သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြား
Vol. 48 Ch. 648
" အိုး …… ငါ့ရဲ့ မိတ်ဆွေဟောင်းကြီးလည်း သည်နေရာကို ရောက်နေပါလား "
ငြိမ်းချမ်းရေး မြက်ခင်းပြင် တစ်ဝိုက်ကို လေ့လာနေရင်းနဲ့ လီဖူချန်းဟာ နတ်ကျက်သရေ အင်ပိုင်ယာ စခန်းဘက်မှာ သူနဲ့ ရင်းနှီးနေတဲ့ မျက်နှာ တစ်ခု ရှိနေတာကို သတိပြုမိလိုက်ပါတယ် ။ အဲသည်လူကတော့ နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ကလွဲပြီး တခြားလူ မရှိပါဘူး ။
နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်က သည်သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေထဲကိုတောင် ရောက်လာနိုင်မှတော့ သူ့ရဲ့ တန်ခိုးအစွမ်းဟာ အဆင့်မြင့် တိုက်ခိုက်ရေး ဧကရာဇ် အဆင့်ကို ရောက်နေပြီ ဆိုတာ အသိသာကြီးပါပဲ ။
လီဖူချန်းကိုလည်း နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်က သတိမပြုမိဘဲ မနေပါဘူး ။
သူတို့နှစ်ယောက် အကြည့်ချင်း ဆုံတဲ့ အချိန်မှာဆိုရင် နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်က လည်ပင်း လှီးဖြတ်နေတဲ့ ပုံစံတောင် လီဖူချန်းကို လုပ်ပြ လာခဲ့ပါသေးတယ် ။
သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေထဲမှာက သတ်ဖြတ်ခြင်းတွေကို ခွင့်မပြုထားပါဘူး ။ ဒါပေမဲ့လည်း ခြွင်းချက်ဆိုတာက ရှိစမြဲပါပဲ ။
မကွယ်မဝှက်တမ်း ပြောရမယ် ဆိုရင် အဆင့်မြင့် တိုက်ခိုက်ရေး ဧကရာဇ်တစ်ပါးရဲ့ အစွမ်းမျိုး ရှိလာပြီဖြစ်တဲ့ နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ဟာ လီဖူချန်းကို အသာလေး အနိုင်ယူနိုင်မယ်လို့ အပိုင် တွက်ချက်ထားတာ ဖြစ်ပါတယ် ။ သူက လီဖူချန်းဟာ အဆင့်မြင့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးရဲ့ အစွမ်းမျိုးကို ပိုင်ဆိုင်ထားနိုင်လိမ့်မယ်လို့ လုံးဝ မယုံကြည်ပါဘူး ။
သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေကို ဝင်ဖို့အတွက် အနိမ့်ဆုံး စံသတ်မှတ်ချက်က အဆင့်မြင့် တိုက်ခိုက်ရေး ဧကရာဇ် ဖြစ်တယ် ဆိုပေမယ့် တစ်ခါတစ်ရံမှာတော့ တခြားသော ပါရမီတွေကြောင့် စံနှုန်းထက် နိမ့်တဲ့ လူတွေဟာ ပါလာတတ်စမြဲပါပဲ ။
ဥပမာအားဖြင့် ပြောရမယ် ဆိုရင်တော့ သူတို့ရဲ့ နတ်ကျက်သရေ အင်ပိုင်ယာမှာလည်း အဆင့်မြင့် တိုက်ခိုက်ရေး ဧကရာဇ် မဟုတ်တဲ့ အလယ်အလတ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ်နှစ်ပါး ပါလာသေးတာ မဟုတ်ပါလား ။
ဒါပေမဲ့လည်း အဲသည် အလယ်အလတ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် နှစ်ပါးဟာ မယုံနိုင်လောက်အောင် ကောင်းမွန်လွန်းတဲ့ အထောက်အကူပြု စွမ်းရည်တွေကို ပိုင်ဆိုင်ထားကြသူတွေပါ ။ သူတို့က အဆင့်မြင့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးကို အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးကို နိုင်တဲ့အထိ အထောက်အပံ့ မပေးနိုင်ပေမယ့် အဆင့်မြင့် တိုက်ခိုက်ရေး ဧကရာဇ် ငါးပါးကို အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးကို နိုင်အောင်တော့ ထောက်ပံ့ပေးနိုင်ပါတယ် ။
လီဖူချန်းက ဂါထာ၊မန္တရားပိုင်းမှာ ကျွမ်းကျင်ပိုင်နိုင်သူ ဖြစ်တဲ့အတွက် အထောက်အကူ ပြုတဲ့အပိုင်းမှာ ပါရမီ ပါလာတာ အသိသာကြီးပါပဲ ။
" သည်ကောင်က ကောင်းကင်ကိုမော့ပြီး တံတွေး ထွေးချင်နေတာပဲ "
လီဖူချန်းက နဂါးဝိညာဉ် ဧကရာဇ်ကို ကြည့်ပြီး ခေါင်းတသွင်သွင် ခါယမ်းလိုက်မိပါတယ် ။ လက်ရှိ အချိန်မှာဆိုရင် သူက နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ကို မျက်လုံးထဲမှာတောင် မထည့်ထားတော့ပါဘူး ။
နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်က အဆင့်မြင့် တိုက်ခိုက်ရေး ဧကရာဇ် အဆင့် မဟုတ်ဘဲ အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် ဖြစ်နေရင်တောင်မှ လီဖူချန်းက သူ့ကို တစ်ချက်တည်းနဲ့ ရိုက်သတ်နိုင်စွမ်း ရှိပါတယ် ။
အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ်တွေက တိုက်ခိုက်နိုင်စွမ်းမှာ ဥပဒေသ ပြောင်းလဲခြင်း ဧကရာဇ်တွေကို ဘယ်လိုပဲ လိုက်မီတယ် ဆိုပါစေဦး ။ တခြားသော အပိုင်းတွေမှာတော့ သူတို့က နိမ့်ကျနေဆဲပါပဲ ။ ဥပမာအားဖြင့် ပြောရမယ် ဆိုရင်တော့ ခံနိုင်ရည် နဲ့ အသက်ဓာတ်အားမှာပေါ့ ။
" ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ရဲ့ အဆင့်မြင့် တိုက်ခိုက်ရေး ဧကရာဇ်တွေ နဲ့ အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် ကိုးဆယ်ရာခိုင်နှုန်းက သည်မှာ ရောက်နေကြတာပဲ "
လီဖူချန်းက အခြေအနေကို အကဲခတ်နေရင်းနဲ့ စဉ်းစားလိုက်မိပါတယ် ။
သာမန် အခြေအနေတွေမှာဆိုရင် အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ်တွေကို တွေ့မြင်ရဖို့က သိပ်ပြီး မလွယ်လှပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့တွေက ထွတ်ခေါင်ပါရမီရှင်တွေ ဖြစ်ကြတဲ့အတွက် အပြင်လောကကို သိပ်မထွက်ကြဘဲ တံခါးပိတ် ကျင့်ကြံမှုကိုသာ ဖိပြီး အာရုံစိုက်နေကြလို့ပါပဲ ။ ဒါပေမဲ့လည်း သည်နေ့ ၊ သည်နေရာမှာတော့ အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ်တွေ အကုန်လုံးနီးပါး ရှိနေကြပါပြီ ။
" အားလုံး လူစုခွဲကြတော့ ။ မင်းတို့ တစ်ယောက်ကို သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြား နှစ်ပြား ရပြီဆိုတာနဲ့ ငြိမ်းချမ်းရေး မြက်ခင်းပြင်ကို ရောက်အောင် ပြန်လာခဲ့ကြ ။ ငါပြောတာကို သေသေချာချာ မှတ်ထား ။ လုံးဝ လောဘ မကြီးနဲ့ "
မျောလွင့်ကောင်းကင်တောင်ရဲ့ ကိုယ်စားလှယ် အုပ်စုကိုတော့ ဆံပင်ရှည်တွေကို သေသေသပ်သပ် စည်းနှောင်ထားတဲ့ လူငယ် တစ်ယောက်က ဦးဆောင်ပြီး ရှင်းပြနေပါတယ် ။ အဲသည်လူငယ်ကတော့ မျောလွင့်ကောင်းကင်တောင်ရဲ့ နံပါတ်တစ် ပါရမီရှင် ရှင်းရှောင်ပါပဲ ။
တကယ်လို့ လူတစ်ယောက်က သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြား တစ်ပြားပဲ ပိုင်ဆိုင်ထားတယ် ဆိုရင် ပြသနာ မရှိပါဘူး ။ ဒါပေမဲ့လည်း လူတစ်ယောက်က သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြား နှစ်ပြား ပိုင်ဆိုင်ထားပြီ ဆိုရင်တော့ ပြသနာ ရှိသွားပါပြီ ။ အဲဒါက တခြားလူတွေကို လာလုကြပါလို့ ဖိတ်ခေါ်နေသလိုပါပဲ ။
အရင်အချိန်တွေတုန်းဆိုရင် မျောလွင့်တောင်တန်းက ကိုယ်စားလှယ်တွေဟာ အလွန်တရာမှကို လောဘ ကြီးခဲ့ကြပါတယ် ။ အဲသည်အတွက်ကြောင့်ပဲ သူတို့တွေဟာ အမြဲလိုလို အောက်ဆုံးမှာ နေခဲ့ကြရတာပါ ။
သည်တစ်ကြိမ်မှာတော့ မျောလွင့်ကောင်းကင်တောင် အနေနဲ့ ထပ်ပြီး လောဘကြီးလို့ မဖြစ်တော့ပါဘူး ။ သူတို့အနေနဲ့ အတိတ်က အမှားတွေကို သင်ခန်းစာ ယူမှ ရပါမယ် ။
ဒါကြောင့်လည်း ရှင်းရှောင်က မျောလွင့်ကောင်းကင်တောင်က ကိုယ်စားလှယ်တွေကို ကျောက်စိမ်းပြား နှစ်ပြား ရတာနဲ့ ငြိမ်းချမ်းရေး မြက်ခင်းပြင်ဆီ အရောက်ပြန်ကြဖို့ မှာကြားနေတာ ဖြစ်ပါတယ် ။
အချက်အလက်နဲ့ တိတိကျကျ ပြောရမယ် ဆိုရင် မျောလွင့်ကောင်းကင်တောင်ရဲ့ ပျမ်းမျှစွမ်းရည်ဟာ လဝန်းနီ အင်ပိုင်ယာ ၊ နေဝန်းပြာ အင်ပိုင်ယာတို့နဲ့ အတူတူပါပဲ ။ အဲသည်အတွက် သူတို့အနေနဲ့ အမြဲလိုလို အောက်ဆုံးအဆင့် ရနေတာက လုံးဝ မဖြစ်သင့်ပါဘူး ။
မျောလွင့်ကောင်းကင်တောင်လိုပါပဲ ။ ကျန်တဲ့ အဖွဲ့အစည်း ခြောက်ခုကလည်း သူတို့ရဲ့ ကိုယ်စားလှယ်တွေကို အရပ်မျက်နှာ ပေါင်းစုံကို စေလွှတ်လိုက်ကြပါတယ် ။
နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်က လီဖူချန်းကို စစချင်းမှာ တန်းပြီး ပြသနာ သွားမရှာခဲ့ပါဘူး ။ သူက လီဖူချန်း ကျောက်စိမ်းပြား နှစ်ပြား ရပြီးမှ လုယူပြီး လက်တုံ့ပြန်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ် ။
လီဖူချန်း ထင်ထားခဲ့တဲ့ အတိုင်းပါပဲ ။ သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြားက လိပ်ပြာ အသိစိတ်အာရုံနဲ့ အာရုံခံလို့ မရပါဘူး ။ အဲသည်အတွက်ကြောင့် သူက သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြားတွေကို ရှာတွေ့ဖို့အတွက် ကံကိုသာ ပုံအပ်ထားလိုက်ပါတော့တယ် ။
အရှေ့ယူနီကွန်းတိုက်မှာတုန်းက လီဖူချန်း ရခဲ့တဲ့ ကံကောင်းခြင်း ကြယ်ကံကြမ္မာကြောင့်လားတော့ မသိပါဘူး ။ လီဖူချန်းရဲ့ ကံကြမ္မာဟာ အမြဲလိုလို ကောင်းနေတတ်ပါတယ် ။ အခုလည်း သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေထဲကို ရောက်ပြီးလို့ နေ့တစ်ဝက် အကြာမှာပဲ လီဖူချန်းဟာ ကျောက်စိမ်းပြား တစ်ခုကို ရှာဖွေ တွေ့ရှိသွားခဲ့ပါပြီ ။
သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြားလို့ ခေါ်တဲ့ အရာကတော့ မီးခိုးရောင် သန်းနေတဲ့ ကျောက်ပြားလေး တစ်ပြားပါပဲ ။ တကယ်လို့သာ သူ့ဆီကနေ အဖြူ ရောင် အလင်းတန်းတွေ ဖြာထွက်မနေလို့ကတော့ သာမန် မျက်စိနဲ့ ဘယ်လိုမှ ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး ။
" ဟင် "
သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြားကို ကောက်ကိုင်လိုက်တာနဲ့ တစ်ပြိုင်နက် လီဖူချန်းဟာ တခြားသော ကျောက်စိမ်းပြားတွေနဲ့ သူတော်စင် အထိမ်းအမှတ် ကျောက်တိုင်ကို အာရုံ ခံမိလိုက်ပါတယ် ။
သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြားတွေဟာ မြေပေါ်မှာ ရှိနေစဉ်မှာတော့ လျှို့ဝှက်နယ်မြေထဲမှာ လည်ပတ် စီးဆင်းနေတဲ့ ဥပဒေသကြောင့် သူတို့ရဲ့ တည်ရှိမှုကို မဖော်ပြကြပါဘူူး ။ ဒါပေမဲ့ လူတစ်ယောက်က သူတို့ကို ကောက်ယူလိုက်ပြီ ဆိုရင်တော့ သူတို့ဟာ အမှောင်ထဲက ပိုစုန်းကြူးတွေလို ဖြစ်သွားကြပြီး တစ်ခုကိုတစ်ခု လှမ်းဆက်သွယ် လာကြပါတယ် ။
" ကြည့်ရတာ ကံကောင်းတဲ့သူက ငါတစ်ယောက်တည်း မဟုတ်ဘူးပဲ "
လီဖူချန်းက ခပ်တိုးတိုး ရေရွတ်လိုက်မိပါတယ် ။
အခုလက်ရှိမှာတော့ သူဟာ စုစုပေါင်း သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြား ခုနစ်ပြားကို အာရုံခံထားမိပါပြီ ။ အဲသည်ထဲကမှ နှစ်ပြားကတော့ တစ်ခုနဲ့တစ်ခု အတော်လေး နီးကပ်နေကြပါတယ် ။
အဲသည်အဓိပါ္ပယ်ကတော့ လူခြောက်ယောက်ဟာ သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြားတွေကို ရှာတွေ့ သွားကြပြီး အဲသည်ထဲက တစ်ယောက်က ကျောက်စိမ်းပြား နှစ်ပြားကို ရှာတွေ့ထားပြီ ဆိုတာပါပဲ ။ ကျောက်စိမ်းပြား နှစ်ပြား ရှာတွေ့ထားတဲ့ အဲသည်လူရဲ့ ကံကြမ္မာကတော့ ကောင်းကင်ဘုံကိုတောင် လွန်ဆန်နိုင်ပြီလို့ သတ်မှတ်ရပါမယ် ။
" လိပ်ပြာ အသိစိတ်အာရုံက သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြားတွေကို ရှာလို့ မရဘူး ။ ဒါပေမဲ့ ငါ့ရဲ့ စိတ်ဝိညာဉ်အားနဲ့ ဆိုရင်ကော "
သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေထဲမှာ လျှောက်သွားနေရင်းနဲ့ပဲ လီဖူချန်းဟာ ကျောက်စိမ်းပြားတွေကို ရှာဖို့အတွက် အကြံတစ်ခု ရလာခဲ့ပါတယ် ။ အဲဒါကတော့ သူ့ရဲ့ စိတ်ဝိညာဉ်အားကို သုံးပြီး သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြားတွေကို ရှာကြည့်ဖို့ပါပဲ ။
" ပြောနေတာ ကြာပါတယ်ကွာ ။ စမ်းကြည့်လိုက်တာက ပိုမြန်တယ် "
အတွေးဆုံးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းဟာ သူ့ရဲ့ စိတ်ဝိညာဉ်အားကို ထုတ်ပြီး သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြားကို ဆန်းစစ်လိုက်ပါတော့တယ် ။
အဲသည်နောက်မှာတော့ သူဟာ ကျောက်စိမ်းပြားပေါ်မှာ အပြောင်းအလဲ ကြီးကြီးမားမား တစ်ခု ဖြစ်လာတာကို အာရုံ ခံမိလိုက်ပါတယ် ။
သာမန် မျက်လုံးနဲ့ ကြည့်ရင်တော့ သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြားဟာ သည်အတိုင်း မီးခိုးရောင် သန်းနေတဲ့ ကျောက်ပြားတစ်ခုပါပဲ ။ ဒါပေမဲ့ စိတ်ဝိညာဉ်အားနဲ့ ဆန်းစစ်လိုက်တဲ့ အခါမှာတော့ သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြားဟာ ဂျယ်လီလို တုန်ခါနေတဲ့ အဆီအနှစ်ခဲ တစ်ခု ဖြစ်နေတာကို လီဖူချန်းတစ်ယောက် သိလိုက်ရပါတယ် ။ ပြီးတော့ အဲဒါက မရေမတွက်နိုင်တဲ့ သက်ရှိ အသေးစားလေးတွေ လှုပ်ရှား သွားလာနေသလိုပါပဲ ။
" ဒါက ဥပဒေသ စီးဆင်းခြင်းလား "
လီဖူချန်းက အတွေးထဲမှာ နစ်ဝင်သွားခဲ့ပါပြီ ။
သည်သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြားတွေက ဥပဒေသ တစ်ခုကနေ ပေါက်ဖွားလာတာ အသိသာကြီးပါပဲ ။
သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြားတွေတောင်မှ သည်လောက်အထိ ထူးခြားဆန်းကြယ်နေရင် သူတော်စင် အထိမ်းအမှတ် ကျောက်တိုင်မှာဆိုရင် ဘယ်လောက်အထိ နက်ရှိုင်းတဲ့ လျှို့ဝှက်ချက်တွေ ရှိနေမလဲ မသိပါဘူး ။
နောက်ထပ် နေ့ဝက်အကြာမှာတော့ လီဖူချန်းဟာ နောက်ထပ် သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြား တစ်ပြားကို ရှာတွေ့ခဲ့ပြန်ပါတယ် ။
အခုဆိုရင်တော့ သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြားတွေကို ပိုင်ဆိုင်ထားတဲ့ လူအရေအတွက်ဟာ ဒါဇင်အနည်းငယ် ရှိနေခဲ့ပါပြီ ။
" သည်ဘက်ကို လူတစ်ယောက် လာနေပါလား "
သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေရဲ့ တစ်နေရာကို အရောက်မှာတော့ လီဖူချန်းဟာ သူ့ဆီကို ကျောက်စိမ်းပြား တစ်ပြား ချဉ်းကပ်လာတာကို အာရုံခံမိ လိုက်ပါတယ် ။
နောက်ထပ် ဆယ့်ငါးမိနစ် အကြာမှာတော့ ဆံပင်ကို ခပ်တိုတို လှီးဖြတ်ထားတဲ့ လူငယ်တစ်ယောက်ဟာ လီဖူချန်းရဲ့ မြင်ကွင်းထဲကို ရောက်လာခဲ့ပါပြီ ။ သူက လီဖူချန်းကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် အထက်စီးကနေပြီး ကျောက်စိမ်းပြား တစ်ပြား အပ်ဖို့ ပြောလာခဲ့ပါတယ် ။
" ဟေ့လူ …… ခင်ဗျားဆီမှာ သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြား နှစ်ပြား ရှိနေတာကို ကျုပ်အာရုံခံမိတယ် ။ သည်တော့ အသားမနာချင်ရင် ကျုပ်ကို ကျောက်စိမ်းပြား တစ်ပြား အသာတကြည် ပေးလိုက် "
သည်ဆံပင်တိုတိုနဲ့ လူငယ်ကတော့ နေဝန်းပြာ အင်ပိုင်ယာက ရှီဖုန်းပါပဲ ။ သူက နေဝန်းပြာ အင်ပိုင်ယာရဲ့ လက်ရွေးစင် သုံးယောက်ထဲမှာ ပါဝင်ပြီး အဆင့်အတန်း အရ ဆိုရင်လည်း နတ်ကျက်သရေ အင်ပိုင်ယာရဲ့ သခင်လေး ၄ပါးအောက် မလျော့ကျပါဘူး ။
သူ့ရဲ့ တန်ခိုးအစွမ်းကလည်း အဆင့်မြင့် တိုက်ခိုက်ရေး ဧကရာဇ်တွေထက်ကို ပိုပြီး အစွမ်း ထက်ပါတယ် ။ ဒါကြောင့်လည်း သူက လီဖူချန်းကို လုံးဝ ဂရုမစိုက်ဘဲ အထက်စီးကနေ ဓားပြဆန်ဆန် ပြုမူနေခဲ့တာပါ ။
" ငါ့ကို ခေါင်းလာမစားနဲ့ ။ သွားစမ်း "
ရွှမ်း……
" ဝေါ့ "
ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာအပြီးမှာတော့ ရှီဖုန်းဟာ သွေးပွက်ပွက် အန်သွားခဲ့ပါပြီ ။ ပြီးတော့ အဲသည်ဓားချက်က ရှီဖုန်းရဲ့ ရှေးဟောင်း ချပ်ဝတ်တန်ဆာကိုလည်း ထက်ခြမ်းကွဲအောင် ပိုင်းဖြတ်သွားပါသေးတယ် ။
" အ……အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ်လား "
ရှီဖုန်းက အသက်ကိုတောင်မှ ပြင်းပြင်း မရှုဝံ့တော့ပါဘူး ။ ပြီးတော့ သူ့ရဲ့ နှလုံးခုန်သံကလည်း ထိန်းမနိုင်၊သိမ်းမရအောင် တရစပ် ခုန်လာခဲ့ပါပြီ။
ဓားအလင်းတန်းကို ကြည့်လိုက်တာနဲ့ပဲ ရှီဖုန်းဟာ တစ်ဖက်လူရဲ့ အဆင့်အတန်းကို ကောင်းကောင်းကြီး ခန့်မှန်းလိုက်နိုင်ပါတယ် ။ လီဖူချန်းက အဆင့်မြင့် တိုက်ခိုက်ရေး ဧကရာဇ်တစ်ပါး လုံးဝ မဟုတ်ပါဘူး ။ သူက သေချာပေါက် အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ်ပါပဲ ။
နေဝန်းပြာ အင်ပိုင်ယာမှာ အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် နှစ်ပါး ရှိသလို မျောလွင့်ကောင်းကင်တောင်မှာလည်း ရှင်ရှောင်းအပြင် နောက်ထပ် အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါး ရှိနေလိမ့်မယ်လို့ ရှီဖုန်း အနေနဲ့ လုံးဝ မမျှော်လင့်ခဲ့မိပါဘူး ။
" ပြေးမှ "
အခြေအနေ မဟန်တာကို သိလိုက်တဲ့ နောက်မှာတော့ ရှီဖုန်းဟာ ချာခနဲလှည့်ပြီး ပြေးပါတော့တယ် ။ ကံကောင်းတာ တစ်ခုကတော့ သူ့ဆီမှာ ကျောက်စိမ်းပြား တစ်ခုသာ ရှိနေတာပါပဲ ။ မဟုတ်လို့ကတော့ သူဟာ သူများရဲ့ ကျောက်စိမ်းပြားကို မရဘဲ သူ့ရဲ့ ကျောက်စိမ်းပြားကိုတောင် ပြန်ပြီး အလှူ ပေးခဲ့ရလောက်ပါပြီ ။
လူတွေအားလုံးကပဲ လီဖူချန်းဟာ အားနည်းတဲ့ လူတစ်ယောက်လို့ ခံစားမိနေတာလားတော့ မသိပါဘူူး ။ ရှီဖုန်း ထွက်ပြေးသွားပြီး သိပ်မကြာခင်မှာပဲ နောက်ထပ် လူတစ်ယောက်ဟာ ကျောက်စိမ်းပြား လုဖို့အတွက် လီဖူချန်းဆီကို ရောက်လာပြန်ပါတယ် ။
သည်တစ်ကြိမ်မှာလည်း ရလဒ်က အတူတူပါပဲ ။ လီဖူချန်းရဲ့ ကျောက်စိမ်းပြားကို လုယူဖို့ လာတဲ့သူ ဟာ ဓားချက်တစ်ချက် မြည်းစမ်းပြီးသွားတဲ့ နောက်မှာတော့ ဖနောင့်နဲ့တင်ပါး တစ်သားတည်းကျအာင် ထွက်ပြေးသွားရပြန်ပါတယ် ။
" ဟာ…… သည်မှာ သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြား နောက်တစ်ပြားပါလား "
ပထမရက်တောင် မကုန်သေးပါဘူး ။ ဒါပေမဲ့လည်း လီဖူချန်းကတော့ နောက်ထပ် သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြား တစ်ပြားကို ရှာတွေ့သွားခဲ့ ပြန်ပါပြီ ။
အခုအချိန်မှာတော့ သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြား သုံးပြားကို ရထားတဲ့သူဟာ လီဖူချန်း တစ်ယောက်ပဲ ရှိသေးတာပါ ။ သူကလွဲပြီး ကျန်နေတဲ့ သူတွေဟာ အများဆုံးရမှ ကျောက်စိမ်းပြား နှစ်ပြားပါပဲ ။
ပြီးတော့ အဲဒါက လီဖူချန်းကို လူအများရဲ့ မျက်စိ ဆံပင်မွှေး စူးစရာ ဖြစ်လာစေခဲ့ပါတယ် ။
လီဖူချန်းကလည်း အဲသည်အချက်ကို သတိ ပြုမိတာပါပဲ ။ ဒါပေမဲ့လည်း သူ့အနေနဲ့ အဲဒါနဲ့ ပတ်သက်ပြီး ဘာမှ မလုပ်နိုင်ပါဘူူး ။
" မင်းကိုး "
သည်တစ်ကြိမ် လီဖူချန်းရဲ့ သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြားတွေကို လုဖို့အတွက် ရောက်လာသူကတော့ နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ပါပဲ ။
အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်က လီဖူချန်းအနေနဲ့ ပထမ တစ်ရက်တည်းမှာ ကျောက်စိမ်းပြား သုံးပြား ရှာတွေ့တဲ့အထိ ကံကောင်းလိမ့်မယ်လို့ လုံးဝ မမျှော်လင့်ခဲ့ပါဘူး ။
ဒါပေမဲ့ အခုလို လီဖူချန်း ကံကောင်းနေတော့လည်း တစ်မျိုး ကောင်းတာပါပဲ ။ သူက လီဖူချန်းကို လက်တုံ့ပြန်ဖို့အတွက် အကြောင်းပြချက် ကောင်းကောင်း ရသွားပြီ မဟုတ်ပါလား ။
" ကြည့်ရတာ သည်နေ့ ငါ့ရဲ့ ကံက တော်တော်လေး ကောင်းနေတာပဲ ။ ငါက မင်းကို ဆုံးမနိုင်မယ့်အပြင် သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြား နှစ်ပြားကိုလည်း ထပ်ရဦးမှာပါလား "
နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်က လီဖူချန်းကို ကြည့်ပြီး စဉ်းလဲစွာ ပြုံးပြလာခဲ့ပါတယ် ။
" ငါ့ရဲ့ ကံကလည်း သိပ်မဆိုးပါဘူး ။ ငါလည်း နောက်ထပ် ကျောက်စိမ်းပြား တစ်ပြား ရဖို့ ကံပါလာတာပဲ "
လီဖူချန်းကလည်း ပြုံးဖြီးဖြီးနဲ့ နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ကို ပြန်ပြောလိုက်ပါတယ် ။
သူက နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ဆီမှာ သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြား နှစ်ပြား ပါလာတာကို အစောကြီးကတည်း အာရုံ ခံထားမိပြီးပါပြီ ။
" ခွေးမသား…… လေကြီးလေကျယ်နဲ့ "
စကားဆုံးတဲ့ နောက်မှာတော့ နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ဟာ ဓားဆွဲထုတ်ပြီး လီဖူချန်းဆီကို ခုန်ဝင်သွားခဲ့ပါပြီ ။
***