← Chapters

သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေ

Vol. 48 Ch. 645

သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေ

Vol. 48 Ch. 645

" ကျွန်တော်တို့ရဲ့ အသက်ကို အခုလို ကယ်တင်ပေးတဲ့ တိမ်တိုက်ဧကရာဇ်ရဲ့ ကျေးဇူးကို ဖူချန်း ဘယ်တော့မှ မမေ့ပါဘူး "

ကိစ္စအားလုံး အနည်ထိုင်သွားတဲ့ နောက်မှာတော့ လီဖူချန်းဟာ တိမ်တိုက်ဧကရာဇ်ရဲ့ အရှေ့ကို ပျံသွားလိုက်ပြီး ကိုယ်တိုင်ကို်ယ်ကျ အရိုအသေ ပေးလိုက်ပါတယ် ။

တိမ်တိုက် ဧကရာဇ်က  ပြုံးလိုက်ပြီး လီဖူချန်းကို သတိ ပြန်ပေးခဲ့ပါတယ် ။

" ရမ္မက်ခြောက်ပါး သခင်လေးကို သတ်ချင်တဲ့ လူတွေက အတော်များတယ်  ။  သူ့ရဲ့ ဆရာက သူ့ကို အနောက်ကနေ ကျောထောက်နောက်ခံ ပြုနေလို့သာ သူ့ကို ဘယ်သူမှ မထိရဲကြတာ ။ အခု မင်းက ရမ္မက်ခြောက်ပါး သခင်လေးကို သတ်လိုက်ပြီ ဆိုတော့လည်း လောကကြီး တစ်မျိုး အေးချမ်းတာပေါ့ကွာ ။ ဒါပေမဲ့ သတိတော့ ထားဦး ။ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်က သည်ကိစ္စကို သည်အတိုင်း ထားလိုက်မှာ မဟုတ်ဘူး "

သူက တိမ်တောင်တန်းမြို့တော် အတွင်းမှာ လီဖူချန်းကို ကာကွယ်နိုင်ပေမယ့် တိမ်တောင်တန်းမြို့တော်ရဲ့ အပြင်ဘက်မှာ ဆိုရင်တော့ ဘာမှ မတတ်နိုင်ပါဘူး ။

ဘယ်လိုပဲဖြစ်ဖြစ် ၊ တိမ်တောင်တန်းမြို့တော် အပြင်ဘက်မှာဆိုရင် သူက အလယ်အလတ် အဆင့် ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ် တစ်ပါးသာ မဟုတ်ပါလား ။ ဝင်္ကပါ အစီအရင်တွေရဲ့ ထောက်ပံ့ခြင်းကို မရထားဘူး ဆိုရင်တော့ သူဟာ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ကို ဆယ်ကွက်ပြည့်အောင်တောင် ယှဉ်နိုင်မှာ မဟုတ်ပါဘူး ။

လီဖူချန်းက ခေါင်းညိတ်လိုက်ပြီး သူမရှင်းတာ တစ်ခုကို ပြန်မေးလိုက်ပါတယ် ။

" ဆရာကြီး တိမ်တိုက် ဧကရာဇ်ခင်ဗျား …… ကျွန်တော့်ကို တစ်ခုလောက် မေးခွင့်ပြုပါ ။ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်က ကျွန်တော်တို့ရဲ့ ခံစားချက်တွေကြောင့် ကျွန်တော်တို့ကို ရှာတွေ့သွားတာလားခင်ဗျ "

လီဖူချန်းက သည်မေးခွန်းနဲ့ ပတ်သက်ပြီး တပ်အပ်ကြီး မသိပါဘူး ။ ဒါကသူ့ရဲ့ ခန့်မှန်းချက် သက်သက်ပါပဲ ။

တိမ်တိုက်ဧကရာဇ်က ခေါင်းညိတ်ပြီး လီဖူချန်းကို ရှင်းပြလာပါတယ် ။

" ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်က ခံစားချက်တွေနဲ့ အလိုရမ္မက်တွေကို ဆော့ကစားတဲ့ နေရာမှာ နာမည်ကျော်ပဲ ။ အထူးသဖြင့်  ခံစားချက်တွေကို အသုံးပြုတဲ့ နေရာမှာ ပိုပြီး သူက ပိုပြီး နာမည်ကျော်ကြားတယ် ။ လူတစ်ယောက်ရဲ့ ခံစားချက် တစ်စွန်းတစ်စလေး ထွက်လိုက်တာနဲ့ သူက ရအောင် အာရုံခံတော့ပါပဲ ။ တကယ်လို့ ခံစားချက်ကို အာရုံခံမိသွားပြီဆိုရင် အဲသည်လူက တစ်သက်လုံး ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ် လက်ထဲကနေ ပြေးမလွတ်တော့ဘူး ။ မင်းသိထားအောင် ပြောပြရမယ် ဆိုရင် ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်မှာ အတော်ဆုံး ခြေရာခံတဲ့သူ နှစ်ယောက် ရှိတယ် ။ အဲသည်နှစ်ယောက်က နတ်မျက်လုံး တန်ခိုးရှင် ဧကရာဇ်နဲ့ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ပဲ ။ နံပါတ်တစ်ကတော့ ခြွင်းချက်မရှိ နတ်မျက်လုံး တန်ခိုးရှင် ဧကရာဇ်ပေါ့ကွာ ။ဒါပေမဲ့ ဝိညာဉ်ဧကရာဇ်ရဲ့ ခြေရာခံနိုင်တဲ့ နည်းစနစ်ကလည်း နတ်မျက်လုံး တန်ခိုးရှင်ကို ကောင်းကောင်းကြီး ယှဉ်နိုင်တယ်လို့ ပြောကြတယ် ။ ဒါပေမဲ့ ဝိညာဉ် ဧကရာဇ်က သူ့ရဲ့ အစွမ်းကို ဘယ်တုန်းကမှ အကုန်အစင် မထုတ်ပြဖူးဘူး ။ အဲသည်အတွက် ဝိညာဉ် ဧကရာဇ် ဘယ်လောက် အစွမ်းထက်လည်း ဆိုတာကို ဘယ်သူကမှ မသိကြဘူး "

နတ်မျက်လုံး တန်ခိုးရှင် ဧကရာဇ်နဲ့ ဝိညာဉ် ဧကရာဇ်အကြောင်း ပြောတဲ့ နေရာမှာတော့ တိမ်တိုက် ဧကရာဇ်ရဲ့ မျက်နှာဟာ သိပ်မကောင်းလှပါဘူူး ။

တကယ်လို့ လူတစ်ယောက်က ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ရဲ့ ကြောက်စရာအကောင်းဆုံး ဧကရာဇ် ဆယ်ပါးကို စာရင်း ပြုစုမယ်ဆိုရင် နတ်မျက်လုံး တန်ခိုးရှင် ဧကရာဇ်နဲ့ ဝိညာဉ် ဧကရာဇ်ကတော့ လုံးဝ မပါမဖြစ်ပါဘဲ ။

တကယ်လို့ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ရဲ့ ကြောက်စရာအကောင်းဆုံး ဧကရာဇ် ငါးပါးကို စာရင်း ပြုစုမယ်ဆိုရင်လည်း နတ်မျက်လုံး တန်ခိုးရှင် ဧကရာဇ်နဲ့ ဝိညာဉ် ဧကရာဇ်ကတော့ ပါနေဦးမှာပါပဲ ။

တိတိကျကျ ပြောရမယ် ဆိုရင်တော့ သည်ဧကရာဇ် နှစ်ပါးဟာ ကြောက်စရာ အကောင်းဆုံး ဧကရာဇ် သုံးပါး စာရင်းထဲမှာတောင် ပါဝင်နေဦးမှာ ဖြစ်ပါတယ် ။

သည်ဧကရာဇ် နှစ်ပါးကို လူတွေက အင်မတန် အန္တရာယ် ကြီးတယ်လို့သတ်မှတ်ကြတာကတော့ သူတို့ရဲ့ ကျင့်ကြံမှုကြောင့် မဟုတ်ဘဲ ဧကရာဇ် နှစ်ပါးရဲ့ လျှို့ဝှက်လွန်းလှတဲ့ အစွမ်းတွေကြောင့်လို့သာ ဆိုရပါမယ် ။

ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ် တစ်ပါးဖြစ်တဲ့ တိမ်တိုက်ဧကရာဇ်က တစ်နေ့မှာ သည်ဧကရာဇ် နှစ်ပါးကြောင့် ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ရဲ့ ဘက်မျှနေမှုဟာ ပျောက်ဆုံးသွားလိမ့်မယ်လို့ ခံစားနေရတာကလည်း အတော်လေး ကြာနေခဲ့ပါပြီ ။

လီဖူချန်းကတော့ တိတ်ဆိတ်စွာနဲ့ပဲ တိမ်တိုက် ဧကရာဇ် ရှင်းပြတာကို နားထောင်နေခဲ့ပါတယ် ။ တစ်ချိန်တည်းမှာပဲ သူက သူနဲ့ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ကြားက ဆက်နွယ်မှုကို ဘယ်လိုဖြတ်တောက်ပစ်ရမလဲ ဆိုပြီး တွေးနေပါသေးတယ် ။

***

" ခံစားချက်တွေ ဆိုတာက လူတစ်ယောက်ရဲ့ စိတ်လှုပ်ရှားမှုကနေ မြစ်ဖျားခံလာတာပဲ ။ အဲဒါကို ဘယ်လိုပြတ်တောက်အောင် ဖြတ်ရမှာလဲ "

သူနေထိုင်ရာ ခြံဝင်းထဲကို ပြန်ရောက်တဲ့အထိ လီဖူချန်းကတော့ အတွေးထဲမှာ နစ်မြုပ်နေဆဲပါပဲ ။

လီဖူချန်းက သူ့ရဲ့ ဘဝ တစ်လျှောက်လုံးကို ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ် ဆိုတဲ့ အရိပ်မည်းကြီးအောက်မှာ မနေချင်ပါဘူး ။ သူက ဘဝကို အကြောက်အလန့် ကင်းကင်းနဲ့ အပူအပင် မရှိဘဲ ဖြတ်သန်းချင်တာပါ ။

အဲသည်လို လုပ်ဖို့အတွက် အခုအချိန်မှာ အဖြေ နှစ်မျိုး ရှိပါတယ် ။

ပထမ တစ်ခုကတော့ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ကို သတ်ပြီး ကိစ္စအားလုံးကို အဆုံးသတ်လိုက်ဖို့ပါပဲ ။ ဒါပေမဲ့လည်း လီဖူချန်းအနေနဲ့ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ကို သတ်နိုင်စွမ်း ရှိမယ်ဆိုရင် အခုလိုမျိုး ခေါင်းရှုပ်ခံနေစရာ အကြောင်း မရှိပါဘူး ။

ဒုတိယ တစ်ခုကတော့ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်နဲ့ ဆက်နွယ်နေတဲ့ ဆက်သွယ်မှုကို ဖြတ်တောက်ဖို့ပါပဲ ။

" ဆရာကြီး ဂါထာ၊မန္တရား သိုင်းဧကရာဇ် ချန်ထားခဲ့တဲ့ ဂါထာ၊မန္တာန်တွေထဲမှာ စိတ်ဝိညာဉ်ကို သန့်စင်ပေးနိုင်စွမ်း ရှိတဲ့ မန္တာန်တစ်ပုဒ် ရှိတာပဲ ။ အဲဒါက အလုပ်ဖြစ်မလား မသိဘူး "

စိတ်ဝိညာဉ်သန့်စင် မန္တာန်ဆိုတာက အဆင့်နိမ့် ဂါထာ၊မန္တာန် အမျိုးအစား တစ်ခုပါပဲ ။အဲဒါက စိတ်ဝိညာဉ်မှာ တွယ်ညှိနေတဲ့ အညစ်အကြေးတွေနဲ့ မလိုလားအပ်တဲ့ တခြား ခံစားချက်တွေကို သန့်စင်ပေးနိုင်ပါတယ် ။

ဒါက အဆင့်နိမ့် ဂါထာ၊မန္တာန် တစ်ပုဒ် ဖြစ်ရင် ဖြစ်ပါမယ် ။ ဒါပေမဲ့ အသုံးပြုသူက သည်မန္တာန်ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သွားပြီ ဆိုရင် မန္တာန်ရဲ့ အစွမ်းဟာ အဆပေါင်းများစွာ တိုးတက်လာမှာ ဖြစ်ပါတယ် ။

ဂါထာ၊မန္တရား လောကမှာက ပြောနေကျ စကားတစ်ခွန်း ရှိပါတယ် ။ အဲဒါကတော့ " လောကပေါ်မှာ အစွမ်းအထက်ဆုံး ဂါထာ၊မန္တာန်ဆိုတာ မရှိဘူး ။ အစွမ်းအထက်ဆုံး ဂါထာ၊မန္တရား ပညာရှင်ပဲ ရှိတယ် " ဆိုတာပါပဲ ။

အဲသည်နောက်မှာတော့ လီဖူချန်းဟာ ကုချူ းယီကို သွားရောက် ရှာဖွေပြီး သူမ အပေါ်မှာ စိတ်ဝိညာဉ် သန့်စင် မန္တာန်ကို အစမ်းအနေနဲ့ အသုံးပြုကြည့်လိုက်ပါတော့တယ် ။

စမ်းသပ်ချက် ရလဒ်ကတော့ မဆိုးလှပါဘူး ။ အဲဒါက တော်တော်လေး သက်ရောက်မှု ရှိပုံပါပဲ ။

ကုချူ းယီကလည်း အဲဒါကို ဝန်ခံခဲ့ပါတယ် ။

" မဆိုးဘူး ……မောင်လေး ။ အခု အစ်မက ပိုပြီး သက်တောင့်သက်သာ ရှိသွားသလို ခံစားရတယ် ။ အဲဒါက စိတ်ဝိညာဉ်ထဲက မလိုလားအပ်တဲ့ အရာတွေကို ဖြတ်တောက်ပေးလိုက်သလိုပဲ "

ကုချူ းယီရဲ့ စကားကို ကြားအပြီးမှာတော့ လီဖူချန်းရဲ့ မျက်နှာဟာ ဝင်းပ သွားခဲ့ပါပြီ ။

" အစ်မ ပြောသလိုဆိုရင် သည်မန္တာန်က အလုပ်ဖြစ်တာပေါ့ "

" အင်း……ဟုတ်တယ် မောင်လေး "

ကုချူ းယီက ခေါင်းညိတ်ပြလိုက်ပါတယ် ။ ပြီးမှ သူက ချီတုံချတုံနဲ့

" မောင်လေးဖူချန်း…… ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်က အစ်မဆီကနေပြီး မောင်လေးကို ခြေရာခံမိ သွားတာလား "

လီဖူချန်းက ကုချူ းယီကို မလိမ်ချင်ပါဘူး ။ အဲသည်အတွက် သူက အမှန်အတိုင်းပဲ ပြောလိုက်ပါတယ် ။

" ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်က ခံစားချက်တွေနဲ့ ပက်သက်ရင် အင်မတန်မှ အာရုံခံနိုင်စွမ်း မြင့်တဲ့ လူတစ်ယောက်ပဲ ။  ကြည့်ရတာ သူက အဲသည်တုန်းက အစ်မရဲ့ ခံစားချက်တွေကို အာရုံခံလိုက်နိုင်ပုံ ရတယ် "

" သူက အဲသည်လောက်တောင် အစွမ်းထက်တာလား "

လီဖူချန်းရဲ့ စကားကို ကြားအပြီးမှာတော့ ကုချူ းယီဟာ အတော်လေး မျက်နှာ ပျက်သွားခဲ့ပါပြီ ။ ရမ္မက်ခြောက်ပါး သခင်လေး ဖြစ်ဖြစ် ဒါမှမဟုတ် ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ် ဖြစ်ဖြစ် ၊ နှစ်ယောက်စလုံးဟာ တကယ်ကို ကြောက်စရာ ကောင်းလွန်းတဲ့ လူတွေပါပဲ ။

တစ်ယောက်က အလိုရမ္မက်တွေနဲ့ ဆော့ကစားပြီး နောက်တစ်ယောက်က ခံစားချက်တွေနဲ့ ဆော့ကစားတဲ့လူ ။ သူတို့နဲ့ ပက်သက်မိတဲ့ လူတွေကတော့ ဘယ်လိုမှ အေးအေးချမ်းချမ်း နေနိုင်စရာ အကြောင်း မရှိပါဘူး ။

လီဖူချန်းလို ပြိုင်ဘက်ကင်း ပါရမီရှင်မျိုးမှသာ သူတို့ကို ကောင်းကောင်းကြီး ပညာ ပြန်ပြနိုင်မှာပါ ။

***

တစ်ခြားတစ်ဖက်မှာတော့ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ဟာ မျောလွင့်ကောင်းကင်တောင် နယ်နိမိတ်ထဲမှာ ရှိနေဆဲပါပဲ ။ ရှင်းရှင်းပြောရမယ် ဆိုရင်တော့ သူက မျောလွင့်ကောင်းကင်တောင် နယ်နိမိတ်ထဲကနေ ဘယ်တုန်းကမှ မထွက်သွားခဲ့ပါဘူး ။ သူက အဆွေးဧကရာဇ်ရဲ့ ပုံရိပ်ကြောင့်သာ မျောလွင့်ကောင်းကင်တောင် နယ်နိမိတ်ထဲကနေ ထွက်သွားချင်ယောင် ဆောင်ခဲ့တာပါ ။

"ဟင် "

ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်က ရုတ်တရက် ဆိုသလိုပဲ ကုချူ းယီဆီကနေ သူအာရုံခံမိထားတဲ့  ခံစားချက်ဟာ သူနဲ့ အဆက်အသွယ် ပြတ်တောက်သွားတာကို ခံစားလိုက်ရပါတယ် ။

တခြားနည်းနဲ့ ပြောရမယ် ဆိုရင်တော့ သူက လီဖူချန်းနဲ့ တခြားသူတွေရဲ့ တည်ရှိမှုကို ဘယ်လိုမှ အာရုံ မခံနိုင်တော့ပါဘူး ။

" ဘယ်ကောင်က ဒါကို လုပ်လိုက်တာလဲ "

ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်က ထောင်းခနဲ ဒေါသ ထွက်သွားခဲ့ ပြန်ပါပြီ ။

တစ်ဆက်တည်းမှာပဲ လီဖူချန်းရဲ့ ပုံရိပ်ဟာ သူ့ရဲ့ ခေါင်းထဲ တိုးဝင်လာခဲ့ပါတယ် ။ လီဖူချန်းက ဂါထာ၊မန္တရား ပညာရပ်ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်တယ် ဆိုတာကို သူမျက်မြင်ကိုယ်တွေ့ပါပဲ ။ အဲသည်အတွက် အခု ကိစ္စကို လုပ်လိုက်သူက လီဖူချန်းကလွဲပြီး တခြားသူ မရှိနိုင်ပါဘူး ။

" သည်ကလေးက အတတ်ပညာတွေ အရမ်း စုံနေပြီ ။ သူ့ကို အမြန်ဆုံး သတ်ထားမှ ။ မဟုတ်ရင်တော့ သူက အနာဂတ်မှာ ငါ့ကို ပြန်ပြီး ဒုက္ခ ပေးလာလိမ့်မယ် "

လီဖူချန်း အကြောင်းကို စဉ်းစားနေရင်းနဲ့ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ဟာ လူသတ်ချင်စိတ်တွေ တဖွားဖွား ပေါ်လာပါတော့တယ် ။ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ရဲ့ ဘဝမှာ ဘယ်တုန်းကမှ သည်လို လူသတ်ချင်စိတ်တွေ မပြင်းပြခဲ့ဖူးပါဘူး ။ အဲသည်အတွက် ဒါက ပထမဆုံး အကြိမ်လို့ပဲ ဆိုရပါမယ် ။

………

တိမ်တောင်တန်း မြို့တော်မှာ နောက်ထပ် ရက်အနည်းငယ်လောက် နေပြီးတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ အကြွင်းမဲ့ ကောင်းကင်ဘုံ ဓားသိုင်းဟာ ကောင်းကင် အလယ်အလတ် အဆင့်ကို ရောက်သွားခဲ့ပါပြီ ။

နဂိုမူလကတည်းက လီဖူချန်းရဲ့ ဓားတာအို အစွမ်းဟာ အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးနဲ့ ညီမျှနေခဲ့တာပါ ။ အခုလို မီးတောက်နတ်ဓား ကျင့်စဉ်က အဆင့်၃၈ ရောက်ပြီး အကြွင်းမဲ့ ကောင်းကင်ဘုံ ဓားသိုင်းက ကောင်းကင် အလယ်အလတ်အဆင့် ရောက်သွားတဲ့ အချိန်မှာတော့ သူရဲ့ ဓားတာအို အစွမ်းဟာ အားနည်းတဲ့ ဥပဒေသပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေနဲ့ မကွာခြားလှတော့ပါဘူး ။ သူနဲ့ အားနည်းတဲ့ ဧကရာဇ်တွေကြားက တိုက်ပွဲအဖြေဟာ ရေကုန်ရေခန်း တိုက်မှသာ ပေါ်လာတော့မှာပါ ။

" ဟက်ဟက်…… ငါ့ရဲ့ ခန္ဓာကိုယ် အပြင်အားက တစ်ရာ ဆိုရင် ငါ့ရဲ့ ဓားတာအို အစွမ်းက သုံးဆယ်လောက်ပဲ ရှိသေးတာပဲ ။ စဉ်းစားကြည့်မယ် ဆိုရင် ဒါကြီးက တကယ် ရယ်ချင်စရာ ကောင်းနေပြီ "

သူ့ရဲ့ ကျင့်ကြံမှု အကြောင်းကို စဉ်းစားမိလိုက်တဲ့ အခါမှာတော့ လီဖူချန်းဟာ ဘယ်လိုမှ မနေနိုင်ဘဲ မချိပြုံး ပြုံးမိလိုက်ပါတယ် ။

ဓားတာအို လမ်းစဉ်ကို အဓိက ထားပြီး လျှောက်လမ်းတဲ့ သူက အရန်လမ်းစဉ်ဖြစ်တဲ့ ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်မှာ ပိုပြီး အစွမ်းထက်နေတယ် ဆိုတာကြီးက တကယ့်ကို မခံချိ။မခံသာ ဖြစ်ချင်စရာပါပဲ ။

ဒါပေမဲ့လည်း လီဖူချန်း အနေနဲ့ သည်ကိစ္စအပေါ်မှာ ဘာမှ မတတ်နိုင်ပါဘူး ။ သူရထားတဲ့ နတ်ဘုရားလက် ပညာရပ်က အင်မတန် အစွမ်းထက်မြက်တဲ့ ခန္ဓာကိုယ် အပြင်အား ပညာရပ် ဖြစ်နေတာ မဟုတ်ပါလား ။

အဲသည်အတွက် သူ့ရဲ့ ဓားတာအို အနေနဲ့ သူ့ရဲ့ ခန္ဓာကိုယ် အပြင်အား အစွမ်းကို လိုက်မီဖို့ဆိုရင် အချိန်အကြာကြီး စောင့်ရပါဦးမယ် ။

***

မျောလွင့်ကောင်းကင်တောင်……

နာမည်နဲ့ လိုက်အောင်ပါပဲ ။ မျောလွင့်ကောင်းကင်တောင်ဟာ ကောင်းကင်ယံထက်မှာ မျောလွင့်ပြီး တည်ရှိနေတာ ဖြစ်ပါတယ် ။

သည်တောင်အနေနဲ့ ကောင်းကင်ယံထက်မှာ တည်ရှိနေရတဲ့ အကြောင်းအရင်းကတော့ သိပ်ပြီး မထူးဆန်းလှပါဘူး ။ နဂိုမူလက သည်တောင်ဟာ အားကောင်းတဲ့ သံလိုက် စွမ်းအင်လှိုင်းကို ပိုင်ဆိုင်ထားပြီး အဲသည် သံလိုက်စွမ်းအင်လှိုင်းဟာ ကမ္ဘာမြေရဲ့ သံလိုက်စွမ်းအင်လှိုင်းနဲ့ ဆန့်ကျင်နေတာပါ ။ အဲသည်အချက်ကို မျောလွင့်ကောင်းကင်တောင်ကို စတင်တည်ထောင်ခဲ့တဲ့ ဘိုးဘေးက တွေ့ရှိသွားပြီးနောက်မှာတော့ အစီအရင်တွေနဲ့ စီရင်လိုက်ပြီး တောင်ကို ကောင်းကင်ပေါ် ပျံတက်စေလိုက်တာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ မျောလွင့်ကောင်းကင်တောင်ဟာ ကမ္ဘာမြေဆွဲအားကို မျက်ကွယ်ပြု ပြီး မြေပြင်အထက် မီတာ တစ်သောင်းကျော်ကို ရောက်ရှိနေပါပြီ ။

မျောလွင့်ကောင်းကင်တောင်မှာ တခြား ထူးခြားချက် တစ်ခုလည်း ရှိပါသေးတယ် ။ အဲဒါကတော့ တောင်ပေါ်ကို ဘယ်သူကမှ သတ္တုနဲ့ လုပ်ထားတဲ့ လက်နက်တွေ ယူဆောင်လာလို့ မရတာပါပဲ ။ မျောလွင့်ကောင်းကင်တောင်ရဲ့ သံလိုက်စွမ်းအင်လှိုင်းက သတ္တုနဲ့ လုပ်ထားတဲ့ လက်နက်တွေကို  လုံးဝ လက်မခံပါဘူး ။ သူက သတ္တုကို အာရုံခံလိုက်မိတာနဲ့ တစ်ပြိုင်နက် သံလိုက်လှိုင်းနဲ့ ဆွဲယူပြီး အဝေးတစ်နေရာကို လွှင့်ပစ်လိုက်မှာပါ  ။ အဲသည်သတ္တုနဲ့ ပြုလုပ်ထားတဲ့ လက်နက်တွေ ဆိုတဲ့ အထဲမှာတော့ မြေကမ္ဘာအဆင့် လက်နက်တွေနဲ့ ကောင်းကင်အဆင့် လက်နက်တွေလည်း အကျုံးဝင်ပါတယ်။

အဲသည်အတွက်ကြောင့် တကယ်လို့ လူတစ်ယောက်ယောက်က မျောလွင့်ကောင်းကင်တောင်ကို တိုက်ခိုက်ချင်တယ်ဆိုရင် လက်ဗလာနဲ့ လာမှပဲ ရပါလိမ့်မယ် ။ သူ့ကိုယ်ပေါ်မှာက သတ္တုလက်နက်တွေ တစ်ခုမှ ပါလာလို့ မရပါဘူး ။

မျောလွင့်ကောင်းကင်တောင် ၊ပင်မခန်းဆောင် ……

သည်ခန်းမ အတွင်းမှာတော့ ဆံဖြူ နေတဲ့ အဘိုးကြီးတွေ တော်တော်များများ ရှိနေပြီး မျောလွင့်ကောင်းကင်တောင်ရဲ့ လက်ရှိ အုပ်ချုပ်သူဖြစ်တဲ့ အဆွေးဧကရာဇ်ဟာလည်း ပလ္လင်ထက်မှာ ရောက်ရှိနေပါပြီ ။ ကြည့်ရတာတော့ သူတို့က အစည်းအဝေး တစ်ခုကို စတင်ဖို့ ပြင်နေကြပုံပါပဲ ။

လူတွေအားလုံး စုံပြီလို့ ထင်ရတဲ့ နောက်မှာတော့ အဆွေးဧကရာဇ်ဟာ သူ့ကို ခစားနေတဲ့ အကြီးအကဲတွေကို ပလ္လင်ထက်ကနေ တစ်ချက် ငုံ့ကြည့်လိုက်ပြီး အစည်းအဝေးကို စလိုက်ပါတယ် ။

" သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေက ပွင့်ဖို့အတွက် သုံးလပဲ လိုတော့တယ် ။ ငါတို့ မျောလွင့်ကောင်းကင်တောင်က နောက်ဆုံးလေးကြိမ်ဆက်တိုက် အောက်ဆုံးမှာ နေခဲ့ပြီးပြီ ။တကယ်လို့ သည်အကြိမ်မှာလည်း ငါတို့က အောက်ဆုံးအဆင့်ဆိုရင် ငါနဲ့ တခြား မဟာဧကရာဇ်တွေကြားက ကွာဟချက်က ပိုပြီး ကြီးမားလာလိမ့်မယ် ။ အဲဒါကို ဘယ်လိုလုပ်ဖို့ အကြီးအကဲတွေ စဉ်းစားထားကြသလဲ "

အစည်းအဝေး ခန်းမ တစ်ခုလုံးကတော့ အပ်ကျသံကို ကြားရတဲ့အထိ တိတ်ဆိတ်နေခဲ့ပါပြီ ။ပြီးတော့ ဘယ်သူကမှလည်း အဆွေးဧကရာဇ်ရဲ့ မေးခွန်းကို ပြန်မဖြေကြပါဘူး ။

သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေ ……

သည်နယ်မြေက ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ရဲ့ နံပါတ်တစ် ကောင်းကင်အဆင့် လျှို့ဝှက်နယ်မြေပါပဲ ။ အဲဒါက နှစ်ပေါင်း တစ်ရာပြည့်တိုင်း၊ပြည့်တိုင်းမှာ တစ်ကြိမ် ပွင့်လာတတ်ပြီး လျှို့ဝှက်နယ်မြေရဲ့ အနက်ရှိုင်းဆုံး အပိုင်းမှာဆိုရင် သူတော်စင် အထိမ်းအမှတ် ကျောက်တိုင်တစ်ခု ရှိပါတယ် ။

ပြောကြတာကတော့ သူတော်စင် အထိမ်းအမှတ် ကျောက်တိုင်မှာ ရှိတဲ့ လျှို့ဝှက်ချက်တွေဟာ သူတော်စင် နယ်မြေကို ရောက်အောင် ဦးဆောင်ပေးနိုင်ပါတယ်တဲ့ ။ ပြီးတော့ သူတော်စင် အထိမ်းအမှတ် ကျောက်တိုင်မှာရှိတဲ့ လျှို့ဝှက်ချက်တွေ အကုန်လုံးကို သိမြင်နားလည်သွားပြီ ဆိုရင် သူတော်စင် တစ်ပါး ဖြစ်လာနိုင်လိမ့်မယ်လို့လည်း ဆိုကြပါတယ် ။

တကယ်လို့ ဧကရာဇ်တွေ အနေနဲ့ သူတော်စင် အထိမ်းအမှတ် ကျောက်တိုင်မှာရှိတဲ့ လျှို့ဝှက်ချက်တွေ အကုန်လုံးကို သိမြင်နားလည်နိုင်စွမ်း မရှိရင်လည်း ကိစ္စ သိပ်မရှိပါဘူး ။ သူတို့က ကျောက်တိုင်မှာရှိတဲ့ လျှို့ဝှက်ချက် အနည်းငယ်ကို သိမြင်နားလည်နိုင်ရင်တောင်မှ သိသိသာသာကြီး ပိုအစွမ်းထက်လာနိုင်ပါသေးတယ် ။

ဒါပေမဲ့လည်း သူတော်စင် အထိမ်းအမှတ် ကျောက်တိုင် ရှိရာဆီကို သွားဖို့က ထင်သလောက် မလွယ်ကူလှပါဘူး ။ သူတော်စင် အထိမ်းအမှတ် ကျောက်တိုင်ဆီကို သွားချင်တဲ့ လူတိုင်းဟာ သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြားတွေကို ပိုင်ဆိုင်ထားမှ ရပါမယ် ။ အဲသည် သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြားတွေကတော့ သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေထဲမှာ ပြန့်ကြဲနေပြီး တဖြည်းဖြည်း ပေါ်လာတတ်ပါတယ် ။

သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေ ပထမဆုံးအကြိမ် ပေါ်လာတုန်းကဆိုရင် ဧကရာဇ်တွေကြားမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေဟာ ရေတွက်လို့တောင် မနိုင်အောင်ပါပဲ ။ ရလဒ်အနေနဲ့ ဒဏ်ရာရသွားပြီး အိပ်ယာပေါ်ကနေ မဆင်းနိုင်တော့တဲ့ ဧကရာဇ်တွေဟာလည်း မနည်းလှပါဘူး ။ ပြီးတော့ အသက်ပျောက်သွားခဲ့ရတဲ့ မဟာဧကရာဇ်တွေကလည်း တော်တော်လေး များပါတယ် ။

အဲသည်အတွက် နောက်ဆုံးမှာတော့ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်က ဧကရာဇ်တွေ အကုန်လုံးဟာ အစည်းအဝေး တစ်ခု ကျင်းပပြီး စည်းမျဉ်း တစ်ခု ထုတ်လိုက်ပါတော့တယ် ။ အဲဒါကတော့ မူလပင်လယ်နယ်ပယ် ဘုရင်တွေကပဲ သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြားတွေကို လုရမယ် ဆိုတာပါပဲ ။

အဲသည်စည်းကမ်းချက် ထုတ်ပြီးတဲ့နောက်မှာတော့ မျောလွင့်ကောင်းကင်တောင်ဟာ လေးကြိမ်ဆက်တိုက် နောက်ဆုံးနေရာမှာ ရခဲ့ပြီး ကျောက်စိမ်းပြားတွေကို အနည်းဆုံး ရခဲ့ပါတယ် ။ သည်လေးကြိမ်မှာ သူတို့ရခဲ့တဲ့ ကျောက်စိမ်းပြား အရေအတွက်က နံပါတ်တစ် အင်ပိုင်ယာ ဖြစ်တဲ့ ဝိညာဉ်အင်ပိုင်ယာ ရခဲ့တဲ့ ကျောက်စိမ်းပြားတွေရဲ့ ဆယ်ရာခိုင်နှုန်းတောင် မရှိပါဘူး ။

အဲသည်ကိစ္စရဲ့ ရလဒ်ကတော့ အဆွေးဧကရာဇ်ရဲ့ ရပ်တည်မှု အဆင့်ဟာ တဖြည်းဖြည်း ကျလာတာပါပဲ ။ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးရာတုန်းက ဆိုရင် အဆွေးဧကရာဇ်ဟာ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ရဲ့ အစွမ်းအထက်ဆုံး မဟာဧကရာဇ် သုံးပါး စာရင်းမှာ ပါဝင်ပါတယ် ။ ဒါပေမဲ့လည်း အခုတော့ သူဟာ  အစွမ်းအထက်ဆုံး မဟာဧကရာဇ် ငါးပါး စာရင်းမှာတောင် မပါနိုင်တော့ပါဘူး ။ ဒါကြောင့်လည်း အဆွေးဧကရာဇ်ဟာ သည်တစ်ကြိမ် သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေ ဖွင့်တာနဲ့ ပက်သက်ပြီး အတော်လေး စိတ်လှုပ်ရှားနေခဲ့တာ ဖြစ်ပါတယ် ။

***

All Chapters