← Chapters

အမှန်တရားက ရှင်းလင်းနေပြီ

Vol. 30 Ch. 448

အမှန်တရားက ရှင်းလင်းနေပြီ

Vol. 30 Ch. 448

"အဓိပ္ပာယ် မရှိတာ..."

ကျီချင်းရန် မျက်နှာ မလှတော့ပဲ "လင်းရီက ဘယ်တော့မှ အဲ့လိုအလုပ်တွေ လုပ်မှာ မဟုတ်ဘူး... ရှင်သူ့ကို အပုပ်ချချင်ရင်တောင်မှ အဲ့လို လှည့်ကွက်အသေးစားလေးတွေ ထုတ်မသုံးသင့်ဘူး...."

"ဥက္ကဌကျီ... ကျုပ် ၊ ၀မ်ပင်းက မြေအောက်လောကမှာ ကျင်လည်လာတာ နှစ်ပေါင်းမနည်းတော့ဘူး... ကျုပ်လက်တွေက မသန့်ရှင်းဘူးဆိုရင်တောင်မှ အဲ့လို ယုတ်ညံ့တဲ့ နည်းလမ်းတွေတော့ မသုံးဘူး....."

၀မ်မာဇီမှ ပြောလိုက်သည်။

ထို့နောက် "တကယ်လို့ ကျုပ်ပြောတာ မှန်မယ်ဆိုရင် ဆင်ခြေဖုံးရပ်ကွက်က ပရောဂျက်ဆွေးနွေးညှိနှိုင်းတာက အဆင်ပြေသွားပြီမလား....ဘာလို့ ရုတ်တရက်ကြီး အောင်မြင်သွားရလဲဆိုတာ ဥက္ကဌကျီ မသိချင်ဘူးလား....."

ကျီချင်းရန် တိတ်ဆိတ် ငြိမ်သက်လျက်ရှိ၏။ ၀မ်ပင်း၏ စကားလုံးများက သူမ၏ စူးစမ်းချင်စိတ်ကို လှုံ့ဆော်သွားခဲ့လေသည်။

ရုတ်ချည်း အောင်မြင်သွားတယ်ဆိုတော့ ဒီကိစ္စက သေချာပေါက် တစ်ခုခုတော့ ထူးဆန်းနေတယ်...

"ဒါက ကျွန်မတို့ ကုမ္ပဏီရဲ့ အတွင်းရေးကိစ္စ.....ရှင် စိတ်ပူပေးစရာ မလိုဘူး..."

"ဟားဟား...."

၀မ်မာဇီ ပြုံးလိုက်ပြီး "ဥက္ကဌကျီ... ခင်များကလည်း စီးပွားရေး အင်ပါယာတစ်ခုကို ထူထောင်ထားတဲ့သူဆိုတော့ သေချာပေါက် ထက်မြက်ပြီးသားပါ.... ကျုပ် ပြောဖို့ လိုအပ်တာတွေတော့ ပြောပြီးသွားပြီ...ပြီးတော့ ဥက္ကဌကျီ စိတ်ထဲမှာလည်း အမှန်တရားကို ခန့်မှန်းပြီးလောက်ရောပေါ့....ဒါပေမယ့် ပိုပြီး သေချာသွားအောင် ကျုပ်ကို ဥက္ကဌကျီရဲ့ အီးမေးလိပ်စာလေး ပေးလို့ရမလား... ကျုပ် ပြစရာ တစ်ခုရှိတယ်.... "

"ကောင်းပြီလေ..."

တုံ့ဆိုင်းခြင်းမရှိ ကျီချင်းရန် သူမ၏ ကိုယ်ပိုင် အီးမေးလိပ်စာကို ၀မ်မာဇီထံ ပို့ပေးလိုက်၏။

ကျီချင်းရန် လက်ထဲတွင် ဖုန်းကိုင်ထားသော်လည်း သူမ၏ အကြည့်များကတော့ ကွန်ပျူတာပေါ်တွင် အာရုံစူးစိုက်ထားလေသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် သူမ၏ အီးမေးဘောက်စ်ထဲသို့ မရင်းနှီးသည့် အီးမေးတစ်ခုမှ စာတစ်စောင် ပို့လာခဲ့၏။

ထိုထဲတွင် ပါ၀င်သည့် အကြောင်းအရာများက ကျီချင်းရန်၏ မျက်နှာအမူအရာကို တုန်လှုပ်သည့် အသွင်သဏ္ဌာန်သို့ ပြောင်းလဲသွားစေသည်။ ထိုအထဲတွင် သွေးများ ဖုံးလွှမ်းနေပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည့် လူနှစ်ယောက်ပုံပါ၀င်လေသည်။ ယင်းက လုံး၀ကို သွေးပျက်စရာ မြင်ကွင်းကြီးပင်။

ထိုအထဲမှ တစ်ယောက်မှာ အရေးပေါ်ကုသမှု ခံယူနေသည့်ပုံဖြစ်ပြီး ထိုသူကတော့ ရန်ပေါင်၏ လက်အောက်ငယ်သား စွန်းပေါ်ပင်။

ရန်ပေါင်၏ အခြေအနေမှာ အဆင်ပြေသေး၏။ လင်းရီ၏ ဒူးချက်ကြောင့် နှာခေါင်းရိုး ကျိုးသွားရုံလောက်သာ။ သို့သော်လည်း စွန်းပေါ်၏ အသွင်အပြင်ကတော့ သွေးပျက်ဖွယ် အကောင်းဆုံးဖြစ်၏။

"ဥက္ကဌကျီ.... လင်းရီကပဲ ကျုပ် လက်အောက် ငယ်သားကို ကားနဲ့တိုက်ဖို့ အမိန့်ပေးလိုက်တာ... သူ့ အခြေအနေကတော့ ဥက္ကဌကျီ မြင်တဲ့ အတိုင်းပဲ... အရေးပေါ် အခြေအနေဖြစ်နေပြီ.... "

"ရှင် ဘာသဘောလဲ..."ကျီချင်းရန် အေးစက်စွာ စကားဆိုလိုက်သည်။

"ကျုပ်တို့အားလုံးက စီးပွားရေးသမားတွေဆိုတော့ ဥက္ကဌကျီ စိတ်မပူပါနဲ့.. ကျုပ် များများစားစားတော့ မတောင်းဆိုပါဘူး... ကျုပ်တို့ကို ပရောဂျက် လွှဲပြောင်းတဲ့ အနေနဲ့ ထမင်းတစ်နပ်လောက်လေး အတူစားပေးရင် အဆင်ပြေပြီ... ကျုပ်လည်း ဒီကိစ္စကို အေးဆေးပြီးချင်ပါတယ်...."

"အိပ်မက်မက်နေလိုက်...."

"ဥက္ကဌကျီ သဘောမတူလည်း ကိစ္စတော့မရှိပါဘူး... လင်းရီကို ထောင်၀င်စာတွေ့ဖို့ပဲ အသင့်ပြင်ထားလိုက်တော့... ဘာပဲ ဆိုဆို လူသတ်မှုဆိုတာက သေးသေးလေးမှ မဟုတ်တာ...."

ထို့နောက် ၀မ်မာဇီ ကျီချင်းရန်ကို စကားပြောရန် အခွင့်အရေး မပေးဘဲ ဖုန်းတန်းချလိုက်သည်။

စွန်းပေါ် အတိုက်ခံလိုက်ရသော်လည်း အသက်အန္တရာယ် စိုးရိမ်ရလောက်သည့် အခြေအနေတော့ မဟုတ်ခဲ့ပေ။

သို့သော်လည်း စွန်းပေါ်၏ သေခြင်းရှင်ခြင်းက ၀မ်မာဇီ၏ ဆုံးဖြတ်မှုပေါ်တွင် မူတည်နေလေသည်။ ၀မ်မာဇီ သေစေချင်ပါက သေရမည် ဖြစ်ပြီး ဝမ်မာဇီ ရှင်စေချင်ပါက အသက်ချမ်းသာခွင့် ရလိမ့်မည်။ ကံဆိုးစွာဖြင့် စွန်းပေါ်ကတော့ အသက်ပေးဆပ်လိုက်ရ၏။ နောက်ဆုံးတွင်တော့ ထိုလူသတ်မှုအတွက် လင်းရီမှာ တရားခံ ဖြစ်လာလေသည်။

ရုံးခန်းထဲတွင်ထိုင်ရင်း ကျီချင်းရန် အီးမေးထဲတွင် ပါ၀င်သည့် ဓာတ်ပုံများကို သွေးလန့်စွာဖြင့် ကြည့်နေခဲ့၏။ ထို့နောက် နှလုံးသားလေးလံစွာဖြင့် အီးမေးကို ပိတ်လိုက်သည်။

၀မ်မာဇီက ဘယ်သူလဲဆိုတာ ကျီချင်းရန် မသိသော်လည်း ကျောက်ကျိန်းရန်နှင့် အဆင့်အတန်းတူညီစွာ ဆက်ဆံနိုင်မှတော့ ထိုသူ၏ အထောက်အထားမှာလည်း သေချာပေါက် ဆိုးရွားလိမ့်မည် မဟုတ်ချေ။

သူတို့၏ အဆင့်အတန်းနှင့် ဆိုပါက လင်းရီကို ယုတ်ညံ့သော နည်းလမ်းများဖြင့် အပုပ်ချလိမ့်မည်ဟု ကျီချင်းရန် ထင်မှတ်မထားခဲ့ချေ။

ထို့ကြောင့် ကျီချင်းရန် ၀မ်မာဇီ၏ စကားလုံးများကို စတင်ယုံကြည်စ ပြုလာလေသည်။

"အတွင်းရေးမှူးချိုး... ကျွန်မ ရုံးခန်းထဲကို ခဏလောက် လာခဲ့ဦး..."အတွင်းလိုင်းဖုန်းမှတစ်ဆင့် ကျီချင်းရန် သူမ၏ အတွင်းရေးမှူးကို ဖုန်းခေါ်လိုက်သည်။

"နားလည်ပါပြီရှင့်...."

စက္ကန့်အနည်းငယ်ကြာပြီးနောက် အမျိုးသမီး အတွင်းရေးမှူးမှာ တံခါးခေါက်၍ ၀င်လာခဲ့ပြီး "စီအီးအိုကျီ.. ကျွန်မကို ရှာနေတာလားရှင့်...."

"မနေ့တုန်းက ညှိနှိုင်းဆွေးနွေးတာကို ဘယ်သူတာ၀န်ယူခဲ့တာလဲ...."

"ပရောဂျက် ဌာနက ၀မ်ဟုန်ကျီပါ.... ပြီးတော့ အရောင်းဌာနက ဌာနမှူး၀မ်လည်း သူနဲ့ အတူ ပါပါသေးတယ်..."

"သူတို့ကို ဒီလွှတ်လိုက်...."

"နားလည်ပါပြီရှင့်..."

အတွင်းရေးမှူး လှည့်ထွက်သွားခဲ့၏။ မိနစ်အနည်းငယ်ကြာပြီးနောက် ၀မ်ရင်းနှင့် ၀မ်ဟုန်ကျီတို့ ရောက်ရှိလာလေသည်။

"ဥက္ကဌကျီ.. ကျွန်မတို့ကို ရှာနေတယ်ဆိုလို့ပါ...."

ကျီချင်းရန် ရှေ့တွင် ရပ်နေရင်း ၀မ်ရင်းမှာ ကိုယ်လုပ်တော်တစ်ဦးမ ဧကရီတစ်ဦးအား အခစား ၀င်နေရသကဲ့သို့ အလွန်အမင်း တုန်လှုပ်ခြောက်ခြားနေလေသည်။

"ထိုင်ပါဦး...."

"ငါ သိချင်တာက မနေ့တုန်းက ခေါင်းမာနေတဲ့ အိမ်ထောင်စုတွေကို နင်တို့ ဘယ်လိုတွေ ဆွေးနွေးပြီး ပထုတ်လိုက်သလဲ ဆိုတာကိုပဲ...."

"ဥက္ကဌကျီ.. ဒါက ဒီလိုပါ..."၀မ်ရင်း သူမ၏ အမူအရာကို တည်တံ့လိုက်ပြီး ကျီချင်းရန် ယခုလို မေးခွန်း မေးလာလိမ့်မည်ဖြစ်ကြောင်း ကြိုတွေးထားပြီးသောကြောင့် စီစဉ်ထားသည့် အကြောင်းကြချက်ကို ထုတ်ပြောလိုက်သည်။

"မနေ့တုန်းက ကျွန်မတို့ ဆွေးနွေးတဲ့အချိန် သူတို့ရဲ့ ခေါင်းဆောင်ကို တိတ်တိတ်လေး ယွမ်နှစ်သောင်း လာဘ်ထိုးထားတော့ အချိန်မကုန်တော့ပဲ......"

"ငါကြားချင်နေတာ အဲ့တာ မဟုတ်ဘူး..."ကျီချင်းရန် စကားဖြတ်ပြောလိုက်ပြီး "လင်းရီ အဲ့ကို ရောက်လာခဲ့သေးတာလား..."

၀မ်ရင်းနှင့် ၀မ်ဟုန်ကျီတို့ အချင်းချင်းကြည့်လိုက်ကြပြီး ရင်ထဲတွင် ဆိုးရွားသည့် ခံစားချက်‌တို့ ရရှိနေလေသည်။

"လင်းရီ ရောက်မလာခဲ့ပါဘူးရှင့်... ကျွန်မတို့ ကိုယ့်ဘာကိုယ် ကိုင်တွယ်လိုက်တာပါ..."

"ငါ အမှန်ကိုပဲ ကြားချင်တယ်..."ကျီချင်းရန် တည်ငြိမ်စွာ ပြောလိုက်ပြီး "မဟုတ်ရင်တော့ နင်တို့ နှစ်ယောက်လုံး ပစ္စည်းတွေ သိမ်းပြီးတော့ ထွက်သွားလိုက်တော့..."

၀မ်ရင်း နှုတ်ခမ်းကိုက်လိုက်ပြီး နှုတ်ဆိတ်နေလိုက်၏။ သို့သော်လည်း ၀မ်ဟုန်ကျီကတော့ မနေပေ။

"ဥက္ကဌကျီ.. မနေ့တုန်းက အစ်ကိုရီ လာသွားပါတယ်ဗျ...."

၀မ်ရင်း လင်းရီအတွက်နှင့် အလုပ်ကို အဆုံးရှုံးခံ‌နိုင်သော်လည်း သူကတော့ မဟုတ်ခဲ့ပေ။

"ဘာဖြစ်ခဲ့လဲဆိုတာ ငါ့ကိုပြောပြ ..."

ကျီချင်းရန် သူတို့ နှစ်ယောက် လိမ်နေတာကို စိတ်မ၀င်စားပေ။ သူမ အမှန်တရားကိုသာ ကြားရန် အလိုရှိသည်။

နောက် ဆယ်မိနစ်ခန့်အထိ ကျီချင်းရန် ၀မ်ဟုန်ကျီ ပြောသမျှကို တည်ငြိမ်စွာဖြင့် နားထောင်နေလေသည်။

အဖြစ်အပျက်တို့မှာ သူမ မျှော်လင့်ထားသည်ထက်ကို ကျော်လွန်နေပြီး ၀မ်ဟုန်ကျီ၏ ပြောစကားများအရတော့ လင်းရီမှာ ၀မ်မာဇီ၏ လက်ချက်ဖြစ်ကြောင်း ရိပ်မိနေသည့်ပုံပင်။

"ကောင်းပြီ.. နင်တို့ နှစ်ယောက်လုံး ကိုယ့်အလုပ်ကိုယ် ပြန်သွားလုပ်ကြတော့...."

"ကောင်းပါပြီဗျ..."

နှစ်ယောက်စလုံး တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားခဲ့ကြသည်။ ကျီချင်းရန် သူမဖုန်းကို ကိုင်လျက် တခဏမျှ အတွေးနက်နေပြီးနောက် ၀မ်မာဇီထံ ခေါ်ဆိုလိုက်လေသည်။

"ဥက္ကဌကျီက ကျုပ်ကို ဖုန်းခေါ်လာတယ်ဆိုတော့ အဖြစ်မှန်ကို သိရှိသွားပြီဆိုတဲ့ သဘောပေါ့...."

"ကျွန်မ ရှင့်ရဲ့ အပိုစကားတွေကို မကြားချင်ဘူး... "ကျီချင်းရန် အေးစက်သည့် လေသံဖြင့် ပြောလိုက်ပြီး "ရှင် ပရောဂျက်ကို လိုချင်နေတာမလား... ပေးလိုက်မယ်... နေရာသတ်မှတ်ပြီးတော့ လွှဲပြောင်းတဲ့ စာချုပ်ချုပ်ဖို့ ပြင်ထားလိုက်...."

"ဥက္ကဌကျီက အရမ်းကို တည့်တိုးဆန်တာပဲ.. ဒီလိုလူမျိုးကပဲ ကိစ္စကြီးတွေကို အောင်မြင်နိုင်တာ... ခု နေ့လည်တောင် ရောက်နေပြီဆိုတော့ တီဟွေ့စားသောက်ဆိုင်မှာ လူချင်းတွေ့ပြီး စကားပြောကြရင်ကော..."

"အဆင်ပြေတယ်...."

ဖုန်းချပြီးနောက် ကျီချင်းရန် လွှဲပြောင်းသည့် စာချုပ်ကို ပရင့်ထုတ်လိုက်ပြီး သူမအိတ်ထဲထည့်ကာ တံခါးကိုဖွင့်၍ ထွက်ခွာသွားတော့သည်။

တစ်ချိန်တည်းတွင် သူမရုံးခန်းသို့ ပြန်ရောက်နေသည့် ၀မ်ရင်းမှာ တစ်ခုခု မှားနေကြောင်း ခံစားမိနေတော့၏။

ယမန်နေ့ကတည်းကပင် သူမနှင့် ၀မ်ဟုန်ကျီမှာကြိုတင် ဇာတ်တိုက်ထားပြီးဖြစ်သည်။ သို့တိုင်အောငါ ဥက္ကဌကျီမှာ အဘယ်ကြောင့် အမှန်တရားကို ရှာတွေ့သွားရသနည်း။

ထိုအတွေးများ စိတ်ထဲတွင် စိုးမိုးနေလျက် ၀မ်ရင်း အတွင်းရေးမှူးချိုးထံသို့ ဖုန်းဆက်ကြည့်လိုက်၏။

"အတွင်းရေးမှူးချိုး ကျွန်မ တစ်ခုလောက် မေးချင်လို့ပါ..."

"အစ်မရင်း ပြောစရာရှိရင် တစ်ခါတည်း တန်းပြောလိုက်လေ...."

"မနေ့က ပရောဂျက်လုပ်မယ့် နေရာမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ဥက္ကဌကျီက ဘယ်လိုလုပ်ပြီး သိသွားခဲ့တာ...."

"ညီမလည်း သိပ်တော့ မသေချာဘူး... အစ်မရင်းပေးတဲ့ အစီရင်ခံစာကို ပေးခဲ့လိုက်တာပဲလေ.. အစကတော့ ဥက္ကဌကျီက ဘာမှ သိပ်မမေးဘူး..."အတွင်းရေးမှူးချိုးမှ ပြောလိုက်ပြီး "ဒါပေမယ့် ခဏကြာတော့ ဥက္ကဌကျီက အစ်မရင်းတို့ကို ခေါ်ဖို့ လွှတ်လိုက်ပါလေရော... ဥက္ကဌကျီက သေချာပေါက် တစ်ခုခုကို ရှာတွေ့သွားလို့နေမှာ..."

"တစ်ယောက်ယောက်ကများ ဥက္ကဌကျီကို ပြောလိုက်လို့များလား...."

"အစ်မ၀မ်ကတော့ ညီမကို ခက်ခဲအောင် လုပ်နေပါပြီ... ညီမက အတွင်းရေးမှူးလေးပဲလေ... ဘာလို့ အဲ့လောက်အများကြီး သိမှာလဲလို့...."

"ကောင်းပါပြီ... ကျေးဇူးနော် အတွင်းရေးမှူးချိုး... နောက်နေ့ကျရင် ထမင်းလိုက်ကျွေးပါ့မယ်...."

"အစ်မ၀မ်က ယဉ်ကျေးလွန်းနေပါပြီ.. အသေးမွှားလေးပါ...."

ဖုန်းချပြီးနောက် ၀မ်ရင်း လင်းရီထံ ဖုန်းဆက်လိုက်၏။

သို့သော်လည်း ဘယ်သူမှ ဖုန်းမကိုင်ခဲ့ပေ။

တစ်ခုခုမှားနေကြောင်း မသိစိတ်မှ ခံစားနေရ၍ ၀မ်ရင်း နောက်ထပ် လေးငါးကြိမ်ခန့် ဖုန်းဆက်ခေါ်လိုက်သော်လည်း မည်သူကမျှ ဖုန်းမဖြေချေ။

၀မ်ရင်း တစ်ခုခုကို တွေးတောမိပြိးနောက် မြေအောက် ကားပါကင်ရှိ လုံခြုံရေးအခန်းထဲသို့ ပြေး၀င်သွားလေသည်။

"ရို... ဌာနမှူး၀မ်ပါလား... ထိုင်ပါဦး.. အလောတကြီးနဲ့ ဘာတွေများဖြစ်လို့ပါလိမ့်...."လုံခြုံရေး ခေါင်းဆောင်မှ ဧည့်၀တ်ပျူငှာစွာဖြင့် ကြိုဆိုလိုက်သည်။

"အစ်ကိုဝေ ... ကျွန်မ တစ်ခုလောက် မေးချင်လို့...."

"ပြောလေ... ဌာနမှူး၀မ်.. ဘာလို့ အဲ့လောက် အားနာနေတာ.."

"ကျွန်မကို တစ်ခုလောက် ကူညီပေးပါလား... တကယ်လို့ ဥက္ကဌကျီ ထွက်သွားခဲ့ရင် ကျွန်မဆီ ဖုန်းဆက်ပေးလို့ရမလား.... "

"ဥက္ကဌကျီလား... အစောကြီးကတည်းကနေ ထွက်သွားခဲ့ပြီးပြီလေ....”

All Chapters