← Chapters

အုတ်အော်သောင်းတင်း

Vol. 48 Ch. 651

အုတ်အော်သောင်းတင်း

Vol. 48 Ch. 651

သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေ ဖွင့်ပြီးလို့ လေးရက်မြောက်နေ့ကို ရောက်ခါနီး နာရီအနည်းငယ် အလိုမှာတော့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေဟာ ငြိမ်းချမ်းရေး မြင်ခင်းပြင်ဆီကို စတင် ရောက်ရှိလာခဲ့ကြပါပြီ ။

ဘာကြောင့်မှန်းတော့ မသိပါဘူး ။ နဂိုမူလတုန်းက တိတ်ဆိတ်ငြိမ်သက်နေတဲ့ သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေဟာ ဥပဒေသပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေ ရောက်လာတဲ့ အခါမှာတော့ မြူ ခိုးတွေ ဆိုင်းလာခဲ့ပါတယ် ။

သည်မြူ ခိုးတွေကိုတော့ ဥပဒေသပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေကလည်း ကျော်ပြီး မကြည့်မြင်နိုင်ပါဘူး ။

ဒါကြောင့်လည်း သူတို့က မူလပင်လယ် နယ်ပယ် ဘုရင်တွေကို သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေထဲမှာ ရှာဖွေခွင့်ပေးဖို့ ခွင့်ပြုလိုက်ပုံ ရပါတယ် ။

သည်လျှို့ဝှက်နယ်မြေက သူတို့ကို မကြည်ဖြူ မှတော့ ကြည်ဖြူ တဲ့ သူတွေကို ရှာဖွေခွင့် ပေးလိုက်တာက အကောင်းဆုံးပါပဲ ။

" ကျောက်စိမ်းပြား ဘယ်လောက် ရထားပြီလဲ "

အဆွေး ဧကရာဇ်က မျောလွင့်ကောင်းကင်တောင်ရဲ့ စာရင်းစစ် အကြီးအကဲကို လှမ်းမေးလိုက်ပါတယ် ။

" ဆယ့်ငါးပြားပါ …… တောင်အရှင်သခင် "

စာရင်းစစ် အကြီးအကဲက အဆွေး ဧကရာဇ် လက်ထဲကို သိုလှောင်အိတ် တစ်လုံး လှမ်းပေးလိုက်ပြီး တရိုတသေ ပြန်ဖြေလိုက်ပါတယ် ။

" မဆိုးဘူး "

စာရင်းစစ် အကြီးအကဲရဲ့ အဖြေကို ကြားလိုက်ရတဲ့ အခါမှာတော့ အဆွေး ဧကရာဇ်ရဲ့ မျက်နှာဟာ ဝင်းပ သွားခဲ့ပါပြီ ။

အရင်တစ်ခေါက်တုန်းက ဆိုရင် မျောလွင့်ကောင်းကင်တောင်ဟာ ကျောက်စိမ်းပြား ဆယ်လေးပြားသာ ရခဲ့တာပါ ။ ဒါပေမဲ့လည်း သည်တစ်ခေါက်မှာတော့ သူတို့ဟာ တတိယမြောက်နေ့ မကုန်ခင်မှာတင် ကျောက်စိမ်းပြား ဆယ်ငါးပြားကို ရရှိထားခဲ့ပါပြီ ။သည်ပုံစံအတိုင်း ဆိုရင်တော့ သူတို့ဟာ သုံးရက်မြောက်နေ့ အဆုံးမှာ ကျောက်စိမ်းပြား နှစ်ဆယ်လောက် ရနိုင်ပါတယ် ။

စာရင်းစစ် အကြီးအကဲက အနည်းငယ် တွေဝေနေပြီး အတန်ကြာမှာတော့ အဆွေး ဧကရာဇ်ကို သတင်းတစ်ခုကို ပြောပြလိုက်ပါတယ် ဝ

" တောင်အရှင်သခင် ခင်ဗျား…… သည်တစ်ခေါက် ဝင်တဲ့ အသုတ်ထဲမှာ အင်မတန် အစွမ်းထက်တဲ့ ကိုယ်စားလှယ် တစ်ယောက် ပါလာပါတယ် ။ အဲသည် ကိုယ်စားလှယ်က ဘယ်သူလဲ ဆိုတာကိုတော့ ကျွန်တော်တို့ မသိသေးပါဘူး ။ အဲသည်ကိုယ်စားလှယ်က ကျောက်စိမ်းပြား တော်တော်များများကို ရယူထားပြီး လူအားလုံးရဲ့ အာရုံကို ဆွဲဆောင်ထားပေးလို့ ကျွန်တော်တို့အနေနဲ့ သည်လောက် အောင်မြင်ခဲ့တာပါ "

" ရတယ် …… အဲဒါက ဘာမှ အရေးမကြီးဘူး ။ အရေးကြီးတာက ငါတို့တွေ ကျောက်စိမ်းပြား များနိုင်သမျှ များများ ရဖို့ပဲ "

အဆွေး ဧကရာဇ်က သူ့ရဲ့ ကိုယ်စားလှယ်တွေနဲ့ ပတ်သက်ပြီး သိပ်များများစားစား မမျှော်လင့်ထားပါဘူး ။ အဲသည်အတွက် သူက ရနိုင်သလောက်နဲ့ ကျေနပ် နှစ်သိမ့်နိုင်ပြီးသားပါပဲ ။

သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြား တစ်ပြားက သူတော်စင် အထိမ်းအမှတ် ကျောက်တိုင်မှာ တစ်ရက် နေခွင့် ရပါတယ် ။ ကျောက်စိမ်းပြား ခုနစ်ပြား ဆိုရင်တော့ လျှို့ဝှက်နယ်မြေ ပိတ်တဲ့အထိ စိတ်ပူနေစရာ မလိုတော့ပါဘူး ။

အတိတ်တုန်းကဆိုရင် အဆွေး ဧကရာဇ်ဟာ သူတော်စင် အထိမ်းအမှတ် ကျောက်တိုင်မှာ သုံးရက်ကနေ လေးရက်အထိသာ နေခွင့် ရခဲ့ပါတယ် ။

ဘယ်လိုပဲ သူက တောင်အရှင်သခင် ဖြစ်နေပါစေဦး ။ သူတို့ရတဲ့ ကျောက်စိမ်းပြား တစ်ဒါဇင်ကျော်ကျော်လေးလောက်မှာ သူ့အနေနဲ့ တစ်ဝက်ယူလို့ မဖြစ်ပါဘူး ။ သူ့အနေနဲ့ တခြား အကြီးအကဲတွေကိုလည်း အခွင့်အရေး ပေးရပါဦးမယ် ။

" ဟိုမှာ …… သူတို့ ပြန်ရောက်လာပြီဟေ့ "

တတိယမြောက်နေ့ ကုန်ဆုံးဖို့ တစ်နာရီ ကျော်ကျော်လောက်သာ ကျန်တော့တဲ့ အချိန်မှာတော့ အဖွဲ့အစည်း အသီးသီးက စေလွှတ်လိုက်တဲ့ ကိုယ်စားလှယ်တွေ အကုန်လုံးဟာ ငြိမ်းချမ်းရေး မြက်ခင်းပြင်ကို ပြန်ရောက်လာခဲ့ကြပါပြီ ။

ဘာကြောင့်မှန်း မသိပါဘူး ။ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေက ပြန်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကို ကြည့်ပြီး တစ်ခုခု မှားနေသလို ခံစားနေကြရပါတယ် ။

" ရှင်းရှောင် …… အခြေအနေ ဘယ်လိုလဲ "

ရှင်းရှောင်ကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် အဆွေး ဧကရာဇ်က လှမ်းပြီး မေးလိုက်ပါတယ်။ သူ့ကို ကြည့်ရတာက အတော်လေး စိတ်လှုပ်ရှားနေတဲ့ ပုံပါပဲ ။

ရှင်းရှောင်က လက်နှစ်ဖက် ဆုပ်ကာ အရိုအသေ ပေးလိုက်ပြီး

" တောင်အရှင်သခင် …… ကျွန်တော်က အားလုံးကို စိတ်ပျက်စေခဲ့ပါဘူး ။ ကျွန်တော်က ကျောက်စိမ်းပြား ခုနစ်ပြား ရလာခဲ့ပါတယ် "

" ကောင်းတယ် …… ကောင်းတယ် "

ရှင်းရှောင်ရဲ့ အဖြေကြောင့် အဆွေးဧကရာဇ်ရဲ့ မျက်နှာဟာ ပိုပြီး ဝင်းပသွားခဲ့ပါပြီ ။

ရှင်းရှောင် ရလာခဲ့တဲ့ ကျောက်စိမ်းပြားတွေကိုပါ ထည့်ပေါင်းလိုက်မယ် ဆိုရင် မျောလွင့်ကောင်းကင်တောင် ပိုင်ဆိုင်ထားတဲ့ ကျောက်စိမ်းပြား အရေအတွက်ဟာ နှစ်ဆယ် ကျော်သွားခဲ့ပါပြီ ။ သည်အတိုင်း ဆိုရင်တော့ သူတို့ဟာ အဆုံးမှာ ကျောက်စိမ်းပြား သုံးဆယ်နီးပါးလောက် ရနိုင်ပါတယ် ။

" တောင်အရှင်သခင် ခင်ဗျား "

ရှင်းရှောင်က စကား ဆက်ပြောလာခဲ့ပါတယ် ။ သူ့ကို ကြည့်ရတာက တစ်ခုခုကို ပြောဖို့အတွက် ချီတုံချတုံ ဖြစ်နေပုံပါပဲ ။

" ဘာပြောချင်လို့လဲ … ရှင်းရှောင် ။ မင်းပြောချင်တာ အကုန်ပြောခွင့် ပြုတယ် "

အဆွေး ဧကရာဇ်က ရှင်းရှောင်ရဲ့ အခြေအနေကို အကဲမခတ်မိဘဲ မနေပါဘူး ။ အဲသည်အတွက် သူက ရှင်းရှောင်ကို ပြောချင်တာပြောဖို့ ခွင့်ပြုလိုက်ပါတယ် ။

အဲသည်အခါမှ ရှင်းရှောင်က ပြုံးသွားပြီး ဆက်ပြောလာပါတော့တယ် ။

" လီဖူချန်းနဲ့ ယှဉ်ရင်တော့ ကျွန်တော် ရလာတဲ့ ကျောက်စိမ်းပြားတွေဟာ ဘာမှ မဟုတ်ပါဘူး ။ တောင်အရှင်သခင် အနေနဲ့ လီဖူချန်း ကျောက်စိမ်းပြား ဘယ်နှစ်ပြား ရခဲ့သလဲ ဆိုတာကို သိချင်ပါသလား "

"လီဖူချန်း…… မင်းပြောတဲ့ လီဖူချန်းဆိုတာက တိမ်တိုက် ဧကရာဇ် ထောက်ခံပေးခဲ့တဲ့ ကောင်လေးလား ။ ပြောစမ်းပါဦး ။ သူက ကျောက်စိမ်းပြား ဘယ်နှစ်ပြား ရခဲ့တာလဲ "

ရှင်းရှောင်ရဲ့ ပြောစကားကြောင့် အဆွေး ဧကရာဇ်ဟာ လီဖူချန်း ရခဲ့တဲ့ ကျောက်စိမ်းပြား အရေအတွက်ပေါ်မှာ အတော်လေး စိတ်ဝင်စားမိသွားခဲ့ပါပြီ ။

ရှင်းရှောင်အနေနဲ့ အခုလို ပြောလာမှတော့ လီဖူချန်း ရလာတဲ့ ကျောက်စိမ်းပြား အရေအတွက်ဟာ သူ့ထက်များနေမှာ အသေအချာပါပဲ ။

မဟုတ်မှလွဲရော ။ လီဖူချန်းက ကျောက်စိမ်းပြား ဆယ်ပြားကျော် ရခဲ့တာများလား ။ အဲသည်လို ဆိုရင်တော့ သည်တစ်ခေါက်ဟာ မျောလွင့်ကောင်းကင်တောင်အတွက် တကယ် ကံကောင်းတဲ့ အခေါက်ပါပဲ ။

" ၁၅၄ပြားပါ …… တောင်အရှင်သခင် "

ရှင်းရှောင်က အသက်ကို တစ်ဝကြီး ရှူ လိုက်ပြီး ကြည်လင်ပြတ်သားစွာနဲ့ ပြောလိုက်ပါတယ် ။

" ဘာ "

အဆွေး ဧကရာဇ်က မျက်လုံးတွေ ပြူ းထွက်သွားခဲ့ပါပြီ ။ တစ်ချိန်တည်းမှာပဲ သူက နားကြားများ မှားသွားသလားဆိုပြီး သူ့ကိုယ်သူ သံသယ ဝင်နေမိပါတယ် ။

သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြား ၁၅၄ပြား ……ဟုတ်လား ။ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ ။ အတိတ်မှာတုန်းကဆိုရင် နတ်ကျက်သရေ အင်ပိုင်ယာရဲ့ ကိုယ်စားလှယ်တွေ အကုန်လုံး ပေါင်းရင်တောင် သည်အရေအတွက်ကို   မရှာနိုင်ပါဘူး ။  မဟုတ်သေးပါဘူး ။ သည်အရေအတွက်ရဲ့ တစ်ဝက်ကိုတောင် မရှာနိုင်ဘူးလို့ ပြောရင် ပိုပြီး မှန်ပါလိမ့်မယ် ။

ဣန္ဒြေတောင် မဆည်နိုင်တော့

" လီဖူချန်း …… ရှင်းရှောင်ပြောတာ အမှန်ပဲလား "

တိမ်တိုက် ဧကရာဇ်က ဘယ်လိုမှ မနေနိုင်တော့တဲ့အတွက် လူအုပ်ထဲက လီဖူချန်းကို လှမ်းပြီး မေးလိုက်ပါတယ် ။

မျောလွင့်ကောင်းကင်တောင်ရဲ့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေ အကုန်လုံးကလည်း လီဖူချန်းကို စိုက်ကြည့်နေကြပါပြီ ။

" တောင်အရှင်သခင် ခင်ဗျား ……ရှင်းရှောင် ပြောတာက အမှန်ပါပဲ ။ ကျွန်တော်က သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြား ၁၅၄ပြားကို ရခဲ့ပါတယ် "

စကားဆုံးတဲ့ နောက်မှာတော့ လီဖူချန်းက သူ့ရဲ့ သိုလှောင်အိတ်ထဲက ကျောက်စိမ်းပြားတွေကို ထုတ်ယူပြီး မြေပြင်ပေါ်မှာ ပုံချလိုက်ပါတော့တယ် ။

" တကယ်ကြီးဟ "

" သူက ဘယ်လိုလုပ်ပြီး သည်လောက်များတဲ့ ကျောက်စိမ်းပြားတွေ ရလာတာလဲ "

လူတွေအားလုံးရဲ့ မျက်လုံးတွေက ပြူ းကျယ်သွားခဲ့ပါပြီ ။ ပြီးတော့ သူတို့က သူတို့ရဲ့ အကြည့်တွေကို မီးခိုးရောင် ကျောက်ပြားလေးတွေဆီကနေပြီး မဖယ်ခွာနိုင်တော့ပါဘူး ။

အထူးသဖြင့်ကတော့ တိမ်တိုက် ဧကရာဇ်ပါပဲ ။သူက နောက်ဆုံးမှာတော့ လီဖူချန်းဟာ ကျောက်စိမ်းပြား ငါးပြား ရတိုင်းမှာ ဝေစုအဖြစ် တစ်ပြားပေးဖို့ တောင်းရသလဲ ဆိုတာကို နားလည် သဘောပေါက် သွားခဲ့ပါပြီ ။ လီဖူချန်းက သူ့ကိုယ်သူ အထင်ကြီးနေတာ မဟုတ်ပါဘူး ။ သူက တကယ်ကို လုပ်နိုင်လို့ အဲသည်အခွင့်အရေးကို တောင်းတာပဲ ဖြစ်ပါတယ် ။

" လီဖူချန်း…… တော်တယ်ဟေ့ ။ ငါမင်းကို ချီးကျူ းတယ်ကွာ "

မျောလွင့်ကောင်းကင်တောင်ရဲ့ အကြီးအကဲတွေထဲက တစ်ယောက်ကတော့ လီဖူချန်းကို စိတ်လိုလက်ရ ချီးကျူ းလာခဲ့ပါပြီ ။ ကြည့်ရတာတော့ သူက အတော်လေး စိတ်လှုပ်ရှားနေတဲ့ ပုံပါပဲ ။

သူ့အနေနဲ့ စိတ်လှုပ်ရှားနေတာကလည်း အပြစ်မဆိုသာပါဘူး ။

သူက မျောလွင့်ကောင်းကင်တောင်ရဲ့ ထိပ်တန်း အကြီးအကဲ ဆယ်ပါးထဲမှာ အပါအဝင် ဖြစ်ပေမယ့် အတိတ်မှာတုန်းကဆိုရင် ဝေစုအဖြစ် သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြား တစ်ပြားပဲ ရခဲ့တာပါ ။ အဲသည်အတွက် သူဟာ သူတော်စင် အထိမ်းအမှတ် ကျောက်တိုင်မှာ တစ်ရက်ထက်ပိုပြီး နေခွင့် မရခဲ့ပါဘူး ။

ဒါပေမဲ့လည်း သည်တစ်ကြိမ်မှာတော့ သူဟာ လီဖူချန်းရဲ့ ကျေးဇူးနဲ့ ဝေစုအဖြစ် ကျောက်စိမ်းပြား ငါးပြားလောက်ကို ရတော့မှာ ဖြစ်ပါတယ် ။

စကားပြောနေရင်းနဲ့ပဲ အဲသည်အကြီးအကဲဟာ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး လီဖူချန်းရဲ့ ကျောက်စိမ်းပြားတွေကို သိမ်းယူသွားခဲ့ပါပြီ ။

ဒါပေမဲ့လည်း တိမ်တိုက် ဧကရာဇ်က ဝင်တားလိုက်ပါတယ် ။

" အကြီးအကဲဟောင် …… ကျုပ်တို့ မျောလွင့်ကောင်းကင်တောင် အနေနဲ့ သည်ကျောက်စိမ်းပြားတွေ အကုန်လုံးကို ယူလိုက်လို့ မရဘူး ။ ကျုပ်က လီဖူချန်းကို သူကျောက်စိမ်းပြား ငါးပြား ရတိုင်းမှာ ဝေစုအဖြစ် တစ်ပြား ပြန်ပေးမယ်လို့ ကတိ ပေးခဲ့တာ ။ အခုသူက ကျောက်စိမ်းပြား ၁၅၄ပြား ရလာတယ် ဆိုတော့ သူ့ကို ကျောက်စိမ်းပြား သုံးဆယ် ပြန်ပေးမှ ရမယ် "

" ဒါ……ဒါကတော့ မဟုတ်သေးဘူးလေ ။ ငါတို့သူ့ကို တခြားဆုလာဘ် ပြန်ပေးလို့ မရဘူးလား "

အကြီးအကဲဟောင်က မျက်မှောင် ကြုတ်လိုက်မိပါပြီ ။သူက တိမ်တိုက် ဧကရာဇ်ဟာ ကတိပေးရာမှာ အဆင်ခြင် မဲ့လွန်းတယ်လို့လည်း ခံစားလိုက်ရပါတယ် ။

အမှန်တော့ ဒါက တိမ်တိုက် ဧကရာဇ်ရဲ့ အမှားလို့လည်း မဆိုနိုင်ပါဘူး ။ ဘယ်သူကများ လီဖူချန်းအနေနဲ့ သည်လောက်များတဲ့ သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြားတွေ ရလာလိမ့်မယ်လို့ သိနိုင်ပါ့မလဲ ။

" အကြီးအကဲဟောင် …… ကောင်လေးကို ကျောက်စိမ်းပြား သုံးဆယ် ထုတ်ပေးလိုက် "

အဲသည်အချိန်မှာပဲ အဆွေးဧကရာဇ်ရဲ့ အသံဟာ ထွက်ပေါ်လာခဲ့ပါတယ် ။

လူတွေ ဆိုတာက သူတို့ရဲ့ ကတိစကားကို အမြဲလိုလို စောင့်ထိန်း ရပါမယ် ။ တိမ်တိုက် ဧကရာဇ်က ကတိပေးထားပြီးပြီ ဆိုမှတော့ မျောလွင့်ကောင်းကင်တောင် အနေနဲ့ သူတို့ရဲ့ ကတိစကားကို မတည်လို့ မဖြစ်ပါဘူး ။

ပြီးတော့ သည်လောက်များတဲ့ ကျောက်စိမ်းပြားတွေကို ရလာတဲ့ အဓိက အကြောင်းအရင်းဟာ လီဖူချန်းကြောင့်ပဲ ဖြစ်ပါတယ် ။ မျောလွင့်ကောင်းကင်တောင်က အဲသည်အတွက် ဘာမှ ထွေထွေထူးထူး မလုပ်ပေးခဲ့ရပါဘူး ။ သူတို့က လီဖူချန်းကို ကိုယ်စားလှယ် နေရာတစ်ခု ပေးလိုက်တာပဲ ရှိတာပါ ။

အရိုးရှင်းဆုံး ပြောရမယ် ဆိုရင်တော့ လီဖူချန်းကို ပေးလိုက်ရတဲ့ ကျောက်စိမ်းပြား သုံးဆယ် မပါရင်တောင်မှ မျောလွင့်ကောင်းကင်တောင်ဟာ သည်တစ်ခေါက်မှာ အကျိုးအမြတ် အများကြီး ရနေခဲ့ပြီးပါပြီ ။

ကျောက်စိမ်းပြား သုံးဆယ်ကို လက်ခံ ရယူပြီးတဲ့ နောက်မှာတော့ လီဖူချန်းက ခုနစ်ပြားကို သိမ်းလိုက်ပြီး ကျန်တာကို တိမ်တိုက် ဧကရာဇ်ဆီ လှမ်းပေးလိုက်ပါတယ် ။

" ဆရာကြီး တိမ်တိုက် ဧကရာဇ် …… ကျွန်တော့်အနေနဲ့ ကျောက်စိမ်းပြား ခုနစ်ပြားပဲ လိုပါတယ် ။ သည်တော့ ကျန်နေတဲ့ ကျောက်စိမ်းပြား ၂၃ပြားကို ဆရာကြီးအတွက် လက်ဆောင် အနေနဲ့  ပေးပါရစေ "

" မဟုတ်…… မဟုတ်ဘူးလေ ……လီဖူချန်း ။ ဒါ……ဒါကြီးက  …… "

တိမ်တိုက် ဧကရာဇ်က လီဖူချန်းရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး ဘာပြောလို့ ပြောရမယ် မသိပါဘူး ။ သူက လီဖူချန်းအနေနဲ့ သူ့ကို အခုလို လက်ဆောင် ပေးလာလိမ့်မယ်လို့ လုံးဝ မမျှော်လင့်ထားခဲ့မိတာ အမှန်ပါပဲ ။

ဒါက သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြား ၂၃ပြား ဖြစ်ပါတယ် ။ အတိတ်မှာတုန်းဆိုရင်   သူက ကျောက်စိမ်းပြား တစ်ပြားကိုတောင် ဝေစုအဖြစ် မရခဲ့ဖူးပါဘူး ။

ဒါပေမဲ့လည်း အခုတော့ သူဟာ ကျောက်စိမ်းပြား ၂၃ပြားကို ပိုင်ဆိုင်သွားခဲ့ပါပြီ ။ အဲဒါက သူ့ကို ခေတ္တခဏလောက် ဆွံ့အ သွားစေမိတာတော့ အမှန်ပါပဲ ။

လီဖူချန်းက ပြုံးပြီး တိမ်တိုက်ဧကရာဇ်ကို ထပ်ပြောလိုက်ပါတယ် ။

" ဆရာကြီးက ကျွန်တော့်ကို နှစ်ခေါက်တောင် ကယ်တင်ခဲ့တာလေ ။ အဲသည်ကျေးဇူးနဲ့ ယှဉ်ရင်တော့ သည်ကျောက်စိမ်းပြား ၂၃ပြားက ဘာမှ မဟုတ်ပါဘူူး ။ တကယ်လို့ ဆရာကြီး အနေနဲ့ ထပ်လိုချင်သေးရင် ကျွန်တော့်ရဲ့ ဝေစုကိုပါ ထပ်ပေးနိုင်ပါတယ် "

တိမ်တိုက် ဧကရာဇ်ကို သူတင်နေတဲ့ ကျေးဇူးကြွေးက အသက်ကြွေးပါ ။ သူ့ရဲ့ အသက်နဲ့ ယှဉ်ရင်တော့ သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြားတွေဟာ ဘာမှ မပြောပလောက်ပါဘူး ။

' သည်ကောင်လေးရဲ့ စိတ်ဓာတ်က မဆိုးပါလား '

အဆွေး ဧကရာဇ်ရဲ့ မျက်လုံးတွေဟာ အရောင် တောက်ပ သွားခဲ့ပါပြီ ။

သည်မတိုင်ခင်တုန်းက ဆိုရင်တော့ သူက လီဖူချန်းကို ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင် အဖြစ်ပဲ ရှုမြင်ခဲ့တာပါ ။

ဒါပေမဲ့လည်း အခုတော့ သူက လီဖူချန်းဟာ ကျေးဇူးတရား သိတတ်ပြီး စိတ်ခံစားချက်ကို အလေးထားတဲ့ လူငယ်တစ်ယောက် ဖြစ်တယ် ဆိုတာကို သိလိုက်ရပါပြီ ။

အစောပိုင်းကတော့ သူဟာ လီဖူချန်းရဲ့ ပါရမီကို တန်ဖိုးထားရုံပဲ ဖြစ်ပေမယ့် အခုတော့ သူဟာ လီဖူချန်းကို လေးစားလာခဲ့ပါတယ် ။

" ဟုတ်ပြီလေ ။ ဒါဆိုရင်လည်း ငါက သည်ကျောက်စိမ်းပြားတွေကို မင်းကျေးဇူးဆပ်တယ်လို့ သဘောထားပြီး လက်ခံလိုက်မယ် "

နောက်ဆုံးမှာတော့ တိမ်တိုက် ဧကရာဇ်ဟာ လီဖူချန်းပေးတဲ့ ကျောက်စိမ်းပြားတွေကို လက်ခံလိုက်ပါတယ် ။

လီဖူချန်းက ရယ်ပြီး ပြန်ပြောလိုက်ပါတယ် ။

" မဟုတ်တာဘဲ ဆရာကြီးရာ …… ကျွန်တော့်ရဲ့ အသက်ကြွေးကို သည်လောက် အလွယ်လေး ဆပ်လို့ ရပါ့မလား "

" ဟား……ဟား…… မင်းတို့နှစ်ယောက်ရဲ့ ကျေးဇူးဆပ်တဲ့ ကိစ္စက မပြီးသေးဘူးလား ။တိမ်တိုက် ဧကရာဇ် …… မင်းတို့နှစ်ယောက် သည်ကိစ္စကို မျောလွင့်ကောင်းကင်တောင် ရောက်မှ ဆက်ပြီး ဆွေးနွေးရင်လည်း ရတာပဲ  ။ ပြီးတော့ လီဖူချန်း …… မင်းအနေနဲ့ ငါတို့ မျောလွင့်ကောင်းကင်တောင်ကို ဝင်ရင် ကောင်းမယ် ထင်တယ် ။ အားလုံးကော ဘယ်လို သဘော ရကြလဲ "

နောက်ဆုံးမှာတော့ အဆွေး ဧကရာဇ်ဟာလည်း စကားဝိုင်းထဲကို ဝင်လာခဲ့ပါပြီ ။

အဆွေး ဧကရာဇ်က အတော်လေး ဉာဏ်သွားတဲ့ လူပါပဲ ။ သူက လီဖူချန်း နဲ့ တိမ်တိုက် ဧကရာဇ်ကြားမှာရှိတဲ့ ကျေးဇူးကြွေးကို အခွင့်ကောင်း ရယူပြီး လီဖူချန်းကို မျောလွင့်ကောင်းကင်တောင် အဖွဲ့ထဲ ဝင်ဖို့ ဆွယ်လိုက်ပါသေးတယ် ။

ပြီးတော့ ဘယ်ဘက်ကနေပဲကြည့်ကြည့် လီဖူချန်းဟာ သူတို့ မျောလွင့်ကောင်းကင်တောင်မှာ လိုအပ်နေတဲ့ ပါရမီရှင် အမျိုးအစားပါပဲ ။ နောင်တစ်ချိန်မှာဆိုရင် လီဖူချန်းက သူတို့ မျောလွင့်ကောင်းကင်တောင်ကို ထမ်းတင်ရင် တင်သွားပါလိမ့်ဦးမယ် ။

အဆွေး ဧကရာဇ်ရဲ့ အမေးကို ဘယ်သူမှ ဘာမှ ပြန်မဖြေရသေးခင်မှာပဲ မိုးခြိမ်းသံလို ကျယ်လောင်လှတဲ့ အသံတစ်ခုဟာ ရုတ်တရက် ထွက်ပေါ်လာခဲ့ပါတယ် ။

" အဆွေး ဧကရာဇ်…… ခင်ဗျားရဲ့ မျောလွင့်ကောင်းကင်တောင်က သည်တစ်ခေါက်မှာ တော်တော်လေး အစွမ်းပြသွားတာပဲ ။ ခင်ဗျားက ကျောက်စိမ်းပြား နှစ်ရာနီးပါးလောက် ရသွားတော့ ကျုပ်ကို နည်းနည်းလောက် ပြန်မဝေမျှပေးချင်ဘူးလား "

အသံပိုင်ရှင်ကတော့ လဝန်းနီ ဧကရာဇ်ပါပဲ ။ သူက သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေထဲမှာ လီဖူချန်း စွမ်းဆောင်ပြသွားတာတွေကို သိပြီးတာနဲ့ တစ်ပြိုင်နက် အခုလို လှမ်းအော်ပြောလိုက်တာ ဖြစ်ပါတယ် ။ သူက မျောလွင့်ကောင်းကင်တောင် အနေနဲ့ အခုလို အကျိုးအမြတ် အများကြီး ရသွားတာကို လုံးဝ မရှုပျော်နိုင်ပါဘူး ။

တခြားသော မဟာ ဧကရာဇ်တွေကလည်း သူ့လိုပဲ ခံစားနေရမယ်လို့ လဝန်းနီ ဧကရာဇ်က ယုံကြည်ပါတယ် ။

ထင်ထားသလိုပါပဲ ။ သူ့ရဲ့ စကား ဆုံးတာနဲ့ တစ်ပြိုင်နက် နေဝန်းပြာ ဧကရာဇ်ကလည်း အော်ပြောလာခဲ့ ပြန်ပါတယ် ။

" အဆွေး ဧကရာဇ် …… ကျောက်စိမ်းပြားတွေကို ခင်ဗျားတစ်ယောက်တည်း မောင်ပိုင်စီးထားတာကတော့ မကောင်းဘူးလေဗျာ ။ ကျုပ်ကိုလည်း နည်းနည်းပါးပါး မျှပါဦး ။ ကျုပ်က လောဘ မကြီးပါဘူးဗျာ ။ ကျောက်စိမ်းပြား နှစ်ဆယ်လောက်ဆို ရပါပြီ "

သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြားတွေ ဆိုတာက အကန့်အသတ်မဲ့ ရှိနေတာ မဟုတ်ပါဘူး ။

မျောလွင့်ကောင်းကင်တောင်က အများကြီး ရသွားပြီ ဆိုမှတော့ တခြားလူတွေက လျော့နည်းပြီး ရမှာ အသေအချာပါပဲ။ ပုံမှန်အားဖြင့် ဆိုရင်တော့ နေဝန်းပြာ အင်ပိုင်ယာဟာ သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြား နှစ်ဆယ်ကျော်လောက်ကို ရလေ့ ရှိပါတယ် ။

အဆွေး ဧကရာဇ်က သူတို့ ရလာတဲ့ ကျောက်စိမ်းပြားတွေကို တခြား အဖွဲ့အစည်းတွေကို ခွဲဝေပေးဖို့အတွက် လုံးဝ စိတ်ကူး မရှိပါဘူး ။ သူက နှာခေါင်း တစ်ချက် ရှုံ့လိုက်ပြီး ပြန်အော်ပြောလိုက်ပါတယ် ။

" ခင်ဗျားတို့တွေ အရှက် မရှိဘူးလား ။ ဘာလဲ …… ခင်ဗျားတို့က ကျုပ်တို့ရဲ့ သဘောတူညီချက်ကို ဖျက်ချင်တာလား ။ ပြီးခဲ့တဲ့ လေးကြိမ်ကဆိုရင် ကျုပ်တို့ မျောလွင့်တောင်က ခင်ဗျားတို့ အားလုံးထက် ကျောက်စိမ်းပြားတွေ လျော့ပြီး ရခဲ့တာပဲ ။ အဲသည်တုန်းက ကျုပ် ခင်ဗျားတို့ဆီမှာ ဝေစု လာတောင်းဖူးသလား "

အဆွေး ဧကရာဇ်က တခြားလူတွေရဲ့ ခံစားချက်ကို နားမလည်ဘဲ မနေပါဘူး ။ ဒါပေမဲ့ သဘောတူညီချက် ဆိုတာကတော့ သဘော တူညီချက်ပါပဲ ။

ပြီးတော့ သည်သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြားတွေ ဆိုတာက မျောလွင့်ကောင်းကင်တောင်ရဲ့ ထောက်တိုင်တွေကို အစွမ်း မြှင့်တင်ပေးမယ့် အရာတွေ ဖြစ်နေပါသေးတယ် ။

( note : ငြိမ်းချမ်းရေး မြက်ခင်းပြင်ထဲမှာ စတည်းချနေတဲ့ စခန်းတွေက အမိုးပဲ ရှိတဲ့ ရွက်ဖျင်တဲတွေ ဖြစ်ပါတယ် ။ ပြီးတော့ တစ်စခန်းနဲ့ တစ်စခန်းကလည်း ဘယ်လောက်မှ မဝေးပါဘူး ။ ဒါကြောင့် မဟာ ဧကရာဇ်တွေက အော်ပြောနေကြတာပါ ။)

***

All Chapters