← Chapters

တစ်ကိုယ်တော် ပြဇာတ်

Vol. 73 Ch. 1010

တစ်ကိုယ်တော် ပြဇာတ်

Vol. 73 Ch. 1010

ပုံမှန်အတိုင်းဆိုလျှင် ဣန္ဒြေတစ်ခွဲသားဖြင့် စကားပြောတတ်သည့် မမလေးတစ်ယောက် ယခုတွင် သူမ၏ ပုံရိပ်ကိုပင် ဂရုမစိုက်တော့ဘဲ အလွန်အင်မတန်မှ စိတ်လှုပ်ရှားကာ ထခုန်လုမတတ် ပျော်ရွှင်နေသည်ကို မြင်လိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားရ၏။ သူမသည် အောင်ပွဲခံမည်ဟုပင် ဆိုခဲ့သည် မဟုတ်ပါလော။

ထို့အပြင် သူမသည် " နင်လည်း ဒီလိုအဖြစ်မျိုးနဲ့ ကြုံရပြီပေါ့ " ဟုလည်း ဆိုခဲ့သေးသည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မူမမှန်တော့ဘဲ ချက်ချင်း မေးမြန်းမိလိုက်၏။

" ချောမောလှပ၊ သနားကြင်နာ၊ နူးညံ့သိမ်မွေ့၊ မွန်မြတ်စင်ကြယ်ပြီး သဘောထား ကြီးမားလှတဲ့ မမလေးခဗျား။ ကျေးဇူးပြုပြီးတော့ ဘာတွေဖြစ်နေတာလဲဆိုတာ ကျွန်တော်မျိုးကို ပြောပြလို့ရမလား " ဝမ်ပေါင်လဲ့မှာ မျက်နှာဖုံးထဲမှ ခုန်ထွက်လာပြီး စိတ်လှုပ်တရှား ဖြစ်နေသည့်အမူအရာဖြင့် ခြေဆောင့်နင်းနေသည့် မမလေးအား စိုက်ကြည့်ကာ မေးလိုက်၏။ သူသည် သူ၏ နှလုံးသားထဲရှိ မခံမရပ်နိုင်လောက်အောင် ဖြစ်နေသည့် ခံစားချက်များကို ချုပ်တည်းကာ ရိုးသားမှု အပြည့်ရှိသည့်ပုံစံ ဟန်ဆောင်နေလိုက်သည်။

" နင် တကယ် သိချင်တာလား " မမလေးမှာ ဝမ်ပေါင်လဲ့၏ စကားများကို ကြားလိုက်ရပြီး သူသည် ရိုးသားမှုအပြည့် ရှိနေသည့်ပုံ ပေါ်ပါသော်လည်း ရင်ထဲမှ စိုးရိမ်စိတ်များကို ဖုံးကွယ်ထားနိုင်စွမ်း မရှိသည်ကို မြင်လိုက်ရသောအခါ အလွန်အင်မတန်မှ ပျော်ရွှင်ကျေနပ်သွား၏။ သူမသည် ဝမ်ပေါင်လဲ့နှင့် အတူရှိနေခဲ့သည့် ကာလတစ်လျှောက်လုံး အစပိုင်း အချိန်ကာလအပိုင်းအခြား တစ်ခုမှလွဲ၍ ကျန်သည့်အချိန်များတွင် သူ၏ အနိုင်ယူခြင်းကိုသာ ခံခဲ့ရသည် မဟုတ်ပါလော။

ထို့ကြောင့် သူမသည် ရူးသွပ်လုမတတ် ခံစားခဲ့ရ၏။ ယခုတွင် သူမသည် ဝမ်ပေါင်လဲ့တစ်ယောက် ထောင်ချောက်မိသွားသည်ကို မျက်ဝါးထင်ထင်မြင်လိုက်ရသဖြင့် အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွားရသလို ပွဲကောင်းတစ်ပွဲအား ကြည့်ရတော့မည်ဟုလည်း မှတ်ယူလိုက်သည်။ ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့ သူမ၏ မေးခွန်းအား ခေါင်းညိတ်၍ ချက်ချင်းပြန်ဖြေလိုက် သောအခါ မမလေးမှာ မျက်စိပေကလတ်ပေကလတ် လုပ်ကာ ပြန်ပြောလိုက်၏။

" မပြောပြဘူး "

ဝမ်ပေါင်လဲ့မှာ ထိုစကားကို ကြားလိုက်ရသောအခါ မျက်ခုံးများ ပင့်မိသွားသည်။ သူသည် မမလေးအကြောင်း နောကျေနေသူတစ်ယောက်ဖြစ်ရာ သူမသည် မူနေခြင်းဖြစ်ကြောင်း သိထား၏။ ထို့ကြောင့် သူသည် စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချလိုက်ပြီးနောက် ချစ်ခင်ယုယမှု အပြည့်ရှိသော မျက်ဝန်းများဖြင့် မမလေးအား စိုက်ကြည့်လိုက်၏။ ထို့နောက် သူသည် ခံစားချက် အပြည့်ပါသော အမူအရာဖြင့် ဖြည်းဖြည်းချင်း ဆိုလိုက်တော့သည်။

" မမလေး။ မမလေးရဲ့ မြူးကြွရွှင်ပျ၊ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတဲ့ ရယ်သံလေးတွေကို ကြားရတာ ကျွန်တော် ဘယ်လောက်ကံကောင်းသလဲဆိုတာ မမလေး သိလားဗျ "

" အဲတာမလို့ မမလေး ကျွန်တော့်ကို ပြောပြစရာမလိုပါဘူး။ ပေါင်လဲ့ တစ်ခုပဲ တောင်းဆိုပါရစေ။ အဲဒီ တောင်းဆိုချက်ကတော့... မမလေး ခဏလောက်ထပ်ပြီးတော့ ပြုံးနေပေးဖို့နဲ့ ဒီနေ့လိုမျိုး တစ်ဘဝလုံး ရယ်မောနေပေးဖို့ပါပဲ " ဝမ်ပေါင်လဲ့မှာ မမလေး၏ အနီးသို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားရင်း လေသံတိုးတိုးဖြင့် ဆိုလိုက်၏။ သူ၏ စကားတစ်ခွန်းချင်းစီတိုင်းမှာ ထူးဆန်းသော စွမ်းအားများ ပိုင်ဆိုင်ထားသကဲ့သို့ပင်။ မမလေးမှာ ထိုစကားများကို ကြားလိုက်ရသောအခါ မည်သည့်အကြောင်းကြောင့်မှန်းမသိ ရင်ထဲ၌ လှိုက်ဖိုသွားရ၏။

ထို့ကြောင့် သူမသည် နေမထိထိုင်မသာ ဖြစ်လာရပြီး ဝမ်ပေါင်လဲ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်ကာ ဆိုလိုက်တော့သည်။

" ဖက်တီး။ နင်က ငါ့ကို စကားလေး တစ်ခွန်းနှစ်ခွန်းလောက်နဲ့ မျက်နှာချိုသွေးပြီးတော့ သိမ်းသွင်းနိုင်မယ့် လူစားမျိုးလို့ ထင်နေတာလား။ ဝေးသေး "

ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသောအခါ နွေးထွေးမှုအပြည့်ရှိသော အပြုံးဖြင့် မမလေး၏ ရှေ့သို့ လျှောက်လှမ်းသွားလိုက်၏။ ထို့နောက် သူသည် သူ၏ လက်ကို မြှောက်လိုက်ပြီး သူနှင့် အကြည့်ချင်းမစုံရန် ကြိုးစားနေသည့်ပုံပေါ်သည့် မမလေး၏ ဆံပင်များကို အသာအယာ ပွတ်သပ်ပေးရင်း တိုးတိုးလေးဆိုလိုက်သည် " မမလေး။ ကျွန်တော့်အတွက်တော့ အစတုန်းက ဒီစကြဝဠာကြီးထဲမှာ ကြယ်တစ်လုံးမှ မရှိခဲ့ဘူးဆိုတာ မမလေး သိလား။ ဒါပေမဲ့ ကျွန်တော် မမလေးအကြောင်း တွေးမိလိုက်တိုင်း ကျွန်တော့်ရဲ့ အသိစိတ်ထဲမှာ ကြယ်တစ်လုံးစီ ပေါ်ပေါက်လာရတာ။ အဲတာမလို့ အခုဆိုရင် ကောင်းကင်ကြီးတစ်ခုလုံး ကြယ်တွေနဲ့ ပြည့်နှက်နေရပြီဗျ... "

သူ၏ နှုတ်မှ ထိုစကားများ ထွက်လာသောအခါ မမလေးမှာ တစ်ကိုယ်လုံး တုန်ရီသွားရပြီး နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်ခွာမိသွား၏။ သူမသည် နှလုံးသားထဲ၌ ဗြောင်းဆန်နေရပြီ ဖြစ်ပါသော်လည်း စက်ဆုပ်ရွံရှာသည့်ပုံစံ ဟန်ဆောင်ကာ သူမ၏ လက်နှစ်ဖက်အား ထပ်ခါတလဲလဲ ဝှေ့ယမ်း၍ ဆိုလိုက်သည်။

" တော်လိုက်တော့။ နင် အခုချက်ချင်း ပါးစပ်ပိတ်လိုက်တော့ "

" ဖက်တီး။ နင် ဒီလောက် စပ်စုတတ်တဲ့ လူတစ်ယောက်ဆိုတာ ငါ မသိခဲ့ဘူး " မမလေးမှာ သူမ၏ စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်နိုင်ရန်အလို့ငှာ ချောင်းဟန့်လိုက်ပြီး ဝမ်ပေါင်လဲ့အား ဖျတ်ခနဲကြည့်၍ ဆိုလိုက်၏။

ဝမ်ပေါင်လဲ့မှာလည်း ထိုစကားများကို ကြားလိုက်ရသောအခါ စိတ်ထဲတွင် သူ့ကိုယ်သူ ကျေနပ်သွားသည်။ သို့သော် အပေါ်ယံတွင်မူ သူသည် ရှုံ့မဲ့မဲ့ ပြုံးလိုက်ပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ မမလေးအား အရိုအသေပေးလိုက်၏။

" ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို အလင်းပြပေးပါ မမလေး "

မမလေးမှာမူ စိတ်ကို တည်ငြိမ်အောင်ထားလိုက်ပြီးနောက် ဝမ်ပေါင်လဲ့၏ ပြောဆိုပြုမှုပုံများမှာ ရိုးသားမှုအပြည့် ရှိနေသည်ဖြစ်ကြောင်း ခံစားလိုက်ရ၏။ ထို့ကြောင့် သူမသည် သူမ၏ ညာဘက်လက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ဝိညာဉ်ရေခဲရေဘူး တစ်ဘူးမှာ ရုတ်ခြည်းဆိုသလို ပေါ်ပေါက်လာပြီး သူမသည် ၎င်းအား မော့သောက်လိုက်၏။ ထို့နောက် သူမသည် မျက်တောင်တဖျပ်ဖျပ် ခတ်ကာ သူမ၏ မျက်ဝန်းထဲရှိ သူတစ်ပါး ဒုက္ခရောက်သည်ကို ကျေနပ်နေသည့် စိတ်များအား ကွက်ဝှက်နေခြင်း မရှိဘဲ ဝမ်ပေါင်လဲ့အား ကြည့်လိုက်သည်။ ထိုသို့ဖြင့် မမလေးမှာ ဝမ်ပေါင်လဲ့အား ခေါင်းအစခြေအဆုံး အကဲခတ်လိုက်ပြီးမှ ဝိညာဉ်ရေခဲရေဘူးအား အောက်သို့ချကာ ချောင်းဟန့်၍ ဆိုလိုက်တော့သည်။

" အင်း... ငါ ဇက်ကြောတွေ တက်နေပြန်ပြီ... " မမလေး ထိုသို့ဆိုလိုက်သည်နှင့် သူမ ဝိညာဉ်ရေခဲရေဘူးအား ထုတ်ယူခဲ့သည့် မြင်ကွင်းကြောင့် အံ့ဩတုန်လှုပ်နေခဲ့ရသည့် ဝမ်ပေါင်လဲ့မှာ နှုတ်ခမ်းတွန့်သွား၏။ ထို့နောက် သူသည် ချက်ချင်း ပျောက်ကွယ်သွားကာ မမလေး၏ နောက်၌ ပြန်လည်ပေါ်ပေါက်လာပြီး သူမ၏ ပခုံးအား အသာအယာ နှိပ်နယ်ပေးလိုက်တော့သည်။

မမလေးမှာမူ ဇိမ်ခံကာ ဝိညာဉ်ရေခဲရေများကို သောက်သုံးရင်း ဝမ်ပေါင်လဲ့အား ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်၏။

" ဖက်တီး။ နင် မီးတောက်ကြယ်စင်စုထဲ ရောက်လာပြီးနောက်ပိုင်း ဒီနေရာကြီး တစ်ခုလုံးက ထူးဆန်းနေတယ်လို့ ခံစားနေခဲ့ရတာမလား "

" နင် နင့်ရဲ့ ဂိုဏ်းတူအစ်ကိုတွေ အစ်မတွေကိုလည်း တွေ့ပြီးသွားပြီလေ။ သူတို့ထဲက တချို့က ပုံမှန်အတိုင်းပဲ ဆိုပေမဲ့ အများစုက ဦးနှောက်တစ်ခန်းလွတ်နေသလိုမျိုး ဖြစ်နေတယ်လို့ နင် ခံစားနေခဲ့ရတာမလား "

" ပြီးတော့ ဟို နွားထီးအိုကြီးကပါ ထူးဆန်းနေတယ်လို့ နင် ခံစားနေခဲ့ရတာမလား " မမလေးမှာ ပြုံးကာ မေးလိုက်၏။

ဝမ်ပေါင်လဲ့မှာလည်း တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် သက်ပြင်းချကာ ခေါင်းညိတ်ပြလိုက်သည်။

" ငါပြောပြမယ် ဖက်တီး။ မီးတောက်ခေါင်းဆောင်ကြီးရဲ့ ဂုဏ်သတင်းက အဆုံးမဲ့တာအိုနယ်မြေတစ်ခုလုံးထဲမှာ ပေါ့သေးသေး မဟုတ်ဘူး။ သူ့အကြောင်း ကောလာဟလတွေ အများကြီးရှိတယ်။ သူ့ရဲ့ ဇာတိမြေဟောင်းက အဆုံးမဲ့မျိုးနွယ်စုကြောင့် လုံးဝ ပျက်စီးသွားခဲ့ပြီးတော့ သူ့ရဲ့ တပည့်တွေ အကုန်လုံးလည်း သေသွားခဲ့တာလို့ တချို့က ပြောကြတာပဲ။ ဒါပေမဲ့ သူ့ရဲ့ တပည့်တွေ သေမသွားခဲ့ဘဲ ဒဏ်ရာအပြင်းအထန် ရသွားခဲ့ပြီးတော့ အိပ်မောကျသွားကြတာလို့ ပြောကြတဲ့ လူတွေလည်းရှိတယ်။ တချို့ကလည်း မီးတောက် ခေါင်းဆောင်ကြီးက နောက်ပိုင်းမှာ တပည့်အသစ်တွေ ထပ်ပြီးတော့ လက်ခံခဲ့တာလို့ ပြောကြတာပဲ "

" မီးတောက် ခေါင်းဆောင်ကြီးရဲ့ တပည့်တွေ တကယ်သေသွားပြီလို့ ပြောကြတဲ့ လူတွေတောင် ရှိတယ်။ ဒါပေမဲ့ သူက သူ့ရဲ့ ဓမ္မစွမ်းရည်တွေရဲ့အကူအညီနဲ့ သူတို့ရဲ့ ဝိညာဉ်အကြွင်းအကျန်တွေကို စုစည်းခဲ့ပြီးတော့ မီးတောက်ကြယ်စင်စုကို တည်ထောင်ခဲ့တာတဲ့။ ဒီ ကြယ်စင်စုကြီးက တကယ်တမ်းတော့ သူ့ရဲ့တပည့်တွေ ဆက်ပြီး အသက်ရှင်နေနိုင်ဖို့အတွက် သူကိုယ်တိုင် ပြင်ဆင်ပေးထားတဲ့ ဧရာမ ဝိညာဉ်သိုလှောင် မန္တန်အစီအရင်ကြီး တစ်ခုတဲ့ "

ဝမ်ပေါင်လဲ့တစ်ယောက် ထိုစကားများကို ကြားလိုက်ရသည်နှင့် မမလေး၏ ပခုံးအား နှိပ်နယ်ပေးနေသည့် သူ၏ လက်များမှာ ရပ်တန့်သွားရသည်။

" ကောလာဟလတွေနဲ့ ထင်မြင်ချက်တွေကတော့ အမျိုးမျိုးပဲ။ ဘယ်တစ်ခုက အမှန်လဲဆိုတာတော့ မသိဘူး။ နင့်ရဲ့ ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်းနဲ့ ကျင့်ကြံခြင်းအဆင့် မတိမ်းမယိမ်းမှာ ရှိတဲ့ လူတွေကလွဲရင် တခြားဘယ်သူကမှ သိနိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ မီးတောက်ခေါင်းဆောင်ကြီးရဲ့ ထူးဆန်းတဲ့ ပင်ကိုယ်စရိုက်ကြောင့် အမှန်အတိုင်း သိတဲ့လူတွေကလည်း အဲဒီ အကြောင်းကို ထုတ်ပြောကြတာ မဟုတ်ဘူး "

" ဒါပေမဲ့... အဲဒီ အစွမ်းထက်ပုဂ္ဂိုလ်ကြီးတွေကလွဲရင် ဒီကိစ္စနဲ့ ပတ်သတ်ပြီး အမှန်အတိုင်းသိတဲ့ လူဆိုလို့ ငါတစ်ယောက်ပဲ ရှိတယ် " မမလေးမှာ ထိုသို့ဆိုလိုက်ပြီးနောက် သူမ၏ မျက်နှာအမူအရာမှာ ခံစားချက်များ ရှုပ်ထွေးနေသည့်ပုံ ပေါက်သွားသည်။ ထို့နောက် သူမသည် ဝိညာဉ်ရေခဲရေဘူးအား အောက်သို့ချကာ ဝမ်ပေါင်လဲ့အား သူမ၏ ပခုံးနှစ်ဖက်ကို ဆက်လက်နှိပ်နယ်ပေးရန် စေခိုင်းခဲ့ခြင်းမရှိဘဲ တစ်စုံတစ်ခုအား ပြန်သတိရသွားသည့် အမူအရာဖြင့် ရေရွတ်လိုက်၏။

" ပေါင်လဲ့။ တကယ်တမ်းကလေ မီးတောက်ခေါင်းဆောင်ကြီးက တော်တော်ကို သနားဖို့ကောင်းတာ... ငါ့ရဲ့အဖေ ဒီ ကြယ်စင်စုဘေးကနေ ဖြတ်သွားတုန်းက သူ့ရဲ့ ဘဝအကြောင်း ရေရွတ်နေတာကို ငါ နားစွန်နားဖျား ကြားခဲ့ဖူးတယ် "

" အမှန်အတိုင်းပြောရရင် ပြင်ပလောကကြီးထဲမှာ ရှိသမျှ ကောလာဟလတွေ အကုန်လုံးက အမှားတွေချည်းပဲ။ မီးတောက်ကြယ်စင်စုထဲမှာရှိတဲ့ နင့်ရဲ့ ဂိုဏ်းတူအစ်ကိုတွေအစ်မတွေက ဒဏ်ရာအပြင်းထန်ရထားလို့ အိပ်မောကျနေကြတာလည်း မဟုတ်ဘူး။ အတင်းအကျပ် ဖိအားပေးခံထားရလို့ မီးတောက်ကြယ်စင်စုထဲမှာပဲ နေနေကြရတာလည်း မဟုတ်ဘူး။ သူတို့က ပုံရိပ်ယောင်တွေလည်း မဟုတ်ဘူး... တကယ့် အဖြေမှန်က ဒီနေရာမှာ ရှိနေတဲ့ လူတိုင်းက မီးတောက်ခေါင်းဆောင်ကြီးရဲ့ ကိုယ်ပွားတွေ ဖြစ်နေတာပဲ "

" သူ့ရဲ့ ဒုတိယမြောက် တပည့်ကလွဲရင် တခြားတပည့်တွေ အကုန်လုံးက သူ့ရဲ့ ကိုယ်ပွားတွေချည်းပဲ။ နင့်ကို လာခေါ်ခဲ့တဲ့ နွားထီးအိုကြီးတောင်မှ မီးတောက်ခေါင်းဆောင်ကြီးရဲ့ ကိုယ်ပွားတစ်ခုပဲ "

" မီးတောက်ခေါင်းဆောင်ကြီးက အထီးကျန်နေတဲ့လူတစ်ယောက်လို့ ငါ့ရဲ့အဖေက ပြောခဲ့သေးတယ်။ သူက သူ့ကိုယ်သူ အဖော်ပြုနိုင်အောင် တစ်ဘဝလုံး ကိုယ်ပွားတွေ အများကြီးသုံးပြီးတော့ ကမ္ဘာကြီးတစ်ခု ဖန်တီးထားတာ... "

ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသည်နှင့် နှလုံးသားတစ်ခုလုံး အပြင်းအထန် တုန်ရီသွားရ၏။ ထို့နောက် သူ၏ အသိစိတ်ထဲရှိ အထူးတဆန်းဖြစ်နေသည့် ခံစားချက်များနှင့် သံသယစိတ်များမှာ ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားရပြီး စိတ်ဝိညာဉ်တစ်ခုလုံး ဗြောင်းဆန်သွားရတော့သည်။

ထို အမှန်တရားကြောင့် သူသည် စိတ်ကိုတည်ငြိမ်အောင် ထိန်းသိမ်းထားနိုင်စွမ်း မရှိတော့ပေ။ သူသည် ဤ အခြင်းအရာများ အားလုံးမှာ ပုံရိပ်ယောင်တစ်ခု မဟုတ်သလို ဝိညာဉ်အကြွင်းအကျန်တစ်ခုလည်း မဟုတ်ဘဲ တစ်ကိုယ်တော် ပြဇာတ်တစ်ခု ဖြစ်နေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။

" နင့်ရဲ့ ဂိုဏ်းတူအစ်ကိုတွေ အစ်မတွေတင် မီးတောက်ခေါင်းဆောင်ကြီးရဲ့ ကိုယ်ပွားတွေကနေတစ်ဆင့် အသွင်ပြောင်းလဲသွားခဲ့ကြတာ မဟုတ်ဘူး။ မီးတောက်ကြယ်စင်စုတစ်ခုလုံးထဲမှာရှိတဲ့ မြက်ပင်တွေ၊ သစ်ပင်တွေနဲ့ သက်ရှိတွေအကုန်လုံးက သူ့ရဲ့ ကိုယ်ပွားတွေပဲ။ အပြင်ဘက်မှာ ရှိနေတဲ့ သစ်ပင်တွေနဲ့ ပိုးတောင်မာတွေကလည်း နင့်ဆရာရဲ့ ကိုယ်ပွားတွေပဲ "

မမလေးမှာ တစ်ခဏမျှ ဝမ်းနည်းညှိုးငယ်နေရာမှ သတိပြန်ကပ်သွားသည့်ပုံပင်။ ထို့ကြောင့် သူမသည် မျက်ဝန်းများ အရောင်တောက်ပလာပြီး ဝမ်ပေါင်လဲ့အား ကြည့်ကာ ဆိုလိုက်၏။

" အဲတာမလို့ နင်တော့ သွားပြီလို့ ငါပြောတာ ဖက်တီးရ။ နင်က ဉာဏ်အကောင်းလွန်သွားတာကိုး။ နင် တမင်တကာ ပြောခဲ့တဲ့စကားတွေကို တစ်ယောက်ယောက်က ခိုးနားထောင်နေခဲ့မယ်ဆိုရင် နင်ရဲ့ ရိုးသားဖြောင့်မတ်မှုကို သက်သေပြနိုင်လိမ့်မယ်လို့ နင်က တွေးနေခဲ့တာမလား။ ဒါပေမဲ့ ငါ ကျယ်ပြန့်တာအိုနန်းတော်ထဲမှာ ရှိနေခဲ့တုန်းက ခေါင်းဆောင်ကြီးက ပြောခဲ့တယ်။ မီးတောက်ခေါင်းဆောင်ကြီးက အစွမ်းထက်ပေမဲ့ အရမ်းကို သဘောထားကျဉ်းမြောင်းတဲ့ လူတစ်ယောက်တဲ့။ နင်က နင့်ရဲ့ စကားအဆုံးမှာ မဖြစ်နိုင်ပါဘူးလို့ ပြောခဲ့ပေမဲ့ နင့်ရဲ့ ပထမ စကားတစ်ခွန်းနဲ့တင် လုံလောက်နေပြီ "

ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် ဇဝေဇဝါဖြစ်သွားရ၏။ တစ်ဖက်တွင် သူသည် မမလေး ပြောပြခဲ့သည့် မီးတောက်ခေါင်းဆောင်ကြီး၏ ဝမ်းနည်းဖွယ်ရာ ဘဝဇာတ်ကြောင်းထဲ၌ အာရုံရောက်နေဆဲပင်။ အခြားတစ်ဖက်တွင်မူ သူသည် အမှန်တကယ်ပင် ဉာဏ်အကောင်းလွန်သွားခဲ့သည်လောဟု စိတ်ထဲ၌ တွေးနေမိတော့သည်။

ထို့ကြောင့် သူသည် ခေါင်းခဲလာရသဖြင့် သူ၏ နဖူးအား လက်ဖြင့် ပွတ်မိလိုက်၏။ ထို့နောက် သူသည် အဖြေတစ်ခု စဉ်းစားရန် ပြင်လိုက်စဉ်မှာပင် မျက်ခုံးများ ပင့်မိသွားသည်။

" မဟုတ်သေးပါဘူး။ နံပါတ်ခုနစ် ဂိုဏ်းတူအစ်ကိုကြီးဆိုရင် ဖူးရောင်နေအောင် ရိုက်နှက်ကန်ကျောက်ခံထားရတာလေ။ အဲတာ အတုအယောင် မဖြစ်နိုင်ဘူးလားလို့။ မဟုတ်မှလွဲရော။ ဆရာက အပျော်သဘောနဲ့ သူ့ကိုယ်သူ ပြန်ပြီးတော့ ရိုက်နှက်ကန်ကျောက်တာများလား။ ပြီးတော့လည်း တစ်လတစ်ခါတောင်လေ... “

All Chapters