← Chapters

ကိုယ်စားလှယ်

Vol. 48 Ch. 646

ကိုယ်စားလှယ်

Vol. 48 Ch. 646

" အဆွေး ဧကရာဇ် ခင်ဗျား…… တခြား အဓိက အဖွဲ့ကြီး ခြောက်ခုမှာက အထွတ်အထိပ်အဆင့် တိုက်ခိုက်ရေး ဧကရာဇ်တွေ အနည်းဆုံး သုံးပါး ရှိနေပါပြီ ။ ဒါပေမဲ့ ကျုပ်တို့ဆီမှာတော့ အားအကောင်းဆုံး အချိန်မှာတောင် တစ်ယောက်ပဲ ရှိတာပါ ။ အဲသည်အတွက် ကျုပ်တို့အနေနဲ့ သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြားတွေ ရဖို့ဆိုတာက အတော်လေး ခဲယဉ်းလှတဲ့ အရာပါပဲ "

အဆွေးဧကရာဇ်ရဲ့ မေးခွန်းဆုံးပြီး အချိန်အတန်ကြာတဲ့ အခါမှာတော့ ဆံဖြူ အဘိုးကြီးတွေထဲက တစ်ယောက်ဟာ မဝံ့မရဲနဲ့ ဖြေလာခဲ့ပါတယ် ။

အဆင့်မြင့် တိုက်ခိုက်ရေး ဧကရာဇ်တွေကိုက ကျင့်စဉ်တွေ၊သိုင်းပညာတွေနဲ့ မွေးထုတ်ပေးလို့ ရပါတယ် ။ ဒါပေမဲ့ အထွတ်အထိပ်အဆင့် တိုက်ခိုက်ရေး ဧကရာဇ်တွေကတော့ အဲသည်လို မဟုတ်ပါဘူး ။  အထွတ်အထိပ်အဆင့် တိုက်ခိုက်ရေး ဧကရာဇ်တစ်ပါးကို မွေးထုတ်ပေးနိုင်ဖို့ဆိုရင် အဲသည် ဧကရာဇ် အလောင်းအလျာဟာ ကောင်းကင် အလယ်အလတ် ကျင့်စဉ်နဲ့ သိုင်းပညာကို အလွန်အမင်း နားလည်ကျွမ်းကျင် ထားရပါမယ် ။

မူလပင်လယ် နယ်ပယ်မှာတော့ အဲသည်လို ထိုးထွင်းသိမြင်မှု မြင့်မားတဲ့ ဧကရာဇ် အလောင်းအလျာ တစ်ပါးကို ရှာတွေ့ဖို့ ဆိုတာက အတော်လေး ခက်ခဲတဲ့ အရာပါပဲ ။ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ကြီးရဲ့ သမိုင်းကြောင်း တစ်လျှောက်မှာတောင်မှ သည်လို ထိုးထွင်းသိမြင်မှု အဆင့်ရှိတဲ့ ပါရမီရှင်မျိုးဟာ လက်တစ်ဖက် မပြည့်ပါဘူး ။

အဲသည်အတွက်ကြောင့် အထွတ်အထိပ်အဆင့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါး အဆင့်ကို ရောက်ဖို့အတွက် ဆိုရင် အပိုင်သေချာတဲ့ နည်းလမ်းဟာ အရိုးတည်ဆောက်ပုံပေါ်က အင်းကွက်တွေကို နားလည်သဘောပေါက်အောင် ကြိုးစားတာပဲ ရှိပါတော့တယ် ။

ဥပမာအားဖြင့် ပြောရမယ် ဆိုရင်တော့ ကြယ်၈ပွင့် အထူး အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေက အရိုးအင်းကွက်ကို အဆစ်ရှစ်ဆစ်နီးပါး နားလည်းသဘောပေါက်အောင် ကြိုးစားတာတို့ ၊ ကြယ်၈ပွင့် ပထမတန်းစား အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေက အရိုးအင်းကွက်ကို အဆစ် ခုနစ်ဆစ်နီးပါး နားလည်သဘောပေါက်အောင် ကြိုးစားတာတို့ပေါ့ ။

" အဆွေးဧကရာဇ် ခင်ဗျား……ကျွန်တော့်ဆီမှာ အရွေးချယ်ခံ ကိုယ်စားလှယ် အဆင့်မီတဲ့ ကောင်လေးတစ်ယောက် ရှိပါတယ် "

စကားသံနဲ့အတူ အဖြူ ရောင် ဝတ်စုံကို အထက်အောင်ဆင်တူ ဝတ်ဆင်ထားတဲ့ လူကြီးတစ်ယောက်ဟာ အရှေ့ကို လှမ်းထွက်လာခဲ့ပါတယ် ။ အဲသည်လူကတော့ တိမ်တိုက် ဧကရာဇ်ပါပဲ ။

" ပြော "

အဆွေး ဧကရာဇ်က တိမ်တိုက်ဧကရာဇ်ကို ငုံ့ကြည့်ပြီး စကားပြောခွင့် ပေးလိုက်ပါတယ် ။

တိမ်တိုက် ဧကရာဇ်က လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး

" ကျွန်တော့်ရဲ့ တိမ်တောင်တန်း မြို့တော်မှာ အင်မတန် အစွမ်းထက်တဲ့ လူငယ်တစ်ယောက် ရှိပါတယ် ။ အဲသည်လူငယ်က နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရမ္မက်ခြောက်ပါး သခင်လေးကိုတောင် သတ်ဖြတ်နိုင်စွမ်း ရှိသူပါ ။ အဲသည်အတွက် သူ့ရဲ့ အစွမ်းဟာ အထွတ်အထိပ် အဆင့် တိုက်ခိုက်ခိုက်ရေး ဧကရာဇ်တွေကို မမီသေးရင်တောင်မှ သိပ်ပြီး မလျော့ကျနိုင်ပါဘူး "

ရမ္မက်ခြောက်ပါး သခင်လေးရဲ့ ဆိုးဝါးလှတဲ့ ဂုဏ်သတင်းတွေက မျောလွင့်ကောင်းကင်တောင်မှာတောင်မှ ကျော်ကြားပါတယ် ။ အဲသည်အတွက် အဆွေးဧကရာဇ်ဟာ ရမ္မက်ခြောက်ပါး သခင်လေး အကြောင်းကို မကြားဖူးဘဲ မနေပါဘူး ။ လူတွေကတော့ ရမ္မက်ခြောက်ပါး သခင်လေးဟာ အထွတ်အထိပ်အဆင့် တိုက်ခိုက်ရေး ဧကရာဇ် အဆင့်အောက်မှာ ကြောက်စရာ အကောင်းဆုံး လူလို့ ဆိုကြပါတယ် ။

တကယ်လို့ တိမ်တိုက် ဧကရာဇ် ထောက်ခံပေးချင်တဲ့ လူငယ်က ရမ္မက်ခြောက်ပါး သခင်လေးကို သတ်ဖြတ်နိုင်တယ် ဆိုရင် အဲသည်လူငယ်ဟာ သေချာပေါက် အစွမ်းထက်သူပါပဲ ။

" သူက ရမ္မက်ခြောက်ပါး သခင်လေးကို သတ်ခဲ့တာလား "

ခန်းမထဲမှာ ရှိနေတဲ့ မျောလွင့်ကောင်းကင်တောင်ရဲ့ အကြီးအကဲတွေ အားလုံးဟာလည်း စိတ်လှုပ်ရှား လာခဲ့ကြပါပြီ ။

သူတို့ကလည်း ရမ္မက်ခြောက်ပါး သခင်လေးရဲ့ အကြောင်းကို ကောင်းကောင်းကြီး သိသူပါပဲ ။သည်လူယုတ်မာက ပညာအတော်လေး စုံလွန်းလှတဲ့အတွက် အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးတောင်မှ သူ့ကို သေအောင် မသတ်ဖြတ်နိုင်ပါဘူး ။

အဆွေးဧကရာဇ်က တိမ်တိုက်ဧကရာဇ်ကို လှမ်းကြည့်လိုက်ပြီး မေးလိုက်ပါတယ် ။

" မင်းပြောတဲ့ လူငယ်က ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ကို သည်ရောက်အောင် ခေါ်လာတဲ့ လူငယ်လား "

" ဟုတ်ပါတယ် "

တိမ်တိုက် ဧကရာဇ်က မငြင်းပါဘူး ။

" ဒါဆိုရင်လည်း သူ့ကို အမြန် ဖိတ်ခေါ်လိုက်တော့ ။ သူ့အတွက် ဆုလာဘ်ကိုလည်း မင်းပဲ ဆုံးဖြတ်ပေးလိုက် "

" အစည်းအဝေးကို သည်မှာ ရပ်ကြစို့ ။ နောက်မှပဲ ဆက်ပြီး ဆွေးနွေးကြမယ် "

စကားဆုံးတဲ့ နောက်မှာတော့ အဆွေး ဧကရာဇ်ဟာ အစည်းအဝေးကို သိမ်းဖို့အတွက် အမိန့်ပေးပြီး ပျောက်ကွယ် သွားပါတော့တယ် ။

……

- တိမ်တောင်တန်းမြို့တော် ၊ မြို့စားဂေဟာ -

" သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေ ဆိုတာ ဘာကြီးလဲ ။ အဲဒါနဲ့ ပတ်သက်ပြီး ကျွန်တော် ဘာမှလည်း မကြားဘူးပါလား "

တိမ်တိုက်ဧကရာဇ်ရဲ့ စကားကို ကြားအပြီးမှာတော့ လီဖူချန်းက မျက်မှောင်တစ်ချက် ကြုတ်လိုက်မိပါတယ် ။ သူက သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေနဲ့ ပတ်သက်ပြီး ဘာဆို ဘာမှ မသိပါဘူး ။

တိမ်တိုက် ဧကရာဇ်ကလည်း သည်လို ဖြစ်လာမယ် ဆိုတာကို တွက်ထားပြီးသားပါပဲ ။အဲသည်အတွက် သူက ပြုံးပြီး ရှင်းပြလိုက်ပါတယ် ။

"  သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေ ဆိုတာက ဧကရာဇ် အဆင့် အဓိက အင်အားစုကြီး ခုနစ်ခု လက်ဝါးကြီး အုပ်ထားတဲ့ နယ်မြေ တစ်ခုပဲ ။ အမှောင်ထု ကလန်လို အင်အားကြီး အဖွဲ့အစည်းတောင်မှ သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေထဲကို ဝင်ခွင့် မရှိဘူး ။ အဲဒါကြောင့် မင်းမသိတာလည်း မဆန်းပါဘူး "

လီဖူချန်းက

" ဟုတ်ပါပြီ ။ ဒါနဲ့ ကျွန်တော့်အတွက် ဆုလာဘ်ကကော ။ တကယ်လို့ ကျွန်တော်က သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြား ၅ခုကို ရယူပေးနိုင်ရင် ဝေစုအဖြစ် တစ်ပြား ရနိုင်မလား "

လီဖူချန်းရဲ့ ဆန္ဒကို ကြားအပြီးမှာတော့ တိမ်တိုက် ဧကရာဇ်က တန်းပြီး အဖြေပေးလိုက်ပါတယ် ။ သူက လုံးဝကို တုံ့ဆိုင်း မနေပါဘူး ။

" ရတယ် ။ အဲလောက်ကတော့ လုံးဝ ကိစ္စ မရှိဘူး "

ယေဘုယျအားဖြင့် ဆိုရင်တော့  သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြား နှစ်ခုကို ရယူပေးနိုင်ရင်တောင်မှ အဲသည်လူဟာ အတော်လေး ချီးကျူ း ထိုက်နေပါပြီ ။ ပြီးတော့ ရလာတဲ့ ကျောက်စိမ်းပြားတွေကို ထိန်းထားနိုင်ဖို့ ဆိုတာကလည်း မလွယ်ကူလှပါဘူး ။ တခြားသော အဓိက အဖွဲ့အစည်း ခြောက်ခုက လူတွေက ကျောက်စိမ်းပြားတွေကို သေချာပေါက် ဝင်လုကြမှာပါပဲ ။

တကယ်လို့ ကျောက်စိမ်းပြားတွေကို အကုန်မလုယူဘဲ တစ်ပြား ချန်ထားပေးခဲ့ရမယ် ဆိုတဲ့ စည်းမျဉ်း၊စည်းကမ်းသာ မရှိခဲ့လို့ကတော့ မျောလွင့်ကောင်းကင်တောင်မှာ ပြီးခဲ့တဲ့ အကြိမ်တွေမှာ ကျောက်စိမ်းပြား တစ်ပြားတောင် ရခဲ့မှာ မဟုတ်ပါဘူး ။

ဒါကြောင့်လည်း တိမ်တိုက် ဧကရာဇ်က လီဖူချန်းရဲ့ တောင်းဆိုချက်ကို မဆိုင်းမတွဘဲ လက်ခံလိုက်တာ ဖြစ်ပါတယ်။

" တကယ်လို့ ကျွန်တော့်အနေနဲ့ သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြား အနည်းဆုံး ဆယ်ပြား ယူပေးနိုင်မယ် ဆိုရင်ကော "

လီဖူချန်းက ထပ်ပြီး မေးလိုက်ပြန်ပါတယ် ။

" ဟား……ဟား……ဟား…… ကြည့်ရတာ မင်းက ငါ့ရဲ့ လုပ်ပိုင်ခွင့်ကို စမ်းသပ်နေတာပဲ ။ ဟုတ်ပြီ ။ တကယ်လို့ မင်းက သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြား ဆယ်ပြား ရယူပေးနိုင်မယ် ဆိုရင် ဝေစုအဖြစ် နှစ်ပြား ယူလိုက်ကွာ "

တိမ်တိုက် ဧကရာဇ်က လီဖူချန်း မေးလိုက်တဲ့ မေးခွန်းရဲ့ ရည်ရွယ်ချက်ကို မသိဘဲ မနေပါဘူး ။ အဲသည်အတွက် သူက တဟားဟား ရယ်မောလိုက်ပြီး လီဖူချန်းကို အဖြေ ပြန်ပေးလိုက်ပါတယ် ။

" တကယ်လို့ ………"

လီဖူချန်းကတော့ တိမ်တိုက်ဧကရာဇ်ရဲ့ အဖြေနဲ့ ပတ်သက်ပြီး မကျေနပ်သေးပုံပါပဲ ။ သူက နောက်ထပ် တစ်ခေါက် ထပ်မေးဖို့ ပြင်လာခဲ့ပြန်ပါတယ် ။

ဒါပေမဲ့လည်း တိမ်တိုက်ဧကရာဇ်က လီဖူချန်းကို ဆက်ပြီး မေးခွင့် မပေးတော့ပါဘူး ။ သူက လီဖူချန်းကို တားလိုက်ပြီး

" တော်တော့ ။ တကယ်လို့တွေ ၊ နှစ်ကယ်လို့တွေ လုပ်မနေနဲ့တော့ ။ ငါမင်းမေးချင်တာကို သိတယ် ။သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြား ငါးပြား ရတိုင်းမှာ မင်းကို ဝေစုအဖြစ် တစ်ပြား ပေးမယ် ။ ဟုတ်ပြီလား "

" သည်လိုဆိုရင်တော့ ကျွန်တော့်အနေနဲ့ တိမ်တိုက် ဧကရာဇ်ကို ကျေးဇူး တင်ရတော့မှာပေါ့ "

သည်တစ်ကြိမ်မှာတော့ လီဖူချန်းဟာ ကျေနပ်သွားခဲ့ပါပြီ ။ သူ့ရဲ့ မျက်နှာကလည်း ပြုံးဖြီး နေတာပါပဲ ။

သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြားတွေ မရမှာကိုတော့ သူ့အနေနဲ့ လုံးဝ စိတ်မပူမိပါဘူး ။ သူ့ရဲ့ လက်ရှိ လိပ်ပြာ အသိစိတ်အာရုံနဲ့ ဆိုရင် ကျောက်စိမ်းပြား တစ်ဆယ်၊နှစ်ဆယ်လောက် ရဖို့ဆိုတာက ဘာမှ မခက်ခဲလှပါဘူူး ။ တကယ်လို့ သူ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံက အလုပ် မလုပ်ဘူး ဆိုရင်လည်း သူများတွေဆီက လုယူရုံပါပဲ ။

နတ်ဘုရားလက်ကို ကျင့်ကြံထားတဲ့ သူ့လိုလူကို ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်အောက်မှာ ဘယ်သူက ယှဉ်နိုင်ပါ့မလဲ ။

***

မျက်စိတစ်မှိတ် အတွင်းမှာပဲ အချိန်တွေဟာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပါပြီ ။ သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေ ပွင့်ဖို့အတွက်ကလည်း တစ်လတောင် မလိုတော့ပါဘူး ။

သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေ ပွင့်ဖို့အတွက် တစ်လသာ လိုတော့တဲ့ အချိန်မှာတော့ တိမ်တိုက် ဧကရာဇ်ဟာ လီဖူချန်းကိုခေါ်ပြီး မျောလွင့်ကောင်းကင်တောင်ကို ရောက်လာခဲ့ပါတယ် ။

ရှုပ်ထွေးနေတဲ့ အဆောက်အအုံတွေကို ကျော်ဖြတ်ပြီး မြေကွက်လပ် တစ်ခုကို အရောက်မှာတော့ တိမ်တိုက် ဧကရာဇ်က လီဖူချန်းကို အခြေအနေနဲ့ ပတ်သက်ပြီး ရှင်းပြလာပါတယ် ။

" မင်းအပါအဝင်ဆိုရင် ငါတို့ မျောလွင့်ကောင်းကင်တောင်က  သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေထဲကို ကိုယ်စားလှယ် ဆယ့်နှစ်ယောက် စေလွှတ်လိမ့်မယ် ။ အဲသည်ကိုယ်စားလှယ် ဆယ့်နှစ်ယောက်ထဲက ခုနစ်ယောက်က မျောလွင့်ကောင်းကင်တောင်ရဲ့ တပည့်တွေပဲ "

အတန်ကြာ စဉ်းစားပြီးတဲ့နောက်မှာတော့ တိမ်တိုက် ဧကရာဇ်က ဆက်ပြီး ပြောလာပြန်ပါတယ် ။

" တကယ်လို့ ဖြစ်နိုင်မယ် ဆိုရင် မင်းသူတို့နဲ့ တစ်ခါလောက်ဖြစ်ဖြစ် စကားစမြည် ပြောကြည့်ပါလား ။ မင်းတို့အချင်းချင်းလည်း ပိုပြီး ရင်းနှီးသွားတာပေါ့ ။ သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေထဲမှာဆိုရင် မင်းတို့အားလုံးက ရန်သူတွေကို အတူတူ ပူးပေါင်းပြီး ရင်ဆိုင်ရမှာလေ ။ မင်းတစ်ယောက်တည်းနဲ့တော့ နောက်ဆုံးအချိန်အထိ ကျန်နေခဲ့ဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး "

တိမ်တိုက် ဧကရာဇ် ပြောတဲ့ စကားက အမှန်ပါပဲ ။

အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးတောင်မှ သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေထဲမှာ တစ်ယောက်တည်း မလှုပ်ရှားဝံ့ပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ သူရင်ဆိုင်ရမှာက တခြား အဓိက အင်အားစုကြီး ခြောက်ခုလုံးက မူလပင်လယ် နယ်ပယ် ဘုရင်တွေနဲ့ ဖြစ်နေလို့ပါပဲ ။ ပြီးတော့ သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေထဲကို ဝင်ကြမယ့် လူတိုင်းဟာ အနိမ့်ဆုံး အနေနဲ့ အဆင့်မြင့် တိုက်ခိုက်ရေး ဧကရာဇ် အဆင့်ကို ရောက်နေပြီး လောက်ပါပြီ ။

အဆင့်မြင့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ဒါဇင်လောက်ဟာ အထွတ်အထိပ်အဆင့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးကို ဒုက္ခလှလှ တွေ့သွားအောင် စွမ်းဆောင်နိုင်ပါတယ် ။

အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ်တွေဆိုတာက တိုက်ခိုက်နိုင်စွမ်းမှာပဲ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို ရောက်နေတာပါ ။ တခြား အပိုင်းမှာတော့ သူတို့ဟာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေကို ဘယ်လိုမှ မယှဉ်နိုင်ပါဘူး ။

" လီဖူချန်း …… မင်းအခု နေရမှာက သည်နေရာပဲ ။ ဝင်သွားလိုက်တော့ ။ ငါနောက်နေ့မှ မင်းဆီကို လာလည်မယ် "

စကားဆုံးတဲ့ နောက်မှာတော့ တိမ်တိုက် ဧကရာဇ်ဟာ လီဖူချန်းကို ဝင်္ကပါ တစ်ခုလို ရှုပ်ထွေးစွာ ဆောက်လုပ်ထားတဲ့ ဂေဟာကြီး တစ်ခုရဲ့ အရှေ့မှာ ထားခဲ့ပြီး ထွက်သွားပါတော့တယ် ။

သည်ဂေဟာကတော့ မျောလွင့်ကောင်းကင်တောင်ရဲ့ အရွေးချယ်ခံ ကိုယ်စားလှယ်တွေကို ထားရှိတဲ့ နေရာပါပဲ ။ နောက်ပြီး သည်ထဲမှာက ကွင်းပြင်တစ်ခု ၊ ပင်မခန်းဆောင် တစ်ခု ၊ တာအို ထိုးထွင်းသိမြင်မှု ခန်းမ တစ်ခုနဲ့ ဒါဇင်နဲ့ချီတဲ့ ခြံဝင်းလွတ်တွေ ရှိပါတယ် ။

လီဖူချန်းကတော့ သူနဲ့ စိမ်းနေတဲ့ နေရာအတွက် နည်းနည်းလေးမှ စိုးရွံ့ခြင်း မဖြစ်ပါဘူး ။ သူက လွတ်နေတဲ့ ခြံဝင်းတွေကို ပတ်ကြည့်လိုက်ပြီး သူ့စိတ်ကြိုက် ခြံဝင်းတစ်ခုကို ရွေးချယ်ကာ နေလိုက်ပါတယ် ။

နောက်တစ်နေ့ မနက်မှာတော့ လီဖူချန်းဟာ ထိုးထွင်းသိမြင်မှု တာအိုခန်းမကို ထွက်လာခဲ့ပါတယ် ။

တိမ်တိုက် ဧကရာဇ်က သူ့ကို ထိုးထွင်းသိမြင်မှု တာအိုခန်းမခန်းမနဲ့ ပတ်သက်ပြီး ရှင်းပြထားပြီးသားပါပဲ ။ သည်ခန်းမက အဆင့်၈  ထိုးထွင်းသိမြင်မှု တာအို ဝင်္ကပါ အစီအရင်အတိုင်း ဆောက်လုပ်ထားတာ ဖြစ်ပြီး သည်ထဲမှာ ကျင့်ကြံလိုက်မယ် ဆိုရင် ကျင့်ကြံသူရဲ့ အတွေးကို ပိုမိုကျယ်ပြန့်စွာ တွေးခေါ်နိုင်အောင် အထောက်အကူ ပေးပါတယ် ။ ပြီးတော့ မိုးနဲ့မြေရဲ့ ဥပဒေသတွေ ဘယ်လို လည်ပတ်နေသလဲ ဆိုတာကိုလည်း ပိုပြီး ရှင်းရှင်းလင်းလင်း သိမြင် ခံစားစေနိုင်ပါတယ် ။

လီဖူချန်းတစ်ယောက်  ထိုးထွင်းသိမြင်မှု တာအိုခန်းမကို ရောက်လာတဲ့အချိန်မှာတော့ ခန်းမထဲမှာ လူခုနစ်ယောက် ရှိနှင့်နေခဲ့ပါပြီ ။ပြီးတော့ သူတို့ရဲ့ ခန္ဓာကိုယ်တွေကိုလည်း အရောင်အမျိုးမျိုးနဲ့ အလင်းတန်း အကာအကွယ်တွေက လွှမ်းခြုံထားနေပါသေးတယ် ။

အဲသည်အလင်းတန်းတွေကတော့ ထိုးထွင်းသိမြင်မှု တာအိုအလင်းတန်း အကာအကွယ်တွေပါပဲ ။ လူတစ်ယောက်က တာအို ထိုးထွင်းသိမြင်မှု အခြေအနေကို ရောက်နေပြီဆိုရင် အဲသည်လူရဲ့ ခန္ဓာကိုယ်ထဲက ပဲ့တင်လှိုင်း တစ်ခုက ထိုးထွင်းသိမြင်မှု တာအို ဝင်္ကပါ အစီအရင်ကို သွားရောက် ရိုက်ခတ်ပြီး ထိုးထွင်းသိမြင်မှု တာအို အလင်းတန်းကို သက်ဝင်လှုပ်ရှားစေပါတယ် ။ ထိုးထွင်းသိမြင်မှု တာအို အလင်းတန်းရဲ့ အကာအကွယ်ကို ရလိုက်ပြီ ဆိုရင်တော့ ကျင့်ကြံသူဟာ ပြင်ပက အနှောင့်အယှက်တွေကို မကြုံနိုင်တော့ပါဘူး ။ တကယ်လို့ သူ့ကို နှောင့်ယှက်ချင်တယ် ဆိုရင်လည်း အဲသည်လူဟာ အဆင့်၈ ထိုးထွင်းသိမြင်မှု တာအို ဝင်္ကပါ အစီအရင် တစ်ခုလုံးကို ဖျက်ဆီးနိုင်စွမ်း ရှိမှပဲ ရပါမယ် ။

ထိုးထွင်းသိမြင်မှု တာအိုခန်းမထဲမှာ အချိန် အနည်းငယ်ပေးကာ လျှောက်ကြည့်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ နေရာလွတ် တစ်ခုမှာ တင်ပျဉ်ခွေ ထိုင်ပြီး ကျင့်ကြံလိုက်ပါတော့တယ် ။

" အိုး…… အဆင့်၈ ထိုးထွင်းသိမြင်မှု တာအို ဝင်္ကပါ အစီအရင်က တကယ် အစွမ်းထက်လှပါလား "

ကျင့်ကြံပြီး သိပ်မကြာခင်မှာတော့ လီဖူချန်းဟာ မျက်လုံးတွေ ပြန်ဖွင့်လာခဲ့ပါပြီ  ။ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာကတော့ အနီရောင် အလင်းတန်းတွေ လွှမ်းခြုံလျက်သား ရှိနေဆဲပါပဲ ။

သည်နေရာမှာက ဥပဒေသတွေနဲ့ သိုင်းဆန္ဒတွေကို နားလည်ကျွမ်းဝင်အောင် လုပ်ရတာဟာ အပြင်လောကမှာထက် အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပိုလွယ်ပါတယ် ။

အဲသည်အဓိပါ္ပယ်ကတော့ သည်နေရာမှာ ဆယ်နှစ် ကျင့်ကြံတာက အပြင်လောကမှာ ဆယ့်သုံးနှစ် ကျင့်ကြံတာနဲ့ ညီမျှတယ် ဆိုတာပါပဲ ။

" မဆိုးဘူး ။ သည်နေရာမှာ ကျင့်ကြံရတာ တန်သား "

စကားဆုံးတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ မျက်လုံးတွေဟာ တစ်ဖန် ပြန်လည် မှိတ်သွားခဲ့ပါတယ် ။ သည်တစ်ကြိမ်မှာတော့ သူက လက်ထဲမှာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံးကို ကိုင်ထားခဲ့ပါပြီ ။

အချိန်တွေ ဘယ်လောက် ကြာသွားတယ် မသိပါဘူး ။ သူမျက်လုံး ပြန်ဖွင့်လိုက်တဲ့ အခါမှာတော့ ထိုးထွင်းသိမြင်မှု တာအိုခန်းမထဲမှာ သူကလွဲပြီး ဘယ်သူမှ ရှိမနေတော့ပါဘူး ။

" အင်း…… ငါလည်း ထွက်မှ "

အဲသည်နောက်မှာတော့ လီဖူချန်းကလည်း ကျင့်ကြံနေတာကို ရပ်လိုက်ပြီး ထိုးထွင်းသိမြင်မှု တာအိုခန်းမ အပြင်ဘက်ကို ထွက်လာခဲ့ပါတယ် ။

ထိုးထွင်းသိမြင်မှု တာအိုခန်းမရဲ့ အပြင်ဘက်မှာတော့ လူငယ်သုံးယောက်ဟာ စကားလက်ဆုံ ကျနေကြပါတယ် ။

" သူထွက်လာပြီဟေ့ "

လူငယ်သုံးယောက်ထဲက တစ်ယောက်က ပြောလိုက်တဲ့ အခါမှာတော့ ကျန်တဲ့ နှစ်ယောက်ဟာ လီဖူချန်းကို လှမ်းကြည့်လာကြပါတယ် ။

လူသုံးယောက်ရဲ့ စူးစမ်းအကဲခတ်မှုကို ခံနေရပေမယ့် လီဖူချန်းကတော့ သူ့ဝသီအတိုင်း အေးအေးဆေးဆေးပါပဲ ။ သူက လူငယ်သုံးယောက်ကို လှမ်းပြီးတောင် မိတ်ဆက် လိုက်ပါသေးတယ် ။

"ကျွန်တော်က လီဖူချန်းပါ "

အစောပိုင်းက လီဖူချန်း ထွက်လာပြီလို့ ပြောလိုက်တဲ့ လူငယ်ကလည်း ပြန်ပြီး မိတ်ဆက်လာခဲ့ပါတယ် ။

"သည်က ညီအစ်ကိုက လီဖူချန်းတဲ့လား ။ ကျွန်တော်ကတော့ ဓားပိုးထည်ဂိုဏ်းက ကျန်းရှန်ပါ ။ သူကတော့ ကောင်းကင်ဓားမော့ဂိုဏ်းက လုယွန်ဟီပါ ။ သူကတော့ မျောလွင့်ကောင်းကင်တောင်ရဲ့ နံပါတ်၂ ပါရမီရှင် ရှန်းထန်ပါ "

" လီဖူချန်း …… မင်းက ဘယ်ဂိုဏ်းကလဲ "

ရုတ်တရက် ဆိုသလိုပဲ ရှန်းထန်ဟာ လီထူချန်းရဲ့ နောက်ခံ အဖွဲ့အစည်းအကြောင်း မေးလာခဲ့ပါတယ် ။

လီဖူချန်းက ပြုံးလိုက်ပြီး

" ကျွန်တော်ရဲ့ ဂိုဏ်းက သည်ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်မှာ မရှိပါဘူး "လို့ ပြန်ဖြေလိုက်ပါတယ် ။

" ဘာလဲ ……မင်းရဲ့ ဂိုဏ်းက သည်ကုန်းမြေတိုက်ကနေ မောင်းထုတ်ခံလိုက်ရတာလား "

လုယွန်ဟီကလည်း လီဖူချန်းကို မေးလာပြန်ပါတယ် ။

သည်မေးခွန်းကိုတော့ လီဖူချန်းက ဘာမှ ပြန်မဖြေပါဘူး ။အဲသည်အစား သူက လုယွန်ဟီရဲ့ မျက်နှာကိုသာ စေ့စေ့ ကြည့်နေလိုက်ပါတယ် ။

ကျန်းရှန်ကတော့ တကယ့်ကို လူပါး၊လူနပ် တစ်ယောက်ပါပဲ ။ သူက တင်းမာနေတဲ့ အခြေအနေကို ရှောင်လွှဲဖို့အတွက် စကားလမ်းကြောင်းကို ချက်ချင်း ပြောင်းလိုက်ပါတယ် ။

" လီဖူချန်း မင်းရဲ့ ဆုလာဘ်က ဘာလဲ ။ ငါ့ရဲ့ ဆုလာဘ်ကတော့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ငါးထောင်ကွ ။ လုယွန်ဟီကတော့ ခြောက်ထောင် ရတယ် ။ ရှန်းထန်ကတော့ မျောလွင့်ကောင်းကင်တောင်က တပည့်ဆိုတော့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်သောင်း ရတယ်တဲ့ "

အစတုန်းကတော့ လီဖူချန်းဟာ လိမ်ဦးမလို့ပါပဲ ။ဒါပေမဲ့ သေသေချာချာ စဉ်းစားပြီးတဲ့နောက်မှာတော့ သူဟာ လိမ်ဖို့ စိတ်ကူး မရှိတော့ပါဘူး ။ သူနဲ့ တိမ်တိုက် ဧကရာဇ်ကြားက အပေးအယူဟာ မဆိုဆိုရင်လည်း ပေါ်လာမှာပါပဲ ။ အဲသည်အတွက် သူက အမှန်အတိုင်းပဲ ပြောလိုက်ပါတော့တယ် ။

" ဆရာကြီး တိမ်တိုက်ဧကရာဇ်ကတော့ သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြား ငါးခုရတိုင်းမှာ ဝေစုအဖြစ် တစ်ခု ပေးမယ်လို့ ကတိပေးထားတာပဲ ။ တခြားထွေထွေထူးထူး ဆုလာဘ်တော့ မရှိပါဘူး "

" ဖွီး ……ဟား……ဟား……ဟား……"

လီဖူချန်းရဲ့ စကားအပြီးမှာတော့ လုယွန်ဟီဟာ မရယ်ဘဲ မနေနိုင်တော့ပါဘူး ။တစ်ဆက်တည်းမှာပဲ သူက လီဖူချန်းကို လှမ်းပြီး သရော်လိုက်ပါသေးတယ် ။

" ငါ့အထင်တော့ အဲသည်ကိစ္စကို မေ့လိုက်တာက မင်းအတွက် ပိုကောင်းမယ် ထင်တယ်။ မင်းသိထားဖို့က သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြား ဆိုတာက ဟင်းရွက်၊ကန်စွန်းရွက် မဟုတ်ဘူးကွ ။ ကျောက်စိမ်းပြား ငါးခု မပြောနဲ့ ။ နှစ်ခုရဖို့တောင် မင်းအဆင့်နဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး "

***

All Chapters