← Chapters

ကော့မင်ဖူထုံ သိုင်းဧကရာဇ်

Vol. 49 Ch. 659

ကော့မင်ဖူထုံ သိုင်းဧကရာဇ်

Vol. 49 Ch. 659

လီဖူချန်းက သည်အမျက်ဒေါသ ပုဆိန် ချောက်ကမ်းပါးထဲကိုတော့ လေဟာနယ် အက်ကွဲကြောင်း တစ်ခုထဲကနေ ဝင်လာခဲ့ဖြစ်ပါတယ် ။

ရွှီး……ရွှီး……ရွှီး……

သည်နေရာမှာက ဝင်လာတဲ့ လူမှန်သမျှကို သွေးရူးသွေးတန်း တိုက်ခိုက်နေတဲ့ အနက်ရောင် ချီအရှိန်အဝါတွေ ရှိနေပေမယ့်လည်း အဲဒါတွေက လီဖူချန်းရဲ့ အကျီ ၤစကိုတောင် လှုပ်ခါသွားအောင် မလုပ်နိုင်ပါဘူး ။

" ပုဆိန် တာအို ဥပဒေသ '

လီဖူချန်းကတော့ သည်ချီအရှိန်အဝါတွေထဲမှာ ပုဆိန် တာအို ဥပဒေသရဲ့ အငွေ့အသက်တွေ အနည်းအကျဉ်း ခိုဝင်ကိန်းအောင်း နေတာကို ခံစားလိုက်မိပါတယ် ။

ပုဆိန် တာအို ဥပဒေသ ဆိုတာက  အမြဲလိုလို ကြမ်းတမ်း၊ရန်လိုပြီး အညှာအတာ ကင်းမဲ့လွန်းတယ်လို့ ကျော်ကြားတဲ့ တာအို ဥပဒေသ တစ်ခုပါပဲ ။ ပုဆိန်တာအို သူတော်စင်က သည်အမျက်ဒေါသ ပုဆိန် ချောက်ကမ်းပါး ဖြစ်ပေါ်လာဖို့အတွက် သူ့ရဲ့ ခုတ်ချက်ထဲမှာ အားဘယ်လောက်အထိ ထည့်ထားတယ် မသိပါဘူး ။

လက်ရှိ လီဖူချန်းရဲ့ တန်ခိုးအစွမ်းနဲ့ ဆိုရင်တော့ အမျက်ဒေါသ ပုဆိန် ချောက်ကမ်းပါးထဲမှာ လှည့်လည်သွားလာဖို့က သိပ်ပြီး ပြသနာ မရှိပါဘူး ။

အဲသည်အတွက်  သိပ်မကြာခင်မှာပဲ သူဟာ အမျက်ဒေါသ ပုဆိန် ချောက်ကမ်းပါးရဲ့ ဗဟိုချက်မ နေရာကို ရောက်ရှိလာခဲ့ပါပြီ ။

အမျက်ဒေါသ ပုဆိန် ချောက်ကမ်းပါးရဲ့ ဗဟိုချက်မ နေရာမှာတော့ အရာရာကို အဖြူ ရောင် အခိုးအငွေ့တွေက ဖုံးလွှမ်းထားပါတယ် ။ ရှင်းရှင်းပြောရမယ် ဆိုရင်တော့ ဒါဟာ အဖြူ ရောင် ကမ္ဘာကြီး တစ်ခုပါပဲ ။ နောက်ပြီး သည်နေရာမှာ ရှိနေတဲ့ ပုဆိန် တာအို ဥပဒေသတွေကလည်း အသက်ရှုရ ခက်လောက်အောင်ကို သိပ်သည်းလွန်းလှပါတယ် ။

သည်နေရာမှာကတော့ လီဖူချန်းတောင်မှ မတ်မန် မရပ်နိုင်တော့ပါဘူး ။ သူ့ရဲ့ ခန္ဓာကိုယ်က ပုဆိန် တာအို ဥပဒေသတွေကြောင့် မီးတပွင့်ပွင့် တောက်နေပြီး သူ့ရဲ့ သွေးချီတွေကလည်း ဆူပွက်နေခဲ့ပါပြီ ။

" ဟင်…… များလိုက်တဲ့ ဆေးပင်တွေပါလား "

အဖြူ ရောင် ကမ္ဘာကြီးထဲ ရောက်ပြီး ခဏအကြာမှာတော့ လီဖူချန်းက သည်နေရာမှာ များပြားလှတဲ့ ကောင်းကင် အဆင့်နိမ့် ဆေးပင်တွေ ပေါက်နေတာကို သတိပြုမိလိုက်ပါတယ် ။

" သည်နေရာမှာ ရှိနေတဲ့ ပုဆိန် တာအို ဥပဒေသတွေက အတော်လေး သိပ်သည်းနေပြီ ။ တကယ်လို့ ငါ့ရဲ့ လိပ်ပြာ အသိစိတ်အာရုံကို အဝေးကြီး ဖြန့်ကြက်လိုက်ရင် ပြသနာ တက်နိုင်တယ် ။ သည်နေရာမှာ မြင်ရတဲ့ အကွာအဝေးကလည်း အကန့်အသတ်နဲ့ဆိုတော့ မဟာ ဧကရာဇ် တစ်ပါးတောင်မှ သည်ဆေးပင်တွေ အကုန်လုံးကို နုတ်ယူနိုင်ဖို့ အတော်လေး ကြိုးစားရမှာ အသေအချာပဲ ။ ဒါကြောင့်လည်း ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေက သည်ချောက်ကမ်းပါးထဲကို ဝင်ရင် အဖွဲ့လိုက် ဝင်ကြတာကိုး "

သည်နေရာကို မရောက်လာခင်တုန်းက ဆိုရင် လီဖူချန်းဟာ အလယ်အလတ် အဆင့်  ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ် တစ်စုကို တွေ့ခဲ့ပါသေးတယ် ။ ဒါပေမဲ့လည်း တစ်ဖက် အဖွဲ့ကတော့ သူ့ကို မမြင်ခဲ့ပါဘူး ။

သည်လိုနဲ့ပဲ အချိန်တွေဟာ တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးသွားခဲ့ပါပြီ ။

တစ်ရက်မှာတော့ လီဖူချန်းဟာ ပုဆိန် တာအို ဥပဒေသတွေ အတော်လေး ကျဲပါးတဲ့ နေရာ တစ်ခုကို ရောက်လာခဲ့ပါတယ် ။

သည်နေရာကို လီဖူချန်း ရှာတွေ့ခဲ့တယ် ဆိုတာက ဘယ်လိုမှ မယုံကြည်နိုင်စရာပါပဲ ။

ဘာဖြစ်လို့လဲ ဆိုတော့ အမျက်ဒေါသ ပုဆိန် ချောက်ကမ်းပါး ဆိုတာက အလယ် ဗဟိုချက်မနဲ့ နီးလေလေ ၊ ပုဆိန်တာအို ဥပဒေသတွေ ပိုပြီး သိပ်သည်းလေလေ မဟုတ်ပါလား ။

အမျက်ဒေါသ ပုဆိန် ချောက်ကမ်းပါးရဲ့ အလယ်ဗဟို အတွင်းပိုင်း အကျဆုံး နေရာမှာဆိုရင် မဟာ ဧကရာဇ်တွေတောင်မှ ဘယ်လိုမှ ရှေ့ဆက် သွားနိုင်စရာ အကြောင်း မရှိပါဘူး ။

သည်ထူးဆန်းတဲ့ နေရာကို ရောက်ပြီး ဆယ့်ငါးမိနစ် အကြာမှာတော့ လီဖူချန်းဟာ ပုဆိန်တစ်လက်နဲ့ ဆင်တူတဲ့ ဆေးပင် တစ်ပင်ကို ရှာဖွေ တွေ့ရှိသွားခဲ့ပါတယ် ။

အဲသည် ဆေးပင်ကတော့ ဖူထုံ ဆေးပင်ပါပဲ ။ အဲဒါက အမျက်ဒေါသ ပုဆိန် ချောက်ကမ်းပါးရဲ့ အကျော်ကြားဆုံး ဆေးပင် ဆိုရင်လည်း မမှားပါဘူး ။

( note : ဖူထုံဆိုတာက ပုဆိန်ကို ရည်ညွှန်းတာပါပဲ ။ )

နာမည်နဲ့ လိုက်အောင်ပါပဲ ။ ဖူထုံ ဆေးပင်မှာက ပုဆိန် တာအို ဥပဒေသတွေ သိပ်သည်းစွာ ခိုဝင် ကိန်းအောင်းနေလေ့ ရှိပါတယ် ။ တကယ်လို့သာ  ပုဆိန်တာအို ကျင့်ကြံသူ တစ်ဦးက သည်ဆေးပင်ကို ရသွားခဲ့မယ် ဆိုရင်ဖြင့် သူ့ရဲ့ ပုဆိန်တာအိုဟာ မယုံနိုင်စရာ ကောင်းလောက်အောင် တစ်ဟုန်ထိုး တိုးတက်သွားမှာ ဖြစ်ပါတယ် ။

အဲဒါတင် မကသေးပါဘူး ။ ဖူထုံဆေးပင်မှာက တခြားသော အစွမ်း တစ်ခုလည်း ရှိနေပါသေးတယ် ။ အဲဒါကတော့ စားသုံးလိုက်သူကို အမျက်ဒေါသ ပုဆိန် ချောက်ကမ်းပါးရဲ့ အနက်ရှိုင်းဆုံး နေရာတွေအထိ သွားနိုင်အောင် အထောက်အကူ ပြုတာပါပဲ ။

" ဖူထုံ ဆေးပင်ကို ပြန်ချထားလိုက်စမ်း "

ရုတ်တရက် ဆိုသလိုပဲ လူတစ်ယောက်ဟာ လီဖူချန်းဆီကို ပျံသန်းလာခဲ့ပြီးအမိန့် ပေးလာခဲ့ပါတယ် ။

" ခင်ဗျားက ဘယ်သူမို့လို့ ကျုပ်ကို လာအမိန့် ပေးနေတာလဲ "

လီဖူချန်းက တစ်ဖက်လူရဲ့ စကားကို လုံးဝ ဂရု မစိုက်ပါဘူး ။ သူက ဖူထုံ ဆေးပင်ကို သိုလှောင်လက်ပတ်ထဲ ကောက်ထည့်လိုက်ပြီး အေးစက်စက်နဲ့ ပြန်မေးလိုက်ပါတယ် ။

" သြော်…… လက်စသတ်တော့ မင်းကိုး ။ မင်းက သည်အမျက်ဒေါသ ပုဆိန် ချောက်ကမ်းပါးရဲ့ ဗဟိုချက်မ နယ်မြေထဲကိုတောင် ဝင်လာရဲတယ်ပေါ့ "

လီဖူချန်းကို အမိန့်ပေးဖို့ ကြိုးစားခဲ့သူက ထောင်ထောင်မောင်းမောင်း ၊ ဗလတောင့်တောင့်နဲ့ လူကြီး တစ်ယောက်ပါပဲ ။ သူက ထူထဲလှတဲ့ ချပ်ဝတ်တန်ဆာ တစ်ခုကို ဝတ်ဆင်ထားပြီး ကျောပေါ်မှာလည်း ကြီးမားလှတဲ့ ပုဆိန် တစ်လက်ကို လွယ်ထားပါသေးတယ် ။

' ကော့မင်ဖူထုံ သိုင်းဧကရာဇ်ပါလား '

လီဖူချန်းကတော့ တစ်ဖက်လူရဲ့ မျက်နှာကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် တန်းပြီး သူ့ရဲ့ ဇစ်မြစ်ကို သိသွားခဲ့ပါပြီ ။

လီဖူချန်းက သူ့ကို သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေထဲမှာ ကောင်းကောင်းကြီး မြင်ခဲ့ဖူးပါတယ် ။

အဲသည်လူကတော့ နတ်ကျက်သရေ အင်ပိုင်ယာက ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် အဆင့်၄ ဧကရာဇ် တစ်ပါးပါပဲ ။နောက်ပြီး ဝိညာဉ် ဧကရာဇ်ရဲ့ နောက်လိုက် လက်ရုံးတွေထဲက တစ်ဦး ဆိုရင်လည်း မမှားပါဘူး ။

ပုဆိန် တာအို ဧကရာဇ် တစ်ပါးဖြစ်တဲ့ ကော့မင်ဖူထုံ သိုင်းဧကရာဇ်ဟာ ဖူထုံ ဆေးပင်ကို ရှာဖို့အတွက်  အမျက်ဒေါသ ပုဆိန် ချောက်ကမ်းပါးထဲကို မကြာခဏ လာလေ့ ရှိသူ ဖြစ်ပါတယ် ။

ကော့မင်ဖူထုံ ဧကရာဇ်က နှာခေါင်း တစ်ချက် ရှုံ့လိုက်ပြီး

" ကောင်လေး…… သူတော်စင် အထိမ်းအမှတ် လျှို့ဝှက်နယ်မြေမှာတုန်းက မင်းကို ကာကွယ်ပေးမယ့် တခြားလူတွေ ရှိနေလို့ ငါက မင်းကို သည်အတိုင်း ကြည့်နေတာ ။ဒါပေမဲ့ သည်နေရာမှာတော့ မင်းကို ကာကွယ်ပေးမယ့်လူ တစ်ယောက်မှ မရှိဘူး ။ ဝိညာဉ် ဧကရာဇ်ကလည်း မင်းကို စိတ်ဝင်စားနေတာ ဆိုတော့ ငါမင်းကို မသတ်ချင်ဘူး ။ အဲသည်တော့ အခုချက်ချင်း ငါနဲ့ လိုက်ခဲ့စမ်း "

" ခင်ဗျားနောက် လိုက်ခဲ့တာက ဟုတ်ပါပြီ ။ ဒါပေမဲ့ ခင်ဗျားမှာ ကျုပ်ကို ခေါ်နိုင်တဲ့ အစွမ်းအစ ရှိလို့လား "

လီဖူချန်းက အကြောက်တရား ဆိုတာ ဂျိုနဲ့လားလို့ ပြန်မေးချင်နေတဲ့ သူပါပဲ ။အထူးသဖြင့် ဓားအရွေ့ နည်းစနစ်ကို တတ်မြောက်ပြီးသွားကတည်းက သူဟာ အလယ်အလတ် အဆင့် ဧကရာဇ်တွေကို သိပ်ပြီး မျက်လုံးထဲ မထည့်ထားတော့ပါဘူး ။

သူက တစ်ဖက်လူကို မနိုင်ရင်တောင်မှ အချိန်မရွေး ထွက်ပြေးလွတ်မြောက်နိုင်တာ မဟုတ်ပါလား ။

" လေကြီးလိုက်တဲ့ကောင် …… မင်းက မူလပင်လယ် နယ်ပယ်မှာ ပြိုင်ဘက်ကင်းပြီ ဆိုတာနဲ့ ငါ့ကို ယှဉ်နိုင်မယ် ထင်နေတာလား "

ကော့မင်ဖူထုံ သိုင်းဧကရာဇ်က လီဖူချန်းကို အထင်သေးစွာနဲ့ ဆိုလာခဲ့ပါတယ် ။

သူ့ရဲ့ အမြင်မှာတော့ လီဖူချန်းရဲ့ အစွမ်းဟာ အလွန်ဆုံး ရှိမှ သာမန် အဆင့်နိမ့် ဧကရာဇ်တစ်ပါး သာသာပါပဲ ။ လီဖူချန်းအနေနဲ့ သာမန် အဆင့်နိမ့် ဧကရာဇ်တွေထက် သာနေတယ် ဆိုရင်တောင်မှ ဘယ်လောက်မှ မသာနိုင်ပါဘူး ။

" ဒါဆိုရင်လည်း စမ်းကြည့်လေ "

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ လီဖူချန်းကိုယ်တိုင်ကလည်း ဧကရာဇ် တစ်ပါးနဲ့ အကျိတ်အနယ် တိုက်ခိုက်ချင်နေတာ အတော်လေး ကြာနေခဲ့ပါပြီ ။

သူ့ဘဝမှာ ပထမဆုံး တိုက်ခိုက်ခဲ့ရတဲ့ ဧကရာဇ်ဖြစ်တဲ့ ခရမ်းရောင်ဆည်းဆာ သိုင်းဧကရာဇ်နဲ့တုန်းကဆိုရင် သူက အခုလို အစွမ်း မထက်သေးပါဘူး ။ အဲသည်အတွက် လီဖူချန်းဟာ သိုင်းကွက် အနည်းငယ် ယှဉ်ပြိုင် ပြီးတာနဲ့ သေပြေး ၊ရှင်ပြေး ပြေးခဲ့ရပါတယ် ။

ဒုတိယမြောက် ဧကရာဇ် ဖြစ်တဲ့ ကျားရဲ ဧကရာဇ်နဲ့တုန်းကတော့ သူတို့ နှစ်ယောက်ဟာ တကယ် မတိုက်ခဲ့ကြပါဘူး ။

တတိယမြောက် ဧကရာဇ်ဖြစ်တဲ့ အမှောင်ထုကလန်က ဧကရာဇ်ကတော့ သူ့ထက် သိသိသာသာကြီး အားနည်းလွန်းလှပါတယ် ။

အခု လက်ရှိ ကော့မင်ဖူထုံ သိုင်းဧကရာဇ်ကတော့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် အဆင့်၄ ဖြစ်တဲ့အတွက် သိပ်ပြီး အားနည်းစရာ အကြောင်း မရှိပါဘူး ။ သူက အနည်းဆုံး ကျားရဲ ဧကရာဇ်နီးပါး အစွမ်းထက်လောက်မှာ အသေအချာပါပဲ ။

လီဖူချန်းက သည်တစ်ကြိမ်မှာတော့ သူ့အနေနဲ့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေရဲ့ တိုက်ခိုက်ပုံကို ကောင်းကောင်းကြီး လေ့လာနိုင်မယ်လို့ ယုံကြည်နေပါတယ် ။

" ခွေးမသားလေး …… ငါ့ရဲ့ ပုဆိန် တစ်ချက်ကို အရင်ခံကြည့်စမ်း "

စကားဆုံးတဲ့ နောက်မှာတော့ ကော့မင်ဖူထုံ သိုင်းဧကရာဇ်ဟာ သူ့ရဲ့ ပုဆိန်ကို မြှောက်ပြီး ပိုင်းချလိုက်ပါတော့တယ် ။

ဘန်း……

ပတ်ဝန်းကျင် တစ်ခုလုံးဟာ ရုတ်တရက် ပိုင်းဖြတ်ခံလိုက်ရသလိုပါပဲ ။ အဲသည်နောက်မှာတော့ ပုဆိန် တာအို ဥပဒေသတွေဟာ လေထုထဲမှာ စုစည်းသွားပြီး ကြီးမားလှတဲ့ ပုဆိန် တစ်လက်အဖြစ် ပြောင်းကာ လီဖူချန်း အပေါ်ကို ကျဆင်းလာခဲ့ပါပြီ ။

" သွားစမ်း "

လီဖူချန်းကလည်း လုံးဝ တုံ့ဆိုင်းမနေပါဘူး ။ သူက ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို ထုတ်ပြီး ပုဆိန်ကြီးကို ရိုက်ထုတ်ပစ်လိုက်ပါတယ် ။

ဝုန်း…… ဝုန်း…… ဝုန်း……

ဓားတာအို ဥပဒေသ နဲ့ ပုဆိန် တာအို ဥပဒေသတို့ ထိပ်တိုက် တွေ့ဆုံမိကြတဲ့ အခါမှာတော့ ပတ်ဝန်းကျင် တစ်ခုလုံးဟာ ပေါက်ကွဲသံတွေနဲ့ ဆူညံသွားခဲ့ပါပြီ ။

" ကောင်းလိုက်တဲ့ ဓားဆန္ဒ "

ကော့မင်ဖူထုံ သိုင်းဧကရာဇ်က လီဖူချန်းကို လုံးဝ အထင် မသေးရဲတော့ပါဘူး ။

လီဖူချန်းရဲ့ ဓားဆန္ဒက ကောင်းကင် အလယ်အလတ် အဆင့် ဓားဆန္ဒဆိုတာ အသိသာကြီးပါပဲ ။

" ဒေါသပုဆိန် တတိယ အကွက် "

အစောပိုင်းတုန်းကတော့ ကော့မင်ဖူထုံ သိုင်းဧကရာဇ်ဟာ ဘာသိုင်းကွက်၊သိုင်းဟန်မှ မပါဘဲ ပုဆိန်ကို သည်အတိုင်း လွှဲခုတ်လိုက်တာပါ ။ဒါပေမဲ့ သည်တစ်ကြိမ်မှာတော့ သူဟာ ကောင်းကင် အလယ်အလတ် အဆင့်  ဒေါသ ပုဆိန် သိုင်းပညာရဲ့ တတိယမြောက် သိုင်းကွက်ကို ထုတ်သုံးထားခဲ့ပါပြီ ။

ထန်…… ထန်……ထန်……

ရုတ်တရက် ဆိုသလိုပဲ ကြီးမားလှတဲ့ ပုဆိန်ကြီး သုံးလက်ဟာ လေထုထဲမှာ ဖြစ်တည်လာပြီး လီဖူချန်းကို ပိုင်းချ လာခဲ့ပါတယ် ။

" အကြွင်းမဲ့ ကောင်းကင်ဘုံ "

လီဖူချန်းရဲ့ လှုပ်ရှားမှုတွေကလည်း လျှပ်ပြက်သလိုပါပဲ ။ သူက ဘုံခုနစ်ဆင့် ကောင်းကင်ဓားကို ဝှေ့ယမ်းလိုက်ပြီး အကြွင်းမဲ့ ကောင်းကင်ဘုံ ဓားဆန္ဒနဲ့ ပုဆိန် သုံးလက်ကို ပြန်ခုတ်လိုက်ပါတယ် ။

ဘန်း……ဘန်း…… ဘန်း……

လီဖူချန်းရဲ့ အကြွင်းမဲ့ ကောင်းကင်ဘုံ ဓားဆန္ဒကို  ကော့မင်ဖူထုံရဲ့ ပုဆိန်သိုင်းကွက်က ဘယ်လိုမှ မယှဉ်နိုင်ပါဘူး ။ အဲသည်အတွက် မျက်စိတစ်မှိတ် အတွင်းမှာပဲ ပုဆိန် သုံးလက်ဟာ တစ်စစီ ဖြစ်သွားခဲ့ပါပြီ ။

"ဒေါသ ပုဆိန် ဆဋ္ဌမ အကွက် "

အခြေအနေ မဟန်မှန်း သိလိုက်တဲ့ ကော့မင်ဖူထုံ သိုင်းဧကရာဇ်ဟာ ချက်ချင်း ဆိုသလိုပဲ သိုင်းကွက် ပြောင်းလိုက်ပါတယ် ။

ဒေါသပုဆိန် သိုင်းကွက်က စုစုပေါင်း ကိုးကွက် ရှိပြီး တစ်ကွက်ချင်းစီတိုင်းဟာ ရှေ့က သိုင်းကွက်ထက် ပိုပြင်းထန်တယ်လို့ ဆိုရပါမယ် ။

ပထမ သိုင်းကွက်က သာမန် ကောင်းကင် အလယ်အလတ် အဆင့် ညီမျှပြီး ဆဋ္ဌမ သိုင်းကွက်ဆိုရင် ကောင်းကင် အလယ်အလတ် အဆင့် သိုင်းပညာတွေ ထဲမှာတောင် အတော်လေး အစွမ်း ထက်နေပါပြီ ။

သည်တစ်ကြိမ် လေထုထဲမှာ ဖြစ်တည်လာတဲ့ ပုဆိန်တွေက သုံးလက် မကတော့ပါဘူး ။ ဒါက ကြီးမားလှတဲ့ ပုဆိန်ကြီး ခြောက်လက်ပဲ ဖြစ်ပါတယ် ။ ပြီးတော့ သည်ပုဆိန်တွေက ပတ်ဝန်းကျင် တစ်ခုလုံးကို တစ်စစီ ဖြစ်သွားအောင်ကို ပိုင်းဖြတ်တော့မလိုပါပဲ ။

ကော့မင်ဖူထုံ သိုင်းဧကရာဇ်က သည်သိုင်းကွက်နဲ့ အင်မတန် အစွမ်းထက်တဲ့ အဆင့်နိမ့် ဧကရာဇ် တစ်ပါးကိုတောင် သတ်ဖြတ်ခဲ့ပြီးပါပြီ ။ အဲသည်အတွက် သူက သည်သိုင်းကွက်ဟာ လီဖူချန်းကို မသတ်နိုင်ရင်တောင်မှ အနည်းဆုံးတော့ ဒဏ်ရာ အပြင်းအထန် ရအောင် လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ် ။

ဒါပေမဲ့လည်း လောကမှာက ကိုယ်ထင်ထားသလို ဖြစ်မလာတတ်တာဟာ သဘာဝပါပဲ ။

" ဆဋ္ဌမမြောက် ဒေါသပုဆိန် သိုင်းကွက်လား …… အင်း…… မဆိုးပါဘူး "

လီဖူချန်းရဲ့ အာရုံခံစားမှုက အင်မတန်မှကို တိကျလွန်းတယ်လို့ ဆိုရပါမယ် ။ အဲသည်အတွက် သူက သည်ပုဆိန် ခြောက်လက်ထဲမှာ ပုဆိန်တာအို ဥပဒေသတင် မဟုတ်ဘဲ နောက်ထပ် စွမ်းအင်တစ်ခု ပါဝင်နေတာကိုလည်း တန်းပြီး သတိပြုမိလိုက်ပါတယ် ။

တကယ်လို့ သူ့နေရာမှာသာ တခြားသော အဆင့်နိမ့် ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ်တွေ ဆိုရင်တော့ သူတို့တွေဟာ သည်သိုင်းကွက်နဲ့တင် ဒဏ်ရာ အပြင်းအထန် ရသွားကြမှာ အသေအချာပါပဲ ။

ဒါပေမဲ့ စိတ်မကောင်းစရာက လီဖူချန်းက တခြားသော အဆင့်နိမ့် ဧကရာဇ်တွေလို မဟုတ်ပါဘူး ။

လီဖူချန်းရဲ့ ဥပဒေသအပေါ် နားလည်ကျွမ်းဝင်မှုက ကော့မင်ဖူထုံ သိုင်းဧကရာဇ်ထက် အများကြီး သာလွန်ပါတယ် ။ အဲသည်အတွက် လီဖူချန်းက သည်သိုင်းကွက်ဟာ သူ့အပေါ် ခြိမ်းခြောက်နိုင်မယ်လို့ မခံစားရပါဘူး ။

ရွှမ်း……

ဘန်း……ဘန်း……ဘန်း……ဘန်း……ဘန်း……ဘန်း……

လီဖူချန်းရဲ့ ဓားကွက် ထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက် ပုဆိန်ကြီး ခြောက်လက်ထဲမှာ ပါရှိနေတဲ့ စွမ်းအင်တွေဟာ ပျက်ပြယ်သွားခဲ့ပါပြီ ။ တစ်ဆက်တည်းမှာပဲ ပေါက်ကွဲသံတွေဟာလည်း ဆူညံလို့ သွားပါတော့တယ် ။

" ခွေးမသားလေး …… သေစမ်းကွာ "

ကော့မင်ဖူထုံ သိုင်းဧကရာဇ်ကလည်း လုံးဝ အလျော့မပေးပါဘူး ။ သူက သူ့ရဲ့ ပုဆိန်ကြီးကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်လိုက်ပြီး လီဖူချန်းအပေါ် အားရပါးရ ခုတ်ချလိုက်ပြန်ပါတယ် ။

ဒါကတော့ ဒေါသပုဆိန် သိုင်းပညာရဲ့ အဋ္ဌမမြောက် သိုင်းကွက်ပါပဲ ။

ရွှီး………

ပတ်ဝန်းကျင် တစ်ခုလုံးဟာ ပုဆိန်ရိပ်တွေနဲ့ ဖုံးလွှမ်းသွားခဲ့ပါပြီ ။လီဖူချန်းကလည်း သူဟာ ပုဆိန်ကမ္ဘာကြီး တစ်ခုထဲကို ရောက်သွားသလားလို့တောင် ခံစားလာရပါတယ် ။ ပုဆိန်ရိပ်တွေက အရပ်မျက်နှာ အမျိုးမျိုး ၊ ရှုထောင့် အမျိုးမျိုးကနေ သူ့ဆီကို တိုးဝင်လာတာ ဖြစ်တဲ့အတွက် ရှောင်တိမ်းစရာ နေရာလွတ်တောင် လုံးဝ မရှိတော့သလိုပါပဲ ။

သည်အဋ္ဌမမြောက် သိုင်းကွက်ကိုတော့ ကော့မင်ဖူထုံ သိုင်းဧကရာဇ်က ပုဆိန်နယ်နိမိတ်စည်းလို့ အမည် ပေးထားပါတယ် ။

ရန်သူက ပုဆိန် နယ်နိမိတ်စည်းရဲ့ ကန့်သတ်မှုကို ခံလိုက်ရပြီ ဆိုရင်တော့ အဲသည်ရန်သူဟာ သေဖို့ကလွဲပြီး တခြား ရွေးစရာလမ်း မရှိတော့ပါဘူး ။

အခုလောလောဆယ်မှာတော့ သည်သိုင်းကွက်ဟာ ကော့မင်ဖူထုံ သိုင်းဧကရာဇ်ရဲ့ အစွမ်းအထက်ဆုံး သိုင်းကွက်ပါပဲ ။ သူက ပုဆိန်ဒေါသ သိုင်းပညာရဲ့ နဝမမြောက် သိုင်းကွက်ကိုတော့ နားလည်နိုင်စွမ်း မရှိသေးပါဘူး ။

"ခင်ဗျား တတ်နိုင်တာ ဒါအကုန်ပဲလား "

လီဖူချန်းက သည်သိုင်းကွက်ဟာ ရှောင်တိမ်းဖို့ မဖြစ်နိုင်ဘူးလို့ ခံစားမိတဲ့အတွက် ရှောင်တိမ်းဖို့ ကြိုးစား မနေတော့ပါဘူး ။ အဲသည်အစား သူက ကောင်းကင်စက်ကွင်း ဓားအကာအကွယ်ကိုပဲ  ထုတ်ပြီး သူ့ရဲ့ ခန္ဓာကိုယ်ကို ရစ်ပတ်ထားစေလိုက်ပါတယ် ။

ဒါက သူ့ရဲ့ ကောင်းကင်စက်ကွင်း ဓားအကာအကွယ်ရဲ့ အစွမ်းကို စမ်းသပ်ဖို့ အချိန်ကောင်းပါပဲ ။

ထန်……ထန်……ထန်……ထန်………

မျက်စိတစ်မှိတ် အတွင်းမှာပဲ လီဖူချန်းရဲ့ ခန္ဓာကိုယ်ဟာ မီးပွင့်၊မီးပွားတွေရဲ့ အောက်မှာ နစ်မြုပ်သွားခဲ့ပါပြီ ။ ပုဆိန်အလင်းတန်းတွေက ကောင်းကင်စက်ကွင်း ဓားအကာအကွယ်နဲ့ ထိမိလိုက်တိုင်းမှာ မီးပွင့်၊မီးပွားတွေက တဖွားဖွားပါပဲ ။

ထောင်သောင်းချီတဲ့ ပုဆိန်အလင်းတန်းတွေနဲ့ ကောင်းကင်စက်ကွင်း အကာအကွယ်တို့ တွေ့ဆုံတဲ့ အခါမှာဆိုရင် လီဖူချန်းရဲ့ ခန္ဓာကိုယ်ဟာ နေလုံးကြီး တစ်လုံးထက်တောင်မှ ပိုပြီး တောက်ပနေပါသေးတယ် ။

"သည်လောက်ဆိုရင်တော့ သည်ကောင် သေလောက်ပါပြီ "

ကော့မင်ဖူထုံ သိုင်းဧကရာဇ်က လီဖူချန်း သေ၊မသေနဲ့ ပတ်သက်ပြီး လုံးဝ ဝေခွဲမရပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ သည်သိုင်းကွက်က တစ်ဖက်ရန်သူ သေသွားမှ ရပ်တန့်တတ်လို့ပါပဲ ။ ဒါကြောင့်လည်း သူက သည်သိုင်းကွက်ကို ပုဆိန် နယ်နိမိတ်စည်းလို့ အမည် ပေးထားခဲ့တာပါ ။

" သိုင်းကွက်ကတော့ အတော်လေး ကောင်းတယ် ။ ဒါပေမဲ့ ခင်ဗျားထည့်ထားတဲ့ ပုဆိန် တာအို ဥပဒေသက ထင်သလောက် အားမကောင်းဘူး ။ ကြည့်ရတာ ခင်ဗျားက တာအို ဥပဒေသပိုင်းမှာ အားနည်းတဲ့ပုံပဲ "

" ကဲ……ကဲ……… ကျုပ်ဓားကိုလည်း မြည်းကြည့်ပါဦး "

ရုတ်တရက် ဆိုသလိုပဲ ခပ်ထေ့ထေ့ အသံတစ်ခုဟာ ကော့မင်ဖူထုံ သိုင်းဧကရာဇ်ရဲ့ နားထဲကို တိုးဝင်လာခဲ့ပါတယ် ။ အဲသည်အသံကတော့ လီဖူချန်းရဲ့ အသံကလွဲပြီး တခြား မရှိပါဘူး ။

" မ……မင်း……မင်း…… မသေသေးဘူးလား "

ကော့မင်ဖူထုံ သိုင်းဧကရာဇ်က ကြောက်လန့်စွာနဲ့ လီဖူချန်းကို လှမ်းကြည့်လိုက်မိပါတယ် ။

ဒေါသ ပုဆိန် သိုင်းပညာရဲ့ အဋ္ဌမမြောက် သိုင်းကွက်က လီဖူချန်းကို ဒဏ်ရာ ရအောင်တောင် မစွမ်းဆောင်နိုင်ဘူးလား ။ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာတဲ့လဲ ။

တကယ်လို့ လီဖူချန်း အနေနဲ့ ကောင်းကင် အဆင့်မြင့် ဓားသိုင်းကို လေ့ကျင့်ထားတယ် ဆိုရင်တောင်မှ ဒါဟာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး ။

***

All Chapters