အားအနည်းဆုံး
Vol. 61 Ch. 844
တိထျန်းက ကောင်းပေါ်ချင်းနှင့် ယန်းလီလင်းတို့၏ စကားဝိုင်းကို ကြည့်နေပြီး သူ့စိတ်ခံစားချက်က ရှုပ်ထွေးသည်ထက် ပိုနေ၏။
သူက ဒေါသထွက်နေတာလား
မှန်ပေသည်။ သူက ဒေါသထွက်နေသော်လည်း ဒေါသချည်းသက်သက် မဟုတ်ဘဲ သူက သူရွေးချယ်ထားသော စစ်သူကြီး၏ အစွမ်းအစ ကင်းမဲ့မှုအပေါ်ဖြစ်၏။
ဒုတိယအနေဖြင့် ပိုအရေးကြီးတာက သူသည် ဤသို့သိသာနေသည့် အမှားမျိုးကို ပြုမိသည့်အတွက် သူ့ကိုယ်သူ ဒေါသထွက်နေခြင်း ဖြစ်၏။
ငါ့ကိုယ်ငါ ဝမ်ဝေ့နဲ့ ရင်ဆိုင်တဲ့အခါ သတိကြီးကြီးထားဖို့ အမြဲပြောနေခဲ့ပေမဲ့ ဒီလိုသိသာတဲ့ အမှားမျိုးကို လုပ်ခဲ့တုန်းပဲ…
တာအိုနယ်ရှင်ဆိုသည်မှာ မည်သို့လူစားမျိုး ဖြစ်သနည်း။
ရန်သူ၏ ဟာကွက်ကိုရှာကာ သူတို့အပေါ် ပြန်လည်အသုံးပြုနိုင်သည့် ဉာဏ်ကောင်းသောသူများ ဖြစ်ပေသည်။ ထိုအရာကို သိသိရက်နှင့် တိထျန်းသည် ရှင်းလင်းရေးအတွင်း သောင်းကျန်းကာ စစ်သူကြီးများကို ရှာဖွေခဲ့သည်။
သူက ကောင်းပေါ်ချင်းနှင့် အစားကြူးသူတို့ကို ကျွန်ပြုစဉ်အခါက မိစ္ဆာနတ်ဘုရားကိုးပါးကုန်းမြေတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဝမ်ဝေ့ ရှော့မှောက်တွင် ဖြစ်၏။ ဤသို့သော အပြုအမူမျိုးက ထိုသူသည် သူ့ဟာကွက် ဖြစ်ကြောင်း ပြောပြနေသလိုမျိုး ဖြစ်နေသည်။
ဒီလောက်နှစ်တွေအများကြီး ကြာပြီးတာတောင် ငါက ဘာမှမသင်ယူနိုင်သေးဘူးလား။ ငါ့ရဲ့ မောက်မာမှုက ကျရှုံးမှုကို ဖြစ်စေခဲ့တာလား…
တိထျန်းက အတိတ်အကြောင်း ပြန်လည်တွေးကာ ကိစ္စများက မည်သို့မှားယွင်းသွားကြောင်း စဉ်းစားနေမိသည်။ သူ့စစ်သူကြီးများကို ဖန်ဆင်းခြင်းက ဝမ်ဝေ့၏ ပါရမီထူးကဲမှုနှင့် အားကောင်းမှုအပေါ် မူတည်၍ လိုအပ်ပေသည်။ အကယ်၍ သူသာ မလုပ်ပါက လက်ရှိအခြေအနေသည် ပို၍ဆိုးရွားနေနိုင်၏။
သို့သော်လည်း သူက သူ့အပြုအမူများကို ထင်ထင်ရှားရှား မလုပ်ခဲ့သင့်ပေ။ ထိုစဉ်အချိန်က သူသည် ဒဿမသာလွန် အုတ်မြစ်ကို ရရှိဖို့ရာ ယုံကြည်ချက်အပြည့်အဝ ရှိနေပြီး ဝမ်ဝေ့၏ အခွင့်အရေးက နည်းပါးကြောင်း ယုံကြည်ထားခဲ့သည်။
တိုင်၉လုံးက ထိုအရာကိုရှာဖွေဖို့ ယွမ်ခေတ်ကာလ သန်းထောင်ပေါင်းများစွာကုန်ဆုံးခဲ့ရပြီး နည်းလမ်းတစ်ခုကိုသာ ရှာဖွေတွေ့ရှိခဲ့သည်။ သူ့အနေဖြင့် တာအိုနယ်ရှင်သည် ဆန်းကြယ်မှုကို ဖန်တီးနိုင်သည့် လူများဖြစ်ကြောင်း မေ့လျော့သွားခဲ့၏။
ထို့ကြောင့် သူ့တစ်စိတ်တစ်ပိုင်းက မာနကြီးကာ သူ့အနီးနားတွင် အောင်မြင်မှုရှိသည်ဟု ခံစားနေခဲ့မိသည်။
သူမ မသေခင်တုန်းကလည်း တူညီတဲ့အမှားမျိုး လုပ်ခဲ့တယ်…
တိထျန်းက ပြန်လည်တွေးတောလိုက်သည်။
ငါ့ရဲ့ ဆိုးဆိုးရွားရွား ကံကြမ္မာက မိုးမြေဆီက ကျိန်စာ မဟုတ်ပဲနဲ့ ငါ့ရဲ့ ကိုယ်ပိုင် မလုံလောက်မှုကြောင့်လား…
ဤနှစ်များစွာတိုင် သူ့ဆိုးရွားလှသည့် ကံကြမ္မာက ကောင်းကင်တာအို၏ အမှားဟုသာ ယုံကြည်ထားခဲ့သည်။ သို့သော် ယခုတွင် သူ့ကို အကွက်ကျကျ စီစဉ်ဖို့ အဘယ်ကြောင့်လွယ်ကူနေတာလဲဟု သူ့ကိုယ်သူ ပြန်မေးခွန်းထုတ်လာမိ၏။ သူ့ကို ခံစားပြီး ကျရှုံးအောင်လုပ်ဖို့ အဘယ်ကြောင့်လွယ်ကူနေရသနည်း။
တာအိုနယ်ရှင် တာအိုနယ်ရှင်…
ငါသာ တာအိုနယ်ရှင်ဖြစ်မယ်ဆိုရင် ဒီအရာတွေ ဖြစ်လာမှာမဟုတ်ဘူး…
သူသာ အထွတ်အထိပ် တားမြစ်ခံစစ်ဆေးမှုကို အောင်မြင်နိုင်စွမ်းရှိပါက သူ့ဘဝသည် ဘယ်လိုဖြစ်နေမလဲဟု စဉ်းစားကြည့်လာမိသည်။ နဉ်အာသည်လည်း သူ့ဘေးနားတွင် ရှိနေမည်ဖြစ်ကာ လူသားမျိုးနွယ်၏ အထူးချွန်ပြောင်မြောက်ဆုံး ထာဝရဧကရာဇ်တစ်ပါး ဖြစ်နေနိုင်သည်။
ထို့နောက် သူတို့အတူတူ ဟော်သဲ့သက်ရှိများကို ဦးဆောင်ပြီး အဆုံးမဲ့လေဟာနယ်ထဲမှ ပင်ကိုသက်ရှိများဖြင့် ရင်ဆိုင်ကာ လူသားမျိုးနွယ်၏ သာလွန်မှုကို ရယူပေးနိုင်လိမ့်မည်။
သူ့တပည့်များ အရွယ်ရောက်လာပြီး လူသားအဖွဲ့အစည်း၏ ပင်မထောက်တိုင်ဖြစ်လာသည်ကိုလည်း ကြည့်နေနိုင်သည်။ သူ့ကာကွယ်မှုဖြင့် မည်သူကမှ သေဆုံးမည် မဟုတ်ပေ။
အခုချိန်မှ တွေးနေလို့ ဘာများ အသုံးဝင်ဦးမှာလဲ…
တိထျန်းက သက်ပြင်းချလိုက်၏။ မိုးမြေက မမျှတကြောင်း သိထားခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ လူတချို့က တခြားသူများ အိပ်မက်သာမက်နိုင်သည့် စွမ်းဆောင်ရည်နှင့် ပါရမီတို့ဖြင့် မွေးဖွားလာကြသည်။ တချို့လူများ၏ ဆုံးမှတ်က လူတချို့၏ စမှတ် ဖြစ်နေနိုင်သည်။
ကျင့်ကြံရေးလောကတွင် ကံကြမ္မာက ပေးအပ်ထားသည့် ကဒ်များဖြင့်သာ လုပ်ဆောင်နိုင်သည်။
အခု ငါ့ရဲ့ နောက်အဆင့်ကို စဉ်းစားဖို့လိုလာပြီ…
တိထျန်းက စိတ်အေးအေးထားကာ စဉ်းစားကြည့်လိုက်သည်။
ပထမအဆင့်က ကျန်ရှိနေတဲ့ ပြိုင်ပွဲဝင်တွေကို တိုက်ခိုက်ဖို့ပဲ…
တိထျန်းက ထိုနည်းဗျူဟာမှတဆင့် ရလဒ်ကို တွက်ချက်ကြည့်လိုက်သည်။ ဝမ်ဝေ့က ဝင်ရောက်စွက်ဖက်ကာ သူ့ကို တားဆီးနိုင်ချေ ရှိ၏။ ထိုသူက လက်အောက်ငယ်သားများကို ကာကွယ်ရမည်ဖြစ်သည့်အတွက် သူက အခွင့်ကောင်းယူနိုင်သည်။
ယန်းလီလင်းနဲ့ လီကျွင်းကတော့ အဆင်ပြေမှာ။ ဝမ်ဝေ့ကသာ သူတို့ကို အချိန်လုံလုံလောက်လောက် ဆွဲထားပေးနိုင်သရွေ့ သူတို့တွေက ငါတို့တိုက်ပွဲရဲ့ အထိအခိုက်မရှိဘဲ ဓာတ်သဘာဝ ဒိုင်မေးရှင်းကနေ ထွက်သွားနိုင်တယ်။ ဒါပေမဲ့ ထျဲ့ကန်ကတော့ ကြာကြာရှင်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ သူက အရေးမပါဘူး။
တကယ့်ခြိမ်းခြောက်မှုက ယန်းလီလင်းနဲ့ ဝမ်ကျူပဲ။ သူတို့ကိုသာ ကြာကြာကာကွယ်ထားနိုင်သရွေ့ ဝမ်ဝေ့က ငါနဲ့ တိုက်ပွဲမှာ သူ့စွမ်းအားကို မြှင့်တင်ဖို့ အစီအရင်ကို ဖန်တီးနိုင်တယ်။
ထိုလှုံ့ဆော်မှုမှတဆင့် သူသာ ဝမ်ဝေ့နှင့် ရင်ဆိုင်ဖို့ အားကုန်ထုတ်သုံးပါက ထိုအစီအစဉ်သည် အလုပ်ဖြစ်ကာ တခြားသူများကိုလည်း အောင်အောင်မြင်မြင် ရှင်းထုတ်နိုင်လိမ့်မည်။ သို့သော်လည်း ထိုဖြစ်စဉ်က သူ့အနေဖြင့် ဝှက်ဖဲများကို ကြိုတင်ထုတ်ဖော်ပြဖို့လိုအပ်ပြီး ဝမ်ဝေ့စွမ်းအား၏ အပြည့်အဝ မသိသေးသည့်အခါတွင် အလုပ်မဖြစ်နိုင်ချေပါ ရှိလေသည်။
ဒီနည်းဗျူဟာနဲ့ ပတ်သက်ပြီး ထင်မှတ်မထားတဲ့ အပြောင်းအလဲတွေနဲ့ ထည့်တွက်လို့မရတဲ့ ရလဒ်တွေရှိနေတယ်။ ဘာပဲဖြစ်ဖြစ် ကြိုတင်ပြင်ဆင်တာ အကောင်းဆုံးပဲ…
တိထျန်းက ဝမ်ကျူနှင့် သူ့အရိပ်ကြားမှ တိုက်ပွဲကို ကြည့်ကာ တွေးလိုက်သည်။
အရာအားလုံးက ဒီလောက်အထိ ရောက်လာခဲ့ပြီ။
ဒီလိုဆိုရင် ငါက ဒုတိယအစီအစဉ်ကို ရွေးချယ်ပြီးတော့ အဲဒီလျှို့ဝှက်နည်းစနစ်ကို ထုတ်သုံးရမယ်။ တကယ်လို့ သူသာ ဝမ်ကျူကို ဖမ်းနိုင်မယ်ဆိုရင် ပိုကောင်းသွားလိမ့်မယ်…
တိထျန်းက သူ့အရိပ်ဆီ သတင်းစကား ပေးပို့ကာ စောင့်ဆိုင်းနေလိုက်သည်။
အကယ်၍ သူ အားကိုးလို့ရသည့် လူတစ်ယောက်ရှိသည်ဆိုပါက သူ့အရိပ်သာ ဖြစ်လိမ့်မည်။ အကြောင်းမှာ ထိုသူက အိပ်စက်သူများထဲမှ ကျန်ရှိနေသည့်သူ တစ်ဦးဖြစ်ပြီး သူက ပါရမီထူးကဲကာ သစ္စာလည်း ရှိပေသည်။
ထို့အပြင် သူက အစားကြူးသူသည် ကောင်းပေါ်ချင်းနှင့် တူညီသည့် လမ်းစဉ် မလိုက်အောင် ကြိုတင်စီမံထားဖို့ လိုအပ်လာ၏။ သူက ဝိညာဉ်ကျွန်ပြုခြင်းကို ဆင့်ကဲပြောင်းလဲလိုက်ပြီး နှောင့်ယှက်မှု အနည်းငယ်ရှိပါက ချက်ချင်းသတ်ဖို့ရာ ပြောင်းလဲလိုက်သည်။
………………………
အရှေ့ဘက်ပိုင်း
ဝမ်ဝေ့က ယန်းလီလင်း၏ အောင်မြင်မှုကို ကြည့်ပြီးသည့်နောက်တွင် သတိကြီးကြီး ထားထားလေ၏။ သူက ဂရုတစိုက်ဖြင့် လေ့လာစောင့်ကြည့်နေသော်လည်း တိုက်ပွဲကွင်းပြင်တွင် အပြောင်းအလဲ ရှိမလာပေ။
သူက တခြားသူတွေကို မတိုက်ခိုက်ဖူးလား။ ငါတို့တွေ အောင်မြင်ဖို့ နီးကပ်လာပြီပဲ…
ကိစ္စများက ထိုအခြေအနေသို့ ရောက်လာသည်နှင့် နောက်ဆုံးတိုက်ပွဲအတွက် သူ့အကြောက်တရားတစ်ခုက တစ်ဖက်လူသည် စစ်တုရင်ခုံကို ဖျက်ဆီးပစ်ကာ ကစားပွဲကို အဆုံးသတ်ပြီး သူ့နည်းဗျူဟာနှင့် အစီအစဉ်အားလုံးကို အသုံးမဝင်ဖြစ်သွားစေလိမ့်မည်ကို ဖြစ်၏။
ထို့ကြောင့် သူက ထိုဖြစ်ရပ်အတွက် အစီအစဉ်ကို နှစ်ပိုင်းခွဲခြားထားပြီး ပထမတစ်ခုက ဒီတိုက်ပွဲကွင်းပြင်ကို ကာကွယ်ဖို့ဖြစ်ပြီး တိထျန်းအား သူ စိတ်ကျေနပ်သလို လုပ်ခွင့်ပေးမည် မဟုတ်ပေ။
ဒုတိယနှင့် အဓိကအချက်အနေဖြင့် တာအိုနယ်ရှင်များသည် မည်မျှကြောက်ဖို့ကောင်းကြောင်း သိထားသည့် ဉာဏ်ကောင်းသူများနှင့် ရင်ဆိုင်ရသည့်အခါ ဟာကွက်တစ်ခု ရှိလေသည်။ သူတို့က ထောင်ချောက်အတွင်း ကျဆင်းမသွားစေရန် သတိကြီးကြီးထားလွန်းခြင်း ဖြစ်၏။
သတိထားတာ ကောင်းပေမဲ့ အတိုင်းအတာတော့ ရှိသင့်တယ်…
ဝမ်ဝေ့က တွေးလိုက်မိသည်။
တကယ်လို့ သူသာ တခြားသူတွေကို တိုက်ခိုက်ဖို့ကြိုးစားခဲ့ရင် ခုခံမှုက တိုက်ခိုက်တာထက် ပိုပြီးတော့ လိုအပ်တယ်ဆိုတော့ သူက အခွင့်အရေး ရသွားနိုင်တယ်။
အဲဒီအချိန်ကို သုံးပြီးတော့ ငါ့ကို စိတ်ရောကိုယ်ပါ ဖိအားပေးနိုင်တယ်။ သူသာ အဲ့လိုမျိုးလုပ်သရွေ့ ငါလည်း ရွေးချယ်စရာ မရှိပဲနဲ့ ငါ့အဖွဲ့သားကို အသက်ရှင်ဖို့ ငါ့ရဲ့ အစီအစဉ်တွေအားလုံးကို စွန့်ပစ်ရလိမ့်မယ်…
ဝမ်ဝေ့က သူသည် တစ်ဖက်လူ၏ စိတ်အခြေအနေကို သုံးသပ်ကာ သူတို့အပေါ် ပြန်လည်အသုံးပြုနိုင်ဖို့အတွက် တိတ်တဆိတ်သာ ခေါင်းခါလိုက်သည်။ ကိစ္စများစွာတွင် စွန့်စားမှုတို့ လိုအပ်လေသည်။ အထူးသဖြင့် တွက်ချက်ထားသည့် စွန့်စားမှုမျိုး ဖြစ်၏။
ကိစ္စတွေက ချောချောမွေ့မွေ့တော့ ဖြစ်နေတယ်။ ဒါပေမဲ့ ငါ သတိကြီးကြီး ထားသင့်တယ်။ အဲဒီမကောင်းဆိုးဝါးအိုကြီးက ဘယ်လိုဝှက်ဖဲမျိုးရှိနေမလဲဆိုတာ ဘယ်သူသိမှာလဲ…
သူက လက်ထဲတွင် အောင်မြင်မှုရသည့်အခါမှသာ စိတ်ချနိုင်လိမ့်မည်။ ထို့နောက် သူက အဖွဲ့၏ အားအနည်းဆုံးနှင့် အရေးကြီးဆုံးနေရာကို တာဝန်ယူထားသည့်သူကို အာရုံစိုက်လိုက်၏။
……………………………
လွန်ခဲ့သည့်မိနစ်ပိုင်းခန့်က တောင်ဘက်ပိုင်းတွင်
ယင်ကန်း၏ ဖုတ်ကောင်ကို ချပ်ဝတ်အနေဖြင့် ဝတ်ဆင်ထားသည့် ယင်ကန်းက သူ့ရှေ့တွင်ရှိနေသည့် အစားကြူးသူကို ကြည့်လိုက်သည်။ သူက အငွေ့အသက်ကို ထိန်းချုပ်ထားပြီး တည်တည်ငြိမ်ငြိမ်နေကာ ဤတိုက်ပွဲအတွက် ပြီးပြည့်စုံသော နည်းဗျူဟာကို စဉ်းစားနေလေ၏။
အဖွဲ့က သုံးသပ်သလောက်တော့ သူ့ရဲ့ အင်အားက ထိပ်သီးပွင့်ချပ် ၇လွှာအဆင့်ပဲ။ ဒါပေမဲ့ ဒီစွမ်းအားက သူ့ကိုယ်ပိုင် မဟုတ်ဘဲနဲ့ တိထျန်းရဲ့ တိုက်ကွက်ကို ဝါးမျိုပြီးတဲ့ ရလဒ်ပဲ
ဝါးမျိုခြင်းစွမ်းအားကနေ တဆင့် တိုးမြှင့်နိုင်တဲ့ စွမ်းအားပမာဏက ကန့်သတ်ချက်တော့ ရှိရမယ်။ အစားကြူးသူရဲ့ ကန့်သတ်ချက်က သေမျိုးအားလုံးရဲ့ ကန့်သတ်ချက်တော့ ဖြစ်နိုင်တယ်…
ဒါပေမဲ့ သူ့ရဲ့ စွမ်းအားကို မမြှင့်တင်ပဲနဲ့ သူက အစာအိမ်ထဲမှာ စွမ်းအားအမြောက်အများ သိုလှောင်ထားနိုင်တယ်။ အဲဒါကြောင့် အချိန်ဆွဲတဲ့တိုက်ပွဲက သိပ်ကောင်းမှာ မဟုတ်ဘူး။
စွမ်းအားအမြောက်အများကို သိမ်းဆည်းထားခြင်းဖြင့် အစားကြူးသူ၏ သက်လုံက မြင့်မားနေမည်ဖြစ်ကာ သူ့ကုသနိုင်စွမ်းကလည်း ကြောက်ဖို့ ကောင်းလာသည်။
အဲဒါဆိုတော့ ငါ မြန်မြန်ဆန်ဆန်နဲ့ အဆုံးသတ်ပစ်ဖို့လိုတယ်
နှစ်ဦးသားက အချင်းချင်း စိုက်ကြည့်နေကာ အရှိန်အဝါကို ထုတ်လွှတ်လိုက်ကြသည်။ သို့သော်လည်း ထျဲ့ကန်က တစ်ဖက်လူသည် အေးစက်ကာ အသက်မဲ့နေကြောင်း ခံစားမိလိုက်၏။ မိစ္ဆာတစ်ယောက်အတွက် ထိုအရာကို ထင်မှတ်ထားပြီးသားဖြစ်သော်လည်း အစားကြူးသူကမူ အနည်းငယ် ထူးဆန်းနေလေသည်။
လူသားပဲဖြစ်ဖြစ် မိစ္ဆာပဲဖြစ်ဖြစ် သူတို့ဆီကနေ လွတ်လပ်ခွင့်ကိုတော့ ယူဆောင်မပစ်သင့်ဘူး။
ထျဲ့ကန်က ထိုမိစ္ဆာငယ်လေးနှင့် ပတ်သက်ပြီး သနားစာနာမိသည်။ အသင်္ချေအင်ပါယာကမ္ဘာ၏ လူများကဲ့သို့ မဟုတ်ပဲ သူက အလွှာနိမ့်မှ ဖြစ်သည့်အတွက် ထိုမျိုးနွယ်မျိုးကို တစ်ခါမှ မကြားခဲ့ဖူးပေ။
ထို့အပြင် သူ့သနားစာနာမှု၏ အဓိကအရင်းအမြစ်က မိစ္ဆာမျိုးနွယ်နှင့် သမိုင်းကြောင်းကင်းလွတ်နေမှု ဖြစ်၏။ ထျဲ့ကန်က သူ့မွေးရပ်မြေ တိုက်ပွဲဝင်တိုင်းပြည်ကမ္ဘာကိုသာ ပိုမိုခက်ထန်သည့် ကမ္ဘာတစ်ခုက သူတို့ကို ရှာတွေ့သွားပါက ဖြစ်လာမည့် ကံကြမ္မာကို သိလေသည်။
သူတို့အားလုံးက ဆိုးဆိုးရွားရွားအခြေအနေဖြင့် အသတ်ခံလိုက်ရသလို ကောင်းပေါ်ချင်းနှင့် ဤတူညီသည့်မိစ္ဆာလိုမျိုး တူညီသည့် အခြေအနေမျိုးလည်း ကျရောက်သွားနိုင်သည်။
ထိုစိတ်ကို အကောင်းဆုံး ပြင်ဆင်ပြီးသည့်နောက်တွင် ထျဲ့ကန်က တိုက်ခိုက်လိုက်သည်။ ယင်ကန်း၏ ဖုတ်ကောင်က ခန္ဓာကိုယ်လေ့ကျင့်သူ ဖြစ်သည့်အတွက် ချိုက်စုန့်က ထိုအရာကို ရုပ်သေးရုပ်ချပ်ဝတ်အဖြစ် ပြောင်းလဲပစ်စဉ် ဂုဏ်သတ္တိကို ထိန်းသိမ်းထားခဲ့သည်။
ဝုန်း
လက်သီးတစ်ချက်တည်းဖြင့် အစားကြူးသူက မီတာဒါဇင်ချီ လွင့်စင်သွားသည်။ ထိုမိစ္ဆာ၏ မျက်ဝန်းအထက် အံ့အားသင့်သည့်အမူအရာမျိုး ထွက်ပေါ်လာလေ၏။ သူက ထိုတိုက်ကွက်၏ နောက်ကွယ်မှ စွမ်းအားကို မစုပ်ယူနိုင်ခဲ့ပေ။
ချပ်ဝတ်အထဲတွင် ထျဲ့ကန်က နှာခေါင်းရှုံ့လိုက်သည်။ သူတို့အဖွဲ့က အစားကြူးသူ၏ တာအိုကို သိထားပြီးသားဖြစ်သည့်အတွက် မည်သို့မပြင်ဆင်ထားဘဲ နေမည်နည်း။
ဖုတ်ကောင်ရုပ်သေးရုပ်သည် မူလအစီအစဉ် တစ်စိတ်တစ်ပိုင်း မဟုတ်သော်လည်း တိုက်ပွဲမတိုင်ခင်က သူသည် ဝါးမျိုခြင်း တာအို သို့မဟုတ် စားသုံးခြင်း တာအိုကို ဖြေရှင်းဖို့ နည်းလမ်းများစွာကို လေ့ကျင့်ခဲ့ဖူး၏။