မီးပုံဘေးက နဂါးနီငါးကြင်းကင်စားပွဲ၊ မဖိတ်ခေါ်ဘဲ ရောက်လာသော ဧည့်သည်
Vol. 37 Ch. 515
“စစ်ရေးဗျူဟာတော့ အကြီးကျယ် ပြောင်းလဲသွားပြီ” နယ်စားဝေ့က သက်ပြင်းဖျော့တော့စွာ ချလိုက်သည်။
သနင်္ဂဗျူဟာစစ်သူကြီးနှင့် ကျန်ရှိသူများလည်း သူ့စကားကို ကြားလျှင် ခေါင်းညိတ်ထောက်ခံကြ၏။
ချင်မူနှင့် ကျောင်းသားများ၊ အထွတ်အမြတ်မြေများမှ ကောင်းကင်နတ်သိုင်းပညာရှင်များက ပေါက်ပန်းလေးဆယ် လျှောက်လုပ်ရင်း မူလဝိညာဉ်ညီလာခံကို ကျင်းပခဲ့လေသည်။ သူတို့မှာ အလွန်ပျော်ရွှင်နေကြပြီး စိတ်ဝင်စားစရာကောင်းသည်ဟု ခံစားကြရသော်လည်း စစ်တပ်ကြီးကို ဦးဆောင်ရသော စစ်သူကြီးများအတွက်မူ အကြီးအကျယ် အံ့အားသင့်စရာဖြစ်ပေသည်။
ရှေးခေတ်မှ ယနေ့ထက်ထိတိုင်အောင် စစ်မြေပြင်သည် အပြောင်းအလဲများ၏။ စစ်တပ်နှင့် အကူတပ်များ၊ ထောက်ပို့တပ်များနှင့် ဧကရာဇ်အကြား အချိတ်အဆက်မိမိ ဆက်သွယ်ရန်က ပြဿနာကြီးတစ်ရပ် ဖြစ်ခဲ့သည်။ အတိတ်တုန်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံသည် လေသင်္ဘောများ တည်ဆောက်ပြီး ဝေဟင်လမ်းကို ဖွင့်လှစ်ပေးခဲ့၏။ မြေသင်္ဘောများကိုလည်း တည်ဆောက်ခဲ့သလို၊ မည်သည့်နေရာကိုမဆို မြန်မြန်ဆန်ဆန် သွားလာနိုင်အောင် လမ်းများလည်း ဖောက်လုပ်ခဲ့သည်။
သူ၏လုပ်ဆောင်မှုများက နေရာဒေသအသီးသီးမှ ပြည်သူများ တွေ့ဆုံရန် များစွာအဆင်ပြေစေခဲ့သလို၊ သတင်းများလည်း လျင်မြန်စွာ ပျံ့နှံ့စေနိုင်ခဲ့သည်။ ဝေဟင်နှင့်မြေပြင်နှစ်မျိုးကို အသုံးပြုခြင်းဖြင့် မြို့တော်မှ ရောက်ရှိနိုင်သောနေရာများ များပြားလာခဲ့၏။
သို့ရာတွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ပိုင်နက် ကျယ်ပြန့်လာသည်နှင့်အမျှ တစ်နေရာမှ အခြားတစ်နေရာသို့ သတင်းပို့ရန် ကြာသည့်အချိန်ကလည်း များလာသည်။ စစ်တပ်တစ်တပ်လုံး ရွေ့လျားရန် ကြာမြင့်သောအချိန်သည်လည်း မြင့်တက်လာခဲ့သည်။
ချင်မူ အဆင့်မြှင့်ပေးခဲ့သော ဆေးမီးဖိုများက အရှိန်မြှင့်တင်ပေးနိုင်သော်လည်း ခရီးတစ်ကြောင်းအတွက် လိုအပ်သော ဆေးစွမ်းအင်ကျောက်တုံးပမာဏမှာ နင့်နေအောင် များလှ၏။
လေသင်္ဘောတစ်စင်း ရွှေမြို့တော်မှ အနောက်ကမ္ဘာမြေရှိ အစစ်အမှန်ကောင်းကင်နန်းတော်ဆီသို့ သွားလျှင် ရက်ပေါင်းများစွာ ကြာမည်။ ဆေးမီးဖိုထဲ အားဖြည့်ပေးရမည့် ဆေးစွမ်းအင်ကျောက်တုံးပမာဏကလည်း အသေးစားစစ်ပွဲတစ်ပွဲ တိုက်ခိုက်ရန် လုံလောက်လိမ့်မည်။
အကြီးစားစစ်ပွဲအတွက် စစ်သည်တော်များကို ရွှေ့ပြောင်းရမည်ဆိုလျှင် သယ်ယူပို့ဆောင်ရေးအတွက် ဆန်းကြယ်သားရဲများအား လိုအပ်သည်။ လေသင်္ဘောဖြင့် သယ်ယူပို့ဆောင်ရန်မှာ ကုန်ကျစရိတ်များပြားလွန်း၏။
သို့သော် မူလဝိညာဉ်ညီလာခံဖြင့် ဆိုပါက အချိန်နှင့်တပြေးညီ သတင်းပေးပို့နိုင်ပြီး မိုင်နှစ်ရာကွာဝေးသော စစ်ပွဲတစ်ပွဲကိုပင် ထိန်းချုပ်နိုင်လိမ့်မည်။
စစ်သူကြီးတစ်ဦး၏လက်ထဲတွင် ထိုကဲ့သို့နည်းလမ်းတစ်ရပ်က စစ်ပွဲ၏ကံတရားကို အဆုံးအဖြတ်ပေးနိုင်၏။
“အရှင်မင်းကြီး... ပါမောက္ခချင်က ညီလာခံဆိုတဲ့ စာလုံးကို သုံးသွားပါတယ်။ ဒါဟာ မင်းကြီးကို ပုန်ကန်ချင်တဲ့ သဘောပါဘုရား” ဝန်မင်းအိုကြီးတစ်ယောက်က ကြမ်းပြင်၌ ဒူးထောက်၍ ကျယ်လောင်စွာ ပြောသည်။ “ညီလာခံဆိုတာ မင်းညီလာခံကိုပဲ ကိုယ်စားပြုပါတယ်.. ညီလာခံရဲ့ အဓိပ္ပါယ်က အရပ်ဘက်၊ စစ်ဘက်ဝန်မင်းအားလုံးကို ဆင့်ခေါ်စုဝေးတဲ့ နန်းတွင်းအစည်းအဝေးလို့ ဆိုလိုတော်မူပါတယ်ဘုရား... ပါမောက္ခချင် ညီလာခံစာလုံးကို သုံးသွားတာဟာ သူ့ရဲ့ ရည်မှန်းချက်ကို ဖော်ပြသွားတာပါ.. အရှင်မင်းကြီး၊ သူ့ကို ကွပ်မျက်တော်မူပါဘုရား”
ဧကရာဇ်ယန်ဖုန်း ဆွံ့အသွားသည်။ စစ်သူကြီးများက ဝန်မင်းအိုကြီးကို ဒေါသတကြီး ဆူငေါက်ကြ၏။ ဝန်မင်းအိုကြီးက ဒူးထောက်၍ မြေပြင်ကို နဖူးဖြင့် တဒုန်းဒုန်းတိုက်ကာ သစ္စာရှိမှုအား ပြသနေသည်။
တခဏကြာသော် ဧကရာဇ်ယန်ဖုန်းက လက်ခါကာ တည်ငြိမ်စွာ မိန့်တော်မူ၏။ “ညီလာခံက နန်းတွင်းအစည်းအဝေးကိုပဲ ကိုယ်စားပြုတာမဟုတ်ဘူး။ ဝန်မင်းယွီကဲက ဗဟုသုတ တယ်နည်းပေတာပဲ.... ညီလာခံတက်တယ်ဆိုတာ နန်းတွင်းညီလာခံတက်တယ်လို့ ဆိုလို့ရပေမယ့် တခြားနေရာတွေမှာလည်း သုံးလို့ရပါသေးတယ်
“ဟိုတုန်းက ကောင်းကင်ဓားမဟာ ဝေ့မြစ်မှာ မိတ်ဆွေတွေနဲ့ ညီလာခံစတင်ခဲ့တဲ့ ကဗျာကို ရေးသားခဲ့ဖူးတယ်။ ကောင်းကင်ဓားမက စာပေသူရဲကောင်းတစ်ယောက်လည်း ဟုတ်ပေတယ်... သူ့ရဲ့ ဗဟုသုတက မောင်မင်းထက် အဆတစ်ရာ နှံ့စပ်တယ်.... သူ့အရေးအသားတွေကလည်း ဒီနေ့ထက်ထိတောင် ထင်ရှားကျော်ကြားနေတုန်းပဲ... သူက ဧကရာဇ်မဟုတ်ပေမယ့် ‘ညီလာခံ’ ကို သုံးသွားလို့ ပုန်ကန်ဖို့ ကြိုးစားနေတယ်လို့ ပြောဖူးတဲ့လူ ကိုယ်တော် တစ်ခါမှ မမြင်ခဲ့ဖူးဘူး”
ဧကရာဇ်က အကြီးအကဲယွီကဲကို ဆွဲထူပြီး ကြည်လင်နေသော အမူအရာဖြင့် မိန့်တော်မူ၏။ “အကြီးအကဲယွီကဲ... မောင်မင်းလည်း အသက်ကြီးနေပါပြီ။ ကိုယ်တော် မောင်မင်းကို မကွပ်မျက်တော့ပါဘူး.. မွေးရပ်မြေကိုသာ ပြန်လိုက်ပါတော့”
ကျန်ဝန်မင်းများ ဇဝေဇဝါ ဖြစ်သွားကြသည်။ ‘အရှင်မင်းကြီး ကြည့်ရတာ ဒီနေ့ စိတ်ကြည်နေတဲ့ပုံပဲ။ တကယ်ကြီး ခေါင်းဖြတ်မသတ်ပါလား... အကြီးအကဲယွီကဲတော့ ခေါင်းမပြုတ်ဘဲ ရာထူးပြုတ်သွားတာပဲ ကံကောင်းတယ်ဆိုရမယ်’
“အားလုံး စကားမပြောနဲ့ တိတ်တိတ်နေကြပါ” ချင်မူ့အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ “အရင်ဆုံး ငါတို့မူလဝိညာဉ်အချင်းချင်း စကားပြောလို့ရလား စမ်းကြစို့... ငါ ပြောနေတာ မင်းတို့ ကြားရလား”
သင်ကြားရေးခန်းထဲတွင် မရေမတွက်နိုင်သောလူငယ်များက စကားပြောလိုက်ကြသည်။ “ကြားရတယ်... ရှင်းရှင်းလင်းလင်း ကြားရပါတယ်”
“သိုင်းကွက်တွေ ထုတ်လွှတ်ကြည့်... မူလဝိညာဉ်မှာ မသက်မသာဖြစ်တာမျိုး ရှိလာ ကြည့်ကြစို့” သူက သူတို့ကို ညွှန်ကြားလိုက်သည်။
မရေမတွက်နိုင်သော မူလဝိညာဉ်များကြောင့် သင်ကြားရေးခန်းမထဲတွင် ဆူဆူညံညံ ဖြစ်သွား၏။ ရုတ်တရက် တစ်ယောက်၏မူလဝိညာဉ်မှာ ဖောက်ခနဲ ပျောက်သွားပြီး တခဏကြာသော် ပြန်ပေါ်လာသည်။ အတော်လေး ကြောက်စရာကောင်းချေသည်။
တစ်ချက်တစ်ချက် မှေးမှိန်သွားတတ်သော မူလဝိညာဉ်တချို့လည်း ရှိသည်။ အုံးအုံးကြွက်ကြွက် ဖြစ်နေသည့် သင်ကြားရေးခန်းမထဲတွင် ရယ်သံများ ပဲ့တင်ထပ်နေ၏။ ဝန်မင်းအားလုံး ဆူညံသံများကြောင့် ခေါင်းကိုက်လာကြသည်။
ချင်မူက ဖြစ်ပျက်မှုအားလုံးကို ရေးမှတ်ကာ လက်ခုပ်တီးလိုက်သည်။ “ကောင်းပြီ ပြန်ကြတော့”
အားလုံး မူလဝိညာဉ်များကို ပြန်ခေါ်လိုက်ကြ၍ သင်ကြားရေးခန်းမထဲမှ ပျောက်ကွယ်သွားကြ၏။ ပထမဆုံးမူလဝိညာဉ်ညီလာခံမှာ ထိုအတိုင်း ပြီးဆုံးသွားချေသည်။
ဧကရာဇ်ယန်ဖုန်းက သူ့အနောက်ရှိ စာရေးတော်ကြီးဆီသို့ လှည့်ကြည့်သည်။ “ရေးမှတ်ထားလား”
စာရေးတော်ကြီးက စာလိပ်အထူကြီးကို ကိုင်ကာ တွန့်ဆုတ်နေသည်။ “အရှင်မင်းကြီး ... ဒီမူလဝိညာဉ်ညီလာခံက ကျောင်းသားတွေနဲ့ ဝန်မင်းချင် လျှောက်ကစားနေတာ ဖြစ်ပါတယ်.. သူတို့ပြောတဲ့ စကားတွေထဲမှာ နည်းနည်းပါးပါးပဲ ရေးမှတ်လို့ အဆင်ပြေပြီး အများစုက ပေါက်ကရတွေပါ။ အဲဒါတွေပါ ရေးချထားရမှာလားဘုရား”
ဧကရာဇ်ယန်ဖုန်းက သက်ပြင်းချပြီး နန်းတွင်းထဲရှိ အရေးကြီးသော အဖြစ်အပျက်အားလုံး မှတ်တမ်းတင်ထားသည့် စာလိပ်ကြီးကို ထိလိုက်သည်။ ထို့နောက် တက်ကြွစွာ ပြောလိုက်၏။ “နောင်နှစ်တစ်ထောင်လောက်ကြာလို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အနာဂတ်မျိုးဆက်တွေ သမိုင်းမှတ်တမ်းတွေကို လိုက်ရှာဖတ်ပြီး ပထမဆုံးမူလဝိညာဉ်ညီလာခံမှတ်တမ်းအကြောင်း မတွေ့ရင် မောင်မင်းကို ကျိန်ဆဲကြလိမ့်မယ်... ဒီမူလဝိညာဉ်ညီလာခံကို မှတ်တမ်းတင်ရုံတင်မကဘူး... ပန်းချီပါ ဆွဲထားရမှာ”
စာရေးတော်ကြီး၏ နဖူးမှ ချွေးများကျလာသည်။ ပထမဆုံးမူလဝိညာဉ်ညီလာခံ အကြောင်းအရာများအား သူ ကမန်းကတန်း မှတ်တမ်းတင်ပြီး ချင်မူတို့ ပြောခဲ့သော စကားများကိုလည်း ရေးသားလိုက်၏။ သူ့မှာ ရေးရင်း စိတ်ညစ်နေမိသည်။ ‘ဒီစကားတွေက ပေါက်ပန်းလေးဆယ်တွေဆိုတာ အသိသာကြီးပါ... ဒီလိုဘာမှမဟုတ်တဲ့ စကားလေးတွေအတွက် အနာဂတ်မျိုးဆက်သစ်တွေက ငါ့ကို ဘာလို့ ဆဲဆိုကြမှာတုန်း... ဒါပေမဲ့ မရေးရင်လည်း အရှင်မင်းကြီး ငါ့ကို ခေါင်းဖြတ်သတ်လိမ့်မယ်...”
နှစ်နာရီကြာသည့်အခါ ချင်မူက မိုင်တစ်ထောင်အကွာမှ ပြန်ရောက်လာသည်။ ကျန်ကျောင်းသားများလည်း နန်တွင်းကောလိပ်ဆီသို့ ပြန်ရောက်လာကြ၏။ ရောက်လာသည်နှင့် တစ်နေရာလုံး ဆူညံပွက်လောရိုက်သွားတော့သည်။ ချင်မူက သင်္ချာကျွမ်းကျင်သော ပညာရှင်များကို စုဝေးပြီး သူ့မှတ်ထားသည့် ကျင့်စဉ်နည်း၏ အားနည်းချက်များကို တွက်ချက်သည်။
များစွာမကြာလိုက်ဘဲ ကျင့်စဉ်နည်းမှာ ပြည့်စုံသွားပြီး မူလဝိညာဉ်များ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသော အရိပ်အယောင်များ မရှိတော့ပေ။
ချင်မူက သင်ကြားရေးခန်းထဲရှိ မှားယွင်းနေသော သင်္ကေတအမှတ်အသားများကို ပြင်ဆင်ပြီး နေ့ဝက်ကြာသောအခါ နောက်တစ်ကြိမ် စမ်းကြည့်ရန် ထွက်သွားကြပြန်၏။ ဤတစ်ကြိမ်တွင် ... မူလဝိညာဉ်များဆီမှ ထူးဆန်းသည့်လက္ခဏာများ မပြသတော့ပေ။
ဧကရာဇ်ယန်ဖုန်းက ညရောက်သည့်အချိန်အထိ နန်းဆောင်သို့ ပြန်မကြွဘဲ တိတ်ဆိတ်စွာ ရပ်ကြည့်နေတော်မူ၏။ ဧကရာဇ် မရွေ့သည့်အတွက် အရပ်ဘက်၊ စစ်ဘက်အရာရှိများလည်း မထွက်သွားရဲကြသဖြင့် ရပ်ကြည့်နေကြရသည်။
ချင်မူက ကိစ္စအဝဝ လုပ်ဆောင်ပြီးသော် မှတ်တမ်းဆောင်၏ မှတ်တမ်းထိန်းများအား ကျင့်စဉ်နည်းနှင့် မှော်သင်္ကေတအမှတ်အသားများကို မှတ်တမ်းတင်စေသည်။ ထိုအခါမှ ဧကရာဇ်ယန်ဖုန်းက ရှေ့တက်၍ ပြောလိုက်သည်။ “ပါမောက္ခချင်က တိုင်းပြည်အတွက် ကောင်းမှုပြုခဲ့တာပဲ... ကိုယ်တော် မောင်မင်းကို ဘယ်လိုဆုချရမလဲ”
ချင်မူက အညောင်းအညာပြေ ကျောဆန့်ရင်း ပြုံးလျက် ပြောသည်။ “အရှင်မင်းကြီး ဆုချချင်တယ်ဆိုရင် နန်းတွင်းကောလိပ်ဆီ ရောက်နေတဲ့ လူတိုင်းကို ညစာကျွေးစေချင်ပါတယ်... ဒီကျင့်စဉ်နည်းက ကျွန်တော် တီထွင်ခဲ့တာ မဟုတ်ပါဘူး... ဒီကလူအားလုံးရဲ့ အတွေးအခေါ်တွေ ပေါင်းစည်းပြီး ဖြစ်ပေါ်လာတာပါ...”
“ကောင်းပြီ” ဧကရာဇ်ယန်းဖုန်းက ညွှန်ကြားတော်မူသည်။ “နန်းတွင်းစားဖိုဆောင်က အတော်ဆုံးစားဖိုမှူးတွေကို ဖိတ်ခေါ်ပြီး အကောင်းဆုံး ချက်ပြုတ်ခိုင်းလိုက်ပါ။ ကိုယ်တော်ရဲ့ နန်းတွင်းကောလိပ်ဆီ ကြွရောက်လာကြတဲ့ ဒီကျောင်းသားတွေ၊ တာအိုရသေ့တွေနဲ့ ဘုန်းတော်ကြီးတွေကို စားကောင်းသောက်ဖွယ်တွေနဲ့ ဧည့်ခံချင်တယ်။ လူအင်အားမလောက်ရင် ... ဝန်မင်းတို့ရဲ့ မိသားစုတွေထဲက စားဖိုမှူးတွေကိုလည်း ဆင့်ခေါ်လိုက်ပါ။ ကိုယ်တော်လည်း ဒီလူငယ်တွေနဲ့အတူ ညစာသုံးဆောင်မယ်”
နန်းတွင်းကောလိပ်ထဲရှိ မီးအိမ်များမှာ နေ့အလား ထွန်းလင်းတောက်ပနေသည်။ မြို့တော်၏ အတော်ဆုံး စားဖိုမှူးအားလုံး နန်းတွင်းကောလိပ်သို့ ရောက်လာကြပြီး အကောင်းဆုံးဟင်းပွဲများကို ချက်ပြုတ်ကြ၏။ သူမတူသော ချက်နည်းပြုတ်နည်းတို့အား မတူညီသော ကောင်းကင်နတ်သိုင်းများ ပေါင်းစပ်ထားသကဲ့သို့ အံ့အားသင့်ဖွယ် မြင်ရပေသည်။
မွှေးကြိုင်လှသော ဟင်းနံ့တို့ကြောင့် အားလုံး ဗိုက်ဆာလာကြပြီး ဧကရာဇ်က နန်းတွင်းမှ အရည်အသွေးမြင့်အရက်များကို သွားယူခိုင်းတော်မူသည်။
“မောင်မင်းတို့ရဲ့ ကျင့်စဉ်နည်းမှာ နာမည်ရှိလား” ဧကရာဇ်ယန်ဖုန်းက စားသောက်ပွဲထဲ၌ လှည့်မေးလိုက်သည်။
ချင်မူက ခေါင်းယမ်း၍ ဧကရာဇ်ယန်ဖုန်း ပြုံးတော်မူသည်။ “တာအိုမှ မူလ၊ မူလမှ ယင်ယန်နှစ်ဖြာ၊ ယင်ယန်နှစ်ဖြာမှ စွမ်းအင်သုံးသွယ်၊ စွမ်းအင်သုံးသွယ်မှ အရာအားလုံးကို ဖန်တီးသည်ဆိုတော့ .... လျှို့ဝှက်ချက်သုံးသွယ်မူလဝိညာဉ်ညီလာခံ လို့ ခေါ်ကြရင် မကောင်းပေဘူးလား... ဝန်မင်းချင် ဘယ်လိုမြင်လဲ”
ချင်မူ ပြန်မဖြေနိုင်ခင် ကူလင်းနွမ်က ဝန်မင်းများဖြင့် ရောက်လာပြီး ချီးကျူးထောက်ခံသည်။ “အရှင်မင်းကြီးက ဉာဏ်တော်ကွန့်မြူးလှပါပေတယ်... ဒီဝန်မင်းလေးအနေနဲ့ လေးစားလို့ကို မဆုံးပါဘူး”
ဧကရာဇ်ယန်ဖုန်းက ကျယ်လောင်စွာ ရယ်၍ ကျင့်စဉ်နည်း၏နာမည်ကို အတည်ပြုလိုက်သည်။ ထို့နောက် မေးတော်မူသည်။ “ဝန်မင်းချင်.. သင်ကြားရေးခန်းမထဲမှာ မောင်မင်း မှတ်ထားတဲ့ အဲဒီသင်္ကေတအမှတ်အသားတွေက ဘာအတွက်လဲ”
“အရှင်မင်းကြီး... သင်္ကေတအမှတ်အသားတွေက မူလဝိညာဉ်တွေကို လမ်းညွှန်ပေးဖို့ပါ။ မူလဝိညာဉ်တွေရဲ့ အမြန်နှုန်းက မြန်လွန်းတော့ တခဏအတွင်း မိုင်တစ်သောင်းခရီးကို ဖြတ်သန်းနိုင်ပါတယ်... ဒါပေမဲ့ ဒီသင်္ကေတအမှတ်အသားတွေနဲ့ဆို မူလဝိညာဉ်တွေကို တိကျတဲ့နေရာတစ်ခုဆီ လမ်းညွှန်ပေးနိုင်သွားပါတယ်”
ဧကရာဇ်ယန်ဖုန်း မျက်မှောင်ကြုတ်သွားသည်။ “မူလဝိညာဉ်တွေကို လမ်းညွှန်ပေးနိုင်တယ်ဟုတ်လား.. ဒါဆို ဒီသင်္ကေတတွေကို ရန်သူတွေ အသုံးပြုလိုက်ရင် ဘယ်နှယ့်လုပ်မလဲ။ သူတို့က ကိုယ်တော့်ထာဝရငြိမ်းချမ်းရေးအင်ပါယာ စစ်သူကြီးတွေရဲ့ မူလဝိညာဉ်တွေကို လမ်းညွှန်ပြီး တစ်ခါတည်း ဖမ်းလိုက်ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာတစ်ခုလုံး အပြတ်ရှင်းခံလိုက်မှာမဟုတ်ပေလား”
အရပ်ဘက်၊ စစ်ဘက် ဝန်မင်းများမှာ ကြောက်လန့်သွားကြပြီး ခေါင်းတဆတ်ဆိတ် ညိတ်လိုက်ကြသည်။
ရှုရှန်းဟွာ ရောက်လာပြီး လျှောက်တင်၏။ “အရှင်မင်းကြီးအနေနဲ့ မသိလောက်ပေမယ့် ကျွန်တော်တို့ တီထွင်ရေးဆွဲထားတဲ့ သင်္ကေတအမှတ်အသားတွေဟာ ပြောင်းလဲလို့မရပါဘူး။ လျှို့ဝှက်ချက်သုံးသွယ်မူလဝိညာဉ်ညီလာခံနဲ့ သွေဖယ်မသွားအောင် သင်္ကေတအမှတ်အသားတွေကို မတူညီတဲ့ နည်းလမ်းတွေနဲ့ စီထားတာပါ... ပေါင်းစည်းမှုတွေကလည်း သိန်းသန်းနဲ့ချီ ရှိတဲ့အတွက် ဒီလောက်ရှုပ်ထွေးတဲ့ သင်္ကေတဖွဲ့စည်းပုံကို ဖြေဖို့ မဖြစ်နိုင်ပါဘူး”
ဧကရာဇ်ယန်ဖုန်း သက်ပြင်းချနိုင်သွားသည်။
ထိုအချိန်တွင် တာအိုရသေ့တစ်ပါးက အပြေးရောက်လာပြီး ချင်မူ့ကို တစ်ချက်ကြည့်ကာ မဝံ့မရဲ လျှောက်တင်သည်။ “အရှင်မင်းကြီး ... ကျောက်စိမ်းနဂါးကန်ဘေးမှာ မြေခွေးလေးတစ်ကောင်၊ ဝက်ကြီးတစ်ကောင်နဲ့ သေတ္တာကြီးတစ်လုံးက နဂါးနီငါးကြင်းနှစ်ကောင် ဖမ်းပြီး ကင်နေကြပါတယ်”
“သူတို့ကို ငါ ကြားဖူးနေသလိုပဲ” ဧကရာဇ်ယန်ဖုန်းက ချင်မူ့အား ကြည့်၍ ပြုံးလိုက်သည်။ “ဝန်မင်းချင်ရဲ့ အပေါင်းအပါတွေလား”
ချင်မူ့မျက်နှာ နီရဲသွားပြီး ကပျာကယာ လျှောက်တင်လိုက်၏။ “အရှင်မင်းကြီး၊ ကျွန်တော် သူတို့ကို နာနာလေး သွားဆုံးမ,မလို့ ခွင့်ပြုပါဦး။ ဒီကောင်တွေကတော့ လက်သရမ်းချက်ပဲ” သူက ထရပ်ပြီး ထွက်လာ၏။
သူ ကန်ဘေးသို့ ရောက်သည့်အခါ ဟူလင်းအာက သေတ္တာကြီးကို ဆူနေသည်။ “တွေ့လား .. နင့်ကြောင့် လှိုင်းတွေ ထကုန်လို့ ကန်စောင့် တာအိုရသေ့ကြီး သိသွားပြီ။ နင့်ကို ငါးအရိုးပဲ ကျွေးမယ်... ဖက်တီးနဂါး၊ မီးအားလျှော့ဦး ... ကျွမ်းကုန်ဦးမယ်...”
ချင်မူ သူတို့ဆီ လျှောက်သွားပြီး ပြုံးလျက် ပြောလိုက်သည်။ “ငါ့အတွက် နည်းနည်းချန်ထားဦး”
ဟူလင်းအာက ခပ်တိုးတိုး ပြောသည်။ “သခင်လေး ဒီငါးမျိုး ကြိုက်တာသိလို့ ဖက်တီးနဂါးကို နှစ်ကောင် ဖမ်းခိုင်းထားပါတယ်။ ဒါပေမဲ့ သေတ္တာကြီးက တော်တော်စိတ်ပျက်စရာကောင်းတာပဲ.... ငါးတွေကို သူ့ဗိုက်ထဲ ဖွက်ဖို့ လုပ်နေတဲ့အချိန် ကန်စောင့်တဲ့ ရသေ့ကြီး သိသွားတာ”
ချင်မူက လက်နှစ်ဖက်ကို ပွတ်ရင်း ပြုံးလိုက်သည်။ “ငါ စားချင်နေတာ ကြာပြီ.... ခိုးရမှာ ရှက်နေလို့သာ”
ငါးကင်ပြီးသည့်အခါ ဟူလင်းအာက လေဓားသွားကို ထိန်းချုပ်၍ အသားများ လှီးဖြတ်လိုက်သည်။ ထို့နောက် နဂါးချီလင်အတွက် တစ်တုံး၊ ချင်မူ့အတွက် တစ်တုံးနှင့် သူမအတွက် တစ်တုံးယူလိုက်၏။ သေတ္တာကြီးက ဘေးတွင် လှဲနေပြီး ငါးရိုးများကို စုရန် အဆင်သင့်စောင့်နေသည်။
ရုတ်တရက် ရယ်သံထွက်လာ၏။ “မွှေးလိုက်တာ... နန်းတွင်းအစားအစာတွေထက်တောင် မွှေးသေးတယ်။ ဂိုဏ်းသခင်ချင်က အချက်အပြုတ်လမ်းစဉ်မှာလည်း တကယ် ဆရာတစ်ဆူပါပဲ... ငါ့အတွက် ချန်ထားပါဦး”
ချင်မူ နောက်လှည့်ကြည့်လိုက်သည့်အခါ မိစ္ဆာမျောက်ဝံတစ်ကောင်နှင့် ရဟန်းငယ်တစ်ပါးအား တွေ့လိုက်ရသည်။ ရဟန်းငယ်မှာ ငါးကင်နံ့ကြောင့် ဗိုက်ထဲ တကျုတ်ကျုတ်မြည်နေသော မင်ရှင်းကိုယ်တော်အပြင် တခြားမဟုတ်ပေ။
ဟူလင်းအာက သူ့ကို တစ်တုံးပေးလိုက်ပြီး ချင်မူမှာ အငမ်းမရစားနေသော မင်ရှင်းကိုယ်တော်ကို ကြည့်၍ စိတ်ရှုပ်ထွေးစွာ မေးလိုက်မိသည်။ “ကိုယ်တော်က ငါးလည်း စားတာပဲလား”
မင်ရှင်းကိုယ်တော်မှာ ခေါင်းပင် မဖော်နိုင်ပေ။ “မဟာမိုးခြိမ်းသံကျောင်းတော်ကနေ ထွက်လာခဲ့ပြီးကတည်းက သဘာဝကပ်ဘေး၊ လူလုပ်ကပ်ဘေးကြီးထဲမှာ ငါးမပြောနဲ့ သစ်ခေါက်တွေတောင် ငါ ခွာစားခဲ့ဖူးတယ်... တီကောင်တွေလည်း စားခဲ့ဖူးတယ်... ဗိုက်ဆာလွန်းလို့ ကိုယ့်အသားကိုယ်တောင် လှီးစားခဲ့သေးတယ်...”
သူက ဝတ်ရုံကို လှန်၍ ရင်ဘတ်ပေါ်ရှိ အမာရွတ်ကြီးအား ပြသည်။ ထို့နောက် ပြုံးလိုက်၏။ “အဲဒီအချိန်ကစပြီး ငါ့ကျမ်းစာကို ငါ့ဘာသာငါ စဉ်းစားမိခဲ့တာပဲ။ သက်ရှိသတ္တဝါတွေဆိုတာ လူသားတွေနဲ့ မိစ္ဆာတွေတင် မဟုတ်ဘူး.. အပင်တွေ၊ တီကောင်တွေကလည်း သက်ရှိပဲ... ဒါပေမဲ့ သက်ရှိအားလုံးက သံသရာကွင်းဆက်ထဲမှာ သံသရာလည်နေတယ်... ငါ သူတို့ကို စားတယ်... ငါ သေရင် သူတို့ ငါ့ကို စားလိမ့်မယ်.. အဲဒါလေးပဲ။ လူတစ်ယောက်ဟာ ဒုက္ခပင်လယ်ထဲမှာ လက်ပစ်ကူးနေရရင် ဗုဒ္ဓကို ရှာကြတာ မဟုတ်ဘူး.... ကမ်းစပ်ကို ရှာကြတာ။ ငါ အဲဒီကမ်းစပ်ကို တွေ့ခဲ့ပြီးပြီ”
ချင်မူ ခေါင်းညိတ်၍ ပြုံးရယ်လျက် ပြောလိုက်သည်။ “သိပ်တော်တယ်.... ကိုယ်တော်ရဲ့ စိတ်အခြေအနေက တကယ်ကို မြင့်မားနေပါပြီ”
ဟူလင်းအာက ငါးတစ်တုံး ထပ်လှီး၍ မိစ္ဆာမျောက်ဝံဆီ ကမ်းပေးသော်လည်း မိစ္ဆာမျောက်ဝံက ခေါင်းယမ်းသည်။ “သားသတ်လွတ်စား ၊ သန်မာ”
“သူမှ မစားချင်တာ ငါပဲ စားလိုက်မယ်” လက်တစ်ဖက်က ဘေးမှ ထွက်လာကာ ငါးတုံးကို ယူလိုက်သည်။
တာအိုသခင်လင်းရွှမ်က မိစ္ဆာမျောက်ဝံ၏ ဘေး၌ ထိုင်ကာ ပြုံးရင်း ပြောလာ၏။ “ဒီငါးက နန်းတွင်းအစားအစာတွေထက်တောင် မွှေးသေးတယ်”
ချင်မူက ပြုံးလိုက်သည်။ “မင်းလည်း တာအိုရသေ့တစ်ပါး ဖြစ်တာတောင် သားသတ်လွတ်မစားလဲ ရတယ်ပေါ့”
တာအိုသခင်လင်းရွှမ်က ငါးတုံးကို ပလုပ်ပလောင်း စားရင်း ဗလုံးဗထွေး ပြောသည်။ “ကောင်းကင်ကတောင် အတုကြီးဖြစ်နေမှတော့ ရသေ့ကလည်း အစစ်ဖြစ်နိုင်ပါတော့မလား”
“နွားကျောင်းတဲ့ကောင်လေး.. ငါ့ခမည်းတော်ရဲ့ ငါးတွေကို စားနေပြန်ပြီလား”
သင်းပျံ့မွှေးကြိုင်သော ကိုယ်သင်းနံ့လေးက အားလုံး၏နှာသီးဖျားများကို ကျီစယ်သွားပြီး လင်ယွိရှို့က ချင်မူ့ဘေးရှိ ဟူလင်းအာကို အတင်းတွန်း၍ ထိုင်ချလိုက်သည်။ သူမက လက်နှစ်ဖက်ပွတ်ရင်း ငါးတုံးတစ်တုံး ဖဲ့ကာ အပူလောင်မည်ကို ဂရုမစိုက်ဘဲ ကိုက်စားလိုက်သည်။ အပူငွေ့များ ပြန်မှုတ်ထုတ်ရင်း ချီးကျူးလိုက်၏။ “အရသာရှိလိုက်တာ တကယ် အရသာရှိတာပဲ”
“မင်းသမီးရှို့ ငါ့ကို စောင့်ဦး”
စစ်ယွင်ရှန်းလည်း ပြေးလာပြီး မီးပုံဘေး၌ ထိုင်လိုက်သည်။ ဟူလင်းအာကို တွန်းဖယ်ချင်သော်လည်း မြေခွေးမလေးက ခြောက်နှစ်၊ ခုနစ်နှစ်အရွယ် ကလေးမလေးအသွင်ပြောင်း၍ လက်ပိုက်ကာ ထိုင်နေသည်။ သူမက လင်ယွိရှို့နှင့် စစ်ယွင်ရှန်းကြားတွင် ပေကပ်ထိုင်နေပြီး တစ်ချက်မျှ မရွေ့ပေ။ စစ်ယွင်ရှန်းမှာ တွန်းထုတ်ရမှာလည်း ရှက်သဖြင့် ငြိမ်ငြိမ်သာ ထိုင်လိုက်ရ၏။
အားလုံး ရယ်ကာမောကာဖြင့် စကားပြောဆိုကြရင်း နဂါးနီငါးကြင်းကို မျှဝေစားနေကြသည်။ များစွာမကြာလိုက်ဘဲ ဝမ့်မူရန်၊ မုချင်းသိုင်၊ လောင်ယွီနှင့် ရှုရှန်းဟွာတို့လည်း ရောက်ချလာကြ၏။ ဝမ့်မူရန်က ပြုံးလျက် ပြောလိုက်သည်။ “မင်းတို့တွေ ဒီလောက်ကြီးတဲ့ နဂါးနီငါးကြင်းနှစ်ကောင်ကို စားကုန်မှာမဟုတ်ဘူး .. ငါ ကူစားပေးပါရစေ... ကျေးဇူးတင်စရာမလိုဘူးနော်”
ချင်မူက ပတ်ဝန်းကျင်ကို ကြည့်၍ ပြုံးလိုက်သည်။ “ကောင်းကင်မဟာမိတ်ခေါင်းဆောင်တွေ အခုလို ဆုံဖို့က ခပ်ရှားရှားရယ်... အမူးမသောက်ဘဲ မပြန်ကြစို့”
“ကောင်းကင်မဟာမိတ်ဆိုတာ ဘာလဲ” လင်ယွိရှို့က ဇဝေဇဝါ မေးပြီး အလျင်အမြန် ပြောလိုက်သည်။ “ခမည်းတော်ကို ပုန်ကန်မယ့် မဟာမိတ်အဖွဲ့လား... ဒါဆို ငါလည်း ပါမယ်”
ရှုရှန်းဟွာ၊ လင်းရွှမ်နှင့် ဝမ့်မူရန်တို့မှာ မည်သို့ရှင်းပြရမည်မှန်း မသိ၍ အတန်ကြာ တွန့်ဆုတ်နေကြသည်။
ချင်မူက ပြောလိုက်၏။ “ဒီမှာ အပြင်လူတွေမှ မရှိတာပဲ အမှန်တိုင်း ပြောကြတာပေါ့.. ဒါပေမဲ့ ပြောပြီးတာနဲ့ ငါတို့ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ အဖွဲ့သားတွေ ဖြစ်သွားလိမ့်မယ်... ဒီမှာ နားမထောင်ချင်တဲ့လူ ရှိလား”
နဂါးချီလင်က မြန်မြန်ဆန်ဆန် ထပြီး သေတ္တာကြီးကို ကိုက်ကာ တရွတ်တိုက် ဆွဲခေါ်သွားသည်။ သေတ္တာကြီးမှာ ငါးအရိုးများပင် မကောက်လိုက်ရပေ။
“သိတာနည်းလေ အသက်ရှည်ရှည် နေရလေလေပဲ” ဖက်တီးနဂါးက သေတ္တာကြီးကို သင်နေ၏။
ရုတ်တရက် မီးပုံက ရိပ်ခနဲ ဖြစ်သွားပြီး ချင်မူနှင့်မျက်နှာချင်းဆိုင်တွင် ငါးတုံးတစ်တုံး လှမ်းဖဲ့နေသော လူငယ်တစ်ယောက် ပေါ်လာသည်။ သူက အေးအေးလူလူ ပြောလိုက်သည်။ “ငါလည်း ကောင်းကင်မဟာမိတ်အကြောင်း သိချင်တယ်... မဟာနတ်ဆေးသမားတော်ချင် ငါ့ကို ပြောပြလို့ရမလား”
ချင်မူ သွေးများအေးခဲသွားပြီး နန်းတွင်းကောလိပ်၏ တောင်ထိပ်ဆီသို့ ကပျာကယာ လှည့်ကြည့်လိုက်သည်။
“နန်းတွင်းတစ်ခုလုံးက ငါ့ကို ယှဉ်နိုင်ပါတယ်။ မင့်ဧကရာဇ်ကလည်း မခေပါဘူး... ကောင်းကင်တံတားကို တည်ဆောက်ပြီးပြီပဲ” လူငယ်က ဂရုမထားဟန်ဖြင့် ပြောလိုက်၏။ “ဒါပေမဲ့ သူတို့မပြေးနိုင်ခင် မင်းတို့တွေအားလုံး အလောင်းတွေ ဖြစ်ကုန်လိမ့်မယ်.... မဟာနတ်ဆေးသမားတော်ချင်... အဆင်အခြင်မမဲ့ပါနဲ့။ လာ... ငါ့ကို ကောင်းကင်မဟာမိတ်အဖွဲ့အကြောင်း ပြောပြ”