← Chapters

ရာထူး နဲ့ အဆင့်အတန်း

Vol. 48 Ch. 656

ရာထူး နဲ့ အဆင့်အတန်း

Vol. 48 Ch. 656

" မင်းက သေချင်နေတာပဲ "

ဟွာကျန်းချီက တံဆိပ်တော် တစ်ခုကို ချေမွလိုက်ပြီး ကြိမ်းမောင်းလိုက်ပါတယ် ။

မြင်းတစ်သောင်းမြို့မှာဆိုရင် ဟွာကျန်းချီက ဘယ်သူ့ကိုမှ မကြောက်ပါဘူး ။တကယ်လို့ တစ်ဖက်လူက အထွတ်အထိပ် အဆင့် ဘုရင်တစ်ပါး ဒါမှမဟုတ် အကြို-ဧကရာဇ် တစ်ပါး ဖြစ်နေရင်တောင်မှ မြင်းတစ်သောင်း မြို့မှာဆိုရင် သူ့ကို မျက်နှာသာ ပေးရမှာပါပဲ ။

" နဂါးတွေတောင်မှာ ကျားတွေ ချောင်းနေပြီဆိုရင် အမြီး ခွေပေးရတယ်" ဆိုတဲ့ စကား ရှိတာ မဟုတ်ပါလား ။

" လီဖူချန်း …… သူက မြင်းတစ်သောင်းမြို့ရဲ့ မြို့စားသားပဲ ။ သူ့မှာက အားကောင်းတဲ့ နောက်ခံ  အသိုင်းအဝန်း ရှိတယ် ။ အချိန်ရှိတုန်း နင်သည်ကနေ အမြန် ထွက်သွားလိုက်တော့ "

စုမုယူက လီဖူချန်းရဲ့ ကျင့်ကြံခြင်းဟာ ဟွာချန်းချီထက် အများကြီး သာနေပြီ ဆိုတာကို သိမြင်ပြီးသားပါပဲ  ။ ဒါပေမဲ့လည်း သည်နေရာက တောကြီးမျက်မည်း မဟုတ်ဘဲ မြင်းတစ်သောင်းမြို့ ဖြစ်နေပါတယ် ။ တကယ်လို့သာ သည်နေရာက တောကြီးမျက်မည်း ဖြစ်နေမယ် ဆိုရင်တော့ သူတို့သုံးယောက်ဟာ ဟွာကျန်းချီကို သည်လောက်အထိ ကြောက်နေမှာ မဟုတ်ပါဘူး ။

လီဖူချန်းကတော့ သူ့ဝသီအတိုင်း အေးအေးဆေးဆေး ရှိနေဆဲပါပဲ ။ သူက လုံးဝ မကြောက်လန့်ဘဲ စုမုယူကိုတောင် ပြန်ပြီး နှစ်သိမ့်လိုက်ပါသေးတယ် ။

" စိတ်မပူနဲ့ ။သူ့ရဲ့ နောက်ခံကို ငါ ခန့်မှန်းပြီးပြီ ။ မြင်းတစ်သောင်းမြို့မှာ သည်လောက်အထိ သောင်းကျန်းနေရဲမှတော့ သူက မြို့စားသားပဲ ဖြစ်မှာပေါ့ "

လီဖူချန်းရဲ့ စကားကို ကြားအပြီးမှာတော့ ချီဟန်က အံကို တင်းတင်း စေ့လိုက်ပြီး စုမုယူတို့ကို ဖျောင်းဖျလိုက်ပါတယ် ။

" လီဖူချန်းက ဘယ်တော့မှ အဓိပါ္ပယ် မရှိတာကို မလုပ်ဘူး ။ ပြီးတော့ ငါတို့ကလည်း ပြေးလို့မှ မလွတ်တော့တာ ။ လာစမ်းပါ ။ အပေါ်တက်ပြီး တစ်ခွက်လောက် သွားသောက်ကြရအောင် "

" ဟုတ်ပြီလေ ။ ဒါဆိုရင်လည်း သွားကြတာပေါ့ "

ရွေးချယ်စရာလမ်း မရှိမှတော့ တန်ကျင်းယွန် နဲ့ စုမုယူတို့ဟာ ငြင်းမနေတော့ပါဘူး ။ သူတို့က သူတို့ရဲ့ အစွမ်းသက်သက်နဲ့ ဟွာကျန်းချီ လက်ထဲကနေ ပြေးမလွတ်ဘူး ဆိုတာကို ရိပ်မိပြီးကြပါပြီ ။ အဲသည်အတွက် သူတို့က သူတို့ရဲ့ ကံကြမ္မာကို လီဖူချန်း လက်ထဲသာ ဝကွက်အပ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် ။

" စားပွဲထိုး…… ငါ့ကို နောက်ထပ် ဆောင်းအိပ်မက် သေရည် သုံးအိုး ချပေး "

ချီဟန်တို့ သုံးယောက် ရောက်လာတဲ့ အခါမှာတော့ လီဖူချန်းက စားပွဲထိုးကို လှမ်းခေါ်ပြီး နောက်ထပ် သေရည် သုံးအိုး မှာလိုက်ပါတဟ် ။

စားပွဲထိုးကတော့ အတော်လေး ကြောက်ရွံ့နေခဲ့ပါပြီ ။

" သခင်လေး…… အောက်မှာ ရောက်နေတဲ့သူက မြင်းတစ်သောင်းမြို့ရဲ့ မြို့စားသားတော် ဟွာကျန်းချီနော် ။ ကျွန်တော့် အမြင် ပြောရရင် သခင်လေးတို့အားလုံး  အချိန်ရှိတုန်း သည်ကနေ မြန်မြန် ထွက်သွားရင် ပိုကောင်းမယ် "

နှင်းပျံမြေခွေး စားသောက်ဆိုင်က နာမည်ကျော် စားသောက်ဆိုင် တစ်ခု ဖြစ်ပြီး တောင့်တင်းတဲ့ နောက်ခံ အသိုင်းအဝိုင်း ရှိပေမယ့် မြို့စားဂေဟာကိုတော့ ဘယ်လိုမှ ထိပ်တိုက် မတွေ့ဝံ့ပါဘူး ။

လီဖူချန်းကတော့ စားပွဲထိုးလေးရဲ့ သတိပေးစကားကို လုံးဝ နားမဝင်ပုံပါပဲ ။ သူက သေရည်ကိုသာ မှာနေပါတယ် ။

" စားပွဲထိုးလေး…… အဲဒါတွေကို ပူမနေစမ်းပါနဲ့ ။ မင်းရဲ့ တာဝန်က ဧည့်သည်တွေရဲ့ လိုအပ်မှုကို ဖြည့်ဆည်းပေးဖို့ မဟုတ်လား ။ ငါမှာတဲ့အတိုင်း ဆောင်းအိပ်မက် သေရည် နှစ်အိုးသာ လာချစမ်းပါ ။ မြို့စားသားတော် အဆင့်လောက်ကို ဘယ်သူက ဂရုစိုက်လို့လဲ "

လီဖူချန်းရဲ့ ပြောစကားကို နားထောင်ပြီးတဲ့ အခါမှာတော့ စားပွဲထိုးလေးဟာ အတော်လေး အံ့အားသင့်သွားခဲ့ပါတယ် ။

' မြို့စားသားတော် အဆင့်လောက်ကို ဘယ်သူက ဂရုစိုက်လို့လဲ …… ဟုတ်လား '

ဖြစ်နိုင်တာကတော့ လီဖူချန်းက ရူးနေတာ ဟုတ်ရင်ဟုတ် ၊ မဟုတ်ရင် သူက တကယ် ကြီးမားတဲ့ နောက်ခံ အသိုင်းအဝိုင်း ရှိနေလို့ပါပဲ ။

" ဒုတိယ တစ်ခုက ပိုဖြစ်လောက်မယ် "

စားပွဲထိုးက စိတ်ထဲကနေ တွေးလိုက်မိပါတယ် ။

ဘယ်လိုပဲဖြစ်ဖြစ် ။ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သန်းတစ်ရာလောက်ကို မျက်တစ် တစ်ချက်မှ မခတ်ဘဲ သုံးနိုင်တဲ့လူက သာမန်လူတော့ မဖြစ်လောက်ပါဘူး ။

ဆောင်းအိပ်မက် သေရည်တွေ ရောက်လာတဲ့ အခါမှာတော့ စုမုယူတု့ိ သုံးယောက်ဟာ တစ်ငုံစီ သောက်လိုက်မိကြပါတယ် ။

နဂိုမူလတုန်းကတော့ သူတို့ဟာ အတော်လေး စိတ်လှုပ်ရှား နေခဲ့ကြတာပါ ။ ဒါပေမဲ့ သေရည်ကို တစ်ငုံလောက် သောက်ပြီးတဲ့ အခါမှာတော့ သူတို့ဟာ တည်ငြိမ် သွားခဲ့ကြပါပြီ ။ ပြီးတော့ သူတို့က လီဖူချန်းကို သေရည်အကြောင်း မေးလိုက်မိကြပါသေးတယ် ။

"လီဖူချန်း …… သည်သေရည်က ဘာတဲ့လဲ ။ ဒါက တော်တော် ဈေးကြီးမယ့်ပုံပဲ "

ဘေးနားမှာ ရှိနေတဲ့ စားပွဲထိုးလေးက လုံးဝ မနေနိုင်ပါဘူး ။ သူက လီဖူချန်းအစား ဖြေပေးလိုက်ပါတယ် ။

" ဧည့်သည်တော်တို့ …… ဒါက ကျွန်တော်တို့ နှင်းပျံမြေခွေး စားသောက်ဆိုင်ရဲ့ ဈေးအကြီးဆုံး သေရည်ဖြစ်တဲ့ ဆောင်းအိပ်မက်ပါ ။ ဒါက တစ်အိုးကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သန်း၂၀ ကျသင့်ပါတယ် "

" ဘာ …… အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သန်း၂၀ ဟုတ်လား "

စုမုယူတို့ သုံးယောက်ရဲ့ မျက်လုံးတွေဟာ ပြူ းကျယ်သွားခဲ့ပါပြီ ။

သူတို့သုံးယောက်ရဲ့ ကြွယ်ဝချမ်းသာမှု အကုန်လုံးကို ပေါင်းလိုက်ရင်တောင်မှ သူတို့ရဲ့ ပိုင်ဆိုင်မှုဟာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သန်းအနည်းငယ်ပဲ ရှိပါတယ် ။ အဲသည်အတွက် သူတို့က သည်သေရည် တစ်အိုးကို ဝယ်သောက်ဖို့တောင် မတတ်စွမ်းပါဘူး ။

ဟူး……ဟူး……ဟူး……

အဲသည်အချိန်မှာတော့ နှင်းပျံမြေခွေး စားသောက်ဆိုင်ကို အဆင့်မြင့် မူလပင်လယ်နယ်ပယ် ဘုရင် အုပ်စု တစ်စုက ဝိုင်းထားလိုက်ကြပါပြီ ။

" အရှင့်သား "

တစ်ချိန်တည်းမှာပဲ မီးခိုးရောင် ဆံပင်တွေနဲ့ အဘိုးကြီး တစ်ယောက်က ဟွာကျန်းချီရှေ့မှာ ပေါ်လာပြီး သူ့ကို အရိုအသေ ပေးလာခဲ့ပါတယ် ။

" သူတို့အားလုံးကို ဆွဲထုတ်ခဲ့ "

ဟွာကျန်းချီက အေးစက်စက် လေသံနဲ့ အဘိုးကြီးကို အမိန့်ပေးလိုက်ပါတယ် ။

" အမိန့်အတိုင်းပါ …… အရှင့်သား "

ဟွာကျန်းချီရဲ့ စကားဆုံးတာနဲ့ တစ်ပြိုင်နက် အဘိုးကြီးဟာ အဆင့်မြင့် မူလပင်လယ် နယ်ပယ် ဘုရင်လေးပါးကို ခေါ်ဆောင်ပြီး နှင်းပျံမြေခွေး စားသောက်ဆိုင်ဆီကို ပျံသန်းသွားခဲ့ကြပါပြီ ။

စုမုယူ ၊ ချီဟန်နဲ့ တန်ကျင်းယွန်တို့ကတော့ အသက်ကိုတောင် ရဲရဲ မရှုဝံ့တော့ပါဘူူး ။

ဘန်း………

မီးခိုးရောင် ဆံပင်တွေနဲ့ အဘိုးကြီး ဦးဆောင်တဲ့   မူလပင်လယ်နယ်ပယ် ဘုရင် ငါးပါးဟာ နှင်းပျံမြေခွေး စားသောက်ဆိုင်ရဲ့ အပေါ်ထပ်ကို ရောက်ခါနီး အချိန်မှာပဲ မမြင်ရတဲ့ အကာအကွယ် တစ်ခုက သူတို့ကို ရိုက်ထုတ်ပစ်လိုက်ပါတယ် ။

မီးခိုးရောင် ဆံပင်တွေနဲ့ အဘိုးကြီးက ဒေါသတကြီး ဖြစ်သွားခဲ့ပါပြီ ။

" ဘယ်သူက စားသောက်ဆိုင်ရဲ့ ဝင်္ကပါ အကာအကွယ် အစီအရင်ကို အသက်သွင်းလိုက်တာလဲ ။ ဒါက မြို့စားသားတော် ဟွာကျန်းချီကွ "

အဘိုးကြီးက စားသောက်ဆိုင်ရဲ့ ဝန်ထမ်းတွေထဲက တစ်ယောက်ဟာ အကာအကွယ် ဝင်္ကပါ အစီအရင်ကို ဖွင့်လိုက်တယ်လို့ ထင်နေခဲ့တာပါ ။

" အကာအကွယ် ဝင်္ကပါ အစီအရင်ကိုပါ ဖျက်ဆီးပစ်လိုက် ။ ကျန်တာကို ငါရှင်းမယ် "

ဟွာကျန်းချီရဲ့ အေးစက်စက် အသံက ထပ်ပြီး ပေါ်လာပြန်ပါတယ် ။

နှင်းပျံမြေခွေး စားသောက်ဆိုင်က သူတို့ကို မျက်နှာသာ မပေးမှတော့ သူတို့အနေနဲ့လည်း စားသောက်ဆိုင်ကို ဘာမှ မျက်နှာသာ ပြန်ပေးစရာ မလိုပါဘူး ။

" သွားစမ်း "

မီးခိုးရောင် ဆံပင်တွေနဲ့ အဘိုးကြီးက ကျောပေါ်က သူ့ရဲ့ တိုက်ပွဲဝင် ဓားမကြီးကို ဆွဲထုတ်ပြီး အကာအကွယ် ဝင်္ကပါ အစီအရင်ကို ပိုင်းချလိုက်ပါတယ် ။

ရွှီး……

ကြောက်စရာကောင်းလှတဲ့ အရှိန်အဝါတွေကို သယ်ဆောင်ထားတဲ့ အဖြူ ရောင် ဓားအလင်းတန်း တစ်ခုဟာ နှင်းပျံမြေခွေး စားသောက်ဆိုင်ဆီကို ပြေးဝင်သွားခဲ့ပါပြီ ။

ဘန်း……

ဒါပေမဲ့လည်း ဓားအလင်းတန်းကသာ ပျက်စီးသွားပြီး နှင်းပျံမြေခွေး စားသောက်ဆိုင်ကတော့ ဘာမှကို မဖြစ်ပါဘူး ။

" အားလုံးပေါင်းပြီးတိုက်ကြ "

မီးခိုးရောင် ဆံပင်တွေနဲ့ အဘိုးကြီးက နီရဲနေတဲ့ မျက်နှာနဲ့ အားလုံးကို အမိန့်ပေးလိုက်ပါတယ် ။

ဘန်း……ဘန်း……ဘန်း……

အဆင့်မြင့် မူလပင်လယ်နယ်ပယ် ဘုရင် အုပ်စုဟာ နှင်းပျံမြေခွေး စားသောက်ဆိုင်ကို ဆက်တိုက်ဆိုသလို အဆက်မပြတ် တိုက်ခိုက်လိုက်ကြပါတယ် ။

ဒါပေမဲ့လည်း နှင်းပျံမြေခွေး စားသောက်ဆိုင်ရဲ့ အကာအကွယ် ဝင်္ကပါ အစီအရင်ကတော့ တုတ်တုတ်ကို မလှုပ်ပါဘူး ။

ဆယ်မိနစ် အကြာမှာတော့ အဆင့်မြင့် မူလပင်လယ်နယ်ပယ် ဘုရင် အုပ်စုဟာ နှင်းပျံမြေခွေး စားသောက်ဆိုင်ကို တိုက်ခိုက်နေတာကို ရပ်တန့်လိုက်ကြပါပြီ ။ ပြီးတော့ သူတို့က အချင်းချင်း မယုံကြည်နိုင်စွာနဲ့ ကြည့်မိလိုက်ကြပါသေးတယ် ။

စားသောက်ဆိုင် တစ်ခုရဲ့ အကာအကွယ် ဝင်္ကပါ အစီအရင်က ဘယ်တုန်းကစပြီး သည်လောက်အထိ အဆင့်မြင့်သွားတာလဲ ဆိုပြီးတော့ပေါ့ ။

ဟွာကျန်းချီကလည်း တစ်ခုခု မှားနေပြီ ဆိုတာကို  ခံစားလိုက်မိပါတယ် ။

" လီဖူချန်း…… ဒါက နင်လုပ်နေတာလား "

စုမုယူက လီဖူချန်းကိုကြည့်ပြီး လှမ်းမေးလိုက်ပါတယ် ။

လီဖူချန်းက မငြင်းပါဘူး ။ သူက ပြုံးလိုက်ပြီး

" အင်း…… သည်ကောင်တွေကို သင်ခန်းစာပေးဖို့ အချိန်တန်ပြီ "

စကားပြောနေရင်းမှာပဲ လီဖူချန်းက သူ့လက်ထဲက သေရည်ခွက်ထဲကို သေရည် တချို့ လောင်းထည့်ုပြီး အပြင်ဘက်ကို လှမ်းပက်လိုက်ပါတော့တယ် ။

" အား "

" အီး "

" အမယ်လေး "

" သေပါပြီဗျ "

အဲသည်နောက်မှာတော့  ဟွာကျန်းချီ အပါအဝင် လူအားလုံးဟာ သွေးအလူးလူး ဖြစ်သွားခဲ့ကြပါပြီ ။

" ကြည့်ရတာ သည်နေ့တော့ ဟွာကျန်းချီက ပစ်မှတ်ရွေးတာ မှားသွားပုံပဲ "

ဘေးနားကနေ ပွဲကြည့်နေကြတဲ့ လူတွေကလည်း အချင်းချင်း တီးတိုး ပြောနေကြပါတယ် ။

အဆင့်မြင့် မူလပင်လယ်နယ်ပယ် ဘုရင်တစ်အုပ်ကို အရက်နဲ့ လှမ်းပက်ပြီး ဒဏ်ရာ ရစေနိုင်တဲ့လူက ဘယ်လိုနည်းနဲ့မှ သာမန် မူလပင်လယ် နယ်ပယ် ဘုရင်တစ်ပါး မဖြစ်နိုင်ပါဘူး ။

သူက အနည်းဆုံး အကြို-ဧကရာဇ် ဒါမှမဟုတ် တိုက်ခိုက်ရေး ဧကရာဇ်ပဲ ဖြစ်ရပါမယ် ။

ပြီးတော့ ဘယ်အကြို-ဧကရာဇ် နဲ့ ဘယ်တိုက်ခိုက်ရေး ဧကရာဇ်မှာမဆို ကြီးမားတဲ့ နောက်ခံ အသိုင်းအဝိုင်း ရှိစမြဲပါပဲ ။ အထူးသဖြင့် တိုက်ခိုက်ရေး ဧကရာဇ်တွေက ပိုဆိုးပါတယ် ။

" သည်ကသခင်လေး …… သခင်လေးက ဘာဖြစ်လို့ ကျုပ်ကို ဆန့်ကျင်နေရတာလဲ "

ဟွာကျန်းချီက အရင်လို ဆောင့်ကြွားကြွား မလုပ်ရဲတော့ပါဘူး ။ သူက နာကျင်မှုကို အံကျိတ်ခံပြီး  လီဖူချန်းကို လေသံပျော့ပျော့နဲ့ မေးလာခဲ့ပါတယ် ။

လီဖူချန်းက မထီတရီ ပြုံးလိုက်ပြီး

" မင်းက မြင်းတစ်သောင်းမြို့စားရဲ့ သားဆိုပြီး သည်မြို့ထဲမှာ ထင်ရာစိုင်းနေတာ မဟုတ်လား ။ ငါ့အမြင် ပြောရရင် မင်းက မျောလွင့်ကောင်းကင်တောင် ချမှတ်ထားတဲ့ စည်းကမ်းတွေကိုတောင် ဂရုစိုက်ပုံ မရဘူး ။ သည်တော့ ငါမင်းရဲ့ မကောင်းတဲ့ စိတ်ဆန္ဒကို နှစ်၁၀၀ ချိပ်ပိတ်လိုက်မယ် "

စကားပြောနေရင်းနဲ့ပဲ လီဖူချန်းက ထူးဆန်းတဲ့ လက်ဟန်တစ်ခုကို ပြုလုပ်လိုက်ပြီး ဟွာကျန်းချီဆီကို ချိပ်ပိတ်မန္တာန် တစ်ခု ပစ်လွှတ်လိုက်ပါတယ် ။

အဲသည်နောက်မှာတော့ ထူးဆန်းတဲ့ အမှတ်အသား တစ်ခုဟာ ဟွာကျန်းချီရဲ့ နှလုံးသားထဲကို တိုးဝင်သွားခဲ့ပါပြီ ။

" မင်း…… မင်း……မင်း…… ငါ့ကို ဘာလုပ်လိုက်တာလဲ "

ဟွာကျန်းချီက ဒေါသတကြီးနဲ့ အော်ဟစ်လာခဲ့ပါတယ် ။

" အား "

ရုတ်တရက် ဆိုသလိုပဲ ဟွာကျန်းချီဟာ မြေပြင်ပေါ်မှာ လူးလိမ့်နေခဲ့ပါပြီ ။ သူ့ကို ကြည့်ရတာက အတော်လေး နာကျင်နေပုံပါပဲ ။

" နှစ်ပေါင်း ၁၀၀ ။ သည်နှစ်ပေါင်း ၁၀၀ အတွင်းမှာ စိတ်ကောင်းထားတတ်အောင် ကြိုးစား ။ တကယ်လို့ မင်းဆီမှာ မကောင်းတဲ့ စိတ်ယုတ်မာတွေ ပေါ်လာပြီ ဆိုတာနဲ့ အခုလိုပဲ နာကျင်နေရလိမ့်မယ် "

လီဖူချန်းကတော့ လေသံ အေးအေးလေးနဲ့ ဟွာကျန်းချီကို ရှင်းပြနေပါတယ် ။

အစောပိုင်းတုန်းက သူထုတ်သုံးလိုက်တဲ့ မန္တာန်ကတော့ " အမုန်းကွယ်ပျောက် မိစ္ဆာလက်အောက် " မန္တာန်ပါပဲ ။

ယေဘုယျအားဖြင့် ဆိုရင်တော့ သည်မန္တာန်ဟာ ကိုယ့်ရဲ့ အတွင်းစိတ်တစ္ဆေကို နှင်တဲ့နေရာမှာ အသုံးပြုရတာပါ ။ အထူးသဖြင့် သည်မန္တာန်ဟာ မိစ္ဆာ ၊နာနာဘာဝတွေနဲ့ ဆိုရင် ပိုပြီး အစွမ်းပြပါတယ် ။

လက်ရှိ လီဖူချန်းရဲ့ ဂါထာ၊မန္တရား ပညာရပ်အပေါ် ကျွမ်းကျင်မှုအရ ဆိုရင်တော့ ဂါထာ၊မန္တရား သိုင်းဧကရာဇ် ကိုယ်တိုင်တောင်မှ သူလုပ်ထားတဲ့ မန္တာန်ကို ဖြည်နိုင်မှာ မဟုတ်ပါဘူး ။

ဟုတ်ပါတယ် ။တကယ်လို့ ဟွာကျန်းချီက သူ့ရဲ့ အမူအကျင့်ကို ပြင်နိုင်သွားပြီ ဆိုရင်တော့ သည်အမုန်းကွယ်ပျောက် မိစ္ဆာလက်အောက် မန္တာန်ဟာ ဖြည်နေစရာတောင် လိုမှာ မဟုတ်ပါဘူး ။အဲဒါက အလိုလို ကွယ်ပျောက်သွားမှာ ဖြစ်ပါတယ် ။

" ဘယ်သူက ငါ့ရဲ့သားကို မြင်းတစ်သောင်း မြို့ထဲမှာ အနိုင်ကျင့်ရဲတာလဲ "

ရုတ်တရက် ဆိုသလိုပဲ အသံ တစ်သံဟာ ကောင်းကင်ယံထက်ကနေပြီး ထွက်ပေါ်လာခဲ့ပါပြီ ။

" အဲဒါက မြင်းတစ်သောင်းမြို့စား ဟွာထန်းရှုံပဲ "

လူအုပ်ထဲက တစ်ယောက်က အော်ပြောလာခဲ့ပ်တယ် ။

ဟွာထန်းရှုံရဲ့ ကျင့်ကြံခြင်းက အထွတ်အထိပ ် အဆင့် မူလပင်လယ် နယ်ပယ် ဘုရင် တစ်ပါးထက်  မပိုပါဘူး ။ ဒါပေမဲ့လည်း မြင်းတစ်သောင်း မြို့အတွင်းမှာ ဆိုရင်တော့ သူက အကြို-ဧကရာဇ် တစ်ပါးကိုတောင်မှ ဖိနှိပ်နိုင်ပါတယ် ။

" ခင်ဗျားက မြင်းတစ်သောင်း မြို့စားလား "

လီဖူချန်းကတော့ ဟွာထန်းရှုံကိုလည်း သောက်ဂရု စိုက်ပုံ မရပါဘူး ။ သူက ဟွာထန်းရှုံကို မော့ကြည့်ပြီး အေးစက်စက်နဲ့ လှမ်းမေးလိုက်ပါသေးတယ် ။

" မင်းက ဘယ်သူမို့ ငါ့ကို မေးရဲတာလဲ "

ဟွာထန်းရှုံကလည်း ပြန်မေးလာခဲ့ပါတယ် ။

" ကျုပ်က မျောလွင့်ကောင်းကင်တောင်ရဲ့ တိုက်ရိုက်မျိုးဆက်တပည့် လီဖူချန်းပဲ "

ပြောနေရင်းနဲ့ပဲ လီဖူချန်းက မျောလွင့်ကောင်းကင်တောင် တိုက်ရိုက်မျိုးဆက်တပည့် တံဆိပ်တော်ရဲ့ အရှိန်အဝါကို ထုတ်ပြလိုက်ပါတယ် ။

" တိုက်ရိုက်မျိုးဆက် တပည့်လား "

ဟွာထန်းရှုံရဲ့ မျက်လုံးတွေက ပြူ းကျယ်သွားခဲ့ပါပြီ ။ပြီးတော့ သူက ချက်ချင်းဆိုသလိုပဲ မြေပြင်ပေါ်ကို ကမန်းကတန်း ဆင်းလာခဲ့ပါတယ် ။

မျောလွင့်ကောင်းကင်တောင်ရဲ့ တိုက်ရိုက်မျိုးဆက် တပည့် ဆိုတဲ့ အဆင့်အတန်းက နောက်စရာ မဟုတ်ပါဘူး ။ အဲဒါက စီရင်စု အရှင်သခင်တွေထက် အဆင့်အတန်း ပိုမြင့်မားပြီး နယ်စားတွေထက် မဆိုစလောက်ကလေးသာ နိမ့်ကျတာပါ ။

သူ့လို သာမန် မြို့တစ်မြို့က မြို့စားတစ်ယောက် ဆိုတာက မျောလွင့်ကောင်းကင်တောင်ရဲ့ တိုက်ရိုက်မျိုးဆက် တပည့်ဖြစ်တဲ့ လီဖူချန်း အတွက်တော့ ဘာမှမဟုတ်တဲ့ ရာထူး တစ်ခုပါပဲ ။ တကယ်လို့ လီဖူချန်းက သူ့ကို သတ်ပစ်လိုက်ရင်တောင်မှပဲ မျောလွင့်ကောင်းကင်တောင်ဟာ လီဖူချန်းကို သိပ်ပြီး အပြစ်ဒဏ် ကြီးကြီးမားမား ပေးမှာ မဟုတ်ဘူး ။ အလွန်ဆုံးမှ ကျမ်းစာဆောင်မှာ တစ်နှစ်လောက် တိုက်ပိတ်ရုံပဲ ရှိမှာပါ ။

" ဟွာထန်းရှုံက အရှင့်ကို ဂါဝရ ပြုပါတယ် "

မြေပြင်ပေါ်ကို ရောက်တာနဲ့ တစ်ပြိုင်နက် ဟွာထန်းရှုံက လီဖူချန်းဆီကို အပြေးလေး သွားလိုက်ပြီး လက်နှစ်ဖက် ဆုပ်ကာ အရိုအသေ ပေးလိုက်ပါတယ် ။

" မြို့စားမင်း "

မီးခိုးရောင် ဆံပင်ပိုင်ရှင် အဘိုးကြီးနဲ့ ကျန်တဲ့သူတွေကတော့ ဟွာထန်းရှုံကို အကြောင်သား ငေးကြည့်နေခဲ့ပါတယ် ။ သူတို့က ဘာတွေဖြစ်လို့ ဖြစ်သွားမှန်းကို သတိ မပြုမိလိုက်ပါဘူး ။

" မင်းတု့ိအားလုံး အခုချက်ချင်း ဒူးထောက်ကြစမ်း ။ ပြီးရင် သည်သခင်လေးဆီက ခွင့်လွှတ်မှုကို တောင်းခံကြ "

ဖုန်း……ဖုန်း……ဖုန်း……

ဟွာထန်းရှုံက သူ့ရဲ့ လူတွေ အားလုံးကို ကန်ကျောက်လိုက်ပြီး လီဖူချန်းကို ဒူးထောက် တောင်းပန်စေလိုက်ပါတယ် ။ သူကန်ကျောက်လိုက်တဲ့ လူတွေထဲမှာတော့ သူ့ရဲ့ သားဖြစ်သူ ဟွာကျန်းချီတောင် ခြွင်းချက် မရှိပါဘူး ။

" အရှင် …… ကျေးဇူးပြု ပြီး မသိတတ်တဲ့ ကျွန်တော်မျိုးတို့ရဲ့ အသက်ကို ခွင့်လွှတ်ပေးတော်မူပါ "

မူလပင်လယ် နယ်ပယ် ဘုရင်တွေ ဆိုတာက အရိပ်ပြတာနဲ့ အကောင်မြင်ပြီးသား လူတွေပါပဲ ။ သူတို့က ဟွာထန်းရှုံရဲ့ အပြုအမူကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် နှင်းပျံမြေခွေး စားသောက်ဆိုင်ရဲ့ အပေါ်ဆုံးထပ်မှာ ရှိနေတဲ့ လူငယ်ဟာ ဟွာထန်းရှုံထက် ရာထူး၊အဆင့်အတန်း အများကြီး ပိုမြင့်တယ် ဆိုတာကို တန်းပြီး သိလိုက်ပါတယ် ။

တကယ်လို့သာ သူတို့အနေနဲ့ လီဖူချန်းကို ဒူးထောက် မတောင်းပန်ဘူး ဆိုရင်တော့ ဟွာထန်းရှုံကိုယ်တိုင်လည်း သူတို့အသက်ကို အာမခံပေးနိုင်မယ့်ပုံမှာ မပေါ်ပါဘူး ။

အဲသည်အတွက် သူတို့က အပြိုင်အဆိုင် ဒူးထောက်ပြီး လီဖူချန်းဆီက ခွင့်လွှတ်မှုကို တောင်းခံကြပါတော့တယ် ။

" မင်းတို့အားလုံး သွားလို့ရပြီ ။ ဟွာထန်းရှုံ …… ခင်ဗျားအနေနဲ့ ခင်ဗျားရဲ့ လူတွေကို ပိုပြီး စည်းကမ်းတင်းကြပ်ဖို့ လိုမယ် ။ မဟုတ်ရင်တော့ မျောလွင့်ကောင်းကင်တောင်က ခင်ဗျားကို သည်အတိုင်း ကြည့်နေမှာ မဟုတ်ဘူး "

လီဖူချန်းက အေးစက်စက် လေသံနဲ့ ဟွာထန်းရှုံတို့ကို သွားခွင့် ပြုလိုက်ပါတယ် ။

" ဟုတ်ကဲ့ပါ …… အရှင် "

အဲသည်နောက်မှာတော့ ဟွာထန်းရှုံတို့ အုပ်စုဟာ နှင်းပျံမြေခွေး စားသောက်ဆိုင်ကနေ ထွက်သွားခဲ့ကြပါပြီ ။

ဘေးကနေ ပွဲကြည့်နေတဲ့ လူတွေကတော့ သို့လော၊သို့လောနဲ့ ကျန်နေခဲ့ကြပါတယ် ။

" ဟွာထန်းရှုံ ပြောတဲ့ အရှင်ဆိုတာက ဘယ်သူလဲ မသိဘူး "

" အရူး…… မင်းက ဒါလေးတောင် မရိပ်မိဘူးလား ။ ဟွာထန်းရှုံကိုယ်တိုင်က အရှင်လို့ ခေါ်နေမှတော့ အဲသည်လူငယ်က မျောလွင့်ကောင်းကင်တောင်ရဲ့ ထိပ်ပိုင်းက နေမှာပေါ့ကွ "

" သူ့ကိုလည်း ကြည့်ကြပါဦး ။ သူ့ရဲ့ အသက်က သုံးဆယ်တောင် ပြည့်ဦးမယ့်ပုံမှာ မရှိဘူူး ။ ကြည့်ရတာ သူက မျောလွင့်ကောင်းကင်တောင်ရဲ့ တိုက်ရိုက်မျိုးဆက် တပည့်ပဲ နေမယ် "

လူတွေအားလုံးရဲ့ ထင်မြင်ချက်ကို ကြားနေရတဲ့အတွက် စုမုယူက ဘယ်လိုမှ မနေနိုင်တော့ပါဘူး ။ အဲသည်အတွက် သူမက လီဖူချန်းကို လှမ်းပြီး မေးလိုက်ပါတယ် ။

" လီဖူချန်း…… နင့်ရဲ့ လက်ရှိ အဆင့်အတန်းက ဘာလဲ ။ မြင်းတစ်သောင်း မြို့စားတောင်မှာ နင့်ကို အတော်လေး ကြောက်နေပုံပဲနော် "

လီဖူချန်းက ပြုံးလိုက်ပြီး

" အင်း…… ငါက သိပ်မကြာခင်ကမှ ကံကောင်းပြီး မျောလွင့်ကောင်းကင်တောင်ရဲ့ တိုက်ရိုက်မျိုးဆက် တပည့် ဖြစ်လာခဲ့တာလေ ။ သည်တော့ ဟွာထန်းရှုံက ငါ့ကို ကြောက်ရမှာပေါ့ "

" သြော်…… လက်စသတ်တော့ သည်လိုပါလား "

အခုမှပဲ စုမုယူတို့ သုံးယောက်ဟာ ဟွာထန်းရှုံအနေနဲ့ ဘာဖြစ်လို့ လီဖူချန်းကို အကြောက်ကြီး ကြောက်နေရသလဲ ဆိုတာကို သိသွားပါတော့တယ် ။

မျောလွင့်ကောင်းကင်တောင် ဆိုတာက ဧကရာဇ်ကောင်းကင် ကုန်းမြေတိုက်ရဲ့ အဓိက အင်အားစုကြီး ခုနစ်ခုထဲ တစ်ခု ဖြစ်တဲ့အတွက် တိုက်ရိုက်မျိုးဆက် တပည့် ဆိုတဲ့ အဆင့်အတန်းဟာ သာမန်မြို့စား တစ်ဦးဖြစ်တဲ့ ဟွာထန်းရှုံကို သေးထွက်မတတ် ကြောက်ရွံ့စေမှာ အသေအချာပါပဲ ။

" ဒါနဲ့ မင်းတို့သုံးယောက် သည်ကုန်းမြေတိုက်ပေါ်ကို ရောက်နေတာ ဘယ်လောက် ကြာနေပြီလဲ ။ တခြားလူတွေကိုကော မတွေ့မိကြဘူးလား "

လီဖူချန်းက စုမုယူတို့ရဲ့ အတွေ့အကြုံကို သိချင်တဲ့အတွက် မေးကြည့်လိုက်ပါတယ် ။

သူကတော့  အရှေ့ယူနီကွန်းတိုက်က လူလေးယောက်ကို ဧကရာဇ် ကောင်းကင် ကုန်းမြေတိုက်ကြီးမှာ တွေ့ခဲ့ပြီးပါပြီ ။ အဲသည်လူတွေကတော့ စုမုယူတို့ သုံးယောက်နဲ့ ရှင်းတိကောဝမ်ပါပဲ ။

(note -  စာစဉ် ၄၈ မှာ ဆယ့်သုံးပိုင်းပဲ ပါပါတယ် ။ ဒါပေမဲ့ အပိုင်းတစ်ခုကို eng translate အပိုင်းနဲ့ တရုတ် ညီအောင် ၂ပိုင်းခွဲစာ ပေါင်းပြီး ရေးထားပေးပါတယ် ။ သည်တော့ တကယ်တမ်းမှာ ဆယ့်လေးပိုင်းခွဲ ပါပါတယ်ဗျ ။ အားပေးကြတာ ကျေးဇူးပါ ။ )

***

All Chapters