ အတောင်တွေကို ပြန်သိမ်းလိုက်တယ်။
အတွင်းရေးမှူးအမျိုးသမီးကလည်း မျက်နှာကို အတတ်နိုင်ဆုံးပြုံးထားပြီး ရှေ့ထွက်ကာ လက်ဆွဲနှုတ်ဆက်လို့ရအောင် ဖရက်ကို လက်ကမ်းပေးလိုက်တယ်။
“ကျွန်မက စူပါအမေရိက နယူးယောက်မြို့ကျောင်းခွဲရဲ့အတွင်းရေးမှူး မဒမ်စမန်သာ ဂျွန်ဆင်-ရုစပဲ့ပါ။ တွေ့ရတာ ဝမ်းသာပါ။”
“ကျုပ်က ဖရက်ပါ၊ အားတော့နာပေမဲ့ ကျွန်တော့်သခင်မလေးရဲ့လက်ကလွဲရင် တခြားမိန်းမတစ်ယောက်ရဲ့လက်ကို ထိဖို့အဆင်မပြေတာမလို့ ခွင့်လွှတ်ပါ။”
ဒီစကားကြောင့် မဒမ်စမန်သာရဲ့မျက်နှာပေါ်က ဖယောင်းအပြုံးမျက်နှာကြီး အရည်ပျော်ကျသွားပါလေရောလား။ ဖရက်ကတော့ ဘာအမှားမှလုပ်မထားတဲ့ပုံစံမျိုးနဲ့ လူကြီးလူကောင်းဆန်ဆန် လမ်းရှိရာကို ညွန်ပြလိုက်တယ်။
“ကျောင်းအုပ်ရုံးခန်းရှိရာကို လမ်းညွန်ပေးပါရစေ။”