ကောင်းပေါ်ချင်း၏ တန်ဖိုး
Vol. 61 Ch. 843
ယန်းလီလင်းက ကောင်းပေါ်ချင်းတစ်ယောက် လွတ်မြောက်လာမှုအပေါ် တုံ့ပြန်မှုအား တည်တည်ငြိမ်ငြိမ် ကြည့်နေလေ၏။ သူမက သူ့ကို ဝင်ရောက်မစွက်ဖက်ခဲ့ပေ။ ကျင့်ကြံရေးလောကက စကားဖြင့် ဖော်မပြနိုင်လောက်အောင် ရက်စက်လှသည်။ ကွဲလွဲချက်များစွာ ရှိနေသော်လည်း အသင်္ချေအင်ပါယာကမ္ဘာက အဆုံးမဲ့လေဟာနယ်အတွင်း ကမ္ဘာအများစုထက် ဘေးကင်းပေသည်။
အင်အားစုများက တစ်ခုနှင့် တစ်ခု ယှဉ်ပြိုင်နေရင်း အင်မော်တယ်လမ်းကြောင်း စာချုပ်ကဲ့သို့ ရေးသားထားသည့် စည်းမျဉ်းများကို လေးစားကြသလို လူငယ်မျိုးဆက်က သူတို့အချင်းချင်း ယှဉ်ပြိုင်ပြီး ထွက်ပေါ်လာသည့် ရလဒ်ကို လက်ခံမည်ဖြစ်ကြောင်း မရေးသားထားသည့် စည်းမျဉ်းများကိုလည်း လက်ခံကြသည်။
သို့သော်လည်း တခြားကမ္ဘာများတွင် ကောင်းကင်အလိုဆန္ဒကြောင့် ယှဉ်ပြိုင်မှုက ပိုမိုရက်စက်လှသည်။ မသေမျိုးနှင့် ထာဝရကြာ တည်ရှိမှုအတွက် အခွင့်အရေးတစ်ခုသာလျှင် ရှိ၏။ ထိုအခွင့်အရေးတစ်ခုအတွက် ဧကရာဇ်မျိုးနွယ်အများအပြားက တခြားအင်အားစုများ၏ ကောင်းကင်ရွေးချယ်ခံများကို သုတ်သင်ဖို့ ဆန့်ကျင် ကျင့်ကြံသူအပါအဝင် မသေမျိုးအဆင့် အင်အားစုပုဂ္ဂိုလ်များကို စေလွှတ်ဖို့ တုံ့ဆိုင်းနေမည် မဟုတ်ပေ။
ထိုကမ္ဘာများတွင် တခြားသူများ၏ ဝိညာဉ်ကို ကျွန်ပြုခြင်းက တွေ့ရလေ့ရှိသည့် နည်းဗျူဟာတစ်ခုသာ ဖြစ်၏။
ယန်းလီလင်းက ကောင်းပေါ်ချင်း၏ တုံ့ပြန်မှုကို ကြည့်နေရင်း သူ့ကို သနားမိကာ စောင့်ဆိုင်းနေသည်။
ဒီနည်းလမ်းက အလုပ်ဖြစ်တာ တော်သေးတယ်။ ဧကရာဇ်တစ်ယောက်ရဲ့ စွမ်းအားက တကယ်ကို ကြောက်ဖို့ကောင်းတာပဲ…
သူမက တွေးလိုက်မိသည်။ သူမက ဝမ်ဝေ့၏ ကျွန်ပြုခြင်းအပေါ် စည်းပိတ်ဖို့ ဝမ်ဝေ့ဆီမှ ချီးမြှင့်ထားသော စွမ်းအားကို အသုံးပြုခဲ့သည်။ ထို့ကြောင့် သူမက တိထျန်း၏ စွမ်းအားမှ အနှစ်သာရကို မြင်နိုင်ခဲ့ပြီး မည်မျှကြောက်ဖို့ကောင်းကြောင်း သိခဲ့ရသည်။
ဝမ်ဝေ့က သူ့စွမ်းအားကို သူတို့ဆီ ထုတ်ဖော်ပြသခဲ့သော်လည်း ယန်းလီလင်းက သူသည် သူတို့အပေါ် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုမရှိစေရန် ချုပ်ထိန်းထားကြောင်း ယနေ့မှ သိခဲ့ရသည်။
“ရှင် စိတ်ငြိမ်သွားပြီလား” ယန်းလီလင်းက ကောင်းပေါ်ချင်း၏ စိတ်အခြေအနေသည် ပုံမှန်ပြန်ဖြစ်လာသည်ကို မြင်ပြီးသည့်နောက်တွင် မေးလိုက်၏။
ကောင်းပေါ်ချင်းက အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင်ထိန်းလိုက်သည်။ သူက သူမကို ကြည့်ကာ ရေရွတ်လိုက်၏။
“စိတ်သဘောထား ကောင်းကောင်းနဲ့ လွှတ်ပေးတာတော့ မဖြစ်နိုင်ဘူး”
“ရှင် ခန့်မှန်းတာ မှန်တယ်”
ကောင်းပေါ်ချင်းက ဘာပြန်ပြောရမှန်း မသိပဲ မိနစ်ပိုင်းကြာ တိတ်ဆိတ်သွားလေ၏။
“ရှင် တွေးနေတာတွေကို သိတယ်။ ဒါပေမဲ့ ကျွန်မတို့က ရှင့်ကို ကျွန်ပြုမှာ မဟုတ်ဘူး။ အလုပ်အတွက် ဆွေးနွေးချင်ရုံပဲ” ယန်းလီလင်းက ရုတ်တရက် ပြောလိုက်၏။
“အလုပ်တွဲလုပ်ဖို့လား။ ငါက မင်းကို ယုံမယ်များ ထင်နေလား”
“အမှန်ပဲ။ ရှင်းလင်းရေး ကျူးကျော်မှုက ရှင်တို့ကမ္ဘာက စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းရဲ့ လက်ချက်ပဲ”
ယန်းလီလင်းက ထိုစကားများကို ပြောလိုက်သည့်အခါ ကမ္ဘာကြီးက စတင် အာရုံစိုက်လာလေသည်။ လူများစွာက ရှင်းလင်းရေးအတွင်း မူမမှန်မှု အဘယ်ကြောင့် ဖြစ်လာမှန်း သိချင်ကြသော်လည်း အဖြေကို မတွေ့ခဲ့ရပေ။
သို့သော် ယခုတွင် အမှန်တရားက ပေါက်ကြားလာပြီဖြစ်ကာ လူအများ၏ အာရုံကို ဖမ်းစားသွားလေသည်။ ထိုအရာက ဝမ်ဝေ့နှင့် ယန်းလီလင်းတို့၏ ရည်ရွယ်ချက် ဖြစ်၏။ ဝမ်ဝေ့က တစ်ကမ္ဘာလုံးအား သူတို့၏ သူစိမ်းကြောက်ပြီး အဆုံးမဲ့လေဟာနယ်မှ သူတို့ကိုယ်သူတို့ ပိတ်လှောင်ထားသည့် အခြေအနေကို အဆုံးသတ်ပစ်လိုသည်။
ထို့ကြောင့် သူတို့က ဤသို့ ပိတ်လှောင်ထားသည့် ချဉ်းကပ်မှု အသုံးပြုလျှင်ပင် တခြားသော ကမ္ဘာများက သူတို့၏ ကိစ္စများကို ဝင်ရောက်စွက်ဖက်နိုင်ကြောင်း ပြသရမည်။ ထို့အပြင် ဘုံရန်သူ ရှိနေပါက ကမ္ဘာကြီးက ပို၍ စည်းလုံးသွားနိုင်သည်။
“စိတ်ဝိညာဉ်ဇစ်မြစ် ဂိုဏ်းလား။ သူတို့ရဲ့ လွှမ်းမိုးမှုနဲ့ဆိုရင်တော့ အဲ့လိုလုပ်တာကို နားလည်လို့ရပါတယ်” ကောင်းပေါ်ချင်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ ရှင်းလင်းရေးဆီ ဦးတည်နေသည့် လျှို့ဝှက်နယ်မြေ ပေါ်ထွက်လာစဉ်အခါက ပါဝင်ယှဉ်ပြိုင်သူများကြားတွင် စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းမှ သခင်လေးကိုပါ မြင်လိုက်ရသည်။ ထို့ကြောင့် သူက ထိုသူကို မေးခွန်းမထုတ်ခဲ့ပေ။
သို့သော် ယခုတွင် သူတို့က လူအားလုံးကို သူတို့၏ အစီအစဉ်အတွက် နယ်ရုပ်အဖြစ် အသုံးပြုခဲ့ကြောင်း ခန့်မှန်းမိလိုက်၏။
“အဲဒါဆိုတော့ ကျွန်မတို့တွေက ရှင့်ဆီကနေ ဘာလိုချင်တယ်ဆိုတာကို ခန့်မှန်းမိမှာပါ” ယန်းလီလင်းက သူမ၏ ရည်ရွယ်ချက်ကို တဲ့တိုးမေးလိုက်သည်။
“သတင်းအချက်အလက်ပေါ့”
“ဟုတ်တယ်။ စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းတင် မဟုတ်ပဲနဲ့ တိုက်ပွဲစိတ်ဝိညာဉ်ကမ္ဘာတစ်ခုလုံးအတွက်ပဲ”
“မင်းက ငါ့ရဲ့ မွေးရပ်မြေအတွက် သစ္စာဖောက် ဖြစ်စေချင်တာလား” ကောင်းပေါ်ချင်းက နှာခေါင်းရှုံ့ကာ မေးလိုက်၏။
“ဘာများပြောင်းလဲသေးလို့လဲ။ ကျွန်မတို့ရဲ့ စည်းတံဆိပ် မရှိဘူးဆိုရင် ရှင်က ယခင်အခြေအနေအတိုင်း ပြန်ရောက်သွားမှာပဲ” ယန်းလီလင်းက ပြန်လည်တုံ့ပြန်လိုက်၏။
ကောင်းပေါ်ချင်းက ထိန်းချုပ်လို့ မရလောက်အောင် တုန်ယင်လာသည်။
“ကျွန်မတို့တွေ ဘာမှမလုပ်ရင်တောင် ရှင့်ရဲ့ ကံကြမ္မာကို သိနေတယ် မဟုတ်ဘူးလား။ ရှင် ထွက်သွားတာနဲ့ တိမျိုးနွယ်က ရှင့်နောက်ကို အမဲလိုက်မှာပဲ။ နောက်ဆုံး စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းက ကျွန်မတို့ဆီ အစွယ်ဖြဲပြလာပြီဆိုတော့ အဲဒီတန်ကြေးကို ပြန်လည်ပေးဆပ်ရမယ်။ အဲဒါကြောင့် ရှင့်ဆီကနေ သတင်းအချက်အလက်ရဖို့ ဘာမဆို လုပ်နိုင်တယ်”
ယန်းလီလင်း၏ ညင်သာသည့် အပြုအမူက ပျောက်ကွယ်သွားပြီး အေးစက်မှုများဖြင့် အစားထိုးဝင်ရောက်လာသည်။
“ကျွန်မက ရှင့်အခြေအနေကို စာနာမိတယ်ဆိုပေမဲ့ ရှင့်အလောင်းဆီကနေ သတင်းအချက်အလက် ယူဖို့ တုံ့ဆိုင်းနေမှာမဟုတ်ဘူး”
ကောင်းပေါ်ချင်းက နှလုံးခုန်တစ်ချက် မြန်သွားကာ နောက်ကျောမှ ချွေးအေးများ စီးကျလာလေ၏။ သူက အခြေအနေကို သုံးသပ်ဖို့ရာ စိတ်ခံစားချက်ကို ဖိနှိပ်ထားရ၏။
“ကောင်းပြီ။ ကူညီပေးဖို့ သဘောတူတယ်။ ဒါပေမဲ့ တောင်းဆိုချက်တချို့တော့ ရှိတယ်”
“ပြောပါ” ယန်းလီလင်းက သူ့ရွေးချယ်မှုကို အံ့ဩခြင်း မရှိပေ။ လူတချို့ကသာ သူတို့၏ သေဆုံးမှုအပေါ် ကြောက်ရွံ့ခြင်းကို ထိန်းချုပ်နိုင်ကြပြီး သူတို့၏ အတွေးအခေါ်နှင့် ယုံကြည်မှုများကို ကာကွယ်ဖို့ ခေါင်းမာလျက်ကျန်ရှိတတ်ကြသည်။
“ပထမဦးဆုံး အိမ်ပြန်ဖို့ မင်းတို့ရဲ့ အကူအညီ လိုချင်တယ်။”
“ပြဿနာ မရှိဘူး”
“ဒုတိယအနေနဲ့ ငါ့ရဲ့ ဝိညာဉ်ကို ဘယ်သူကမှ မရှာရဘူး” ကောင်းပေါ်ချင်း၏ အသံထဲတွင် တစ်ခါမှ မပြသဖူးသည့် ခိုင်မာသော ဆုံးဖြတ်ချက်များ ပါဝင်နေ၍ ယန်းလီလင်းက မျက်မှောင်ကြုတ်မိသွားသည်။
“ကောင်းပြီလေ။ ဒါပေမဲ့ ရှင်လည်း အတင်းကြပ်ဆုံး စာချုပ်ကို လက်မှတ်ထိုးပြီးတော့ ကျွန်မတို့ လိုချင်တဲ့ သတင်းအချက်အလက်တွေကို ပြောပြီး ဘာမှဝှက်မထားဘူးလို့ ကျိန်ဆိုရမယ်” ယန်းလီလင်းက ပြောလိုက်သည်။
“အဲဒီအချက်ကို သဘောမတူနိုင်ဘူး”
“ဘာလို့လဲ”
“ငါ့ရဲ့ တတိယတောင်းဆိုချက်က ငါ့ဂိုဏ်းနဲ့ ပတ်သက်ပြီး ဘာသတင်းအချက်အလက်မှ မထုတ်ဖော်ဖို့ပဲ”
“ရှင့်ရဲ့ ဂိုဏ်းကဘာလဲ”
“တိုက်ပွဲအသုံးအဆောင်စံအိမ်” ကောင်းပေါ်ချင်းက ပြန်ဖြေလိုက်သည်။
“ကျွန်မတို့သိထားတဲ့ စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းရဲ့ မဟာမိတ်စာရင်းထဲမှာတော့ မပါဘူးပဲ။ အဲဒါဆိုတော့ ရှင့်ရဲ့ ဂိုဏ်းကသာ သူတို့နဲ့ ဆက်နွယ်မှုမရှိသရွေ့ တောင်းဆိုချက်ကို သဘောတူပေးနိုင်တယ်”
ကောင်းပေါ်ချင်းက တာအိုအခွင့်အလမ်းဂိုဏ်းသည် စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းကို သူတို့၏ ပြိုင်ဖက်အဖြစ် သတ်မှတ်ထားပြီး အလွှာကြား ဧကရာဇ်တာအိုစစ်ပွဲကို စတင်နိုင်ကြောင်း သိ၍ မျက်မှောင်ကြုတ်လိုက်သည်။
ဒါက အခွင့်အရေးတစ်ခု ဖြစ်နေနိုင်တယ်…
သူက တုံ့ဆိုင်းမနေဖို့ ဆုံးဖြတ်လိုက်သည်။
“လေးခုမြောက် တောင်းဆိုချက်က တိမျိုးနွယ်နှင့် ပတ်သက်ပြီးတော့ ဖြေရှင်းပေးဖို့ပဲ”
ကောင်းပေါ်ချင်းက သူ့စကားသံ ထွက်လာသည်ကို စောင့်ဆိုင်းနေသော်လည်း ဘာမှဖြစ်ပျက်မလာခဲ့ပေ။
အဲဒီမကောင်းဆိုးဝါးက ထင်ထားတဲ့အတိုင်းပဲ။ သူတို့က သူ့မိသားစုကို ဂရုမစိုက်ဘူး…
သူက နှာခေါင်းရှုံ့လိုက်ပြီးသည့်နောက်တွင် သူ့မျက်ဝန်းအထက် အမုန်းတရားတချို့ဖြတ်ပြေးသွားသည်။
“မရဘူး။ ဒါက ညှိနှိုင်းမှုအတွက် မဟုတ်ဘူး” ယန်းလီလင်းက ပြောလိုက်သည်။
သူမ၏ အစ်ကိုကြီးက တစ်ကမ္ဘာလုံးကို သူ့အဖွဲ့အစည်းအောက် ထားလိုကြောင်း သိထားလေသည်။ သူတို့ကမ္ဘာသားများကို ဖြေရှင်းဖို့ နယ်ခြားအင်အားစုနှင့် မည်သို့အဖွဲ့ဖွဲ့နိုင်မည်နည်း။
ဤသို့သော အပြုအမူမျိုးက ဝမ်ဝေ့၏ အစီအစဉ်ကို အဟန့်အတား ဖြစ်စေလိမ့်မည်။
ထို့အပြင် တိမျိုးနွယ်က မိစ္ဆာကျင့်ကြံသူများ၏ ကြီးထွားမှုကို တားဆီးရာ၌ အရေးပါသည့်ကဏ္ဍတွင် ပါဝင်နေပြီး ခေတ်ကာလများစွာတိုင် မိစ္ဆာများ အနောက်ပိုင်းကုန်းမြေမှ ထွက်မလာရသည့် အဓိကအကြောင်းအရင်းလည်း ဖြစ်နေသည်။
ကောင်းချီးနဲ့ ကံကောင်းမှု အမြောက်အများ ကောင်းချီးပေးခံထားရတဲ့ မိသားစုက အလွယ်တကူ ဖြေရှင်းလို့မရဘူး..
ဘာပဲဖြစ်ဖြစ် အစ်ကိုကြီးက တိုက်ပွဲအသုံးအဆောင်စံအိမ်နဲ့ တိမျိုးနွယ်ကြားက ကွဲလွဲချက်က သူ့ဖက် အခွင့်ကောင်းရအောင် အသုံးပြုနိုင်မှာပဲ။ ဒါပေမဲ့ စံအိမ်မှာ ကောင်းပေါ်ချင်းရဲ့ အဆင့်အတန်းက မြင့်မားမှပဲ ဖြစ်လိမ့်မယ်…
ကောင်းပေါ်ချင်းက ဤမျှအကြမ်းဆန်လှသည့် ငြင်းဆန်မှုမျိုးကို ထင်မှတ်မထားမိပေ။ သူက ပါးစပ်ဟကာ ညှိနှိုင်းလိုသော်လည်း ယန်းလီလင်း၏ အကြည့်ကို မြင်သည့်အခါ ပါးစပ်ပိတ်ထားလိုက်သည်။
“ကောင်းပြီ။ အဲဒါဆို လေးခုမြောက် တောင်းဆိုချက်ကို ပြောင်းလဲလိုက်မယ်။ ငါတို့အင်အားစုနှစ်ခုကြားက မဟာမိတ်ကို လိုချင်တယ်”
“ကျွန်မတို့နဲ့ ပူးပေါင်းချင်တာလား”
“ဟုတ်တယ်”
“ဘာလို့လဲ။ ရှင့်အပြုအမူ နောက်ကွယ်က အဓိပ္ပာယ်ကို နားလည်သင့်တယ်”
ကောင်းပေါ်ချင်းက ခေါင်းအသာယမ်းကာ “အဲဒါက ငါ့ကို သစ္စာဖောက်ဖြစ်မယ်လို့ ထ င်နေတာလား။ ဒါပေမဲ့ အဲ့လိုမဟုတ်ဘူး”
“အိုး”
“ဒီလောက်နှစ်များစွာကြာပြီးတဲ့အထိ စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းက အများကြီးလုပ်ခဲ့တယ်။ သူတို့တွေက သူတို့ရဲ့ အာဏာနဲ့ အဆင့်အတန်းကို ခြိမ်းခြောက်လာနိုင်တဲ့ အင်အားစုတွေနဲ့လူတွေကို သတ်ဖြတ်သုတ်သင်ပစ်ခဲ့တယ်။
အဲဒါနဲ့ ကိစ္စတွေက တခြားအင်အားစုတွေ အားလုံးအတူတကွ ပေါင်းစည်းပြီး ရင်ဆိုင်ရတဲ့ အနေအထားထိ ရောက်ရှိသွားခဲ့တယ်။ နယ်ခြားအင်အားစုတွေလည်း အပါအဝင်ပဲ။ သမိုင်းကြောင်း မှတ်တမ်းတွေအရတော့ အဲဒီတိုက်ပွဲကြီးက သူတို့ရဲ့ ထာဝရဦးသျှောင်တစ်ယောက်ကို သတ်နိုင်ပြီးတော့ တခြားတစ်ယောက်ကိုတော့ ဒဏ်ရာပေးနိုင်ခဲ့တယ်လို့ ပြောတယ်။ အဲ့လိုဆိုရင်တောင် သူတို့က အရမ်းအားကောင်းနေတုန်းပဲ။”
“အဲဒါဆိုတော့ တခြားအင်အားစုတွေက နယ်ခြားအင်အားစုနဲ့ ပူးပေါင်းပြီးတော့ စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းကို ဖိနှိပ်ခဲ့တာလား” ယန်းလီလင်းက မေးလိုက်၏။
“ဟုတ်တယ်”
“တကယ်လို့ အမှန်ဖြစ်မယ်ဆိုရင် သူတို့ရဲ့ အင်အားက ကျွန်မတို့ထင်ထားတာထက်ပိုပြီးတော့ နက်နဲနေတာပဲ”
“အဲဒါကို သိတာတောင် သူတို့နဲ့ ဖြေရှင်းချင်တုန်းလား”
“ဘာလို့ မလုပ်ရမှာလဲ။ ကျွန်မတို့ ယုံကြည်ချက်က ဘယ်ကနေ ရောက်လာတယ်ဆိုတာကို ရှင်လည်းသိမှာပါ” ယန်းလီလင်းက အပြုံးဖြင့် ပြောလိုက်သည်။
ကောင်းပေါ်ချင်းက အရှေ့ဘက်ပိုင်းကို လှမ်းကြည့်လိုက်၏။
ဟုတ်တယ်။ အဲဒီမကောင်းဆိုးဝါးသာ တာအိုကို သက်သေပြသွားရင် စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းကို ကြောက်ဖို့ မလိုတော့ဘူး။
သုံးသပ်ချက်များစွာအရ စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်း၏ သခင်လေး ဟယ်ရှစ်ယင်သည် ပြိုင်ဖက်ကင်း ပါရမီရှိထားပြီး တာအိုကို သက်သေပြနိုင်ချေ အမြင့်ဆုံး ဖြစ်လေသည်။ ထို့အပြင် သူက ထာဝရအထွတ်အထိပ် ဖြစ်လာနိုင်ချေလည်း ရှိထား၏။
သူ့အင်အားနှင့် အလားအလာကြောင့် အင်အားစုများစွာက သူ့ကို သုတ်သင်ပစ်လိုကြသည်။ ထို့ကြောင့် သူတို့က ယခင်ကတိစကားများကို ချိုးဖောက်ပြီး စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းကဲ့သို့ ပြုမူကာ ဆန့်ကျင်ကျင့်ကြံသူများစေလွှတ်ပြီး သူ့ကို သတ်ပစ်ဖို့ တုံ့ဆိုင်းမနေကြပေ။
သို့သော်လည်း မည်သူကမှ မအောင်မြင်ခဲ့ပေ။
ဟယ်ရှစ်ယင်ရဲ့ ပါရမီက ဝမ်ဝေ့နဲ့ မယှဉ်နိုင်ဘူး။ ဒါပေမဲ့ အဲဒီလူက ထူးဆန်းတယ်…
ဖြစ်ရပ်တစ်ခုက ဟယ်ရှစ်ယင်ကို နာမည်ကျော်ကြားလာစေခဲ့သည်။ သူက ပထမတန်းစား စွမ်းအားရှိထားသည့် စွမ်းအင်ကျင့်ကြံသူ၏ လုပ်ကြံသတ်ဖြတ်မှုမှ အသက်ရှင်ကျန်ခဲ့၏။ ထိုစဉ်အချိန်က သူသည် စိတ်ဝိညာဉ် ဉာဏ်အလင်းပွင့်အဆင့် ကျင့်ကြံသူမျှသာ ရှိသေးပြီး အင်အားစုများက ထိုလုပ်ကြံသတ်ဖြတ်မှုကို သေချာစွာစီစဉ်ထားခဲ့ကာ ထာဝရဦးသျှောင်က သူ့အပေါ် ကာကွယ်မှု ထားရှိခဲ့နိုင်ချေကိုပါ တွက်ဆထားခဲ့သည်။
သို့သော် သူက အသက်ရှင်ကျန်ခဲ့၏။ ပို၍ဆိုးရွားသည်က ထိုလုပ်ကြံသတ်ဖြတ်သူသည် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြောပြဖို့ ငြင်းဆန်နေလေသည်။ ထို့နောက် နှစ်အနည်းငယ်ကြာမြင့်ပြီးသည့်နောက်တွင် သူက သူ့ကိုယ်သူ သတ်သေသွားသည့်အတွက် ဟယ်ရှစ်ယင်အပေါ် လျှို့ဝှက်ဆန်းကြယ်မှု တစ်ခု ဖြစ်လာစေသည်။
“၄ခုမြောက် တောင်းဆိုချက်ကို လက်ခံတယ်။ ဒါပေမဲ့ ရှင်က တိုက်ပွဲအသုံးအဆောင် စံအိမ်ကို ကိုယ်စားပြုနိုင်လို့လား”
“အဲဒီအကြောင်း ဘာမှစိုးရိမ်နေစရာ မလိုဘူး။ ငါက နောက်တက်မဲ့ စံအိမ်သခင်ပဲ။ ငါ့ရဲ့ ဆရာက အာဏာကိုဆုပ်ကိုင်ထားတုန်းပဲ။ ငါ အိမ်ပြန်ရောက်တာနဲ့ သူတို့ကို မဟာမိတ်ဖွဲ့ဖို့ ဖျောင်းဖျပေးနိုင်တယ်။ အထူးသဖြင့် ဒီလိုအားကောင်းတဲ့ အင်အားစုမျိုးနဲ့ပေါ့”
“ဒီလိုဆိုရင် ကောင်းပြီလေ။ နောက်ထပ် တောင်းဆိုချက်ရှိသေးလား”
“မရှိတော့ဘူး။ ဒါပဲ” သူက ပြောလိုက်ပြီးသည့်နောက်တွင် ခဏရပ်တန့်သွားသည်။
“ဒီလိုဆိုရင် ရှင်တာအိုအခွင့်အလမ်းဂိုဏ်းမှာ သွားပြီးတော့ နေလိုက်ပါ”
ကောင်းပေါ်ချင်းက လက်နှစ်ဖက်ယှက်ကာ ဦးညွှတ်လိုက်ပြီးသည့်နောက်တွင် “ကျုပ်ကိုလွှတ်ပေးတဲ့အတွက် တာအိုရောင်းရင်းကို ကျေးဇူးတင်ပါတယ်”
ထို့နောက် အဖြူရောင်အလင်းတန်းက သူ့ကို လွှမ်းခြုံသွားကာ ပျောက်ကွယ်သွားလေသည်။