← Chapters

မဟာ ဧကရာဇ်တို့ တွေ့ဆုံပွဲ

Vol. 48 Ch. 647

မဟာ ဧကရာဇ်တို့ တွေ့ဆုံပွဲ

Vol. 48 Ch. 647

သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြားတွေ ဆိုတာက အချင်းချင်း ထူးခြားတဲ့ ဆက်သွယ်မှု တစ်မျိုးနဲ့ ဆက်နွယ်နေကြတဲ့ အရာတွေပါပဲ ။ အဲသည်အတွက် သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြားတွေကို လက်ဝယ် ရရှိထားသူတွေဟာ တစ်ယောက်မှာ ဘယ်နှစ်ပြား ရထားသလဲ ဆိုတာကို အာရုံ ခံနိုင်ကြပါတယ် ။

တကယ်လို့ လီဖူချန်းအနေနဲ့ သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြား ဆယ်ပြား ရှာတွေ့ခဲ့ရင်တောင်မှ အဆုံးအထိ ထိန်းသိမ်းနိုင်စရာ အကြောင်း မရှိပါဘူး ။ တခြားအဖွဲ့အစည်းက မူလပင်လယ်နယ်ပယ် ဘုရင်တွေက သူ့ဆီကနေ ကျောက်စိမ်းပြားတွေကို လာလုမှာပါပဲ ။ ဒါကြောင့်လည်း လုယွန်ဟီက လီဖူချန်းကို ကျောက်စိမ်းပြား ငါးပြားရဖို့ကို မေ့လိုက်ဖို့ ပြောလိုက်တာ ဖြစ်ပါတယ် ။

" မင်း မလုပ်နိုင်တိုင်းနဲ့ တခြားလူက မလုပ်နိုင်ရတော့ဘူးလား "

လီဖူချန်းရဲ့ လေသံက တဖြည်းဖြည်း အေးစက်လာခဲ့ပါပြီ ။

ဒါပေမဲ့လည်း လုယွန်ဟီက အဲဒါကို ဂရု မစိုက်ပါဘူး ။ သူက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ပြန်ပြောလာပါသေးတယ် ။

" ငါတောင် မလုပ်နိုင်မှတော့ မင်းက ဘယ်လိုလုပ်ပြီး လုပ်နိုင်မှာလဲ ။ စိတ်ကူး ယဉ်မနေစမ်းနဲ့ ။ ရှန်းထန် ……ကြည့်ရတာ တစ်ယောက်ယောက်ကတော့ မျောလွင့်ကောင်းကင်တောင်ရဲ့ ကိုယ်စားလှယ် နေရာ တစ်နေရာကို အလဟသ ဖြစ်အောင် လုပ်တော့မယ် ထင်တယ် "

ရှန်းထန်ကလည်း လီဖူချန်းနဲ့ လုယွန်ဟီတို့ကြားက တင်းမာမှုကို သတိပြုမိတာပါပဲ ။ အဲသည်အတွက် သူက စကားကို ဖော့ပြီး ပြောပေးလိုက်ပါတယ် ။

" လုယွန်ဟီ…… လောကမှာ မဖြစ်နိုင်ဘူးဆိုတာ ရှိမှ မရှိတာ ။ သူတကယ် လုပ်နိုင်ရင်လည်း လုပ်နိုင်မှာပေါ့ ။ သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေထဲမှာက လုယက်တိုက်ခိုက်တာတွေကို ခွင့်မပြုတဲ့ ငြိမ်းချမ်းရေး မြက်ခင်းပြင်ဆိုတာ ရှိသေးတယ်လေ ။ လူတစ်ယောက်က ငြိမ်းချမ်းရေး မြက်ခင်းပြင်ထဲကို ရောက်အောင် သွားနိုင်ရင် သူ့ရဲ့ သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြားတွေ လုယက်ခံရမှာကို စိုးရိမ်နေဖို့ မလိုတော့ဘူး "

" ဟုတ်ပြီလေ ။ အဲဒါဆိုရင်လည်း မင်းကံကောင်းပါစေလို့ ငါဆုတောင်းပေးလိုက်တယ် လီဖူချန်း "

စကားဆုံးတာနဲ့ တစ်ပြိုင်နက် လုယွန်ဟီဟာ ပခုံးတွန့်ပြီး ထိုးထွင်းသိမြင်မှု တာအိုခန်းမကနေ ထွက်ခွာသွားခဲ့ပါပြီ ။

လုယွန်ဟီ ထွက်ခွာသွားပြီးတဲ့ နောက်မှာတော့ ကျန်းရှန်က လီဖူချန်းကို လုယွန်ဟီအကြောင်း ပြောလာခဲ့ပါတယ် ။

" လီဖူချန်း …… အဲသည်အရူးပြောတာကို စိတ်ထဲ ထားမနေနဲ့ ။ အဲသည်ကောင်က အမြဲတမ်း စကားကို တည့်တိုးပြောတတ်လို့ပါ ။ တကယ်တမ်း စိတ်ရင်းကတော့ ကောင်းရှာပါတယ် "

ကျန်းရှန် နဲ့ လုယွန်ဟီ ဆိုတာက သိလာခဲ့ကြတာ အတော်လေး ကြာနေခဲ့ပါပြီ ။ အဲသည်အတွက် သူက လုယွန်ဟီရဲ့ အကြောင်းကို ကောင်းကောင်းကြီး သိထားပါတယ် ။ လုယွန်ဟီက အတော်လေး မောက်မာတယ် ဆိုပေမယ့် လူဆိုး တစ်ယောက်တော့ မဟုတ်ပါဘူး ။ သူက စကားကို စိတ်ထဲရှိတဲ့အတိုင်း မစဉ်းစားဘဲ ပြောတတ်ပြီး တစ်ဖက်လူကို မျက်နှာသာ မပေးတတ်တာပဲ ရှိတာပါ ။

" ရတယ် ကျန်းရှန် ။ငါ့အတွက် ဒါက ဘာမှ မဟုတ်ဘူး "

လီဖူချန်းက အေးအေးဆေးဆေးပဲ ပြန်ပြောလိုက်ပါတယ် ။ တကယ်လည်း သူ့အတွက် သည်ကိစ္စက ဘာမှ မဟုတ်ပါဘူူး ။ အချိန်တန်ရင် သူဘာကောင်လဲ ဆိုတာကို လူတိုင်းက သိသွားကြမှာပါပဲ ။

အဲသည်နောက်မှာတော့ လီဖူချန်းဟာ ကျန်းရှန်နဲ့ ရှန်းထန်တို့ဆီကနေပြီး လျှို့ဝှက်နယ်မြေထဲကို ဝင်မယ့် မျောလွင့်ကောင်းကင်တောင်ရဲ့ ကိုယ်စားလှယ် ဆယ့်နှစ်ယောက် အကြောင်းကို သိခဲ့ရပါတယ် ။ သည်တစ်ခေါက် မျောလွင့်ကောင်းကင်တောင်ရဲ့ ကိုယ်စားလှယ်တွေ ထဲမှာတော့ အဆင့်မြင့် တိုက်ခိုက်ရေး ဧကရာဇ် ဆယ့်တစ်ပါး ပါရှိပြီး အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ်က တစ်ပါး ပါရှိပါတယ် ။

မျောလွင့်ကောင်းကင်တောင်ရဲ့ တစ်ဦးတည်းသော အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ်ကတော့ ရှင်းရှောင်လို့ အမည်ရတဲ့ ပါရမီရှင် တစ်ယောက်ပါပဲ ။ ဒါပေမဲ့လည်း သူက မျောလွင့်ကောင်းကင်တောင်ရဲ့ လက်ရှိ မျိုးဆက်က မဟုတ်ဘဲ ရှေ့တစ်ဆက်က ဖြစ်ပါတယ် ။ သူက ကြယ့်၈ပွင့် ရေထု အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားသူ ဆိုရင်လည်း မမှားပါဘူး ။

ရှန်းထန်ဆီကနေ သိရသလောက် ဆိုရင်တော့ ရှင်းရှောင်ဟာ မဟာကံကောင်းမှုကြီး တစ်ခုနဲ့ ကြုံတွေ့ခဲ့ရတဲ့အတွက် သူ့ရဲ့ အရိုးတည်ဆောက်ပုံ အင်းကွက်ကို အဆစ် ရှစ်ဆစ်နီးပါးအထိ နားလည်သိမြင် ပြီးခဲ့ပါပြီ ။

ပြီးတော့ သူ့ရဲ့ ရေထု နတ်ဘုရားစွမ်းရည် ဖြစ်တဲ့ ရေကြေးမုံ လစန္ဒာကလည်း အကောင်းဆုံး အထောက်အကူပြု နတ်ဘုရားစွမ်းရည်တွေထဲမှာ တစ်ခု အပါအဝင်ပါပဲ ။

နောက်ထပ် ရက်အနည်းငယ် အကြာမှာတော့ လီဖူချန်းဟာ ကျန်ရှိနေသေးတဲ့ မျောလွင့်ကောင်းကင်တောင် ကိုယ်စားလှယ် ရှစ်ယောက်နဲ့ ထပ်တွေ့ခဲ့ရပါတယ် ။

အဲသည် ကိုယ်စားလှယ် ရှစ်ယောက်ထဲမှာဆိုရင် နှစ်ယောက်ဟာ အဘိုးအိုတွေ ဖြစ်ကြပြီး တစ်ယောက်ကတော့ သက်လတ်ပိုင်းအရွယ်ကို ရောက်နေပါပြီ ။

အဲသည်လို ဖြစ်ရတာက သူတို့အနေနဲ့ လုံလောက်တဲ့ ပါရမီ မပါလာလို့တော့ မဟုတ်ပါဘူး ။ ရှင်းရှင်း ပြောရမယ် ဆိုရင်တော့ ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ်ကိုက ချိုးဖောက်ဝင်ရောက်ရတာ ခက်ခဲလွန်းလို့ပဲ ဖြစ်ပါတယ် ။

တကယ်လို့ ကျင့်ကြံသူ တစ်ယောက်က ကောင်းကင်အဆင့် ကျင့်စဉ်တစ်ခုကို ပိုင်ဆိုင်ထားနိုင်ရင်တောင်မှ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို ချိုးဖောက်ဝင်ရောက်နိုင်နှုန်းဟာ တစ်ရာ ရာခိုင်နှုန်း မရှိပါဘူး ။

ယေဘုယျအားဖြင့် ပြောရမယ် ဆိုရင်တော့ ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် တစ်ယောက်ဟာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်ဖို့အတွက် အသက် သုံးရာ ဒါမှမဟုတ် လေးရာအထိ လိုအပ်ပါတယ် ။ အဲသည်မှာမှ ပိုပြီး ပင်ကိုယ်ပါရမီ ကောင်းတဲ့ လူတွေဟာ အသက် တစ်ရာ ဒါမှမဟုတ် နှစ်ရာမှာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်နိုင်ကြပါတယ် ။ ပင်ကိုယ်ပါရမီ အားနည်းတဲ့ လူတွေကတော့ အသက် ငါးရာ ဒါမှမဟုတ် ခြောက်ရာအထိ စောင့်ပြီးမှသာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို ချိုးဖောက် ဝင်ရောက် နိုင်ပါလိမ့်မယ် ။

အချက်အလက်တွေအရ ဆိုရင်တော့ လူတော်တော်များများဟာ သေတဲ့အထိ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်နိုင်ခြင်း မရှိဘဲ မူလပင်လယ် နယ်ပယ်မှာသာ နေသွားရလေ့ ရှိပါတယ် ။

ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေအတွက် ဆိုရင်တော့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်ဖို့ကို မေ့ထားလိုက်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ် ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဆီမှာက လူတစ်သန်းမှာ တစ်ယောက်တောင် ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်နိုင်လေ့ မရှိလို့ပါပဲ ။

သည်လိုနဲ့ပဲ အချိန်တွေဟာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပါပြီ ။ သူတော်စင် အထိမ်းအမှတ် လ့ဝှက်နယ်မြေ ဖွင့်ဖို့ အချိန်ကလည်း ဘယ်လောက်မှ မလိုတော့ပါဘူး။

တစ်ရက်မှာတော့ အဆွေးဧကရာဇ်ဟာ များပြားလှတဲ့ ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ်တွေ နဲ့ မျောလွင့်ကောင်းကင်တောင် ကိုယ်စားလှယ် ဆယ့်နှစ်ယောက်ကို ခေါ်ဆောင်ပြီး မြက်ရိုင်းလွင်ပြင် တစ်ခုဆီကို တည်နေရာ ရွှေ့ပြောင်းသွားပါတော့တယ် ။

သည်မြက်ရိုင်းလွင်ပြင်ကိုတော့ သူတော်စင် အထိမ်းအမှတ် မြက်ရိုင်းလွင်ပြင်လို့ ခေါ်ပြီး အဲဒါက သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေရဲ့ ဝင်ပေါက် ဆိုရင်လည်း မမှားပါဘူး ။

မြက်ရိုင်းလွင်ပြင်ကို လီဖူချန်းတို့ ရောက်လာတဲ့ အချိန်မှာတော့ ရာနဲ့ချီတဲ့ လူတွေဟာ သူတို့ထက်အရင်  ရောက်နှင့်နေကြပါပြီ ။ ပြီးတော့ သူတို့တွေဟာ အစုအဖွဲ့ ခြောက်ဖွဲ့အဖြစ် ခွဲပြီး နေရာ ယူထားကြပါသေးတယ် ။

အဲသည်အဖွဲ့တွေကတော့ နတ်ကျက်သရေ အင်ပိုင်ယာ ၊ လဝန်းနီ အင်ပိုင်ယာ ၊ ဆူးပန်း အင်ပိုင်ယာ ၊နေဝန်းပြာ အင်ပိုင်ယာ ၊ နတ်မျက်လုံး တန်ခိုးရှင်ဂိုဏ်းနဲ့ လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းတို့ပါပဲ ။

အဲသည် အစုအဖွဲ့တွေထဲမှာတော့ နတ်ကျက်သရေ အင်ပိုင်ယာဟာ လူအများဆုံးလို့ပဲ ဆိုရပါမယ် ။ သူတို့က မူလပင်လယ် နယ်ပယ် ဘုရင် သုံးဆယ်ကျော်ကို ခေါ်ဆောင်လာခဲ့ပြီး အဲသည် အရေအတွက်က မျောလွင့်ကောင်းကင်တောင်ရဲ့ သုံးဆနီးပါးအထိ များပါတယ် ။

အဲသည်နောက်မှာတော့ နတ်မျက်လုံး တန်ခိုးရှင်ဂိုဏ်း ၊ ဆူးပန်း အင်ပိုင်ယာ ၊ လျှို့ဝှက်ဆန်းကြယ်ဂိုဏ်း ၊ နေဝန်းပြာ အင်ပိုင်ယာ နဲ့ လဝန်းနီ အင်ပိုင်ယာတို့က ကပ်လိုက်လာပါတယ် ။

မျောလွင့်ကောင်းကင်တောင်ကတော့ လူအင်အား အနည်းဆုံးပါပဲ ။

" အဆွေး ဧကရာဇ်…… ခင်ဗျားက တော်တော်နောက်ကျတာပဲ "

အဆွေးဧကရာဇ်ကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် လှမ်းပြီး တရင်းတနှီး နှုတ်ဆက်လာသူကတော့ လဝန်းနီ ဧကရာဇ်ပါပဲ ။ လဝန်းနီ ဧကရာဇ်ကတော့ အရပ်ရှည်ရှည် ၊ ခန္ဓာကိုယ် ထွားကျိုင်းကျိုင်းနဲ့ ဖြစ်ပြီး နဖူးအလယ်တည့်တည့်မှာတော့ လခြမ်းကွေး တံဆိပ်လေး တစ်ခု ရှိနေပါတယ် ။

အဆွေးဧကရာဇ်ကလည်း ပြန်ပြီး နှုတ်ဆက်လိုက်ပါတယ် ။

" ဟား……ဟား…… ဘယ်လိုပဲဖြစ်ဖြစ် အချိန်မီ ရောက်လာတာပဲ မဟုတ်လားဗျ "

အဆွေး ဧကရာဇ် စကား ပြောနေစဉ်မှာပဲ မြက်ရိုင်းလွင်ပြင်ရဲ့ အလယ်ဗဟို တည့်တည့်မှာ လေဟာနယ် အက်ကွဲစ ပြုလာတဲ့ အရိပ်အယောင်တွေ ပေါ်လာခဲ့ပါတယ် ။ လုံးဝ သံသယ ဖြစ်နေစရာ မလိုပါဘူး ။ အဲဒါက သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေရဲ့ ဝင်ပေါက် ပွင့်လာတာပဲ ဖြစ်ရပါမယ် ။

အဲသည်အချိန်မှာပဲ လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းရဲ့ ညဉ့်ဧကရာဇ်က အားလုံးကို ဆော်သြလာခဲ့ပါတယ် ။

" သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေလည်း ပွင့်လာပြီဆိုတော့ ကောင်လေးတွေကို အထဲ ပို့လိုက်ကြရအောင် "

သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေ ဆိုတာက ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ရဲ့ နံပါတ်တစ် ကောင်းကင်အဆင့် လျှို့ဝှက်နယ်မြေ ဖြစ်တဲ့အတွက် မူလပင်လယ် နယ်ပယ် ဘုရင်တွေဟာ လျှို့ဝှက်နယ်မြေထဲကို သူတို့ဘာသာ သူတို့ ဝင်နိုင်စွမ်း မရှိကြပါဘူး ။ တကယ်လို့ ဝင်နိုင်စွမ်း ရှိမယ် ဆိုရင်လည်း အဲသည်လူတွေက လက်တစ်ဆုပ်စာလောက်သာ ရှိပါလိမ့်မယ် ။ အများစုကတော့ ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ်တွေရဲ့ အထောက်အကူကို မယူမဖြစ် ယူရမှာပါပဲ ။

" သည်လိုဆိုရင်လည်း ကျုပ်ရဲ့ နေဝန်းပြာ အင်ပိုင်ယာက အရင် စလိုက်မယ်လေ "

စကားဆုံးတာနဲ့ တစ်ပြိုင်နက် နေဝန်းပြာ ဧကရာဇ်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပါတော့တယ် ။ အဲသည်နောက်မှာတော့ နေဝန်းပြာ အင်ပိုင်ယာရဲ့ ကိုယ်စားလှယ် ဆယ့်ရှစ်ယောက်ဟာ အပြာရောင် အလင်းတန်းတွေရဲ့ လွှမ်းခြုံခြင်းကို ခံလိုက်ရပြီး လျှို့ဝှက်နယ်မြေရဲ့ ဝင်ပေါက်ထဲကို ဖြတ်ကျော်သွားခဲ့ကြပါပြီ ။

" ဆူပန်း အင်ပိုင်ယာကလည်း ဝင်ရတော့မယ် ထင်တယ် "

ဆူးပန်း အင်ပိုင်ယာရဲ့ အာဏာရှင်ကတော့ အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ ဆူးပန်း ဧကရီပါပဲ ။ သူမက  ရွှန်းစိုနေတဲ့ အနီရောင် ပန်းလေး တစ်ပွင့်ကိုလည်း ပန်ထားပါသေးတယ် ။ သူမရဲ့ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ ဆူးပန်း အင်ပိုင်ယာရဲ့ ကိုယ်စားလှယ် နှစ်ဆယ့်တစ်ယောက်ဟာ အနီရောင် အလင်းတန်း တစ်ခုနဲ့အတူ သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေထဲကို ဝင်ရောက် သွားခဲ့ကြပါပြီ ။

အဲသည်နောက်မှာတော့ လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းနဲ့ လဝန်းနီ အင်ပိုင်ယာရဲ့ ကိုယ်စားလှယ်တွေဟာ သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေထဲကို လိုက်ဝင်သွားကြပါတယ် ။

မျောလွင့်ကောင်းကင် တောင်တန်းရဲ့ အလှည့်ကို ရောက်တဲ့အခါမှာတော့ လီဖူချန်း စိတ်ကပဲ ထင်တာလား မသိပါဘူး ။ တွင်းနက်ကြီး တစ်ခုလို နက်ရှိုင်းတဲ့ ဝိညာဉ်ဧကရာဇ်ရဲ့ အကြည့်ဟာ သူ့အပေါ်ကို ကျရောက်လာသလိုပါပဲ ။ ပြီးတော့ အဲသည်အကြည့်ထဲမှာက နက်နဲတဲ့ တခြားအဓိပါ္ပယ်တွေ အများကြီး ပါဝင်နေပါသေးတယ် ။

" ကဲ…… ကျုပ်တို့ နတ်မျက်လုံး တန်ခိုးရှင်ဂိုဏ်းရဲ့ အလှည့်ပဲ "

နတ်မျက်လုံး တန်ခိုးရှင် ဧကရာဇ်က သူ့ရဲ့ မျက်လုံးတွေကို မှိတ်လိုက်တဲ့ အချိန်မှာတော့ နတ်မျက်လုံး တန်ခိုးရှင်ဂိုဏ်းရဲ့ ကိုယ်စားလှယ် သုံးဆယ်ဟာ သူတို့ရဲ့ နေရာကနေ ပျောက်ကွယ်သွားခဲ့ကြပါပြီ ။

နတ်မျက်လုံး တန်ခိုးရှင် ဧကရာဇ်ရဲ့ အပြုအမူကို ကြည့်ပြီး ကျန်တဲ့ မဟာဧကရာဇ်တွေဟာ  စိတ်မသက်မသာနဲ့ အချင်းချင်း ကြည့်မိလိုက်ပါတယ် ။သည်အချက်နဲ့တင် နတ်မျက်လုံး တန်ခိုးရှင် ဧကရာဇ်က သူတို့ထက် အများကြီး အစွမ်းထက်နေပြီ ဆိုတာ သိသာမက သိသာလွန်းနေပြီ မဟုတ်ပါလား ။

ဒါပေမဲ့လည်း အဲသည် မဟာ ဧကရာဇ်တွေ ထဲမှာတော့ ဝိညာဉ် ဧကရာဇ် မပါပါဘူူး ။

ဘယ်လိုပဲဖြစ်ဖြစ် ဝိညာဉ်ဧကရာဇ် ဆိုတာက ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ကြီးရဲ့ နံပါတ်တစ် ဖြစ်နေဆဲပါပဲ ။

ဒါပေမဲ့လည်း တစ်နေ့မဟုတ် တစ်နေ့မှာတော့ နတ်မျက်လုံး တန်ခိုးရှင်ဟာ သူ့ကို ယှဉ်လာနိုင်ပါလိမ့်မယ် ။

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ အစောပိုင်းက နတ်မျက်လုံး တန်ခိုးရှင် ဧကရာဇ် သုံးလိုက်တဲ့ အစွမ်းဟာ သာမန် နတ်မျက်စိ စွမ်းအားပဲ ရှိသေးတာပါ ။ တကယ်လို့သာ သူ့အနေနဲ့ သူ့ရဲ့ တတိယမျက်လုံး အစွမ်းကို သုံးလိုက်မယ် ဆိုရင် သူ့ရဲ့ အစွမ်းဟာ နှစ်ဆတောင် တိုးသွားနိုင်ပါတယ် ။

" နတ်မျက်လုံး တန်ခိုးရှင် ဧကရာဇ် …… ခင်ဗျားရဲ့ နတ်မျက်စိ အစွမ်းက အရင်ကထက် ပိုပြီး စွမ်းလာပါလားဗျ "

နတ်မျက်လုံး တန်ခိုးရှင် ဧကရာဇ်ကို ချီးကျူ းလိုက်သူကတော့ လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းရဲ့ ညဉ့်ဧကရာဇ်ပါပဲ ။

နတ်မျက်လုံး တန်ခိုးရှင် ဧကရာဇ်ကလည်း ပြုံးပြီး ပြန်ပြောလိုက်ပါတယ် ။

" ခင်ဗျားကော ဘာထူးလို့လဲ ။ ခင်ဗျားရဲ့ အမိုက်မှောင် လျှို့ဝှက်ဆန်းကြယ် ကျင့်စဉ်ကလည်း အဆင့်တစ်ဆင့် တက်သွားပြီ မဟုတ်လား "

ညဉ့်ဧကရာဇ်ကတော့ ဝန်မခံပါဘူး ။

" ဟား……ဟား…… ပေါက်တတ်ကရတွေဗျာ ။ ကျုပ်ရဲ့ ကျင့်စဉ် အဆင့်တစ်ဆင့် တက်ဖို့က ဘယ်လိုလုပ်ပြီး သည်လောက် လွယ်မှာလဲ ။ ခင်ဗျားက ကျုပ်ကို အထင်ကြီးလွန်းနေပါပြီ "

" ကျွန်မတို့ ခုနစ်ယောက် မဆုံဖြစ်တာကလည်း နှစ်ပေါင်း အတော်လေး ကြာနေပြီ ။ သည်တော့ သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေ ပိတ်သွားရင် တာအိုအကြောင်း ဆွေးနွေးကြရအောင် "

ဆူးပန်း ဧကရီကလည်း စကားဝိုင်းထဲကို ဝင်လာခဲ့ပါတယ် ။

သူတို့ခုနစ်ယောက်မှာဆိုရင် ဝိညာဉ် ဧကရာဇ်နဲ့  နတ်မျက်လုံး တန်ခိုးရှင် ဧကရာဇ်က လွဲပြီး ကျန်တဲ့သူတွေရဲ့ အဆင့်ဟာ တည်မြဲခြင်း မရှိပါဘူး ။ သူတို့ငါးယောက်ကြားမှ ရှိတဲ့ ကွာဟချက်ဟာ တကယ့်ကို မဆိုစလောက်လေးပဲ ရှိတာပါ ။ အဲသည်အတွက်ကြောင့်ပဲ ဆူးပန်း ဧကရီက တခြား မဟာ ဧကရာဇ်တွေရဲ့ အခြေအနေကို စနည်းနာဖို့ ရည်ရွယ်ချက်နဲ့ သည်အကြံကို ပေးလိုက်တာ ဖြစ်ပါတယ် ။

" တာအိုအကြောင်း ဆွေးနွေးကြမှာလား ။ ကျုပ်လည်း အဲသည်လို ဆွေးနွေးချင်နေတာ ကြာပြီ "

လဝန်းနီ ဧကရာဇ်က ဆူးပန်း ဧကရီရဲ့ အကြံပြုချပ်ကို မငြင်းပါဘူး ။

မဟာ ဧကရာဇ် ခုနစ်ပါးထဲမှာ ဆိုရင် သူက အမြဲလိုလို အောက်ပိုင်းမှာသာ ကျင်လည်ခဲ့ရတာပါ ။ အဲသည်အတွက် သူက တခြား မဟာ ဧကရာဇ်တွေရဲ့ လက်ရှိ အစွမ်းကို သိချင်နေပါတယ် ။

" အဲသည်ကိစ္စကို သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေ ပိတ်ပြီးမှ ဆုံးဖြတ်ကြတာပေါ့ "

ဝိညာဉ် ဧကရာဇ်က စကားဝိုင်းကို ဖြတ်လိုက်ပါတယ် ။ အဲသည်နောက်မှာတော့ နတ်ကျက်သရေ အင်ပိုင်ယာရဲ့ ကိုယ်စားလှယ် သုံးဆယ်ကျော်ဟာ သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေထဲကို ဝင်ရောက် သွားခဲ့ကြပါပြီ ။

" ဝိညာဉ် ဧကရာဇ် …… တကယ်လို့ တာအို ဆွေးနွေးပွဲမှာ ခင်ဗျား မပါဘူးဆိုရင် အဲသည် တာအို ဆွေးနွေးပွဲက ဘာအဓိပါ္ပယ် ရှိဦးမှာလဲ "

နေဝန်းပြာ ဧကရာဇ်က စကားဝိုင်းကို ပြန်စလိုက်ပြန်ပါတယ် ။

လက်ရှိမှာတော့ သူတို့ ခုနစ်ယောက်ဟာ မျှခြေ တစ်ခုကို ထိန်းထားကြသူတွေပါပဲ ။ ဒါပေမဲ့လည်း လူတိုင်းမှာက ကိုယ်ပိုင် ရည်မှန်းချက်တွေ ရှိကြပါတယ် ။ အဲသည်အတွက် ဘယ်သူကမှ သည်မျှခြေကို တစ်သက်လုံး မထိန်းသွားချင်ကြပါဘူး ။

တကယ်လို့ သူတို့အနေနဲ့ ဝိညာဉ် ဧကရာဇ်ရဲ့ လျှို့ဝှက်ချက် တစ်စွန်းတစ်စကို ဖမ်းဆုပ်နိုင်လိုက်မယ် ဆိုရင် အဲဒါက သူတို့ရဲ့ မဟာ အားသာချက်ကြီး ဖြစ်သွားပါလိမ့်မယ် ။

ဝိညာဉ် ဧကရာဇ်က နေဝန်းပြာ ဧကရာဇ်ကို ဘာမှ ပြန်မပြောခဲ့ပါဘူး ။ အဲသည်အစား သူက မျက်လုံးတွေ မှိတ်ပြီးသာ နေနေပါတော့တယ် ။

ဘာကြောင့်မှန်းတော့ မသိပါဘူး ။ ဝိညာဉ် ဧကရာဇ်ရဲ့ အပြုအမူက နေဝန်းပြာ ဧကရာဇ်ကို ကျောရိုးထဲအထိ အေးစိမ့်သွားစေတဲ့အတွက် နေဝန်းပြာ ဧကရာဇ်ဟာ ပါးစပ်ကို ပိတ်ပြီး ပြန်ငြိမ်နေလိုက်ပါတယ် ။

***

သည်နေရာက ကျယ်ပြန့်လွန်းလှတဲ့ မြက်ခင်းပြင်ကျယ်ကြီး တစ်ခုပါပဲ ။ သည်နေရာက မြက်ခင်ပြင်လို့ ခေါ်ပေမယ့် တကယ့် တကယ်တမ်းမှာတော့ မြက်ပင်တွေ စိမ်းလန်းစိုပြည်နေတဲ့ မြက်ခင်းပြင် တစ်ခုတော့ မဟုတ်ပါဘူး။ သည်နေရာမှာက ဘယ်ဘက်ကိုပဲကြည့်ကြည့် ညှိုုးနွမ်းပြီး ခြောက်သွေ့နေတဲ့ လွမ်းမောဖွယ် မြက်ခင်းပြင်ကိုပဲ တွေ့ရမှာပါ ။

" အဲဒါက ငြိမ်းချမ်းရေး မြက်ခင်းပြင်ပဲ "

ကျန်းရှန်က လီဖူချန်းကို ပြောပြလိုက်ပါတယ် ။

" အင်း "

လီဖူချန်းကလည်း ခေါင်းညိတ်ပြီး ပြန်တုံ့ပြန်လိုက်ပါတယ် ။

ဘာကြောင့်မှန်းတော့ မသိပါဘူး ။ လီဖူချန်းက သည်သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေဟာ အင်မတန် ရှေးကျတဲ့ နေရာတစ်ခု ဖြစ်မယ်လို့ ထင်မြင်နေမိပါတယ် ။ အဲဒါက သူထင်ထားတာထက်တောင်မှ ပိုပြီး ရှေးကျကောင်းလည်း ကျနေပါလိမ့်မယ် ။

ဘာဖြစ်လို့လဲ ဆိုတော့ သူက သည်နေရာမှာ ရှိနေတဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ ချီစွမ်းအင်တွေဟာ ကြောက်မက်ဖွယ် ကောင်းလွန်းပြီး သေဆုံးတော့မလို ဖြစ်နေတယ်လို့ ခံစားမိနေလို့ပါပဲ ။

***

All Chapters