အားအနည်းဆုံး အပိုင်း(၃)
Vol. 61 Ch. 846
ကိုယ်ထည်လောင်ကျွမ်းခြင်း
ထျဲ့ကန်က ရုပ်သေးရုပ်၏ ကိုယ်ထည်ကို လောင်ကျွမ်းပစ်ပြီး သူ့တိုက်ပွဲစွမ်းရည်ကို ယာယီ တိုးမြှင့်လိုက်သည်။ ရုပ်သေးရုပ်အပေါ်တွင် အစိမ်းရောင် မီးတောက်တစ်ခု ထွက်ပေါ်လာသည့်အတွက် သူ့အရှိန်အဝါက သိသိသာသာ တိုးမြင့်လာလေ၏။
သူက တုံ့ဆိုင်းခြင်း မရှိဘဲ တစ်ဖက်လူဆီ ပြေးဝင်သွားလိုက်သည်။
အစားကြူးသူ၏ အေးစက်စက်မျက်ဝန်းများက အပြောင်းအလဲ မရှိပေ။ သူက ကွဲပြားသည့် စွမ်းအားများစွာကို ပေါင်းစပ်ပြီး ဖန်တီးထားသည့် ဟွင်သွမ်းစွမ်းအားကို စုစည်းကာ ပစ်ခတ်လိုက်သည်။
ထျဲ့ကန်က အဆောက်အဦးကို ရှောင်ရှားဖို့ ကြိုးစားခဲ့သော်လည်း အစားကြူးသူ ပစ်ခတ်သည့်နှုန်းက အင်မတန်မြန်ဆန်လှသည်။ ထို့ကြောင့် ၄ချက်မြောက်ကို ရှောင်ရှားပြီးသည့်နောက်တွင် သူက ထိပ်တိုက် တွေ့ဆုံသွား၏။
ထျဲ့ကန်က ခုခံကာကွယ်မှု နှစ်ထပ်ကို အလျင်အမြန် ဖန်တီးလိုက်သည်။ ပထမအလွှာတွင် သူက ရုပ်သေးရုပ်ဆီမှ ယင်ချီအမြောက်အများကို ထိန်းချုပ်ပြီး ဝိညာဉ်လောကကို ဆင့်ခေါ်လိုက်၏။
ဒုတိယအနေဖြင့် သူက တုန်ခါလှိုင်းအမြောက်အများကို ဖွဲ့စည်းကာ အလယ်အလတ်ကမ္ဘာ ပေါက်ကွဲမှုကိုပင် ခံနိုင်ရည်စွမ်းရှိသည့် ဒိုင်းကာတစ်ခုကို ဖန်တီးခဲ့သည်။
နှမြောစရာကောင်းလှသည်က သူ့အားထုတ်မှုသည် အနည်းငယ်သာ အောင်မြင်မှုရှိခဲ့လေ၏။
ဘန်း
အရာအားလုံးက ဟွင်သွမ်းမှ မွေးဖွားလာသည်ဖြစ်ကာ တစ်ရက်ကျ ဟွင်သွမ်းကို ပြန်လည်ရောက်ရှိသွားလိမ့်မည်။ အစားကြူးသူ၏ ပစ်ခတ်မှုက ဝိညာဉ်လောကဆီ ရောက်ရှိလာသည်နှင့် တစ္ဆေအားလုံးက နွေရာသီတွင် ပျော်ကျသွားသည့် ရေခဲလိုမျိုး တန်း၍ အရည်ပျော်ကျသွားသည်။
ထို့နောက် ဖွဲ့စည်းထားသည့် တုန်ခါလှိုင်း ဒိုင်းကာဆီ ကျရောက်လာသည်။ ဟွင်သွမ်းအငွေ့အသက်က ခုခံမှုတချို့နှင့် ကြုံတွေ့ခဲ့သော်လည်း နည်းပါးလှသည်။ မည်သို့ပင်ဆိုစေကာမူ ထိုနှစ်ခုက ထျဲ့ကန်အား ထိုတိုက်ကွက်ကို ရှောင်ရှားဖို့အတွက် အချိန်ဆွဲပေးထားနိုင်ခဲ့သည်။
ဝုန်း
အစားကြူးသူက သူ့တိုက်ကွက်တွင် ထျဲ့ကန်က အသက်ရှင်သန်မည်မှန်း သိကာ သူ ပြန်လည်ပေါ်ထွက်လာမည့် နေရာကိုပင် မှန်းဆထားခဲ့သည်။ ထိုသူ ပေါ်ထွက်လာသည်နှင့် နောက်ထပ် ပစ်ခတ်မှုတစ်ခုက စောင့်ကြိုနေလေ၏။
ကျစ်…
ထျဲ့ကန်က သူ့လက်နှစ်ဖက်ဖြင့် တားဆီးလိုက်ရသည်။ သူ့တိုက်ပွဲ အလိုလိုသိစိတ်က အသိဝင်လာကာ အခြေအနေကို ကိုင်တွယ်ဖို့ ဖြေရှင်းဖို့ နည်းလမ်းကို စဉ်းစားနေလေ၏။ သေခြင်းရှင်ခြင်းနှင့် တွေ့ဆုံရသည့်အခါ အကြောက်တရားကို လွှမ်းမိုးသွားစေ၍ မဖြစ်ပေ။
မဟုတ်သေးဘူး။
ထျဲ့ကန်က အန္တရာယ်များသည့် အခြေအနေများတွင် ရှင်သန်သည့် လူစားမျိုးဖြစ်ပြီး သေခြင်းတရားနှင့် ရင်ဆိုင်သည့်အခါ ကန့်သတ်ချက်ကို ကျော်လွန်အောင် တွန်းပို့နိုင်သည်။ ထိုအရာက ဝမ်ဝေ့သည် သူ့အား စစ်သူကြီးတစ်ယောက်အဖြစ် ရွေးချယ်ခဲ့ပြီး နှစ်များစွာကြာပြီးသည့်နောက်တွင်ပင် မပစ်ပယ်ရသည့် အကြောင်းအရင်း တစ်ချက်လည်း ဖြစ်ပေသည်။
ထို့ကြောင့် ထျဲ့ကန်က လှုပ်ရှားလိုက်သည်။ တစ်ခါတုန်းက ဝမ်ဝေ့သည် သူ့တုန်ခါနှုန်းတာအိုနှင့် ပတ်သက်ပြီး ကျင့်စဉ်အသစ်တစ်ခုဖန်တီးဖို့ ကူညီပေးခဲ့စဉ်အခါက ပြောခဲ့သည့်စကားကို အမှတ်ရသွားလေသည်။
“ကမ္ဘာပေါ်မှာ ရှိတဲ့ အရာအားလုံးကို ကြိုးမျှင်တွေနဲ့ လုပ်ထားတာလို့ စိတ်ကူးကြည့်လိုက်။ ဒြပ်ထု၊ စွမ်းအင်၊ ဝိညာဉ်၊ စိတ်ဝိညာဉ်၊ အသိစိတ်နဲ့ မိုးမြေကြားက စည်းမျဉ်းတွေတောင် အပါအဝင်ပဲ…
ကမ္ဘာကြီးက ဒီကြိုးမျှင်တွေရဲ့ တုန်ခါနှုန်းအပေါ် မူတည်ပြီးတော့ ကောင်းကောင်းအလုပ်လုပ်နေတာ”
ထျဲ့ကန်က ထိုစကားများသည် နက်နဲသည့် အဓိပ္ပာယ်ပါဝင်ကြောင်း အမြဲတမ်းခံစားခဲ့မိပြီး မိုးမြေကြားမှ အမြင့်မားဆုံး အမှန်တရား တချို့ ကိုင်ဆောင်ထားသည်ဟု ယုံကြည်ထားခဲ့သည်။ ဝမ်ဝေ့က ထိုအရာများသည် အတွေးသက်သက်ဖြစ်ကာ အကြွင်းမဲ့အမှန်တရားအဖြစ် မမှတ်ယူဖို့ ပြောခဲ့သော်လည်း သူ့အလိုလိုသိစိတ်က ထိုစကားများသည် မရိုးရှင်းကြောင်း ပြောပြနေလေ၏။
ထျဲ့ကန်၏ လက်က ဟွင်သွမ်းအငွေ့အသက်နှင့် ထိတွေ့မိသည့်အခါ ကွဲပြားနေသည့် တုန်ခါနှုန်းများစွာကို ခံစားမိလိုက်သည်။ ထောင်ဂဏန်းရှိ၏။ သူက ထိုတုန်ခါနှုန်းများသည် ဟွင်သွမ်းအငွေ့အသက်ကို ဖန်တီးထားသည့် အစားကြူးသူ ပေါင်းစပ်ထားသော စွမ်းရည်ကွဲများအလိုက် တုံ့ပြန်နေကြောင်း သိလိုက်သည်။
ချိုးဖောက်စမ်း
အံ့ဩဖွယ်အရာတစ်ခု ဖြစ်ပျက်လာလေသည်။ ခရမ်းရောင်အငွေ့အသက်က အရောင် ပြောင်းလဲသွားလေ၏။ အတိအကျပြောရလျှင် အရောင်ထောင်ချီ ကွဲထွက်သွားပြီး တစ်ခုချင်းစီက ကွဲပြားသည့် အငွေ့အသက်တစ်ခုစီ ရှိနေသည်။
အစားကြူးသူက မျက်လုံးအပြူးသား ဖြစ်သွားကာ တိုက်ပွဲစကတည်းက ပထမဦးဆုံးအကြိမ်အနေဖြင့် စိတ်ခံစားချက်ကို ထုတ်ပြလာခဲ့သည်။ သူက ပြင်ပအင်အားသည် ပတ်ဝန်းကျင်ရှိ စည်းမျဉ်းများကို ဖျက်ဆီးပစ်စဉ်အခါကပင် တုံ့ပြန်မှုမရှိခဲ့ပေ။
ထိုစဉ်ထျဲ့ကန်က ပျက်စီးသွားသည့် ရုပ်သေးရုပ် လက်မောင်းကို ကြည့်နေလိုက်၏။ သူက တိုက်ကွက်ကို ရပ်တန့်ခြင်း အောင်မြင်သွားသော်လည်း တိုတောင်းသည့်ထိတွေ့မှုက ထိုရုပ်သေးရုပ်အပေါ် သက်ရောက်မှုရှိလာသည်။
သို့သော်လည်း သူ့လက်ရှိအခြေအနေတွင် သတိလက်လွတ် မဖြစ်ရဲပေ။
ငါ့လမ်းစဉ်ကို တွေ့သွားပြီ…
သူက တွေးလိုက်မိပြီး စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။ တာအိုတစ်ခု၏ အထူးချွန်ပြောင်မြောက်ဆုံး အောင်မြင်မှုတစ်ခုက တာအိုအားလုံးအပေါ် ထိန်းချုပ်နိုင်စွမ်း သို့မဟုတ် သက်ရောက်နိုင်စွမ်းရှိခြင်း ဖြစ်သည်။ အထွတ်အထိပ် တားမြစ်ခံတာအိုများက ကျော်ကြားခြင်းမှာ အသုံးပြုသူက အားကောင်းသရွေ့ သူတို့၏ စွမ်းအားနှင့် ပင်ကိုစွမ်းရည်တို့က အရာအားလုံးကို လုပ်နိုင်နေ၍ ဖြစ်သည်။
သို့သော်လည်း တခြားတာအိုများအတွက် အတူတူ မဟုတ်ပေ။ နမူနာအားဖြင့် မီးတောက်တာအိုကို ကျင့်ကြံထားသည့်သူက ကံကြမ္မာတာအိုနှင့် မည်သို့ဆက်နွယ်မှု ရှိနိုင်သနည်း။ သူတို့က သူတို့၏ ပါရမီကို ကံကြမ္မာမီးတောက်၊ ဖန်ဆင်းခြင်းမီးတောက် အစရှိသည့်အရာများကို ထိန်းချုပ်နိုင်သည့်အဆင့်အထိ တွန်းပို့ဖို့ရာ ပါရမီ ရှိရမည်။
ဤတိုက်ပွဲအတွင်း ထျဲ့ကန်က ထိုနယ်ပယ်အဆင့်ဆီ ချောင်းကြည့်နိုင်ခဲ့သည့် လူများစွာကို ကြည့်ရှုနေခဲ့၏။ နမူနာအားဖြင့် ယင်ယန်အပြောင်းအလဲကို အသုံးပြုကာ အချိန်တာအိုကို ထိန်းချုပ်သွားခဲ့သည့် ဟို့ဖုန်းဟွမ် ဖြစ်သည်။
ထျဲ့ကန်က ထိပ်သီးကောင်းကင်ရွေးချယ်ခံများနှင့် ယှဉ်သည့်အခါ သူ့ချို့တဲ့မှုကို သတိထားမိသည်။ သူက သူ့တုန်ခါနှုန်းတာအိုသည် အားနည်းသည့် တာအိုတစ်ခုအဖြစ် ထင်မှတ်ထားခဲ့၏။
သူက အားနည်းသည့် တာအိုမရှိဘဲ အားနည်းသည့် ကျင့်ကြံသူသာရှိကြောင်း နားလည်ထားသည်။ သို့သော်လည်း ထိုအချက်က သူ့အတွေးများကို မပြောင်းလဲနိုင်ပေ။ သူက နိမ့်ကျနေသည်ဟု ခံစားမှုက လွှမ်းခြုံထားလေ၏။
သို့သော် ယခုတွင် သူက တုန်ခါနှုန်းတာအိုအတွက် တာအိုအားလုံးအပေါ် သက်ရောက်မှုရှိနိုင်မည့် နည်းလမ်းကို ရှာတွေ့ခဲ့သည်။
“အဲဒါဆိုတော့ သူ့စကားတွေက ဒီအဓိပ္ပာယ်ကိုး” ထျဲ့ကန်က ရေရွတ်လိုက်သည်။
“မဟုတ်သေးဘူး။ အဲဒီစကားတွေက ပိုမိုနက်ရှိုင်းတဲ့အဓိပ္ပာယ် ရှိရမယ်”
ထျဲ့ကန်က တစ်ဖက်လူအပေါ် အာရုံစိုက်ထားလိုက်၏။
ငါက ကြာကြာတောင့်ခံနိုင်မှာ မဟုတ်ဘူးဆိုတော့ တိုက်ပွဲကို မြန်မြန် အဆုံးသတ်ပစ်ဖို့ လိုတယ်…
သူက မလှုပ်ရှားနိုင်ခင် ကမ္ဘာကြီးတစ်ခုလုံးက သွေးနီရောင် ပြောင်းလဲသွားကြောင်း တွေ့ရှိလိုက်ရသည်။ ထို့နောက် သူ့စိတ်ထဲ သတ်ဖြတ်မှုကို ကျူးလွန်ခဲ့သည့် ပုံရိပ်အမြောက်အများကို မြင်လိုက်ရသည်။
ဒါက…
ထျဲ့ကန်က ထိုလွှမ်းမိုးမှုမှ နိုးထလာလေ၏။ သူ့စိတ်စွမ်းအားက မြင့်မားသည့်အတွက် လှံ၏ သက်ရောက်မှုကို ခုခံဖို့လေ့ကျင့်ထားခဲ့သည်။ သို့သော်လည်း သိပ်မကြာခင် တစ်စုံတစ်ခုက သူ့အာရုံကို ဖမ်းစားသွားခဲ့၏။
ဂါး
အစားကြူးသူက စူးစူးဝါးဝါး အော်ဟစ်နေသည်။ သူ့မျက်လုံးက အနီရောင် ပြောင်းလဲသွားပြီး သူ့အရှိန်အဝါက မတည်ငြိမ်တော့ပေ။ သူက ထျဲ့ကန်ကို လူသားတစ်ယောက် မဟုတ်ဘဲ သားကောင်အလား ကြည့်လိုက်၏။
သူက အသိစိတ် ပျောက်သွားတာလား။ ဒါက ငါ့ဘက်မှာ အရေးသာနေတာပဲ…
သို့သော် အစားကြူးသူ၏ အသိစိတ်ပင်လယ်မှ ထူးဆန်းသည့် အတက်အကျလှိုင်း တစ်ခုထွက်ပေါ်လာပြီး သူ့မျက်ဝန်းက ပြန်လည်တည်ငြိမ်သွားသည်။
ကျစ် ငါ ဒါကို ထင်မှတ်ထားပြီးသားပဲ…
ထျဲ့ကန်က တစ်ဖက်လူဆီ ပြေးဝင်သွားလိုက်သည်။ အစားကြူးသူက နိုးထလာပြီးသည့်နောက်တွင် စက္ကန့်ပိုင်းကြာ ထုံထိုင်းထိုင်း အခြေအနေတွင် ရှိနေမည်ဖြစ်ကြောင်း သိလေသည်။ ထို့ကြောင့် တိုက်ပွဲကို အဆုံးသတ်ဖို့ရာအတွက် အကောင်းဆုံး အခွင့်အရေးတစ်ခု ဖြစ်နေ၏။
နောက်ဆုံးအစီအစဉ်ကို ထုတ်ဖော်လိုက်ရအောင်…
ထျဲ့ကန်က လက်သီးချက်များစွာ ပစ်ခွင်းလိုက်ပြီး တုန်ခါနှုန်းစွမ်းအားကို ထိပ်ဆုံးထိရောက်အောင် ဖွဲ့စည်းလိုက်သည်။ ထိုစဉ် သူ့ပါးစပ်မှ လှပသည့် စည်းချက်တစ်ခု ထွက်ပေါ်လာသည်။
အစားကြူးသူက ထိုသီချင်းကို ကြားသည့်အခါ သူ့မျက်ဝန်းအထက် တည်ငြိမ်မှုက စတင်ပျောက်ကွယ်လာသည်။ သူ့ကမ္ဘာဦးစိတ်ဝိညာဉ်က ဖရိုဖရဲဖြစ်ကာ အတွင်းဆုံးကျသည့် ရှေးဦးအလိုလိုသိစိတ်က နိုးထလာလေ၏။
အကယ်၍ တိထျန်း၏ ဝိညာဉ်ကျွန်ပြုခြင်းကြောင့်သာ မဟုတ်လျှင် အစားကြူးသူက သတ်ဖြတ်ဖို့ရာသာ သိသည့် မိစ္ဆာတစ်ကောင် အသွင်ပြောင်းလဲသွားလိမ့်မည်။
ထျဲ့ကန်၏ တိုက်ကွက်က ထိုမိစ္ဆာငယ်လေးအပေါ် သိသိသာသာ ထိခိုက်မှု ဖြစ်စေခဲ့သည်။ သို့သော် သူ့အစာအိမ်တွင် စွမ်းအားအမြောက်အများ သိုလှောင်ထားသည့်အတွက် သူ့ကုသရေးစွမ်းအားက ဤမျိုးဆက်ရှိ အကောင်းဆုံးခန္ဓာကိုယ် လေ့ကျင့်သူများထက်ပင် ပိုမိုမြင့်မားနေ၏။
အခုပဲ…
ထျဲ့ကန်၏ မျက်ဝန်းအထက် ရက်စက်သည့် အကြည့်တစ်ချက် ဖြတ်ပြေးသွားလေသည်။
ဝုန်း
သူက ဖုတ်ကောင်ရုပ်သေးရုပ်ချပ်ဝတ်၏ ကိုယ်ထည်နှင့် သူ့ခန္ဓာကိုယ်ကို ဖောက်ခွဲပစ်ဖို့ တုံ့ဆိုင်းမနေပေ။ သူက ဖောက်ခွဲမှုအလယ်တွင် ရှိနေပြီး ကမ္ဘာဦးစိတ်ဝိညာဉ်သာ ဖြစ်နေသည့်အတွက် သက်ရောက်မှုခံရလိမ့်မည်။
သူ့အားနည်းသည့် ဝိညာဉ်နှင့် ကျင့်ကြံဆင့်တို့ဖြင့် ဤသို့သော ပေါက်ကွဲမှုမျိုးက သူ့ကို အကြိမ်ထောင်ချီ သတ်ပစ်ဖို့ လုံလောက်ပေသည်။ သို့သော်လည်း သူ့အစီအစဉ်က အလုပ်ဖြစ်ခဲ့၏။
အစားကြူးသူက ချက်ချင်းဆိုသလိုလှုပ်ရှားကာ ထိုဖောက်ခွဲမှုကို ဝါးမျိုသွားခဲ့သည်။
အခွင့်အရေး ရောက်လာပြီ…
ထျဲ့ကန်က လက်ကိုဝှေ့ကာ စည်းပိတ်ရေးဧကရာဇ် အသုံးအဆောင်ကို ဆင့်ခေါ်လိုက်သည်။ ထိုအသုံးအဆောင်တွင် ဝမ်ဝေ့၏ စွမ်းအား ပါဝင်နေပြီး အစားကြူးသူ၏ ကျွန်အမှတ်အသားကို ပစ်မှတ်ထားထားသည်။
“အား” မိစ္ဆာက ခက်ထန်ကြမ်းတမ်းစွာ အော်ဟစ်လိုက်လေသည်။ တိထျန်းက တူညီသည့် လှည့်ကွက်တွင် နှစ်ခါ မကျဆင်းရလေအောင် အမှတ်အသားကို မြှင့်တင်ထားခဲ့သည်။ ထို့ကြောင့် ထျဲ့ကန် လှုပ်ရှားလိုက်သည်နှင့် သူ့စွမ်းအားက အသက်ဝင်လာကာ ဝမ်ဝေ့၏ စွမ်းအားနှင့် အသုံးအဆောင်ပစ္စည်း၏ သက်ရောက်မှုကို တားဆီးထားသည်။
“ဇာတ်သိမ်းပြီ” ထျဲ့ကန်က အစားကြူးသူ၏ ခန္ဓာကိုယ်ထက် အမှတ်အသားတစ်ခု ပေါ်ထွက်လာသည်ကို ကြည့်နေရင်း ရေရွတ်လိုက်သည်။ ထိုအမှတ်အသားက သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားပြီးသည့်နောက်တွင် ဖန်ဂေါ်လီသဖွယ် ပြောင်းလဲပစ်လိုက်သည်။
“မင်း မိဘတွေက မြင်မြင်သမျှ ပါးစပ်ထဲ မထည့်ဖို့ မှာမထားဘူးလား” ထျဲ့ကန်က ရေရွတ်လိုက်ပြီး အရာအားလုံးပြီးဆုံးသွားပြီ ဖြစ်၍ သက်ပြင်းချလိုက်သည်။ သူက ထိုဖန်ဂေါ်လီကို လက်ထဲတွင် ကိုင်ကာ ခေါင်းအသာယမ်းလိုက်သည်။
ဝမ်ဝေ့က အစားကြူးသူ ကျွန်ပြုခံလိုက်ရမှန်း သိထားသည့်အတွက် တိုက်ပွဲမှာ မစတင်ခင်ကတည်းက အဆုံးသတ်သွားခဲ့သည်။
တာအိုနယ်ရှင်နှင့် ရင်ဆိုင်ဖို့က အမှန်တကယ် ကြောက်ဖို့ကောင်းလှသည်။ သူတို့က လူအားလုံးထက် ခြေ၅လှမ်းကနေ ၁၀လှမ်းအထိ ရှေ့ရောက်နေတတ်သည်။
တိထျန်းက သူ့ဝိညာဉ်ကျွန်ပြုခြင်း အမှတ်အသားကို ကြိုတင်ကာကွယ်မှု ပြုလုပ်ထားခဲ့သော်လည်း ဝမ်ဝေ့ မြင်သည့် တခြားအားနည်းချက်များကို မြင်ဖို့ ကျရှုံးခဲ့လေသည်။ ထျဲ့ကန်ကို ညွှန်ကြားထားသည့် တိုက်ပွဲနည်းဗျူဟာအရ သူက အစားကြူးသူကို ဖြေရှင်းဖို့ ရွေးချယ်မှုများစွာ ရှိလေသည်။
သူက ခန္ဓာကိုယ်ကို ငါးစာအဖြစ်မျှားကာ အစာအိမ်မှ မိစ္ဆာကို စည်းပိတ်နိုင်သော်လည်း တခြားသော ရွေးချယ်မှုများလည်း ရှိခဲ့သည်။ သူက သူ့မိစ္ဆာသွေးမျိုးဆက်မှတဆင့် လုပ်ဆောင်နိုင်လေ၏။
ဝမ်ဝေ့က မိစ္ဆာခန္ဓာကိုယ်အလောင်း ရှိထားသည့်အတွက် ဒဿမသာလွန်အုတ်မြစ်ကို ရဖို့ရာအတွက် သူ့သိပ္ပံနှင့်နည်းပညာကမ္ဘာမှ သိပ္ပံပညာရှင်များသည် အပြင်းအထန် လေ့လာခဲ့ပြီးသည့်နောက်တွင် မိစ္ဆာမျိုးနွယ်၏ သွေးမျိုးဆက်အကြောင်းများစွာ သိခဲ့ရသည်။
ဒုတိယအနေဖြင့် ဒေါသက အစားကြူးသူကို ကယ်လိုသည့်အတွက် သူ့အား အကူအညီတချို့ ပေးခဲ့သည်။
နောက်ဆုံးတွင် ထျဲ့ကန်က ထိုနှစ်ခု အလုပ်မဖြစ်လျှင်ပင် နောက်ထပ်ရွေးချယ်မှုတစ်ခု ရှိနေသေးသည်။ ကွမ်တန်အစီအရင် ဖြစ်၏။ သူက ထိုအရာကို ထုတ်လွှင့်ကာ ဝမ်ဝေ့တစ်ယောက် အထွတ်အထိပ် တားမြစ်ခံစစ်ဆေးမှုတွင် အောင်မြင်သွားသည့် တူညီသော နည်းလမ်းကို ထုတ်သုံးနိုင်လေသည်။
ငါ ပြန်လည်ဝင်စားလာပြီးတဲ့နောက်မှာ တာအိုနယ်ရှင် တစ်ယောက်ဖြစ်လာဖို့က မဖြစ်နိုင်သလောက်ပဲ။ စွန့်စားမှုက ကြီးလွန်းတယ်။ ဒါပေမဲ့ သူတို့နဲ့ ရင်ဆိုင်ဖြေရှင်းဖို့တော့ လိုအပ်တယ်။
တာအိုနယ်ရှင်တစ်ယောက်နှင့် နှစ်များစွာ နေထိုင်လာပြီးသည့်နောက်တွင် ထျဲ့ကန်က သူတို့၏ အားနည်းချက်သည် သတင်းအချက်အလက် လိုအပ်မှုဖြစ်ကြောင်း သိလိုက်၏။ အကယ်၍ သူတို့ကိုသာ သတင်းအချက်အလက်နှင့် အချိန်လုံလုံလောက်လောက် မပေးသရွေ့ တာအိုနယ်ရှင်ကို အလျင်အမြန် ဖြေရှင်းနိုင်လိမ့်မည်။
ထိုအရာကလည်း သင်ကိုယ်တိုင် အင်အားလုံလုံလောက်လောက် ရှိထားမှ ဖြစ်လိမ့်မည်။
ထျဲ့ကန်က အသက်ပြင်းပြင်းရှူထုတ်ကာ ဆေးလုံးတချို့ သောက်သုံးပြီး ကုစားလိုက်သည်။ သူက ဤအခွင့်အရေးကို အသုံးချကာ သူ့စွမ်းအားကို မြှင့်တင်လိုသည့်အတွက် ခန္ဓာကိုယ်ကို ပြန်ကောင်းအောင် မလုပ်ခဲ့သေးပေ။
နောက်ဆုံးအဆင့်ပဲ ကျန်တော့တယ်…
ထျဲ့ကန်က အဝေးတစ်နေရာကို လှမ်းကြည့်ကာ တွေးလိုက်သည်။ သူက ပါဝင်ကစားရမည့် သူ့ကဏ္ဍရှိနေသည့်အတွက် ပြင်ဆင်ထားဖို့ လိုအပ်သည်။