← Chapters

ဓားအရွေ့

Vol. 49 Ch. 658

ဓားအရွေ့

Vol. 49 Ch. 658

" မလုပ်…… မလုပ်ပါနဲ့ "

ကောင်းကင်ပေါ်က လူဟာ အလွန်အမင်း ကြောက်ရွံ့နေခဲ့ပါပြီ ။ ပြီးတော့ သူက သောက်တလွဲ သတင်းတွေ ပေးခဲ့တဲ့ အမှောင်ထုကလန်ရဲ့ သတင်းစုဆောင်းရေး ဌာနကိုလည်း စိတ်ထဲကနေ ကျိတ်ပြီး ကျိန်ဆဲနေမိပါတယ် ။

လီဖူချန်းဆိုတဲ့ ပစ်မှတ်က မူလပင်လယ် နယ်ပယ် အဆင့်မှာသာ ရှိသေးတယ်လို့  ဘယ်သူက သတင်းပေးခဲ့တာလဲ ။

သည်လူငယ်ရဲ့ အစွမ်းက မူလပင်လယ် နယ်ပယ် အဆင့် လုံးဝ မဟုတ်ပါဘူး ။ သူက ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် အလယ်အလတ် အဆင့် ဧကရာဇ်တွေကိုတောင် ယှဉ်နိုင်နေပါပြီ ။

ဘန်း……

လီဖူချန်းရဲ့ တန်ခိုးစွမ်းအားလက်ကတော့ ဘယ်သူ့အပေါ်ကိုမှ ညှာတာ ၊ သနားလေ့ မရှိပါဘူး ။

" အား "

ကြောက်စရာ ကောင်းလှတဲ့ စွမ်းအားလှိုင်းတွေက ပတ်ဝန်းကျင် တစ်ခုလုံးကို လှိုင်းအထပ်ထပ် ထအောင် လှုံ့ဆော်ပြီးသွားတဲ့ နောက်မှာတော့ ကောင်းကင်ပေါ်က လူဟာ သွေးမှုန်တွေ ဘဝကို အသွင် ပြောင်းသွားခဲ့ပါပြီ ။

တစ်ဆက်တည်းမှာပဲ အဲသည်သွေးမှုန်တွေဟာ မိုးတွေနဲ့အတူ ရောနှောသွားပြီး သွေးမိုးတွေအဖြစ် ရွာကျလာခဲ့ပါတယ် ။

ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တစ်ပါးရဲ့ အသက်ဓာတ်ဟာ အလွန်အမင်း သိပ်သည်းလှပြီး  သာမန်ကျင့်ကြံသူထက်ကို အများကြီး သာလွန်ပါတယ် ။ အဲသည်အတွက် သူ့ရဲ့ ခန္ဓာကိုယ်ထဲကနေ သွေးတွေ စိမ့်ထွက်ရုံသာ စီးဆင်းနေမယ် ဆိုရင်တော့ လပေါင်း အနည်းငယ် ကြာတဲ့အထိ အဲသည်သွေးတွေဟာ ကုန်ဦးမှာ မဟုတ်ပါဘူး ။

ရွှီး………

ရုတ်တရက် ဆိုသလိုပဲ အလင်းတန်း တစ်ခုဟာ သွေးမိုးတွေကြားကနေပြီး အဝေးကို ထွက်ပြေးသွားခဲ့ပါတယ် ။ အဲဒါကတော့ သေဆုံးသွားတဲ့ ကောင်းကင်ပေါ်ကလူရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ပါပဲ ။

ကျင့်ကြံသူတွေရဲ့ အစစ်အမှန် စိတ်ဝိညာဉ်ဟာ အလွယ်တကူနဲ့ မပျက်စီးနိုင်ပါဘူး ။ အထူးသဖြင့်  ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေရဲ့ အစစ်အမှန် စိတ်ဝိညာဉ်က ပိုလို့တောင် ဆိုးပါသေးတယ် ။

ဒါပေမဲ့ ကံဆိုးတာကတော့ သူဟာ လီဖူချန်းနဲ့မှ တည့်တည့် လာတိုးတာပါပဲ ။

" ဝိညာဉ်သတ်ဓား "

လီဖူချန်းက သူ့ရဲ့ မျက်လုံးတွေကို တစ်ချက် ကြုတ်လိုက်တဲ့ အခါမှာတော့ လိပ်ပြာ အသိစိတ်အာရုံ ဓားတစ်လက်ဟာ အစစ်အမှန် စိတ်ဝိညာဉ်နောက်ကို ပြေးလိုက်သွားခဲ့ပါပြီ ။

ရွှမ်း……

အဲသည်နောက်မှာတော့ အစစ်အမှန် စိတ်ဝိညာဉ်ဟာ နှစ်ပိုင်း ပြတ်ထွက်သွားပါတယ် ။

ပိုင်ရှင်ရဲ့ ခန္ဓာကိုယ်ကနေ ခွဲထွက်သွားတဲ့ အစစ်အမှန် စိတ်ဝိညာဉ်ဟာ လိပ်ပြာ အသိစိတ်အာရုံရဲ့ အကာအကွယ်ကို ရလေ့ မရှိပါဘူး ။ အဲသည်အတွက်ကြောင့် အစစ်အမှန် စိတ်ဝိညာဉ်ဟာ တစ်ချက်တည်းနဲ့ ကိစ္စတုံးသွားခဲ့တာပါ ။

ပြီးတော့ လီဖူချန်း သုံးလိုက်တဲ့ ဝိညာဉ်သတ်ဓားကလည်း သူကိုယ်တိုင် တီထွင်ထားတဲ့ ကြယ်၇ပွင့် လိပ်ပြာအသိစိတ်အာရုံ လျှို့ဝှက်နည်းစနစ် တစ်ခု ဖြစ်နေပါသေးတယ် ။

အခုလို အကာအကွယ် မဲ့နေတဲ့ အစစ်အမှန် စိတ်ဝိညာဉ်ကို အသာထားပါဦး ။ အစွမ်းထက်လှတဲ့ သူ့ရဲ့ လိပ်ပြာအသိစိတ် အာရုံ တိုက်ခိုက်မှုကို ခံရမယ် ဆိုရင်တော့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေတောင် အနည်းနဲ့အများ ခံစားသွားရမှာ အသေအချာပါပဲ ။

ရှဲ……ရှဲ……ရှဲ……

အစစ်အမှန် စိတ်ဝိညာဉ်ဟာ နှစ်ပိုင်း ပိုင်းဖြတ်ခံလိုက်ရပြီ ဖြစ်ပေမယ့်လည်း မပျောက်ကွယ်သွားသေးပါဘူး ။ အဲဒါက ချက်ချင်းဆိုသလိုပဲ ပြန်လည် ပေါင်းစပ် သွားပြန်ပါတယ် ။

" ဝိညာဉ်သတ်ဓား "

လီဖူချန်းကလည်း သည်လို ဖြစ်လာမယ် ဆိုတာကို  မျှော်လင့်ထားခဲ့ ပြီးပါပြီ ။

အဲသည်အတွက် သူက နောက်ထပ် ဝိညာဉ်သတ်ဓား တစ်ချောင်းကို ဖန်တီးလိုက်ပြီး အစစ်အမှန် စိတ်ဝိညာဉ်ကို တိုက်ခိုက်လိုက်စေပြန်ပါတယ် ။

ရွှမ်း……ရွှမ်း……ရွှမ်း……ရွှမ်း……

သည်တစ်ကြိမ်မှာတော့ အစစ်အမှန် စိတ်ဝိညာဉ်ဟာ ပြန်လည်ပြီး မပေါင်းစပ်နိုင်တော့ပါဘူး ။ဘာဖြစ်လို့လဲ ဆိုတော့ လီဖူချန်းရဲ့ ဝိညာဉ်သတ်ဓားက အစစ်အမှန် စိတ်ဝိညာဉ်ကို တစ်စစ်ီ ဖြစ်သွားတဲ့အထိ အဆက်မပြတ် ပိုင်းဖြတ်နေလို့ပါပဲ ။

" မဖြစ်နိုင်ဘူး ။ ငါဘယ်လိုမှ လက်သင့်မခံနိုင်ဘူး "

လီဖူချန်းရဲ့ စိတ်နယ်ပယ်ထဲကို အသံတစ်သံ တိုးဝင်လာပြီး နောက်ဆုံးမှာတော့ အစစ်အမှန် စိတ်ဝိညာဉ်ဟာ ချုပ်ငြိမ်းသွားခဲ့ပါပြီ ။

" ခင်ဗျား လက်မခံနိုင်တော့ကော ဘယ်သူက ဂရုစိုက်မှာလဲ "

လီဖူချန်းက ခပ်ထေ့ထေ့ ပြုံးလိုက်ပြီး ကောင်းကင်ပေါ်ကလူရဲ့ ခန္ဓာကိုယ်ပေါ်က သိုလှောင်အိတ် တစ်ခုနဲ့ တံဆိပ်တော် တစ်ခုကို ဆွဲငင် ရယူလိုက်ပါတယ် ။

သည်တံဆိပ်တော်က အနက်ရောင် ကျောက်စိမ်းပြား တစ်ခုပါပဲ ။ဒါပေမဲ့ တံဆိပ်တော်ရဲ့ အရှေ့ မျက်နှာစာ ပေါ်မှာတော့ မှောင်မိုက်နေတဲ့ တံခါးတစ်ချပ်နဲ့ လတစ်စင်းကို ထွင်းထုထားပြီး ကျောဘက်မှာတော့ 'အမှောင်ထု' ဆိုတဲ့ စာသားကို ထွင်းထုထားပါတယ် ။

" ဟမ့်…… သည်အမှောင်ထု ကလန်ပဲ လာပြန်ပြီလား "

လီဖူချန်းက သည်လျှို့ဝှက်ဆန်းကြယ်တဲ့ မြေအောက် အဖွဲ့အစည်းနဲ့ ပတ်သက်ပြီး ဘာပြောလို့ ပြောရမယ် မသိတော့ပါဘူး ။

ကြည့်ရတာတော့ သည်မြေအောက် အဖွဲ့အစည်းက သူတို့ရှာချင်တဲ့သူတိုင်းကို ရအောင် ရှာနိုင်စွမ်း ရှိပုံပါပဲ ။ သည်အချက်နဲ့တင် အဲသည် အဖွဲ့အစည်းဟာ တော်တော်လေး ကြောက်စရာ ကောင်းလွန်းလှပါပြီ ။

သိုလှောင်အိတ်ထဲမှာတော့ အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံးတွေ သန်းရာနဲ့ချီ ရှိနေပြီး အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေက သိန်းနဲ့ချီပြီး ရှိနေပါတယ် ။ အဲဒါတင် မကသေးပါဘူး။ များပြားလှတဲ့ ကောင်းကင်အဆင့် ဆေးပင်တွေနဲ့ အဖိုးတန်လှတဲ့ ရတနာ ပစ္စည်းတွေလည်း ရှိနေပါသေးတယ် ။

" ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ် တစ်ပါးရဲ့ ကြွယ်ဝချမ်းသာမှုက နောက်စရာ မဟုတ်ဘူးဘဲ ။ မဆိုးဘူး…… မဆိုးဘူး…… "

လီဖူချန်းရဲ့ မျက်လုံးတွေကတော့ ရတနာ ပစ္စည်းတွေ နဲ့ ဝိညာဉ်ကျောက်တုံးတွေကြောင့် အရောင် တောက်နေခဲ့ပါပြီ ။

ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေရဲ့  ဥစ္စ၊ဓန ရှာဖွေနိုင်စွမ်း ဆိုတာက မူလပင်လယ် နယ်ပယ် ဘုရင်တွေထက် အဆပေါင်းများစွာ ပိုပါတယ် ။ ဒါပေမဲ့ သူတို့ရဲ့ အရင်းအမြစ် ပစ္စည်းတွေအပေါ် သုံးဖြုန်းနိုင်စွမ်းကလည်း မူလပင်လယ် နယ်ပယ် ဘုရင်တွေထက် အများကြီး ပိုတာပါပဲ ။

အဲဒါတောင်မှ ကောင်းကင်ပေါ်ကလူရဲ့ ကြွယ်ဝချမ်းသာမှုက သည်လောက်အထိ ကျန်နေတယ် ဆိုတာကတော့ တကယ်ကို ချီးကျူ းထိုက်နေပါပြီ ။

လီဖူချန်း သိသလောက် ဆိုရင်တော့ အဓိက အင်အားစုကြီး ခုနစ်စုက အဆင့်နိမ့်  ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေတောင်မှ သည်ကောင်းကင်ပေါ်ကလူရဲ့ ကြွယ်ဝချမ်းသာမှုကို မမီနိုင်ပါဘူး ။

သည်မြေအောက် အဖွဲ့အစည်းရဲ့ ကြွယ်ဝ ချမ်းသာမှုကတော့ သာမန်ထက်ကို ပိုနေတာ အသိသာကြီးပါပဲ ။

***

-အမှောင်ထုကလန် ၊ အထူးခန်းဆောင် -

ခရက်…… ခရက်……

သည်ခန်းဆောင်ထဲမှာက များပြားလှတဲ့ တံဆိပ်တော်တွေ ရှိနေပြီး အဲသည်ထဲက တစ်ခုဟာ  ရုတ်တရက် ကွဲအက်သွားခဲ့ပါတယ် ။ပြီးတော့ အဲသည်ခန်းဆောင်ထဲမှာက အစောင့်အကြပ် တစ်ယောက်လည်း ရှိနေပါသေးတယ် ။

" ဟင် …… မကောင်းတော့ဘူး "

တံဆိပ်တော် ကွဲအက်သွားတာကို မြင်လိုက်ရတဲ့ အခါမှာတော့ အစောင့်အကြပ်ဟာ အကြီးအကျယ် မျက်နှာ ပျက်သွားခဲ့ပါပြီ ။ သူက ကွဲအက်သွားတဲ့ တံဆိပ်တော်ဆီကို အပြေးအလွှား သွားရောက်ပြီး ကြည့်လိုက်တဲ့ အခါမှာတော့ တံဆိပ်တော်ရဲ့ မျက်နှာပြင်မှာက " မိုးရေစက်"ဆိုတဲ့ နာမည် ရေးထိုးထားတာကို တွေ့လိုက်ရပါတယ် ။

" မဖြစ်နိုင်တာ …… အကြီးအကဲ မိုးရေစက်က ဘယ်လိုလုပ်ပြီး သေသွားရတာလဲ "

အစောင့်အကြပ်က သူမြင်လိုက်ရတာကို သူဘယ်လိုမှ မယုံကြည်နိုင်သလိုပါပဲ ။ အကြီးအကဲ မိုးရေစက် ဆိုတာက တန်ခိုးအစွမ်း ထက်ရုံမက ထွက်ပြေးတဲ့ နည်းလမ်းမျိုးစုံကို တတ်မြောက်ထားပါသေးတယ် ။ အဲသည်အတွက် တစ်ဖက်လူက အလယ်အလတ် အဆင့် ဧကရာဇ် တစ်ပါး ဖြစ်နေရင်တောင်မှ သူဟာ သေသွားစရာ အကြောင်း မရှိပါဘူး ။

" မဖြစ်ဘူး …… အမြန် သတင်းပို့မှ ရမယ် "

ဟူး……

စကားဆုံးတဲ့ နောက်မှာတော့ အစောင့်အကြပ်ဟာ ခန်းဆောင်ထဲကနေ ပြေးထွက် ပျောက်ကွယ်သွားခဲ့ပါပြီ ။ သူ့ရဲ့ ဦးတည်ရာကတော့ လက်ထောက် ကလန်ခေါင်းဆောင် ရှိရာဆီပါပဲ ။

***

" ဟမ်း …… ဒါကြောင့်လည်း သည်လူတွေက ငါ့ကို ရှာနိုင်နေတာကိုး "

လီဖူချန်းက ကောင်းကင်ပေါ်ကလူရဲ့ သိုလှောင်အိတ်ထဲကို သေသေချာချာ မွှေနှောက် ရှာဖွေလိုက်တဲ့ အခါမှာတော့ အမှောင်ထုကလန်က သူ့ကို ဘာကြောင့် ရှာနိုင်ရတာလဲ ဆိုတဲ့ အကြောင်းအရင်းကို သိရှိသွားခဲ့ပါပြီ ။

အဲဒါက ထူးဆန်းတဲ့ သံလိုက်တစ်ခုပါပဲ ။

သံလိုက်အိမ်မြှောင်ရဲ့ လက်တံမှာကတော့ လီဖူချန်းရဲ့ ချီအရှိန်အဝါ အပိုင်းအစလေးတစ်ခု ရှိနေပြီး အဲဒါက လီဖူချန်း ရှိနေရာ အရပ်ကို အမြဲလိုလို ညွှန်ပြပေးနေတာ ဖြစ်ပါတယ် ။

လီဖူချန်းက အမှောင်ထု ကလန်အနေနဲ့ သူ့ရဲ့ချီအရှိန်အဝါကို ဘယ်လိုဖြစ်ပြီး ရသွားတယ် ဆိုတာကို မသိပါဘူး ။ ဒါပေမဲ့ အခုအချိန်မှတော့ အဲဒါက အရေး မကြီးတော့ပါဘူး ။ အခုအချိန်မှာ အရေးကြီးတာက အမှောင်ထုကလန်ဟာ သူ့ကို ရှာနိုင်တဲ့ နည်းလမ်းတစ်ခု ပိုင်ဆိုင်ထားတယ် ဆိုတာပါပဲ ။

" ဒါက ပြသနာပဲ "

"  ငါ့ရဲ့ စိတ်ဝိညာဉ်မှာ ချီအရှိန်အဝါကို ဖုံးကွယ်ပေးတဲ့ ပင်ကိုစွမ်းရည် ရှိပေမယ့် အဲဒါက တစ်ချိန်လုံး သုံးနေလို့မှ မရတာ "

လီဖူချန်းက သူရှိရာ အရပ်ကို ညွှန်ပြနေတဲ့ သံလိုက်အိမ်မြှောင် လက်တံကို ကြည့်ပြီး အတော်လေး စိတ်ပျက်နေမိပါပြီ ။

" ဒါနဲ့ နေပါဦး … ဂါထာ၊မန္တရား ဧကရာဇ် ချန်ထားခဲ့တဲ့ ကျမ်းစာအုပ်ထဲမှာ ချီအရှိန်အဝါကို ဖုံးကွယ်ထားလို့ ရတဲ့ မန္တာန်တစ်ပုဒ် ရှိတယ် မဟုတ်ဘူးလား "

ရုတ်တရက် ဆိုသလိုပဲ လီဖူချန်းရဲ့ ကြုတ်ထားတဲ့ မျက်မှောင်တွေဟာ ပြောလျော့သွားခဲ့ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ သူက မန္တာန် တစ်ပုဒ်ကို သတိရမိသွားလို့ပါပဲ ။

" ဟူးကွေးထျင်းကျင် "

အတွေးနဲ့အတူ ထူးဆန်းတဲ့ လက်ဟန်တစ်ခုကို ပြုလုပ်လိုက်တဲ့ အခါမှာတော့ မမြင်ရတဲ့ အားလှိုင်းတစ်ခုဟာ လီဖူချန်းကို လွှမ်းခြုံ သွားခဲ့ပါပြီ ။

အဲသည်နောက် လီဖူချန်းက သံလိုက်အိမ်မြှောင်ကို ပြန်ကြည့်လိုက်တဲ့အခါမှာတော့ သံလိုက်အိမ်မြှောင် လက်တံဟာ သူ့ကို ညွှန်မပြနေတော့ပါဘူး ။ အဲသည်အစား သံလိုက်အိမ်မြှောင် လက်တံက အရပ်မျက်နှာ ရှစ်မျက်နှာကို တရစပ် လှည့်နေပါတော့တယ် ။

" ဒါက အလုပ်ဖြစ်သားပဲ …… တော်သေးတာပေါ့ "

နောက်ဆုံးမှာတော့ လီဖူချန်းဟာ သက်ပြင်း ချနိုင်သွားခဲ့ပါပြီ ။

***

အဲသည်အချိန်မှာတော့ အမှောင်ထု ကလန်ရဲ့ လက်ထောက် ကလန်ခေါင်းဆောင်ဟာ သံလိုက်အိမ်မြှောင် တစ်ခုနဲ့ အလုပ်များနေပါတယ် ။

ရုတ်တရက် ကြည့်မယ် ဆိုရင်တော့ သည်သံလိုက်အိမ်မြှောင်ဟာ အကြီးအကဲ မိုးရေစက်ရဲ့ သံလိုက်အိမ်မြှောင်နဲ့ ဆင်တူနေပေမယ့် တကယ့် တကယ်တမ်းမှာတော့ လုံးဝ တူညီမနေပါဘူး ။

သည်သံလိုက်အိမ်မြှောင်က အကြီးအကဲ မိုးရေစက်ရဲ့ သံလိုက်အိမ်မြှောင်ထက် ပိုအဆင့်မြင့်ပြီး ကောင်းကင်တာအိုနဲ့ ဆင်တူတဲ့ ချီအရှိန်အဝါ တစ်ခုလည်း ပါရှိနေပါသေးတယ် ။

" မိုးရေစက်က ဘယ်လိုဖြစ်ပြီး သေသွားရတာလဲ "

အမှောင်ထု ကလန်ရဲ့ လက်ထောက် ကလန်ခေါင်းဆောင်က မကျေမချမ်းနဲ့ ရေရွတ်လိုက်ပါတယ် ။

အကြီးအကဲ မိုးရေစက်ရဲ့ တာဝန်က လျှို့ဝှက်တာဝန် ဖြစ်တယ် ဆိုပေမယ့်လည်း သူ့လို အမှောင်ထု ကလန်ရဲ့ လက်ထောက် ကလန်ခေါင်းဆောင်အတွက်ကတော့ မသိစရာ အကြောင်း မရှိပါဘူး ။

အကြီးအကဲ မိုးရေစက်ရဲ့ သည်တစ်ကြိမ် တာဝန်က လွယ်လွယ်လေးပါပဲ ။

သူက လူငယ်လေး တစ်ယောက်ကို ရှာရမှာ ဖြစ်ပြီး အဲသည်လူငယ်ရဲ့ ချီအရှိန်အဝါကိုလည်း အမှောင်ထု ကလန်က မှတ်တမ်း တင်ထားခဲ့ပြီးပါပြီ ။

အမှောင်ထု ကလန်ရဲ့ လက်ထောက် ကလန်ခေါင်းဆောင်က သူ့ရဲ့ သံလိုက်အိမ်မြှောင်ကို အသက် သွင်းလိုက်တဲ့ အခါမှာတော့ သံလိုက်အိမ်မြှောင် လက်တံဟာ အရပ်မျက်နှာ ပေါင်းစုံကို တရစပ် ညွှန်ပြနေပြီး နောက်ဆုံး အနောက်အရပ်မှာ ရပ်တန့်သွားပါတယ် ။

" သူက အဝေးကြီးကို ရောက်သွားတာလား "

အမှောင်ထု ကလန်ရဲ့ လက်ထောက် ကလန်ခေါင်းဆောင်က လီဖူချန်းရဲ့ တည်နေရာနဲ့ ပတ်သက်ပြီး အတော်လေး မတင်မကျ ဖြစ်နေခဲ့ပါပြီ ။

သူ့လက်ထဲမှာ ရှိနေတဲ့ သံလိုက်အိမ်မြှောင်က နှယ်နှယ်ရရ မဟုတ်ပါဘူး ။ အဲဒါက ဒဏ္ဍာရီ ဆန်လှတဲ့ ဝိညာဉ်ဖမ်း သံလိုက်အိမ်မြှောင်ပါ ။

သံလိုက်အိမ်မြှောင် လက်တံထဲမှာ ပစ်မှတ်ရဲ့ ချီအရှိန်အဝါ ရှိနေသေးသရွေ့ကတော့ မိုင်သန်းချီ ဝေးနေရင်တောင်မှ လက်တံက ပစ်မှတ် ရှိနေရာ အရပ်ကို တိတိကျကျ ညွှန်ပြ ပေးနိုင်ပါတယ် ။

ဒါပေမဲ့ သည်တစ်ကြိမ်ကတော့ ဝိညာဉ်ဖမ်း သံလိုက်အိမ်မြှောင် အနေနဲ့ ပစ်မှတ် ရှိနေရာ အရပ်ကို သေသေချာချာ ညွှန်မပြပေးနိုင်တာ ပထမဆုံး အကြိမ်ပါပဲ ။

" မဟုတ်လွဲရော …… ဧကန္တ ပစ်မှတ်က အဆင့်မြင့် ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ် ဖြစ်နေတာများလား "

အမှောင်ထု ကလန်ရဲ့ လက်ထောက် ကလန်ခေါင်းဆောင်က ခပ်တိုးတိုး ရေရွှတ်လိုက်မိပါတယ် ။

သူ့လက်ထဲက ဝိညာဉ်ဖမ်း သံလိုက်အိမ်မြှောင်က တကယ်တမ်းမှာတော့ ဝိညာဉ်ဖမ်း သံလိုက်အိမ်မြှောင် အစစ် မဟုတ်ပါဘူး ။ အဲဒါက အတုအပ ပြုလုပ်ထားတဲ့ အတု တစ်ခုသာ ဖြစ်ပါတယ် ။ အဲသည်အတွက် တစ်ဖက်ပစ်မှတ်က အဆင့်မြင့် ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ် ဧကရာဇ် တစ်ပါး ဖြစ်နေမယ် ဆိုရင်တော့ သံလိုက်အိမ်မြှောင်ဟာ တိတိကျကျ ညွှန်ပြပေးနိုင်မှာ မဟုတ်ပါဘူး ။ တကယ်လို့ တစ်ဖက်ပစ်မှတ်က မဟာ ဧကရာဇ် တစ်ပါးဆိုရင်တော့ သည်ဝိညာဉ်ဖမ်း သံလိုက်အိမ်မြှောင် အတုဟာ လုံးဝ အမှိုက်ပါပဲ ။

***

ဟူး……ဟူး……ဟူး……

တောကြီးမျက်မည်း တစ်ခု အတွင်းမှာတော့ လူရိပ် တစ်ခုဟာ လျင်မြန်စွာ ရွေ့လျား သွားလာနေပါတယ် ။ အဲသည် လူရိပ်ကတော့ လီဖူချန်းပါပဲ ။

လီဖူချန်းက မျောလွင့်ကောင်းကင်တောင်ရဲ့ လက်အောက်ခံ ဒေသတွေကို အလည်အပတ် ခရီး ထွက်နေတယ် ဆိုပေမယ့် သူ့ရဲ့ သိုင်းတာအိုနဲ့ ဓားတာအိုကို တိုးတက်အောင် လုပ်ဖို့ကိုလည်း  လျစ်လျူ မရှုထားခဲ့ပါဘူး ။

" မီးတောက် အရွေ့ "

စကားသံ အဆုံးမှာတော့ လီဖူချန်းဟာ မီးတောက် တစ်ခုအသွင်ပြောင်းပြီး မူလ ရှိနေရာကနေ မိုင်တစ်ရာကွာတဲ့ နေရာတစ်ခုမှာ ပေါ်လာခဲ့ပါတယ် ။ ကြည့်ရတာကတော့ သူ့ရဲ့ မီးတောက် အသွင်ပြောင်းခြင်းက အရင်ကထက် ပိုပြီး အစွမ်း ထက်လာပုံပါပဲ ။

" ဓား အရွေ့ "

လီဖူချန်းရဲ့ ခန္ဓာကိုယ်က ဓားအလင်းတန်း တစ်ခုအသွင် ပြောင်းပြီး ပျောက်ကွယ် သွားခဲ့ ပြန်ပါတယ်  ။ သူပြန်ပေါ်လာတဲ့ အချိန်မှာတော့ သူဟာ မူလနေရာကနေ မိုင်နှစ်ရာကျော် ကွာဝေးတဲ့ တောင်ထိပ်တစ်ခုပေါ်မှာ ရောက်နေခဲ့ပါပြီ ။

" ဓားအရွေ့ရဲ့ အစွမ်းက တကယ် အံ့သြစရာပဲ "

လီဖူချန်းက ကျေနပ်အားရစွာနဲ့ ရေရွတ်လိုက်ပါတယ် ။

သည်အတောအတွင်းမှာ ဆိုရင် သူက တခြား ဘာပညာကိုမှ မကျင့်ဘဲ ဓားအရွေ့ တစ်ခုတည်းကိုသာ အာရုံ စိုက်ထားခဲ့တာပါ ။

သူက ဓားတာအို နှလုံးသားကို ဖွဲ့စည်းထားခဲ့ပြီးပြီ ဖြစ်တဲ့အတွက် ဓားအရွေ့ နည်းစနစ်ကို တီထွင်ဖို့က သူ့အတွက် သိပ်ပြီး မခက်ခဲခဲ့ပါဘူး ။

ပြီးတော့ သူ့ရဲ့ ဓားအရွေ့ နည်းစနစ်က အခုမှ အစပိုင်းပဲ ရှိပါသေးတယ် ။ မဟုတ်လို့ကတော့ ဓားအရွေ့ရဲ့ သွားနိုင်တဲ့ အကွာအဝေးဟာ မီးတောက်အရွေ့ထက်ကို အနည်းဆုံး သုံးဆ သာနေလောက်ပါပြီ ။

" သည်ဓားအရွေ့နဲ့ ဆိုရင်တော့ အဆင့်မြင့် ဧကရာဇ်တွေနဲ့ တွေ့ရင်တောင်မှ ထွက်ပြေးနိုင်ဖို့ အခွင့်အရေး ရှိလောက်တာပဲ "

လီဖူချန်း ဓားအရွေ့နဲ့ ပတ်သက်ပြီး တွေးလိုက်မိပါတယ် ။

သူက အဆင့်မြင့် ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေဟာ ဘယ်လောက်အထိ မြန်သလဲ ဆိုတာကို မသိပါဘူး ။ဒါပေမဲ့ တကယ်လို့ သူတို့ရဲ့ အမြန်နှုန်းက ခရမ်းရောင် ဆည်းဆာ သိုင်းဧကရာဇ်ရဲ့ သုံးဆလောက်ပဲ ရှိမယ် ဆိုရင်တော့ လီဖူချန်းက သူ့အနေနဲ့ သူတို့လက်ထဲကနေ ထွက်ပြေး လွတ်မြောက်နိုင်လိမ့်မယ်လို့ ကောင်းကောင်းကြီး ယုံကြည်ပါတယ် ။

( note -မီးတောက် အရွေ့၊ ဓား အရွေ့ ဆိုတာက ရုတ်ချည်း နေရာပြောင်းရွှေ့ခြင်းရဲ့ မူကွဲတွေ ဖြစ်ပါတယ် ။ ရုတ်ချည်း နေရာပြောင်းရွှေ့ခြင်း နည်းစနစ်က မီးတာအိုကို အခြေခံတယ် ဆိုရင်တော့ မီးတောက် အရွေ့ ဖြစ်သွားပြီး ဓားတာအို အခြေခံရင်တော့ ဓား အရွေ့ ဖြစ်သွားမှာပါ ။ တကယ်လို့ ရေတာအို အခြေခံတယ် ဆိုရင်လည်း ရေ အရွေ့ ဖြစ်သွားမှာပါပဲ ။ )

***

အမျက်ဒေါသ ပုဆိန် ချောက်ကမ်းပါး ……

မျောလွင့်ကောင်းကင်တောင်ရဲ့ လက်အောက်ခံ ဒေသတွေထဲက အန္တရာယ် အရှိဆုံး နေရာကို ပြပါ ဆိုရင်တော့ အမျက်ဒေါသ ပုဆိန် ချောက်ကမ်းပါးကလွဲပြီး တခြား ပြစရာ နေရာ မရှိပါဘူး ။

အရိပ် အသူရာချောက် ၊ လေမိုးကြိုး လျှိုမြောင် နဲ့ ဟင်းလင်းပြင် တောင်ကြားတို့လိုပါပဲ ။အမျက်ဒေါသ ပုဆိန် ချောက်ကမ်းပါးကလည်း သူတော်စင်တွေရဲ့ တိုက်ပွဲကနေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ် ။

ဒါပေမဲ့  လေမိုးကြိုး လျှိုမြောင် နဲ့ ဟင်းလင်းပြင် တောင်ကြားတို့နဲ့ မတူတာကတော့ အမျက်ဒေါသ ပုဆိန် ချောက်ကမ်းပါးဟာ ဧကရာဇ်တွေကို မကန့်သတ်ထားပါဘူး ။ အဲသည်အတွက် ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ် တော်တော်များများဟာ အမျက်ဒေါသ ပုဆိန် ချောက်ကမ်းပါးထဲကို ဆင်းပြီး ကံကောင်းမှုတွေကို ရှာဖွေလေ့ ရှိပါတယ် ။

ရှင်းရှင်းပြောရမယ် ဆိုရင်တော့ အမျက်ဒေါသ ပုဆိန် ချောက်ကမ်းပါးဟာ အရိပ် အသူရာ ချောက်ကမ်းပါးရဲ့ အောက်ပိုင်း အလွှာတွေနဲ့ အတော်လေး ဆင်တူတယ်လို့ ဆိုရပါမယ် ။

အမျက်ဒေါသ ပုဆိန် ချောက်ကမ်းပါးထဲကို ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေတောင် လာရောက်ရတဲ့ အကြောင်းအရင်းကတော့ သည်ချောက်ကမ်းပါးထဲမှာက အရိုးတည်ဆောက်ပုံကို အဆင့် မြှင့်တင်ပေးနိုင်တဲ့ ဆေးပင် အများအပြား ပေါက်ရောက်နေလို့ပါပဲ ။

ကောလာဟလတွေအရ ဆိုရင်တော့ သည်ချောက်ကမ်းပါးထဲမှာက ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံကနေ ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ အထိရောက်အောင် အဆင့်မြှင့်တင်ပေးနိုင်တဲ့ ကံကြမ္မာ ဆေးပင်တောင် ရှိပါတယ်တဲ့ ။

လီဖူချန်းကတော့ ကံကြမ္မာ ဆေးပင်ကို ရှာဖွေတွေ့ရှိဖို့ မမျှော်လင့်ထားပါဘူး ။ သူက ကောင်းကင် အလယ်အလတ် အဆင့် ဆေးပင်ဖြစ်တဲ့  ခုနစ်စင်ကြယ် ဆေးပင်ကိုသာ ရှာဖွေတွေ့ရှိနိုင်ဖို့ မျှော်လင့်ထားပါတယ် ။

ဘာဖြစ်လို့လဲ ဆိုတော့ အဲသည်ဆေးပင်က သူ့ရဲ့ အရိုးတည်ဆောက်ပုံကို ကြယ်၇ပွင့် အဆင့်ရောက်အောင် မြှင့်တင်ပေးနိုင်လို့ပါပဲ ။

***

All Chapters