← Chapters

နင်လည်း ဒီလိုအဖြစ်မျိုးနဲ့ ကြုံရပြီပေါ့

Vol. 73 Ch. 1009

နင်လည်း ဒီလိုအဖြစ်မျိုးနဲ့ ကြုံရပြီပေါ့

Vol. 73 Ch. 1009

ဝမ်ပေါင်လဲ့မှာ နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီး၏ မျှော်စင်ထဲ၌ ဖြစ်ပျက်နေသည့် အရာများကို သိရှိထားခြင်းမရှိပေ။ ယခုတွင် သူသည် မီးတောက်ကြယ်စင်စုနှင့် ပတ်သက်၍ ပို၍ပင် ဇဝေဇဝါဖြစ်လာရပြီ ဖြစ်သည်။ သူသည် တစ်ခုခုမှာ လွဲနေကြောင်း ခံစားနေရပါသော်လည်း အတိအကျ မသိနိုင်ဘဲ ဖြစ်နေရ၏။

သူသည် မည်မျှပင်ကြိုးစားစေကမူ ထိုခံစားချက်အား စကားလုံးများနှင့် ဖော်ပြနိုင်စွမ်းမရှိဘဲ ဖြစ်နေရ၏။ ကံကောင်းစွာဖြင့် သူသည် နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီးနှင့် နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးတို့နှင့် ဆုံခဲ့ရပြီးနောက် မီးတောက်ကြယ်စင်စုထဲတွင် နံပါတ်ဆယ့်နှစ် ဂိုဏ်းတူအစ်မကြီးနှင့် ဆင်တူသည့် လူများနှင့် သူမထက်ပင် ပို၍ အားကိုး၍ ရနိုင်သည်လူများ ရှိနေသေးကြောင်း သိလိုက်ရသည်။

နံပါတ်တစ် ဂိုဏ်းတူအစ်မကြီး ဖြစ်စေ၊ နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီး ဖြစ်စေ သူတို့အားလုံးမှာ အတူတူပင်ဖြစ်သည်။ အထူးသဖြင့် ဝမ်ပေါင်လဲ့သည် နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီးကဲ့သို့သော သက်ရှိမျိုးအား ယခုမှ ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်း ဖြစ်၏။

" အမွှေးနံ့သာတွေထဲမှာ ဖွားမြင်ခဲ့တဲ့ အင်မော်တယ် နတ်ဘုရားတစ်ပါး... " ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲ၌ စိတ်ဝင်စားနေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာသည်။ တစ်ချိန်ထဲမှာပင် နံပါတ်တစ် ဂိုဏ်းတူအစ်မကြီး၏ ပုံရိပ်မှာလည်း သူ၏ အသိစိတ်ထဲ၌ ပေါ်ပေါက်လာ၏။ သူမ၏ စကားလုံးများထဲရှိ ပြတ်သားမှုများနှင့် လွှမ်းမှိုးခြယ်လှယ်နိုင်စွမ်းများမှာ သူမ၏ နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးဆိုသော ရာထူးဂုဏ်ပုဒ်ကြောင့် မဟုတ်ဘဲ သူမ၏ ကျင့်ကြံခြင်းအဆင့်ကြောင့်သာ ဖြစ်ပေသည်။

" မီးတောက်ကြယ်စင်စုထဲမှာ ဆရာ့အပြင် နောက်ထပ် ကြယ်နယ်မြေအဆင့် ကျင့်ကြံသူသုံးယောက် ရှိသေးတာပဲ " ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်း ရှူမိသွား၏။ နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီး ထုတ်လွှတ်နေသည့် ကြယ်နယ်မြေအဆင့် အငွေ့အသက်များမှာ သိပ်၍ အားမကောင်းပါသော်လည်း သူသည် ခပ်ရေးရေးမျှ အာရုံခံမိနေဆဲပင်။ သို့သော် သူသည် နံပါတ်သုံး ဂိုဏ်းတူအစ်ကိုကြီးနှင့် နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးတို့ဆီမှ ကြယ်နယ်မြေအဆင့် အငွေ့အသက်များမှာမူ အလွန်အင်မတန်မှ အားကောင်းနေသည်ဖြစ်ကြောင်း အာရုံခံမိခဲ့သည်။

" ပြီးတော့ ကြယ်စင်စု အပြင်ဘက်မှာ လေ့ကျင့်နေတဲ့ နံပါတ်လေး ဂိုဏ်းတူအစ်ကိုကြီးလည်း ရှိသေးတယ်။ သူလည်း ကြယ်နယ်မြေအဆင့် ကျင့်ကြံသူတစ်ယောက်များ ဖြစ်နေမလားမသိဘူး... " ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်တရှား ဖြစ်လာရ၏။ သူသည် မီးတောက်ကြယ်စင်စုမှာ အလွန်အင်မတန်မှ ထူးဆန်းနေသည်ဟု ခံစားနေရပါသော်လည်း ၎င်းမှာ အင်အားကြီးမားလွန်းလှသောကြောင့် သူသည် ပြင်ပလောကထဲတွင် စိတ်ကြိုက်ပြုမူခွင့် ရှိပေသည်။ ထိုအချက်ကြောင့် သူသည် စိတ်သက်သာရာရသွားပြီး ဤကြယ်စင်စုထဲမှ အစွမ်းထက် ကျင့်ကြံသူများ အများနှင့်မတူသည့် ကြောင်တောင်တောင် အမူအကျင့်များအား ပိုင်ဆိုင်ထားခြင်းမှာ အထူးတဆန်းမဟုတ်ကြောင်း နားလည်ပေးရန် ပြင်လိုက်သည်။

သို့သော် သူ ထိုကဲ့သို့ သူ့ကိုယ်သူ နှစ်သိမ့်ပေးနေစဉ်မှာပင် သူ၏ရှေ့မှ ဦးဆောင်သွားနေသည့် ဆယ့်ငါးမှာ သက်ပြင်းချကာ မျက်မှောင်ကြုတ်လိုက်၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား လှည့်ကြည့်ကာ ရေရွတ်လိုက်သည် " ဆိုးလိုက်တဲ့ ကံကွာ "

" ဘာလို့များ နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီးရဲ့ မျှော်စင်ထဲမှာ နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးနဲ့ တွေ့ခဲ့ရတာလဲ... ဟူး။ နံပါတ်ဆယ့်ခြောက် ဂိုဏ်းတူညီလေး ငါ မင်းကို ပြောပြထားမယ်။ နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးက... ကျပ်မပြည့်ဘူးကွ "

ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများပင့်မိသွား၏။ သူသည် လမ်းတစ်လျှောက်တွင် သူ၏ နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးမှာ တတွတ်တွတ် ညည်းညူနေတတ်သည့် လေအိုးတစ်ယောက်ဖြစ်ကြောင်း ရိပ်မိခဲ့ပြီးဖြစ်သည်။ သို့သော် သူသည် ယခုမှ ဤနေရာသို့ ရောက်လာသည်ဖြစ်ရာ သူ့အား ဝေဖန်၍ မဖြစ်ပေ။ ထို့ကြောင့် သူသည် ရှုံ့မဲ့မဲ့သာ ပြုံးပြလိုက်၏။

" မင်းက ရယ်နိုင်သေးတယ်နော် " ဆယ့်ငါးမှာ ဝမ်ပေါင်လဲ့၏ အပြုံးကို မြင်လိုက်ရသောအခါ အနည်းငယ်ခန့် မကျေမနပ်ဖြစ်သွား၏။ သူသည် ဝမ်ပေါင်လဲ့မှာ သူ့အား အယုံအကြည်မရှိဟု ခံစားနေရသည်။ ထို့ကြောင့် သူသည် ဘေးဘီဝဲယာအား အကဲခတ်လိုက်ပြီးနောက် လေသံတိုးတိုးဖြင့် ဆိုလိုက်သည်။

" နံပါတ်ဆယ့်ခြောက် ဂိုဏ်းတူညီလေး။ မင်းကောင်းစားဖို့အတွက် ငါ ပြောပြနေတာကွ။ နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးက တကယ် ကျပ်မပြည့်တာ။ သူ စိတ်ဖောက်တဲ့ အချိန်တွေဆိုရင် ဆရာတောင်မှ ခေါင်းခဲရတဲ့အထိပဲ။ မင်း ငါ့ကို ယုံလား "

" အဲ... " ဝမ်ပေါင်လဲ့မှာ သူ၏ဆရာ ခေါင်းခဲရခြင်း ရှိမရှိ မသိပါသော်လည်း လက်ရှိတွင်မူ သူသည် ခေါင်းခဲနေရပြီ ဖြစ်သည်။ သူသည် ထို မေးခွန်းအား မည်ကဲ့သို့ ပြန်ဖြေရမှန်းသိ ဖြစ်နေ၏။ အကယ်၍ သူသာ ယုံသည်ဟု ဖြေလိုက်မည်ဆိုပါက သူ၏ဆရာနှင့် နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးအား မလေးစားရာ ကျသွားမည် ဖြစ်သည်။ သို့သော် သူ ယုံသည်ဟု ပြန်မဖြေလျှင်လည်း ဤ လေအိုး နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးမှာ စကားပြောရပ်တော့မည် မဟုတ်ပေ။

ကံကောင်းစွာဖြင့် ဝမ်ပေါင်လဲ့မှာ ထိုမေးခွန်းအား ပြန်ဖြေစရာ မလိုလိုက်ပေ။ ဆယ့်ငါးမှာ စကားဆုံးသွားပြီးနောက် တစ်စုံတစ်ခုအား ပြန်၍ သတိရသွားသည်ပုံပင်။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့၏ ရှေ့၌ ရုတ်တရက်ဆိုသလို သူ၏ ရင်ဘတ်အား လက်သီးဖြင့်ထုကာ သူ၏ ခြေထောက်နှစ်ဖက်အား အားပါပါ ဆောင့်ချလိုက်၏။ ထို့နောက် သူသည် အလွန်အင်မတန်မှ နာကျင်နေသောကြောင့် အသက်သေချင်နေသည့် အမူအရာဖြင့် သက်ပြင်းချကာ ဆိုလိုက်သည်။

" နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးကို အပြစ်တင်လို့တော့ မရပါဘူး။ ဒါတွေ အကုန်လုံးက ဆရာ့ရဲ့ အပြစ်တွေပဲ။ နံပါတ်ဆယ့်ခြောက် ဂိုဏ်းတူညီလေး။ ငါ မင်းကို အမှန်အတိုင်းပြောပြမယ်။ ငါတို့ရဲ့ ဆရာက... တကယ်ကို အားကိုးလို့မရတာကွ "

" မင်းလည်း တစ်လမ်းလုံး မြင်ခဲ့ပြီးသားပဲ။ မင်းရဲ့ နှလုံးသားထဲမှာ အဲဒီလို အတွေးတွေ ရှိမနေဘူးဆိုတာ ငါ လုံးဝ မယုံဘူး။ နံပါတ်ဆယ့်ခြောက် ဂိုဏ်းတူညီလေး။ မီးတောက်ကြယ်စင်စုရဲ့ ဓလေ့ထုံးတမ်းက စကားကို အမှန်အတိုင်းပြောဖို့ပဲ။ ငါ့ကို အမှန်အတိုင်းပြောပါ။ ဆရာက အားကိုးလို့မရဘူးလို့ မင်း ထင်လား " ဆယ့်ငါးမှာ မျှော်လင့်တကြီးဖြစ်နေသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား ကြည့်ကာ မေးလိုက်၏။ သူသည် ဝမ်ပေါင်လဲ့အား သူ၏ စကားများကို လက်ခံစေချင်နေသည့်ပုံ ပေါက်နေသည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မသိမသာ မျက်မှောင်ကြုတ်မိသွား၏။ နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးမှာ သူ့အား ထိုမေးခွန်း ခဏခဏ မေးနေခဲ့သည်မဟုတ်ပါလော။ ထို့ကြောင့် သူသည် အလွယ်တကူ ပြန်မဖြေနိုင်ခဲ့ပေ။ သို့သော် နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးမှာ ပေကတ်ကတ်နှင့် ဆက်မေးနေခဲ့သည်သာ ဖြစ်ရာ သူသည် သပ်ပြင်းချလိုက်ရတော့သည်။

" နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီး။ ပေါင်လဲ့က အခုမှ ဒီကိုရောက်တာဆိုတော့ နားမလည်တဲ့အရာတွေ အများကြီး ရှိသေးတယ်။ ဒါပေမဲ့ ဒါတွေအကုန်လုံးက ဆရာ့ရဲ့ စေတနာတွေကြောင့်လို့ ကျွန်တော် ယုံကြည်နေတုန်းပါပဲ။ ပြီးတော့ နောက်ကွယ်မှာလည်း ကျွန်တော်တို့ နားမလည်နိုင်တဲ့ အရာတွေ ရှိနေလောက်ပါတယ် " ဝမ်ပေါင်လဲ့မှာ လိမ္မာပါးနပ်စွာ ပြန်ဖြေလိုက်၏။ ထိုသို့ဖြင့် ဆယ့်ငါးမှာလည်း သူ့အား သူ၏ မျှော်စင်ဆီသို့ ခေါ်ဆောင်သွားလိုက်သည်။

ထိုမျှော်စင်၏ အပြင်ဘက်တွင် အနီရောင်သစ်ရွက်များဖြင့် ပြည့်နှက်နေသည့် သစ်ပင်ကြီးအချို့ ရှိနေ၏။ ထို့ကြောင့် ၎င်းတို့၏ ကြား၌ ဖုံးကွယ်နေသည့် မျှော်စင်ကြီး၏ ပုံပန်းသွင်ပြင်မှာ ညနေခင်းနေဝင်ချိန်၏ အလင်းရောင်အောက်တွင် တစ်မျိုးဆန်းသစ်နေသည်။ တစ်ချိန်ထဲမှာပင် ထိုနေရာတွင် အသက်စွမ်းအားများဖြင့် ပြည့်နှက်နေ၏။ သစ်ပင်ကြီးများအပြင် လေထဲ၌ ဟိုဟိုသည်သည် ပျံသန်းနေကြသည့် ပိုးတောင်မာလေးများလည်း ရှိနေကြသေးသည်။ ၎င်းတို့မှာ အလွန်အင်မတန်မှ လျင်မြန်ဖျတ်လတ်လွန်းလှ၏။ ထို ပိုးတောင်မာလေးများမှာ လူများရောက်ရှိလာသည်ကို အာရုံခံမိလိုက်သောကြောင့်လားတော့ မသိပေ။ အချို့မှာ အဝေးသို့ ပျံထွက်သွားကြပြီး အချို့မှာ အနီရောင်သစ်ရွက်များပေါ်သို့ ရောက်ရှိသွားကြ၏။

ဆယ့်ငါးမှာ ထို မျှော်စင်ဆီသို့ ရောက်ရှိလာသည့်တိုင်အောင် ဝမ်ပေါင်လဲ့၏ သဘောတူညီချက်အား မရသေးသောကြောင့် ဒေါသထွက်လာတော့သည်။

" နံပါတ်ဆယ့်ခြောက် ဂိုဏ်းတူညီလေး။ မင်းနော်... ငါ ဘာပြောရတော့မှာလဲ။ ထားလိုက်ပါတော့။ နောက်ကျရင် မင်း သိလာလိမ့်မယ်။ ငါ ပြောပြထားမယ်... ဆရာက ဒီတစ်ခေါက် အပြင်ထွက်မသွားခင်တုန်းက အပျက်အဆီးနယ်မြေတွေဆီ သွားပြီးတော့ ကျင့်ကြံခြင်းပညာရပ်တွေ သွားရှာမယ်လို့ ပြောသွားတယ်။ တကယ်လို့ သူသာ အောင်မြင်သွားမယ်ဆိုရင်... သူ ပြန်ယူလာမယ့် ကျင့်ကြံခြင်းပညာရပ်တွေကို ငါတစ်ယောက်တည်း မဟုတ်ဘဲ မင်းပါ လေ့ကျင့်ရမှာနော် ... "

" အဲဒီအချိန်ရောက်မှ သူ အားကိုးလို့ရလား မရဘူးလားဆိုတာ မင်း သိလာလိမ့်မယ် " ဆယ့်ငါးမှာ ထိုသို့ဆိုလိုက်ပြီးနောက် မှုန်ကုပ်ကုပ် အမူအရာဖြင့် ခေါင်းယမ်းလိုက်၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား ဂရုစိုက်မနေတော့ပေ။ ဝမ်ပေါင်လဲ့တစ်ယောက် ဦးညွှတ်ကာ သူ့အား တရိုတသေ လိုက်လံနှုတ်ဆက်လိုက်သောအခါ သူသည် သူ၏ လက်အား ဝှေ့ယမ်းပြလိုက်ပြီး နောက်သို့လှည့်ကာ ထွက်ခွာသွားတော့သည်။

အသက်ရှူကြိမ် အနည်းငယ်ခန့် ကုန်ဆုံးပြီးသွားသောအခါမှ ဝမ်ပေါင်လဲ့မှာ ခါးပြန်မတ်လာပြီး နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီး ထွက်ခွာသွားသည်ကို လှမ်းကြည့်နေလိုက်၏။ သူ သူ၏ မြင်ကွင်းထဲမှ လုံးဝပျောက်ကွယ်သွားသော အခါမှသာ ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူကာ သူ ဤနေရာသို့ ရောက်ရှိလာပြီးနောက် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်လည်စဉ်းစားကြည့်လိုက်တော့သည်။ ခဏအကြာတွင် သူသည် မနေနိုင်တော့သဖြင့် သူ၏ မျက်ခုံးနှစ်ဖက်ကြားရှိ နေရာအား လက်ဖြင့် ပွတ်လိုက်ရ၏။ သူသည် ကြံရာမရဖြစ်ကာ မောပန်းနွမ်းနယ်နေရပြီ ဖြစ်သလို သူ၏ မျက်ဝန်းများထဲတွင်လည်း ဇဝေဇဝါဖြစ်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာရတော့သည်။

သူသည် သူ၏ ဂိုဏ်းတူအစ်ကိုအစ်မအနည်းငယ်မှ လွဲ၍ အများစုမှာ အလွန်အင်မတန်မှ ထူးဆန်းကြောင်း ခံစားနေရ၏။ အထူးသဖြင့် နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီးမှာဆိုလျှင် ဝမ်ပေါင်လဲ့အား သူ၏ စကားများကို သဘောတူကာ သူတို့၏ ဆရာမှာ အားမကိုးရကြောင်း ထုတ်ပြောလာအောင် အမြဲတမ်း ကြိုးစားနေခဲ့သည်မဟုတ်ပါလော။

ထို အခြင်းအရာမှာ အလွန်အင်မတန်မှ ထူးဆန်းလှပေသည်။ ဝမ်ပေါင်လဲ့မှာ တုံးအသူတစ်ယောက် မဟုတ်ရာ အမြဲတမ်း သတိကြီးကြီးထားခဲ့၏။ ပုံမှန်အတိုင်းသာဆိုပါက သူသည် နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီး၏ စကားများကို နားထောင်နေမည် မဟုတ်ပေ။ သို့သော် နံပါတ်ဆယ့်ငါး ဂိုဏ်းတူအစ်ကိုကြီး၏ အပြုအမူများနှင့် သူ ထွက်ခွာမသွားခင် ပြောခဲ့သည့် စကားများမှာ ဝမ်ပေါင်လဲ့အပေါ် အနည်းနှင့်အများ အကျိုးသက်ရောက်မှု ရှိနေသည့်ပုံပင်။

" အပျက်အစီးနယ်မြေတွေထဲမှာ ကျင့်ကြံခြင်းပညာရပ်တွေ သွားရှာတာဆိုပဲ... " ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ ချီတုံချတုံဖြစ်သွား၏။ ထို့နောက် သူသည် သစ်ပင်ကြီးတစ်ပင်နှင့် ကျောက်တုံးတစ်တုံးအဖြစ် ပြောင်းလဲသွားခဲ့သည့် နံပါတ်ဆယ့်သုံး ဂိုဏ်းတူအစ်ကိုကြီးနှင့် နံပါတ်ဆယ့်လေး ဂိုဏ်းတူအစ်ကိုကြီးတို့အား ပြန်၍တွေးမိလိုက်သဖြင့် စိတ်ထဲ၌ ထင့်သွားရသည်။

ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ မျှော်စင်ရှေ့ရှိ သစ်ပင်တစ်ပင်၏ အောက်တွင်ရပ်ရင်း မျက်ဝန်းများ ဖျတ်ခနဲ တောက်ပသွားပြီး သက်ပြင်းချကာ ရေရွတ်မိလိုက်တော့သည်။

" ဆရာက တကယ်ပဲ အားကိုးလို့ မရတာများလား။ မဖြစ်နိုင်ပါဘူး "

သူသည် ထိုသို့ရေရွတ်လိုက်ပြီးနောက် သူ၏ မျက်ခုံးနှစ်ဖက်ကြားရှိ နေရာအား လက်ဖြင့် ထပ်ပွတ်မိလိုက်ပြန်သည်။ ထို့နောက် သူသည် လောလောဆယ်တွင် ထိုအကြောင်း ဆက်မတွေးတော့ရန် ဆုံးဖြတ်လိုက်သည်။ သူ၏ ဆရာ ပြန်ရောက်မလာခင် သူသည် မီးတောက်ကြယ်စင်စုကြီးအား အရင်ဆုံး အကဲခတ်ပြီးမှ ဆုံးဖြတ်ချက်ချတော့မည် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီးနောက် နောက်သို့လှည့်ကာ သစ်ပင်များ၏ ကြားရှိ လမ်းငယ်လေးအတိုင်း လျှောက်လှမ်းလာ၏။ သူသည် ထိုလမ်း၏ အဆုံးသို့ ရောက်သွားသောအခါ မျှော်စင်ကြီး၏ တံခါးကို တွန်းဖွင့်၍ အထဲသို့ ဝင်သွားလိုက်သည်။ သူ အထဲသို့ ရောက်သွားချိန်တွင် ပိုးတောင်မာတစ်ကောင်မှာ ၎င်း၏ တောင်ပံနှစ်ဖက်အား ခတ်ကာ မျှော်စင်ကြီး၏ အပြင်ဘက်ရှိ အနီရောင်သစ်ရွက်များထဲမှ ပျံထွက်လာ၏။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ မျှော်စင်အား တစ်ချက်ကြည့်ကာ လေထဲ၌ အသာအယာ ပျံဝဲနေလိုက်ပြီးနောက် အဝေးသို့ ပျံသန်းထွက်ခွာသွားလိုက်တော့သည်...

၎င်း ထွက်ခွာသွားသည်နှင့် ထိုနေရာတစ်ဝိုက်ရှိ အခြား ပိုးတောင်မာအားလုံးမှာလည်း မှုန်ဝါးဝါးဖြစ်သွားပြီး အစအန ရှာမရလောက်အောင် ပျောက်ကွယ်သွားတော့သည်။ သို့ဖြစ်ရာ ၎င်းတို့အားလုံးမှာ အတုအယောင်များသာ ဖြစ်ကြပြီး အဝေးသို့ ပျံသန်းထွက်ခွာသွားသည့် ပိုးတောင်မာတစ်ကောင်သာလျှင် အစစ်ဖြစ်နေသည့်ပုံပင်။

သို့သော် ထို ပိုးတောင်မာများ ပျောက်ကွယ်သွားသည်နှင့် မျှော်စင်ကြီး၏ တံခါးမှာ ရုတ်တရက်ဆိုသလို ပွင့်လာပြီး ဝမ်ပေါင်လဲ့၏ လူရိပ်မှာလည်း ပေါ်ပေါက်လာ၏။ ထို့နောက် သူသည် ထို ပိုးတောင်မာများ နားနေခဲ့သည့် သစ်ရွက်များကို ငေးကြည့်ရင်း မျက်ဝန်းများထဲ၌ ထူးဆန်းသည့် အလင်းရောင်တစ်မျိုး တောက်ပသွားပြီး စိတ်ထဲ၌ တွေးမိလိုက်တော့သည်။

" ဒီ မီးတောက်ကြယ်စင်စုက... တစ်ခုခုတော့ လွဲနေပြီ "

ဝမ်ပေါင်လဲ့ မကြာသေးမီတုန်းက ပြောခဲ့သည့်စကားများမှာ သူ၏နှုတ်မှ အမှုမဲ့အမှတ်မဲ့နှင့် ထွက်လာသည့်ပုံ ပေါ်ပါသော်လည်း အမှန်တကယ်တွင်မူ သူသည် ၎င်းတို့အား တမင်တကာ ပြောခဲ့ခြင်းဖြစ်သည်။ သူသည် သစ်ပင်ကြီးတစ်ပင်နှင့် ကျောက်တုံးတစ်တုံးတို့မှာ သူ၏ ဂိုဏ်းတူအစ်ကိုကြီးများဖြစ်ကြောင်း မြင်ခဲ့ရသည်ဖြစ်ရာ သူ၏ မျှော်စင်ဆီသို့ ရောက်ရှိလာခဲ့ပြီးနောက် ထိုမျှော်စင်တစ်ဝိုက်ရှိ သစ်ပင်ကြီးများနှင့် ပိုးတောင်မာများထဲတွင်လည်း သူ၏ ဂိုဏ်းတူအစ်ကိုကြီးတစ်ယောက် ရှိနေနိုင်သည်ဟု သံသယဝင်ခဲ့၏။

နံပါတ်လေး ဂိုဏ်းတူအစ်ကိုကြီးမှာ လေကျင့်ရန် အပြင်သို့ ထွက်ခွာသွားသည်ဟု ဆိုပါသော်လည်း သူ၏ ဂိုဏ်းတူအစ်ကိုအစ်မများ၏ ထူးဆန်းသော ပင်ကိုယ်စရိုက်များအရဆိုလျှင် အခြားသူတစ်ယောက်၏ အိမ်ရှေ့၌ သစ်ပင်တစ်ပင် သို့မဟုတ် ပိုးတောင်မာတစ်ကောင်အဖြစ် ပြောင်းလဲခြင်းမှာ သူတို့အတွက် လေကျင့်ခန်းများ ဖြစ်နေနိုင်ပေသည်...

ယခုတွင် ဝမ်ပေါင်လဲ့မှာ ထို ပိုးတောင်မာများ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသဖြင့် မျက်ဝန်းများ အရောင်လက်သွား၏။ သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် နောက်သို့လှည့်ကာ မျှော်စင်ထဲသို့ ပြန်ဝင်သွားလိုက်သည်။ သို့သော် သူ မျှော်စင်ထဲသို့ ပြန်ရောက်သွားသည်နှင့် သူ ပြည်ထောင်စုကြီးထဲမှ ထွက်ခွာမလာခဲ့ခင်တုန်းက သူ့ဆီသို့ ပြန်ရောက်လာခဲ့သည့် မမလေး၏ စကားသံမှာ သူ၏ အသိစိတ်ထဲ၌ ပေါ်ပေါက်လာတော့သည်။ သူမသည် အလွန်အင်မတန်မှ ပျော်ရွှင်ကျေနပ်ကာ စိတ်လှုပ်ရှားနေသည့် လေသံပင် ပေါက်နေ၏။

" ဝမ်ပေါင်လဲ့။ ဝမ်ပေါင်လဲ့။ ငါ့မှာ မရယ်မိအောင် မနည်းထိန်းထားရတယ်။ ဒီတစ်ခေါက်တော့ နင် ဉာဏ်အကောင်းလွန်ပြီးတော့ အမှားကြီးမှားသွားပြီဟေ့။ ဟားဟားဟား။ နောက်ဆုံးတော့ နင်လည်း ဒီလိုအဖြစ်မျိုးနဲ့ ကြုံရပြီပေါ့ "

" မဖြစ်သေးဘူး။ ငါ အောင်ပွဲခံမှရမယ် "

" ဘာလဲဟ " ဝမ်ပေါင်လဲ့မှာမူ မှင်တက်သွားပြီး ရင်တထိတ်ထိတ် ဖြစ်သွားရတော့သည်။

All Chapters