အရူးတစ်သိုက်
Vol. 30 Ch. 446
တရှိန်ထိုး ပြေးလာနေသည့် ထရပ်ကားကို မြင်တော့ စွန်းပေါ်၏ အမူအရာမှာ ကြက်သေသေသွားခဲ့ပြီး လက်ထဲရှိ စီးကရက်လည်း လွှတ်ကျသွားတော့၏။
သူရပ်နေသည့် နေရာမှာ ကျောက်စန်နှင့် သိပ်မဝေးချေ။
ခုတော့ တစ်ဖက်သူမှာ ဟာသမလုပ်နေကြောင်း သိရှိသွားလေပြီ။
ထို့နောက် ဖနောင့်နှင့်တင်ပါး တစ်သားတည်းကျအောင် တစ်ချိုးတည်း လစ်ပြေးတော့သည်။
သို့သော်လည်း ထရပ်ကား၏ အမြန်နှုန်းနှင့် ယှဉ်လျှင်တော့ ဝေးကွာနေသေး၏။
ကျောက်စန်လည်း ညှာတာမည့် အရိပ်အယောင်လုံး၀ မပြချေ။
အဆုံးတွင် လျှင်မြန်စွာ နီးကပ်လို့လာပြီး စွန်းပေါ်၏ မျက်နှာ ဖြူလျော်သွားတော့၏။ တစ်ချိန်တည်းတွင် သူ့ဘ၀သူ မေးခွန်းထုတ်မိသွားသည်။
'ငါဘာလို့ ဒီလောက် မိုက်မဲခဲ့ပါလိမ့်....'
ထို့နောက် ပြူးကျယ်ပြီး နောင်တရနေသည့် မျက်၀န်းတစုံတို့နှင့်အတူ သားရိုင်းကောင်ကြီး၏ တိုက်ခိုက်ချက်ဖြင့် နောက်သို့ လွင့်စင်သွားတော့၏။
ဘန်း.....
ကျောက်စန်မှာလည်း အတော်လေး အရည်အသွေး ပြည့်၀ပေသည်။ စွန်းပေါ်ကို လွင့်ထွက်သွားသည်နှင့် ကားကို တစ်ပြိုင်တည်း ရပ်တန့်လိုက်တော့၏။ မည်သည့် လွဲချော်မှုတို့မျှ မဖြစ်ပွားခဲ့ချေ။
စွန်းပေါ်ကတော့ အဝေးတစ်နေရာတွင် ခြေကားရား လက်ကားရားဖြင့် လဲကျလျက်ရှိသည်။ သို့သော်လည်း မည်သူမျှ သူသေလား ရှင်လား မသိကြသည့်အပြင် သွားလည်း မကြည့်ဝံ့ကြချေ။
သူတို့ ထွက်ရဲလျှင် တစ်ဖက်မှလည်း တိုက်ရဲကြောင်း စွန်းပေါ်မှ သာဓက ပြသွားခဲ့ပြီးဖြစ်၏။
ဆံဝါနှင့် သူ့နောက်ရှိလူတိုင်း သွေးဆုတ်ဖြူလျော်သွားခဲ့ကြပြီး ခန္ဓာကိုယ်မှာလည်း တုန်ခါနေလေသည်။
မည်သူမျှ အသက်ပင် ပြင်းပြင်း မရှူဝံ့ကြတော့ချေ။
"မင်း.... မင်းတကယ်ကြီး လူကို တိုက်ဝံ့တယ်ပေါ့လေ...."
လင်းရီ ပခုံးတွန့်လိုက်ပြီး "မရဲစရာ ဘာအကြောင်းရှိလို့.... ဒရိုင်ဘာက တိုက်သွားတာ သိပ်တောင် မပီပြင်လိုက်ဘူး... ဒါပေမယ့်လည်း အေးဆေး လေ့ကျင့်လို့ရပါသေးတယ်... နောက်မှာ လူတွေ အများကြီး ရှိသေးတာပဲ မဟုတ်လား... ကဲ နောက်ထပ် ဘယ်သူထွက်ဦးမလဲ....."
ဆံဝါအပါအ၀င် လူတိုင်း လင်းရီကို သတိအပြည့်ဖြင့် ကြည့်လိုက်ကြ၏။ လင်းရီမှ သူတို့ကို ဆွဲထုတ်ပြီး သတ်လိုက်မည်ကို ကြောက်ရွံ့နေကြလေသည်။
"မင်း... မင်း ဒါ ဥပဒေကို ချိုးဖောက်နေတာပဲကွ...."
ဆံဝါနှင့် ကျန်သူများမှာ အလွန်အမင်း ရှုပ်ထွေးနေခဲ့ကြပြီး မကြာမီ သူတိူ့ လင်းရီနှင့် နှိုင်းယှဉ်၍ မရကြောင်း သတိပြုမိသွားကြတော့၏။
သူတို့ ရန်ဖြစ်နေချိန် အုတ်ခဲကောက်ကိုင်လိုက်သော်လည်း တစ်ဖက်မှ အကြောင်းပြချက်မရှိ ရုတ်တရက်ကြီး နျူးကလိယလက်နက်ကို ထုတ်ပြလာသည်နှင့် ဆင်တူလေသည်။ ယင်းက မမျှတချေ။
"ခုတော့ ဥပဒေအကြောင်း စကားထုတ်ပြောလာပြီပေါ့..... "လင်းရီ ပခုံးတွန့်လိုက်ပြီး ပျင်းရိစွာဖြင့် " မင်းတို့ကောင်တွေနဲ့ ပေါက်တတ်ကရ ပြောနေရမှာ ပျင်းတယ်... ငါ ပြောဖို့ လိုအပ်တာတွေလည်း ပြောပြီးသွားပြီ... ကျန်တာကို မင်းတို့ဘာ မင်းတို့ စဉ်းစားကြည့်တော့...ပြီးတော့ မြင်တဲ့ အတိုင်းပဲ... ငါက ပြောရင် ပြောတဲ့ အတိုင်းလည်း လုပ်တတ်တယ်...."
"ငိုးပဲ.... မင်းမှာ ငွေလေး နည်းနည်း ရှိတိုင်းနဲ့ ငါတို့က ကြောက်မယ်များ မှတ်နေလားကွ.... "ဆံဝါ လင်းရီကို လက်ညိုးထိုး၍ အားနှင့် မာန်နှင့် ဆိုလိုက်ပြီး "ငါတို့ထွက်သွားလို့ မရရင် မင်းတို့လည်း ထွက်သွားလို့ မရစေရဘူး..."
"ဘာလဲ.. မင်းက ရန်ဖြစ်ချင်နေတာလား...."
"ငါ့နောက်မှာ လူတွေ အများကြီး ရှိနေမှတော့ မင်းကို ရှိန်မယ်လို့များ ထင်နေတာလား..."
လင်းရီ ဘေးရှိ၀မ်ရင်းမှာ ၎င်းကိုကြားတော့ ကြောက်ရွံ့စွာဖြင့် တုန်ယင်သွားခဲ့၏။
"ရီ... အစ်မတို့ ခု ဘယ်လိုလုပ်ကြမလဲဟင်...."
လင်းရီ ၀မ်ရင်း၏ ခါးကြဉ်ကြဉ်လေးကို ပွေ့ဖက်လိုက်ပြီး အပြုံးလေးဖြင့် မေးလိုက်၏။
"ကြောက်နေတာလား အစ်မရင်း..."
"အစ်မ မကြောက်ပါဘူး... မောင်လေးရီ တစ်ခုခု ဖြစ်သွားမှာကို စိုးရိမ်လို့ပါ...."
"ကျွန်တော့်ကို စိတ်မပူနဲ့... ကျန်တဲ့သူတွေကိုတော့ မသိဘူး... ဒါပေမယ့် အစ်မရင်းကိုတော့ မှဲ့တစ်ပေါက်တောင် မစွန်းစေရဘူး...."
"ရီ ... နင်က ဒီချိန်မှာတောင်မှ အစ်မရင်းကို ကလူကျီစယ်နေတယ်ပေါ့လေ... ဒါမှမဟုတ် သရုပ်ဆောင်နေတာပဲလား...."
ထိုမြင်ကွင်းကို ကြည့်နေသည့် ဆံဝါမှာ စိတ်မရှည်တော့ပဲ သူ့လက်ကို ဝှေ့ယမ်းလျက် "ငါ့ရှေ့မှာ အချစ်ဇတ်တွေ လာခင်းမပြနဲ့.... မင်း ငါတို့ကို ဒီနေ့ သေချာပေါက် ဖြေရှင်းချက် ပေးရမယ်.... မဟုတ်လို့ကတော့ ဒီကနေ့ တစ်ယောက်မှ ထွက်သွားလို့ရမယ် မကြံနဲ့....."
ဝှစ် ဝှစ် ဝှစ် ...
ရုတ်ချည်းဆိုသလို ကားဘရိတ် အုပ်သံများ အစီအရီ ပေါ်ထွက်လာခဲ့ပြီး
လူတိုင်း အလှမ်းသိပ်မဝေးသောနေရာရှိ လမ်းတစ်ဖက်သို့ လှည့်ကြည့်လိုက်သောအခါ ရှော့ခ်ရဖွယ် မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရလေသည်။
ပြိုင်ကားသုံးစီးခန့်မှာ ရှေ့မှ ဦးဆောင်လာပြီး နောက်တွင်လည်း ထရပ် အစီးနှစ်ဆယ်ခန့် လိုက်ပါလာခဲ့၏။
ထို့နောက် လမ်းဘေးတစ်နေရာ၌ အစီအရီ ထိုးရပ်လိုက်ကြလေသည်။
ထို့နောက် ချက်ချင်းဆိုသလို ချင်းဟန် သူ၏ McLaren P1 ထဲမှ မာန်နှင့်ထွက်လာခဲ့၏။
"ငါ့ညီကိုကောင်းကို ထိရဲတဲ့ကောင်မှန်သမျှ တစ်မျိုးလုံး အမျိးဖြုတ်ပစ်မယ်...ထိရဲတဲ့ကောင် ထိလိုက်စမ်း....."
ချင်းဟန်ကတော့ ရှေ့ဆုံးမှ လျှောက်လာခဲ့ပြီး သူနှင့် တစ်မီတာအကွာလောက်မှ လျန်ကျင်းမင်နှင့် ကောင်းကျုံးယွမ်တို့ လိုက်လာခဲ့ကြ၏။ ထိုသူတို့နောက်တွင်တော့ ၀တ်စုံအနင်နှင့် လူအယောက်ငါးဆယ်ခန့်မှာ ခြေလှမ်းညီညီဖြင့် လိုက်လာခဲ့ကြလေသည်။
"အစ်ကိုမောက်.. ကျုပ်တို့ ခု ဘယ်လိုလုပ်ကြမလဲ... ကျုပ်တို့က အချောင် ဆွမ်းကြီးလောင်းချင်လို့ လိုက်ခဲ့တာနော်... ရန်ဖြစ်ဖို့ မဟုတ်ဘူး... အိမ်မှာ ဇနီးနဲ့ သားကလည်း စောင့်နေသေးတယ်...."သက်လတ်ပိုင်း အမျိုးသား တစ်ယောက်မှပြောလိုက်၏။
"ငိုးပဲ....ပူညံပူညံ လာလုပ်မနေနဲ့..... မင်းအဖေလည်း ကြံနေပါတယ်ဟ...."
ဆံဝါမှ ကျိန်ဆဲလိုက်၏။
သူ့ကြည့်ရသည်မှာ ရဲရင့်၀င့်ကြွားနေဟန်ရှိသော်လည်း ပေါင်တစ်၀ိုက်တွင်တော့ သေးကြောင်းများက စီးကျနေပြီဖြစ်သည်။
ယခုလို ရုတ်တရက် လူအများအပြားနှင့် ဝိုင်းရံခံလိုက်ရသည့် အတွက် ဆံဝါမှာ အကူအညီ ခေါ်ရန်ပင် အချိန်မရလိုက်ပေ။ ယခု အခြေအနေမှ လွန်မြောက်ရန် နည်းလမ်း မစဉ်းစားနိုင်ပါက ဤနေရာမှာ သူ၏ သင်္ချိုင်းမြေ ဖြစ်သွားပေလိမ့်မည်။
ချင်းဟန် ချက်ချင်းဆိုသလို ဆံဝါရှေ့ ရောက်ရှိလာပြီး ရင်ဘတ်ကို စောင့်ကန်လိုက်၏။
"မင်းက ငါ့ညီကိုကောင်းကို ထိရဲ၀ံ့လောက်တဲ့ထိ သောက်ရမ်းတွေ အံ့ဩဖို့ ကောင်းနေတယ်ပေါ့လေ .. မင်းအသက်ရှင်နေရတာ ပင်ပန်းနေပြီလားကွ...."
ဆံဝါ မြေပြင်ပေါ်သို့ အကန်ခံလိုက်ရပြီး နောက် ချင်းဟန် သူ၏ ရင်ဘက်ရှိ အင်္ကျီများကို ဆုပ်ကိုင်လျက် မေးမြန်းလိုက်သည်။
"သ... သခင်လေးချင်း ဒေါသမထွက်ပါနဲ့...ကျွန်တော်တို့ စကားပြောလို့ ရပါသေးတယ်...."
"မင်းအမေကိုပဲ သွားပြောလိုက်လေ...."ချင်းဟန် ဆံဝါကို နောက်ထပ် ပါးတစ်ချက်ချကာ လက်ညှိုးထိုးလိုက်ပြီး "တကယ်လို့ ငါဒီနေ့ မင်းရဲ့ ခြေထောက်တွေကို မချိုးလိုက်ရရင် ငါ့မျိုးရိုးနာမည် ချင်းမဟုတ်တော့ဘူးဟျောင့်... "
"လမ်းဖယ်ကြစမ်း...."
ချင်းဟန် နောက်တစ်ချက် ပိတ်တွယ်တော့မည့် အချိန်တွင် လူအုပ်ကြီးနောက်မှ ရုတ်ရုတ် အသံများကို ကြားလိုက်ရ၏။
လူအုပ်ကြီးမှာ ချက်ချင်း လမ်းဖယ်ပေးလိုက်ကြပြီး လင်းရီနှင့် ကျန်သူများ လှမ်းကြည့်လိုက်သောအခါ ရောက်လာသူမှာတော့ ၀မ်မာဇီ လက်အောက်ရှိ နံပါတ်၀မ်း ဖိုက်တာ ရန်ပေါင် ဖြစ်နေလေသည်။
"သခင်လေးချင်း... ဘာလို့ အဲ့လောက်တောင် ဒေါသတွေ ထွက်နေတာ... ထိုင်ပြီး စကားအေးဆေး ပြောလို့လည်း ရပါတယ်..."
"ဟမ့်...."
ချင်းဟန် နှာခေါင်းရှုံ့လိုက်ပြီး "ဒီကိစ္စက တစ်ခုခု မူမှန်ဘူးလို့ လင်းကြီး ပျြောနတာ မဆန်းတော့ပါဘူး... ဒီတော့ မင်းတို့ကောင်တွေက ကြိုးကိုင်နေကြတာပေါ့...."
"သေချာစဉ်းစားကြည့်ရင် မဆန်းပါဘူး... မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးပဲလေ..."
ရန်ပေါင် ပြောလိုက်ပြီး "အဲ့ကောင်က ကျုပ်တို့ မြေကို လုယူသွားရုံတင် မကသေးဘူး... ကျန်းအောက်ကိုလည်း ဒဏ်ရာရအောင် လုပ်သွားသေးတာ်... အဲ့တာကို လွှတ်ထားပေးလိုက်ရင် ကျုပ်တို့က မြေအောက် လောကမှာ လူရယ်စရာကြီး ဖြစ်ကုန်မှာပေါ့...."
လင်းရီ ရှေ့သို့ ခြေလှမ်းအနည်းငယ်ခန့် တိုးပြီး ရန်ပေါင်ရှေ့တွင်ရပ်ကာ "ငါ စိတ်ကောင်းနေတုန်း မင်းတို့ ထွက်သွားလိုက်တော့.... ငါ ဒီကိစ္စကို ထပ် မချဲ့ကားချင်တော့ဘူး... တကယ်လို့ ငါ့စိတ်အခြေအနေသာ ဆိုးရွားသွားလို့ကတော့ မင်းတို့ကောင်တွေ တစ်ကောင်မှ အကောင်းအတိုင်း ပြန်ထွက်သွားဖို့ မသေချာတော့ဘူးနော်...."
"မစ္စတာလင်း... ခင်များကပဲ သွေးနထင် ရောက်နေတာလား... ကျုပ်က ခင်များကို ကြောက်မယ်လို့များ ထင်နေတာလား... ဒါမှမဟုတ် ကျုပ်ကို ကျန်းအောက်လိုမျိုးပဲလို့ ထင်နေတာလား...."
လင်းရီ ဘာတစ်ခွန်းမျှ မပြောဘဲ ရန်ပေါင်ကို ပစ်ကန်လိုက်သည်။
ငနဲမှာ တုံ့ပြန်ချိန် မရလိုက်ပဲ နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်လိုက်ပြီးမှသာ ဟန်ချက် ပြန်ထိန်းနိုင်လိုက်လေသည်။
ထို အချင်းအရာမှတစ်ဆင့် ရန်ပေါင်မှာ ကျန်းအောက်ထက် သန်မာနေကြောင်း တပ်အပ်သိနိုင်သည်။
"ကောင်လေး... ငါတို့က စကားအေးဆေး ပြောဖို့ လာခဲ့တာနော်... ဒါပေမယ့် မင်းက ကစားချင်နေတယ်ပေါ့ ဟုတ်လား.... "ရန်ပေါင် အေးစက်နေသည့် လေသံဖြင့် ဆိုလိုက်၏။ သူ၏ မျက်လုံးများမှာလည်း ကြမ်းတမ်းနေလေသည်။
"ငါ့တော့ ဘာစကားမှ ပြောစရာ မလိုဘူးလို့တော့ ထင်တာပဲ... တကယ်လို့ မင်းမှာ ဘောတွေ ရှိရင် ယောက်ျားချင်း လက်သီးနဲ့ပဲ ဖြေရှင်းကြတာပေါ့...."
ရန်ပေါင်၏ မျက်လုံးများမှာ သွေးဆာဟန်ရှိသွားပြီး လင်းရီထံသို့ သားကောင်ကို ခုန်အုပ်မည့် ကျားသစ်ကဲ့သို့ ပြေးသွားလိုက်တော့၏။ ၎င်း၏ အမူအရာမှာ လင်းရီကို အပိုင်းပိုင်း စုတ်ဖြဲချင်နေပုံပင်။
လင်းရီလည်း မရှောင်ပဲ တန်ပြန် တိုက်ခိုက်လိုက်၏။
သို့သော်လည်း စနစ်၏ ပံ့ပိုးမှုနှင့်အတူ လင်းရီ၏ အလျင်နှင့် ခွန်အားတို့မှာ ရန်ပေါင် လိုက်မမှီသည့် အနေအထားတစ်ခုသို့ ရောက်ရှိနေပြီး ဖြစ်သည်။
လက်သီးချင်း ယှဉ်ထိုးရာတွင် ရန်ပေါင် နောက်သို့ ခြေလှမ်းဒါဇင်ခန့် ပြန်ဆုတ်လိုက်ရ၏။ သူ၏ လက်အရိုးမှာလည်း နောက်သို့ ကျွံ့၀င်သွားခဲ့လေသည်။
သို့သော်လည်း သူဟန်ချက်ညီအောင် ထိန်းညှိလို့ မပြီးသေးမီ လင်းရီ သူ့ထံသို့ တဟုန်ထိုး ပြေးလာခဲ့သည်ကို မြင်တော့ ရှော့ခ်ရသွားခဲ့၏။
ယခု တစ်ကြိမ်တွင်တော့ လင်းရီ ရန်ပေါင်ကို မည်သည့် ညှာတာမှုတို့မျှ မပြဘဲ ၎င်း၏ ဆံပင်ကို ဆွဲစုကာ အောက်သို့ ဆွဲ၍ ဒူးနှင့်မျက်နှာကို အားပါးတရ မိတ်ဆက်ပေးလိုက်တော့သည်။
ခရက်....
"အား..............."
တစ်ချိန်တည်းတွင် ရှင်းလင်းသည့် အရိုးကျိုးသံတစ်သံက လူတိုင်း၏ နားစည်၀သို့ ရိုက်ခတ်သွားချဲ့ပြီး လူတိုင်း၏ မသိစိတ်မှ နှာခေါင်းကို အလိုလို အုပ်မိသွားကြ၏။ ရန်ပေါင်ကတော့ မြေပြင်ပေါ်သို့ မျက်နှာအုပ်လျက် ဒူးထောက်ကျသွားခဲ့ပြီး နာကျင်စွာဖြင့် တီကောင် ဆားတို့ခံရသကဲ့သို့ ဖြစ်နေလေသည်။
ယင်းမြင်ကွင်းကို မြင်တော့ လူတိုင်း ကြက်သေသေသွားခဲ့ကြ၏။
လင်းရီကဲ့သို့ ပိန်ပါးဟန်တူသည့် ကောင်လေးမှာ ရန်ပေါင်လို ဖိုက်တာ အကြီးစားတစ်ယောက်ကို အမှောက်သိပ်နိုင်လိမ့်မည်လို့ မည်သူမျှ ထင်မှတ်မထားကြချေ။
ရန်ပေါင်ကတောင်မှ သူ့ပြိုင်ဘက် မဟုတ်ဘူးတဲ့လား.....
ရှီးပဲ... ငါတို့ဆိုမှတော့ ခွေးဖြစ်ပြီပေါ့ကွ…