ပြိုင်ဘက်ကင်း
Vol. 48 Ch. 649
"မိစ္ဆာနဂါး "
ဂရား……
နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ရဲ့ ဓားကွက်ကတော့ မိစ္ဆာနဂါး ဓားကွက်ပါပဲ ။ သည်ဓားကွက်က အင်မတန်မှကို ရက်စက်ကြုမ်းကြုတ်ပြီး အညှာအတာ ကင်းမဲ့လွန်းလှပါတယ် ။
သည်ဓားကွက်ကနေ ထွက်ပေါ်လာတဲ့ မိစ္ဆာနဂါးကြီးက တကယ့်တကယ်တမ်းမှာတော့ မရေမတွက်နိုင်တဲ့ ဓားချက်တွေနဲ့ ဖွဲ့စည်းထားတာ ဆိုရင်လည်း မမှားပါဘူး ။
အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ဟာ သည်ဓားကွက်ကို သုံးပြီး အဆင့်နိမ့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးကိုတောင် သတ်ဖြတ်ခဲ့ပြီးပါပြီ ။ အဲသည်အတွက် သူက သည်ဓားကွက်ဟာ အလယ်အလတ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးကိုတောင်မှ ဒဏ်ရာ အကြီးအကျယ် ရစေမယ်လို့ ယုံကြည်နေပါတယ် ။
ဒါပေမဲ့ စိတ်မကောင်းစရာကတော့ သူဟာ လီဖူချန်းရဲ့ တန်ခိုးအစွမ်းကို မှားယွင်းပြီး တွက်ချက်ခဲ့မိတာပါပဲ ။
ထန် ……
လီဖူချန်းက နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ရဲ့ ဓားကွက်ကို ခုခံဖို့အတွက် သူ့ရဲ့ ခန္ဓာကိုယ် အပြင်အားကိုတောင် မသုံးခဲ့ပါဘူး ။ သူက ဘုံခုနစ်ဆင့် ဓားကိုသာ ဆွဲထုတ်ပြီး မိစ္ဆာနဂါး ဓားအလင်းတန်းကို ခံဆောင်လိုက်ပါတယ် ။
ဝုန်း……ဝုန်း……ဝုန်း……
လီဖူချန်းရဲ့ ဓားချက် ထွက်ပေါ်လာတဲ့ နောက်မှာတော့ မိစ္ဆာနဂါး ဓားအလင်းတန်းကြီးဟာ တစ်စစီ ပြိုကွဲပြီး ပျောက်ကွယ် သွားခဲ့ပါပြီ ။
" ဘာ…… ဘာဖြစ်သွားတာလဲ "
နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်က သူ့ရဲ့ မျက်လုံးတွေကိုတောင် သူမယုံနိုင်တော့သလိုပါပဲ ။ အဖြစ်အပျက်ကလည်း မြန်ဆန်လွန်းလှတာ မဟုတ်ပါလား ။
" နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ် အခုအချိန်မှာ မင်းက ငါ့ရဲ့ ပြိုင်ဘက် မဟုတ်တော့ဘူး ။ အဲသည်တော့ အသားမနာချင်ရင် မင်းဆီမှာ ရှိတဲ့ ကျောက်စိမ်းပြား နှစ်ပြားထဲက တစ်ပြားကို ငါ့လက်ထဲ အသာတကြည် အပ်လိုက် "
လီဖူချန်းက အေးအေးဆေးဆေးနဲ့ နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ဆီက ကျောက်စိမ်းပြား တစ်ပြားကို အေးဓားပြ တိုက်လိုက်ပါတယ် ။ သူက သည်စကားကိုတော့ အစောပိုင်းကမှ ရှီဖုန်းဆီကနေပြီး သင်ယူထားခဲ့တာပါ ။
" မင်းမေကြီးတော်ကို အပ်ပါလား "
လီဖူချန်းကို ဆဲဆိုပြီးတာနဲ့ တစ်ပြိုင်နက် နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ဟာ ချာခနဲ လှည့်ပြီး ပြေးပါတော့တယ် ။
လီဖူချန်းရဲ့ တိုးတက်လာမှုက မယုံနိုင်စရာ ကောင်းလောက်အောင် မြန်လွန်းနေတဲ့အတွက် သူ့အနေနဲ့ ထွက်ပြေးဖို့ကလွဲပြီး တခြား ရွေးစရာ မရှိပါဘူး ။ပြီးတော့ သူက သည်နေရာကို လာဖို့ ဆုံးဖြတ်ခဲ့တဲ့ သူ့ရဲ့ လုပ်ရပ်ကိုလည်း စိတ်ထဲကနေ အပြစ်တင်နေမိပါတယ် ။
" မင်းကို ဘယ်သူက ပြေးခွင့် ပေးလိုက်လို့လဲ ။ မသေချင်ရင် အဲသည်မှာ ရပ်နေစမ်း "
ရွှမ်း……
စကားသံ အဆုံးမှာတော့ ဘယ်ကနေ ဘယ်လို ပေါ်လာမှန်း မသိတဲ့ ကြက်သွေးရောင် ဓားပိုးကြိုး တစ်ခုဟာ နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ရဲ့ ရှေးဟောင်း ရတနာ ချပ်ဝတ်တန်ဆာကို နှစ်ပိုင်း ပိုင်းဖြတ်သွားခဲ့ပါပြီ ။
" အား "
တစ်ဆက်တည်းမှာပဲ သွေးတွေဟာ လေထုထဲမှာ ပြန့်ကြဲသွားပြီး နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ဟာလည်း တုန်းခနဲ လဲကျသွားပါတော့တယ် ။ သူက ဒဏ်ရာ အပြင်းအထန် ရသွားပြီဆိုတာ လုံးဝ ယုံမှားသံသယ ရှိနေစရာ မလိုပါဘူး ။
" မင်း……မင်း…… "
နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်က လီဖူချန်းကို ကြောက်လန့်တကြားနဲ့ ကြည့်နေရုံပဲ တတ်နိုင်ပါတော့တယ် ။
သူတို့ကြားမှာ ရန်ငြိုး၊ရန်စတွေ ရှိနေပြီးမှတော့ နောက်ထပ် ရန်ငြိုး၊ရန်စတွေ တိုးပွားလာမှာကို လီဖူချန်းအနေနဲ့ လုံးဝ ဂရု မစိုက်တော့ပါဘူး ။ အဲသည်အတွက် သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး မြေပြင်ပေါ်မှာ လဲကျနေတဲ့ နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ရဲ့ သိုလှောင်အိတ်ကို ဆွဲယူလိုက်ပါတယ် ။
" အခုလို ကိုယ်တိုင်ကိုယ်ကျ လာရောက် လှူ ဒါန်းတဲ့အတွက် မင်းကို ကျေးဇူးတင်တယ်ကွာ ။ နောက်လည်း အခုလို လှူ ဒါန်းနိုင်ပါစေ "
" ဟား……ဟား……ဟား……"
သိုလှောင်အိတ်ထဲက သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြား တစ်ပြားကို ထုတ်ယူကာ နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ရှေ့ ပစ်ချပေးပြီးလိုက်တဲ့ နောက်မှာတော့ လီဖူချန်းဟာ တဟားဟား ရယ်မောပြီး ထွက်ခွာသွားခဲ့ပါပြီ ။
" လီဖူချန်း …… သည်နေ့ကိစ္စအတွက် တစ်နေ့မှာ မင်းကောင်းကောင်းကြီး နောင်တ ရလိမ့်မယ် "
နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်က ထွက်ခွာသွားတဲ့ လီဖူချန်းရဲ့ ကျောပြင်ကို ကြည့်ပြီး ဒေါသတကြီးနဲ့ လှမ်းအော်လိုက်ပါတယ် ။
ဒါပေမဲ့လည်း လီဖူချန်းကတော့ အနောက်ကို လှည့်တောင် မကြည့်တော့ပါဘူး ။
" တစ်နေ့မှာ ငါနောင်တ ရရင် ရလိမ့်မယ် ။ ဒါပေမဲ့ အဲသည်နောင်တက မင်းကြောင့် ဖြစ်လာမှာတော့ မဟုတ်ဘူး "
" ခွေးမသား "
ဒုန်း……ဒုန်း……ဒုန်း……
နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်က မြေကြီးကို အရူးသဖွယ် လက်သီးနဲ့ ထိုးပြီး ကျန်နေခဲ့ပါတော့တယ် ။
………
လီဖူချန်းက နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ကို ထားခဲ့ပေမယ့် သိပ်ဝေးဝေးတော့ မသွားခဲ့ပါဘူး ။ သူက နောက်ထပ် ဘယ်သူတွေက သူ့ဆီကနေ ကျောက်စိမ်းပြား လာလုချင်သေးသလဲ ဆိုတာကို သိချင်ပါသေးတယ် ။
လီဖူချန်းအနေနဲ့ သိပ်ကြာကြာတော့ မစောင့်လိုက်ရပါဘူး ။ နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ဆီကနေ ထွက်ခွာလာခဲ့ပြီး သိပ်မကြာခင်မှာပဲ မူလပင်လယ် နယ်ပယ် ဘုရင်တစ်စုဟာ သူ့ဆီကို ရောက်လာခဲ့ပါပြီ ။
ဒါပေမဲ့လည်း အဲသည်အုပ်စုမှာက ကျောက်စိမ်းပြား နှစ်ပြား ပိုင်ဆိုင်ထားသူတွေဟာ အနည်းငယ်ပဲ ရှိပါတယ် ။ လီဖူချန်း အနေနဲ့ သူတို့အားလုံးကို အနိုင်ယူလိုက်ရင်တောင်မှ ကျောက်စိမ်းပြား ဘယ်လောက်မှ ရမှာ မဟုတ်ပါဘူး ။
အဲသည်အတွက် လီဖူချန်းဟာ မူလပင်လယ် နယ်ပယ် ဘုရင်အုပ်စုကို မျက်ခြည်ဖြတ်ဖို့အတွက် ပြေးရပါတော့တယ် ။
လီဖူချန်းရဲ့ ပြေးနှုန်းဟာ မြန်လွန်းလှတဲ့ အတွက် မျက်စိ တစ်မှိတ် အတွင်းမှာပဲ မူလပင်လယ် နယ်ပယ် ဘုရင်အုပ်စုဟာ လီဖူချန်းကို မျက်ခြည် ပြတ်သွားခဲ့ပါပြီ ။ လီဖူချန်းရဲ့ အနောက်ကို လက်မလျော့ဘဲ ဇွဲနပဲ အပြည့်နဲ့ လိုက်ခဲ့ကြသူ အနည်းငယ် ရှိပေမယ့်လည်း သူတို့ထဲက ဘယ်သူကမှတော့ လီဖူချန်းနဲ့ တွေ့ခွင့် မရခဲ့ကြပါဘူး ။
ငါးခုမြောက် ကျောက်စိမ်းပြား…… ခြောက်ခုမြောက် ကျောက်စိမ်းပြား……
လျှို့ဝှက်နယ်မြေထဲမှာ ပထမရက် ကုန်ဆုံးပြီးသွားတဲ့ နောက်မှာတော့ လီဖူချန်း ပိုင်ဆိုင်ထားတဲ့ သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြား အရေအတွက်ဟာ ခြောက်ခုအထိကို ရှိလာခဲ့ပါပြီ ။ နဂါးဝိညာဉ် တိုက်ခိုက်ရေး ဧကရာဇ်ဆီက လုယူခဲ့တဲ့ ကျောက်စိမ်းပြား တစ်ပြားကလွဲပြီး ကျန်တဲ့ ကျောက်စိမ်းပြား ငါးပြားဟာ သူကိုယ်တိုင် ရှာဖွေ တွေ့ရှိခဲ့တာပါ ။အဲသည်အတွက် သူ့ရဲ့ ကံကောင်းမှုက တကယ့်ကို ကြောက်စရာလို့ပဲ ဆိုရပါမယ် ။
တစ်ချိန်တည်းမှာပဲ လီဖူချန်းဟာ သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေထဲမှာ မသိသူ မရှိအောင် ကျော်ကြားလာခဲ့ပါတယ် ။
သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြား ခြောက်ပြား ဆိုတာက နည်းတဲ့ အရေအတွက် မဟုတ်ပါဘူး ။
ယေဘုယျအားဖြင့်ဆိုရင် သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်ပြီး တတိယမြောက် နေ့လောက်ကျမှ သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြား ငါးပြားအထက် ရရှိသူအချို့ ပေါ်လာတတ်ကျတာပါ ။နောက်ပြီး အဲသည် ကျောက်စိမ်းပြား အများစုကလည်း လုယူထားတဲ့ ကျောက်စိမ်းပြားတွေ ဖြစ်လေ့ ရှိပါတယ် ။
အခုတော့ ပထမနေ့မှာတင်ဘဲ လီဖူချန်းဟာ သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြား ခြောက်ပြားကို ရရှိသွားခဲ့ပါပြီ ။ ဒါကိုမှ လူတွေရဲ့ အာရုံ သူ့အပေါ် မကျလာရင်တော့ အဲသည်လူတွေကို မေးခွန်း ထုတ်ချင်စရာပါပဲ ။
"အဲသည်ကောင်က အရမ်း ဉာဏ်များလွန်းတယ် ။ ပြီးတော့ သူ့ရဲ့ အမြန်နှုန်းကလည်း လုံးဝ မယုံနိုင်အောင်ဘဲ ။ သည်ကောင့်ကို ဖမ်းဖို့က သိပ်မလွယ်ဘူး "
" ဟမ့် …… အဲသည်ကောင် ဘယ်လောက်အထိ ဆက်ပြေးနိုင်မလဲ ဆိုတာကို ကြည့်ကြတာပေါ့ "
သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြားတွေကို လိုက်ရှာရမယ့် ကိုယ်စားလှယ်တွေဟာ သူတို့ရဲ့ အလုပ်ကို မလုပ်တော့ပါဘူး ။ အဲသည်အစား အချင်းချင်း စုပေါင်းပြီး လီဖူချန်းကို ထောင်ဖမ်းဖို့ ပြင်နေကြပါတော့တယ် ။
ဒါပေမဲ့လည်း လီဖူချန်းကို ဖမ်းဖို့ဆိုတာက လေကို လိုက်ဖမ်းနေရသလိုပါပဲ ။
သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေထဲကို ရောက်နေတာ နှစ်ရက် ကျော်သွားပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ကျောက်စိမ်းပြား ဆယ်ပြား ရရှိသွားခဲ့ပါပြီ ။ အခုချိန် လူတွေရဲ့ အမြင်မှာတော့ လီဖူချန်းဟာ ရတနာသိုက်ကြီး တစ်ခုလိုပါပဲ ။
" နေ့တစ်ဝက် …… နောက်ထပ် နေ့တစ်ဝက် စောင့်ပြီးရင် မင်းတို့အားလုံးကို ငါ့အကြောင်းသိအောင် ပြရမယ် "
အဲသည်အချိန်မှာတော့ လူတွေအားလုံးရဲ့ အမဲလိုက်ခြင်းကို ခံနေရတဲ့ လီဖူချန်းဟာ ကျိတ်ပြီး ကြုံးဝါးနေပါတယ် ။
သုံးရက် ……
သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေထဲမှာ ကျောက်စိမ်းပြားတွေကို ရှာဖို့ ကိုယ်စားလှယ်တွေကို ပေးထားတဲ့ အချိန်က သုံးရက်ပါပဲ ။ သုံးရက် ပြည့်ပြီးရင်တော့ ကိုယ်စားလှယ်တွေ အားလုံးဟာ ငြိမ်းချမ်းရေး မြက်ခင်းပြင်ကို ပြန်ရမှာ ဖြစ်ပါတယ် ။
ဘယ်လိုပဲဖြစ်ဖြစ် ။ အဓိက အင်အားစုကြီး ခုနစ်ခုက ဥပဒေသ ပြောင်းလဲခြင်း ဧကရာဇ်တွေဟာလည်း သူတော်စင် အထိမ်းအမှတ် ကျောက်တိုင်ရဲ့ လျှို့ဝှက်ချက်တွေကို လေ့လာဆန်းစစ်ဖို့အတွက် အချိန် လိုသေးတာ မဟုတ်ပါလား ။ပြီးတော့ သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေဟာ ဆယ်ရက်နီးပါးလောက်သာ ပွင့်တာ ဖြစ်ပါတယ် ။
သုံးရက်မြောက် နေ့လယ်ခင်းမှာတော့ ကိုယ်စားလှယ်တွေ တော်တော်များများဟာ ငြိမ်းချမ်းရေး မြက်ခင်းပြင်ကို ပြန်ရောက်လာခဲ့ကြပါပြီ ။
အဲသည်လူတွေက သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြား နှစ်ပြားကို ရှာတွေ့တဲ့အတွက် ပြန်လာကြသူတွေ ဆိုရင်လည်း မမှားပါဘူး ။ ပြန်ရောက်မလာကြသေးတဲ့ ကိုယ်စားလှယ်တွေကတော့ ကျောက်စိမ်းပြား တစ်ပြား ဒါမှမဟုတ် တစ်ပြားမှကို ရှာမတွေ့သေးလို့ ပြန်မလာသေးတာ ဖြစ်နိုင်ပါတယ် ။
ပြီးတော့ လီဖူချန်းတို့လို ကျောက်စိမ်းပြား တော်တော်များများ ရပြီးပေမယ့် ပြန်မလာသေးတဲ့ ကိုယ်စားလှယ်တွေလည်း ရှိပါသေးတယ် ။ အဲသည်လူတွေကတော့ သူတို့ကိုယ်သူတို့ ယုံကြည်စိတ်ချမှု အပြည့်ရှိတဲ့ လူတွေပါပဲ ။ သူတို့တွေက တခြားလူတွေရဲ့ ကျောက်စိမ်းပြားတွေကို လုဖို့ ရည်ရွယ်ချက်နဲ့ ငြိမ်းချမ်းရေး မြက်ခင်းပြင်ဆီ မပြန်ကြသေးတာ ဖြစ်ပါတယ် ။
အဲသည်အချိန်မှာတော့ မျောလွင့်ကောင်းကင်တောင်ရဲ့ ကိုယ်စားလှယ် နှစ်ယောက်ဟာ ငြိမ်းချမ်းရေး မြက်ခင်းပြင်ဆီကို ပြန်ရောက်လာခဲ့ကြပါပြီ ။ အဲသည် ကိုယ်စားလှယ် နှစ်ယောက်ကတော့ လုယွန်ဟီ နဲ့ ရှန်းထန်တို့ပါပဲ ။
သူတို့ နှစ်ယောက်က သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြား နှစ်ပြား ရတာနဲ့ တစ်ပြိုင်နက် လုံးဝ ဆက်မရှာတော့ဘဲ ငြိမ်းချမ်းရေး မြက်ခင်းပြင်ဆီ တန်းပြီး ပြန်လာကြတာ ဖြစ်ပါတယ် ။
သူတို့ အခုလို ငြိမ်းချမ်းရေး မြက်ခင်းပြင်ဆီ တန်းတန်းမတ်မတ် ပြန်ရောက်လာတဲ့ ကိစ္စမှာတော့ သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြား အများဆုံး ရထားတဲ့ လူအပေါ်မှာ ကျေးဇူး တင်ရမှာပါပဲ ။ အဲသည်လူက သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေ တစ်ခုလုံးက ကိုယ်စားလှယ်တွေရဲ့ အာရုံကို ဆွဲဆောင်ထားတဲ့အတွက် ကျောက်စိမ်းပြား နှစ်ပြားပဲ ရှိတဲ့ သူတို့ကို ဘယ်သူကမှ ဂရုမစိုက်တော့ပါဘူး ။
" လုယွန်ဟီ …… လာစမ်းပါ ။ အဲသည်လူ ဘယ်သူလဲ ဆိုတာကို သွားကြည့်ရအောင် "
သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြားတွေကို အပ်ပြီးတဲ့ အခါမှာတော့ ရှန်းထန်က လုယွန်ဟီကို အဖော်ညှိလိုက်ပါတယ် ။ အချိန်သုံးရက်ဆိုတဲ့ သတ်မှတ်ချက် ပြည့်ဖို့ကလည်း နေ့တစ်ဝက်တောင် လိုသေးတာ မဟုတ်ပါလား ။
" အေး …… ငါလည်း အဲသည်လူကို သိချင်နေတာ "
လုယွန်ဟီက ခေါင်းညိတ်လိုက်ပါတယ် ။
သူတို့ရလာတဲ့ သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြားတွေကို မျောလွင့်ကောင်းကင်တောင်ရဲ့ စာရင်းစစ် အကြီးအကဲဆီမှာ အပ်ပြီးသွားပြီ ဖြစ်တဲ့အတွက် သူတို့ဟာ ဘာကိုမှ စိုးရိမ်နေစရာ မလိုတော့ပါဘူး ။
ပြီးတော့ အချိန်သုံးရက် ပြည့်ဖို့ကလည်း နေ့တစ်ဝက်တောင် လိုနေသေးတဲ့အတွက် ကံများ ကောင်းခဲ့မယ် ဆိုရင် သူတို့ဟာ နောက်ထပ် သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြား တစ်ပြားကိုတောင် ရှာတွေ့နိုင်ပါသေးတယ် ။
……
နှစ်ရက်နဲ့တစ်ပိုင်း ဆိုတဲ့ အချိန်ကို ရောက်တဲ့ အချိန်မှာတော့ လီဖူချန်းဟာ သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြား ဆယ့်နှစ်ပြားကိုတောင် ပိုင်ဆိုင်ထားခဲ့ပါပြီ ။အဲသည်အချိန်မှာ သူကလွဲပြီး ကျောက်စိမ်းပြား အများဆုံး ရထားပါတယ် ဆိုတဲ့ လူတောင်မှ ကျောက်စိမ်းပြား ခုနစ်ပြားပဲ ရထားပါသေးတယ် ။
" အချိန်ကျပြီ "
အချိန်သုံးရက် ပြည့်ဖို့ သိပ်မလိုတော့တဲ့ အချိန်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ လှုပ်ရှားမှုတွေကို ရပ်တန့်လိုက်ပြီး တစ်နေရာမှာ ငြိမ်နေလိုက်ပါတော့တယ် ။ အခုအချိန်က သူ့နောက်ကို တစ်ချိန်လုံး လိုက်နေတဲ့ လူတွေကို ပညာပေးဖို့ အချိန်ပါပဲ ။
ဟူး……ဟူး……ဟူး……
လီဖူချန်းအနေနဲ့ အချိန် သိပ်ကြာကြာတော့ မစောင့်လိုက်ရပါဘူး ။ သူငြိမ်လိုက်ပြီး ဆယ့်ငါးမိနစ် အကြာမှာပဲ ကိုယ်စားလှယ် တစ်ဒါဇင်ကျော်ဟာ သူ့အနားကို တစ်ချိန်တည်းလိုလို ရောက်လာခဲ့ကြပါပြီ ။
" ဟား……ဟား…… အဲသည် ကျောက်စိမ်းပြားတွေက ငါ့ဟာပဲ "
" ဆုတောင်းလေ ။ အဲဒါတွေက ငါ့ဟာကွ "
လူတွေအားလုံးဟာ လီဖူချန်းဆီက ကျောက်စိမ်းပြားတွေကို လုဖို့အတွက် သူ့ထက်ငါ အပြိုင်အဆိုင် လှုပ်ရှားလာကြပါတယ် ။
ဝေါ……ဝေါ……ဝေါ……
အဲသည်အချိန်မှာပဲ ဓားမုန်တိုင်း တစ်စင်းဟာ သူတို့အားလုံးကို လွှမ်းခြုံသွားပါတော့တယ် ။
" အား "
" အီး "
" အမယ်လေး …… သေပါပြီဗျ "
ဓားမုန်တိုင်း ပျောက်ကွယ်သွားတဲ့ အခါမှာတော့ လူတွေအားလုံးဟာ ဓားဒဏ်ရာ ဗရပွ ၊ သွေးအလူးလူးနဲ့ ဖြစ်နေခဲ့ကြပါပြီ ။
ဒါကတော့ လီဖူချန်းရဲ့ ကောင်းကင် အလယ်အလတ် အဆင့် ဓားကွက်ဖြစ်တဲ့ လေနတ်ဘုရားရဲ့ဒေါသ ပါပဲ ။
" လာစမ်း "
ဓားကွက်ပြီးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းက အားကောင်းလှတဲ့ ဆွဲငင်အား တစ်ခုကို ဖန်တီးလိုက်ပြီး သိုလှောင်အိတ်တွေ အကုန်လုံးကို ဆွဲယူလိုက်ပါတယ် ။
" သေစမ်း …… သည်ကောင်က အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ်ကွ "
ကိုယ်စားလှယ်တွေထဲက တစ်ယောက်ကတော့ မချိတင်ကဲ ရေရွတ်လိုက်ပါတယ် ။
" ငါကတော့ သူက သာမန် အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ်တောင် မဟုတ်ဘူး ထင်တာပဲ "
နောက်ထပ် ကိုယ်စားလှယ် တစ်ယောက်ကလည်း မျက်ရည် အဝိုင်းသားနဲ့ ဆိုလာခဲ့ပါတယ် ။
သူ့ရဲ့ စကားက အမှန်ပါပဲ ။ သာမန် အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးက ဓားကွက် တစ်ကွက်တည်းနဲ့ အဆင့်မြင့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ဒါဇင်ကျော်ကို ဘယ်လိုမှ အနိုင်ယူနိုင်စရာ အကြောင်း မရှိပါဘူး ။
" အားလုံးပေါင်းပြီး တိုက်ကြ "
လီဖူချန်းကို ပစ်မှတ်ထားနေတဲ့ လူတွေကတော့ တကယ့်ကို အများကြီးပါပဲ ။ အချိန် အနည်းငယ်လေး အတွင်းမှာပဲ ကိုယ်စားလှယ် နှစ်ဆယ်ကျော်ပါတဲ့ ဒုတိယ အုပ်စုဟာ ထပ်ပြီး ရောက်လာကြပြန်ပါတယ် ။
လီဖူချန်းက အစွမ်းထက်ကောင်း ထက်ပါမယ် ။ ဒါပေမဲ့ သူတို့ရဲ့ အားသာချက် ဖြစ်တဲ့ လူအရေအတွက်ကြောင့် သူတို့ဟာ လီဖူချန်းကို မျက်လုံးထဲမှာတောင် မထည့်တော့ပါဘူး ။ ပြီးတော့ သူတို့အဖွဲ့မှာက အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးမက ပါလာပါသေးတယ် ။
တကယ်လို့သာ လီဖူချန်းက သာမန် အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါး ဆိုရင်တော့ သည်လောက်များတဲ့ အဆင့်မြင့် တိုက်ခိုက်ရေး ဧကရာဇ်တွေရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကို ဘယ်လိုမှ တောင့်ခံနိုင်စရာ အကြောင်း မရှိပါဘူး ။
ဒါပေမဲ့လည်း ပြသနာက လီဖူချန်းဟာ သာမန် အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါး မဟုတ်တာပါဘဲ ။
များပြားလွန်းလှတဲ့ ကောင်းကင် အလယ်အလတ် အဆင့် ဓားကွက်တွေကို ပိုင်ဆိုင်ထားတဲ့ လီဖူချန်းဟာ ယေဘုယျအားဖြင့် အားနည်းချက် မရှိသလောက် ဖြစ်နေပြီလို့ ဆိုရပါမယ် ။
သူ့ရဲ့ တိုက်စစ်ကော ၊ ခံစစ်မှာပါ ထိပ်တန်း အဆင့်ကို ရောက်နေခဲ့ပါပြီ ။ ကောင်းကင်စက်ကွင်း ဓားအကာအကွယ်ကို ခန္ဓာကိုယ်မှာ လှည့်ပတ်ထားတဲ့ လီဖူချန်းကိုတော့ ဘယ်တိုက်ခိုက်မှုမှ သက်ရောက်စေနိုင်စွမ်း မရှိပါဘူး ။
ဝုန်း……ဝုန်း……ဝုန်း……
လေဟာနယ် ဟင်းလင်းပြင်ဟာ ရုတ်တရက် ကွဲအက်သွားသလိုပါပဲ ။ လီဖူချန်းကို တိုက်ခိုက်ကြတဲ့ လူတွေ အားလုံးဟာလည်း သူတို့ကိုယ်သူတို့ ကွဲကြေနေတဲ့ မှန်တစ်ချပ်လို ခံစားလိုက်ကြရပါနယ် ။ အဲသည်နောက်မှာတော့ သူတို့အားလုံးရဲ့ ခန္ဓာကိုယ်တွေဟာ ပွင့်ထွက်သွားပြီး သွေးစိမ်းရှင်ရှင် ပန်းထွက်ကုန်ကြပါပြီ ။
" ရွှေအလင်း ခုတ်ချက် "
" သူရိယ လက်ဝါး "
" ဘုံကိုးပါး နတ်မိုးကြိုး "
အဲသည်အချိန်မှာပဲ ရွှေရောင် တဝင်းဝင်း တောက်ပနေတဲ့ ဓားအလင်းတန်း တစ်ခု ၊ မီး တဟုန်းဟုန်း တောက်လောင်နေတဲ့ လက်ဝါးရိုက်ချက် တစ်ချက်နဲ့ နတ်မိုးကြိုး တစ်စင်းဟာ လီဖူချန်းဆီကို တိုးဝင်သွားပါတော့တယ် ။
နောက်ဆုံးမှာတော့ အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် သုံးပါးဟာ လှုပ်ရှားလာခဲ့ကြပါပြီ ။
သူတို့တွေက ကြယ်၈ပွင့် သတ္တု အရိုးတည်ဆောက်ပုံ ၊ ကြယ်၈ပွင့် နေမင်း အရိုးတည်ဆောက်ပုံနဲ့ ကြယ်၈ပွင့် မိုးကြိုး အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားသူတွေ ဆိုရင်လည်း မမှားပါဘူး ။
အမျိုးအစား မတူညီတဲ့ သူတို့ရဲ့ နတ်ဘုရား စွမ်းရည် သုံးမျိုးဟာ ဘယ်လိုပဲ သန်မာတယ်ဆိုတဲ့ အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးကို ဒဏ်ရာအကြီးအကျယ် ရသွားအောင် လုပ်နိုင်ပါတယ် ။ သည်နတ်ဘုရားစွမ်းရည် သုံးမျိုးကို တောင့်ခံပြီးတာတောင်မှ ဘာမှ မဖြစ်ဘူး ဆိုတာကတော့ လုံးဝ မဖြစ်နိုင်တဲ့ အရာပါပဲ ။
" အဲသည်ကောင်တော့ သေပြီ "
" ဟီးဟီး…… ဘယ်အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ်မဆို သည်နတ်ဘုရားစွမ်းရည် သုံးမျိုးရဲ့ တိုက်ခိုက်မှုကို ခံရရင် သေချာပေါက် သေမှာပဲ ။ ငါကတော့ သည်ကိစ္စကို အကြီးအကဲတွေ ဘယ်လို အပြစ်ပေးမလဲ ဆိုတာကိုပဲ စိတ်ဝင်စားတယ် "
" အပြစ်ပေးမယ် ။ ဘာကို အပြစ်ပေးမှာလဲ ။ သူတို့တွေက အဲသည်ကောင်ကို နည်းနည်းပါးပါး ဆုံးမတာပဲ ရှိတာလေ ။ သူ့ဟာသူ ခံနိုင်ရည် မရှိတာကို မင်းက ဘယ်သူ့ကိုသွားပြီး အပြစ်ဒဏ် ခံယူစေချင်တာလဲ "
ဒဏ်ရာ ရနေတဲ့ ကိုယ်စားလှယ်တွေကတော့ လီဖူချန်းရဲ့ ကံဆိုးမှုအပေါ် အကျေနပ်ကြီး ကျေနပ်နေကြပါတယ် ။
" ဟမ့် …… သည်အဆင့်လောက်နဲ့များ "
လီဖူချန်းက နှာခေါင်း တစ်ချက် ရှုံ့လိုက်ပြီး သူ့ရဲ့ ကောင်းကင်စက်ကွင်း ဓားအကာအကွယ်ကို နောက်တစ်ဆင့် မြှင့်လိုက်ပါတယ် ။
ဝုန်း……ဝုန်း……ဝုန်း……
အဲသည်နောက်မှာတော့ နတ်ဘုရား စွမ်းရည် သုံးမျိုးဟာ လီဖူချန်းကို ဝါးမျို သွားခဲ့ပါပြီ ။
အဲသည်နေရာက ရွှေရောင် အလင်းတန်းတွေ ၊ မီးတောက်တွေ၊ နတ်မိုးကြိုးတွေနဲ့ ပြည့်နှက်နေပြီ ဖြစ်တဲ့အတွက် လီဖူချန်းကို လုံးဝ မမြင်ရတော့ပါဘဲ ။ ဒါပေမဲ့လည်း လူတွေအားလုံးကတော့ လီဖူချန်း ရှိနေတဲ့ နေရာကို လုံးဝ မမှိတ်၊မသုန် စောင့်ကြည့်နေကြဆဲပါပဲ ။
***