ပြိုင်ဘက်ကင်း
Vol. 48 Ch. 650
" သည်လောက်ဆိုရင်တော့ အဲသည်ကောင် သေလောက်ပါပြီ "
အဲသည်စကားကို ပြောလာသူကတော့ ခန္ဓာကိုယ်ကနေ မိုးကြိုး အငွေ့အသက်တွေ ထွက်နေတဲ့ သက်လတ်ပိုင်းအရွယ် လူကြီး တစ်ယောက်ပါပဲ ။
သည်လူကြီးကတော့ လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းက ဘုံကိုးပါး တိုက်ခိုက်ရေး ဧကရာဇ်ကလွဲပြီး တခြားလူ မရှိပါဘူး ။
" ငါတို့သုံးယောက်ရဲ့ လက်ထဲမှာ သေရတာက သူ့အတွက် ဂုဏ်ယူစရာတောင် ကောင်းပါသေးတယ်ကွာ "
ရွှေရောင်သန်းနေတဲ့ မျက်နှာကို ပိုင်ဆိုင်ထားတဲ့ အဘိုးအို တစ်ယောက်ကလည်း ဆိုလာပြန်ပါတယ် ။ သူကတော့ နတ်ကျက်သရေ အင်ပိုင်ယာက ဖြစ်ပြီး ရွှေအလင်းခုတ်ချက်ရဲ့ ပိုင်ရှင် ဆိုရင်လည်း မမှားပါဘူး ။
လူတွေကတော့ သူ့ကို ရွှေအလင်း တိုက်ခိုက်ရေး ဧကရာဇ်လို့ ခေါ်ကြပါတယ် ။
" လောကမှာ သည်လောက် အသက်ငယ်ငယ်နဲ့ အစွမ်းထက်တဲ့ အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ်တစ်ပါး ရှိနေလိမ့်မယ်လို့ ငါလုံးဝ မထင်ခဲ့မိဘူး ။ သူ့ကို သတ်လိုက်ရတာက တကယ် နှမြောစရာပဲ "
သည်စကားကို ပြောလိုက်သူကတော့ နေဝန်းပြာ အင်ပိုင်ယာက နေမင်းသူရိန် တိုက်ခိုက်ရေး ဧကရာဇ်ပါပဲ ။ သူကတော့ လီဖူချန်းကို သတ်လိုက်ရတဲ့အတွက် အနည်းငယ် နှမြောတသ ရှိနေပုံ ရပါတယ် ။
သူတို့က သူတို့ထက် အစွမ်းထက်တဲ့ တိုက်ခိုက်ရေး ဧကရာဇ်တွေကို ကြုံခဲ့ဖူးပေမယ့် လီဖူချန်းလို ငယ်ရွယ်တဲ့ တိုက်ခိုက်ရေး ဧကရာဇ်ကိုတော့ လုံးဝ မကြုံခဲ့ဖူးပါဘူး ။
" အဲသည်လူက သည်မှာပဲ "
လုယွန်ဟီ နဲ့ ရှန်းထန်တို့ကလည်း တိုက်ပွဲ ဖြစ်ပေါ်ရာ နေရာကို ရောက်လာခဲ့ကြပါပြီ ။
ပတ်ဝန်းကျင် တစ်ခုလုံးကို ရွှေရောင် အလင်းတန်းတွေ ၊ မီးတောက်တွေ၊ နတ်မိုးကြိုးတွေနဲ့ ဖုံးလွှမ်း နေမှတော့ ဘာမှ စဉ်းစားနေစရာ မလိုတော့ပါဘူး ။ သူတို့နှစ်ယောက်က အဖြေကို တန်းပြီး ခန့်မှန်းလိုက်နိုင်ကြပါတယ် ။
" အား…… ခင်ဗျားတို့ သုံးယောက်ရဲ့ နတ်ဘုရား စွမ်းရည်က တကယ် အစွမ်းထက်တာပဲ ။ အဲဒါက ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေကိုတောင် ယှဉ်လို့ ရနေပြီ "
" ဟီး……ဟီး……ဒါပေမဲ့ "
အဲသည်အချိန်မှာပဲ ရွှေရောင် အလင်းတန်းတွေ ၊ မီးတောက်တွေ၊ နတ်မိုးကြိုးတွေကြားကနေပြီး လူတစ်ယောက်ဟာ တဟီးဟီး၊တဟားဟားနဲ့ ထွက်လာခဲ့ပါတယ် ။
အဲသည်လူကတော့ လီဖူချန်းကလွဲပြီး တစ်ခြားလူ မရှိပါဘူး ။
သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဆိုရင်လည်း မမြင်ရတဲ့ အကာအကွယ် တစ်ခုက လွှမ်းခြုံထားပြီး ရွှေရောင် အလင်းတန်းတွေ ၊ မီးတောက်တွေနဲ့ နတ်မိုးကြိုးတွေကို တားဆီး ပေးနေပါသေးတယ် ။
နတ်ဓားကျင့်စဉ် နဲ့ ကောင်းကင်စက်ကွင်း ဓားအကာအကွယ်ကို ပူးတွဲ အသုံးပြုထားတဲ့ လီဖူချန်းအတွက်ကတော့ သည်နတ်ဘုရား စွမ်းရည် သုံးမျိုးဟာ ဟာသသက်သက်ပါပဲ ။
သည်ဘာမဟုတ်တဲ့ အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် သုံးပါးကို မပြောပါနဲ့ ။ သာမန် ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ် သုံးပါးတောင်မှ သူ့ရဲ့ အကာအကွယ်ကို အချိန်တို အတွင်းမှာ ဖျက်ဆီးနိုင်မှာ မဟုတ်ပါဘူး ။
" မ……မဖြစ်နိုင်ဘူး "
နေမင်းသူရိန် တိုက်ခိုက်ရေး ဧကရာဇ်ကတော့ မျက်လုံး အပြူ းသား ဖြစ်နေခဲ့ပါပြီ ။ သူ့ရဲ့ ပုံစံက နေ့ခင်းကြောင်တောင်ကြီး တစ္ဆေခြောက်တာ ခံလိုက်ရသလိုပါပဲ ။
" မဖြစ်နိုင်ဘူးဆိုတာ လောကမှာ မရှိဘူး ။ ကဲ…… အခု ကျုပ်အလှည့်ပဲ "
" လောင်ကျွမ်းခြင်းဓား "
စကားဆုံးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းက ကောင်းကင်ပေါ်ကို ခုန်တက်လိုက်ပြီး သူ့ရဲ့ ဘုံခုနစ်ဆင့်ဓားကို ဆွဲထုတ်လိုက်ပါတော့တယ် ။
ဝုန်း……
အဲသည်နောက်မှာတော့ ပုံသဏ္ဍာန် အတိအကျ မရှိတဲ့ အပူလှိုင်းလုံးကြီး တစ်ခုဟာ အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် သုံးပါးကို ဝါးမျို သွားခဲ့ပါပြီ ။
" အား "
" ကယ်ကြပါဦး "
အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် သုံးပါးရဲ့ အာခေါင်ခြစ်ပြီး အော်လိုက်တဲ့ အော်သံတွေကတော့ ပတ်ဝန်းကျင် တစ်ခုလုံးကို သောသောညံသွားတာပါပဲ ။ တစ်ချိန်တည်းမှာပဲ သူတို့တွေဟာ အိုမင်းရင့်လျော်လာတဲ့ ဇရာရဲ့ အရိပ်အယောင်တွေကို ပြသလာခဲ့ပါတယ် ။
လီဖူချန်းက သူတို့အပေါ်မှာ ညှာတာထားလို့သာပေါ့ ။ မဟုတ်ရင်တော့ သူတို့သုံးယောက်ရဲ့ အသက်ဓာတ် တစ်ဝက်လောက်ဟာ လောင်ကျွမ်းသွားလောက်ပါပြီ ။
" ဟင်…… အဲဒါ လီဖူချန်း မဟုတ်လား "
ရှန်းထန်က သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြား အများဆုံးကို ပိုင်ဆိုင်ထားတဲ့သူဟာ လီဖူချန်း ဖြစ်နေမယ်လို့ လုံးဝ မမျှော်လင့်ခဲ့ မိပါဘူး ။ ပြီးတော့ သူ့အနေနဲ့ လီဖူချန်းဟာ သည်လောက်အထိ အစွမ်း ထက်လိမ့်မယ်လို့ မထင်ခဲ့မိတာလည်း အမှန်ပါပဲ ။
ရှန်းထန်ရဲ့ ဘေးနားမှာ ရှိနေတဲ့ လုယွန်ဟီရဲ့ မျက်နှာကတော့ ရှက်ရွံ့မှုတွေကြောင့် နီရဲတွတ်နေခဲ့ပါပြီ ။ သူက သူ့ရဲ့ မျက်နှာကို ဘယ်မှာ ထားလို့ ထားရမှန်းကိုလည်း မသိတော့ပါဘူး ။ မျောလွင့်ကောင်းကင်တောင်မှာတုန်းက လီဖူချန်းအပေါ် အထင်သေးတဲ့ စကား ဆိုခဲ့သူဟာ သူဖြစ်နေတာ မဟုတ်ပါလား ။
သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြား ငါးပြား မပြောပါနဲ့ ။ လက်ရှိ လီဖူချန်းရဲ့ အစွမ်းနဲ့ ဆိုရင် ကျောက်စိမ်းပြား အပြားနှစ်ဆယ် ရဖို့ကိုတောင် သိပ်ပြီး အားစိုက်ရမှာ မဟုတ်ပါဘူး ။
" ဘာဖြစ်နေကြတာလဲ "
လူတွေကလည်း တဖြည်းဖြည်းနဲ့ ပိုပြီး စုရုံး ရောက်ရှိလာခဲ့ကြပါပြီ ။
လီဖူချန်းရဲ့ ဓားကွက် မထွက်ပေါ်လာခင်တုန်းဆိုရင် လူတွေအားလုံးဟာ ကျောက်စိမ်းပြား လုဖို့ကိုပဲ ပြင်နေကြတာပါ ။ ဒါပေမဲ့လည်း အခုတော့ ဘယ်သူကမှ မလှုပ်ရှားဝံ့တော့ပါဘူူး ။
အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် သုံးပါး ပေါင်းတိုက်တာတောင်မှ မနိုင်တဲ့ လီဖူချန်းဆီက ကျောက်စိမ်းပြား လုဖို့ ကြိုးစားတဲ့သူဟာ ရူးနေလို့ပါပဲ ။ ပြီးတော့ သူတို့ တပင်တပန်း ရှာထားတဲ့ ကျောက်စိမ်းပြားတွေကို လီဖူချန်းဆီကို တကူးတက သွားရောက် ဆက်သ သလိုလည်း ဖြစ်နေပါလိမ့်မယ် ။
ဒါပေမဲ့လည်း အဲဒါက အခုလက်ရှိ ယာယီပဲ ဖြစ်ပါတယ် ။ တကယ်လို့ အခွင့်အခါ ကြုံလာပြီ ဆိုရင်တော့ သူတို့ဟာ လီဖူချန်းရဲ့ ကျောက်စိမ်းပြားတွေကို လုယူဖို့အတွက် လက်နှေးနေမှာ မဟုတ်ပါဘူး ။
အဲသည်အချိန်မှာတော့ လီဖူချန်းဟာ သူဆုံးမထားတဲ့ ကိုယ်စားလှယ်တွေဆီက သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြားတွေကို စတင် သိမ်းယူနေပါပြီ ။
လီဖူချန်းရဲ့ လက်ထဲကို ကျောက်စိမ်းပြားတွေ ရောက်လာလေလေ ၊ အခြေအနေကို စောင့်ကြည့်နေတဲ့ လူတွေက သွားရည်တမြားမြား ကျလေပါပဲ ။
လီဖူချန်းရဲ့ ပိုင်ဆိုင်မှုက ကျောက်စိမ်းပြား တစ်ရာကို ကျော်လာတဲ့ အချိန်မှာတော့ လူတွေက ဘယ်လိုမှ သည်းမခံနိုင်တော့ပါဘူး ။
" ငါတို့ သည်လိုပဲ ရပ်ကြည့်နေကြတော့မှာလား ။ သူက တစ်ယောက်တည်းပဲလေ ။ သည်ကောင်က တစ်ယောက်တည်းနဲ့တော့ ကောင်းကင်ကို မလှန်နိုင်ပါဘူးကွာ "
သည်စကားကို ပြောလိုက်သူကတော့ နတ်ကျက်သရေ အင်ပိုင်ယာရဲ့ အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးဖြစ်တဲ့ ကျောက်ဘီလူး တိုက်ခိုက်ရေး ဧကရာဇ်ပါပဲ ။
စကားဆုံးတာနဲ့ တစ်ပြိုင်နက် သူက ရှေ့ကို တိုးထွက်ပြီး မြေတာအို စွမ်းအင်တွေကို စုစည်းလိုက်ပါတယ် ။ အဲသည်နောက်မှာတော့ သူဟာ ပေတစ်ထောင်ကျော် အမြင့်ရှိတဲ့ ကျောက်ဘီလူးကြီး တစ်ကောင် အဖြစ်ကို အသွင် ပြောင်းသွားခဲ့ပါပြီ ။
ဒါကတော့ မြေထု နတ်ဘုရားစွမ်းရည် ဖြစ်တဲ့ ကျောက်တုံး နှလုံးသားပါပဲ ။
" ကျောက်ဘီလူး တိုက်ခိုက်ရေး ဧကရာဇ် ပြောတာ မှန်တယ် ။ သူက သည်အတိုင်း မျိုးဆက်သစ် ကျင့်ကြံသူ တစ်ယောက်ပဲ ။ သည်ကောင်က ကောင်းကင်ကြီး ဘယ်လောက်မြင့်တယ် ဆိုတာကို မသိသေးပါဘူး "
နတ်ကျက်သရေ အင်ပိုင်ယာရဲ့ နောက်ထပ် အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါးဖြစ်တဲ့ ကျီးနက် ဧကရာဇ်ကလည်း အရှေ့ကို တိုးထွက်လာပြီး မရေမတွက်နိုင်တဲ့ ကျီးကန်းတွေနဲ့ လီဖူချန်းကို တိုက်ခိုက်လာခဲ့ပါတယ် ။
ဒါကတော့ အမှောင်ထု နတ်ဘုရား စွမ်းရည်တွေထဲက တစ်ခုဖြစ်တဲ့ မဟူရာကျီးကန်း ကမ္ဘာပါပဲ ။
" ငါ…… သွေးပုဆိန် တိုက်ခိုက်ရေး ဧကရာဇ်လည်း ပါမယ်ကွာ "
နတ်မျက်လုံး တန်ခိုးရှင်ဂိုဏ်းရဲ့ အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် ဖြစ်တဲ့ သွေးပုဆိန် တိုက်ခိုက်ရေး ဧကရာဇ်ကလည်း တိုက်ပွဲထဲကို ဝင်ပါလာခဲ့ပါပြီ ။
သူ့ရဲ့ နတ်ဘုရား စွမ်းရည်ကတော့ သွေးပုဆိန် မုန်တိုင်းပါပဲ ။
" ငါတို့လည်း ပါမယ်ဟေ့ "
မျက်စိတစ်မှိတ် အတွင်းမှာပဲ အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် ခုနစ်ပါးဟာ လီဖူချန်းကို ဝိုင်းဝန်းပြီး တိုက်ခိုက်လာကြပါပြီ ။
လီဖူချန်းကို တိုက်ခိုက်ချင်နေတဲ့ လူတွေက သည်ခုနစ်ယောက်တည်းတင် မဟုတ်ပါဘူး ။ နောက်ထပ် အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် သုံးပါးကလည်း လီဖူချန်းကို တိုက်ခိုက်ဖို့အတွက် ထွက်လာကြပါတယ် ။
ဒါပေမဲ့လည်း ဘယ်ကနေ ဘယ်လို ပေါ်လာမှန်း မသိတဲ့ ရေလှိုင်းတစ်ခုက သူတို့ကို တားထားလိုက်ပါတယ် ။
အဲသည်ရေလှိုင်းရဲ့ ပိုင်ရှင်ကတော့ မျောလွင့်ကောင်းကင်တောင်က နံပါတ်တစ် ပါရမီရှင် ရှင်းရှောင်ပါပဲ ။ သူက သူ့ရဲ့ နတ်ဘုရားစွမ်းရည် ဖြစ်တဲ့ ရေကြေးမုံ လစန္ဒာကိုလည်း အသက် သွင်းထားခဲ့ပြီးပါပြီ ။
မတူညီတဲ့ အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် ခုနစ်ပါးရဲ့ အစွမ်းဟာ လီဖူချန်းကို ကောင်းကောင်းကြီး ယှဉ်နိုင်ပါတယ် ။
အဲသည်အတွက် လီဖူချန်းက သည်အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် ခုနစ်ပါးကို မလေးမစား မလုပ်ရဲပါဘူး ။ ဒါက သူ့ရဲ့ ခန္ဓာကိုယ် အပြင်အားကို ထုတ်သုံးရတော့မယ့် အချိန်ပါပဲ ။
" တန်ခိုးစွမ်းအားလက် "
အတွေးဆုံးတဲ့ နောက်မှာတော့ လီဖူချန်းဟာ သူ့ရဲ့ ဘယ်ဘက်လက်ကို မြှောက်ပြီး ဖိနှိပ်ချလိုက်ပါပြီ ။
" နေပါဦး ။ ကောင်းကင်က ဘာဖြစ်လို့ ရုတ်တရက်ကြီး မှောင်လာတာလဲ "
လူတွေအားလုံးက မတိုင်ပင်ဘဲ ကောင်းကင်ကို ပြိုင်တူ မော့ပြီး ကြည့်လိုက်မိကြပါတယ် ။
ကောင်းကင်ထက်မှာတော့ ဧရာမ လက်ဝါးကြီး တစ်ခု ဖြစ်တည်နေခဲ့ပါပြီ ။ တစ်ဆက်တည်းမှာပဲ အဲသည် လက်ဝါးကြီးဟာ မြေပြင်ပေါ်ကို တဖြည်းဖြည်း နိမ့်ဆင်းလာတာကို သူတို့အားလုံး သတိပြုမိလိုက်ပါတယ် ။
ဝုန်း……
လက်ဝါးရိုက်ချက်က နတ်ဘုရား တစ်ပါးရဲ့ လက်ဝါးလိုပါပဲ ။
လက်ဝါးကြီး ပျောက်ကွယ်သွားတဲ့ အချိန်မှာတော့ အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် ခုနစ်ပါးလုံးဟာ မြေကြီးထဲမှာ နစ်ဝင်နေကြပါပြီ ။ မသိရင်တော့ အဲဒါက သံမှို ခုနစ်ချောင်း ရိုက်ထားသလိုပါပဲ ။
သူတို့က လုံးဝကို မလှုပ်ရှားတော့တဲ့ အတွက် သေသလား ၊ ရှင်သလား ဆိုတာကိုလည်း ဘယ်လိုမှ မသိနိုင်ပါဘူး ။
လက်ဝါးကြီးရဲ့ အစွန်းမှာ ရှိနေတဲ့ လူတွေကတော့ သွေး၊လေ လှုပ်ရှားမှု ခေတ္တခဏ ရပ်တန့်သွားတာကိုပဲ ခံလိုက်ရပါတယ် ။
ဒါတောင်မှ လီဖူချန်းဟာ မတော်တဆ လူသတ်မိမှာ စိုးတဲ့အတွက် သူ့ရဲ့ တန်ခိုးစွမ်းအားလက်ကို အားအများကြီး လျော့ပြီး သုံးထားခဲ့တာပါ ။ မဟုတ်လို့ကတော့ သည်အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် ခုနစ်ပါးဟာ ခန္ဓာကိုယ်တောင် ရှိတော့မှာ မဟုတ်ပါဘူး ။
" သူက အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ်ကော ဟုတ်သေးရဲ့လား "
ဧရာမ လက်ဝါးကြီး ပျောက်ကွယ်သွားပြီး အချိန်အနည်းငယ် အကြာမှာတော့ လူတစ်ယောက်ဟာ မဝံ့မရဲနဲ့ သူ့ဘေးက လူကို လှမ်းမေးလိုက်ပါတယ် ။
အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် တစ်ပါး ဆိုတာက အဆင့်နိမ့် ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ် တစ်ပါးကို ယှဉ်နိုင်တယ် ဆိုပေမယ့် လီဖူချန်းလိုတော့ အလွန်အကျွံကြီး အစွမ်း ထက်မနေပါဘူး ။
လီဖူချန်းရဲ့ တိုက်ခိုက်နိုင်စွမ်းက အဆင့်နိမ့် ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေထက်ကို ကျော်လွန်နေပြီး အလယ်အလတ် အဆင့် ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေနဲ့ကို ယှဉ်လို့ ရနေပါပြီ ။
" မင်းတို့ အဲသည်လောက် တိုက်ချင်နေရင်လည်း သွားတိုက်ကြတော့ "
ရှင်းရှောင်က အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် သုံးပါးကို ဆက်ပြီး မတားတော့ပါဘူး ။ အဲသည်အစား သူက လီဖူချန်းကို တိုက်ဖို့အတွက် လမ်းတောင် ဖွင့်ပေးလိုက်ပါသေးတယ် ။
ဒါပေမဲ့လည်း အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် သုံးပါးဟာ အစောပိုင်းက လီဖူချန်းကို တိုက်ဖို့ စိုင်းပြင်းနေတဲ့ သူတွေ မဟုတ်သလိုပဲ ငြိမ်နေကြပါတယ် ။
သူတို့က အစောပိုင်းက လီဖူချန်းရဲ့ လက်ဝါးရိုက်ချက်ကို မြင်ပြီးခဲ့ကြပါပြီ ။
အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် ခုနစ်ပါးကို မပြောပါနဲ့ ။ အဲသည်လက်ဝါးက အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် အပါးနှစ်ဆယ်ကိုတောင် ဇာတ်သိမ်းပေးလိုက်နိုင်စွမ်း ရှိပါတယ် ။
" ပြိုင်ဘက်ကင်း "
" သူက တကယ် ပြိုင်ဘက်ကင်းပဲ ။ တကယ်လို့ အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ်ရဲ့ အထက်မှာ တခြား အဆင့်တစ်ခု ရှိမယ်ဆိုရင် အဲဒါက ပြိုင်ဘက်ကင်း တိုက်ခိုက်ရေး ဧကရာဇ်ပဲ "
နောက်ဆုံးမှာတော့ သိတဲ့လူတွေကော ၊ မသိတဲ့လူတွေကပါ လီဖူချန်းကို ပြိုင်ဘက်ကင်း တိုက်ခိုက်ရေး ဧကရာဇ်အဖြစ် တညီတညွတ်တည်း လက်ခံလိုက်ကြပါပြီ ။
တချို့ကတော့ လီဖူချန်းရဲ့ နောက်ခံနဲ့ ပတ်သက်ပြီး စိတ်ဝင်စားနေကြပါတယ် ။
အဲသည်လူတွေထဲမှာတော့ နတ်ကျက်သရေ အင်ပိုင်ယာရဲ့ သခင်လေး ၄ပါးထဲက အဖော်မဲ့ သခင်လေးလည်း အပါအဝင်ပါပဲ ။
တစ်ချိန်တည်းမှာပဲ သူက လေဟာနယ် မြို့မှာတုန်းက လီဖူချန်းကို ဝင်မတိုက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်အပေါ် ဂုဏ်ယူနေမိပါတယ် ။
" သည်လူက တိုးတက်တာ အရမ်းမြန်လွန်းတယ် "
လဝန်းနီ အင်ပိုင်ယာရဲ့ စခန်းအတွင်းမှာတော့ လူငယ်တစ်ယောက်ဟာ မျက်မှောင်ကြုတ်လျက် ရှိနေပါတယ် ။ အဲသည်လူငယ်ကတော့ လဝန်းနီး ဧကရာဇ်ရဲ့ သားတော်ဖြစ်တဲ့ လဝန်းနီ ဘုရင်ပါပဲ ။
သူက လဝန်းနီ အင်ပိုင်ယာမှာတုန်းက လီဖူချန်းကို အလိုရှိကြောင်း ကြေညာထားတဲ့ ဝရမ်းတွေကို မြင်ဖူးခဲ့ပါတယ် ။ အဲသည်တုန်းကဆိုရင် လီဖူချန်းက သည်လောက်အထိ အစွမ်း မထက်သေးပါဘူး ။ သူက သည်အတိုင်း သာမန် ဘုရင်တစ်ပါး အဆင့်မှာပဲ ရှိသေးတာပါ ။
လီဖူချန်းဘက် အခြမ်းမှာတော့ ဘယ်သူကမှ မလှုပ်ရှားရဲတော့ပါဘူး ။
သူတို့အားလုံးက လီဖူချန်းရဲ့ လက်ဝါးရိုက်ချက် တစ်ချက်ဟာ သူတို့အားလုံးကို သတ်ပစ်နိုင်တယ် ဆိုတာကို ကောင်းကောင်းကြီး သိသွားခဲ့ပါပြီ ။ အဲဒါကို ဘယ်သူက အရဲစွန့်ပြီး လှုပ်ရှားရဲမှာတဲ့လဲ ။
အထွတ်အထိပ် အဆင့် တိုက်ခိုက်ရေး ဧကရာဇ် ခုနစ်ပါးက မသေသေးပါဘူး ။ လီဖူချန်းက သူတို့ကို ဆွဲငင်အားနဲ့ မြေကြီးထဲကနေ ဆွဲထုတ်လိုက်ပြီး သူတို့ရဲ့ သိုလှောင်အိတ်တွေကို ယူလိုက်ပါတယ် ။
" ငါ့ဆီမှာ ကျောက်စိမ်းပြား ၁၅၄ပြား ရှိနေပြီပဲ ။ သည်လောက်ဆို လုံလောက်ပါပြီ "
သူ့ရဲ့ ပိုင်ဆိုင်မှုက ကျောက်စိမ်းပြား ၁၅၄ပြားအထိ ရောက်သွားတဲ့ အခါမှာတော့ လီဖူချန်းဟာ သူများတွေဆီက ကျောက်စိမ်းပြားတွေ လုယူနေတာကို ရပ်တန့်လိုက်ပါပြီ ။
သူ့ရဲ့ လက်ရှိ အပြုအမူက အဓိက အဖွဲ့အစည်း ခြောက်ခုကို ရန်စသလို ဖြစ်နေပေမယ့်လည်း လီဖူချန်းအနေနဲ့ ဘာမှ မတတ်နိုင်ပါဘူး ။
သူက သူ့ရဲ့ ကျောက်စိမ်းပြား လာလုတဲ့သူတွေကို သည်အတိုင်း ပြန်လွှတ်ပေးလိုက်တဲ့ အထိတော့ စိတ်ထား မကောင်းနိုင်တာ အမှန်ပါပဲ ။
ပြီးတော့ သူတစ်ပါးဆီက ပစ္စည်းကို လုယူချင်တဲ့ လူတွေဟာ သူတို့ရဲ့ ပစ္စည်း လုယူခံရမှာကိုလည်း မျှော်လင့်ထားသင့်တယ် မဟုတ်ပါလား ။
***