ရန်ချင်းဟူ
Vol. 49 Ch. 661
ကော့မင်ဖူထုံ သိုင်းဧကရာဇ်ကို မောင်းထုတ်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ဒေါသပုဆိန် ချောက်ကမ်းပါးရဲ့ ဗဟိုချက်မ နယ်မြေ အပိုင်းအခြား တစ်ဝိုက်မှာ ဆက်လက် လှည့်လည် သွားလာခဲ့ပါတယ် ။ သူ့ရဲ့ လာရင်း ရည်ရွယ်ချက်က ခုနစ်စင်ကြယ် ဆေးပင် ဖြစ်တဲ့အတွက် သူ့အနေနဲ့ အဲသည်ဆေးပင်ကို မတွေ့မချင်း သည်ချောက်ကမ်းပါးထဲကနေ မထွက်သွားနိုင်ပါဘူး ။
သာမန် အမြစ်မဲ့ပန်းတွေက သူ့ရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ် အပေါ်မှာ သက်ရောက်မှု မရှိတော့တာ ကြာပါပြီ ။ အဲသည်အတွက် သူ့အနေနဲ့ သူ့ရဲ့ စွမ်းအင်ဗဟိုချက်မ ပင်လယ်ကို ကြံ့ခိုင်စေချင်တယ် ဆိုရင် အရိုးတည်ဆောက်ပုံကို အဆင့်မြှင့်မှပဲ ရပါတော့မယ် ။
အရိုးတည်ဆောက်ပုံ အဆင့်မြင့်လာပြီ ဆိုတာနဲ့ တစ်ပြိုင်နက် စွမ်းအင် ဗဟိုချက်မ ပင်လယ်ကလည်း လိုက်ပြီး အဆင့်မြင့်လာမှာပါပဲ ။ သည်အရာနှစ်ခု ဆိုတာက တိုက်ရိုက် အချိုးကျတဲ့ အရာတွေပဲ ဖြစ်ပါတယ် ။
တကယ်လို့ သူ့အနေနဲ့ ခုနစ်စင်ကြယ် ဆေးပင်အစား အရိုးတည်ဆောက်ပုံကို မြှင့်တင်ပေးနိုင်တဲ့ ဆေးပင်တစ်ပင် တွေ့ခဲ့မယ် ဆိုရင်တော့ ပိုပြီး ကောင်းတာပေါ့လေ ။
***
" ကောင်မလေး …… ငါတို့ နေဝန်းပြာ ဧကရာဇ်က မင်းကို မျက်စိကျနေတဲ့အပေါ် မင်းအနေနဲ့ ဂုဏ်တောင် ယူသင့်တယ် ။ အဲဒါက မင်းအတွက် ကောင်းချီးမင်္ဂလာ တစ်ခုပဲ မဟုတ်ဘူးလား ။ ဒါပေမဲ့ မင်းက အဲဒါကို လက်မခံဘဲ မြစ်ပြင်ကျယ် သိုင်းဧကရာဇ်ကိုတောင် ဒဏ်ရာ အကြီးအကျယ် ရအောင် တိုက်လိုက်သေးတယ် ။ မင်းကိုက အပြစ်မပေးလို့ မရတော့ဘူး "
ဒေါသပုဆိန် ချောက်ကမ်းပါးရဲ့ ဗဟိုချက်မ နယ်မြေ အတွင်းပိုင်း တစ်နေရာမှာတော့ ပြင်းထန်တဲ့ တိုက်ပွဲကြီး တစ်ခုဟာ အစပျိုးလျက် ရှိနေပါတယ် ။
အဲသည်တိုက်ပွဲကတော့ မြင်သူတကာ သမင်လည်ပြန် ငေးရလောက်အောင် ချောမောလှတဲ့ မိန်းမပျိုလေး တစ်ယောက်နဲ့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ် သုံးပါးကြားက တိုက်ပွဲပါပဲ ။
မိန်းမပျိုလေးက သုံးယောက်တစ်ယောက် တိုက်ခိုက်နေရတာ ဖြစ်ပေမယ့်လည်း သူမရဲ့ မျက်လုံးတွေထဲမှာတော့ အကြောက်အလန့် တရား လုံးဝ မရှိပါဘူး ။ သူမရဲ့ မျက်လုံးတွေက ရေခဲတွေလိုပဲ အေးစက်လွန်းလှပါတယ် ။
သူမကို ဝိုင်းတိုက်နေတဲ့ ဧကရာဇ်တွေ ထဲမှာတော့ အဆင့်အနိမ့်ဆုံး ဧကရာဇ်ကတောင်မှ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် အဆင့်၃ကို ရောက်ရှိနေခဲ့ပါပြီ ။သူတို့ထဲက အစွမ်း အထက်ဆုံး ဧကရာဇ်ကတော့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် အဆင့်၆ဖြစ်ပြီး အစောပိုင်းက စကားကို ပြောလိုက်သူကတော့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် အဆင့်၃က ဧကရာဇ်ပဲ ဖြစ်ပါတယ် ။
တကယ်လို့ လီဖူချန်းသာ သည်နေရာမှာ ရှိနေလို့ကတော့ သူဟာ မိန်းမပျိုလေးကို မမှတ်မိဘဲ နေမှာ မဟုတ်ပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ သည်မိန်းမပျိုလေးက အနက်ရောင်ကို စွဲလန်း နှစ်ခြိုက်စွာ ဝတ်ဆင်တတ်တဲ့ ရန်ချင်းဟူ ဖြစ်နေလို့ပါပဲ ။
ဒါပေမဲ့လည်း လက်ရှိ ရန်ချင်းဟူဟာ အတော်လေး ပြောင်းလဲသွားပုံ ရပါတယ် ။
ပြောင်းလဲသွားပုံ ရတယ် ဆိုတာက ရန်ချင်းဟူရဲ့ ရုပ်ရည် သွင်ပြင်ကို ပြောတာ မဟုတ်ပါဘူး ။ ရန်ချင်းဟူရဲ့ ရုပ်ရည်သွင်ပြင်က အရင်တုန်းကအတိုင်း နတ်သမီးတွေ ထိုင်ငိုရလောက်အောင် လှပနေဆဲပါပဲ ။
ဒါပေမဲ့ သူမရဲ့ ချီအရှိန်အဝါကတော့ အရင်တုန်းကနဲ့ လုံးဝ မတူတော့ဘဲ ရေခဲသမျှ အေးစက်နေပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ အငွေ့အသက်တွေကို ပေးစွမ်းနေပါတယ် ။
တကယ်တမ်းမှာတော့ ရန်ချင်းဟူနဲ့ နေဝန်းပြာ ဧကရာဇ်တို့ဟာ တစ်ခါမှ လူချင်း မတွေ့ဖူးကြပါဘူး ။ ဒါပေမဲ့လည်း နေဝန်းပြာ ဧကရာဇ်ဟာ သူမရဲ့ တည်ရှိမှုကို ဘယ်ကနေဘယ်လို သိသွားတယ် မသိဘဲ မြစ်ပြင်ကျယ် သိုင်းဧကရာဇ်ကို လွှတ်ကာ သူမကို နန်းမြို့တော်ဆီ ခေါ်လာဖို့ ခိုင်းခဲ့ပါတယ် ။
ရန်ချင်းဟူက လက်မခံဘဲ မြစ်ပြင်ကျယ် သိုင်းဧကရာဇ်ကို ဒဏ်ရာ အပြင်းအထန် ရအောင် ပြန်ပြီး တိုက်ခိုက်ခဲ့ပါတယ် ။ အဲသည်အချိန်ကစပြီး ွှရန်ချင်းဟူဟာ ဆက်တိုက် ပြေးနေရတော့တာပါပဲ ။
အခု ရန်ချင်းဟူတစ်ယောက် ဒေါသပုဆိန် ချောက်ကမ်းပါးထဲကို ထွက်ပြေးလာတယ် ဆိုတာက ကောင်းကင် အဆင့်မြင့် အရိုးတည်ဆောက်ပုံ ဆေးပင်ကို ရှာဖို့ကလွဲပြီး တခြား ရည်ရွယ်ချက် မရှိပါဘူး ။
လက်ရှိမှာတော့ သူမ အနေနဲ့ သူမရဲ့ အရိုးတည်ဆောက်ပုံကို ကြယ်၈ပွင့်အထိ မြှင့်တင်နိုင်မှသာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို အချိန်အနည်းငယ် အတွင်းမှာ ချိုးဖောက်ဝင်ရောက်ဖို့ အခွင့်အရေး ရှိမှာပါ ။ မဟုတ်ရင်တော့ သူမက မဟာဧကရီ တစ်ပါး အဖြစ်ကနေ ပြန်လည် ဝင်စားတယ် ဆိုရင်တောင်မှ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ကို နောက်ထပ် ဆယ်စုနှစ် တစ်ခု အတွင်းမှာ ချိုးဖောက်ဝင်ရောက်နိုင်မှာ မဟုတ်ပါဘူး ။
ရွှမ်း..…
ရန်ချင်းဟူတစ်ယောက် အနက်ရောင် ဓားမော့ကို ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ နေဝန်းပြာ အင်ပိုင်ယာက ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ် သုံးပါးဟာ အံ့သြထိတ်လန့် ကုန်ပါတယ် ။
ရန်ချင်းဟူက အခုမှ မူလပင်လယ် နယ်ပယ် အထွတ်အထိပ် အဆင့်မှာသာ ရှိသေးတာပါ ။ ဒါပေမဲ့လည်း သူမရဲ့ အစွမ်းက သူတို့ထဲက ဘယ်သူ့ထက်ကိုမဆို သာလွန်နေခဲ့ပါပြီ ။ အထူးသဖြင့်ကတော့ သူမရဲ့ ဓားမော့သိုင်းပါပဲ ။ သည်ဓားသိုင်းက အင်မတန်မှကို ထက်မြက်ပြီး ဖိအား ကောင်းလွန်းပါတယ် ။ သူတို့က သည်လိုဓားသိုင်းမျိုးကို မဟာဧကရာဇ်တွေနဲ့ ထိပ်တန်း လက်ရွေးစင် ဧကရာဇ်တွေဆီက လွဲပြီး တခြားသူတွေဆီမှာ တစ်ခါမှ မတွေ့ဖူးပါဘူး ။
" မီးတောက်နီ ဥပဒေသ ပြောင်းလဲခြင်း "
" မိုးကြိုးပြာ ဥပဒေသ ပြောင်းလဲခြင်း "
"လေအရိပ် ဥပဒေသ ပြောင်းလဲခြင်း "
ဧကရာဇ်သုံးပါးက ရန်ချင်းဟူနဲ့ ပတ်သက်ပြီး အချိန်ဖြုန်းဖို့ အစီအစဉ် မရှိတဲ့ပုံပါပဲ ။ သူတို့က တိုက်ပွဲစပြီ ဆိုတာနဲ့ တစ်ပြိုင်နက် သူတို့ရဲ့ ဥပဒေသ ပြောင်းလဲခြင်းတွေကို အသက်သွင်းလိုက်ကြပါတယ် ။
သူတို့ထဲက ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် အဆင့်၃ ဧကရာဇ်ကတော့ မီးတောက်နီ သိုင်းဧကရာဇ်လို့ အမည်ရတဲ့ လူတစ်ယောက်ပါပဲ ။ သူ့ရဲ့ ဥပဒေသ ပြောင်းလဲခြင်းကတော့ ချော်ရည်တွေ တပွက်ပွက် ထနေတဲ့ လူ့ဘီလူးကြီး တစ်ကောင်ဖြစ်ပါတယ် ။ ဒါပေမဲ့လည်း သည်လူ့ဘီလူးကြီးက ပေခြောက်ထောင် နီးပါးလောက်သာ ရှိတဲ့အတွက် ကော့မင်ဖူထုံ သိုင်းဧကရာဇ်ရဲ့ ပုဆိန် ဥပဒေသ ပြောင်းလဲခြင်းလောက်တော့ မကြီးမားပါဘူး ။
အဲသည်နောက်မှာတော့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် အဆင့်၄ ရှိတဲ့ မိုးကြိုးပြာ သိုင်းဧကရာဇ်ရဲ့ အလှည့် ဖြစ်ပါတယ် ။ သူ့ရဲ့ ဥပဒေသ ပြောင်းလဲခြင်းကတော့ မိုးကြိုးတွေ ရစ်သိုင်းနေတဲ့ အပြာရောင် လူ့ဘီလူကြီး တစ်ကောင်ပါပဲ ။ အဲသည်လူ့ဘီလူကြီးရဲ့ အရွယ်အစားကတော့ ပေရှစ်ထောင်နီးပါး ရှိပါတယ် ။
ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် အဆင့်၆ ဧကရာဇ်ကတော့ လေပြင်း ဧကရာဇ်လို့ အမည်ရသူပါပဲ ။ သူ့ရဲ့ ဥပဒေသပြောင်းလဲခြင်းကတော့ ပုံပန်းသဏ္ဍာန် အတိအကျ မရှိတဲ့ အရိပ်ကြီး တစ်ခုဖြစ်ပြီး ပေ တစ်သောင်းကျော်အထိ မြင့်ပါတယ် ။ သူ့ရဲ့ ဥပဒေသ ပြောင်းလဲခြင်းက လုံးဝကို မမြင်ရသလောက်နီးပါး ဖြစ်နေတဲ့အတွက် ဧကရာဇ် သုံးပါးရဲ့ ဥပဒေသ ပြောင်းလဲခြင်းတွေထဲမှာ ကြောက်စရာ အကောင်းဆုံးလို့လည်း ဆိုရပါမယ် ။
" တိုက်ကြ "
အဲသည်နောက်မှာတော့ ဧကရာဇ် သုံးပါးဟာ သူတု့ိရဲ့ ဥပဒေသ ပြောင်းလဲခြင်းတွေနဲ့ ပေါင်းစပ်လိုက်ကြပြီး ရန်ချင်းဟူဆီကို ပြေးဝင်သွားကြပါတယ် ။
" မဟူရာ ဓားမော့ ၊ ကံကြမ္မာ အလှည့်အပြောင်း"
ရန်ချင်းဟူကလည်း သူမရဲ့ ခန္ဓာကိုယ်ကို အနက်ရောင် ဓားမော့ အလင်းတန်းတွေနဲ့ ကာကွယ်ထားပြီး အသင့်အနေအထား ဖြစ်နေခဲ့ပါပြီ ။
ဘန်း……ဘန်း……ဘန်း……
ရုတ်တရက် ဆိုသလို မြေပြင်ဟာ အက်ကွဲသွားပြီး အက်ကွဲကြောင်းတွေဟာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ် သုံးပါးဆီကို ဦးတည် သွားနေပါတော့တယ် ။
ကြည့်ရတာတော့ ရန်ချင်းဟူရဲ့ ဓားမော့သိုင်းက ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ် သုံးပါးရဲ့ ပျော့ကွက်တွေဆီကိုသာ ဦးတည် သွားနေပုံပါပဲ ။
ဒါပေမဲ့လည်း လက်ရှိ ဧကရာဇ် သုံးပါးရဲ့ ခန္ဓာကိုယ်ဟာ အသွေး၊အသားတွေနဲ့ ဖွဲ့စည်းထားတာ မဟုတ်ပါဘူး ။ သူတို့တွေက သူတို့ရဲ့ ခန္ဓာကိုယ်ကို ဥပဒေသ ပြောင်းလဲခြင်း အစွမ်းတွေနဲ့ ပေါင်းစပ်ထားတာပါ ။ အဲသည်အတွက် သည်ခန္ဓာကိုယ်တွေက ဖျက်ဆီးခံလိုက်ရတောင်မှ ပြန်လည်ပြီး အကောင်းပကတိ ဖြစ်လာဦးမှာ ဖြစ်ပါတယ် ။
လုံးဝ သံသယ ရှိနေစရာ မလိုပါဘူး ။ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ် သုံးပါးက ရန်ချင်းဟူကို ချီအတွင်းအားတွေ ကုန်ခန်းအောင် လုပ်ပြီး အရှင်ဖမ်းဖို့ ကြံထားတာ အသိသာကြီးပါပဲ ။
ဒါပေမဲ့ တစ်ဖက်က ရန်ချင်းဟူကလည်း ငတုံး၊ငအ တစ်ယောက် မဟုတ်ပါဘူး ။ သူမက ဘယ်လိုလုပ်ပြီး ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ် သုံးပါးရဲ့ အကြံကို မသိမြင်နိုင်ဘဲ နေပါ့မလဲ ။ အဲသည်အတွက် သူမက ဓားမေ့ာသိုင်းကွင် ပြီးတာနဲ့ တစ်ပြိုင်နက် ဟင်းလင်းပြင်ထဲကို တိုးဝင် ပျောက်ကွယ်သွားပါတော့တယ် ။
ရုတ်ချည်း နေရာပြောင်းရွှေ့ခြင်း……
ရန်ချင်းဟူကလည်း ရုတ်ချည်းနေရာ ပြောင်းရွှေ့ခြင်းကို ဘယ်လို အသုံးပြုရမယ် ဆိုတာကို ကောင်းကောင်းကြီး သိပုံပါပဲ ။
ဘန်း……
ဒါပေမဲ့လည်း ရန်ချင်းဟူဟာ ဟင်းလင်းပြင်ထဲကနေပြီး တခြားနေရာကို တည်နေရာ ပြောင်းရွှေ့သွားနိုင်ခြင်း မရှိခဲ့ပါဘူး ။
ဘာဖြစ်လို့လဲဆိုတော့ သူမ ဟင်းလင်းပြင်ထဲကို ဝင်သွားတာနဲ့ တစ်ပြိုင်နက် ထူးဆန်းတဲ့ အားတစ်ခုက သူမကို ဟင်းလင်းပြင်ထဲကနေ တွန်းထုတ်လာခဲ့လို့ပါပဲ ။
မိုးကြိုးပြာ သိုင်းဧကရာဇ်ကတော့ ဟင်းလင်းပြင်ထဲကနေ ပြန်တွန်းထုတ်ခံလိုက်ရတဲ့ ရန်ချင်းဟူကို ကြည့်ပြီး နှာခေါင်း ရှုံ့ကာ လှောင်ပြောင်နေပါတယ် ။
" ငါတို့က သည်နေရာကို အစောကြီးကတည်းက ယင်ယန် ချိပ်ပိတ်စည်း တံဆိပ်တော်နဲ့ ပိတ်ဆို့ထားပြီးပြီ ။မင်းက ရုတ်ချည်းနေရာ ပြောင်းရွှေ့ခြင်းကို အသုံးပြုနိုင်ရင်လည်း ဘာမှ ထူးမှာ မဟုတ်ဘူး "
ရန်ချင်းဟူက ရုတ်ချည်းနေရာ ပြောင်းရွှေ့ခြင်းကို အသုံးပြုနိုင်တယ် ဆိုတာက လျှို့ဝှက်ချက် တစ်ခု မဟုတ်ပါဘူး ။ သူတို့က သည်အချက်ကို အစောကြီးကတည်းက သိထားပြီးသားပါပဲ ။ ဒါကြောင့်လည်း သူတို့က နေဝန်းပြာ ဧကရာဇ်ဆီကနေပြီး ကောင်းကင်အဆင့် မှော်ဝင်ရတနာ ပစ္စည်းတစ်ခု ဖြစ်တဲ့ ယင်ယန် ချိပ်ပိတ်စည်း တံဆိပ်တော်ကို ငှားရမ်းလာခဲ့တာပါ ။
သည်မှော်ဝင် ရတနာ ပစ္စည်းက အသက်သွင်းလိုက်ပြီ ဆိုရင် ပတ်ဝန်းကျင် တစ်ခုလုံးကို ကန့်သတ်လိုက်ပြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်ပစ်နိုင်ပါတယ် ။
ရုတ်ချည်းနေရာ ပြောင်းရွှေ့ခြင်းဆိုတာက ကြားခံနယ် တစ်ခုကို လိုပါတယ် ။ အဲသည်ကြားခံနယ်ကို ဖြတ်တောက်လိုက်တဲ့ အခါမှာတော့ အပြင်ဘက် တစ်နေရာကို ရုတ်ချည်းနေရာ ပြောင်းရွှေ့ဖို့ဆိုတာက အတော်လေး ခက်ခဲသွားခဲ့ပါပြီ ။
" ယင်ယန် ချိပ်ပိတ်စည်း တံဆိပ်တော်လား "
ရန်ချင်းဟူက ယင်ယန် ချိပ်ပိတ်စည်း တံဆိပ်တော် အကြောင်းကို ကြားခဲ့ဖူးပါတယ် ။ အဲဒါက နေဝန်းပြာ ဧကရာဇ်ရဲ့ နာမည်ကျော် မှော်ဝင်ရတနာ ပစ္စည်းတွေထဲက တစ်ခုပါပဲ ။
" သည်လိုဆိုရင်လည်း ဆက်ပြီး တိုက်ကြတာပေါ့ "
စကားဆုံးတာနဲ့ တစ်ပြိုင်နက် ရန်ချင်းဟူရဲ့ လက်ထဲက အနက်ရောင် ဓားမော့ဟာ အဆက်မပြတ် တုန်ယင်လာခဲ့ပါတယ် ။
အဲသည်နောက်မှာတော့ ဓားမော့ အလင်းတန်းဟာ အနက်ရောင် မိုးကြိုးတစ်စင်းလို ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပါပြီ ။
ရွှမ်း……
ရန်ချင်းဟူရဲ့ ဓားချက်ကို ပထမဆုံး မြည်းစမ်းလိုက်ရသူကတော့ မီးတောက်နီ သိုင်းဧကရာဇ်ပဲ ဖြစ်ပါတယ် ။ ဓားချက်က မီးတောက်နီ ဥပဒေသ ပြောင်းလဲခြင်းကို ပိုင်းဖြတ်သွားပြီး အထဲမှာ ရှိနေတဲ့ မီးတောက်နီ သိုင်းဧကရာဇ်ကိုတောင် ခုတ်မိတော့မလိုပါပဲ ။
" လေမိုးကြိုးလက်သီး "
အဲသည်အချိန်မှာပဲ မိုးကြိုးပြာ ဥပဒေသ ပြောင်းလဲခြင်းက ရန်ချင်းဟူအပေါ် အုပ်မိုးကျလာခဲ့ပြီး မိုးကြိုးသွားတွေ ရစ်သိုင်းနေတဲ့ လက်သီးနဲ့ ထိုးချလိုက်ပါတယ် ။
ဟူး……
ရန်ချင်းဟူက သည်လက်သီးချက်ကို လုံးဝ ဂရုမစိုက်ပါဘူး ။ သူမက ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ခါလိုက်တဲ့ နောက်မှာတော့ သူမ ရှိနေရာ နေရာကနေ ပျောက်ကွယ်သွားပြီး မိုးကြိုးပြာ ဥပဒေသ ပြောင်းလဲခြင်းရဲ့ အနောက်မှာ ပေါ်လာခဲ့ပါတယ် ။
တစ်ဆက်တည်းမှာပဲ သူမက မိုးကြိုးပြာ ဥပဒေသ ပြောင်းလဲခြင်းကို အနောက်ကနေ ဓားနဲ့ ထိုးစိုက်လိုက်ပါသေးတယ် ။
မိုးကြိုးပြာ ဧကရာဇ်က မိုးကြိုးပြာ ဥပဒေသ ပြောင်းလဲခြင်းထဲမှာ သူရှိနေတဲ့ နေရာကို ပြောင်းလိုက်လို့သာပေါ့ ။မဟုတ်လို့ကတော့ သည်ဓားချက်ဟာ သူ့ကို ဒဏ်ရာ အပြင်းအထန် ရသွားစေမှာ အသေအချာပါပဲ ။
ရန်ချင်းဟူက ရုတ်ချည်းနေရာ ပြောင်းရွှေ့ခြင်းကို အသုံးပြု ပြီး သည်နေရာထဲကနေ မထွက်သွားနိုင်ပေမယ့်လည်း သူမက ကန့်သတ် နယ်နိမိတ်စည်း အတွင်းမှာတော့ သည်နည်းစနစ်ကို စိတ်ကြိုက် အသုံးပြုနိုင်ပါသေးတယ် ။ အဲသည်အတွက် တိုက်ပွဲဟာ သုံးယောက်တစ်ယောက် ဖြစ်နေပေမယ့် ထင်သလောက် တစ်ဖက်သတ် ဆန်မနေခဲ့ပါဘူး ။ အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ ရန်ချင်းဟူကတောင်မှ အသာစီး ရနေပါသေးတယ် ။
" ချိပ်ပိတ်စမ်း "
နောက်ဆုံးမှာတော့ လေပြင်း ဧကရာဇ်ဟာ သူ့ရဲ့ ဝှက်ဖဲ တစ်ခုကို ထုတ်သုံးလာခဲ့ပြီ ။ အဲဒါကတော့ ပြာလဲ့လဲ့ အလင်းရောင်တွေ ဖြာထွက်နေတဲ့ ပုလဲ တစ်လုံးပါပဲ ။
အဲသည်ပုလဲ ထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက် ရန်ချင်းဟူရဲ့ ရုတ်ချည်းနေရာ ပြောင်းရွှေ့ခြင်းကလည်း အလုပ် မလုပ်တော့ပါဘူး ။
" ကောင်မလေး …… မင်းက တကယ်ပဲ အစွမ်းထက်တယ် ။ ဒါပေမဲ့ စိတ်မကောင်းစရာက ငါတို့က မင်းအတွက် အားလုံး ပြင်ဆင်လာခဲ့ပြီးပြီ "
လေပြင်း ဧကရာဇ်က ရန်ချင်းဟူကို လေးစားတဲ့ လေသံနဲ့ လှမ်းပြောလိုက်ပါတယ် ။
သူ့ရဲ့ အမြင်အရ ဆိုရင်တော့ ဝိညာဉ် ဧကရာဇ်တောင်မှ သည်အရွယ်မှာ ရန်ချင်းဟူလောက် အစွမ်း မထက်သေးဘူးလို့ ဆိုရပါမယ် ။
ရှင်းရှင်း ပြောရမယ် ဆိုရင် ဧကရာဇ် ကောင်းကင် ကုန်မြေတိုက် တစ်ခုလုံးမှာတောင်မှ ရန်ချင်းဟူလို အစွမ်းထက်တဲ့ မူလပင်လယ်နယ်ပယ် ဘုရင်ဟာ မရှိနိုင်ပါဘူး ။
' ငါ အညံ့ခံရတော့မှာလား '
ရုတ်ချည်းနေရာ ပြောင်းရွှေ့ခြင်းကို အသုံးမပြုနိုင်တော့တဲ့ ရန်ချင်းဟူဟာ အတောင်ပံ အချိုးခံလိုက်ရတဲ့ ငှက်တစ်ကောင်လိုပါပဲ ။
လက်ရှိ သူမရဲ့ အစွမ်းနဲ့ ဆိုရင်တော့ သည်ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ် သုံးပါးထဲက တစ်ပါးကို သတ်ဖို့ဆိုတာဟာ မခက်ခဲလှပါဘူး ။ ဒါပေမဲ့လည်း ဧကရာဇ် သုံးပါးလုံးကို သတ်ဖို့ ဆိုတာကတော့ ခက်ခဲလွန်းလှပါတယ် ။
သည်နေရာမှာတော့ သူတို့ကြားမှာ ရှိနေတဲ့ ချီအတွင်းအား ပမာဏ ကွာဟချက်က စကား ပြောလာခဲ့ပါပြီ ။
အဲသည်ထက် ပိုဆိုးတာက သည်ဧကရာဇ် သုံးပါးက အပြင်ကို လုံးဝ ထွက်မလာဘဲ သူတို့ရဲ့ ဥပဒေသ ပြောင်းလဲခြင်းတွေထဲမှာ ပုန်းနေတာပါပဲ ။
" နတ်ဘုရား လေပြင်း "
လေပြင်း ဧကရာဇ်က သူ့ရဲ့ လေအရိပ် ဥပဒေသ ပြောင်းလဲခြင်းကို ထိန်းချုပ်ပြီး ရန်ချင်းဟူဆီကို တိုးဝင်လာခဲ့ပါပြီ ။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ရန်ချင်းဟူရဲ့ ချီအတွင်းအားတွေကို ကုန်ခန်းအောင် လုပ်ဖို့ပါပဲ ။
ရွှမ်း……ရွှမ်း……ရွှမ်း………
ဘန်း……ဘန်း……
ဝုန်း……
ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ် သုံးပါးရဲ့ အကြံအစည်က အလုပ်ဖြစ်တယ်လို့ ဆိုရပါမယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ တိုက်ပွဲအချိန် ကြာလာတာနဲ့အမျှ ရန်ချင်းဟူရဲ့ ချီအတွင်းအား ပမာဏဟာ တဖြည်းဖြည်း လျော့ကျလာခဲ့လို့ပါပဲ ။
အခုဆိုရင် ရန်ချင်းဟူရဲ့ ချီအတွင်းအား ပမာဏဟာ ၁၀ ရာခိုင်နှုန်းလောက်သာ ကျန်ပါတော့တယ် ။
" ဂလု "
ဒါပေမဲ့လည်း ရန်ချင်းဟာ လွယ်လွယ်နဲ့ အညံ့ခံဖို့ စိတ်ကူး မရှိပါဘူး ။ သူမက ချီအတွင်းအား ပြန်လည်ဖြည့်တင်းဆေး တစ်လုံးကို ထုတ်သောက်လိုက်ပြီး တိုက်ပွဲကို ဆက်တိုက်နေပါတယ် ။
သူမက တစ်ချိန်က မဟာ ဧကရီတစ်ပါး ဖြစ်ခဲ့ဖူးသူပါ ။ အဲသည်အတွက် သူမအနေနဲ့ သည်ဘာမှ မဟုတ်တဲ့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် ဧကရာဇ် သုံးပါးရဲ့ ဖိနှိပ်မှုအောက်မှာ အညံ့ခံစရာ ဘာအကြောင်းမှ မရှိပါဘူး ။
ရွှမ်း……ရွှမ်း……ရွှမ်း………
ဘန်း……ဘန်း……
ဝုန်း……
သည်လိုနဲ့ပဲ အချိန် တစ်ရက်ဟာ ကုန်ဆုံး သွားခဲ့ပါပြီ ။ တိုက်ပွဲကတော့ ဆက်လက်ပြီး ဖြစ်ပွားနေဆဲပါပဲ ။
ဒါပေမဲ့ ရန်ချင်းဟူရဲ့ လှုပ်ရှားမှုတွေကတော့ အရင်ကလို မြန်မနေတော့ပါဘူး ။ သူမရဲ့ ချီအတွင်းအားတွေက စတင်ပြီး ပြိုကွဲစ ပြုလာခဲ့ပါပြီ ။
သူမက သည်အတောအတွင်းမှာ သူမဆီမှာ ရှိသမျှ ဆေးလုံးတွေ မှန်သမျှကို ထုတ်သောက်ခဲ့ပြီး အဲဒါက သူမရဲ့ ချီအတွင်းအား အရည်အသွေးအပေါ် သက်ရောက်မှု ရှိလာခဲ့ပါတယ် ။
" ကောင်မလေး …… မင်းဘာဖြစ်လို့ သည်လောက်အထိ ခေါင်းမာနေရတာလဲ ။ ငါတို့ရဲ့ အရှင်မင်းမြတ်က မိန်းမတစ်ယောက်ကို အလိုရှိပြီ ဆိုရင် ဘယ်မိန်းမကမှ ငြင်းလို့ မရဘူးကွ ။ သည်နေရာမှာတော့ မင်းလည်း ခြွင်းချက် ရှိမှာ မဟုတ်ဘူး ။ သည်တော့ ခေါင်းမာ မနေဘဲနဲ့ အရှင်မင်းမြတ်ရဲ့ အလိုကို လိုက်လျောလိုက်စမ်းပါ "
လေပြင်း ဧကရာဇ်ရဲ့ သံလိုက်ဓာတ် ပါတဲ့ အသံက ရန်ချင်းဟူရဲ့ နားထဲကို တိုးဝင်လာခဲ့ပါတယ် ။တကယ်လို့သာ တခြားသူ တစ်ယောက်က သည်စကားကို ကြားလိုက်ရမယ် ဆိုရင်တော့ သူတို့ရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်တွေဟာ ပျက်ပြားသွားမှာ အသေအချာပါပဲ ။
" စိတ်ကူးယဉ်မနေနဲ့ "
ဒါပေမဲ့လည်း သည်စကားက ရန်ချင်းဟူ အပေါ်မှာတော့ သက်ရောက်မှု လုံးဝ မရှိပါဘူး ။
သူမက ဒေါသတကြီးနဲ့ အော်ဟစ်လိုက်ပြီး မိုးကြိုးပြာ ဥပဒေသ ပြောင်းလဲခြင်းကို နှစ်ပိုင်းပြတ်အောင် ခုတ်ထည့်လိုက်ပါတယ် ။
" ဝေါ့ "
ရန်ချင်းဟူရဲ့ သည်ခုတ်ချက်က ဘယ်လောက်အထိ အားပါတယ်တော့ မသိပါဘူး ။ ဒါပေမဲ့လည်း မိုးကြိုးပြာ ဥပဒေသ ပြောင်းလဲခြင်း ထဲမှာရှိနေတဲ့ မိုးကြိုးပြာ သိုင်းဧကရာဇ်ကတော့ သွေးစိမ်းရှင်ရှင် အန်နေရပါပြီ ။
သူ့ရဲ့ ဥပဒေသ ပြောင်းလဲခြင်းနဲ့ ကောင်းကင် အဆင့် ချပ်ဝတ်တန်ဆာက ဓားမော့ရဲ့ ပြင်းအားကို လျော့ချ ပေးနိုင်ခဲ့လို့သာပေါ့ ။ မဟုတ်ရင်တော့ သူဟာ သည်ဓားချက်နဲ့တင် အသက်ပျောက်သွား လောက်ပါတယ် ။
" ဟား……ဟား…… မိပြီကွ "
အဲသည်အချိန်မှာပဲ မီးတောက်နီ ဥပဒေသ ပြောင်းလဲခြင်းက သူ့ရဲ့ လက်ကို ဆန့်ထုတ်လိုက်ပြီး ရန်ချင်းဟူ အပေါ်ကို ပိုက်ကွန် တစ်ခု အုပ်ချလိုက်ပါတော့တယ် ။
ကြည့်ရတာတော့ သူက ရန်ချင်းဟူကို ပိုက်ကွန်နဲ့ ဖမ်းဖို့အတွက် အစောကြီးကတည်းက ကြံစည်ထားခဲ့ပုံပါပဲ ။
ရန်ချင်းဟူကလည်း သည်အကွက်ကို လုံးဝ မမျှော်လင့်ထားခဲ့တဲ့အတွက် ဘယ်လိုမှ မရှောင်တိမ်းနိုင်တော့ပါဘူး ။
" ဟက်ဟက်…… ယောကျာ်းရင့်မကြီး သုံးယောက် ပေါင်းပြီး တိုက်တာတောင်မှ မိန်းမငယ်လေး တစ်ယောက်ကိုတောင် မနိုင်လို့ ထပ်အကောက်ကြံရ သေးတာလား "
ဘန်း……
အဲသည်အချိန်မှာပဲ အေးစက်စက် စကားသံ တစ်ခုဟာ အခိုးအငွေ့တွေ ကြားထဲကနေ ထွက်ပေါ်လာခဲ့ပါတယ် ။ စကားသံ ဆုံးတာနဲ့ တစ်ပြိုင်နက် ဘယ်ကနေ ဘယ်လို ပေါ်လာမှန်း မသိတဲ့ ဧရာမ လက်ကြီး တစ်ခုဟာ ရန်ချင်းဟူအပေါ် ကျရောက်လုဆဲဆဲ ပိုက်ကွန်ကို ရိုက်ထုတ်ပစ်လိုက်ပါပြီ ။
***