သူတော်စင် အထိမ်းအမှတ် ကျောက်တိုင်
Vol. 48 Ch. 652
" အဆွေး ဧကရာဇ်…… သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေက အဓိက အဖွဲ့အစည်း ခုနစ်ခုရဲ့ အကျိုးအမြတ်အတွက်လေ ။ ဒါပေမဲ့ အခုတော့ ခင်ဗျားရဲ့ မျောလွင့်ကောင်းကင်တောင်ကပဲ အကျိုးအမြတ် အကုန်လုံး နီးပါးကို မောင်ပိုင်စီးထားပြီး ကျန်တဲ့ အဖွဲ့အစည်း ခြောက်ခုက အကျိုးအမြတ် မဆိုစလောက်ကလေး ရနေတာ ။ဒါက ကျုပ်တို့ရဲ့ နဂိုမူလ ရည်ရွယ်ချက်ကနေ သွေဖည်နေပြီ ။ ကျုပ်အမြင် ပြောရမယ် ဆိုရင်တော့ ကျုပ်တို့ထားရှိခဲ့တဲ့ သဘောတူညီချက်က အဲသည်လောင် အရေး မကြီးဘူး ။ ကျုပ်တို့ ဘာဖြစ်လို့ သဘောတူညီချက် ထားရှိခဲ့ရသလဲ ဆိုတာကပဲ ပိုအရေးကြီးတယ် ။ ခင်ဗျား အနေနဲ့ ကျောက်စိမ်းပြားတွေကို တစ်ယောက်တည်း လက်ဝါးကြီး မအုပ်သင့်ပါဘူးဗျာ "
ဝိညာဉ် ဧကရာဇ်ရဲ့ ဘေးနားမှာ ရှိနေတဲ့ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ကလည်း မီးလောင်ရာ လေပင့်ပေးပြန်ပါတယ် ။
" အဓိပါ္ပယ် မရှိလိုက်တာ ။ မင်းလျှာရိုးမရှိတိုင်း လျှောက်မပြောနဲ့ "
အဆွေး ဧကရာဇ်က ဘယ်လိုနေမယ် မသိပါဘူး ။ ဒါပေမဲ့ အကြီးအကဲဟောင်ကတော့ အကြီးအကျယ် ဒေါသ ထွက်နေခဲ့ပါပြီ ။
တစ်ဖက်လူတွေက သူတို့အားလုံး သဘောတူညီထားခဲ့တဲ့ သဘောတူညီချက်ကို သိသိသာသာကြီး မျက်ကွယ် ပြုချင်နေတာ မဟုတ်ပါလား ။
တကယ်လို့ သဘောတူညီချက်က အသုံးမဝင်ဘူးဆိုရင် ဘာဖြစ်လို့ သဘောတူညီချက်ကို လုပ်ခဲ့သေးတာလဲ ။
အရင်လိုပဲ ဧကရာဇ်တွေ တစ်ယောက်နဲ့တစ်ယောက် သတ်ပြီး ကျောက်စိမ်းပြားတွေ လုကြပါလား ။
" ကျုပ်လည်း ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ် ပြောတာကို သဘောတူတယ် ။ အဲသည်တုန်းက ကျုပ်တို့ သဘောတူညီချက် ထုတ်ပြန်ခဲ့တာရဲ့ အဓိက ရည်ရွယ်ချက်က အဓိက အဖွဲ့အစည်း ခုနစ်ခုရဲ့ အကျိုးအမြတ်အတွက် နဲ့ သွေးထွက်သံယို ကိစ္စတွေကို ရှောင်လွှဲဖို့ပဲ ။ဒါပေမဲ့ အခုတော့ ခင်ဗျားရဲ့ မျောလွင့်ကောင်းကင်တောင်ကပဲ အကျိုးအမြတ်တွေ အကုန်လုံးနီးပါးကို လက်ဝါးကြီး အုပ်သွားခဲ့ပြီ ။ ဒါက ဘယ်လိုမှ မသင့်လျော်ဘူး "
" ဟုတ်တယ် "
" ကျုပ်လည်း အဲသည်လိုပဲ မြင်တယ် "
ကျုန်ရှိနေသေးတဲ့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေကလည်း သူတို့ရဲ့ အမြင်တွေကို ထုတ်ဖော်လာခဲ့ကြပါပြီ ။
ပြီးတော့ အဲဒါက အကြီးအကဲဟောင်ကို ဒေါသချောင်းချောင်း ထွက်စေပြီး တစ်ကိုယ်လုံးကို တဆက်ဆင် တုန်ယင်သွားစေပါတယ် ။
' ဘယ်လိုဖြစ်တာလဲ ။ သည်လူတွေက အရှက်ကို လုံးဝ မရှိတော့ပါလား ။ သူတု့ိက အမှန်ကိုတောင် အမှားဖြစ်အောင် လုပ်နေကြတာပဲ '
လီဖူချန်းကတော့ ဘေးကနေ မျက်နှာသေကြီးနဲ့ အခြေအနေကို အကဲခတ်နေပါတယ် ။
ကြည့်ရတာတော့ သူက သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြားတွေရဲ့ အရေးပါမှုကို လျော့တွက်လိုက်မိပုံပါပဲ ။ အထက်တန်း ကျလှပါတယ်ဆိုတဲ့ ဧကရာဇ်တွေဟာ သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြားတွေကို ရဖို့အတွက် သူတို့ရဲ့ နာမည် ဂုဏ်သတင်းတွေကိုတောင် ဘေးဖယ်ထားခဲ့ကြပါပြီ ။
" အဆွေး ဧကရာဇ် …… ဒါက ဧကရာဇ်တိုင်းရဲ့ ခံစားချက်ပဲ ။ ခင်ဗျားအနေနဲ့ နည်းနည်းပါးပါး လျော့ပေးလိုက်ရင် ကောင်းမယ် ထင်တယ် "
နတ်မျက်လုံး တန်ခိုးရှင် ဧကရာဇ်ကလည်း ဝင်ပါလာခဲ့ပါပြီ ။
" အဆွေး ဧကရာဇ် …… ခင်ဗျားရဲ့ မျောလွင့်ကောင်းကင်တောင်က အဓိက အဖွဲ့အစည်း ခြောက်ခုကို ဆန့်ကျင်နိုင်မယ် ထင်နေတာလား "
ညဉ့်ဧကရာဇ်ကလည်း အဆွေး ဧကရာဇ်ကို ဖိအား ပေးလာပြန်ပါတယ် ။
မဟာ ဧကရာဇ်တွေပါ ဝင်ပါလာပြီ ဆိုမှတော့ မျောလွင့်ကောင်းကင်တောင်ဟာ အလျော့မပေးလို့ မရတော့ပါဘူး ။ ဒါကိုတော့ အဆွေး ဧကရာဇ်ကလည်း သိပြီးသားပါပဲ ။ သူက သည်ကိစ္စကို အလျော့ ပေးကို ပေးမှ ရပါတော့မယ် ။
" ဟား……ဟား……ဟား……ဟား "
" ဟား……ဟား……ဟား……ဟား "
" ဟား……ဟား……ဟား "
ရုတ်တရက် ဆိုသလိုပဲ အဆွေး ဧကရာဇ်ဟာ အားရပါးရ ရယ်မောလိုက်ပါတယ် ။ ဒါပေမဲ့လည်း လူတွေ အားလုံးကတော့ သူ့ရဲ့ ရယ်မောသံထဲမှာ သတ်ဖြတ်ခြင်း အငွေ့အသက်တွေ ပါဝင်နေတယ် ဆိုတာကို မခံစားမိဘဲ မနေပါဘူး ။
အားရအောင် ရယ်မောပြီးတဲ့ နောက်မှာတော့ အဆွေး ဧကရာဇ်က ခါးသီးစွာနဲ့ ယတိပြတ် ပြောလာခဲ့ပါတယ် ။
" ခြောက်ဆယ် ။ ခြောက်ဆယ်ထက် ပိုမပေးနိုင်ဘူး ။ သည်ထက် ပိုလိုချင်ရင်တော့ သူသေကိုယ်သေ တိုက်ကြရုံပဲ ရှိတယ် "
အဆွေး ဧကရာဇ်က မလိုအပ်ဘဲနဲ့ အဓိက အင်အားစုကြီး ခြောက်ခုကို မဆန့်ကျင်ချင်ပါဘူူး ။
ဒါပေမဲ့လည်း လိုအပ်လို့ ဆန့်ကျင်ရပြီ ဆိုရင်တော့ သူဟာ အဆုံးထိ တိုက်ခိုက်သွားမှာ ဖြစ်ပါတယ် ။
" သူတစ်ပါးကို မစော်ကား ။ သူတစ်ပါး စော်ကားတာကိုလည်း ခေါင်းငုံ့မခံ " ဆိုတဲ့ မျောလွင့်ကောင်းကင်တောင်ရဲ့ ဆောင်ပုဒ်ဟာ အလကား မဟုတ်ပါဘူး ။
ကျောက်စိမ်းပြား ခြောက်ဆယ် ဆိုတာက အတွဆုံစွန်ဆုံး သူခွဲပေးနိုင်တဲ့ ပမာဏပါပဲ ။
" ခြောက်ဆယ် ဆိုတာက မနည်းလွန်းဘူးလား "
ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်က တစ်စခန်း ထလာပြန်ပါတယ် ။ ပြီးတော့ သူ့ရဲ့ စကားသံထဲမှာလည်း ခံစားချက် စွမ်းအားတွေက အပြည့်ပါပဲ ။
လုံးဝ သံသယ ဝင်နေစရာ မလိုပါဘူး ။ သူက အဆွေးဧကရာဇ်ရဲ့ ဒေါသကို ဆွပေးဖို့ ကြိုးစားနေတာပါ ။
" ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ် …… မင်းက တကယ် သေချင်နေတာပဲ "
အဆွေး ဧကရာဇ်ရဲ့ သည်းခံနိုင်စွမ်းဟာ အကန့်အသတ်ကို ရောက်လုနီးပါးပါပဲ ။
ဝေါ ……
သူ့ရဲ့ ကိုယ်ထဲက ထွက်ပေါ်လာတဲ့ လူသတ်ငွေ့တွေကလည်း မြေပြင်ကိုတောင် ဟက်တက် ကွဲသွားစေတဲ့အထိပါပဲ ။
" တကယ်လို့ မျောလွင့်ကောင်းကင်တောင် မရှိတော့ရင်လည်း ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်က ဘာမှ ထွေထွေထူးထူး ယုတ်လျော့သွားစရာ အကြောင်း မရှိပါဘူးလေ "
ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်က အဆွေး ဧကရာဇ်ကို လုံးဝ ဂရုမစိုက်ပါဘူး ။ သူက အဆွေး ဧကရာဇ်ရဲ့ ဒေါသတွေကို ထပ်ပြီးတောင် ဆွပေးနေပြန်ပါတယ် ။
" သေစမ်း "
နောက်ဆုံးမှာတော့ အဆွေး ဧကရာဇ်ရဲ့ သည်းခံနိုင်စွမ်းဟာ အကန့်အသတ်ကို ကျော်လွန်သွားခဲ့ပါပြီ ။
ဝုန်း……
လက်ဝါးရိုက်ချက် တစ်ချက်ဟာ အရှိန်အဟုန် အပြည့်နဲ့ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ဆီကို တိုးဝင်သွားခဲ့ပါတယ် ။
သည်လက်ဝါး ရိုက်ချက်မှာက ဟင်းလင်းပြင် စွမ်းအား ပါဝင်နေတဲ့အတွက် ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ် အနေနဲ့ ဘယ်လိုမှ ရှောင်တိမ်းနိုင်စရာ အကြောင်း မရှိပါဘူး ။
" အဆွေး ဧကရာဇ် …… ခင်ဗျားက စည်းကျော်နေပြီ "
အေးစက်စက် စကားသံ တစ်ခုဟာ ရုတ်တရက် ထွက်ပေါ်လာခဲ့ပါပြီ ။
ဘန်း……
တစ်ဆက်တည်းမှာပဲ လက်ညှိုးရိပ် တစ်ခုဟာ လေထုထဲမှာ ပေါ်လာပြီး အဆွေး ဧကရာဇ်ရဲ့ လက်ဝါးရိုက်ချက်ကို ဖျက်ဆီးပစ်လိုက်ပါတယ် ။
လက်ညှိုးရိပ်ရဲ့ ပိုင်ရှင်ကတော့ ဝိညာဉ် ဧကရာဇ်ကလွဲပြီး တခြားသူ မရှိပါဘူး ။
" တကယ်တမ်း စည်းကျော်နေတာက ရှင့်ရဲ့လူပဲ ။ ဘာမဟုတ်တဲ့ ဧကရာဇ် တစ်ပါးက မဟာ ဧကရာဇ် တစ်ပါးကို ဘယ်တုန်းက တန်းတူပြောခွင့် ရှိသွားတာလဲ "
" ဝိညာဉ် ဧကရာဇ် ရှင့်ရဲ့ နောက်လိုက်တွေကို သေသေချာချာလေး ဆုံးမသွန်သင်ထားရင် ကောင်းမယ် ထင်တယ် ။ မဟာ ဧကရာဇ် တစ်ပါးဆိုတာက အလကား ဖြစ်တည်လာတာ မဟုတ်ဘူူး ။ တကယ်လို့ ရှင်မသွန်သင်နိုင်ရင်လည်း ကျွန်မပဲ သွန်သင်ပေးလိုက်မယ် "
နောက်ဆုံးမှာတော့ အဆွေး ဧကရာဇ်ဘက်ကနေ ရပ်တည်ပေးမယ့် လူတစ်ယောက် ထွက်ပေါ်လာခဲ့ပါပြီ ။ အဲသည်လူကတော့ ဆူးပန်း ဧကရီပါပဲ ။
ဆူးပန်း ဧကရီက စကား ပြောနေရင်းနဲ့ သူမရဲ့ ခေါင်းပေါ်က အနီရောင် ပန်းပွင့်လေးကိုလည်း ဖြုတ်ယူလိုက်ပါသေးတယ် ။
" ဆူးပန်း ဧကရီ …… ဒါက ဘာသဘောလဲ ။ ကျုပ်က လူတွေအားလုံး သာတူညီမျှ ဖြစ်အောင် အကျိုး ဆောင်ပေးနေတာလေ "
ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်က ဒေါသတကြီးနဲ့ ပြန်ပြောလာခဲ့ပါတယ် ။
ဆူးပန်း ဧကရီက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး
" သွားစမ်းပါ …… ဘာကို သာတူညီမျှလဲ ။ ငါမြင်တာကတော့ မင်းက မျောလွင့်ကောင်းကောင်တောင်ကို ဖိအား ပေးနေတာပဲ ။ မင်းက မျောလွင့်ကောင်းကင်တောင်ကို ပျောက်ကွယ် စေချင်နေတာလား ။ ပြောပါဦး …… သည်တစ်ခေါက်က မျောလွင့်ကောင်းကင်တောင် ဆိုတော့ နောက်တစ်ခေါက်ကျရင် ဘယ်သူ့အလှည့်လဲ ။ နေဝန်းပြာ အင်ပိုင်ယာလား ဒါမှမဟုတ် ငါ့ရဲ့ ဆူးပန်း အင်ပိုင်ယာလား "
" ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ် …နောက်တစ်ခါ ငါမင်းကို တစ်ယောက်တည်း မတွေ့စေနဲ့ ။ အေး…… တွေ့လို့ကတော့ ဝိညာဉ် ဧကရာဇ်လည်း မင်းကို လာကယ်နိုင်မှာ မဟုတ်ဘူး "
ဘာကြောင့်မှန်းတော့ မသိပါဘူး ။ ဆူးပန်း ဧကရီဟာ ကာယကံရှင် ဖြစ်တဲ့ အဆွေး ဧကရာဇ်ထက်တောင်မှ ဒေါသ ထွက်နေသလိုပါပဲ ။
ပြီးတော့ သူမက ဝိညာဉ် ဧကရာဇ်ကိုတောင်မှ ဂရုမစိုက်ဘဲ ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ကို ပေါ်တင်ကြီး ကြိမ်းဝါးနေပါသေးတယ် ။
ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်က တစ်ခုခု ပြန်ပြောဖု့ိ ပြင်လိုက်သေးပေမယ့်လည်း ဘာမှတော့ ဆက်ပြီး မပြောလာခဲ့ပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ဝိညာဉ် ဧကရာဇ်က သူ့ကို တော်လိုက်ဖို့ မျက်ရိပ် ပြလာလို့ပါပဲ ။
အခုဆိုရင် ဆူးပန်း ဧကရီက အဆွေး ဧကရာဇ် ဘက်ကနေ ရပ်တည်လာပြီ ဖြစ်တဲ့အတွက် အခြေအနေတွေဟာ ပြောင်းလဲသွားခဲ့ပါပြီ ။
လူတွေအားလုံးကလည်း သူတို့အနေနဲ့ မျောလွင့်ကောင်းကင်တောင်ကို ဆက်ပြီး ဖိအား ပေးနေမယ် ဆိုရင် သွေးချောင်းစီး တိုက်ပွဲကြီး တစ်ခု ဖြစ်လာတော့မယ် ဆိုတာ ရိပ်မိကြပါတယ် ။
အဲသည်အတွက် သူတို့က မျောလွင့်ကောင်းကင်တောင်ကို ဆက်ပြီး ဖိအား မပေးကြတော့ပါဘူး ။
တကယ်လို့ မျောလွင့်ကောင်းကင်တောင် အနေနဲ့ ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ကနေ ပျောက်ကွယ်သွားမယ် ဆိုရင် အဲဒါက အဓိက အဖွဲ့အစည်းတွေကြားက မျှခြေကို ပျက်သွားစေပါလိမ့်မယ် ။
ဆူးပန်း ဧကရီ ပြောသလိုပါပဲ ။ သည်တစ်ကြိမ် မျောလွင့်ကောင်းကင်တောင် ပြီးရင် နောက်တစ်ကြိမ်က ဘယ်သူ့အလှည့် ဖြစ်မယ် မသိပါဘူး ။
လက်ရှိ ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်မှာက ဝိညာဉ် ဧကရာဇ် နဲ့ နတ်မျက်လုံး တန်ခိုးရှင်ကလွဲပြီး ကျန်တဲ့သူတွေဟာ မျှခြေကို ဂရုစိုက်ကြပါတယ် ။
နောက်ဆုံးမှာတော့ မျောလွင့်ကောင်းကင်တောင်ဟာ စိတ်သက်သာရာ ရသွားခဲ့ပါပြီ ။ အစောပိုင်းတုန်းကတော့ သူတို့ရဲ့ နှလုံးသားတွေဟာ ခုန်ထွက်တော့မလိုပါပဲ ။
တကယ်လို့သာ မျောလွင့်ကောင်းကင်တောင် အနေနဲ့ အဖွဲ့အစည်း အသီးသီးရဲ့ ပစ်မှတ် ဖြစ်သွားခဲ့မယ် ဆိုရင် သူတို့အနေနဲ့ သည်ကုန်းမြေတိုက်မှာ ဘယ်လိုမှ ဆက်ပြီး ရပ်တည်နိုင်တော့မှာ မဟုတ်ပါဘူး ။
အဓိက အဖွဲ့အစည်း ခြောက်ခုရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကိုတော့ ကုန်းမြေတိုက်ရဲ့ နံပါတ်တစ် ဝိညာဉ် ဧကရာဇ်တောင်မှ တောင့်ခံနိုင်စရာ အကြောင်း မရှိပါဘူး ။
ပြသနာကြီးကို ကျော်ဖြတ်ပြီးသွားတဲ့ နောက်မှာတော့ မျောလွင့်ကောင်းကင်တောင်ဟာ သူတို့ရဲ့ ကျောက်စိမ်းပြားတွေကို စပြီး ခွဲဝေ ကြပါတော့တယ် ။
သည်တစ်ကြိမ် မျောလွင့်ကောင်းကင်တောင်ရဲ့ အောင်မြင်မှုကတော့ တကယ်ကို ကျေနပ်စရာပါပဲ ။
လီဖူချန်းကို ဆုလာဘ်အဖြစ် ပေးလိုက်တဲ့ ကျောက်စိမ်းပြား သုံးဆယ်နဲ့ အဓိက အဖွဲ့အစည်း ခြောက်ခုကို ခွဲဝေပေးလိုက်တဲ့ ကျောက်စိမ်းပြား ခြောက်ဆယ်ကို ဖယ်ထုတ်လိုက်တာတောင်မှပဲ သူတို့ဆီမှာ သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြား တစ်ရာ ကျန်နေဆဲပါပဲ ။
အဲသည်အတွက် အဆွေး ဧကရာဇ် အပါအဝင် မျောလွင့်ကောင်းကင်တောင်ရဲ့ အဆင့်မြင့် ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ်တွေ အကုန်လုံးဟာ ဝေစုအဖြစ် တစ်ယောက်ကို ကျောက်စိမ်းပြား ခုနစ်ပြားစီ ရခဲ့ကြပါတယ် ။ သူတို့က သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေ ပိတ်တဲ့အထိ ဘာမှ စိုးရိမ်နေစရာ မလိုတော့ပါဘူး ။
ပြီးတော့ သူတို့က တကယ်လည်း ကျောက်စိမ်းပြား ခုနစ်ပြားစီ ရသင့်၊ရထိုက်တဲ့ လူတွေပါပဲ ။
ဘယ်လိုပဲဖြစ်ဖြစ် ။ သူတို့က မျောလွင့်ကောင်းကင်တောင်ရဲ့ အဓိက ထောက်တိုင်ကြီးတွေ မဟုတ်ပါလား ။
တကယ်လို့သာ သူတို့တွေထဲက နောက်ထပ် မဟာ ဧကရာဇ် တစ်ပါးသာ ပေါ်ထွန်းလာခဲ့မယ် ဆိုရင် မျောလွင့်ကောင်းကင်ရဲ့ အဆင့်အတန်းဟာ အများကြီး ပြောင်းလဲသွားပါလိမ့်မယ် ။ သူတို့က နတ်ကျက်သရေ အင်ပိုင်ယာ နဲ့ နတ်မျက်လုံး တန်ခိုးရှင် အင်ပိုင်ယာကို မယှဉ်နိုင်ဘူး ဆိုရင်တောင်မှ တခြား အဖွဲ့အစည်းတွေရဲ့ အထက်ကို ရောက်သွားမှာ အသေအချာပါပဲ ။
မျောလွင့်ကောင်းကင်တောင်ရဲ့ သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြား ခွဲဝေပေးမှုကတော့ ကျင့်ကြံမှု အဆင့်တွေ အပေါ်မှာသာ မူတည်ပါတယ် ။
အဲသည်အတွက် မျောလွင့်ကောင်းကင်တောင်ရဲ့ အဆင့်မြင့် ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ်တွေ အားလုံးဟာ ကျောက်စိမ်းပြား ခုနစ်ပြားစီ ရခဲ့ပြီး အလယ်အလတ် အဆင့် ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ်တွေဟာ တစ်ယောက်ကို ကျောက်စိမ်းပြား ငါးပြားစီ ရခဲ့ကြပါတယ် ။
ဒါပေမဲ့လည်း အဆင့်နိမ့် ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ်တွေကတော့ အညီအမျှစီ မရခဲ့ကြပါဘူး ။ သူတို့တွေထဲက တချို့ကတော့ ကျောက်စိမ်းပြား သုံးပြား ၊ တစ်ချို့ကတော့ နှစ်ပြား ရခဲ့ကြပြီး အဆင့်နိမ့်လွန်းလှတဲ့ ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ်တွေကတော့ တစ်ပြားပဲ ရခဲ့ပါတယ် ။
ဒါပေမဲ့လည်း အရင်အကြိမ်တွေလို ကျောက်စိမ်းပြား တစ်ပြားမှ မရခဲ့တာထက် စာရင်တော့ တော်သေးတယ်လို့ ဆိုရပါမယ် ။
" တောင်အရှင်သခင် …… ကျွန်တော်မျိုး အနေနဲ့ ကျောက်စိမ်းပြား ငါးပြားပဲလိုပါတယ် ။ သည်တော့ ပိုတာတွေကို အညီအမျှ မရတဲ့သူတွေကို ဝေပေးလိုက်ပါ "
အဲသည်အချိန်မှာပဲ တိမ်တိုက် ဧကရာဇ်က အရှေ့ကို ထွက်လာပြီး အဆွေး ဧကရာဇ်ကို ကျောက်စိမ်းပြား ဆယ့်ရှစ်ပြား အပ်လိုက်ပါတယ် ။
တိမ်တိုက် ဧကရာဇ်ရဲ့ အလိုက်သိမှုက အဆွေး ဧကရာဇ်ကို စိတ်နှလုံး ရွှင်ပြုံး သွားစေခဲ့ပါပြီ ။ အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ သူကလည်း သူ့လူတွေကို ကျောက်စိမ်းပြား အညီအမျှ မခွဲပေးနိုင်တဲ့အတွက် အတော်လေး စိတ်မကောင်းလှပါဘူး ။ သူက ပြုံးလိုက်ပြီး တိမ်တိုက် ဧကရာဇ်ကို ပြောလိုက်ပါတယ် ။
" တိမ်တိုက် ဧကရာဇ် …… ကျုပ်အနေနဲ့ ခင်ဗျားရဲ့ ကျောက်စိမ်းပြားတွေကို သည်အတိုင်း လက်မခံနိုင်ဘူး ။ အဲဒါက ကျုပ်ရဲ့ တောင်အရှင်သခင်ဆိုတဲ့ ဂုဏ်သိက္ခာကို ကျဆင်းသွားစေလိမ့်မယ် ။ သည်တော့ ခင်ဗျားက ကျောက်စိမ်းပြား ခုနစ်ပြား ယူလိုက် ။ ပိုနေတဲ့ ကျောက်စိမ်းပြား ဆယ့်ခြောက်ပြားကို ကျုပ်က အဲသည်တန်ဖိုးနဲ့ ညီမျှတဲ့ ထောက်ပံ့ရေး ရမှတ်တွေ ပြန်ပေးမယ် ။ ဟုတ်ပြီလား "
" ဟုတ်ပါပြီ …… တောင်အရှင်သခင် "
အဆွေး ဧကရာဇ်ရဲ့ ကမ်းလှမ်းမှုက တရားမျှတတဲ့အတွက် တိမ်တိုက် ဧကရာဇ်က မငြင်းတော့ပါဘူး ။
သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြား ၁၆ပြားကို ထပ်ပေါင်းလိုက်တဲ့ အခါမှာတော့ အစောပိုင်းက ဝေစု အညီအမျှ မရခဲ့ကြတဲ့ အဆင့်နိမ့် ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ်တွေဟာ တစ်ယောက်ကို ကျောက်စိမ်းပြား သုံးပြားစီ ရသွားခဲ့ကြပါပြီ ။ ပြီးတော့ ကျောက်စိမ်းပြား တစ်ပြားတောင် ပိုနေပါသေးတယ်။
အဲသည်အတွက် အဆွေး ဧကရာဇ်က ပိုနေတဲ့ ကျာက်စိမ်းပြား တစ်ပြားကို ရှင်းရှောင်ဆီ ပစ်ပေးလိုက်ပါတယ် ။
" ရှင်းရှောင် …… သည်ကျောက်စိမ်းပြားက မင်းအတွက်ပဲ ။ ငါ့ကို စိတ်မပျက်စေနဲ့ "
" ကျေးဇူးတင်ပါတယ် …… တောင်အရှင်သခင် "
ရှင်းရှောင်ရဲ့ မျက်နှာကတော့ ပျော်ရွှင်မှုကြောင့် ဝင်းပ သွားခဲ့ပါပြီ ။
အဓိက အဖွဲ့အစည်း ခုနစ်ခုထဲမှာဆိုရင် ဘယ်မူလပင်လယ် နယ်ပယ် ဘုရင်ကမှ သူတော်စင် အထိမ်းအမှတ် ကျောက်တိုင်ဆီ မရောက်ခဲ့ကြဖူးပါဘူး ။ သူနဲ့လီဖူချန်းက ပထမဆုံးပါပဲ ။ ဒါကို သူ့အနေနဲ့ ဘယ်လိုလုပ် မပျော်ဘဲ နေနိုင်မှာတဲ့လဲ ။
'ခွေးမသားလေး…… နေနှင့်ဦးပေါ့ကွာ '
ခံစားချက် ခုနစ်ပါး သိုင်းဧကရာဇ်ကတော့ နတ်ကျက်သရေ အင်ပိုင်ယာရဲ့ ရွက်ဖျင်တဲထဲကနေပြီး လီဖူချန်းကို ကြည့်ကာ ကြိမ်းဝါးနေပါတယ် ။
အရင် အကြိမ်တွေမှာဆိုရင် သူက ဝေစုအဖြစ် သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြား ငါးပြားကနေ ခုနစ်ပြား အထိ ရခဲ့တာပါ ။
ဒါပေမဲ့လည်း သည်တစ်ကြိမ်မှာတော့ သူက ဝေစုအဖြစ် ကျောက်စိမ်းပြား နှစ်ပြားပဲ ရခဲ့ပါတယ် ။ သူ့အနေနဲ့ အခုလို ကျောက်စိမ်းပြားတွေ လျော့ပြီး ရခဲ့တာက လီဖူချန်းရဲ့ စနက်ကြောင့် ဆိုရင်လည်း မမှားပါဘူး ။
ပြီးတော့ သည်တစ်ကြိမ် အခွင့်အရေးကို အရယူပြီး မဟာ ဧကရာဇ် အဆင့်ကို တက်လှမ်းဖို့ ကြံရွယ်ထားတဲ့ သူ့ရဲ့ အိပ်မက်ကလည်း လီဖူချန်းကြောင့် မှေးမှိန် သွားခဲ့ရပါပြီ ။
………
" ငါ့နောက် လိုက်ခဲ့ကြ "
သူတော်စင် အထိမ်းအမှတ် ကျောက်စိမ်းပြားတွေကို ခွဲဝေပြီးတဲ့ နောက်မှာတော့ အဆွေး ဧကရာဇ်ဟာ သူတော်စင် အထိမ်းအမှတ် ကျောက်တိုင်ဆီကို ဦးဆောင်ပြီး ပျံသန်းသွားခဲ့ပါပြီ ။
ကျောက်စိမ်းပြားတွေ မရှိတဲ့ လူတွေကတော့ ငြိမ်းချမ်းရေး မြက်ခင်းပြင်မှာပဲ ကျန်နေခဲ့ကြပါတယ် ။
" အိုး…… ပြင်းလိုက်တဲ့ ဖိအားတွေပါလား "
သူတော်စင် အထိမ်းအမှတ် ကျောက်တိုင်ရဲ့ နယ်နိမိတ် အနီးအနားကိုတောင် မရောက်သေးပါဘူး ။ လီဖူချန်းက ကျောက်တိုင်ဆီက နေပြီး ဖိအားတွေကို စတင် ခံစားနေရပါပြီ ။
ပြီးတော့ လီဖူချန်းက သည်ကျောက်တိုင်ဆီကနေပြီး ကောင်းကင်ကိုတောင် ဖိနှိပ်ချင်တဲ့ စိတ်ဆန္ဒ အငွေ့အသက်ကို ခံစားနေရပါတယ် ။
" ကျွတ်……ကျွတ်……ကျွတ် ……ကျောက်တိုင်ရဲ့ အစောင့်ဝိညာဉ်က မရှိတော့ပါလား ။ အင်း……နှမြောစရာ ကောင်းလိုက်တာကွာ "
ရုတ်တရက် ဆိုသလိုပဲ အသံတစ်ခုဟာ လီဖူချန်းရဲ့ နားထဲကို ဝင်လာခဲ့ပါတယ် ။ အဲသည် အသံပိုင်ရှင်ကတော့ ဘုံခုနစ်ဆင့် ကောင်းကင်ဓားထဲမှာ အိပ်နေတဲ့ ဓားဝိညာဉ်ပါပဲ ။
" ဆရာကြီး …… ဆရာကြီးက သည် သူတော်စင် အထိမ်းအမှတ် ကျောက်တိုင်ကို သိတာလား "
လီဖူချန်းက မေးလိုက်ပါတယ် ။
" သူတော်စင် အထိမ်းအမှတ် ကျောက်တိုင်က တစ်ချိန်ကတော့ ငါ့ရဲ့ ပြိုင်ဘက်ကောင်းပဲ ။ သည်ကောင်ကလည်း မရေမတွက်နိုင်တဲ့ သူတော်စင်တွေကို သတ်ခဲ့တာပေါ့ကွာ "
" အင်း……အခုတော့လည်း သူတော်စင် အထိမ်းအမှတ် ကျောက်တိုင်ရဲ့ တာအို အငွေ့အသက်တွေပဲ ကျန်နေတော့ပါလား ။နှမြောစရာ ကောင်းလိုက်တာ …… နှမြောစရာ ကောင်းလိုက်စမ်းတာကွာ "
ဓားဝိညာဉ်က အတိတ်ကို လွမ်းဆွတ်တမ်းတနေတဲ့ လေသံနဲ့ ပြန်ဖြေလာခဲ့ပါတယ် ။
ဓားဝိညာဉ်ရဲ့ စကားကြောင့် လီဖူချန်းဟာ တစ်စုံတစ်ခုကို တွေးလိုက်မိပါတယ် ။
သည်ကမ္ဘာကြီးမှာက မငြိမ်းချမ်းခဲ့တဲ့ ကာလတစ်ခု သေချာပေါက် ရှိခဲ့ပြီး ဘုံခုနစ်ဆင့် ကောင်းကင်ဓား ၊ သူတော်စင် အထိမ်းအမှတ် ကျောက်တိုင်နဲ့ နတ်ဘုရားလက်ဟာ အဲသည်ကာလကနေ မြစ်ဖျားခံလာတာ ဖြစ်ရပါမယ် ။
သူတို့ရဲ့ ပိုင်ရှင်တွေကတော့ မရှိလောက်တော့ပါဘူး ။ ဒါပေမဲ့လည်း သူတို့ ချန်ထားရစ်ခဲ့တဲ့ ပစ္စည်းတွေကို ကြည့်ရုံနဲ့တင် သူတို့ဟာ ဘယ်လောက်အထိ တန်ခိုးထက်ခဲ့သလဲ ဆိုတာကို သိနိုင်နေပါပြီ ။
ဓားဝိညာဉ်က ဆက်ပြီး ပြောလာခဲ့ပါသေးတယ် ။
" သူတော်စင် အထိမ်းအမှတ် ကျောက်တိုင်ရဲ့ သခင်က အင်မတန် ကျော်ကြားတဲ့ တန်ခိုးရှင် တစ်ယောက်ပဲ ။ တစ်နေ့ မင်းသူ့အဆင့်ကို ရောက်တဲ့အခါကျရင် သူ့ကို အလိုလို သိလာလိမ့်မယ် "
အဲသည်စကား ပြီးတဲ့နောက်မှာတော့ ဓားဝိညာဉ်ရဲ့ အသံဟာ တိတ်သွားခဲ့ပါပြီ ။ ကြည့်ရတာတော့ သူက နောက်ထပ်တစ်ကြိမ် အိပ်မောကျသွားတဲ့ ပုံပါပဲ ။
***